← Chapters

ဆရာတပည့်

Vol. 28 Ch. 379

ဆရာတပည့်

Vol. 28 Ch. 379

ဗုန်း!

လျှပ်စီးလှိုင်းကြီးတစ်ခုက ဟုန်ချန်ယဲ့ကို ဝန်းရံလာသည်။ သူ အံတင်းတင်းကြိတ်ကာ စွမ်းအားကုန် အသုံးပြု၍ အလွန်ပြင်းပြသော အသက်ရှင်လိုသည့် စိတ်ဓာတ်ဖြင့် ခုခံနေသည်။

“အား…”

ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါ သွေးအလူးလူးဖြင့် ပျက်စီးယိုယွင်းနေသော ပုံရိပ်တစ်ခု မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။ ထိုသူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် စုတ်ပြဲနေသော အသားများနှင့် သွေးများ ဖုံးလွှမ်းနေပြီး အချို့နေရာများတွင် အရိုးဖြူဖြူများပင် ပေါ်နေကာ ခန္ဓာကိုယ်တစ်ခုလုံးမှ အပူငွေ့များ တရှိန်ရှိန် ထွက်နေသည်။

ဟုန်ချန်ယဲ့ မြေပြင်ပေါ်တွင် အားနည်းစွာ လဲလျောင်းရင်း ခေါင်းထောင်၍ ကောင်းကင်ကို မော့ကြည့်ဖို့ရာ ရုန်းကန်နေခဲ့ရ၏။ ကောင်းကင်တွင် အဖြူအမဲ လျှပ်စီးသန်းပေါင်းများစွာ ဆက်တိုက် စုစည်းနေဆဲဖြစ်ကြောင်း မြင်သော် သူ့နှုတ်ခမ်းတွင် ဝမ်းနည်းဖွယ်အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။

သူသည် ကန့်သတ်ချက်သို့ ရောက်ရှိနေပြီ ဖြစ်၏။

ခုနစ်ဆယ့်တစ်ကြိမ်မြောက် လျှပ်စီးသာ ကျရောက်လာလျှင် ဟုန်ချန်ယဲ့ သေချာပေါက် သေဆုံးရပေတော့မည်။

“ဟားဟားဟား…”

စိတ်ပျက်အားလျော့ဖွယ် ဤအခြေအနေတွင် မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားခဲ့သော်လည်း နောက်ဆုံးတွင်တော့ မှောင်မည်းသော ချောက်နက်ထဲသို့သာ ပြန်လည်တွန်းချခံလိုက်ရသည့်အတွက် ဟုန်ချန်ယဲ့ ကိုယ့်ကိုယ်ကိုယ် သရော်ချင်စိတ်ပေါက်ကာ ဝမ်းနည်းမှုအပြည့်ဖြင့် အသံထွက်ရယ်မောလိုက်သည်။

ထိုမြင်ကွင်းကို မြင်တွေ့ရသူအားလုံး တိတ်ဆိတ်သွားခဲ့၏။ ဤအခြေအနေတွင် သူတို့သည်လည်း ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ဦး ကျဆုံးသွားသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေရုံမှလွဲ၍ ဘာမှ မတတ်နိုင်ကြပေ။

ခြံဝင်းထဲမှ သတ္တဝါများအားလုံး အလွန်အမင်း တုန်လှုပ်သွားကြပြီး ဟုန်ချန်ယဲ့၏ စွမ်းအားနှင့် စိတ်ဆန္ဒကို အထင်ကြီးလေးစားမိကြသည်။ ခွန်းလွင်နယ်မြေ ရွှေခေတ်တွင်ပင် အဆင့်ရှစ်လျှပ်စီးဒဏ်ကို ခံနိုင်ရည်ရှိသူများ အလွန်ရှားပါး၏။ မသေမျိုးဧကရာဇ် တစ်ပါးပင် အသက်ရှင်ရန် မလွယ်ကူသော အဆင့်မြင့် လျှပ်စီးဒဏ်မျိုးသာဆိုလျှင်တော့ ဆိုဖွယ်ရာကိုမရှိ။

