← Chapters

အခန်း (၃၉၁)

Vol. 28 Ch. 391

အခန်း (၃၉၁)

Vol. 28 Ch. 391

ဖန်းသယ်ကျန့်၏ အမူအရာက ရှုပ်ထွေးနေခဲ့သည်။ အစပိုင်းတွင် စန်းမင်တာအိုဂိုဏ်းကို ရန်စခြင်းက ရွှယ်ထျန်းဂိုဏ်းထံ ဒုက္ခများစွာ ယူဆောင်လာလိမ့်မည်ဟု တွေးပူခဲ့မိသော်လည်း အကြီးအကဲယဲ့က လျှပ်စီး‌ဘေးဒုက္ခကိုပင် မောင်းထုတ်နိုင်ခဲ့သည်အား ပြန်စဉ်းစားကြည့်လိုက်သောအခါ စန်းမင်တာအိုဂိုဏ်းမှာ ဘာမှအရေးမပါတော့သလို ထင်ရပြန်သည်။

တစ်ချိန်တည်းမှာပင်။

အလယ်ပိုင်းဒေသ။

စန်းမင်တာအိုဂိုဏ်း။

တောင်များဖြင့် ဝန်းရံထားသော နေရာတစ်ခုတွင် မြူခိုးများ ရစ်ဝဲလှည့်လည်နေပြီး မရေမတွက်နိုင်သော သက်တံ့ရောင်အလင်းများ ပျံဝဲနေသည်။

ခမ်းနားသော ကျွန်းပျံတစ်ခုပေါ်တွင် ရွှေရောင်နန်းတော်တစ်ဆောင် တည်ရှိပြီး ထိုနန်းတော်အတွင်း၌ အစွမ်းထက်ပုဂ္ဂိုလ်များ စုဝေးကာ အရေးကြီးသောအစည်းအဝေးတစ်ခု ကျင်းပနေကြသည်။

တိမ်လွှာအဆင် ဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထားသော အရပ်မြင့်မြင့်အမျိုးသားတစ်ဦးက ရာဇပလ္လင်ပေါ်ထက် ထိုင်နေခဲ့သည်။

ကိုယ်ခန္ဓာတစ်ခုလုံးအား တောက်ပသော မသေမျိုးအလင်းဖြင့် ဖုံးအုပ်ထားပြီး ပင်လယ်ကဲ့သို့ကျယ်ပြန့်သော အရှိန်အဝါကို ထုတ်လွှတ်လို့နေ၏။

ထိုသူသည် စန်းမင်တာအိုဂိုဏ်း၏ ဂိုဏ်းချုပ် ယဲ့ဝူရှန်း ဖြစ်သည်။

အကြီးအကဲ တစ်ဦးက တင်ပြလာသည်။ "ဂိုဏ်းချုပ်၊ လွန်ခဲ့တဲ့ရက်အနည်းငယ်က ဝူကျီတာအိုဂိုဏ်း က ကျွန်တော်တို့ရဲ့ အရင်းအမြစ်နေရာ ဆယ်ခုကျော်ကို ထပ်ပြီးလုယူသွားခဲ့ပါတယ်"

ယဲ့ဝူရှန်း၏ နဖူးပေါ်မှ သွေးပြန်ကြောတစ်ချောင်း တဆတ်ဆတ်ထခုန်သွားပြီး ဒေါသတကြီး ထအော်လိုက်သည်။ "အသုံးမကျတဲ့ကောင်တွေ! ငါတို့ရဲ့ ဂုဏ်သိက္ခာရှိ စန်းမင်တာအိုဂိုဏ်းက ဒီလိုကိစ္စမျိုးကို သည်းခံနေရသလား! မင်းတို့မှာ ဘာလုပ်နိုင်စွမ်းမှ မရှိတော့ဘူးလား!"

