ကျင့်စဉ်တစ်သောင်း
Vol. 10 Ch. 988
နဂါးအရှင်နှင့် အခြားလူများသည် ကောင်းကင်ရှိ အရာများမှာ ချန်းဖန်၏ ကျင့်စဥ်များ ဖြစ်ကြောင်း ခန့်မှန်းလိုက်နိုင်ကြသည်။
သို့သော်လည်း သူတို့၏ ကြောက်လန့်မှုများမှာမူ မပြယ်ပဲ ပို၍ပင် တိုးလာခဲ့၏။ နဂါးအရှင်သည် သူ အသက်ရှင်သန်ခဲ့သည့် နှစ်သုံးသောင်း ကာလ အတွင်း မရေမတွက်နိုင်သော ကျင့်စဥ်များကို မြင်တွေ့ဖူးခဲ့သည်။ သို့သော်လည်း ထိုအထဲမှ အစွမ်း အထက်ဆုံး ကျင့်စဥ်ပင်လျှင် ချန်းပေ့ရွှမ်း၏ ကျင့်စဥ်များနှင့် ယှဥ်ပါက ကောင်းကင်နှင့် မြေကြီး အလား အလှမ်း ကွာခြားလှသည်။
ချန်းပေ့ရွှမ်းက ထိုကဲ့သို့ ကမ္ဘာပျက် မတတ် ကျင့်စဥ် ငါးခုကို တစ်ပြိုင်နက်တည်း ကျင့်ကြံနေသည်လား။
ထိုမေးခွန်းကို ချန်းဖန်အား “မဟုတ်ဘူး” ဟု ဖြေလိမ့်မည် ဖြစ်သည်။ သူသည် နတ်ဘုရား စက်ဝန်း၏ အသွင်ပြောင်းခြင်း ကိုးခု စလုံးကို တစ်ခါတည်း အောင်မြင်အောင် လေကျင့်ရန် တွေးထားပြီး ဖြစ်သည်။ ငါးခု ဆိုသည်က သူ့အတွက် ဘာမှ မဟုတ်ချေ။
နတ်ဘုရား ကုန်းမြေသည် ချန်းဖန်အား လုံးဝ အံ့အားသင့် စေခဲ့၏။ ထန်ချင်သည် ထျန်းဟောင်ဂြိုဟ်၏ ဥပဒေ စီးဆင်းမှုကို ဆွဲယူကာ တာအို သစ်သီးနှင့် လောက ဝိညာဥ်ရေကန်တို့ကို ပျိုးထောင်ခဲ့သည်။ ထိုရတနာများမှာ ထန်ချင် အတွက် အသုံးမဝင်လှချေ။ သို့သော်လည်း ၎င်းက ချန်းဖန်၏ အကြီးမားဆုံး ပြဿနာ ဖြစ်သည့် ရင်းမြစ် ရှားပါးခြင်းကိုမူ ကောင်းစွာ ဖြေရှင်းလိုက်နိုင်ပေသည်။
“စမယ်... ဆဌမ အသွင်ပြောင်းခြင်း...”
ချန်းဖန်က ရေရွတ်လိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်က ပေဆယ်ချီ အထိ မြင့်မားလာကာ လောက ဝိညာဥ်ရေ တစ်တန်လောက်ကို တစ်ပြိုင်နက်တည်း ဝါးမျိုပစ်လိုက်၏။ အလင်းရောင်ခြည်များမှာ ချန်းဖန်၏ တစ်ကိုယ်လုံး၌ ပြည့်နှက်နေကာ အဆုံးမဲ့ စွမ်းအားများမှာလည်း သူ၏ နှလုံးကို ရစ်သိုင်းနေ၏။ သူ၏ ပတ်ဝန်းကျင်ရှိ အရာရာကား တစ်ခဏ အတွင်းမှာပင် အပျက်အစီး အဖြစ် ပြောင်းလဲသွားသည်။
အကယ်၍ ထိုကဲ့သို့ ဝိညာဥ်ချီ မာဏကို ခန္ဓာကိုယ်ထဲ သိုလှောင်ထားပါက အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်ပင် ပေါက်ကွဲ သွားလိမ့်မည် ဖြစ်သည်။
“ခရက်... ခရက်...”
