အရှေ့ပိုင်းဒေသသို့ ချီတက်ခြင်း
Vol. 28 Ch. 390
"တောင်တွေကို ကင်းလှည့်နေတာ?"
အားလုံး၏မျက်နှာအမူအရာများ အူကြောင်ကြောင်ဖြစ်သွားကြသည်။ ဒါဆို ငါတို့က ဓားပြတွေပေါ့လေ?
လီဝူကျယ် ပေါ်လာသည်ကို မြင်သည်နှင့် အရှေ့ပိုင်းကျင့်ကြံသူတို့ ချက်ချင်းစိတ်တည်ငြိမ်သွားကြသည်။
အကြောင်းမှာ ထိုသူသည် မိမိတို့ အရှေ့ပိုင်းကိုယ်စားပြု စွမ်းအားရှင်၏ တပည့်ဖြစ်သောကြောင့်ပင်။ ထိုသူ၏ တာအိုကျင့်စဥ်များက သူတကာထက်သာလွန်ကာ လွန်ခဲ့သည့်နှစ်များစွာကတည်းက ဓားနတ်ဆိုးအဖြစ် လူသိများကျော်ကြားခဲ့သူဖြစ်၏။
ဖန်းသယ်ကျန့် အလေးအနက် ရှင်းလင်းပြောပြလိုက်သည်။ "ရောင်းရင်းလီ၊ မင်းရောက်လာတာ အချိန်ကိုက်ပဲ။ ဒီလူက အလယ်ပိုင်းဒေသရဲ့ မဟာတာအိုဂိုဏ်းရှစ်ခုထဲက တစ်ခုအပါအဝင် စန်းမင်တာအိုဂိုဏ်းက ဂိုဏ်းသားတဲ့။ သူက စန်းမင်ဂိုဏ်းကို ကိုယ်စားပြုပြီး ဒီမသေမျိုးတောင်တစ်သောင်းကို သိမ်းပိုက်ဖို့ လာရောက်ကြေညာနေတယ်"
အန်းမြောင်ယိက စိုးရိမ်တကြီးဖြင့် သတိပေးလိုက်သည်။ "သတိထားပါ၊ အဲ့လူက အရမ်းအစွမ်းထက်တယ်"
သူမ၏အမြင်တွင် လီဝူကျယ်၏ဓားချက်သည် မမျှော်လင့်ထားသောအချိန်၌ အလစ်ဝင်ရောက်လာ၍သာ အကျိုးသက်ရောက်ခဲ့ခြင်းဖြစ်မည်ဟု။ ယခုအခါ ပြိုင်ဘက်မှလည်း အပြည့်အဝ ပြင်ဆင်ထားပြီး ဖြစ်သဖြင့် နောက်တစ်ကြိမ် ရင်ဆိုင်တိုက်ခိုက်ရပါက နဂါးနှင့်ကျား ကြားမှ တိုက်ပွဲကဲ့သို့ အနိုင်အရှုံးပေါ်ဖို့က လွယ်မည်မထင်။
ထိုအချိန်တွင် သူတို့၏ ချီစွမ်းအင်အားနည်းနေသည်ကို ခံစားမိသော မှိုဘုရင်က ပညာရပ်တစ်ခုကို ဖန်တီးလိုက်ရာ တောက်ပသော အစိမ်းရောင် အသက်စွမ်းအင်လှိုင်းက သူတို့အားလုံးကို ဖုံးအုပ်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ဖန်းသယ်ကျန့်နှင့် အန်းမြောင်ယိတို့၏ အတွင်းအပြင် ဒဏ်ရာဒဏ်ချက်များ ချက်ချင်းကောင်းမွန်သွားခဲ့ပြီး ခွန်အားအခြေအနေက မတိုက်ခိုက်ခင် အပြည့်အဝအနေအထားသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
သူတို့နှစ်ဦးစလုံး ဝမ်းသာအားရဖြင့် ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။ "ကျေးဇူးတင်ပါတယ် ရောင်းရင်းခင်ဗျာ"
မှိုဘုရင် ရှက်ကိုးရှက်ကန်းဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။ "မလိုပါဘူး၊ ကျွန်တော့်ကို ကျေးဇူးတင်ဖို့ မလိုပါဘူး၊ ဒါက ဘာမဟုတ်တဲ့ အားထုတ်မှုလေးပါပဲ"
ချန်ကျိဇီ ထိုအဖြစ်အပျက်များကို ကြည့်ရင်း ထိန်းမနိုင်သိမ်းမရ တုန်လှုပ်နေခဲ့သည်။ အခု အဲ့ဒီပညာရပ်က သေခါနီးလူနှစ်ယောက်ကို အကောင်းအတိုင်းကြီးပြန်ရှင်အောင်လုပ်လိုက်တာ ဟုတ်တယ်မလား?
