← Chapters

ကျင့်ကြံခြင်း

Vol. 10 Ch. 987

ကျင့်ကြံခြင်း

Vol. 10 Ch. 987

နတ်ဘုရား ကုန်းမြေ အတွင်းပိုင်း၌...

ချန်းဖန်သည် ကန်ပြင်စပ်၌ သက်တောင့်သက်သာဖြင့် တင်ပျဥ်ချိတ်ကာ ထိုင်နေခဲ့သည်။ သူသည် သေးငယ်သော အလုံးလေး တစ်ခုကို လက်တစ်ဖက်ဖြင့် ကိုင်ထား၏။ သူ၏ အခြား တစ်ဖက်ကမူ ဝါးငါးမျှားတံကို ကိုင်ကာ ငါးမျှားနေခဲ့သည်။

“အကို... အဲဒါက လောက ဝိညာဥ်ရေတွေလေ... ဘယ်လိုလုပ်ပြီး အဲ့နေရာက ငါးမျှားလို့ ရမှာလဲ”

ရှောင်မန်က နောက်မှနေ၍ ချန်းဖန်၏ ပခုံးကို ဖက်ရင်း မေးလိုက်၏။

“ငါးမျှားတာကလည်း စိတ်ကို ကျင့်ကြံခြင်း တစ်မျိုးပဲလေ... နောက်ပြီး ဒါကို သုံးသင့် မသုံးသင့် အကို ခုထိ ဝေခွဲ မရသေးဘူး”

သေးငယ်သော အလုံးလေးသည် ချန်းဖန်၏ လက်၌ ဖြည်းညင်းစွာ လည်ပတ်နေသည်။ ထောင်သောင်းချီသော စွမ်းအင်များသည် ထိုအတွင်း၌ စီးဆင်းနေကာာ လူများ၊ သားရဲများ၏ အာရုံကို ဖမ်းစားနေ၏။ ထိုအရာကား တာအို သစ်သီးပင် ဖြစ်လေသည်။

“ဟာ... အကိုကလည်း ဘာဝေခွဲမရ ဖြစ်စရာလိုလဲ... သူများတွေဆို အဲဒါကို နေ့တိုင်း ချောင်းကြည့်နေတာ”

ရှောင်မန်က ပြောလိုက်၏။

ထိုအရာကား တာအိုသစ်သီး ဖြစ်သည်။ မရင့်မှည့်သေးသည့်တိုင် ထိုအရာက ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူ အတု တစ်ယောက် ဖြစ်အောင် ပြောင်းလဲပစ်နိုင်စွမ်း ရှိသည်။  ကောင်းကင်အရှင် တထျန်း၏ စွမ်းအားကို မမှီသေးလျှင်ပင် ဝိညာဥ် ဖွဲ့စည်းခြင်း အတု တစ်ယောက်မှာ အခြေတည် ဝိညာဥ် အဆင့် ကောင်းကင်အရှင်တိုင်းကို လွှမ်းမိုးနိုင်သည်။

သို့တိုင်အောင် သူမ၏ အကိုဖြစ်သူက အဘယ်ကြောင့် သုံးသင့် မသုံးသင့် တွေဝေနေရ သနည်း။

“ဒါက ရင့်မှည့်ပြီးသား ဆိုရင်တော့ အကို့အတွက် အရမ်း အသုံးဝင်တယ်... ဒါပေမဲ့ မရင့်မှည့်သေးတဲ့ တာအို သစ်သီး တစ်ခုက သိပ် မသုံးမဝင်ဘူး...  ဒီတော့ဒါကို သုံးပြး နတ်ဘုရား ရတနာ တစ်ခုလုပ်ရမလား စဥ်းစားနေတာလေ”

ချန်းဖန်က ပြောလိုက်သည်။

သို့သော်လည်း ‌ရှောင်မန်နှင့် အခြားလူများမှာ ထိုအရာအား နားမလည်နိုင်ချေ။ သူက ထိုတာအို သစ်သီးကို သိပ်မသုံးမဝင်ဟု ယူဆနေသည်လား။ ဝိညာဥ် ဖြစ်တည်ခြင်း အတု တစ်ယောက် ဖြစ်လာနိုင်သည့် အခွင့်အရေးကို သူက ဂရုမစိုက်သည်လား။