အဆက်မပြတ် အက်ကွဲသံများမှာ ချန်းဖန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည်။ အိုမင်းသော ရှေးဟောင်း သင်္ကေတများမှာလည်း သူ၏ ပတ်လည်၌ လွင့်မျောနေသည်။ သူ၏ အသွေးအသားနှင့် ဆဲလ်တစ်ခုချင်းစီသည် လောက ဝိညာဥ်ရေများကို စုပ်ယူကာ ခိုင်မာသော အခြေခံကို မြှင့်တင်နေကြလေ၏။
“ဟူး...”
ရှေးဟောင်း သင်္ကေတများသည် ချန်းဖန်၏ ကိုယ်လက် အင်္ဂါများ၊ ထျန်းတျန်နှင့် စိတ်ဝိညာဥ်တို့ အပေါ် ကျရောက်ကာ ရိုက်နှိပ်နေကြ၏။ ချန်းဖန်၏ ပုံစံကား ကြီးမားသော စွမ်းအားကို သိုလှောင် သန့်စင်နေသည့် ရှေးဟောင်း မီးပြင်းဖိုကြီးနှင့်ပင် တူနေသေး၏။
အကယ်၍ ဗဟို ဂလက်စီရှိ လူတစ်ယောက်သာ ထိုမြင်ကွင်းကို တွေ့မြင်ပါက ချန်းဖန် ကျင့်ကြံနေသည့် ကျင့်စဥ်မှာ “တာတာအို မီးပြင်းဖိုကျမ်း” ဖြစ်ကြောင်း ချက်ချင်း သိရှိလိမ့်မည် ဖြစ်သည်။
“တာတာအို မီးပြင်းဖို ကျမ်း” ကား တာတာအို ဂိုဏ်း၏ ဂိုဏ်းချုပ် တစ်ယောက် သာလျှင် ကျင့်ကြံနိုင်သည့် ကျင့်စဥ် ဖြစ်သည်။ တာတာအိုဂိုဏ်းသည် နတ်ဘုရားဂိုဏ်းကြီး ကိုးခု အတွင်း မပါသော်လည်း ကြယ်ပင်လယ် အတွင်း၌ အလျှို့ဝှက်ဆုံးဂိုဏ်း အဖြစ် အလွန် ကျော်ကြားသည်။
ဒဏ္ဍာရီများ အရဆိုလျှင် သူတို့သည် ကျင့်စဥ် တစ်သောင်းကို တစ်ပြိုင်နက်တည်း ကျင့်ကြံနိုင်ကြသည်ဟု ဆိုသည်။
ချန်းဖန် ကျင့်ကြံခဲ့သည့် “အာကာသ သန့်စင်ခြင်း” ကျင့်စဥ်မှာလည်း ထိုဂိုဏ်း၏ ဖန်တီးမှု တစ်ခု ဖြစ်သည်။ တာတာအိုဂိုဏ်း၏ ကျင့်စဥ်တိုင်းသည် အတူတကွ ပူးတွဲ ကျင့်ကြံနိုင်မှုဖြင့် အလွန် ထင်ရှား ကျော်ကြား၏။ သို့သော်လည်း ကျင့်စဥ်ပေါင်း တစ်သောင်းကို တစ်ပြိုင်နက်တည်း ကျင့်ကြံရန်မှာမူ ရိုးရှင်းသော အရာ မဟုတ်ချေ။ တာတာအိုဂိုဏ်း၏ အရင် ဂိုဏ်းချုပ် ပင်လျှင် ထိုအရာကို အောင်မြင်ခဲ့ခြင်း မရှိခဲ့ချေ။
သို့သော်လည်း ယခုတွင်မူ ချန်းဖန်သည် ထိုအရာကို ကြိုးစားတော့မည် ဖြစ်သည်။
