← Chapters

အလယ်ပိုင်းဒေသခံ

Vol. 28 Ch. 388

အလယ်ပိုင်းဒေသခံ

Vol. 28 Ch. 388

“ဒီ တစ်သောင်းသော မသေမျိုးတောင်များကို ငါတို့ စန်းမင်တာအိုဂိုဏ်းက ပိုင်ဆိုင်တယ်။ ဂိုဏ်းနဲ့ဆက်စပ်မှုမရှိတဲ့ အပြင်လူအားလုံး၊ မြန်မြန်ထွက်သွားကြ၊ မဟုတ်ရင် သတ်ပစ်မယ်!”

ခမ်းနားသော အသံက အေးစက်ပြီး ညှာတာမှုကင်းမဲ့သည်။

ခရမ်းရောင်ဝတ်ရုံ ဝတ်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက လက်များကို နောက်ပစ်ကာ ဖြည်းညှင်းစွာ ဆင်းသက်လာပြီး မထီမဲ့မြင်မျက်လုံးများဖြင့် လူအများကို ခြုံကြည့်လာသည်။ အစောက ပြတ်သားသော ကြေညာသံပိုင်ရှင် ဖြစ်ဟန်တူ၏။

“ဒါ ဘယ်ကတာအိုဂိုဏ်း လဲ။ ကျုပ်ဖြင့် တစ်ခါမှ မကြားဖူးပါဘူး။ အရှေ့ပိုင်းဒေသရဲ့ တစ်သောင်းသော မသေမျိုးတောင်တွေကို တစ်ဦးတည်းပိုင်ဆိုင်ချင်တဲ့အထိ အတင့်ရဲလှပါချည်လား"

ဓားဆင့်ခေါ်ဂိုဏ်း၏ အကြီးအကဲဖန်းသယ်ကျန့်ကလည်း သူ၏ဂိုဏ်းအဖွဲ့ကို ဤနေရာသို့ ဦးဆောင်ချီတက်လာခဲ့သည်။ ခရမ်းရောင်ဝတ်ရုံနှင့်လူ၏ လေသံအသွားအလာကို မနှစ်သက်သောကြောင့် ထုတ်ပြောလာခြင်းပင်။

ဓားဆင့်ခေါ်ဂိုဏ်း၏ အဆင့်အတန်းသည်ပင် အရှေ့ပိုင်းစီရင်စုတွင် ထိပ်တန်းစာရင်းထဲက တစ်ခုအပါအဝင်ဖြစ်‌သော်ငြား ဆူပူလှုပ်ခတ်မှုများ မဖြစ်စေလိုသဖြင့် မည်သည့်အရင်းအမြစ်ရတနာကိုမှ မိမိတို့တစ်ဦးတည်းပိုင်ဟု မကြေညာခဲ့ပေ။

ဒီ စန်းမင်တာအိုဂိုဏ်းဆိုတာ ဘာမလို့ စကားတစ်ခွန်းနဲ့ အရာရာပြီးမြောက်နိုင်မယ် ထင်နေရတာလဲ?

“ဟုတ်တယ် ဟုတ်တယ်!”

အရှေ့ပိုင်းဒေသ ကျင့်ကြံသူများက ဖန်းသယ်ကျန့်စကားကို ခေါင်းညိတ်ထောက်ခံလာကြသည်။ သူတို့လည်း ထိုဂိုဏ်းအမည်ကို တစ်ခါမှ မကြားဖူးကြသဖြင့် ခရမ်းရောင်ဝတ်ရုံဝတ်လူ၏ ကြေညာချက်ကို လက်ခံနိုင်စရာ မကြောင်းမရှိပေ။ ထိုလူကို တစ်ခဏတာမျှ သူတို့၏ဘုံရန်သူအဖြစ် သတ်မှတ်လိုက်ကြ၏။

“ဟမ့်၊ မင်းတို့က စန်းမင်တာအိုဂိုဏ်းကိုတောင် စော်ကားရဲသလား” ခရမ်းရောင်ဝတ်ရုံဝတ်ထားသောလူ၏ မျက်လုံးများ အေးစက်သွားပြီး လက်ကိုမြှောက်ကာ သင်္ကေတတစ်ခု ဖန်တီးလိုက်သည်။

ထွက်ပေါ်လာသော ခရမ်းရောင်ချီများစွာက ပေသောင်းချီမြင့်သော ခရမ်းရောင် လက်ငါးဖြာတောင်ကြီးအဖြစ် စုစည်းသွားခဲ့ပြီး တောက်ပနက်နဲသော ခရမ်းရောင် အရှိန်အဝါများ ၎င်းအပေါ်တွင် စီးဆင်းနေကာ ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေခဲ့သည်။

“သွား!”