အကြိမ်ခုနစ်ဆယ်တိုင်တိုင် ခံနိုင်ရည်ရှိခဲ့ခြင်းကြောင့် သူတို့၏ အတွေ့အကြုံနှင့် တွက်ချက်ခန့်မှန်းမှုအရ ဟုန်ချန်ယဲ့ လုပ်ဆောင်ခဲ့သော အောင်မြင်မှုမှာ အံ့အားသင့်စရာပင်။

ဒီကလေး နှယ်နှယ်ရရမဟုတ်ဘူးပဲ။

“အိုး ဘုရားရေ၊ ဒါဆို သူက အမျိုးသားတစ်ယောက်ပဲ! ငါကသူ့ကို ဧကရီဖူယောင်လိုမျိုး ထူးခြားတဲ့ အမျိုးသမီးတစ်ယောက်လို့ ထင်နေတာ!” မြည်းလေးက အံ့သြတကြီး အော်ဟစ်လိုက်သည်။

“မင်း မြည်းငတုံးကောင်၊ ဒီအချိန်မှာ ဒါက အရေးကြီးသလား?” ကြက်မအိုကြီးက မြည်းကို လှည့်မျက်စောင်းထိုးပြီး တစ်ဖက်မှ ကျိုးကြေပြိုလဲနေသော သွေးထွက်သံယို ပုံရိပ်ကို ပြန်ကြည့်ရင်း သက်ပြင်းချလိုက်သည်။

"သူ့ရဲ့ ပါရမီက ဒီလောက်ထူးခြားတာကို တကယ်နှမြောစရာပဲ။ ဒီတောင်ကိုသာ ကျော်နိုင်ခဲ့ရင် အနာဂတ်အောင်မြင်မှုတွေဆိုတာ အကန့်အသတ်မဲ့ပဲ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ဒီထိပ်တန်း လျှပ်စီးဒဏ် ကို ရင်ဆိုင်လိုက်ရတယ်။ သူသာ မသေရင် တကယ်ပဲ အံ့ဖွယ်ဖြစ်ရပ်တစ်ခုအဖြစ် သမိုင်းတွင်လိမ့်မယ်!"

"ဟုတ်ပါ့၊ ဘယ်လောက်နှမြောစရာကောင်းလိုက်လဲ" အခြားသတ္တဝါများလည်း တစ်ဦးပြီးတစ်ဦး ဝမ်းနည်းပူဆွေးစွာ ငြီးတွားလာကြသည်။

ယနေ့ချိန်ခါအထိ ပေါက်ဖွားခဲ့သော ကျင့်ကြံသူများအထဲမှ လက်ချိုးရေကြည့်ရပါလျှင် အဆင့်ရှစ်လျှပ်စီးဒဏ် အောက်တွင် ခွင်းလွင်၏ အံ့ဖွယ်လေးပါး ဖြစ်ကြသော တိထျန်း၊ ဧကရီဖူယောင်၊ ချန်းရှန်ဝမ် နှင့် မုန်တိုင်းတို့သာ အသက်ရှင်နိုင်ခဲ့ကြသည်။ ထိုလေးဦးသည် နောက်ပိုင်းတွင် မသေမျိုးဧကရာဇ်ကို ကျော်လွန်သည့် အဆင့်အထိ တန်ခိုးအာဏာ ကြီးထွားခဲ့ကြ၏။

ထိုလျှပ်စီးဒဏ်အား ခံစားခဲ့ရသည့် အခြား ပါရမီရှင်များမှာမူ ရုပ်ခန္ဓာများ ပျက်စီးပြီး စိတ်ဝိညာဉ်များ ပျောက်ကွယ်လွင့်ပါးကာ သမိုင်း၏ အချိန်မြစ်ရှည်ကြီးထဲတွင် ပျောက်ဆုံးတိမ်မြုပ်သွားခဲ့ကြရသည်။ နောက်ဆုံးတော့လည်း ကမ္ဘာကြီးသည် အောင်မြင်သူများကိုသာ မှတ်မိတတ်ခဲ့ပါ၏။

"ဟူး..." မိုးမခပင်က ညင်သာစွာ သက်ပြင်းချလိုက်သည်။ ရှေးယခင်ခေတ်မှသည် ယခုခေတ်အထိ ဤရှည်လျားသော မသေမျိုးလမ်းကြောင်းတွင် ကျင့်ကြံသူ မည်မျှ သေဆုံးခဲ့သည်ကို ကောင်းကင်ဘုံကသာ သိနိုင်မည်။

"ကျွန်တော်တို့ တကယ်ပဲ...?"