နတ်ဘုရား စက်ဝန်း၏ အသွင်ပြောင်းခြင်း ကိုးခုသည် ချန်းဖန်အား ကောင်းကျိုးရော၊ ဆိုးကျိုးကိုပါ ပေးခဲ့သည်။ သူသည် ထိုအမြုတေကို ရရှိသည့်နေ့မှ စ၍ စွမ်းအား တစ်ခုတည်းကို စွဲစွဲမြဲမြဲ ကျင့်ကြံ၍ မရတော့ချေ။ သို့သော်လည်း သူ့အနေဖြင့် “တာတာအို မီးပြင်းဖိုကျမ်း” ၏ အကူအညီကို ရယူ၍ ကျင့်စဥ် ကိုးခုစလုံးကို သန့်စင်ကာ ကောင်းကင် ကျင့်စဥ် တစ်ခု ပြောင်းလဲပြီး ခန္ဓာကိုယ်နှင့် ပေါင်းစပ်ရန် ကြိုးစားကြည့်နိုင်ပေသည်။
ထိုအရာက အမှန်တကယ် ခက်ခဲလှပေသည်။
အဇူရာ သက်ရှည် ကျင့်စဥ်နှင့် မိစ္ဆာခြောက်ပါး ကျင့်စဥ်များမှာတာအို ဖွဲ့စည်းခင်း အဆင့် ကျင့်ကြံသူများ၊ မိစ္ဆာ ဘိုးဘေးများ ဖန်တီး လေ့ကျင့်ခဲ့သည့် ကျင့်စဥ်များ ဖြစ်ကြသည်။ ထို့အပြင် ကောင်းကင်ပန်းချီ ဆယ့်နှစ်ခု ကျင့်စဥ်မှာလည်း ပြိုင်ဘက်ကင်း မြောက်ပိုင်း ကောင်းကင်အရှင် ဘဝ၌ ချန်းဖန် ဖန်တီး ထားခဲ့သည့် ကျင့်စဥ် ဖြစ်သည်။ ထိုကဲ့သို့သော ကျင့်စဥ်များကို ခန္ဓာကိုယ်ထဲသို့ အတူတကွ ပေါင်းစည်းရန်မှာ မည်ကဲ့သို့ လွယ်ကူမည်နည်း။
သို့သော်လည်း “တာတာအို မီးပြင်းဖိုကျမ်း” သီးသန့်ကို ကျင့်ကြံရန်မှာမူ သိပ်မခက်လှချေ။ တစ်ပတ်အတွင်းမှာပင် ချန်းဖန်သည် ထိုကျင့်စဥ်ကို ရွှေအမြုတေ အဆင့်ထိ ရောက်အောင် ကျင့်ကြံနိုင်ခဲ့၏။
“တာအိုက လူသားတွေ အတွက် ကောင်းကင်မှာ အမြဲ တည်ရှိတယ်...”
မရေမတွက်နိုင်သော သင်္ကေတများသည် ကောင်းကင်တွင် အဆက်မပြတ် ပေါ်ထွက်ကာ ပြည့်နှက်နေ၏။ ချန်းဖန်၏ ခန္ဓာကိုယ်သည် ထိုသင်္ကေတများကို စုပ်ယူကာ ကြီးမားသော မီးပြင်းဖိုကြီးအား အားဖြည့်နေကြသည်။ မီးပြင်းဖိုသည် တဖြည်းဖြည်း လည်ပတ်ကာ ချန်းဖန် ကျင့်ကြံခဲ့သမျှသော ကျင့်စဥ်များ၊ နတ်ဘုရား စွမ်းအားများကို တားဆီးနေ၏။ တစ်ချိန်တည်း၌ နတ်ဘုရား စက်ဝန်း အထက်ရှိ သုံးချောင်းထောက် မီးဖို ပုံရိပ်မှာ ပြည့်စုံလာသည်။
မကြာခင်မှာပင် နတ်ဘုရား စက်ဝန်း၏ ဆဌမ အသွင်ပြောင်းခြင်းမှာ အောင်မြင်သွားခဲ့၏။
သို့သ်ေလည်း ထိုအရာကား အစမျှသာ ဖြစ်သည်။ ချန်းဖန်သည် ဆဌမ အသွင်ပြောင်းခြင်း အထိသာ ရည်ရွယ်ထားခြင်း မဟုတ်ချေ။
ချန်းဖန်နှင့် ကျိုးကျူရှင်းတို့ နတ်ဘုရား ကုန်းမြေ အတွင်း ကျင့်ကြံနေကြချိန်၌ အပြင်ကမ္ဘာတွင်လည်း အပြောင်းအလဲကြီးများ ဖြစ်ပေါ်နေခဲ့သည်။
တစ်ရက်...
