ဟုန်ချန်ယဲ့၏ အလင်းရောင်
Vol. 28 Ch. 384
ခပ်ပြုံးပြုံးဖြင့် လျှောက်လာသောလူကိုကြည့်ရင်း လျှပ်စီးလူသားရင်ထဲ ထိတ်လန့်မှုများဖြင့် ကြီးစိုးလာသည်။
စည်းမရှိတဲ့ အသိတရားမရှိတဲ့လူတွေကို ငါအမုန်းဆုံးပဲ။
“မပြေးနဲ့ဦး၊ ဆက်လုပ်ပါဦး။ ငါ့မှာ ပျော်တောင်မပျော်ရသေးဘူး” ယဲ့ကျွင်းလင်က စိတ်လှုပ်ရှားစွာဖြင့် လက်ပြလိုက်သည်။
လျှပ်စီးဒဏ်က သူ့ကို စတင်တိုက်ခိုက်လာသည့်အခါတွင် မည်မျှပင် အစွမ်းထက်သော လှုပ်ရှားမှုပင် ဖြစ်ပါစေ ယဲ့ကျွင်းလင်သည် အလိုအလျောက် ပိုမိုအားကောင်းလာပြီး၊ ၎င်းက တိုက်ခိုက်ခြင်းကို ရပ်လိုက်သည်နှင့် သူသည်လည်း မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။ သို့သော် ထိုအချက်ကို မည်သူမျှ မသိနိုင် မမြင်နိုင်ပေ။ ထို့ကြောင့် လျှပ်စီးလူသား၏ မျက်လုံးထဲတွင် ယဲ့ကျွင်းလင်သည် ကောင်းကင်အဆင့် မသေမျိုးအရှင်တစ်ပါးသာ ဖြစ်သေးသော်ငြား တိုက်ခိုက်မှုတိုင်းကို လွယ်ကူစွာ ကိုင်တွယ်နိုင်ရုံသာမကဘဲ အစစအရာရာတွင်လည်း သူ့ထက်သာလွန်နေသည်ကိုသာ မြင်လိုက်ရ၏။
ဤထူးဆန်းသည့် ဖြစ်စဉ်သည် အလွန်အမင်း စိတ်ဓာတ်ကျဖွယ်ကောင်းလှသည်။
လျှပ်စီးလူသားသည် ယဲ့ကျွင်းလင်ကို မသေမျိုးဧကရာဇ်တစ်ပါး သို့မဟုတ် ထိုထက်ပို၍ပင် မြင့်မားသည့် စွမ်းအားရှင်တစ်ပါးဖြစ်မည်ဟု စတင်သံသယဝင်လာခဲ့သည်။ ထိုသူသည် ပြိုင်ဘက်ကင်းကျင့်ကြံဆင့်ကို တမင်ဖုံးကွယ်လျက် မိမိအား အပျော်သက်သက် လာကစားနေခြင်းပေလား။
ဤကမ္ဘာ၌ ၎င်းကို အနိုင်ယူနိုင်စွမ်းရှိသူများမှာ မသေမျိုးဧကရာဇ် အဆင့်ကို ကျော်လွန်ပြီးသော စွမ်းအားရှင်များသာ ရှိမည်ပင်။ ထိုအဆင့်တစ်ခုသို့ ရောက်ရှိသွားသည်နှင့် ဒဏ္ဍာရီလာ ကောင်းကင်သခင်ကို စိန်ခေါ်လိုက ခေါ်နိုင်ပြီး ကောင်းကင်ဘုံဥပဒေသ၏ ထိန်းချုပ်မှုမှ လွတ်မြောက်နိုင်သည်ဖြစ်ရာ၊ သက်ရှိသတ္တဝါအားလုံးကို အုပ်စိုးနိုင်သည့် လျှပ်စီးဒဏ်ကို နှိမ်နင်းနိုင်ခြင်းမှာလည်း ဖြစ်သင့်သည့်အချက်သာ။
ထိုဖြစ်နိုင်ချေကို တွေးတောမိသောအခါ…
လျှပ်စီးလူသားသည် တိုက်ခိုက်လိုစိတ်များ လုံးဝပျောက်ဆုံးသွားခဲ့ပြီး ဆက်လက်တိုက်ခိုက်ဖို့ မဆိုထားနှင့်၊ ပုန်းအောင်းဖို့ပင် နောက်ကျသွားလေပြီလောဟု စတင်စိုးထိတ်လာသည်။
ထိုယဲ့ကျွင်းလင်မှာ ထိပ်တန်းအင်အားကြီးပုဂ္ဂိုလ်တစ်ဦးသာဖြစ်သည်ဟု တစ်ထက်ချ သတ်မှတ်ယုံကြည်လိုက်တော့၏။
သိုးရေခြုံထားသော ဝံပုလွေတစ်ကောင်ဖြစ်ရမည်။
လူ့လောကတွင် ပြိုင်ဘက်မရှိ ပျင်းရိနေသောကြောင့် မိမိကို တမင်သက်သက် လာကစားခြင်းသာ ဖြစ်မည်။
ဒါကြီးကတော့ တကယ်ကို သည်းမခံနိုင်စရာပဲ!