ကြီးမားလှသော ခရမ်းရောင် လက်ငါးဖြာတောင်ကြီးက ဟုန်းခနဲအသံဖြင့် ပျံထွက်သွားပြီး နက်နဲသောအက္ခရာအမှတ်အသားများဖြင့် ဝန်းရံထားကာ ဖန်းသယ်ကျန့်ခေါင်းပေါ်တည့်တည့်သို့ အသံကျယ်ကြီးပေးလျက် ပြိုကျလာခဲ့သည်။

“အား အား!”

ဘေးဒုက္ခကျော်လွှားခြင်းကျင့်ကြံဆင့်တွင် ရှိနေသော ဖန်းသယ်ကျန့်သည်ပင် ထိုလှုပ်ရှားမှုကို မယှဉ်နိုင်ခဲ့ပေ။ သူသည် ခရမ်းရောင် လက်ငါးဖြာတောင်ဖြင့် ကြိတ်ချေဖိချခံလိုက်ရပြီး သွေးများအန်ထွက်လာခဲ့ကာ အရိုးကျိုးအက်သံများလည်း တစ်ခုမက ထွက်ပေါ်လာခဲ့၏။

ဓားဆင့်ခေါ်ဂိုဏ်း၏ ဂုဏ်သိက္ခာရှိ အကြီးအကဲကို အမည်မသိ အစွမ်းထက်ကျင့်ကြံသူ တစ်ဦးက လက်တစ်ချက်မြှောက်လိုက်ရုံဖြင့် နှိမ်နင်းလိုက်ခြင်းကြောင့် ကျင့်ကြံသူအားလုံး အကြီးအကျယ် တုန်လှုပ်သွားစေပြီး နဖူးမှ ချွေးတလုံးလုံးစီးကျလာတော့သည်။

“မင်း၊ မင်း…” ဖန်းသယ်ကျန့်မှာ သေလုနီးပါး ခံစားခဲ့ရသည်ပင်။ တစ်ဖက်လူသည် ဘေးဒုက္ခကျော်လွှားခြင်းအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိနေပြီးလေပြီ။

ထိုကျင့်ကြံဆင့်နှင့် ခွန်အားကို ပိုင်ဆိုင်ထားပါက အရှေ့ပိုင်းတစ်လွှားတွင် ထိုသူ့ကို မသိသူမရှိနိုင်။ အဘယ့်ကြောင့်ဆိုသော ထိုကဲ့သို့သော အစွမ်းထက်ကျင့်ကြံသူများဟာ စက်ဝိုင်းတစ်ခုကဲ့သို့ စုစည်းဆက်နွယ်နေကြကာ အားလုံးက တစ်ဦးနှင့်တစ်ဦး အရမ်းရင်းနှီးကြသောကြောင့်ပင်။

သို့သော် ဖန်းသယ်ကျန့်သည် ခရမ်းရောင်ဝတ်ရုံနှင့် ထိုသူကို မြင်ဖူးကြားဖူးခြင်း လုံးဝမရှိခဲ့ပေ။ ထိုသူသည် လေထဲမှ ရုတ်တရတ်မွေးဖွားလာသကဲ့သို့။

သူ့နောက်ကွယ်က စန်းမင်တာအိုဂိုဏ်း ဆိုတာကရော။ အရှေ့ပိုင်းဒေသမှာ အသစ်ပေါ်လာတဲ့ အင်အားစုလား။

သူ တစ်ခါမှ မကြားဖူးခဲ့ပေ!