နှစ်ရက်...
သုံးရက်...
တောင်တန်း အင်ပါယာ သတ်မှတ်ထားသည့် နောက်ဆုံးနေ့ကား တဖြည်းဖြည်း နီးကပ်လာခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ချန်းပေ့ရွှမ်းမှာ ယနေ့ထိ ရောက်မလာသေးချေ။ လူတိုင်းသည် တောင်တန်း အင်ပါယာ ချန်းပေ့ရွှမ်းအား မည်ကဲ့သို့ စီရင်မည်ကို မြင်ရန် အဆင်သင့် ဖြစ်နေကြ၏။
“ချန်းပေ့ရွှမ်းက ကြောက်နေတာလား... တောင်တန်း အင်ပါယာက သူ့ကို တောင်းပန်ဖို့ပဲ ပြောထားတာ... သူက ဒါတောင် ပေါ်မလာရဲသေးဘူး... အဲဒီလို သတ္တိနဲ့ ဆိုရင် ဘယ်လိုလုပ်ပြီး ဟန်ရှုံး သတ်မှတ်ချက် ထိပ်ဆုံး ကျင့်ကြံသူ ဖြစ်နိုင်မှာလဲ”
တစ်ယောက်က မေးခွန်းထုတ်၏။
“ဟုတ်တယ်... ငါတို့ စောင့်နေတ လချီနေပြီ... သူက အခုထိ ပေါ်မလာသေးဘူး... ကြည့်ရတာ ကောင်းကင်အရှင် ဆယ်ယောက်ကို သူ ကြောက်နေတာ ဖြစ်ရမယ်...”
“နောက်ပြီးတော့ ချန်းပေ့ရွှမ်းက ကောင်းကင်အရှင် ဟုန်ယန်ကို အလစ်တိုက်ခဲ့တာပဲ ဖြစ်ရမယ်... သူက ရွှေအမြုတေ အဆင့် တစ်ယောက်ပဲလေ... ဘယ်လိုလုပ်ပြီး အခြေတည် ဝိညာဥ် အဆင့်ကို သတ်နိုင်မှာလဲ”
များစွာသော လူများမှာ ချန်းဖန် အပေါ် စတင် သံသယ ဝင်လာကြ၏။
သို့သော်လည်း လင်းဝူဟွာ၊ မူဟုန်တိ၊ ယွင်ရီအာတို့မှာမူ ချန်းဖန် အကြောင်း အတွင်းသိ၊ အဆင်းသိများ ဖြစ်ကြသည်။ သူတို့သည် ချန်းဖန် အကြောင်း လူများ သွားပုပ်လေလွင့် ပြောသည်ကို သည်းမခံနိုင်ကြချေ။
“ကလန့်...”