လျှပ်စီးလူသား တွေးလေလေ ပို၍ အရှက်ရကာ နာကျင်ခံစားရလေလေပင်။ သို့သော်လည်း ထိုသူကို အနိုင်မရနိုင်တော့မှန်း သိထားသောကြောင့် ဆက်လက်တိုက်ခိုက်ပါက ပြဿနာမီးစကို ဆီလောင်းခြင်းသာ ဖြစ်ပေလိမ့်မည်။
ငါ ဘာလုပ်ရမလဲ။
ရန်စဖို့လည်း မဖြစ်နိုင်တော့ဘူးဆိုတော့ ပြေးကြတာပေါ့။
လူတိုင်း၏ မျက်စိရှေ့တွင် ထိုလျှပ်စီးလူသားသည် အလောတကြီး ထွက်ပြေးသွားခဲ့ပြီး ကျယ်ပြန့်သော ဘေးဒုက္ခမိုးတိမ်မည်းထဲသို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်။ ထို့နောက် ကြီးမားသော မိုးတိမ်မည်းကြီးမှာလည်း မယုံကြည်နိုင်လောက်အောင် လျင်မြန်သော အရှိန်ဖြင့် ပျောက်ကွယ်သွားခဲ့၏။
မကြာမီ ကောင်းကင်သည် တဖန်ပြန်လည်ကြည်လင်လာပြီး နေရောင်ခြည်လည်း လင်းချင်းတောက်ပလာသည်။ ထိတ်လန့်ဖွယ်ကောင်းသော လျှပ်စီးမုန်တိုင်းသည် တစ်ကြိမ်တစ်ခါမျှ မဖြစ်ပွားခဲ့ဖူးသကဲ့သို့ အစအနမကျန် ပျောက်ကွယ်သွားခဲ့လေပြီ။
"အကြီးအကဲယဲ့က လျှပ်စီးဒဏ်ကိုတောင် ကြောက်လန့်ပြီး ထွက်ပြေးစေတာလား!” အရှေ့ပိုင်းစီရင်စု ဆယ့်လေးပြည်နယ်မှ ကျင့်ကြံသူအားလုံး အံ့အားသင့်ကာ ကြီးစွာတုန်လှုပ်သွားကြ၏။
သူတို့၏ အသိဉာဏ်ထဲတွင် လျှပ်စီးဒဏ်၏ အဆင့်အတန်းသည် ဘိုးစဥ်ဘောင်ဆက် ထူးခြားစွာ မြင့်မားခဲ့သည်သာ။ မသေမျိုးလမ်းကြောင်းပေါ်သို့ တက်ရောက်ခါနီး စွမ်းအားရှင်တို့ပင် မကျော်လွန်နိုင်ပါက အသက်ပေးရမည်ဖြစ်သော လောကဥပဒေသတစ်ခုဖြစ်၏။
ကျင့်ကြံရေးလောက၏ သမိုင်းရှည်ကြီးတစ်လျှောက်တွင် လျှပ်စီးဒဏ် ရိုက်ခတ်ခြင်းကြောင့် ဝိညာဉ်ပျောက်ဆုံးပြီး အသက်ပေးခဲ့ရသော ကျင့်ကြံသူတို့ ရေတွက်၍ပင်မရနိုင်ပါ။
၎င်း၏ ရက်စက်ကြမ်းကြုတ်မှုသည် ကျင့်ကြံသူအားလုံး၏ အသိစိတ်ထဲ သံမှိုရိုက်ထားသလို စွဲထင်နေခဲ့သည်။
လူတိုင်းကို ရန်စလို့ရနိုင်လျှင်တောင်မှ လျှပ်စီးဒဏ်ကိုတော့ သွားမစမိစေနှင့်။
လျှပ်စီးဒဏ်၏ စီရင်ချက်ကို ဝင်ရောက်စွက်ဖက်မိသူများ အမြဲတမ်း ဆိုးရွားသော အဆုံးသတ်နှင့် ရင်ဆိုင်ရတတ်သည်။
သို့သော် ယခုအခါ သန်းရာချီသော ကျင့်ကြံသူများ၏ ကံကြမ္မာကို လွှမ်းမိုးချုပ်ကိုင်ထားသည့် လျှပ်စီးဒဏ်သည် အကြီးအကဲယဲ့၏ တိုက်ခိုက်မှုကြောင့် အမှန်တကယ်ပင် ကြောက်လန့်ထွက်ပြေးသွားခဲ့သည်တဲ့လား။
