← Chapters

အခန်း (၃၈၂)

Vol. 28 Ch. 382

အခန်း (၃၈၂)

Vol. 28 Ch. 382

“သွားစမ်း!”

လေထဲတွင် ကြီးမားသော ပေါက်ကွဲသံများ ဆက်တိုက်ဖြစ်ပေါ်ပြီး ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ပုံပေါ်လာခဲ့၏။

ဗုံး!

ကျားပုံသဏ္ဍာန် လျှပ်စီးသည် ပြင်းထန်သော ကန်ချက်ကို အီဆောင့်နေအောင် ခံလိုက်ရပြီး အနောက်သို့တည့်တည့် လွင့်ထွက်သွားသည်။ ၎င်း၏ပတ်ပတ်လည်ရှိ လျှပ်စီးများမှာ ပုံမှန်မဟုတ်ဘဲ မှိတ်တုတ်မှိတ်တုတ်နှင့် ပြိုကွဲလုနီးပါးဖြစ်နေလေပြီ။

သို့သော် ထိုအချိန်တွင် အနက်ရောင် နဂါးပုံသဏ္ဍာန် လျှပ်စီးက တစ်ချက်ဟိန်းဟောက်ပြီး ယဲ့ကျွင်းလင်၏ ခေါင်းဘက်သို့ဦးတည်ကာ ပါးစပ်ကိုဟလိုက်သည်။ အာခေါင်အတွင်းမှာ တွင်းနက်တစ်ခုကဲ့သို့ နက်နဲပြီး လျှို့ဝှက်ဆန်းကြယ်ကာ လျှပ်စီးကြောင်းသန်းပေါင်းများစွာ ဖြတ်သန်းလိမ်ယှက်နေကြသေး၏။ မသေမျိုးအရှင်သခင်တစ်ပါးပင်လျှင် ထိုအာခေါင်ထဲစုပ်ယူခံရပြီးလျှင် အစအနမကျန် ပျောက်ကွယ်သွားပေလိမ့်မည်။

“ဖယ်စမ်း!”

ယဲ့ကျွင်းလင်က နဂါးကို မျက်စောင်းထိုးကြည့်ပြီး လက်ကို ဆတ်ခနဲမြှောက်ကာ ခပ်ပြင်းပြင်းတစ်ချက် ရိုက်ချလိုက်သည်။

ဖြန်း!

နဂါးပုံသဏ္ဍာန် လျှပ်စီးသည် ရိုက်ချက်ကောင်းကောင်း မိသွားရှာဟန်ပင်။ ကြီးမားသော အားအင်ကြောင့် ခေါင်းကွဲလုနီးပါး ထူပူသွားကာ နောက်သို့ ပြန်လည်ပျံသန်းသွားရသည်။ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးတွင် မငြိမ်သက်တော့သော လျှပ်စီးများက တချွတ်ချွတ်နှင့် အော်ဟစ်ပြေးလွှားလျက်။

“ဒီ… ဒီ…” လူတိုင်း၏ ဦးရေပြားများ ကျဥ်တက်သွားပြီး သူတို့၏မျက်လုံးများ ပေါက်ထွက်လုနီးပါး ပြူးကျယ်ကုန်ကြသည်။

တိုက်ပွဲက မပြီးဆုံးသေးပေ။ အဆင့်မြင့် လျှပ်စီးသတ္တဝါနှစ်ကောင်ဖြစ်သော နဂါးနှင့်ကျားတို့သည် အင်အားပြန်လည်စုစည်းပြီး ယဲ့ကျွင်းလင်ဆီသို့ အစွယ်နှင့် ခြေသည်းများ ပြူးဖြဲပြကာ ပြေးဝင်လာပြန်သည်။

“မင်းတို့နှစ်ကောင် သင်ခန်းစာမယူနိုင်ကြသေးဘူးလား?" ယဲ့ကျွင်းလင် သရော်ပြုံးပြုံးလိုက်ပြီး ကျားပုံသဏ္ဍာန်လျှပ်စီးပေါ်သို့ ရုတ်တရက် ပြေးသွားလိုက်ကာ သူ၏ညာဘက်ခြေထောက်ဖြင့် ပြင်းပြင်းထန်ထန် နင်းချလိုက်သည်။

ဗြစ်!