ဤအဆင့်ရှိ စွမ်းရည်မျိုးသည် ပါရမီရှင် လွန်စွာပေါကြွယ်ဝသော အလယ်ပိုင်းဒေသတွင်ပင်လျှင် ဆေးပညာသူတော်စင် ဘွဲ့ထူးကို ရရှိနိုင်ပြီး အင်အားစုအမျိုးမျိုး၏ ဂုဏ်ပြုခံဧည့်သည်အဖြစ် လေးစားဖိတ်ခေါ်ခံရပေမည်။
ထိုတာအိုကျင့်ကြံသူ၏ နောက်ခံကို သိလိုလှ၏။
သူတို့ပြောပြောနေတဲ့ ဆရာသခင်ဆိုတာရော ဘယ်သူကြီးပါလိမ့်။
ချန်ကျိဇီ သူ့ကိုယ်သူ ဒုက္ခလှလှတော့တွေ့ပြီဟု နားလည်လိုက်ပေသည့် လက်ရှိအခြေအနေအရ အားနည်းချက်ကို ပြသ၍မရသဖြင့် အဆုံးအထိ ခိုင်မာစွာ ပြန်လည်ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။
လီဝူကျယ်က အံ့အားသင့်စွာဖြင့် မျက်ခုံးပင့်ကာ မေးလိုက်သည်။ "ဒါက အလယ်ပိုင်းဒေသက ကျင့်ကြံသူလား? ပြီးတော့ မဟာတာအိုဂိုဏ်းရှစ်ခုထဲက တစ်ခုရဲ့ ဂိုဏ်းသားပေါ့?"
သူသည် အစွမ်းထက်လှချည့်ဟု နာမည်ကြီးလှသော အလယ်ပိုင်းဒေသမှ ကျင့်ကြံသူကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
သူ၏အတွေးအမြင်တွင် အလယ်ပိုင်းဒေသသည် ခွင်းလွင်နယ်မြေမှ ထိပ်သီးခေါင်းဆောင်ကြီးများ စုဝေးရာ အထက်တန်းစားနေရာအဖြစ် အမြဲရှိနေခဲ့သည်။
မိမိဓားဖြင့်ခုတ်လိုက်သူကား ထိုအလယ်ပိုင်းဒေသမှ အဆင့်မြင့်ကျင့်ကြံသူတစ်ဦး ဖြစ်နေလိမ့်မည်ဟုတော့ လုံးဝမမျှော်လင့်မိခဲ့။
ချန်ကျိဇီသည် လီဝူကျယ်၏ အံ့အားသင့်နေသောမျက်နှာကို မြင်လိုက်ရသည့်အခါ အခွင့်အရေးယူကာ ခြိမ်းခြောက်ကြိမ်းဝါးလိုက်သည်။ "ဟမ့်၊ အခုတော့ ကြောက်နေပြီ မဟုတ်လား၊ မင်းငါ့လက်တစ်ဖက်ကို ဖြတ်ပစ်လိုက်တယ်နော်၊ ဘယ်လိုပြန်ပြီး လျော်ကြေးပေးမယ် စဥ်းစားထားလဲ"
လီဝူကျယ်က ခဏရပ်စဉ်းစားပြီး ပြန်ပြောလာသည်။ "ဘယ်လိုလျော်ကြေးပေးရမလဲ...ဒါဆို နောက်လက်တစ်ဖက်ကိုပါ ဖြတ်လိုက်ရမလား? ဟိုဘက်ဒီဘက်မျှသွားအောင်"
ရန်သူအား ချက်ကောင်းကိုထိမှန်စေသည့် တုံ့ပြန်စကားကို ကြားလိုက်ရချိန်တွင် ကျင့်ကြံသူတို့ တိတ်တိတ်လေးတွေးမိကြသည်။ အကြီးအကဲယဲ့ရဲ့တပည့်ရင်း ပီသလှပါပေတကား။
ထိုအဖြေကိုကြားလိုက်ရသည့်အခါ ချန်ကျိဇီ ဒေါသူပုန်ထကာ "မင်းငါ့ကို ရွဲ့နေတာလား!" ဟု ကြုံးအော်လိုက်သည်။ ထို့နောက် မိမိကိုယ်ထဲတွင် ကျန်ရှိနေသေးသည့် စွမ်းအားအကြွင်းအကျန်ကို ခံစားလိုက်ရသဖြင့် လက်သင်္ကေတတစ်ခုကို လျင်မြန်စွာ ဖန်တီးလိုက်ပြီး တစ်စုံတစ်ခုကို လျှပ်စီးကဲ့သို့ လျှပ်တပြက်ဆွဲထုတ်လိုက်သည်။