နောက်အကြီးအကဲ တစ်ဦးက တွန့်ဆုတ်စွာဖြင့် သတ္တိမွေးပြီး ထပ်မံတင်ပြလာသည်။ "ဂိုဏ်းချုပ်၊ ကျန်တဲ့ မဟာတာအိုဂိုဏ်းခြောက်ခုကလည်း ကျွန်တော်တို့ကို သည်းခံဖို့ပဲ အကြံပေးနေကြတာပါ။ ကျွန်တော်တို့လည်း နာခံရမလား တွန်းလှန်ရမလား မဝေခွဲတတ်တော့ပါဘူး"

ယဲ့ဝူရှန်း အံ့အားသင့်သွားသည်။

ကျန်ဂိုဏ်းခြောက်ခုက ဝူကျီဂိုဏ်းဘက်မှ ပြောဆိုထောက်ခံပေးနေကြခြင်းသည်ကား မိမိတို့စန်းမင်ဂိုဏ်းကို အုပ်စုဖွဲ့အနိုင်ကျင့်နေသည်နှင့် မခြားပေ။

မဟာဂိုဏ်းရှစ်ခုမှ အဆင့်အနိမ့်ဆုံး ဂိုဏ်းငယ်တစ်ခုအနေဖြင့် အပယ်ခံနေရာတွင်သာ သည်းခံနေခဲ့ရသည်မှာ ထုံးစံတစ်ခုလို ဖြစ်နေခဲ့ပါပြီ။

ယဲ့ဝူရှန်း၏နှလုံးသားထဲတွင် အင်အားကင်းမဲ့မှုကို နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရသည်။

"နား..နားထောင်သင့်တာပေါ့လေ။ သူတို့ကလည်း ကောင်းစေချင်လို့အကြံပေးတာဖြစ်မှာပါ။ ဟုတ်တယ်မလား?"

ယဲ့ဝူရှန်း နှာခေါင်းကို အသာပွတ်လိုက်သည်။ င့ါနှယ် အူကြောင်ကြောင်နိုင်လိုက်တာနော်။

အကြီးအကဲများလည်း ဆွံ့အသွားခဲ့ကြ၏။ စန်းမင်တာအိုဂိုဏ်းသည် မဟာတာအိုဂိုဏ်းရှစ်ခု အနက် အောက်ဆုံးအဆင့်တွင် ရှိနေပြီး ယခုလို ပြိုင်ဆိုင်မှု မြင့်မားနေဆဲအချိန်တွင် အင်အားစုများ ပြန်လည်ဖွဲ့စည်းလာကြသောအခါ သူတို့၏ တဲတဲလေးထိန်းထားရသော မဟာတာအိုဂိုဏ်းဂုဏ်ပုဒ်မှာလည်း တစ်နေ့တခြား ယိုင်နဲ့လာခဲ့သည်။ အခွင့်ကောင်းယူကာ အပြိုင်အဆိုင်ဝင်တိုးချင်သူတွေက နည်းနည်းနောနောမှ မဟုတ်သည်ကိုး။

အရှေ့အနောက် နှစ်ဖက်ညှပ်ကာ ဖိအားပေးခံနေရသောအခြေအနေက သက်သာမနေပါ။

ထိုအချိန်တွင် ယဲ့ဝူရှန်းသည် တစ်စုံတစ်ခုကို ရုတ်တရက် အာရုံခံလိုက်မိပြီး သူ၏မျက်လုံးများ ပြောင်းလဲသွားသည်။

ချန်ကျိဇီ မသေဆုံးမီက မှတ်ဉာဏ်အားလုံး သူ၏စိတ်ထဲတွင် ပေါ်ထွက်လာခဲ့သည်ပင်။

အချက်အလက်အစုံအလင်ကို လက်ခံရရှိပြီးနောက် သူ၏ကိုယ်ခန္ဓာတစ်ခုလုံးမှ ကြောက်မက်ဖွယ်ကောင်းသော မသေမျိုးစွမ်းအား များ ပေါက်ထွက်လာသည်။ ပြင်းစွာသော ဖိအားအရှိန်အဝါက ခန်းမဆောင်အတွင်းရှိ ကျင့်ကြံသူအားလုံးထံ သက်ရောက်သွားသဖြင့် အကြီးအကဲတို့မှာ မျက်နှာများဖြူဖျော့သွားကြလျက်။

ယဲ့ဝူရှန်း ဒေါသထွက်နေလေပြီ။ ထိုသူက စူးရှတောက်ပြောင်နေသော မျက်လုံးများဖြင့် အံကိုတင်းတင်းကြိတ်ကာ ဆိုလိုက်သည်။ "အကြီးအကဲချန် အရှေ့ပိုင်းဒေသမှာ အသတ်ခံလိုက်ရတယ်!"

