← Chapters

ကောင်းကင်၏ဥပဒေသကို တွန်းလှန်ပုန်ကန်ခြင်း

Vol. 28 Ch. 383

ကောင်းကင်၏ဥပဒေသကို တွန်းလှန်ပုန်ကန်ခြင်း

Vol. 28 Ch. 383

“လျှပ်စီးလူသား၊ ဒါ ရှေးဟောင်းဒဏ္ဍာရီထဲက လျှပ်စီးလူသားပဲ!” ခြံဝင်းထဲမှ သတ္တဝါတို့သည် သူတို့၏ဘဝတစ်လျှောက်လုံးတွင် ဤကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ကြသောကြောင့် ထိတ်လန့်တုန်လှုပ်ကုန်ကြတော့၏။

ထိုလျှပ်စီးလူသားသည် ခွင်းလွင်နယ်မြေ လျှပ်စီးဒဏ်၏ အဆုံးစွန်သော ပုံသဏ္ဍာန်ပင်ဖြစ်သည်။ ၎င်းသည် မသေမျိုးနယ်ပယ်သို့တက်ရောက်ပြီးသည်မှာ နှစ်သန်းပေါင်းများစွာကြာမြင့်ပြီဖြစ်သော ဘိုးဘေးကျင့်ကြံသူကြီးတို့၏ အသက်နှင့်သေခြင်းကိုပင် ချုပ်ကိုင်ထားနိုင်စွမ်းရှိသည်။

“ဘုရား ဘုရား၊ မသေမျိုးဧကရာဇ် တစ်ပါးတောင် လျှပ်စီးလူသားနဲ့တွေ့ရင် အပြင်းအထန် ရှုံးနိမ့်မယ်လို့ ပြောကြတယ်လေ။ သူ့ရဲ့စွမ်းအားကို ယှဉ်ပြိုင်နိုင်တဲ့ မသေမျိုးဧကရာဇ်အဆင့်ဆိုတာ မရှိပါဘူး!” မြည်းက ကြောက်လန့်တကြားပြောဆိုကာ မြေပြင်ပေါ် ဒူးထောက်လဲကျပြီး တစ်ကိုယ်လုံး တုန်ယင်နေသည်။ မျက်လုံးများတွင်လည်း ထိတ်လန့်မှုတို့ဖြင့် ပြည့်နှက်နေ၏။

ကြက်မအိုကြီးကလည်း ခြေထောက်များ ပျော့ခွေကျကာ အော်ဟစ်လိုက်သည်။ “ဒီကမ္ဘာပေါ်မှာ ရှင်သန်နေသရွေ့တော့ လျှပ်စီးဒဏ်ကို ဘယ်သူမှ မနိုင်ပါဘူး။ ကောင်းကင်ဘုံနိယာမဆန္ဒရဲ့ ကိုယ်စားပြုပြစ်ဒဏ်ပဲလေ။ အခု သူ့ရဲ့ စစ်မှန်တဲ့ ပုံစံကို ဖော်ပြလိုက်ပြီဆိုတော့ ကျွန်းသခင်ယဲ့ကို အပြတ်ရှင်းဖို့ ကြံရွယ်ထားတာ သေချာနေပါပြီ!”

မိုးမခပင်၏ နှလုံးသားသည်လည်း ပရမ်းပတာခုန်လှုပ်လျက်။ ၎င်းသည် သူ့တစ်သက်တွင်ပင် တစ်ခါမျှ မမြင်ဖူးသည့် မြင်ကွင်းဖြစ်ပြီး ကျွန်းသခင် အသစ်သည် ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု တွက်မထားမိခဲ့ပေ။ သို့သော် ဤအခြေအနေတွင် သူ ဆက်လက်အစွမ်းထက်နိုင်ပါဦးမည်လောဟု စိုးရိမ်နေမိသည်။

မရေမတွက်နိုင်သော အဆင့်မြင့်လျှပ်စီးများက လျှပ်စီးလူသား၏ ခန္ဓာကိုယ်ပတ်လည်တွင် စီးဆင်းနေသည်။ လျှပ်စီးဒဏ် စစ်မှန်သော ပုံသဏ္ဍာန်ဖြစ်လေသောကြောင့် အရှိန်အဝါမှာ မည်သူမျှတားဆီးမရသည်အထိ ကြီးမားပြင်းထန်လှသည်။ ပတ်ဝန်းကျင်ရှိ လေဟာနယ်သည် ထိုစွမ်းအားကို မခံနိုင်ဘဲ ကျိုးပဲ့ကွဲကြေသံများနှင့်အတူ ချက်ချင်းပင် ကြေမွသွားခဲ့၏။ မြင်ကွင်းသည် မမြင်ဖူးမကြုံဖူးသော အသစ်အဆန်းဖြစ်ကာ လွန်စွာကြောက်မက်ဖွယ်ကောင်းလှသည်။