အနက်ရောင်လက်ဖဝါးကြီးများစွာသည် သေဆုံးခြင်းချီစွမ်းအင်လှိုင်းများဖြင့် ရစ်ပတ်ကာ ထွက်ပေါ်လာခဲ့သည်။ လက်ဖဝါးများအတွင်းတွင် အဝါရောင်ကြိုးမျှင်များနှင့် ထူးဆန်းကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုရှိကာ ယမမင်း၏လက်ဝါးကြီး ဆင်းသက်ကျရောက်လာသည့်အလား။
ဤသည်မှာ ချန်ကျိဇီ၏ ကျန်ရှိသမျှအစွမ်းကုန်ကို လုံးဝမချန်လှပ်ဘဲ ထိုးကျွေးလိုက်သည့် နောက်ဆုံးတိုက်ကွက်တစ်ကွက်သာ ဖြစ်တော့၏။
အန်းမြောင်ယိ ရင်မအေးလှပေ။ ထိုလက်ဖဝါးကြီးဖြင့် တစ်ချက်ရိုက်ချလိုက်ရုံနှင့် သူမဇီဝိန်ချုပ်သွားနိုင်လောက်သည်ဟု ခံစားနေရ၏။
သို့သော်လည်း လီဝူကျယ်ကတော့ ပေါ့ပေါ့တန်တန် အမှုမထားသည့်ဟန်ဖြင့်ကာ လက်စွဲတော်တာအိုဓားကို ခေါင်းထက်သို့ကိုင်မြှောက်လျက် ပြတ်ပြတ်သားသား ခုတ်ချလိုက်သည်။
တောက်တောက်ပပ ပြိုးပြိုးပြက်ပြက် အလင်းရောင်တို့မပါရှိ။ ရှင်းလင်းသန့်စင်သော ရိုးရာတာအို ဓားချက်တစ်ချက်သာ။
အနက်ရောင်လက်ဖဝါးကြီးသည် မည်သည့်ခုခံမှုကိုမှ ဖော်ထုတ်မလာဘဲ တစ်ချက်တည်းဖြင့် ပြတ်တောက်သွားခဲ့သည်။
ချန်ကျိဇီ အကြီးအကျယ်ထိတ်လန့်သွားပြီး ဘေးသို့ အလိုလိုရှောင်ထွက်လိုက်သည်။
သို့သော် အပြီးတိုင်မလွတ်ကင်းလိုက်ပါဘဲ နောက်ထပ်လက်မောင်းတစ်ဖက်က သွေးအလူးလူးဖြင့် ပျံသန်းထွက်ခွာသွားခဲ့သည်။
"အား အား အား အား!!!"
ချန်ကျိဇီ၏ စူးရှသော အော်ဟစ်သံများနှင့်အတူ ဖြတ်တောက်ခံထားရသည့် ဒဏ်ရာလတ်လတ်ဆတ်ဆတ်မှ သွေးများ ပန်းထွက်လာခဲ့သည်။ ထိုသူသည် လက်နှစ်ဖက်ပြတ်အခြေအနေတွင် စိတ်ကိုတော့တင်းထားဆဲပင်။
လီဝူကျယ်က လက်ကိုဝှေ့ယမ်းပြလိုက်သည်။ "ဒါ ငါမင်းကို ပေးတဲ့လျော်ကြေးပဲ၊ ကျေးဇူးတင်ဖို့မလိုဘူး"
လက်မောင်းနှစ်ဖက်စလုံး အရင်းမှတိခနဲ ဆုံးရှုံးသွားရသော ချန်ကျိဇီသည် နာကျင်မှုနှင့်အတူ ဒေါသတကြီးအော်ဆဲလိုက်၏။ "မင်းအမေကြီးကို ကျေးဇူးတင်"
နှစ်ဦးစလုံးသည် ဘေးဒုက္ခကျော်လွှားခြင်းကျင့်ကြံဆင့် ပြီးပြည့်စုံခြင်း အနေအထားတွင် ရှိနေကြသော်လည်း သူတို့၏ခွန်အားကွာခြားချက်မှာ ကြီးမားလွန်းလှသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ အန်းမြောင်ယိ အလွန်တုန်လှုပ်သွားပြီး စိတ်ပျက်အားငယ်မှုကိုလည်း ခံစားလိုက်ရသည်။
အဲ့လူရဲ့ တပည့်ကတောင် ဒီလောက်အစွမ်းထက်နေပြီလား?
