အခန်း (၃၈၅)
Vol. 28 Ch. 385
ဟုန်ချန်ယဲ့၏ ခန္ဓာကိုယ်မှ အဆုံးမရှိသော မသေမျိုးအလင်းတန်းများ ထွက်ပေါ်လာပြီး သူ၏ဒဏ်ရာများအားလုံး လျင်မြန်စွာ ပျောက်ကင်းသွားကာ အရေပြားတွင်လည်း တောက်ပသော အရောင်အသွေးတစ်မျိုး ရှိနေခဲ့သည်။ မသေမျိုးတစ်ပါး၏ အရေပြားနှင့် ကျောက်စိမ်းလို နုပျိုခိုင်ခံ့သော အရိုးများအား ပိုင်ဆိုင်ရလေပြီ။
သူ၏ နဖူးပေါ်ရှိ မီးတောက်အမှတ်အသားသည် အလွန်နီရဲနေပြီး မသေမျိုးအဖြစ်သို့ ရောက်ရှိပြီးနောက် သူ၏ သွင်ပြင်အရှိန်အဝါသည် အဆင့်သစ်တစ်ခုသို့ တက်လှမ်းလာခဲ့၏။ သူ၏ မျက်နှာသွင်ပြင် အစိတ်အပိုင်းများမှာ ချို့ယွင်းချက်မရှိစွာ ပြီးပြည့်စုံနေပြီး ဖြစ်သော်ငြား အမျိုးသမီးများစွာကိုပင် မနာလိုဖြစ်သွားစေမည့် အသက်ရှူရပ်မတတ် ဆွဲဆောင်မှုအချို့အား ထပ်ဆောင်းလက်ဆောင်ရရှိခဲ့ပြန်သည်။
ရိုးရိုးလေး မတ်တပ်ရပ်နေရုံနှင့် လူသားအားလုံးကို ဖမ်းစားနိုင်မည့် ရုပ်ရည်သွင်ပြင်ပါတကား။
အခြား မသေမျိုး များကဲ့သို့မဟုတ်ဘဲ ဟုန်ချန်ယဲ့၏ အစောပိုင်းနယ်မြေသည် စစ်မှန်သော မသေမျိုး နဝမအဆင့် ဖြစ်နေခဲ့သည်!
ဤသည်မှာ အရေးကြီးဆုံးအချက် မဟုတ်သေးပေ။ သူ၏ မသေမျိုးချီ အရည်အသွေးသည်လည်း သတ္တမအဆင့်သို့ ရောက်ရှိနေပြီပင်။
ဆိုလိုသည်မှာ...
အစပြုရရှိခဲ့သော ထိုကျင့်ကြံဆင့်နှင့် ချီအရည်အသွေးတို့ဖြင့် ဟုန်ချန်ယဲ့သည် မည်သည့် ဉာဏ်အလင်းအဆင့် မသေမျိုးကိုမဆို အပြည့်အဝ နှိမ်နင်းနိုင်မည်ဖြစ်ပြီး သာမန် မသေမျိုးအရှင်သခင် များကို သတ်ဖြတ်နိုင်ကာ ထိပ်တန်း မသေမျိုးအရှင်သခင်များနှင့် ရင်ဘောင်တန်းနိုင်သော အဆင့်တစ်ခုသို့ ရောက်ရှိသွားခြင်းပင်။
ဒဏ္ဍာရီလာ အဆင့်မြင့်ဗားရှင်းဖြစ်သော အဆင့်ရှစ်လျှပ်စီးဒဏ်ကို ရင်ဆိုင်ခဲ့ရသောကြောင့် ရရှိသောဆုလာဘ်မှာလည်း အမြင့်ဆုံးသာ ဖြစ်ရပေမည်။
သူ၏ ထူးခြားသော ကျင့်ကြံမှုပါရမီကိုပင် ထည့်ပြောစရာမလိုဘဲ သတ္တမအဆင့် ချီအရည်အသွေးဖြင့်ပင် ဟုန်ချန်ယဲ့၏ တိုက်ရည်ခိုက်ရည်ကား ကြောက်စရာအဆင့်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်၏။
မသေမျိုးချီ အရည်အသွေးသည် အနိမ့်ဆုံး ပထမအဆင့်မှာ အမြင့်ဆုံး နဝမအဆင့်ထိ ရှိသည်။