သူတို့ မသိသည့် အရာကား ချန်းဖန်မှာ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် အတု သို့မဟုတ် အစစ်ဖြစ်ပါစေ ဂရုမစိုက်ခြင်းပင်။ သူသာ ဆန္ဒရှိပါက ထိုအဆင့်များကို ချက်ချင်း တက်လှမ်း၍ ရပေသည်။ ခိုင်မာသော အခြေခံနှင့် အနာဂတ် အတွက်သာ သူ တစ်ဆင့်ချင်း ကျင့်ကြံနေခြင်းပင်။

ချန်းဖန်က ရှောင်မန်၏ ဆံပင်များကို ကြင်နာစွာ ပွတ်သပ်ပေးလိုက်၏။

“ရှောင်မန်... နင် အကိုနဲ့ အတူ စကြဝဠာ တစ်ဆုံးအထိ ခရီးဆက်ချင်ရင် ဘယ်တော့မှာ မျက်စိ တစ်ထောက်စာကို မကြည့်နဲ့... ပြောင်းလဲမှုတွေနဲ့ ဆန့်ကျင်ဘက် အခြမ်း တစ်ခုက လောကရဲ့ အရာရာတိုင်းမှာ ရှိနေတယ်”

“ဟုတ်...”

ရှောင်မန်က ခေါင်းညိတ်လိုက်သည်။ သူမသည် ချန်းဖန်ကို သိပ်နားမလည်သည့်တိုင် သူ ပြောသမျှ၊ လုပ်သမျှက အမြဲမှန်ကြောင်း ယုံကြည်၏။

“ဘုန်း...”

လျှပ်စီးအလင်းများသည် မလှမ်းမကမ်းမှ ထွက်ပေါ်လာ၏။ နောက်ဆုံး၌ ရှုညီအမကား အမြုတေ ဖွဲ့စည်းခြင်း အဆင့်ကို ကျော်လွန်ကာ ရွှေအမြုတေ အဆင့်သို့ တက်လှမ်းသွားကြပြီ ဖြစ်သည်။ သူတို့ နှစ်ယောက်စလုံးသည် အခြေခံ ခိုင်မာခြင်း မရှိသည့်တိုင် လောက ဝိညာဥ်ရေ၏ အကူအညီဖြင့် အဆင့် ခုနစ် ရွှေအမြုတေများကို ကိုယ်စီ ဖွဲ့စည်းနိုင်ခဲ့ကြခြင်း ဖြစ်ပေသည်။

တစ်ချိန်တည်း၌ ကျိုးကျူရှင်းမှာလည်း တိတ်ဆိတ်စွာ ကျင့်ကြံနေ၏။ သူ၏ အရှေ့တွင်မူ လောက ဝိညာဥ်‌ရေ အပြည့် ထည့်ထားသော ကျောက်စိမ်းဗူး တစ်ခုက လွင့်မြောနေသည်။ သူသည် ခိုင်မာသော ယုံကြည်ချက်ဖြင့် အခြေတည် ဝိညာဥ် အဆင့်ကို တက်လှမ်းရန် ကြိုးစားနေခြင်း ဖြစ်ပေသည်။

နဂါးအရှင်၊ နတ်မိမယ် ချင်လော့နှင့် ချီလင် ပေါက်စ တို့မှာလည်း ကြိုးစားကာ ကျင့်ကြံနေကြသည်။ ရှောင်မန်မှာလည်း ချန်းဖန်ထံ တစ်ခါတစ်ခါ ခဏမျှ လာရောက်သည်မှ လွဲ၍ ကျင့်ကြံခြင်းကို အပြည့်အဝ အာရုံစိုက်ထား၏။

အခြား တစ်ဖက်၌ ချန်းဖန်မှာမူ ငါးမျှားခြင်း၊ ဆေးများ ဖော်စပ်ခြင်း၊ ရေကန် အနီးတစ်ဝိုက်ရှိ သားရဲများနှင့် ကစားခြင်းတို့ကို လုပ်ဆောင်နေသည်။ များစွာသော သားရဲများသည် ချန်းဖန်အား ယဥ်ပါးနေကြကာ ရောင်စုံ ဖီးနစ်ငှက် ပင်လျှင် ကောင်းကင်၌ ပြန်လည် မြူးထူးနေခဲ့ပြီ ဖြစ်သည်။

နှစ်ပတ်ကြာပြီးနောက်...

