← Chapters

အခန်း (၃၉၂)

Vol. 28 Ch. 392

အခန်း (၃၉၂)

Vol. 28 Ch. 392

ရက်အနည်းငယ် ကြာညောင်းပြီးချိန်တွင်တော့ မသေမျိုးတောင် တစ်သောင်း၏ စူးစမ်းရှာဖွေနိုင်သမျှ နေရာတိုင်းကို အရှေ့ပိုင်းနယ်မြေကျင့်ကြံသူများ အသေးစိတ်စူးစမ်းခဲ့ပြီးကြလေပြီ။ ထိုအရင်းအမြစ်မှ လူအတော်များများ အကျိုးအမြတ်ဇူးရရှိခဲ့ကြပြီး ကျင့်ကြံဆင့်စွမ်းရည်တို့လည်း သိသိသာသာ တိုးတက်လာခဲ့သည်။

အရင်ကတော့ ဝိညာဥ်အဆင့်တက်ခြင်း ကျင့်ကြံသူတစ်ဦးဆိုလျှင်ပင် သွားလေရာ၌ လေးစားမှုရရှိနိုင်မည်။ သို့သော် ယခုအခါ ဝိညာဥ်အဆင့်တက်ခြင်း ကျင့်ကြံသူများ ဆိုသည်မှာ လမ်းဘေးခွေးများကဲ့သို့ ပွားချင်တိုင်းပွားများကာ ရိုက်သတ်မကုန်အောင် တည်ရှိနေကြလေပြီ။ အချို့သော ကျင့်ကြံသူမိသားစုကြီးများတွင် ဝိညာဥ်အဆင့်တက်ခြင်းကျင့်ကြံသူများ ဆိုသည်မှာ ဂိတ်စောင့်အဆင့်သက်သက်သာ ရှိတော့သည်ဟု။

ခန္ဓာပေါင်းစည်းခြင်းအဆင့်လောက် ရှိမှသာ လူအများ၏ အာရုံစိုက်မှုကို ရရှိနိုင်ပြီး အထွဋ်အထိပ်သို့ တက်ရောက်ခြင်းအဆင့်လောက် ပိုင်ဆိုင်ထားမှ ကျင့်ကြံရေးလောကတွင် အရေးပါသော အများနှင့်ရင်ဘောင်တန်းနိုင်သော အစွမ်းအဖြစ် သတ်မှတ်နိုင်သည်။ ဘေးဒုက္ခကျော်လွှားခြင်းအဆင့် ကျင့်ကြံသူအရေအတွက်သည်လည်း မပြတ်တိုးပွားလာနေသော်ငြား သူတို့ကတော့ မသေမျိုးအဆင့်၏အောက်တွင် စွမ်းရည်အထက်ဆုံး တိုက်ခိုက်ရေးသမားများဟူသည့် ဂုဏ်ပုဒ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲပါပင်။

ဤသည်မှာ အရှေ့ပိုင်းနယ်မြေ၏ လက်ရှိအခြေအနေဖြစ်၏။

လူတိုင်းသည် ပြင်းထန်သော ပြိုင်ဆိုင်မှုအောက်တွင် ရုန်းကန်နေကြပြီး တစ်နေ့ထက်တစ်နေ့ ပိုမိုအားကောင်းလာစေရန် အပြင်းအထန် ကြိုးစားနေကြသည်။

အကယ်၍ သင်သာ ထိုပြိုင်ဆိုင်မှု ခေတ်ရေစီးကြောင်းတွင် ပါဝင်စီးမျောခြင်းမရှိပါက အဘက်ဘက်မှ နောက်ကျကျန်ရစ်ခဲ့မည်ဖြစ်ပြီး ပြန်လိုက်မီလိုသည့်အချိန်တွင်မူ ပျမ်းမျှအဆင့်မှပင် များစွာနိမ့်ကျနေပြီဖြစ်ကြောင်းကို တွေ့ရှိရပေမည်။

အပြင်းအထန် ပြိုင်ဆိုင်နှိုင်းယှဥ်ကာ အမြင့်သို့တက်ဖို့ အလျင်စလိုဖြစ်နေသည့် ဤခေတ်ကာလတွင်...