မသေမျိုးအဆင့်သို့ တက်လှမ်းသောအခါ မသေမျိုးချီ အရည်အသွေးသည် ပထမအဆင့်သို့ အလိုအလျောက်ပြောင်းလဲသွားပြီး ဉာဏ်အလင်းအဆင့် မသေမျိုးဖြစ်ကာမှ ချီအရည်အသွေး ဒုတိယအဆင့်သို့ ပြောင်းလဲပေမည်။ နောက်ပိုင်းတွင် မသေမျိုးချီ အရည်အသွေးကို မြှင့်တင်ရန်အတွက် သယံဇာတ မှော်ရတနာများအပေါ် အားကိုးကာ သန့်စင်မြှင့်တင်ရမည်ဖြစ်သည်။ သို့မဟုတ်ပါဘဲ အထူးကျင့်စဥ်များကို ရွေးချယ်မြှင့်တင်မည်ဆိုပါက မခံမရပ်နိုင်စရာ နာကျင်မှုကို သည်းခံရပေဦးမည်။
ထို့အပြင် လုပ်ငန်းစဥ်အဆင့်ဆင့်မှာ အလွန်ရှည်လျားပြီး အာမခံချက်လည်း မရှိ။
မသေမျိုးချီ အရည်အသွေး တစ်ဆင့်တိုးလာတိုင်း ခွန်အားသည်လည်း တိုးတက်လာသည်ဖြစ်ရာ တတ်မြောက်ထားသော ကျင့်စဥ်စွမ်းရည်တို့မှာလည်း အထိုက်အလျောက် တိုးတက်ပြောင်းလဲလာမည်ဖြစ်၏။
အရှိအတိုင်းပြောရလျှင် မသေမျိုးဘုရင်နှင့် မသေမျိုးအရှင်သခင် များစွာသည် သူတို့၏ဘဝတစ်လျှောက်လုံးတွင် တတိယ သို့မဟုတ် စတုတ္ထအဆင့် မသေမျိုးချီ အရည်အသွေးသာ ပိုင်ဆိုင်ကြရသည်။ မသေမျိုး အရှင်သူမြတ်အဆင့် အနည်းစုသာ ပဉ္စမ သို့မဟုတ် ဆဋ္ဌမအဆင့်သို့ ရောက်ရှိနိုင်ကြသည်ပင်။
သတ္တမအဆင့် မသေမျိုးချီအတွက်မူ ယေဘုယျအားဖြင့် မသေမျိုးဧကရာဇ်များသာ ရရှိရန် အရည်အချင်းပြည့်မီကြပေသည်။
ဟုန်ချန်ယဲ့၏ အစောပိုင်း မသေမျိုးချီ အရည်အသွေးသည် သတ္တမအဆင့်ဖြစ်သည်ဖြစ်ရာ လမ်းအစတွင်ပင် မည်မျှကြောက်မက်ဖွယ်ကောင်းနေပြီ ဖြစ်ကြောင်း စိတ်သာကူးကြည့်ပါတော့လေ။
ဤအရာများသည် အဆင့်ရှစ်လျှပ်စီးဒဏ်၏ ထင်ရှားသော အကျိုးကျေးဇူးများဖြစ်သည်။ မသိသာသေးသော အကျိုးကျေးဇူးများမှာ ကျင့်ကြံသူ၏ ကျင့်ကြံရေးစွမ်းရည် အလွန်အမင်း အစွမ်းထက်လာပြီး မသေမျိုးများ၏ ကိုးဆယ့်ကိုးရာခိုင်နှုန်းအထိ အနိုင်ပိုင်းနိုင်သော ပါရမီထူးအား လက်ခံရရှိပေဦးမည်။
ခွင်းလွင်နယ်မြေ၏ သမိုင်းကြောင်းတစ်လျှောက်တွင် ထိုလျှပ်စီးဒဏ်အောင် ရှင်သန်နိုင်ခဲ့သူများသည် မသေမျိုးဧကရာဇ်အဆင့်ကို ကျော်လွန်သည်အထိ ကြီးမြတ်ကျော်ဇောခဲ့ကြသည်ပင်။
ဟုန်ချန်ယဲ့သည် မျှော်လင့်ချက်မဲ့နေရာမှ ရုတ်တရက် မသေမျိုးအဖြစ်သို့ ရောက်ရှိခြင်းကြောင့် အံ့ဩဝမ်းသာဖြစ်ခဲ့ရသည်။
သူ၏ ခန္ဓာကိုယ်အတွင်း၌ ကမ္ဘာကြီးကို လှုပ်ခတ်စေသည့် အပြောင်းအလဲတစ်ခုကို ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်။ မိမိ၏ ယခင်ပုံစံသာ ယခုပုံစံနှင့် ထိပ်တိုက်တိုးပါက လက်တစ်ချောင်းအလှုပ်ဖြင့် ဖျက်ဆီးခံလိုက်ရပေမည်။