ချန်းဖန်က ရေကန်ဘေး၌ ရပ်ကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။

“အချိန်ကျပြီ...”

ရှောင်မန်၊ ကျိုးကျူရှင်း တို့နှင့် ခြားနားစွာပင် ချန်းဖန်မှာ စတင် ကျင့်ကြံချိန်မှ မည်သည့် အတားအဆီး မကြုံတွေ့ရသေးချေ။  သူသည် အတိတ်ဘဝ၌ ကောင်းကင်အရှင် တစ်ယောက် ဖြစ်ခဲ့ဖူးရာ သူ၏ နားလည်မှုမှာ သာမန် ရွှေအမြုတေ အဆင့်များ၊ အခြေတည် ဝိညာဥ် အဆင့်များထက် များစွာ သာလွန်ပေသည်။

လုံလောက်သော ဝိညာဥ်ချီနှင့် အရင်းအမြစ်များသာ ရှိပါက သူ့အနေဖြင့် ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်၊ အာကာသ အဆင့်များကို တစ်ထိုင်တည်း တက်လှမ်းနိုင်ပေသည်။ စကြဝဠာ၏ လျှို့ဝှက်ချက်များကို နားလည်ရန် လိုအပ်သည့် တာအို ဖွဲ့စည်းခြင်း အဆင့်တွင်သာ သူ၏ ကျင့်ကြံမှုက အနည်းငယ် နှောင့်နှေးနိုင်ပေသည်။

“အတိတ်ဘဝမှာတုန်းက ကောင်းကင်ကပ်ဘေးကို ရင်ဆိုင်တဲ့ အချိန်မှာ ငါသေဆုံးခဲ့တယ်... တကယ်တော့ ငါ့ကို သတ်ခဲ့တာက အဲဒီ ကောင်းကင်ကပ်ဘေး မဟုတ်ဘူး... ငါ့ရဲ့ လမ်းစဥ်ပဲ... အတိတ်ဘဝတုန်းက ငါထက် အခု ငါက ပိုပြီး အစွမ်းထက်ရမယ်... အတိတ်ဘဝတုန်းက လမ်းစဥ်ထက် ခုလမ်းစဥ်က ပိုပြီး  မြင့်မားရမယ်”

ချန်းဖန်က တွေးလိုက်၏။ သူသည် ပြန်လည် မွေးဖွားလာသည့် အချိန်ကတည်းကပင် သူ၏ ကျင့်ကြံခြင်း ခရီးလမ်းကို ပြန်လည် သုံးသပ်ခဲ့ပြီး ဖြစ်သည်။

သူသည် အခြေခံ တည်ဆောက်ခြင်း အဆင့်၌ အာကာသ သန့်စင်ခြင်း ကျင့်စဥ်ကို လေ့ကျင့်ခဲ့သည်။ ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်တွင်မူ အဇူရာ သက်ရှည်ကျင့်စဥ်နှင့် ဝိညာဥ် သန့်စင်ခြင်း ကျင့်စဥ်တို့ကို ပူးတွဲ လေ့ကျင့်ခဲ့သည်။ မူလ အဆင့်သို့ အ‌ရောက်၌ ကောင်းကင် ပန်းချီ ဆယ့်နှစ်ခု ကျင့်စဥ်ကိုပါ ထပ်မံ ကျင့်ကြံကာ နတ်ဘုရား အမြုတေကို ဖွဲ့စည်းနိုင်ခဲ့သည်။ ထို့ကြောင့်ပင် သူ၏ အခြေခံမှာ အလွန် ခိုင်မာ နေခဲ့ပြီ ဖြစ်သည်။

“ဒါပေမဲ့ အဲဒါလောက်က မလုံလောက်သေးဘူးလို့ ငါ ထင်တယ်... နတ်ဘုရား ရွှေအမြုတေ တစ်ခုက ဗဟိုဂလက်စီမှာ ရှိတဲ့ အထွတ်အထိပ်မြေတွေထက်တောင် ပိုပြီး အစွမ်းထက်တယ် ဆိုပေမဲ့ နတ်ဘုရားဂိုဏ်းတွေရဲ့  နှစ်တစ်သန်းမှာ တစ်ခါပေါ်တဲ့  ပါရမီရှင်တွေ၊ နတ်ဘုရား သားရဲတွေနဲ့ ယှဥ်ရင် အားနည်းနေတုန်းပဲ”