လျှပ်စီးလူသား၏ မျက်လုံးများက အလွန်ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေပြီး အောက်ဘက်ရှိ ယဲ့ကျွင်းလင်ကို စူးစိုက်ကြည့်နေခဲ့သည်။ ဤမတိုင်မီက မည်သည့်သတ္တဝါမျှ သူ့ကို မဆန့်ကျင်ရဲခဲ့ပေ။ မသေမျိုးဘုံကိုတက်လှမ်းဖို့ လျှပ်စီးဒဏ်ကို ခံယူနေစဥ် အတောအတွင်း သူ၏စည်းမျဉ်းများကို မဖြစ်မနေလိုက်နာရပေမည်။ မည်သူမဆို မနာခံပါက သူကိုယ်တိုင် နည်းလမ်းပေါင်းစုံသုံး၍ ဖျက်ဆီးပစ်ပေမည်။ မည်သည့်အဆင့်ရှိ ကျင့်ကြံသူမဆို သူ့ကို ရန်စဖို့ မတွေးရဲကြပေ။

အဘယ်ကြောင့်ဆိုသော် ခွင်းလွင်နယ်မြေတွင် မည်သူမျှ သူ့ကို အနိုင်ယူနိုင်စွမ်းမရှိသောကြောင့်ဖြစ်သည်။ ပစ်မှတ်၏ကျင့်ကြံဆင့်က ပိုအားကောင်းနေလျှင်တောင် အလုံးစုံချေမှုန်းကိုင်တွယ်နိုင်သော မူလစွမ်းရည်အရ သူ၏စွမ်းအားကို ချိန်ညှိမြှင့်တင်နိုင်စွမ်းရှိသည်။

သို့သော် ယနေ့တွင်မူ သူ့စည်းမျဉ်းများကို ချိုးဖောက်ရုံသာမကဘဲ သူ့ကိုပင် တိုက်ရိုက် ရူးသွပ်စွာ ရန်စသည့် ရဲရင့်သော လူသားတစ်ဦး ပေါ်ပေါက်လာခဲ့၏။ ဤအဖြစ်အပျက်ကို ခွင့်လွှတ်ပေးလို့ ရပါမည်လော။ လုံးဝ လွှတ်ပေးလို့မဖြစ်ပါ။

ထို့ကြောင့် သူသည် ထိုရန်သူကို ဖျက်ဆီးပစ်ရန် မြင့်မြတ်သော လျှပ်စီးအဆင့်ထိ မြှင့်တင်ပေးခဲ့သည်။ ပစ်မှတ်သည် ကောင်းကင်အဆင့် မသေမျိုးသာ ဖြစ်သောကြောင့် မသေမျိုးဘုရင် အဆင့် လျှပ်စီးကို အသုံးပြုခဲ့လျှင် ထိုသူကို အလွယ်တကူ ဖယ်ရှားကာ သူ့၏ဂုဏ်သိက္ခာကို ဟန်မပျက်ထိန်းသိမ်းနိုင်မည်ဟု ထင်ခဲ့သည်။

ရလဒ်အနေဖြင့် ဘာအကျိုးသက်ရောက်မှုမှ မရှိခဲ့ပေ။ သူသည်လည်း မကြုံဖူးသောအဖြစ်ကြောင့် နက်နက်ရှိုင်းရှိုင်း ထိတ်လန့်ခဲ့ရသည်။ ယုတ္တိရှိရှိ တွက်ချက်ရလျှင် ထိုလျှပ်စီးကို တစ်ဖက်လူတွန်းလှန်နိုင်စရာ အကြောင်းမရှိ။ ဤကလေးသည် မသေမျိုးဧကရာဇ် တစ်ပါးများလားဟု တွေးမိသည်။

ဒေါသထွက်ထွက်ဖြင့် လျှပ်စီးဒဏ်၏ စွမ်းအားကို ထပ်မံ ချဲ့ထွင်လိုက်ရာ မသေမျိုးအရှင်သခင် အများအပြားကို ဖျက်ဆီးသုတ်သင်နိုင်သည့် နဂါးနှင့်ကျား လျှပ်စီးများ မွေးဖွားလာခဲ့သည်။ မျှော်လင့်မထားသည်မှာ ဤအရာကိုလည်း ပြိုင်ဘက်က အလွယ်တကူ အနိုင်ယူသွားခဲ့ပြန်၏။

ထို့အပြင် ထိုကောင်လေးက ရဲတင်းစွာ စကားလုံးများသုံး၍ပင် သူ့ကို လှောင်ပြောင်သေးသည်။

ဤတစ်ကြိမ်တွင် လျှပ်စီးဒဏ် အလွန်အမင်း ဒေါသထွက်သွားကာ ယတိပြတ် ဆုံးဖြတ်ချက်ချလိုက်သည်။ သူ၏ဂုဏ်သိက္ခာနှင့် အဆင့်အတန်းအားလုံးကို လောင်းကြေးထပ်ကာ သူ့ကို ထပ်ခါတလဲလဲ ရန်စလို့မပြီးသည့် ဤလူသားမျိုးနွယ်အပေါ် ကောင်းကင်ဘုံ၏ ဥပဒေသကို ကိုယ်စားပြုသော အာဏာစက်အား ပြသရန်ပင်။