သူ အစွမ်းအထက်ဆုံးဖြစ်ခဲ့စဉ်အချိန်ကပင် စစ်မှန်သော မသေမျိုးတစ်ပါးထက် မပိုခဲ့ပေ။
ထိုအခြေအနေတွင်ပင် အလယ်ပိုင်းဒေသတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်ခဲ့သော အဖျက်သမားတစ်ဦးအဖြစ် နာမည်ကျော်ကြားခဲ့သေး၏။
ထိုအချိန်က ကောင်းကင်ဘုံမှ သတ်မှတ်ထားသော ဥပဒေသနှင့် ခွင်းလွင်၏ ပတ်ဝန်းကျင်အခြေအနေကြောင့် စစ်မှန်သော မသေမျိုးသည်သာ အမြင့်ဆုံးအဆင့် ဖြစ်ခဲ့ရသည်။
ဤအချိန်တွင် ဟုန်ချန်ယဲ့သည် သူ့၏ယခင်ရန်သူများက သူ ယခုမည်မျှအစွမ်းထက်လာသည်ကို သိသွားပါက မည်သို့သော တုံ့ပြန်မှုမျိုး ရှိလာကြမည်နည်းဟု မျှော်လင့်စိတ်ကူးကြည့်နေမိ၏။
“ဒီအရှင် ပြန်လာရင် မင်းတို့အားလုံး တစ်စစီပြန့်ကျဲသေဆုံးကြရလိမ့်မယ်!”
ဟုန်ချန်ယဲ့၏ နှုတ်ခမ်းများက ဓားကောက်လေးနှယ် ကွေးညွတ်သွားပြီး ဆူပွက်နေသော သွေးများကိုလည်း ခံစားမိရ၏။ သူ၏ အရည်အချင်းကို တစ်ဖန်ပြန်လည် ပြသရန်နှင့် ဂုဏ်သတင်းအသစ်များ ဖန်တီးရန် ဆန္ဒပြင်းပြနေခဲ့သည်။
ကောင်းချီးအလင်းတန်းကို ပို့ဆောင်ပြီးနောက်တွင် ဘေးဒုက္ခမိုးတိမ် အမြန်ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။
အလောတကြီး နိုင်လှပုံများ။
“အိုး၊ မိုးကြိုးလေးက အတော်သိတတ်သားပဲ" ယဲ့ကျွင်းလင် ချီးကျူးလိုက်သည်။ ဟုန်ချန်ယဲ့ကို လျှပ်စီးဒဏ်က အောင်မြင်ကြောင်း အသိအမှတ်ပြုလာသည်မှာ သူ့ကို လက်နက်ချအညံ့ခံခြင်းနှင့် မခြားပေ။
ယဲ့ကျွင်းလင် ဟုန်ချန်ယဲ့ကို စေ့စေ့စပ်စပ်ကြည့်ရှုကာ ချီးကျူးလိုက်သည်။ “ငါ့ တပည့်က တကယ်ကို ပိုပိုလှလာတာပဲ”
သူ၏ ယခင်ဘဝ ခေတ်သစ်တွင်သာဆိုလျှင် ထိုကဲ့သို့သော အမျိုးသမီးဆန်ဆန် ထိပ်တန်းအမျိုးသားသည် တိုက်ရိုက်ထုတ်လွှင့်မှု တစ်ခုဖြင့်ပင် ချက်ချင်းပင် နာမည်ကြီးသွားနိုင်မည်။ ထိုသူသာ လှလှပပလေး ဝတ်စားလိုစိတ်ရှိခဲ့ပါက တရုတ်နာမည်ကြီးမင်းသမီးများ အရှုံးပေးရလောက်သည်အထိ ကျော်ကြားလာမည်ဖြစ်ကာ အမျိုးသားများစွာက သူ့ကိုဇနီးဟုခေါ်ဖို့အရေး ကောမန့်များတွင် တိုက်ခိုက်ရန်ဖြစ်ကြပေဦးမည်။
ကံမကောင်းစွာဖြင့် ထိုသူကား ယောက်ျားကြီး ဖြစ်နေခဲ့၏။
မည်သို့ပင်ဆိုစေ...