“စန်းမင်တာအိုဂိုဏ်းက အလယ်ပိုင်းစီရင်စုရဲ့ ထိပ်တန်း တာအိုဂိုဏ်းရှစ်ခုထဲက တစ်ခုဖြစ်တယ်။ မင်းလို အဆင့်နိမ့်သူ တစ်ယောက်က စော်ကားပြောဆိုသင့်တဲ့ အနေအထားမဟုတ်ဘူး” ချန်ကျိဇီက ပြောလာသည်။

“ဘာ!”

ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်းဆိုသလို အုံကြွသွားခဲ့သည်။

ထိုအမည်မသိလူဟာ အလယ်ပိုင်းဒေသခံ ဖြစ်နေသည်ကိုး!

ထို့အပြင် စန်းမင်တာအိုဂိုဏ်းဆိုသည်မှာ အလယ်ပိုင်းဒေသ ထိပ်တန်းဂိုဏ်းရှစ်ခုထဲက တစ်ခုအပါအဝင် ဖြစ်လေသတဲ့။

ဒီလောက်မောက်မာနေတာ မအံ့သြတော့ပါဘူး။

“အလယ်ပိုင်းဒေသရဲ့ ထိပ်တန်းတာအိုဂိုဏ်းရှစ်ခုလား!” ဖန်းသယ်ကျန့်၏ မျက်နှာအမူအရာက လုံးဝပြောင်းလဲသွားခဲ့ကာ ခန္ဓာကိုယ်က နာကျင်မှုကိုတောင် မေ့သွားလုနီးပါးပင်။

အလယ်ပိုင်းစီရင်စု ဆိုသည်မှာ ခွင်းလွင်နယ်မြေ၏ အလယ်ဗဟိုဒေသဖြစ်ပြီး အထူးချွန်ဆုံးသော စွမ်းအားရှင်များ အပြည့်အသိပ်တည်ရှိသည်ဟု လူသိများသော ဒေသပင်။

ထိုနေရာတွင် မရေမတွက်နိုင်သော မသေမျိုးကျင့်ကြံရေးဂိုဏ်းများ တည်ရှိသည်။

သို့သော် ထိပ်ဆုံးအဆင့်မှာတော့ သန့်စင်မြင့်မြတ်သော မဟာကျင့်ကြံရေးနယ်မြေများအဖြစ် သတ်မှတ်ထားသည့် ဂိုဏ်းကြီးလေးခုရှိသည်။ သူတို့၏ အဆင့်အတန်းက အမြင့်ဆုံးဖြစ်ပြီး အဆုံးမရှိသော နှစ်များတစ်လျှောက် ခိုင်မြဲစွာ ရပ်တည်နိုင်ခဲ့သည်ပင်။

ထို ထိပ်ဆုံးလေးခုအောက်တွင် မဟာ တာအိုဂိုဏ်းရှစ်ခု ရှိသည်။

ထိုဂိုဏ်းရှစ်ခု၏ အခြေခံအုတ်မြစ်ခိုင်ခံ့မှုက ထိပ်ဆုံးဂိုဏ်းလေးဂိုဏ်းပြီးလျှင် ဒုတိယလိုက်ကာ အလယ်ပိုင်းဒေသတွင် အရေးပါအရာရောက်သော အစိတ်အပိုင်းများဖြစ်ကြ၏။

ဖန်းသယ်ကျန့်သည် ထိုသူတွင် ထိုမျှကြီးမားသောနောက်ခံရှိနေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ထိုသို့သော နောက်ခံဖြင့်ဆိုလျှင် မသေမျိုးတောင်များကို အပြီးတိုင်သိမ်းပိုက်လက်ဝါးကြီးအုပ်ဖို့ ရောက်လာသည်မှာ ရှင်းလင်းနေပါပြီ။

ရုတ်တရက် သူစိတ်ဓာတ်ကျလာသည်။

အလယ်ပိုင်းစီရင်စုတွင် ပြည်နယ်တစ်ရာနှင့် ရှစ်ခုရှိပြီး အရှေ့ပိုင်းစီရင်စု၏ တစ်ဆယ့်လေးပြည်နယ်မျှနှင့် သွားရောက်တိုင်းတာလို့မရသော အင်အားဖြစ်ကြောင်း သိထားရမည်။