တာအိုစွမ်းအင်နှင့် အရှိန်အဝါပြည့်လျှမ်းသော နင်းချေချက်။ ကျားပုံသဏ္ဍာန်လျှပ်စီး၏ ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားရတော့၏။

ထို့နောက် သူ လက်တစ်ဖက်ကို မြှောက်ပြီး လက်သီးဆုပ်လိုက်သော် မျက်စိကျိန်းလောက်သော အလင်းတန်းများ ပတ်ပတ်လည်ဖြာထွက်လာပြီး နဂါးပုံသဏ္ဍာန် လျှပ်စီး၏ ခေါင်းပေါ်သို့ တည့်တည့်ကျရောက်သွားသည်။ ဤသို့ဖြင့် တစ်စက္ကန့်အတွင်းမှာပင် ၎င်း၏ခန္ဓာကိုယ်သည် တစ်လက်မအရွယ်အစား အစိတ်အပိုင်းလေးများအဖြစ်ပေါက်ကွဲသွားပြီး ဘယ်တုန်းကမှ မရှိခဲ့သကဲ့သို့ ပျောက်ကွယ်သွားခဲ့တော့၏။

ယဲ့ကျွင်းလင်၏ လက်သီးနှင့်ခြေထောက်များအောက်တွင် အဆင့်မြင့် လျှပ်စီးသတ္တဝါများဖြစ်သော နဂါးနှင့်ကျားတို့သည် တစ်ကောင်ပြီးတစ်ကောင် ပျက်စီးသွားခဲ့လေသည်။ အစအနပင်မကျန် ပျောက်ကွယ်သွားခဲ့ခြင်းပင်။ ဖြစ်စဥ်တစ်ခုလုံးသည် ရိုးရှင်းပြီး ကြမ်းတမ်းကာ အလှည့်အပြောင်းတစ်ခုသော်မှ မပေါ်ပေါက်ခဲ့ပေ။

“အဟမ်း အဟမ်း!”

ယဲ့ကျွင်းလင်သည် တမင်တကာ လည်ချောင်းရှင်းလိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ခေါင်းခါရင်း ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “နဂါးရော ကျားရော ဟိန်းသံကိုက မာန်ပါမနေတာ။ လျှပ်စီးဒဏ် သေးသေးလေးကဆို ရယ်ချင်စရာတောင်ကောင်းနေသေး~”

ဤစကားများ ထွက်လာသည်နှင့်တစ်ပြိုင်နက် ပတ်ပတ်လည်မှ လူအပေါင်း၏ ရင်တမမ သက်ပြင်းရှိုက်သံများ ထွက်ပေါ်လာသည်။ နားမလည်နိုင်ကြတော့ဟန် မျက်နှာအမူအရာများဖြင့်။

“ဘုရားရေ၊ ဘယ်လိုတောင် ကြွားလိုက်တာလဲ!”

“ကျွန်တော် အသိပညာအသစ်တစ်ခု ရလိုက်ပြီ။ လျှပ်စီးဒဏ်ကို လူသားက အနိုင်ယူလို့ ရတာပဲနော်"

“ချ ချ ညီငယ်ယဲ့!”

...

လီဝူကျယ်၏ မျက်နှာသည် စိတ်လှုပ်ရှားမှုဖြင့် နီရဲနေပြီး သူ၏ အသက်ရှူသံမှာ မြန်ဆန်နေသည်။ “ကျွန်တော့်ရဲ့ အရင်က ယူဆချက်က မှန်နေတာပဲ။”

သူ၏ ဆရာသခင်သည် သေချာပေါက် တန်ခိုးရှင် မသေမျိုးဧကရာဇ်တစ်ပါးဖြစ်ရမည်။ မဟုတ်လျှင် ဤသို့သော ကောင်းကင်ကို ဆန့်ကျင်သည့် စွမ်းရည်များကို မည်သို့ ပိုင်ဆိုင်နိုင်မည်နည်း?

ဟုန်ချန်ယဲ့သည် ခမ်းနားထည်ဝါသော ပုံရိပ်ကို စိုက်ကြည့်နေရင်း လူရောစိတ်ပါ ပြိုလဲလုနီးပါး ဖြစ်နေသည်။ သူ၏လည်ချောင်းတွင် တစ်စုံတစ်ခု တစ်ဆို့နေသကဲ့သို့ စကားတစ်ခွန်းမှ မဆိုနိုင်တော့ချေ။