ထိုအခြေအနေတွင် လီဝူကျယ်၏ ကျားတစ်ကောင်လို စူးရဲလေ့ရှိသောမျက်လုံးများဝယ် မျက်ရည်များ ပြည့်လျှံလာပြီး နှုတ်ခမ်းများ အကြိမ်အနည်းငယ် တုန်ယင်သွားကာ ခက်ခက်ခဲခဲနှင့် "ဈာပနပွဲ တက်ရတော့မှာလား?" ဟု ဆက်လက် ရေရွတ်လိုက်သည်။

သူနှင့် ဟုန်ချန်ယဲ့မှာ အမြင်မတူဘဲ တစ်ယောက်နှင့်တစ်ယောက် မကြာခဏ လှောင်ပြောင်ပြိုင်ဆိုင်ခဲ့ကြသော်လည်း သူတို့သည် အဖြစ်အပျက်များစွာကို အတူကျော်ဖြတ်ခဲ့ကြသော ရောင်းရင်းများပင်။ ဆရာတူညီအစ်ကိုများကြား ရင်းနှီးမှုမရှိဟု ပြောပါက လိမ်ရာကျလိမ့်မည်။ ယခု တစ်ဖက်လူက လျှပ်စီးဒဏ်အောက်တွင် သေလုဆဲဆဲအခြေအနေ ရောက်နေသည်ကို မြင်ရသောအခါ လီဝူကျယ်မှာ မခံမရပ်နိုင်စွာ အသည်းအသန် ဝမ်းနည်းလာရ၏။

ရွှယ်ထျန်းဂိုဏ်းမှ တပည့်များနှင့် အကြီးအကဲများအားလုံးလည်း မျက်လုံးများ နီရဲနေကြပြီး မကြာခင်ဖြစ်ပေါ်လာတော့မည့် ကြေကွဲဖွယ်မြင်ကွင်းကို မကြည့်ရက်နိုင်ကြပေ။ တောင်ထိပ်သခင်ယဲ့ပြီးလျှင် ဒုတိယလိုက်ပါသော ဂိုဏ်း၏ ပါရမီရှင်သည် ယနေ့ ကျဆုံးရတော့မည်ဖြစ်ရာ ရက်စက်လှသည့် ကံကြမ္မာကိုသာ အပြစ်ဆိုရပေတော့မည်။

ဓားဝှက်တောင်ထိပ်သခင်က ယဲ့ကျွင်းလင်ကို လေးလံသော အမူအရာဖြင့် ပြောလာသည်။ "ညီလေးယဲ့၊ အစ်ကိုကြီးရဲ့ ဝမ်းနည်းကြေကွဲမှုကို လက်ခံပေးပါ"

စကားပြောပြီးသည်နှင့် သူ၏ခါးကို ကျောက်စိမ်းသဖွယ် ဖြူနုဝင်းမွတ်သော လက်တစ်ဖက်က ပြင်းပြင်းထန်ထန် လိမ်ဆွဲလိုက်သောကြောင့် နာကျင်စွာ မျက်နှာရှုံ့မဲ့သွားသည်။ ထျန်းရှန်းတောင်ထိပ်သခင်မက ဒေါသတကြီးဖြင့် ကြိမ်းမောင်းလာ၏။ "လူကမသေသေးဘူး၊ နင့်ပါးစပ်ကြီးကအရင် နိမိတ်ပုပ်နေပြီ!"

“အာ့ အား အား သူ သေလုဆဲဆဲဖြစ်နေပြီ မဟုတ်ဘူးလား?”

“သေလုဆဲဆဲ ဖြစ်နေရင်တောင် ဒီလိုစကားမျိုး မပြောရဘူးဟဲ့!”

“အိုး၊ ဒါဆို နောက်မှပြောလိုက်မယ်လေ"

ဂိုဏ်းချုပ် ရှယိုနျန်က ယဲ့ကျွင်းလင်၏ ပခုံးကို ပုတ်ကာ နှစ်သိမ့်လိုက်သည်။ “ညီငယ်ယဲ့၊ မင်း စိတ်ဓာတ်မကျရဘူး။ ဒါက သူ့ရဲ့ ကံကြမ္မာပဲ။ မစိုးရိမ်ပါနဲ့၊ ဂိုဏ်းက သူ့အတွက် ခမ်းနားတဲ့ ဈာပနပွဲတစ်ခုကို သေချာပေါက် ကျင်းပပေးလိမ့်မယ်!”