လက်ဖက်ရည်ဆိုင်ရှိ ပုံပြောသူများပင်လျှင် ထိုသို့သော ဇာတ်လမ်းမျိုးကို ဖန်တီးရဲမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် စကားမှားပါက လမ်းလျှောက်နေစဉ် လျှပ်စီးပစ်ခံရပြီး ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားမည်လား အာမခံမရသောကြောင့်ပင်။
အရာအားလုံးကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရသော ကျင့်ကြံသူတို့သည် အချိန်အတော်ကြာအောင် ဆွံ့အငြိမ်သက်မိလျက် ရှိကြ၏။ သူတို့၏ ရင်ထဲတွင် ထိုပုဂ္ဂိုလ်သည် ရှင်သန်နေသော ဒဏ္ဍာရီတစ်ပုဒ် ဖြစ်ခဲ့လေပြီ။
ရွှမ်ကျီးဓားဂိုဏ်းတွင် ရွှယ်ဝူဟန်သည် မျက်လုံးများ၌ အဆုံးမဲ့ စိတ်အားထက်သန်မှုတို့ဖြင့် ဝေးလံသော နေရာသို့ ငေးစိုက်ကြည့်နေခဲ့သည်။
“အကြီးအကဲယဲ့နဲ့ ခေတ်ပြိုင်ရှင်သန်ရခြင်းဟာ ကျွန်တော်တို့ မျိုးဆက် ကျင့်ကြံသူတွေအတွက် အကြီးမားဆုံးသော ကံကောင်းခြင်းပဲ” သူက ရေရွတ်လိုက်၏။
ရွှယ်ထျန်းဂိုဏ်းတွင်လည်း လူတိုင်းသည် အံ့အားသင့်မှုထဲတွင် နစ်မြုပ်နေကြဆဲဖြစ်သည်။ ထိုအချင်းအရာသည် ဘဝတစ်လျှောက်လုံးတွင် တစ်ခါမှမမြင်ဖူးခဲ့သော ဘဝဆုံးသည်အထိ စွဲမြဲအမှတ်ရနေမည်ဖြစ်သော မြင်ကွင်းမျိုးပင်။
အစွမ်းထက်သော လျှပ်စီးဒဏ်သည်ပင် ထွက်ပြေးရသည့်နေ့ ရှိနိုင်သတဲ့လား?
“တောင်ထိပ်သခင်ယဲ့က အံ့ဩစရာပဲ!”
“ဒါ… ဒါကြီးက အရမ်းကို ကြမ်းတမ်းလွန်းတယ်၊ လျှပ်စီးဒဏ်တောင် မြေးတစ်ယောက်လို ရိုက်နှက်ခံခဲ့ရတာပဲ!”
“ရိုးရိုးရှင်းရှင်းပြောရရင် အရမ်းအစွမ်းထက်တာပဲ!”
ချက်ချင်းဆိုသလိုပင် စိတ်လှုပ်ရှားနေကြသော တပည့်များနှင့် အကြီးအကဲများကြားတွင် ဆွေးနွေးငြင်းခုံမှုများ ဖြစ်ပေါ်လာခဲ့သည်။
“ညီလေးယဲ့က ကျွန်တော်တို့အတွက် အံ့အားသင့်စရာတွေ အများကြီး ယူဆောင်လာပေးတာပဲ၊ သူ့မှာ ကန့်သတ်ချက်ဆိုတာ မရှိတော့ဘူးလား” ဓားဝှက်တောင်ထိပ်သခင်က မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။
“အင်း၊ ငါလည်း ဖြစ်နိုင်ရင် မောင်လေးယဲ့ရဲ့ စွမ်းရည်ကန့်သတ်ချက်ကို စမ်းသပ်ကြည့်ချင်သားပဲ…” ထျန်းရှန်းတောင်ထိပ်သခင်မ၏ မျက်နှာသည် မက်မွန်ပန်းလို ပန်းသွေးကြွကာ ဖြောင့်မတ်စွာရပ်တည်နေသော ထိုပုံရိပ်အား တမ်းတမ်းမက်မက်ငေးမောရင်း ပြောလိုက်မိသည်။
သူမ၏ နှလုံးသားသည် သိမ်းပိုက်ခံခဲ့ရလေပြီ!