ရွှယ်ထျန်းဂိုဏ်း။

ရွှယ်ထျန်းဂိုဏ်းတွင်မူ မသေမျိုးမြူခိုးများက တောင်တိုင်း၏ပတ်လည်တွင် ဝန်းရံနေပြီး မသေမျိုးချီ များ ဖောချင်းသောချင်း ပေါများနေခဲ့သည်။ ကျင့်ကြံအားထုတ်ရေးအတွက် ရှားပါးအဖိုးတန် မြင့်မြတ်သောနယ်မြေ တစ်ခုပင်။

တပည့်များနှင့် အကြီးအကဲများ အားလုံးသည်လည်း အနည်းငယ်မျှပင် ပေါ့ဆမှုမရှိဘဲ လုံ့လဝီရိယရှိစွာ ကျင့်ကြံနေကြသည်။

"တောင်ထိပ်သခင် ယဲ့ က တကယ်ကို အံ့ဩစရာကောင်းတယ်။ ဂိုဏ်းက ဒီလောက်အထိ ပြောင်းလဲတိုးတက်သွားတာ သူဖန်တီးတည်ဆောက်ပေးတဲ့ အစီအရင်တွေကြောင့်လေ!"

"ကျွန်တော်တို့ရွှယ်ထျန်းဂိုဏ်းမှာ အခုဆို ဝိညာဉ်သွေးကြော ကိုးရာ့ကိုးဆယ်ကိုးခုတောင် ရှိနေတယ်ဆိုတာ အမှန်ပဲလား"

"အမှန်ပေါ့! ဒီလိုပတ်ဝန်းကျင်မှာ ဝက်တစ်ကောင်တောင်မှ အဆင့်တက်နိုင်လိမ့်မယ်!"

"အီးဟီးဟီး၊ ငါတော့ ငိုတောင်ငိုချင်လာပြီ။ တောင်ထိပ်သခင်ယဲ့က ငါတို့အပေါ် အရမ်းကောင်းလွန်းတယ်။ သူ့ရဲ့ ပင်ပန်းတဲ့ကြိုးစားမှုတွေနဲ့ ထိုက်တန်အောင် ငါတို့အားလုံး အသက်နဲ့လဲပြီး ကျင့်ကြံရမယ်!"

"အားလုံးကို တောင်းပန်ပါတယ်။ ကျွန်တော် မနေ့က ပျင်းရိခဲ့မိတယ်။ ကျင့်ကြံနေချိန်မှာ နှစ်စက္ကန့်တိတိ သတိလွတ်ခဲ့တယ်။ လူမဆန်ဘူး! တိရိစ္ဆာန်လောက်တောင် အသိစိတ်မရှိတဲ့ကောင်ပါ!" (ပြောရင်းဆိုရင်း သူ့ပါးသူ တဖြန်းဖြန်းချနေပြီ)

"အစ်ကိုကြီးလော်၊ မလုပ်ပါနဲ့! အစ်ကိုကြီးလော်!"

လွန်ခဲ့သည့်ရက်အနည်းငယ်က ယဲ့ကျွင်းလင်သည် လုပ်စရာကိုင်စရာ မည်မည်ရရ မရှိလှသဖြင့် ရွှယ်ထျန်းဂိုဏ်းတွင် နဝမအဆင့် ကောင်းကင်အစီအရင်များကို တည်ဆောက်လိုက်ရာ ဂိုဏ်းအတွင်းရှိ ကျင့်ကြံရေးပတ်ဝန်းကျင်ကို ကြီးစွာပြောင်းလဲစေခဲ့ပြီး တည်ရှိပြီးသား ဝိညာဉ်သွေးကြောများ တစ်ခုပြီးတစ်ခု မသေမျိုးသွေးကြောများ အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့သည်။

ကမ္ဘာကြီး ပြန်လည်နာလန်ထူလာပြီး မသေမျိုးသွေးကြောများ မရေမတွက်နိုင်အောင် ပေါ်ထွက်လာသော်လည်း ပိုင်ဆိုင်ဖို့အတွက်တော့ အလွန်ခက်ခဲရှားပါးနေဆဲဖြစ်သည်။ တစ်ဂိုဏ်းတွင် တစ်ခုလောက်ရရှိခဲ့လျှင်ပင် ကောင်းကင်ဘုံ၏ရက်ရောက်မှုကို ကျေးဇူးတင်ကြရပေဦးမည်။

သို့သော် ရွှယ်ထျန်းဂိုဏ်းတွင်မူ မသေမျိုးသွေးကြော ကိုးရာ့ကိုးဆယ်ကိုးခုပင် ရှိနေခဲ့၏။