“သူတို့က နတ်ဘုရား ရွှေအမြုတေကို ပိုင်ဆိုင် မထားဘူး ဆိုပေမဲ့ အရမ်းကို ရှားပါးလွန်းတဲ့ အင်ပါယာ ခန္ဓာတွေ၊ ကြယ်ခန္ဓာတွေ၊ တာအို ခန္ဓာတွေကို ပိုင်ဆိုင်ထားကြတာ... သူတို့ထဲက ဘယ်သူကမှ နတ်ဘုရား ရွှေအမြုတေထက် ပိုပြီး အားမနည်းကြဘူး... အတိတ်ဘဝမှာ အစစ်အမှန် နတ်ဘုရား ခန္ဓာကို ပိုင်ဆိုင်ခဲ့တုန်းက ငါ ဘယ်နတ်ဘုရား ရွှေအမြုတေ ပိုင်ရှင်ကိုမှ မကြောက်ခဲ့ဘူး”

“နတ်ဘုရား ရွှေအမြုတေ တစ်ခုက ပြိုင်ဘက်ကင်း အခြေခံ အုတ်မြစ်ကို တည်ဆောက်ဖို့ မလုံလောက်သေးဘူး...”

ချန်းဖန်က ခေါင်းအား ခါယမ်းလိုက်သည်။

သူသည် စကြဝဠာမှာ မည်မျှ အပြောကျယ်ကြောင်းနှင့် ထိုအထဲ၌ ပြိုင်ဘက်ကင်း ပါရမီရှင်များ မည်မျှ ပေါများကြောင်းကို သိရှိထား၏။ ထိုအထဲမှ အချို့မှာ အရွယ်‌ရောက်သည်နှင့် တာအို ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူများ ဖြစ်လာနိုင်သည့် သွေးမျိုးဆက်များကို ပိုင်ဆိုင်ထားကြသည်။ အချို့မှာမူ ရွှမ်ဝူ၊ အစစ်အမှန် နဂါး စသည် ဒဏ္ဍာရီလာ နတ်ဘုရား သားရဲကြီးများ၏ ကလေးများ ဖြစ်ကြသည်။

အချို့ ပါရမီရှင်များမှာမူ အကြိမ်ကြိမ် ပြန်လည် ဝင်စားပြီး ခိုင်မာသော အခြေခံကို ပိုင်ဆိုင်ထားသည့် လူများ ဖြစ်ကြသည်။

အတိတ်ဘဝ၌ ချန်းပေ့ရွှမ်းသည် ထိုပါရမီရှင်များ အားလုံးကို အနိုင်ယူကာ မြောက်ပိုင်းကောင်းကင် အရှင် ဖြစ်လာခဲ့သည်။ သို့တိုင်အောင် သူသည် နောက်ဆုံးသော ကောင်းကင်ကပ်ဘေးကို ရင်ဆိုင်ရာ၌ ကျဆုံးခဲ့ရသည်။

ယခုဘဝ၌ သူသည် ထိုအမှားများကို ပြင်ဆင်ရန် အခွင့်အရေး ရလာခဲ့ပြီ ဖြစ်သည်။ သူသည် မည်သည့် အရာကိုမျှ ပေါ့ဆကာ လျှော့မတွက်ရဲချေ။

“မင်းတို့ ခဏပဲစောင့်ကြ... ငါ ပြန်လာနေပြီ...”

ချန်းဖန်က အော်ဟစ် ရယ်မောလိုက်၏။

ထို့နောက် သူက နတ်ဘုရား စက်ဝန်းကို လည်ပတ်စေကာ ရွှမ်ဝူ နတ်ဘုရား အသွင်မှ ပြန်လည် စတင်လိုက်သည်။

“ဘုန်း...”

ပေတစ်သောင်း မြင့်မားသည့် ကြီးမားသော ရွှမ်ဝူကြီးသည် ရုတ်တရက် လေထဲ၌ ပေါ်လာ၏။ များစွာသော သားရဲများ၊ ဖီနစ်ငှက်များမှာ ကြောက်လန့်ကုန်ကြသည်။ နဂါးအရှင်သည် ချက်ချင်းပင် ကျင့်ကြံခြင်းကို ရပ်ဆိုင်းကာ ကောင်းကင်သို့ ထိတ်လန့်တကြား ကြည့်လိုက်၏။

“ရွှမ်... ရွှမ်ဝူ...”