တစ်မျိုးတစ်မည် အဓိပ္ပာယ်သက်ရောက်သော စကားလုံးများကြောင်း လူတိုင်းကသူမအား ထူးဆန်းစွာဝိုင်းကြည့်လာကြသည်။
“အဟမ်း၊ သိက္ခာလေးတော့ ထိန်းကြနော်!” ဂိုဏ်းချုပ် ရှယိုနျန်က သတိပေးလိုက်ရသည်။
ထျန်းရှန်းတောင်ထိပ်သခင်မသည် စကားမှားသွားသည်ကို သတိပြလိုက်မိပြီး နားရွက်များနီမြန်းကာ အထစ်ထစ်အငေါ့ငေါ့ ရှင်းပြလိုက်သည်။ “ကျွန်မ၊ ကျွန်မ အဲလိုဆိုလိုချင်တာ မဟုတ်ပါဘူး၊ ကျေးဇူးပြုပြီး အထင်မလွဲကြပါနဲ့”
“ဪ~” အခြားတောင်ထိပ်သခင်များက ငါတို့သဘောပေါက်ပြီးသားပါ ဆိုသည့်သဘောဖြင့် သံယောင်လိုက်ပေးလာကြသည်။
“ဟမ့်၊ နင်တို့အားလုံးကို မခေါ်ဘူး!” ထျန်းရှန်းတောင်ထိပ်သခင်မ ဒေါသတကြီးဖြင့် ခြေဆောင့်လိုက်ရာ ရွှေရင်အစုံက သိမ့်ခနဲတုန်ခါသွားတော့၏။
ထိုအချိန်တွင်...
ဤနေရာ၌ စိတ်ခံစားမှု အပြင်းထန်ဆုံးဖြစ်သူမှာ သေခြင်းမှ လက်မတင်လေး လွတ်မြောက်လာခဲ့သော ဟုန်ချန်ယဲ့ ဖြစ်ပေမည်။
သူသည် ဒဏ်ရာများဖြင့် သွေးအိုင်ထဲ လဲကျနေဆဲဖြစ်ကာ အဆုံးမဲ့ကျယ်ပြောသော ကောင်းကင်ကို စိုက်ကြည့်ရင်း မျက်လုံးများတွင် နောင်တနှင့် စိတ်သက်သာရာရမှုကို ဖော်ပြလျက်ရှိသည်။
“ဒါဆိုရင် ဒီတစ်ကြိမ်ကြိုးစားမှုကတော့ မအောင်မြင်ဘူးလို့ ယူဆရမှာပေါ့လေ”
“နောက်တစ်ကြိမ် ထပ်ကြိုးစားကြတာပေါ့!”
ဗုန်း!
စကားဆုံးသည်နှင့် တစ်ပြိုင်နက်...
ဘေးဒုက္ခမိုးတိမ်သည် တစ်စုံတစ်ခုကို သတိရသွားသည့်အလား တစ်ဖန်ပြန်လည်ဖွဲ့စည်းလာသော်လည်း ဤတစ်ကြိမ်တွင် လျှပ်စီးပြစ်ဒဏ်ကို ချမပေးဘဲ မင်္ဂလာရှိသော ရောင်စုံအလင်းတန်းကို တိုက်ရိုက်ပေးပို့ကာ ဟုန်ချန်ယဲ့အား ဝန်းရံခြုံလွှမ်းစေလိုက်သည်။
ကောင်းကင်မှ နတ်ပန်းများ ကြဲချနေပြီး မင်္ဂလာရှိသော အလင်းတန်းများက ပတ်ပတ်လည် ထွန်းလင်းလျက်။
အရှေ့အရပ်မှ မိုင်သုံးသောင်းခန့်ရှည်လျားသော ခရမ်းရောင် ချီစွမ်းအင်တန်းကြီး ရောက်ရှိလာသည့်အပြင် အမျိုးမျိုးသော မင်္ဂလာရှိ မြင်ကွင်းများလည်း ပေါ်ထွက်လာခဲ့သည်။