လင်းဝူဟွာက ဓားအား ဆွဲထုတ်ကာ ရှေးဟောင်း မိစ္ဆာအင်း၏ ကောင်းကင်သို့ ပျံတက်လိုက်၏။
“ငါက စီနီယာချန်းရဲ့ နောက်လိုက် တစ်ယောက်ပဲ... သူ့အကြောင်း မကောင်း ပြောချင်ရင် အရင်ဆုံး ငါ့ဓားကို မေးကြည့်ကြ”
ဘိုးဘေး ဖူတူ အပါအဝင် ကောင်းကင်အရှင် အများအပြားမှာ ထိုမြင်ကွင်းကို မြင်ကြသည်။ သို့သော်လည်း သူတို့သည် ရွှေအမြုတေ အဆင့် ကလေးမ တစ်ယောက်နှင့် ဖက်၍ ငြင်းခုန်ရန် စိတ်မဝင်စားကြချေ။ သို့သော်လည်း သူတို့၏ လင်းဝူဟွာနှင့် ကျင့်ကြံခြင်း အဆင့် တူညီသည့် တပည့်များစွာ ရှိကြပေ၏။
မကြာခင်မှာပင် မြေအောက်သရဂိုဏ်း၏ တပည့် တစ်ယောက်က လင်းဝူဟွာအား စိန်ခေါ်၏။
သို့သော်လည်း လင်းဝူဟွာမှာ အလွန် အစွမ်းထက်နေခဲ့ပြီ ဖြစ်သည်။ သူမသည် ယခုမှ ရွှေအမြုတေ အလယ်ဆင့်တွင်သာ ရှိသေးသည့်တိုင် သူမ၏ ဓားကျင့်စဥ်မှာမူ ထိပ်တန်း အဆင့်ကိုပင် ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။ သာမန် ပါရမီရှင်များမှာ သူမ၏ ပြိုင်ဘက် မဟုတ်ချေ။ အဆင့်မြင့် ဟန်ရှုံး သတ်မှတ်ချက်ဝင်များ သာလျှင် သူမနှင့် ပခုံးချင်း ယှဥ်နိုင်လိမ့်မည် ဖြစ်သည်။
ထို့နေ့၌ လင်းဝူဟွာသည် ကောင်းကင်ဂိုဏ်း ခုနစ်ဂိုဏ်း၏ ပါရမီရှင် ဆယ့်ခြောက်ယောက်ကို တစ်ဆက်တည်း အနိုင်ယူခဲ့၏။ အနီရောင် မီးတောက် ကောင်းကင်နယ်မှ ဟန်ရှုံး သတ်မှတ်ချက်ဝင် ပါရမီရှင် တစ်ယောက်ပင် လင်းဝူဟွာထံ၌ ရှုံးနိမ့်ခဲ့ရသည်။
ထိုတိုက်ပွဲများ အပြီး၌ လင်းဝူဟွာမှာ ပို၍ ထင်ရှားလာခဲ့၏။ သူမသည် “ဓားနတ်မိမယ်” ဟူသော အမည်ဖြင့် ဟန်ရှုံး သတ်မှတ်ချက် နံပါတ် ၂၀ အဖြစ် သတ်မှတ်ခံခဲ့ရသည်။
လင်းဝူဟွာ၏ မြင့်တက်လာမှုနှင့် အတူ လူတိုင်း၏ ချန်းဖန် အပေါ် အမြင်များမှာ ပြန်လည် ပြောင်းလဲသွားကြ၏။ ရွှေအမြုတေ အလယ်ဆင့်တွင်သာ ရှိသေးသည့် နောက်လိုက် တစ်ယောက်ပင် ဤမျှ အစွမ်းထက်ပါက ချန်းပေ့ရွှမ်းမှာ မည်မျှ အထိ အစွမ်းထက် နေမည်နည်း။
နောက်ဆုံး၌ မြေခွေးအိုကြီးများမှာ စတင် လှုပ်ရှားလာကြ၏။
“ဘုန်း...”
ပထမဆုံး တစ်ယောက်ကား မြေအောက် သရဲဂိုဏ်း၏ အကြီးအကဲ တစ်ဦး ဖြစ်သည်။ သူသည် အဆင့် ၈ ရွှေအမြုတေကို ပိုင်ဆိုင်ထားကာ နှစ်နှစ်ထောင်ကျော် ကျင့်ကြံခဲ့သူ ဖြစ်သည်။ သူကား ကောင်းကင်အရှင် တစ်ပိုင်း ကျင့်ကြံသူများတွင်ပင် အလွန်အမင်း အစွမ်းထက်သူ တစ်ယောက် ဖြစ်ပေသည်။
“ဘုန်း... ဘုန်း...”
လင်းဝူဟွာမှာ စတင် တိုက်ခိုက်သည်နှင့် အောက်စည်းသို့ ရောက်ရှိ သွားခဲ့၏။ မည်မျှပင် အစွမ်းထက်သည် ဆိုစေ သူတို့၏ ကျင့်ကြံခြင်း အဆင့်ကား အလွန် ကွာခြားလွန်းလှသည်။
“ရှင်က သက်သက် အနိုင်ကျင့်တာပဲ...”
