← Chapters

ကင်းလှည့်သမားလေး

Vol. 28 Ch. 389

ကင်းလှည့်သမားလေး

Vol. 28 Ch. 389

အန်းမြောင်ယိ အချိန်မီ ပေါ်လာခဲ့သည်။ သူမပတ်ဝန်းကျင်တွင် ကြယ်အလင်းရောင်ခြည်များ ဝန်းရံထားပြီး အတိုင်းအဆမရှိ မြင့်မြတ်သောရောင်ဝါကို ထုတ်လွှတ်နေသဖြင့် နတ်ဘုံကိုးထပ်မြောက်မှ စစ်နတ်ဘုရားမ တစ်ပါးကဲ့သို့ ထင်မှတ်ရ၏။

သူမ၏ မက်မွန်မျက်လုံးများမှာ စူးရဲတောက်ပစွာဖြင့် ချန်ကျိဇီကို စိုက်ကြည့်နေပြီး မျက်နှာလှလှလေးကား လူသတ်ချင်စိတ်ကို အတော်လေးထိန်းချုပ်ထားရဟန်ရှိ၏။

"ဆရာတူအစ်မအန်း ပါလား!" ဓားဆင့်ခေါ်ဂိုဏ်းမှ တပည့်များက အံ့သြစွာဖြင့် ရေရွတ်လိုက်မိကြသည်။

"မမလေး၊ သီးသန့်ကျင့်ကြံရာကနေ ထွက်လာပြီကိုး..." ဖန်းသယ်ကျန့်သည် ရင်းနှီးသောပုံရိပ်ကို စိုက်ကြည့်ရင်း အတွေးထဲတွင် နစ်မြုပ်နေခဲ့သည်။ တစ်ချိန်က သူကာကွယ်ပေးခဲ့ရသည့် တူမငယ်လေး သူမကိုယ်တိုင် ရပ်တည်တိုက်ခိုက်နိုင်သည်အထိ ကြီးပြင်းလာသည်မှာ မြန်ဆန်လွန်းလှသည်ကော။

အန်းမြောင်ယိ လှိုက်တက်လာသော ကြောက်စိတ်ကို ခံစားလိုက်ရသည်။ သူမသာ တစ်ခဏမျှ နောက်ကျခဲ့ပါက ဦးလေးဖန်းကို နောက်တစ်ကြိမ် မြင်ရတော့မည်မဟုတ်ပေ။

ထိုအကြောင်းကို တွေးလိုက်မိသည့်အခါ ချန်ကျိဇီကို အရိုးထဲထိ မုန်းတီးသွားခဲ့သည်။

"ကြယ်တာရာမသေမျိုးခန္ဓာပိုင်ရှင်လား" ချန်ကျိဇီက ရှားပါးသော ကြယ်တာရာမသေမျိုးခန္ဓာကို အာရုံခံမိလိုက်ပြီး သူ၏မျက်လုံးများတွင် စိုးထိတ်မှုအရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ဖြတ်ပြေးသွားခဲ့သော်လည်း ရက်စက်ကြမ်းကြုတ်မှုက ချက်ချင်းဆိုသလို နေရာယူသွားခဲ့သည်။

အဲ့ဒီတော့ ဘာဖြစ်လဲ?!

သူ့ဘက်က ကျင့်ကြံဆင့်တွင် အသာစီးရထားပြီး အစစ်မှန်ဆုံးသော စန်းမင်တာအိုမဟာဥပဒေကို ကျင့်ကြံထားသည့် စန်းမင်တာအိုဂိုဏ်းမှ တပည့်ရင်းကြီးလည်းဖြစ်၏။ ဘေးဒုက္ခကျော်လွှားခြင်းကျင့်ကြံဆင့် အထွဋ်အထိပ်ရှိ ရိုးရိုး အမျိုးသမီးကျင့်ကြံသူ တစ်ဦးကိုတော့ သူသေချာပေါက် အနိုင်ယူနိုင်ပါသည်။

"သေလိုက်စမ်း!"