“ဟုတ်တယ်၊ ပြီးတော့ သူ့နာမည်ကို ရွှယ်ထျန်းဂိုဏ်းရဲ့ အထိမ်းအမှတ်ကျောက်တိုင်ပေါ်မှာ ထာဝရ မှတ်တမ်းတင်ထားမယ်!” ခန္ဓာကိုယ်ထွားထွားဖြင့် တောင်ထိပ်သခင်တစ်ဦးကလည်း ဖြည့်စွက်ပြောလာသည်။

“သူ့ကို တကယ်ပဲ မကယ်နိုင်တော့ဘူးလား?” ယဲ့ကျွင်းလင် တွေးရင်း မျက်မှောင်ကြုတ်လိုက်သည်။

ယဲ့ကျွင်းလင်ကို အပြင်ပန်း ပေါ့ပေါ့ပါးပါးပုံစံဖြင့် ခန့်မှန်းယူဆလို့မရ။ တပည့်ဖြစ်သူ အမှန်ပင် သေမလိုရှင်မလိုအခြေအနေ ရောက်ခဲ့ပါလျှင်မူ သူ ဘေးတွင် ရပ်ကြည့်နေမည် မဟုတ်ချေ။ အရေးအကြီးဆုံးအချက်မှာ ဟုန်ချန်ယဲ့သည် သူ ဤကမ္ဘာသို့ ကူးပြောင်းပြီးနောက် ပထမဆုံး တပည့်ခံယူခဲ့သူဖြစ်သည်။ အတူတူ အချိန်ကုန်ဆုံးခဲ့သည့် နေ့ရက်များ၊ အတူတူ စားသောက်ပျော်ပါးခဲ့ကြသည်များမှာ သူ့မှတ်ဉာဏ်ထဲ လတ်လတ်ဆတ်ဆတ် စွဲထင်ကျန်ရစ်နေသေး၏။ ဒီတပည့်ကိုသာ ထာဝရဆုံးရှုံးလိုက်ရပါက ယဲ့ကျွင်းလင်သည်လည်း အရင်လို ပြန်လည်ပျော်ပါးရွှင်မြူးနိုင်တော့မဟုတ်။

“ညီငယ်ယဲ့၊ မင်း တခြားအကြံအစည်တွေ လုံးဝမတွေးမိစေနဲ့။ လျှပ်စီးဒဏ်ကို မကျော်ဖြတ်နိုင်တဲ့ ကျင့်ကြံသူတိုင်း သေဆုံးရမယ်၊ ဒါက ကံကြမ္မာပဲ! မင်း အတင်းအကျပ် ဝင်ရောက်စွက်ဖက်မယ်ဆိုရင် လျှပ်စီးဒဏ်ရဲ့ ပစ်မှတ်ထားခြင်း ခံရလိမ့်မယ်! လူကိုကယ်တင်နိုင်မှာမဟုတ်သလို မင်းကိုယ်တိုင်လည်း မြေမြှုပ်စရာတောင်မလိုဘဲ အငွေ့ပျံသွားရမယ့် အဖြစ်မျိုးပဲ!” ရှယိုနျန်က အလေးအနက် သတိပေးလာသည်။

“အိုး? လျှပ်စီးဒဏ်ရဲ့ ပစ်မှတ်ထားမှုလား?” ကောင်းကင်၏ ကျယ်ပြောလှသော မျက်နှာပြင်ထက်မှ ကြီးမားသော ဘေးဒုက္ခမိုးတိမ်များကို ကြည့်ရင်း ယဲ့ကျွင်းလင်၏ မျက်လုံးများထဲတွင် ထူးဆန်းသော အရောင်တစ်မျိုး လင်းလက်သွားကာ အကြံတစ်ခုပေါက်လာသည်။

ထိုအချိန်တွင် ခုနစ်ဆယ့်တစ်ကြိမ်မြောက် ကောင်းကင်လျှပ်စီး စုစည်းပြီးပြီဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ဟုန်ချန်ယဲ့၏ ပတ်ပတ်လည်သို့ ဆင်းသက်လာသည်။

All Chapters