ခန်းမဆောင် တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။

အကြီးအကဲချန်သည် ဘေးဒုက္ခကျော်လွှားခြင်းကျင့်ကြံဆင့်မှ ကျွမ်းကျင်သူဖြစ်ပြီး ဂိုဏ်းချုပ်ကိုယ်တိုင် ဖန်တီးပေးထားသည့် ကာကွယ်ရေးအမှတ်တံဆိပ်လည်း ရှိနေခဲ့သဖြင့် အရှေ့ပိုင်းဒေသတွင် မည်သူမှ သူ့ကို ယှဉ်နိုင်မည်မဟုတ်ဟု သူတို့အားလုံး ထင်မှတ်ထားခဲ့ကြသောကြောင့် ယခုသတင်းကို ယုံရန် ခက်ခဲနေကြသည်။

အကြီးအကဲချန်သည် စန်းမင်တာအိုဂိုဏ်းကို ကိုယ်စားပြုသောကြောင့် သူ၏သေဆုံးမှုသည် ဂိုဏ်းကို မျက်နှာတည့်တည့် ဖြတ်ရိုက်လိုက်ခြင်းနှင့်မခြား။

ယဲ့ဝူရှန်းက ကြမ်းတမ်းသော အမူအရာဖြင့် ပြောပြလာသည်။ "အကြီးအကဲချန်ဟာ အရှေ့ပိုင်းဒေသမှာ ပေါ်ပေါက်လာတဲ့ မသေမျိုးတောင်တစ်သောင်းကို ဂိုဏ်းအတွက် ရှာတွေ့ခဲ့တယ်။ သူက အဲဒီတောင်တွေကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့ပေမဲ့ အရင်ရောက်နှင့်တဲ့ ကျင့်ကြံသူတွေက မနာခံလို့ ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်မှာ အလစ်ဝင်တိုက်ခံရပြီး အသတ်ခံခဲ့ရတယ်။ တရားခံကတော့ ဓားကျင့်ကြံသူတစ်ယောက်၊ ရွှယ်ထျန်းဂိုဏ်း မြူခိုးတောင်ထိပ်သခင်ရဲ့တပည့် လီဝူကျယ်တဲ့!"

မှတ်ဉာဏ်များမှတစ်ဆင့် လီဝူကျယ်၏ခွန်အားကို သူမြင်တွေ့ခဲ့ရသည်။ ဘေးဒုက္ခကျော်လွှားခြင်းကျင့်ကြံဆင့်တွင် ရှားပါး ပါရမီရှင်တစ်ဦးဟု သတ်မှတ်နိုင်သော်ငြား သူတို့လို မသေမျိုးများ၏အမြင်တွင်မူ ပုရွက်ဆိတ်တစ်ကောင်သာ။

"ရွှယ်ထျန်းဂိုဏ်း?"

အကြီးအကဲတစ်ဦးက အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။ "ဒီ ရွှမ်းထျန်းဂိုဏ်း ဆိုတဲ့နာမည်က..."

ယဲ့ဝူရှန်းက စကားထောက်လိုက်သည်။ "မင်းဘာပြောချင်လဲဆိုတာ ငါသိတယ်၊ ဒါပေမဲ့ ငါတို့နှစ်ဖက်ကြားမှာ လုံးဝဆက်စပ်မှု မရှိဘူးလေ!"

ဤလောကတွင် ဂိုဏ်းပေါင်းများစွာတည်ရှိသည့်ကြား တစ်ခုနှင့်တစ်ခု နာမည်တူနိုင်သည်မှာ ပုံမှန်သာဖြစ်သည်။

ခြောက်ကပ်ခေါင်ခိုက်သော ဒေသတစ်ခုမှ ထိုဂိုဏ်းငယ်လေးတစ်ခုသည် အလယ်ပိုင်းဒေသနှင့် ဆက်စပ်ပက်သက်စရာ အကြောင်းကိုရှိမနေခဲ့ပေ။

"အကြီးအကဲချန်ဟာ မသေဆုံးခင်မှာ ဂိုဏ်းအတွက် အကျိုးအမြတ်ကြီးကြီး ရှာဖွေတွေ့ရှိခဲ့တယ်။ ဒါတွေကိုသာ ကျုပ်တို့ လက်ဦးမှုယူပြီး သိမ်းပိုက်နိုင်ခဲ့ရင် အလယ်ပိုင်းဒေသမှာ အသာစီးရနိုင်လိမ့်မယ်!"