ချန်ကျိဇီ လက်သင်္ကေတများကို ဖန်တီးလိုက်သည့်အခါ နွားခေါင်းနှင့် မူမမှန်သော ပုံသဏ္ဍာန်မျိုးရှိသည့် နတ်ဆိုးသားရဲများနှင့် မြွေကိုယ်ခန္ဓာရှိသော ဝိညာဉ်ပုံရိပ်များက သူ့ပတ်လည်တွင် ထွက်ပေါ်လာခဲ့သည်။ လေအေးများတိုက်ခတ်လာပြီး ဝိညာဥ်မီးတောက်များ ဝဲပျံလာကာ ရန်သူကို စိတ်ပျက်အားငယ်စေသော အရှိန်အဝါပြင်းပြင်းတစ်ခုက ဒီရေကဲ့သို့ မြင့်တက်ရိုက်ခတ်လာတော့၏။

ချက်ချင်းပင် ကျင့်ကြံသူများအားလုံး စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံလိုက်ရသလို ခံစားရကာ ဘဝသည် အဓိပ္ပာယ်မရှိတော့သကဲ့သို့ ဝမ်းနည်းစိတ်ဓာတ်ကျလာကြတော့သည်။

"ဟမ့်၊ မကောင်းဆိုးဝါးလမ်းစဉ်နဲ့များ!" အန်းမြောင်ယိက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။ ထို့နောက် မယိုင်လဲသော စိတ်ဓာတ်ဖြင့် အားကောင်းသော လက်သီးတစ်ချက်ကို ပစ်ထိုးလိုက်ရာ လက်သီးမှအလင်းသည် တောက်ပသော ကြယ်တံခွန်တစ်စင်းအဖြစ်သို့ ပြောင်းလဲသွားပြီး လျှပ်စီးကဲ့သို့ အရှိန်ဖြင့် ပျံသန်းထွက်ခွာသွားသည်။

ဒုန်း!

ခပ်အုပ်အုပ် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ဟင်း" အန်းမြောင်ယိ မျက်ခုံးပင့်လိုက်ပြီး တစ်ချက်လှမ်းကြည့်သော် သေဆုံးခြင်းချီဖြင့် ဝန်းရံထားသော မရဏမျိုးနွယ်၏ ဂိတ်တံခါးတစ်ခုက သူမ၏တိုက်ခိုက်ရေးလမ်းကြောင်းအား ပိတ်ဆို့ထားသည်ကို တွေ့ရှိခဲ့ရသည်။ သူမ အမြန်လှုပ်ရှားဖို့ ပြင်လိုက်သော်ငြား ထိုပိတ်ဆို့ရေးဂိတ်တံခါးများက သူမ၏ဝန်းကျင်ပတ်လည်တွင် တဖျတ်ဖျတ်ပေါ်ထွက်လာကြတော့၏။

"ကုန်းမင်မီးတောက်!"

ချန်ကျိဇီက လက်သင်္ကေတများကို ပြောင်းလဲလိုက်ပြီး ဆိုးယုတ်စွာ တစ်ချက်ပြုံးလိုက်သည်။

မရဏဂိတ်တံခါးများအားလုံး တစ်ပြိုင်တည်း ပွင့်ဟလာပြီး လေဆင်နှာမောင်းကြီးကဲ့သို့ ကြောက်စရာကောင်းသော အစိမ်းရောင်မီးလျှံများကို ထုတ်လွှတ်လာကြသည်။ ထိုမီးတောက်များတွင် ကောင်းကင်ကို လောင်ကျွမ်းစေပြီး ပင်လယ်ကို ပွက်ပွက်ဆူစေသော စွမ်းအားများ ပါဝင်နေကာ ထောင်ချောက်အလယ်မှ သားကောင်အား ပြာကျအောင်မီးရှို့မည့် ရည်ရွယ်ချက်ဖြင့် ချဥ်းကပ်လာကြ၏။

ချန်ကျိဇီသည် ဘေးဒုက္ခကျော်လွှားခြင်းကျင့်ကြံဆင့်တွင် အသန်မာဆုံးသော ပြည့်စုံခြင်းအဆင့်ပင်လျှင် ဤတိုက်ကွက်ဖြင့် သေလျှင်သေ မသေလျှင် ဒုက္ခိတဖြစ်ကိုဖြစ်ရမည့် ယုံကြည်ချက်တစ်ခုရှိသည်။ အန်းမြောင်ယိလို သူ့ထက်ကျင့်ကြံဆင့်နိမ့်သူအဖို့တော့ လွတ်လမ်းမရှိလေပြီ။