ယွင်ရီအာက အသံကုန် အော်ဟစ် လိုက်ကြသည်။
“ဟမ့်...”
မြေအောက် သရဲဂိုဏ်း၏ အကြီးအကဲမှာ ဂရုစိုက်ခြင်း မရှိချေ။ သူက မိစ္ဆာ အရိုးစု အချို့ကိုပါ ထပ်မံ ဖော်ထုတ်လိုက်၏။
“လာစမ်းး...”
လင်းဝူဟွာမှာလည်း လက်မလျှော့ချေ။ သူမသည် ဓားကို ဝှေ့ယမ်းကာ မြေအောက် သရဲဂိုဏ်း အကြီးအကဲ၏ တိုက်ခိုက်မှုများကို ကာကွယ်လိုက်သည်။ သူမသည် ကျင့်ကြံခြင်း အဆင့် နိမ့်ကျသည့်တိုင် ချန်းဖန် သင်ကြားပေးခဲ့သည့် ဓားကျင့်စဥ်ကို သုံးကာ အခြေအနေအား ပြန်လည် ထိန်းချုပ်လာနိုင်၏။ နောက်ဆုံး၌ အသာစီးပင် ပြန်လည် ရရှိလာခဲ့သည်။
“ကောင်မစုတ်...”
များစွာသော ကျင့်ကြံသူများမှာ ဆက်လက် လက်ပိုက်ကြည့်နိုင်စွမ်း မရှိတော့ချေ။
“ဘုန်း...”
ကောင်းကင်အရှင် တစ်ပိုင်း ငါးယောက်မှာ ကောင်းကင်သို့ ပျံတက်ကာ တိုက်ပွဲ အတွင်း ပါဝင်လာ၏။ သူတို့သည် ကောင်းကင်ဂိုဏ်းများမှ အကြီးအကဲများ ဖြစ်ကြပြီး ထိုအထဲ၌ ပြန်လည် မွေးဖွားခြင်းဂိုဏ်’၏ မဟာ အကြီးအကဲပင် ပါဝင်နေသည်။
“ဘုန်း... ဘုန်း... ဘုန်း...”
လင်းဝူဟွာ မည်မျှ အစွမ်းထက်သည် ဆိုစေ ကောင်းကင်အရှင် တစ်ပိုင်း ခြောက်ယောက်၏ တစ်ပြိုင်နက်တည်း တိုက်ခိုက်မှုကို ခုခံနိုင်စွမ်း မရှိချေ။ သူမမှာ မြေပြင်သို့ ပြုတ်ကျကာ အရိုးများပင် ကျိုးကျေသွားသည်။
“မမ ဝူဟွာ...”
ယွင်ရီအာနှင့် မူဟုန်တိတို့မှာ ချက်ချင်းပင် လင်းဝူဟွာ အနားသို့ ရောက်ရှိလာကာ ပြုစုလိုက်ကြ၏။
“နင်တို့ ကောင်းကင်ဂိုဏ်းတွေ အကုန်လုံးက အရှက်မရှိကြပါလား...”
လင်းဝူဟွာက ဓားကို ထောက်ကာ ပြန်လည် မားမားမတ်မတ် ရပ်လိုက်သည်။ သူမ၏ ပါးစပ် တစ်ခုလုံးမှာ သွေးများဖြင့် ပြည့်နှက်နေသည့်တိုင် သူမ၏ မျက်လုံးများမှာမူ မိမိကိုယ်ကို ယုံကြည်ချက်ဖြင့် တလက်လက် တောက်ပနေ၏။
“ဒီကလေးမလေးက အတော်လေး စိတ်ဓာတ် ကြံ့ခိုင်တဲ့ အပြင် ပါရမီလည်း မြင့်မားတယ်... ဒါပေမဲ့ ဆိုးတာက ချန်းပေ့ရွှမ်းရဲ့ နောက်လိုက်တစ်ယောက် ဖြစ်နေတာပဲ... ချန်းပေ့ရွှမ်းက တောင်တန်း အင်ပါယာကိုတောင် ဆန့်ကျင်ခဲ့တာ... သူ သေရမယ်ဆိုတာ ကျိန်းသေနေပြီ”
အကြီးအကဲ ခြောက်ယောက်အနက် တစ်ယောက်က ဆိုလိုက်သည်။
“ဟမ့်... စီနီယာချန်းက တိုက်ပွဲ အတွင်း သေရမယ် ဆိုရင်တောင် သူက နင်တို့ထက် အဆတစ်သိန်း ပိုပြီး အစွမ်းထက်တယ်”
လင်းဝူဟွာက ပါးစပ်မှ သွေးများကို လက်ခုံဖြင့် သုတ်ရင်း ပြောလိုက်၏။
“နင်...”