သူ၏ မျက်လုံးများမှာ ပြူးကျယ် သွားလေ၏။

သူသည် ထိုသားရဲကြီး မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို သိရှိထားသည်။ ထိုသတ္တဝါသည် ယခုမှ ရွှေအမြုတေ အဆင့်တွင်သာ ရှိသေးသည့်တိုင် အခြေတည် ဝိညာဥ် အဆင့် သားရဲများကိုပင် ခေါင်းငုံ့စေနိုင်စွမ်း ရှိသည်။ ရွှမ်ဝူ၏ နံဘေးတွင်မူ နတ်ဘုရား မိုးကြိုး ခုနစ်ခုက ဝန်းရံကာ မည်မျှ အင်အားကြီးကြောင်း ဖော်ပြနေ၏။

“ဒါပေမဲ့ ရွှမ်ဝူက စကြဝဠာထဲက နတ်ဘုရား သားရဲကြီး မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး ရွှေအမြုတေ အဆင့် နတ်ဘုရား သားရဲပေါက်လေး ဖြစ်နေရတာလဲ”

နဂါးအရှင်မှာ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။

“ဟူး...”

ရုတ်တရက် ကောင်းကင်တွင် သစ်ပင်ကြီး တစ်ခု ပေါ်လာပြန်၏။ ထိုသစ်ပင်ကြီးသည် မီတာသောင်းချီ မြင့်မားကာ ၎င်း၏ အကိုင်းအခက်များက ကောင်းကင်ကိုပင် ထိုးဖောက်နေသည်။ မရေမတွက်နိုင်သော သစ်ရွက်များသည် ကောင်းကင်ဓားများ အသွင်ဖြင့် ယိမ်းခါနေကြ၏။ သစ်ကိုင်း တစ်ခုချင်းစီမှာ ကြယ်များဖြင့် ဝန်းရံနေကာ ကမ္ဘာတစ်ခုချင်းစီကို သယ်ဆောင်ထားသည်။ ထိုအရာကား စကြဝဠာကြီး တစ်ခုနှင့်ပင် တူနေသေး၏။

“ဒါက ဒဏ္ဍာရီထဲတွေထဲက ကမ္ဘာ သစ်ပင်ကြီး မလား... ရှေးဟောင်းခေတ်တွေမှာ အဇူရာ သက်ရှည်ဆိုတဲ့ တန်ခိုးရှင် ဘိုးဘေးကြီးက ကမ္ဘာသစ်ပင်ကို ဖျက်ဆီးလိုက်ပြီဆို”

နဂါးအရှင်က မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။ နတ်မိမယ် ချင်လော့နှင့် ရှုညီအမမှာလည်း ကောင်းကင်သို့ ကြည့်ကာ ပါးစပ် အဟောင်းသား ဖြစ်နေကြ၏။

ရှောင်မန်နှင့် ကျိုးကျူရှင်း နှစ်ယောက်သာလျှင် မည်သည့် အရာများ ဖြစ်ပျက်နေကြောင်းကို နားလည်ကြပေသည်။ သို့သော်လည်း သူတို့သည် ချန်းဖန်၏ စွမ်းအားကို ကြည့်ကာ မအံ့သြပဲ မနေနိုင်အောင် ဖြစ်နေကြ၏။

ကမ္ဘာသစ်ပင် ပြီးနောက် ခွန်ပန်၊ လိန်ဟူ တို့မှာလည်း တစ်ခုပြီး တစ်ခု ပေါ်လာ၏။ နောက်ဆုံးမှ ပေါ်လာသော အရာကား ကမ္ဘာပျက် မတတ် ကြောက်မက်ဖွယ် ကောင်းသည့် မိစ္ဆာ နတ်ဘုရားကြီး ခြောက်ပါးပင်။

ချန်းဖန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော စွမ်းအားများမှာ ပို၍ ကြီးမားလာကာ တဖြည်းဖြည်းနှင့် မခန့်မှန်းနိုင်သော အဆင့် တစ်ခုအထိ မြင့်တက် သွားတော့၏။

***

All Chapters