"မကောင်းတော့ဘူး!" လူတိုင်း ထိတ်လန့်သွားခဲ့ကြသည်။

ထိုအချိန်တွင် အတိုင်းအဆမရှိ တောက်ပသည့် ကြယ်အလင်းတန်းများ ပေါက်ထွက်လာခဲ့သည်။ မရေမတွက်နိုင်သော မရဏဂိတ်တံခါးများ ပြင်းထန်စွာ တုန်ယင်သွားပြီး နောက်ဆုံးတွင် အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်ကာ လေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

အန်းမြောင်ယိသည် ကြယ်အလင်းများကြားတွင် နစ်မြှုပ်နေပြီး လှပသောမျက်လုံးများမှာ ကြယ်ပွင့်များကဲ့သို့ တဖျတ်ဖျတ်တောက်ပနေခဲ့ရာ တိုက်ရိုက်ကြည့်ရှုဖို့ပင် ခက်ခဲလှ၏။

"ဒီ မမလေး အသစ်သင်ယူထားတဲ့ အဆင့်မြင့်ကျင့်စဥ်တစ်ခုကို ပြပါဦးမယ်"

"မြင်းဖြူကြယ်တံခွန်လက်သီး!"

သူမ၏ ကြွေးကြော်သံဆုံးသည်နှင့် တစ်ပြိုင်နက် မိုးသည်းသကဲ့သို့ ထူထဲသော ငွေရောင်လက်သီးအလင်းတန်းများသည် ကြယ်တံခွန်များအလား ဆင်းသက်လာကာ ကမ္ဘာပျက်စေမည့် အရှိန်အဝါတစ်ခုအား ထုတ်လွှတ်လေတော့သည်။

"ဘာကြီးလဲ!"

ကြီးမားသောဖိအားကို ခံစားလိုက်ရသည့်အခါ ချန်ကျိဇီ ချွေးအေးများ စိမ့်ထွက်လာပြီး ဤမြင်းဖြူကြယ်တံခွန်လက်သီးကို အစွမ်းကုန်ခုခံဖို့ ပြင်ဆင်ရတော့၏။

သို့သော် မကြာမီတွင်ပင် ဆက်မတောင့်ခံနိုင်တော့ဘဲ သူ၏ ရုပ်ခန္ဓာသည် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲလုနီးပါးဖြစ်ကာ သွေးများက ရေပန်းကဲ့သို့ ပန်းထွက်နေခဲ့သည်။

"အား!" ချန်ကျိဇီသည် ဆိုးရွားခါးသက်သော အော်ဟစ်သံတစ်ခုကို ထုတ်လွှတ်လိုက်သည်။ စိတ်ပျက်အားငယ်မှုကို ခံစားလိုက်ရချိန်တွင် သူဆောင်ထားသော အမှတ်တံဆိပ်တစ်ခုက သေဆုံးတော့မည့်အန္တရာယ်ကို အာရုံခံမိလိုက်ပြီး အံ့မခန်းစွမ်းအင်တစ်ခုကို ထုတ်လွှတ်လိုက်ကာ ချန်ကျိဇီ၏ ကွဲအက်နေသော ခန္ဓာကိုယ်ကို ပြန်လည်ဖာထေးကုသပေးလိုက်သည်။

ထိုအချိန်တွင် ချန်ကျိဇီ၏ တစ်ကိုယ်လုံးမှ ဒဏ်ရာများအားလုံး ချက်ချင်းပျောက်ကင်းသွားခဲ့ပြီး သူ၏ခန္ဓာကိုယ်မှ အရှိန်အဝါသည် အရင်ကထက်ပင် အဆပေါင်းများစွာ ပိုမိုအားကောင်းလာခဲ့၏။

"ဂိုဏ်းချုပ်‌ပေးထားတဲ့ အမှတ်တံဆိပ်က အသက်ဝင်လာပုံရတယ်။ ဒီထဲမှာ သန့်စင်ထားတဲ့ မသေမျိုးစွမ်းအားတစ်ခု ပါဝင်နေပြီး အန္တရာယ်ကို ကျော်လွှားနိုင်ဖို့နဲ့ ခဏတာ ပိုပြီးအားကောင်းစေတဲ့ ခွန်အားတစ်ခု ပါနေတာပဲ။ ဒီလောက်အသုံးဝင်လိမ့်မယ်လို့ ထင်တောင်ထင်မထားခဲ့ဘူး!" ချန်ကျိဇီ အံ့သြဝမ်းသာဖြစ်သွားရသည်။

လှည့်လည်စစ်ဆေးဖို့ တာဝန်ရှိသူတစ်ဦးအနေဖြင့် သူသည် စန်းမင်တာအိုဂိုဏ်းကို ကိုယ်စားပြုသောကြောင့် ထိုမျှအရေးပါသော အမှတ်တံဆိပ် ရရှိခဲ့ခြင်းမှာ နားလည်နိုင်လောက်စရာပါပင်။

"ခွေးမ၊ မင်း ပြန်ပေးဆပ်ရစေ့မယ်!"