အရေးအကြီးဆုံးမှာတော့ သမိုင်းကြောင်းအရ ခွင်းလွင်နယ်မြေ တစ်ခုလုံးသည် အလယ်ပိုင်း ဗဟိုဒေသအား အခြေခံဖြစ်တည်ခဲ့ခြင်းပင်။ အလယ်ပိုင်းဒေသတွင် မွေးဖွားကြီးပြင်းသော ကျင့်ကြံသူများမှာ စီရင်စုအပြင်ကိုထွက်ဖို့ စိတ်ကူးလေ့ပင်မရှိကြ။ အဘယ့်ကြောင့်ဆိုသော ကျန်စီရင်စုကြီး လေးခုပေါင်းလျှင်သော်မှ သူတို့အလယ်ပိုင်းကို မီနိုင်စရာမရှိသောကြောင့်ပင်။

အလယ်ပိုင်းဒေသနှင့် ခွင်းလွင်သည် ခွဲခြားလို့မရ။

ထိုစကားမှာ ဆိုရိုးစကားတစ်ခုနှယ် နှစ်ပေါင်းများစွာတည်မြဲခဲ့ကာ အလယ်ပိုင်းဒေသ၏ ကျန်ဒေသများနှင့် မတူညီသောအဆင့်အတန်းကို လှစ်ဟဖော်ပြနေခဲ့သည်။

ယခုတော့ ဂုဏ်သိက္ခာရှိ အလယ်ပိုင်းဒေသ၏ မဟာတာအိုဂိုဏ်းရှစ်ခုထဲမှ တစ်ခု၏ အစွမ်းထက်ကျင့်ကြံသူတစ်ဦးက သူတို့ဆီက အရင်းအမြစ်များကို လုယူရန်အတွက် အရှေ့ပိုင်းအထိ ချီတက်မောင်းခတ်နေကြလေပြီ။

ဒါ ဘယ်လိုအခြေအနေမျိုးလဲ။

သူတို့မှာ အရှက်မရှိကြဘူးလား။

လူအုပ်ကြီးတစ်ခုလုံး သူ၏ဂုဏ်သတင်းကြောင့် ထိတ်လန့်သွားကြသည်ကို မြင်လိုက်ရသော် ချန်ကျိဇီ၏ အမူအရာက ပိုလို့မောက်မာလာခဲ့ပြီး အတွင်းစိတ်ထဲတွင် အတိုင်းအဆမရှိ ဘဝင်လေဟပ်နေခဲ့သည်။

သူသည် ဂိုဏ်းမှစေလွှတ်သောတာဝန်ကြောင့် အရှေ့ပိုင်းဒေသသို့ ခရီးထွက်လာခဲ့စဥ်တွင် ကြီးမားသောကံကောင်းခြင်းတစ်ခုနှင့် ရင်ဆိုင်ရလိမ့်မယ်လို့ တကယ်မမျှော်လင့်ခဲ့ပေ။

ဂိုဏ်းကို ဒီအကြောင်းသတင်းပို့ပြီးလျှင် ဂိုဏ်းအတွင်း သူ့ဂုဏ်သိက္ခာအဆင့်အတန်း ပိုမြင့်တက်တော့မည် ဧကန်ပင်။

ယခင်က အလယ်ပိုင်းဒေသမှ ကျင့်ကြံသူများသည် အပြင်ကမ္ဘာသို့ ခြေချရန် မနှစ်သက်ခဲ့ကြပေ။ ရန်သူများထံမှ လိုက်လံနှောင့်ယှက်ခံရတာမျိုး၊ သို့မဟုတ် စီးပွားရေးမကောင်းသောအခါမျိုးမှသာ အခြားစီရင်စုများသို့ ပြောင်းရွှေ့ဖို့ စိတ်ကူးရတတ်ကြသည်ဖြစ်၏။

သူတို့၏ လက်ဆင့်ကမ်းလာသော အထင်အမြင်အတိုင်း ကျန်စီရင်စုလေးခုမှာ အလွန်ခေတ်နောက်ဆုတ်ယုတ်လှသည်ဟုသာ စွဲမြဲယုံကြည်ထားခဲ့ကြသည်။