ယဲ့ဝူရှန်းက ဆက်ပြောသည်။

"စိတ်အနှောင့်အယှက် အဖြစ်ဆုံးကတော့ အရှေ့ပိုင်းဒေသက ကျင့်ကြံသူအုပ်စုကများ ကျုပ်တို့ရဲ့ စန်းမင်တာအိုဂိုဏ်းကို ဆန့်ကျင်ရဲနေတာပဲ!"

"ဟုတ်ပါ့ဗျာ! ကျွန်တော်တို့က မဟာတာအိုဂိုဏ်းရှစ်ခုထဲက တစ်ခုဖြစ်နေတာတောင် ထောက်ထားလေးစားမှုမရှိတာ ဒေါသထွက်စရာပဲ!" ခန်းမအတွင်းရှိလူများက ထောက်ခံပြောဆိုလာကြသည်။

"ကျွန်တော်တို့ တရားမျှတမှုကို ရယူရမယ်၊ ရွှယ်ထျန်းဂိုဏ်းကို အမြစ်ဖြတ်ပြီး အရှေ့ပိုင်းဒေကို ကျုပ်တို့ရဲ့ စန်းမင်တာအိုဂိုဏ်း ဘယ်လောက်အစွမ်းထက်တယ်ဆိုတာ ပြသရမယ်!"

လူတိုင်းက စိတ်ခံစားမှုအပြည့်ဖြင့် လာမည့်စစ်ပွဲအတွက် အားမာန်တက်ကြွစွာ အော်ဟစ်နေကြသည်။

အလယ်ပိုင်းဒေသတွင် အားနည်းပျော့ညံ့နေလျှင်တောင်မှ အရှေ့ပိုင်းဒေသတွင် အမောက်ထောင်လို့ရနိုင်သေးသည် မဟုတ်လော။

ယဲ့ဝူရှန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ "လူသတ်သမားရဲ့ခွန်အားကို ကြည့်ရသလောက်တော့ သူ့ဆရာက မသေမျိုး ဖြစ်ရမယ်။ ဒါကြောင့် ကျုပ်တို့ဘက်ကလည်း သူတို့ကို အပြစ်ပေးဖို့ မသေမျိုးတွေကို စေလွှတ်ရမယ်!"

ခွင်းလွင်၏ အပြောင်းအလဲများကြောင့် အလယ်ပိုင်းဒေသတွင် မသေမျိုးများ အရေအတွက် များပြားလာပြီး စန်းမင်တာအိုဂိုဏ်းမှ ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံသူများစွာသည်လည်း မသေမျိုးအဖြစ်သို့ တက်ရောက်ခြင်းကို အောင်မြင်နိုင်ခဲ့ကြသည်။

မသေမျိုးများဖြင့်ဖွဲ့စည်းထားသော တပ်ဖွဲ့တစ်ဖွဲ့ကို အရှေ့ပိုင်းဒေသသို့ စေလွှတ်ခြင်းက စန်းမင်တာအိုဂိုဏ်း၏ အခြေအမြစ်နှင့် စွမ်းအားကို ထုတ်ဖော်ပြသရာရောက်မည်ဟု သူတွေးလိုက်သည်။ အရှေ့ပိုင်းဒေသမှ ကျင့်ကြံသူများ ကြောက်လန့်တုန်လှုပ်နေကြမည်ကို စဉ်းစားလိုက်ရုံနှင့် ယဲ့ဝူရှန်း၏ ရင်ထဲတွင် ကျေနပ်မှုများ ပြည့်နှက်သွားသည်။

လုံးဝကို မုန်တိုင်းဝင်မွှေသလို ဖြစ်သွားမှာမဟုတ်လား?

ဆုံးဖြတ်ချက်ချပြီးနောက် ယဲ့ဝူရှန်းသည် ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်ပြီး ရက်စက်ကြမ်းကြုတ်သောလေသံဖြင့် ကြွေးကြော်လိုက်သည်။ "ကျူးလွန်ခဲ့တဲ့ ပြစ်မှုအတွက် အရှေ့ပိုင်းဒေသ တစ်ခုလုံးကို ပြန်လည်ပေးဆပ်စေရမယ်။ စန်းမင်တာအိုဂိုဏ်းကို ရန်စတဲ့သူတွေအတွက် ဘယ်လိုအဆုံးသတ်မျိုးက စောင့်ကြိုနေတယ်ဆိုတာ တလောကလုံး သိစေရမယ်!"

All Chapters