ချန်ကျိဇီ၏နှုတ်ခမ်းသည် ဆိုးယုတ်သော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားခဲ့သည်။ ထို့နောက် လက်သင်္ကေတတစ်ခုကို ဖန်တီးကာ စွမ်းအားကို စုဆောင်းလိုက်ပြီး ရှေ့တည့်တည့်သို့ ထိုးနှက်လိုက်သည်။ ကြီးမားသော လက်ဖဝါးတံဆိပ်သည် ကြောက်မက်ဖွယ်အရှိန်အဝါကို ထုတ်လွှတ်ကာ ပျံသန်းလာသော ကြယ်တံခွန်လက်သီးချက် အားလုံးကို အတင်းအကျပ် တွန်းကန်ဖိနှိပ်လိုက်၏။

"ဒါက..."

အန်းမြောင်ယိ မျက်နှာပျက်သွားသည် မကောင်းသောနိမိတ်ကိုလည်း ကြိုတင်ခံစားလိုက်ရသည်။

ထို့နောက် နတ်ဘုရားတစ်ပါး၏ အကူအညီကိုရလိုက်သကဲ့သို့ ချန်ကျိဇီက သူမ၏ ထိုးစစ်ကို အလွယ်တကူ ပျက်ပြယ်သွားစေခဲ့သည်။

ဘန်း!

အန်းမြောင်ယိ လွင့်စင်သွားခဲ့ပြီး သူမ၏ခန္ဓာကိုယ်က တောင်နံရံဖြင့် ပြင်းစွာရိုက်ခတ်မိကာ ဘန်းခနဲအသံကြီးတစ်ခုပါ ဟိန်းထွက်လာခဲ့သည်။

"ဖူး!"

အန်းမြောင်ယိသည် ပါးစပ်အပြည့်သွေးများ အန်ချလိုက်ရ၏။ သွေးများနှင့်အတူ ကြေမွနေသော အတွင်းအင်္ဂါ အစအနများလည်း အတူပါလာသည်။ လှပသောမျက်နှာလေး ရုတ်ချည်းဖြူဖျော့သွားခဲ့ပြီး စိတ်ဝိညာဥ်စွမ်းအင်လည်း ထိုးကျသွားရတော့၏။

သူမ၏ လှပသောမျက်လုံးတောက်တောက်လေးများတွင် နာကျင်မှုနှင့်အတူ‌‌ ဒေါသစိတ်ပါ ရောယှက်နေခဲ့သည်။

"ဆရာတူအစ်မအန်း!" တပည့်များက ဝမ်းနည်းစွာ အော်ဟစ်လိုက်ကြသည်။

"မဖြစ်ဘူး..." ဖန်းသယ်ကျန့် စိတ်ဓာတ်ကျသွားရပြန်၏။ ဒါက စန်းမင်တာအိုဂိုဏ်းရဲ့ အခြေခံအုတ်မြစ်လား။ ထိုဂိုဏ်း၏လက်ထွက် မည်သည့် အစွမ်းထက်ကျင့်ကြံသူမဆို စိတ်ကူးမယဉ်နိုင်သော ခွန်အားတစ်ရပ်ကို ပိုင်ဆိုင်ထားနိုင်ကြသည်လား။

"ဟားဟားဟား"

ချန်ကျိဇီ အားရပါးရ ရယ်မောလိုက်သည်။ လက်ရှိအချိန်တွင် သူလက်တစ်ဖက်မြှောက်လိုက်ရုံဖြင့် အရှေ့ပိုင်းစီရင်စုတစ်ခုလုံးကို နှိမ်နင်းနိုင်လောက်မည်ဟုပင် အတွေးဝင်လျက်။

"ငါ အခု အတွေးပြောင်းသွားပြီ။ ဒီနေရာမှာရှိတဲ့ လူတိုင်း သေရမယ်!"