သို့ပေမဲ့ လက်ရှိအခြေအနေကတော့ အရင်ကနှင့် မတူတော့ပြီ။

လက်ရှိ အလယ်ပိုင်းဒေသတွင် ပြိုင်ဆိုင်မှုများ အလွန်ပြင်းထန်နေပြီး ဂိုဏ်းများအတွင်းတွင်လည်း မညီမညွှတ် အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြလေပြီ။

အမျိုးမျိုးသော ခေတ်ဟောင်းအင်အားစုများ သူတို့၏ လက်ရှိအဆင့်အတန်းကို ထိန်းသိမ်းဖို့အတွက် အရင်းအမြစ်များကို ရန်လိုစွာ လုယက်သိမ်းယူနေကြပြီး အသစ်ပေါ်ထွက်လာသော မသေမျိုးကျင့်ကြံခြင်းအင်အားစုများစွာကလည်း နေရာတိုင်းမှာ မဟာမိတ်ဖွဲ့နေကြကာ တစ်ချိန်တွင်ပင် အချင်းချင်းပြန်လည်တိုက်ခိုက်ဖို့ အစီအစဥ်ဆွဲနေခဲ့ကြသည်။ လှည့်ဖျားခြင်းနှင့် အပြောင်းအလဲများ ပြည့်နှက်နေသော အခြေအနေမျိုးပါပေ။

စန်းမင်တာအိုဂိုဏ်းသည်လည်း မဟာတာအိုဂိုဏ်းအုပ်စုထဲ ပါဝင်သည်ဆိုသော်ငြား ထိုနာမည်အောက်တွင် အဆင့်အနိမ့်ဆုံးဂိုဏ်းဖြစ်၏။ အင်အားစုအသစ်များ၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရသောအခါ စန်းမင်တာအိုဂိုဏ်းလည်း စတင်မျက်ခုံးလှုပ်လာရသည်။

အခြေခံအုတ်မြစ်ကိုသာ ခိုင်မာအောင်တည်ဆောက်မထားနိုင်ခဲ့လျှင် သူတို့အခုအချိန် မဟာတာအိုဂိုဏ်းရှစ်ခုမှ အဆင့်လျှောနိမ့်ကျနေလောက်လေပြီ။

ဂိုဏ်း၏ အကြီးအကဲများမှာလည်း အလွန်ကို စိုးရိမ်ပူပန်နေကြပြီး ဘေးဒုက္ခကျော်လွှားခြင်းအဆင့် ကျင့်ကြံသူ အများအပြားကို ကျန်ဒေသကြီးလေးခု၏အခြေအနေအား စုံစမ်းစစ်ဆေးရန် စန်းမင်ဂိုဏ်းကိုယ်စားပြုအဖြစ် စေလွှတ်ခဲ့ကြသည်။

ရည်ရွယ်ချက်ကတော့ ရိုးရှင်းပါ၏။ လုစရာအခွင့်အလမ်းရှိမရှိ တစ်ချက်ပတ်ကြည့်ခဲ့ဖို့ပင်။

ချန်ကျိဇီသည်လည်း ထိုကိုယ်စားပြုများထဲက တစ်ဦးဖြစ်သည်!

ဂိုဏ်း၏အမိန့်အတိုင်း အရှေ့ပိုင်းဒေသသို့ ရောက်လာတာ မကြာသေးခင်မှာပင် တစ်သောင်းသော မသေမျိုးတောင်များ ပေါ်ပေါက်လာခြင်းကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရသည်။

ပွပေါက်တိုးခြင်းပင် မဟုတ်လော။

သူသည် ချက်ချင်းဆိုသလို ရန်ပြုစိန်ခေါ်ကာ လုယူသိမ်းပိုက်ဖို့ ဆုံးဖြတ်ခဲ့ပြီး စန်းမင်တာအိုဂိုဏ်း၏ နာမည်ကို အသုံးပြု၍ အရှေ့ပိုင်းဒေသ ကျင့်ကြံသူများအား လက်နက်ချစေရန် တွန်းအားပေးခဲ့သည်။