လူသားတစ်ယောက်က လျှပ်စီးဒဏ်နှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်မည်ဟု သူ ဘယ်တုန်းကမှ စိတ်ပင်ကူးခဲ့ဖူးသည်မဟုတ်။ အကြောင်းမှာ ထိုဘေးဒုက္ခလျှပ်စီးသည် မိမိတို့နေထိုင်ရာ ကမ္ဘာတစ်ခုလုံး၏ ဆန္ဒကို ကိုယ်စားပြုပြီး ကောင်းကင်ဘုံ၏ နိယာမက ချမှတ်ထားသော စည်းမျဉ်းများ ဖြစ်သောကြောင့်ပင်။ သို့သော် ယခုဖြစ်ပျက်နေသည့် အရာအားလုံးက သူ့စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း စွဲထင်နေခဲ့သော အသိအမြင်များကို လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်သည်။

တကယ်တမ်းတော့ စစ်မှန်သော အင်အားကြီးသူတွေဆိုတာ နေထိုင်ရာပတ်ဝန်းကျင်နဲ့ လုံးဝသက်ဆိုင်မှုမရှိပါဘူး။

ပတ်ဝန်းကျင်အခြေအနေကို လွှဲချနေပြီဆိုကတည်းက မင်းက ဒီတိုင်း ညံ့ဖျင်းနေလို့ပါပဲ။

“ကြည့်စမ်း၊ ဘေးဒုက္ခမိုးတိမ်တွေ ပျောက်ကွယ်နေပြီ!”

ရုတ်တရက် အကြီးအကဲများနှင့် တပည့်အများအပြားသည် ကောင်းကင်ကို ဖုံးအုပ်ထားသော မိုးတိမ်မည်းကြီးများ မြင်သာသည့် အရှိန်ဖြင့် လျင်မြန်စွာ ပျောက်ကွယ်နေသည်ကို အံ့အားသင့်စွာ တွေ့ရှိလိုက်ကြသည်။ ကောင်းကင်သည် တဖန်ကြည်လင်လာပြီး နေမင်းကြီးလည်း ထွန်းလင်းတောက်ပလာလေပြီ။

“ဘာတွေဖြစ်နေတာလဲ? လျှပ်စီးဒဏ် က သူ့ဘာသာသူ အရှုံးပေးလိုက်တာလား?”

“ဟားဟား၊ တောင်ထိပ်သခင်ယဲ့က အံ့ဩစရာပဲ၊ လျှပ်စီးဒဏ်ကတောင် သူ့ကို ခစားရတယ်!”

“တကယ်ပဲ အရှုံးပေးသွားတာလား? ကျွန်တော် တစ်ခုခု မှားနေသလို ခံစားရတယ်။ ဒါက မုန်တိုင်းမလာခင် လေပြေသွေးနေသလိုပဲ!”

“နင့် အမင်္ဂလာစကားတွေ တော်လိုက်တော့!”

လူတိုင်းသည် ဤထူးဆန်းသည့် ဖြစ်ရပ်ကြောင့် ပျော်ရွှင်စွာ အံ့အားသင့်နေကြပြီး အပြင်းအထန် ဆက်လက်ငြင်းခုံနေကြသည်။

“ဟူး…” ဟုန်ချန်ယဲ့ အသက်ပြင်းပြင်း ရှူထုတ်လိုက်သည်။ ဒုက္ခဒဏ်စမ်းသပ်မှုကို အောင်မြင်စွာ မကျော်ဖြတ်နိုင်ခဲ့သော်လည်း သူ အသက်ချမ်းသာရာရခဲ့သည်ပင်။ အသက်ရှင်နေသရွေ့ မသေမျိုးအဆင့်ကို တက်ရောက်ရန် အခွင့်အရေး ရှိနေဦးမည်။ ယဲ့ကျွင်းလင်၏ ကျောပြင်ကို ကြည့်ရင်း ဟုန်ချန်ယဲ့ နက်နဲစွာ စိတ်လှုပ်ရှားနေပြီး တစ်ခုခု ပြောရန် ပြင်လိုက်သည်။

ရုတ်တရက် သူ့ခေါင်းပေါ်မှ မိုးခြိမ်းသံတစ်ခု ထပ်မံထွက်ပေါ်လာပြီး မကြုံစဖူးသော ဖိနှိပ်မှုတစ်ခု ပေါက်ဖွားလာသည်။ ထိတ်လန့်စရာ အဖြစ်တစ်ခုခု ဖြစ်ပေါ်လာတော့မလိုပင်။

“ဒါ… ဒါက…?”