ချန်ကျိဇီ၏ နှုတ်ခမ်းများသည် ရက်စက်သော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားပြီး သူ၏မျက်လုံးများမှာလည်း သတ်ဖြတ်လိုစိတ်ဖြင့် တလက်လက်တောက်ပနေသည်။ ထိုနေရာရှိ ကျင့်ကြံသူအားလုံးကို တစ်ပြိုင်တည်း ရှင်းပစ်ရန် စိတ်ကူးလိုက်ကာ ဤနည်းဖြင့် အရှေ့ပိုင်းဒေသရှိ အမျိုးမျိုးသော အင်အားစုများကို ဟန့်တားခြောက်လှန့်ဖို့ စီစဥ်လိုက်၏။

အေးစိမ့်သော လေများ တရှဲရှဲတိုက်ခတ်လာသံက သရဲတစ္ဆေတို့ ငိုကြွေးအော်ညည်းနေသည့်အလား။

လေဟာနယ်ထက်တွင် ရှေးဟောင်း ကောင်းကင်တံခါးတစ်ချပ် ကျယ်ပြန့်စွာ ပွင့်ဟလာပြီး မရေမတွက်နိုင်သော မှောင်မိုက်သည့် မရဏစွမ်းအင်ကွင်းဆက်များကို ထုတ်လွှတ်လိုက်သည်။ ကွင်းဆက်များမှာ တစ်ခုနှင့်တစ်ခု စီစဥ်တကျ ချိတ်ဆက်နေကြကာ လူအများ၏ စိတ်ဝိညာဥ်ကို တုန်လှုပ်စေသော စွမ်းအင်များလည်း သယ်ဆောင်လာကြသည်။

ကောင်းကင်တွင် ပြည့်နှက်နေသော မရဏစွမ်းအင်ကွင်းဆက်များသည် အရပ်မျက်နှာအားလုံးသို့ တိုးချဲ့သွားကာ ပိုင်ရှင်ဖြစ်သူမှလွဲ၍ ကျင့်ကြံသူအားလုံးကို အဆုံးမရှိသော မရဏချောက်နက်ကြီးထဲ ဆွဲခေါ်ဖို့ကြိုးစားလာ၏။

"ပြေး!"

ကျင့်ကြံသူများ ရုန်းရင်းဆန်ခတ်ဖြင့် ရှုပ်ထွေးသွားခဲ့ပြီး သူတို့ထဲမှ အများစုမှာ ကွင်းဆက်များဖြင့် ရစ်နှောင်ခံလိုက်ရကာ အထိတ်တလန့် ရုန်းကန်ကြပေသည့် မလွတ်မြောက်နိုင်ခဲ့တော့ပေ။

မြင်ကွင်းသည် အလွန်ကြောက်စရာကောင်းလှသည်။

ထိုနေရာတဝိုက်တွင် ရှိရှိသမျှကျင့်ကြံသူအားလုံး ဤစွမ်းအင်ကွင်းဆက်များ၏လက်မှ ထွက်ပြေးလွတ်မြောက်နိုင်မည်မဟုတ်။

ခုခံနိုင်စွမ်းလည်း ရှိမည်မဟုတ်ပေ။

"ဆိုးယုတ်လိုက်တာ..." အန်းမြောင်ယိ အံတင်းတင်းကြိတ်ကာ သူမ၏ခန္ဓာကိုယ်ပေါ် ရစ်ပတ်လာသော ကွင်းဆက်များမှ လွတ်မြောက်ရန် ကြိုးစားခဲ့သော်လည်း အချည်းနှီးသာပင်။ မိမိ၏ ဆရာတူဂိုဏ်းသားများလည်း သေခြင်းတရားဆီ ကူကယ်ရာမဲ့ ဆွဲသွင်းခံနေရသည်အား မြင်နေရသော်ငြား ရပ်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

ထိုအချိန်တွင်...

ထက်မြက်ပြီး နက်ရှိုင်းသော ဓားသွားအလင်းတပြက် ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် ကောင်းကင်တံခါးကို တိုက်ရိုက်တိုက်ခိုက်ခြင်းမဟုတ်ပါဘဲ ကျင့်စဥ်ဖန်တီးသူအား တည့်တည့် ပတ်မှတ်ထားခဲ့ခြင်းပင်။

ရွှပ်~

"အား!" ချန်ကျိဇီသည် ဖြတ်တောက်ခံလိုက်ရသည့်လက်မောင်းကို ဆုပ်ကိုင်ထားပြီး‌ သွေးတောက်တောက်ကျနေသည့်ကြားမှ စူးရှစွာ‌ အော်ဟစ်လိုက်၏။