အကြီးအကဲ ခြောက်ယောက်စလုံးမှာ ဒေါသထွက် သွားကြ၏။ သူတို့က ကောင်းကင်မှ တဟုန်ထိုး ဆင်းကာ ထပ်မံ တိုက်ခိုက်ရန် ကြိုးစားလိုက်ကြသည်။
“ဝှစ်...”
ရုတ်တရက် ငွေရောင်အလင်း တစ်ခု လင်းလက်လာကာ မိန်းကလေး သုံးယောက်မှာ နေရာမှ ပျောက်ကွယ်သွား၏။
“ဒါက...”
အကြီးအကဲ ခြောက်ယောက်မှာ ငွေရောင် တောင်ပံများကို ပိုင်ဆိုင်ထားသည့် နတ်မိမယ်လေးကို ကြည့်ကာ မျက်လုံးများ ကျဥ်းမြောင်းသွားကြသည်။ ပြန်လည် မွေးဖွားဂိုဏ်း၏ ကျင့်ကြံသူများမှာမူ မျက်စိမျက်နှာ ပျက်သွားကြ၏။ သူတို့သည် နတ်မိမယ် ချန်းရှီမှာ ဂိုဏ်း၏ တားမြစ်မှုကို ဖောက်ဖျက်ကာ ချန်းပေ့ရွှမ်း ဘက်၌ ရပ်တည်လိမ့်မည်ဟု ထင်မှတ် မထားခဲ့ချေ။
မည်သို့ပင် ဆိုစေ ရှန်းရှီ၏ ပါဝင်လာမှုက ထိုပဋိပက္ခကို ထိုမျှနှင့် ရပ်တန့်သွားစေခဲ့သည်။ တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးသွားပြီးနောက် တောင်တန်း အင်ပါယာ သတ်မှတ်ထားသော နေ့ရက်ကား ရောက်ရှိ လာခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ချန်းပေ့ရွှမ်းမှာမူ အစအနပင် ထွက်ပေါ်လာခြင်း မရှိခဲ့ချေ။
နောက်တစ်နေ့ နံနက်၌...
တောင်တန်း အင်ပါယာ၏ ဗိုလ်ချုပ် တစ်ယောက်သည် ကျူးဝမ် မျိုးနွယ်သို့ ရောက်ရှိလာကာ အမိန့်တစ်ခုကို ထုတ်ပြန်၏။
“ချန်းပေ့ရွှမ်းဟာ ထျန်းဟောင်ဂြိုဟ်ရဲ့ ဥပဒေကို ချိုးဖောက်ပြီး တောင်တန်း အင်ပါယာကိုပါ မလေးမစား ပြုမူခဲ့တယ်... ဒီနေ့က စပြီး ကျူးဝမ် မျိုးနွယ်အားလုံး အကျဥ်းချ ခံရမယ်... သုံးလ အတွင်း ချန်းပေ့ရွှမ်း တောင်တန်း အင်ပါယာကို လာပြီး လက်နက်ချရင်ချ... မချရင်တော့...”
“ဂြိုဟ်တစ်ခုလုံးကို သတိပေးတဲ့ အနေနဲ့ ကျူးဝမ် မျိုးနွယ်ဝင် အားလုံးကို သတ်ပစ်မယ်”
ထိုသတင်း ပျံ့နှံ့သွားရာ ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးမှာ ကြောက်လန့် သွားကြတော့၏။
***