မစော်ကားသင့်သောသူကို စော်ကားမိသော အကျိုးဆက်ပေတကား။

ရွှယ်ထျန်းဂိုဏ်းကို တွန်းလှန်ရန်မဖြစ်နိုင်လောက်သော အရှိန်အဝါ တစ်ခုက ဝိုင်းရံထားသည်။ ကျင့်ကြံသူတို့၏ မျက်နှာများသည် ဖြူဖျော့နေပြီး ထိတ်လန့်လွန်း၍ ချွေးအေးများ စီးကျနေကြကာ "သွားပြီ သွားပြီ" ဟုသာ ကယောင်ကတမ်း ရေရွတ်နေမိခဲ့ကြ၏။

သက်ရှိအားလုံး တုန်လှုပ်ထိတ်လန့်နေချိန်တွင် ယဲ့ကျွင်းလင်သည် လက်ညှိုးတစ်ချောင်းကို ဖြည်းဖြည်းချင်း ဆန့်ထုတ်ပြီး လျှပ်စီးလူသားဘက်သို့ ကွေးကာညွှတ်ကာ အနားသို့လာရန် အချက်ပြလိုက်သည်။ ထို့နောက် မေးကိုမော့ချီကာ အသံကုန်ဟစ်လိုက်သည်။

“ဒီကိုလာခဲ့စမ်း!!!”

တိတ်ဆိတ်သွားသည်။

သေလောက်အောင် တိတ်ဆိတ်နေသည်။

လူတိုင်းသည် ကြောက်လန့်လွန်း၍ သူတို့၏ နှလုံးသားများပင် ရပ်တန့်လုနီးပါးဖြစ်ပြီး သတိလစ်လဲကျလုနီးပါး ဖြစ်သွားကြသည်။ ဤသို့သောအချိန်တွင် ‌ပြောင်တိပြောင်စပ် ရန်စရဲခြင်းသည်ကား သေခြင်းတရားချောက်ကမ်းပါးထက် ကြိုးတန်းကာလမ်းလျှောက်နေသည်နှင့် မခြား။

ဗုံးဗုံးဗုံး!

မိုးချုန်းသံများ အရှေ့ပိုင်းဒေသ တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။ လူအများ အလန့်တကြားဖြစ်ပြီး ရှူရှူးပါ မထိန်းနိုင်ကြတော့သည်အထိ။

ထိုအချိန်တွင် လျှပ်စီးလူသားသည် ဒေါသအမျက်ခြောင်းခြောင်းထွက်နေပြီ ဖြစ်ပြီး မယုံနိုင်လောက်အောင် လျင်မြန်သော အရှိန်ဖြင့် လျှပ်တပြက်ပျံသန်းသွားသည်။ ထို့နောက် ဤမုန်းတီးဖွယ်လူငယ်ကို ပွဲချင်းပြီးသတ်ပစ်ရန် လက်သီးဖြင့် အားကုန်ထိုးချလိုက်သည်။

ဝှစ်

ဤလျှပ်စီးကဲ့သို့ မြန်ဆန်သော လက်သီးချက်တွင် အဆင့်မြင့် လျှပ်စီးစွမ်းအင် ပါဝင်ပြီး မသေမျိုးဧကရာဇ်၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို တစ်ချက်တည်းဖြင့် ကြေမွစေရုံသာမက ဝိညာဥ်ရင်းမြစ်ကိုပါ လွင့်ပျယ်စေနိုင်သည့် စွမ်းအားပမာဏ ပါရှိသည်။

သို့သော် ယဲ့ကျွင်းလင်သည် ထိုလက်သီးချက်ကို မလှုပ်မယှက်သာ စောင့်ကြိုနေခဲ့၏။ တစ်စုံတစ်ယောက်က သူ့ကို “ဘာလို့ ရှောင်မပြေးတာလဲ” ဟု မေးခဲ့ပါက ယဲ့ကျွင်းလင်သည် ပြုံးပြုံးလေးဖြင့် စကားလုံးလေးလုံးကိုသာ တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိမ့်မည်။

“မကြောက်လို့ပေါ့!”

ထိုလက်သီးချက်၏ ခြိမ်းခြောက်မှုကို အနီးကပ် ရင်ဆိုင်ရချိန်တွင် ယဲ့ကျွင်းလင်၏ အရှိန်အဝါသည် မလျော့ကျသွားဘဲ ချက်ချင်းဆိုသလို တိုးမြင့်လာခဲ့ပြီး သူ၏စွမ်းအားသည် စိတ်ကူးမယဉ်နိုင်သော အဆင့်တစ်ခုအထိ တိုက်ရိုက်မြင့်တက်သွားခဲ့၏။

ဝှစ်

ရွှေရောင်လက်သီးချက်တစ်ခု ထွက်ပေါ်လာပြီး လျှပ်စီးလူသား၏ လက်သီးနှင့် ပြင်းပြင်းထန်ထန် ထိပ်တိုက်တွေ့သွားခဲ့ကြသည်။

All Chapters