မဟာတာအိုဂိုဏ်းရှစ်ခုထဲမှ တစ်ခု၏ ဂိုဏ်းတပည့်ရင်းကြီး ဖြစ်သောကြောင့် ချန်ကျိဇီတွင် နဂိုကတည်းက မောက်မာထောင်လွှားတတ်သော စိတ်အခံရှိကာ ဤနေရာမှ မည်သူမဆို သူ့ကိုရန်မစရဲလောက်ဟုသာ ယုံမှတ်ထားခဲ့လိုက်သည်။

“စန်းမင်တာအိုဂိုဏ်း ကို စော်ကားတဲ့အတွက် ဘယ်လိုပြန်ခံရမလဲ မြင်ကြပြီလား"

ချန်ကျိဇီက လက်ငါးဖြာတောင်ဖြင့် အဖိခံထားရသော ဖန်းသယ်ကျန့်ကို စောင်းငဲ့ကြည့်ရင်း လှောင်ပြောင်လိုက်သည်။

“အား…” သူ၏ခန္ဓာကိုယ်ပေါ်မှ ဖိအားများ အဆက်မပြတ်တိုးမြင့်လာသည်ကို ခံစားလိုက်ရသောအခါ ဖန်းသယ်ကျန့်၏ မျက်လုံးများ သွေးရောင်ဖျော့သွားပြီး ဒွာရခုနစ်ပေါက်မှ သွေးများ စီးကျလာခဲ့သည်။ အတော်လေးနာကျင်ခံစားနေရဟန်ပင်။

“အကြီးအကဲ!” အနောက်မှလိုက်ပါလာသော တပည့်များလည်း ဝမ်းနည်းဒေါသဖြင့် ထိန်းမရဖြစ်ကာ ခရမ်းရောင် လက်ငါးဖြာတောင်ကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြသည်။ သို့သော် ၎င်းအပေါ်သို့ ပစ်လွှတ်လိုက်သော စွမ်းအားမှန်သမျှသည် မည်သည့်အကျိုးသက်ရောက်မှုမှ မရှိခဲ့ပေ။

“ဂိုဏ်းချုပ်က ငါ့အတွက် လက်စားချေပေးလိမ့်မယ်…” ဖန်းသယ်ကျန့်၏ ပါးစပ်ထောင့်မှ သွေးများ စီးကျနေပြီး အရှိန်အဝါက ပို၍ ပို၍ အားနည်းလာခဲ့ကာ မျက်လုံးများတွင် နာကျည်းမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ရွှေခေတ်အစမှာတင် သူကတော့ ဒီလိုပုံစံနဲ့ အသက်ဆုံးလိုက်ရတော့မှာလား?

သို့သော် ထိုအချိန်မှာပင် ဒေါသထွက်နေသော အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ "ကျွန်မရဲ့ ဦးလေးဖန်းကို လွှတ်ပေးစမ်း!"

ကြယ်စွမ်းအားဖြင့် ဖြည့်သွင်းထားသော နုနုနယ်နယ် လက်သီးတစ်ချက်က စကြဝဠာတွင်းမှ ဥက္ကာခဲတစ်ခဲလိုမျိုး ပျံသန်းလာပြီး ကြောက်မက်ဖွယ်ကောင်းသော အဟုန်ဖြင့် လက်ငါးဖြာတောင်ပေါ်သို့ ပြုတ်ကျလာခဲ့သည်။

ဘုန်း!

ခရမ်းရောင် လက်ငါးဖြာတောင်က ဘုန်းခနဲအသံကြီးနှင့်အတူ ကြေမွသွားပြီး ဘာမှ မကျန်ရစ်ခဲ့တော့ပေ။

“ဘယ်သူက ဒီလောက် ရိုင်းစိုင်းရဲတာလဲ!” ချန်ကျိဇီ အံ့ဩသွားပြီး ဒေါသလည်းထွက်သွားသည်။ သူ့ကျင့်စဥ်ကို ချိုးဖျက်နိုင်သောသူ၏ ခွန်အားမှာ အထင်သေးစရာ မဟုတ်ပေ။

စန်းမင်တာအိုဂိုဏ်း၏ ကိုယ်စားပြုကျင့်ကြံသူ တာဝန်ထမ်းဆောင်နေသည်အား မည်သူက ကြားဖြတ်ရပ်တန့်ရဲသနည်း?

သေဒဏ်ထိုက်သော အပြုအမူပင်။

All Chapters