ဤသတင်းသာ ပျံ့နှံ့သွားပါက ခွင်းလွင်နယ်မြေ တစ်ခုလုံးတွင် ကြီးစွာသော တုန်လှုပ်ချောက်ချားမှု ဖြစ်ပေါ်စေလိမ့်မည်။

မြူခိုးတောင်ထိပ်။

ယွင်ရှန်းကျွန်း၏ ခြံဝင်းအတွင်းတွင် ခါးအထိရှည်လျားသော ငွေဖြူရောင်ဆံပင်များနှင့် ခန့်ညားချောမောသော လူငယ်တစ်ဦးသည် ငါးစာများကို ရေကန်ထဲသို့ ပစ်ချလိုက်ရာ ရွှေရောင်ငါးများစွာ အစာလုရန် တွန့်လိမ်တွန့်လိမ် ပြိုင်ဆိုင်လာကြသည်။

ဤငါးများသည် အပြင်ပိုင်းတွင် ပျော်ရွှင်စွာစားသောက်နေပုံရသော်လည်း တကယ်တမ်းတော့ အလွန်ဒုက္ခရောက်နေကြရှာသည်သာ။

သူတို့၏ ပုံစံအစစ်အမှန်မှာ နဂါးမျိုးနွယ် ဖြစ်ပြီး သူတို့စားသုံးနေကျ အစားအစာမှာလည်း အလွန်ရှားပါးအဖိုးတန်သည်ဟု ဆိုရပေမည်။ သို့သော် ယခုမူ အရသာရော အာဟာရပါမရှိသည့် ပေါ့ရွှတ်ရွှတ်အရာများကို နဂါးမပီသစွာ စားနေခဲ့ရလေပြီ။

သို့သော် ယဲ့ကျွင်းလင်၏ အဆင့်အတန်းကြောင့် ဆန့်ကျင်ဖို့မရဲစွာ တိုက်တွန်းသည့်အတိုင်း လိမ်လိမ်မာမာ ပူးပေါင်းလုပ်ဆောင်ပြီး အစာကို အလွန်အမင်းကြိုက်နှစ်သက်ဟန် ဆောင်နေရသည်။

"ဟင်? ဒီငါးက အစာကို ဖြုန်းတီးနေတာလား"

ယဲ့ကျွင်းလင်၏ အကြည့်စူးစူးက ငါးအုပ်၏ အလယ်ဗဟိုမှ ငါးအိုကြီးတစ်ကောင် လူလည်ကျနေသည်ကို သတိပြုမိလိုက်သည်။ ၎င်းသည် အစပိုင်းတွင် ငါးစာကိုစားဟန်ဆောင်ပြီး သုံးလေးချက်မှဝါးပြီးနောက် မသိမသာ ပြန်ထွေးထုတ်မည်ပင်။

"အစာဖြုန်းတီးတာက ကောင်းတဲ့အမူအကျင့်မဟုတ်ဘူး။ ဒီငါးကို မွေးလို့မဖြစ်တော့ဘူးနဲ့တူတယ်။ နောက်မှ ငါးခေါင်းဟင်းချို လုပ်သောက်ရမယ်" ယဲ့ကျွင်းလင် ရေရွတ်လိုက်သည်။

ငါးအိုကြီးသည် မိမိ၏ ပိရိသေသပ်သောသရုပ်ဆောင်မှုကြောင့် မာန်တက်နေခဲ့သော်ငြား ထိုစကားကိုကြားလိုက်ရသောအခါ အလွန်ကြောက်ရွံ့သွားသဖြင့် ထွေးထုတ်လိုက်သည့် ငါးစာအားလုံးကို တစ်ခဏချင်း အမြန်ပြန်လည်မျိုချပေးလိုက်ရသည်။ ထို့နောက် ချက်ချင်းဆိုသလို မေ့မြောလဲကျတော့မတတ် မျက်ဖြူဆိုက်သွားရလေ၏။

ဘယ်လောက်တောင် ဝဋ်ကြွေးကြီးလိုက်လေသလဲ!

စစ်မှန်သော နဂါးမျိုးနွယ်၏ အကြီးအကဲ တစ်ဦးဖြစ်ပါလျက် ဤမျှပင်ပန်းဆင်းရဲလှသော အခြေအနေတွင် ရုန်းကန်နေရလေသည်။

"ဘိုးဘိုးကြီး၊ ဖြည်းဖြည်းစားပါ။ ဘိုးဘိုးကြီးမဝသေးရင် မြေးစားလို့မကုန်တာအားလုံး ပေးပါ့မယ်" ဘေးနားရှိ ငါးငယ်လေးက ငါးအိုကြီး၏အဖြစ်ကို မြင်လိုက်သောအခါ စိတ်စွမ်းအင် ဖြင့် ဆက်သွယ်ပြောဆိုလိုက်သည်။

ငါးအိုကြီး မတတ်သာစွာ တွေးလိုက်မိသည်။ ငါ့မြေးလေးတွေက စိတ်ရင်းတော့ကောင်းရှာသားပဲလေ!