တစ်ချို့လူများအတွက် ထိုဆန့်ကျင်ဘက်ဆွဲဆောင်မှုက ပို၍ပင် စိတ်လှုပ်ရှားစေနိုင်သည်မဟုတ်လော။
ဟုန်ချန်ယဲ့ အရှေ့မှ ထိုလူငယ်ကိုကြည့်ရင်း စိတ်ခံစားချက်များ ရှုပ်ထွေးနေခဲ့သည်။
သူသည် အဆင့်ရှစ်လျှပ်စီးအောက်တွင် သေဆုံးရတော့မည်ဟု မူလက ထင်ခဲ့သည်။ သူ၏ ကျင့်ကြံရေးဘဝ ထိုနေရာ၌သာ အဆုံးသတ်သွားရူတော့မည်ဟုလည်း ယူဆမိခဲ့သည်။ သို့သော် အခြေအနေများ ပြောင်းပြန်လှန်လိုက်သလို ပြောင်းလဲသွားပြီး အသက်ဘေးနှင့် အနီးဆုံးအချိန်တွင် ထိုလူသားက ဝင်ရောက်စွက်ဖက်ကာ သူ့ကို တိုက်ရိုက်ကာကွယ်ပေးခဲ့လေသည်။
ဤဖြစ်ရပ်ပြီးနောက် သူ့နှလုံးသားတွင် ထိုလူ၏ပုံရိပ်သည် အဆုံးမရှိ မြင့်တက်လာခဲ့တော့၏။ ယခင်က အထင်သေးမှုများနှင့် မနာလိုမရှုဆိတ်မှုများ အလုံးစုံပျောက်ကွယ်သွားကာ ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်တည်လာခဲ့သည်။
သူ၏ ဆိုးရွားသော ကလေးဘဝအတွေ့အကြုံများကြောင့် အတွေးအခေါ်ပုံစံ လွဲချော်နေခဲ့ပြီး စိတ်နေစိတ်ထားက အမြဲမတည်မငြိမ်ဖြစ်နေခဲ့သည်။ တစ်စုံတစ်ယောက်က သူ့ကို အကူအညီပေးခဲ့လျှင်ပင် ထိုသူတွင် လျှို့ဝှက်ရည်ရွယ်ချက်တစ်ခုခု ရှိနေနိုင်ကြောင်း အမြဲသံသယဝင်မိခဲ့၏။
သို့သော် ယဲ့ကျွင်းလင်၏ ကိုယ်ကျိုးမငဲ့သော လုပ်ရပ်များသည် သူ၏ မှောင်မိုက်သော အတွင်းစိတ်ကမ္ဘာကို အလင်းရောင်ပေးသည့် အရုဏ်ဦးရောင်ခြည်ကဲ့သို့ဖြစ်ပြီး ဤ ဆရာ-တပည့် ဆက်ဆံရေးကို အသက်ထက်ပိုအလေးထားလာအောင် ဖန်တီးပေးခဲ့သည်။
ဟုန်ချန်ယဲ့ သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး သူ၏မျက်လုံးအကြည့်များ ခိုင်မာသွားခဲ့သည်။ ထို့နောက် မြေပြင်မာထက် ဒူးထောက်ချလိုက်လိုက်ကာ နဖူးကို မြေကြီးနှင့် ထိစေ၍ လေးနက်သော အသံဖြင့် ပြောဆိုလိုက်သည်။
“တပည့် ဟုန်ချန်ယဲ့ ၊ ကယ်တင်ပေးတဲ့အတွက် ဆရာသခင်ကို ကျေးဇူးတင်ပါတယ်။ ဆရာသခင်ရဲ့ ကြီးမားတဲ့ စေတနာနဲ့ ကျေးဇူးတရားကို ကျွန်တော်ဒီတစ်သက် ဘယ်တော့မှ မမေ့ပါဘူး!”
ဤ ပုန်ကန်တတ်သော နတ်ဆိုးဂိုဏ်းချုပ်သည် လမ်းကြုံကောက်ရလာသော ဆရာသခင်ကို ဆရာတစ်ဦးအဖြစ် အပြည့်အဝ လက်ခံလိုက်လေပြီ။