လီဝူကျယ်က ခေါင်းကိုခပ်ဖြည်းဖြည်းခါယမ်းလိုက်သည်။ "ကျေးဇူးမသိတတ်တဲ့ အရိုင်းအစိုင်း"
ထိုသို့ပြောပြီးနောက် သူ၏ မှင်နက်ရောင်ဓားကို နောက်တစ်ဖန် ဝှေ့ယမ်းလိုက်ရာ ချန်ကျိဇီ၏ ခြေထောက်နှစ်ဖက်စလုံး ပြတ်တောက်သွားပြီး ထိုသူသည် သွေးအိုင်ထဲ လူးကာလှိမ့်ကာဖြင့် သည်းမခံနိုင်လောက်သော နာကျင်မှုကြောင့် စူးရှစွာ အော်ဟစ်ငိုကြွေးနေခဲ့သည်။ စိတ်လည်းမတင်းနိုင်တော့သလို ဟန်လည်းမဆောင်နိုင်တော့ပေ။
စောင့်ကြည့်နေခဲ့ကြသော ကျင့်ကြံသူအပေါင်းသည် တိုက်ပွဲ၏ရက်စက်မှုကြောင့် ကြက်သီးထရသော်ငြား တစ်ချိန်တည်းမှာပင် စိတ်သက်သာရာရမှုကို ခံစားရ၏။
အရှေ့ပိုင်းဒေသကို လွယ်လိမ့်မည်အထင်ဖြင့် အနိုင်ကျင့်ဖို့ရောက်လာသောသူ ပြန်လည်အနိုင်ကျင့်ခံလိုက်ရသဖြင့် သူတို့ဘာများ မကျေမနပ် ပြောစရာလိုပါသေးသနည်း?
မှာစရာတော့ရှိတယ်။ နောက်ဘဝကျ သတိလေးဘာလေးထားပေါ့ ရောင်းရင်းရာ။
ချန်ကျိဇီသည် ဒေါသအပြည့်ဖြင့် မျက်လုံးများကို ပြူးပြဲနေအောင်ဖွင့်လျက် စိုက်ကြည့်ကာ အော်မေးလာသည်။ "မင်းက ဘယ်ဂိုဏ်းကလဲ၊ ပြောရဲလား။ မင်းရဲ့နာမည်ကို ပြောစမ်း!"
အရင်ကဆိုလျှင် လီဝူကျယ်သည် ပြဿနာတစ်ခုခုရှာမိတိုင်း ဂိုဏ်းကို အမှုအခင်းတွင် မပါဝင်စေရန် မိမိ၏ဇာစ်မြစ်အား တတ်နိုင်သမျှ လျှို့ဝှက်ထားဖို့ စဥ်းစားထားခဲ့၏။
သို့သော် ယခုတော့ ဆရာဖြစ်သူ၏ ဇာစ်မြစ်မှန်ကို သိရှိထားပြီးဖြစ်လေပြီ။ လျှပ်စီးဘေးဒုက္ခကိုပင် ခွေးပြေးဝက်ပြေး ပြေးအောင် မောင်းထုတ်နိုင်ကြောင်း မျက်မြင်ကိုယ်တွေ့ သိရှိလိုက်ရပြီးနောက် သူသည် သူတို့ဆရာတပည့်အုပ်စုအား ဤလောကတွင် မည်သူမျှယှဥ်ပြိုင်လို့မနိုင် ဟူသောခံစားချက်ကိုသာ စွဲမှတ်ထားခဲ့လိုက်သည်။
ဘာကိုများ ကြောက်နေရဦးမှာလဲ? မကျေနပ်ရင် လာလေ ချကြတာပေါ့။
မင်းတို့အလယ်ပိုင်းစီရင်စု တစ်ခုလုံးပေးတယ်။ လာကြစမ်း။
"သေချာနားထောင်ထား ခွေးကောင်လေး!"