သူ့နဖူးတွင် ချွေးစေးများ စီးကျနေပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် ကြောက်လန့်မှုကြောင့် ချွေးအေးများဖြင့် စိုရွှဲလာသည်။

ထို ဓားချက် တစ်ချက်တည်းကပင် သူ့အသက်တစ်ချောင်းလုံးအား နှုတ်ယူသွားတော့မလို။

ဤ သေးငယ်သော အရှေ့ပိုင်းဒေသတွင် ထိုကဲ့သို့ အစွမ်းထက်သော တာအိုကျင့်ကြံသူ တစ်ဦး ရှိနေနိုင်ပါ့မလား?

ဖန်တီးသူကို အနှောင့်အယှက်ပေးခဲ့သောကြောင့် ကောင်းကင်တံခါးလည်း ပျောက်ကွယ်သွားပြီး ကွင်းဆက်များဖြင့် ချည်နှောင်ခံထားရသည့် ကျင့်ကြံသူအားလုံး ချက်ချင်းပြန်လည်လွတ်မြောက်သွားကာ အလျင်အမြန် ထွက်ပြေးတိမ်းရှောင်ခွင့် ရသွားခဲ့ကြသည်။

"ငါတို့ လွတ်မြောက်ပြီ!" ဖန်းသယ်ကျန့်တို့အုပ်စုလည်း ထိုအခါမှ သက်ပြင်းချနိုင်လိုက်ကြ၏။

"ဘယ်သူလဲ! သတ္တိရှိရင် ထွက်ခဲ့စမ်း!" ချန်ကျိဇီက တုန်လှုပ်စွာနှင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။

ဖြတ်တောက်ခံထားရသည့် လက်မောင်းကို ပြန်ဆက်ရန် စိုးရိမ်တကြီး ကြိုးစားခဲ့သော်လည်း စိတ်ပျက်စရာကောင်းသည်မှာ ဒဏ်ရာတွင် ကျန်ရှိနေသေးသော ဓားစိတ်ဆန္ဒက အလွန်ကြောက်မက်ဖွယ်ကောင်းနေသဖြင့် အသွေးအသားသစ်တို့ ပြန်လည်အစားထိုးရန် ခက်ခဲနေကြောင်း သိရှိလိုက်ရ၏။

ချန်ကျိဇီသည် ဓားချက်ထွက်ပေါ်လာရာ အရင်းအမြစ်နေရာသို့ လှမ်းကြည့်ကာ အံကြိတ်သံဖြင့် ဆိုလိုက်သည်။ "ဟိုစောက်ကလေး မင်းလား? ငါ့ကိုဓားနဲ့ခုတ်တာ"

သူပထမဆုံး မြင်လိုက်ရသည်မှာ အစိမ်းရောင်အဝတ်အစား ဝတ်ထားသော ကောင်ငယ်လေးတစ်ဦး ဖြစ်သည်။ ထူထဲသော မျက်ခုံးများ၊ မျက်လုံးကျယ်ကြီးများဖြင့် အသားမည်းမည်း လူကောင်ထွားထွား ကောင်လေးတစ်ယောက်ပင်။

မှိုဘုရင် လန့်ဖျပ်သွားပြီး သူ့လက်များကို အကြိမ်ကြိမ် ဝှေ့ယမ်းလိုက်သည်။ "မဟုတ်ဘူး၊ ကျွန်တော်မဟုတ်ဘူး၊ လူမှားနေပြီ"

ပြောပြီးနောက် ရှက်ရွံ့သောအမူအရာဖြင့် ဘေးသို့ရွေ့သွားခဲ့သည်။

ထိုအချိန်တွင် ထွက်ပေါ်လာသူမှာ ဝါးဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းပြီး ဧရာမဓားကြီးတစ်လက်အား ကျောထက်လွယ်လျက် ပါးစပ်တွင် မြက်တစ်ပင်ကို ကိုက်ထားသည်။ ပုံစံတစ်ခုလုံးမှာ ရိုင်းစိုင်းကြမ်းတမ်းကာ အချုပ်အနှောင်မဲ့ လွတ်လပ်ပေါ့ပါးလျက်။

"ငါက ဆရာသခင်ရဲ့ အမိန့်နဲ့ မသေမျိုးတောင်ကို ကင်းလှည့်ဖို့ ရောက်လာတာ!"

All Chapters