ဟုန်ချန်ယဲ့ မော့ကြည့်လိုက်ရာ သူ၏ဦးရေပြားများ စူးတက်သွားပြီး မျက်ဆံများ ကြောက်လန့်တကြား ကျုံ့ဝင်သွားသည်။ ရင်ဘတ်ထဲရှိ နှလုံးသားသည် မမြင်နိုင်သော လက်ကြီးတစ်ဖက်က တင်းတင်းဆုပ်ကိုင်ထားသကဲ့သို့ ရပ်တန့်လုနီးပါး ဖြစ်သွားရ၏။

ကျယ်ပြောသော ကောင်းကင်တွင် ပျောက်ကွယ်သွားခဲ့သည့် ‌ဘေးဒုက္ခမိုးတိမ်မည်း ပြန်ပေါ်လာပြီး မကြုံစဖူးသော အတိုင်းအတာအထိ ဒေါသတကြီး စုစည်းပြင်ဆင်နေခဲ့သည်။ လျှပ်စီးဒဏ်သည် ပျောက်ကွယ်သွားခြင်းမဟုတ်ဘဲ အဆင့်အသစ်တစ်ခုဆီသို့ အလိုအလျောက် မြှင့်တင်ခံခဲ့ရခြင်းသာ ဖြစ်၏။

ဗုံး!

ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်ဘုံ၏ အစွမ်းသည် အရှေ့ပိုင်းစီရင်စု တစ်ခုလုံးကို ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့သည်။ လူတိုင်း ကြောက်လန့်တုန်လှုပ်ကုန်ကြပြီး ကမ္ဘာပျက်တော့မည်လားဟု ထင်မှတ်မှားမိသည်အထိ။

“ဘာတွေဖြစ်နေတာလဲ?!”

ကျင့်ကြံသူများအားလုံး မျက်နှာများ ဖြူဖျော့သွားကာ ကောင်းကင်သို့သာ မော့ကြည့်နေကြသည်။ သူတို့၏မျက်လုံးများတွင် ကြောက်ရွံ့မှုများ လျှံကျလျက်သား။ ကောင်းကင်ဘုံ၏ အဆုံးမရှိဒေါသကို လူသားတို့ ရင်ဆိုင်နေရလေပြီ။

“အဲဒီဘက်က၊ အဲဒါ ရွှယ်ထျန်းဂိုဏ်း ပဲ၊ အစ်ကိုကြီးယဲ့ ရှိတဲ့နေရာ။” ဝတ်ရုံဖြူဓားသမား ရွှယ်ဝူဟန် သည် မိုးကုတ်စက်ဝိုင်းကို မော့ကြည့်ရင်း မျက်ခုံးများ တွန့်ချိုးသွားကာ စိုးထိတ်မှုဖြင့် တုန်လှုပ်လာတော့သည်။ ဘာတွေများ ဖြစ်ပျက်နေပါသနည်း?

ဘေးဒုက္ခမိုးတိမ်အတွင်း အဖြူအမည်း လျှပ်စီးများဖြင့် ခြုံလွှမ်းထားသော လူသားပုံသဏ္ဍာန်အရိပ်တစ်ခု ဖြစ်ပေါ်လာပြီး ပတ်ပတ်လည်တွင် အဆင့်မြင့် လျှပ်စီးစွမ်းအင်များ ဝန်းရံနေသည်။ ဧကရာဇ်သရဖူကို ဦးထိပ်ဆောင်းထားပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်တည်နေသည့် ထိုသူ၏ကိုယ်နေဟန်ထားသည် မြင့်မားခန့်ညားနေလျက်။ သက်ရှိသတ္တဝါအားလုံးကို မျက်စိထဲထည့်ဟန်မတူသော အေးစက်စက်အကြည့်တို့မှာ လူသားအားလုံးကို ပုရွက်ဆိတ်လေးများအလား သဘောထားနေသကဲ့သို့။

သူထုတ်လွှတ်သည့် အရှိန်အဝါသည် တွန်းလှန်ဖို့မဖြစ်နိုင်လောက်အောင် ကြောက်စရာကောင်းသည်။ ကောင်းကင်နှင့်ကမ္ဘာ၏ ဥပဒေသတောင် ထိုသူကို တားဆီးတုံ့ဆိုင်းစေမည့်ပုံမပေါ်။

ခြံဝင်းငယ်လေးထဲတွင် မိုးမခပင်သည် အသက်ပင် ဝဝမရှူနိုင်တော့။ “ဒါက လျှပ်စီးဒဏ်ရဲ့ နောက်ဆုံးသောပုံသဏ္ဍာန်ပဲ! ဘယ်မသေမျိုးမဆို သူက အသေသတ်နိုင်လိမ့်မယ်!”

All Chapters