မင်းကိုသတ်တဲ့သူက ရွှယ်ထျန်းဂိုဏ်း မြူခိုးတောင်ထိပ်သခင်ရဲ့ အယုံကြည်ဆုံးနဲ့ အလိုလိုက်ခံရဆုံးတပည့်၊ ပြီးတော့ အရှေ့ပိုင်းဒေသ သမိုင်းမှာ အစွမ်းထက်ဆုံး ဓားနတ်ဆိုး လီဝူကျယ်ပဲ!"
ရင်ကိုကော့ ခေါင်းကိုမော့ကာ ကြေညာလိုက်သော စိန်ခေါ်သံ။
အနောက်တွင် ရပ်နေသော မှိုဘုရင်မှာတော့ ပါးစပ်အဟောင်းသားပွင့်လျက်။
ဆရာတူအစ်ကိုကြီးလီက တော်တော်အရှက်မရှိတာပဲ။
"ကောင်းတယ်၊ အရမ်းကောင်းတယ်။ မင်းနဲ့မင်းရဲ့ အဲ့ဒီဂိုဏ်းက မကြာခင်မှာပဲ အဖျက်ဆီးခံရလိမ့်မယ်။ စောင့်နေလိုက်ကြ!" ချန်ကျိဇီ ဒေါသတကြီးဖြင့် ရယ်မောလိုက်သည်။ သူ၏မျက်လုံးများမှာ ကလဲ့စားချေလိုစိတ်ဖြင့် တဖျတ်ဖျတ်လက်လို့နေ၏။
"ဒါက မင်းရဲ့နောက်ဆုံး သေတမ်းစာ လား၊ ခွေးတွေတောင် ဒီစကားကိုကြားရင် သနားလွန်းလို့ ခေါင်းယမ်းသွားကြလိမ့်မယ်!" လီဝူကျယ်က တစ်ခွန်းပြန်ပက်လိုက်ပြီး မှင်နက်ဓားကို နောက်တစ်ကြိမ်မြှောက်ကာ ပြင်းပြင်းထန်ထန် ထိုးချလိုက်တော့သည်။
ကောင်းကင်နှင့်မြေကြီးကို ဖြတ်ဖောက်ထွက်လာသော ဓားသွားအလင်းသည် အရပ်လေးမျက်နှာသို့ ကြောက်မက်ဖွယ်အရှိဖြင့် အော်သံတစ်ခု ထွက်ပေါ်လာကာ မကြာသေးသော အချိန်တစ်ခုမှာပင် တိတ်ဆိတ်သွားခဲ့သည်။
အော်သံဆိတ်သုဥ်းသွားချိန်၌ မြေပြင်ပေါ်တွင် ချန်ကျိဇီ၏ အရိပ်အယောင်မျှပင် မကျန်ရစ်ခဲ့ပေ။ ပြည့်စုံသော ရုပ်အလောင်းတစ်ခုပင် မကြွင်းကျန်ခဲ့။
လီဝူကျယ်သည် မှင်နက်ဓားကို ဓားအိမ်ထဲသို့ ဂရုတစိုက်ပြန်ထည့်လိုက်ပြီး ဘာမှမဖြစ်ခဲ့သလို အေးဆေးပြောလာသည်။ "ခင်ဗျားတို့အားလုံး လုပ်စရာရှိတာ ဆက်လုပ်လို့ရပါတယ်။ ကျွန်တော်က ဆရာသခင်ရဲ့အမိန့်နဲ့ ဒီမသေမျိုးတောင် ဘာထူးခြားသလဲဆိုတာကို လာစစ်ဆေးတာပါ။ ပြီးတော့ ကျွန်တော့်အတွက် အသုံးဝင်တာလေးတွေလည်း လမ်းကြုံရှာရင်းပေါ့"
လူတိုင်းက ဦးညွှတ်အရိုအသေပြုလာကြသည်။ "ရောင်းရင်းလီရဲ့ အသက်ကြွေးကို ဘယ်တော့မှမမေ့ပါဘူး။ အထူးကျေးဇူးတင်ရပါတယ်"