တစ်ဖက်တွင် ကြက်များမှာလည်း မျက်ရည်ကျလုနီးပါး ဖြစ်နေကြလေပြီ။ အဘယ်ကြောင့်ဆိုသော် မကြာသေးမီက ကျွန်းသခင်အသစ်သည် စိတ်အားထက်သန်စွာဖြင့် ကြက်တိုက်ဖို့ကြိုးစားလာသောကြောင့် ကျွန်းသခင်အလိုကျ တစ်ကောင်နှင့်တစ်ကောင် ရဲရင့်စွာ တိုက်ခိုက်နေရသည်ပင်။

မျိုးနွယ်တူများအချင်းချင်း ပြင်းထန်ရက်စက်စွာ တိုက်ခိုက်နေရသည်ကို မြင်သောအခါ ကြက်မအိုကြီး သည် အကြီးအကဲ တစ်ဦးအနေဖြင့် ရင်လေးစွာ သက်ပြင်းချလိုက်မိ၏။

ကြက်ဖြစ်ရတာလည်း မလွယ်ပါလားနော်။

ကျီတွင် ချည်နှောင်ထားသော မြည်းသည်လည်း ပြောပြရန်ခက်ခဲသော ဒုက္ခများစွာကို ခံစားနေရသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ကျွန်းသခင်ရှေ့တွင် အကြိမ်များစွာ အော်မြည်ခဲ့သောကြောင့် ကျွန်းသခင်စိတ်ပေါက်ကာ ‌အော်မြည်သံအား အတင်းအကျပ် ပြောင်းလဲစေခဲ့သည်။ ဤသို့ဖြင့် မြည်း ပါးစပ်ဖွင့်လိုက်တိုင်း တိရစ္ဆာန်အမျိုးမျိုး၏ ထူးဆန်းသောအသံများသာ တစ်ခုပြီးတစ်ခု ထွက်ကျလာကုန်လေသည်။

ငါးစာကျွေးပြီးနောက် ယဲ့ကျွင်းလင်သည် ရေကန်ထဲရှိ ငါးများကိုကြည့်ကာ မျက်ခုံးကိုတွန့်ချိုးလိုက်ပြီး တီးတိုးရေရွတ်လိုက်၏။ "ဒီငါးတွေ ‌တော်တော်အစားကြီးတာပဲ။ နောက်တစ်ခါ ငါးစာများများ ပိုယူလာရမယ်!"

ထိုစကားကို ကြားလိုက်သောအခါ ငါးများအားလုံး မေ့လဲတော့မတတ်ပင်။

ကျွန်တော်တို့ကိုသာ တကယ်ဂရုစိုက်ချင်တယ်ဆိုရင် နောက်ထပ် ငါးစာ မကျွေးပါနဲ့တော့ သခင်ရယ်!

ရုတ်တရက် အထက်မှ ကြည်လင်ပြီး နူးညံ့သောအသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ "ဆရာသခင်၊ ညစာ အဆင်သင့်ဖြစ်ပြီ! အမြန်လာစားပါ!"

"ဪ၊ ထမင်းစားချိန်ပဲ!"

ဝှစ်ခနဲအသံသာကြားလိုက်ရကာ ယဲ့ကျွင်းလင် ယွင်ရှန်းကျွန်းမှ ချက်ချင်းထွက်ခွာသွားခဲ့သည်။ လူငယ်လေး ခြံဝင်းထဲကနေ ထွက်သွားသည်ကို မြင်သောအခါမှ သတ္တဝါအားလုံး သက်ပြင်းချနိုင်လိုက်ကြ၏။

"ဟူး၊ အရသာမရှိလိုက်တာနော်။ ကျွန်းသခင်ယဲ့က ရူးနေတာလား? ဘာတွေ လျှောက်ကျွေးနေတာလဲ"

"အဆိုးဆုံးက သူက အခုဆိုရင် နေ့တိုင်း မနက်၊ နေ့လည်၊ ညစာဆိုပြီး သုံးခေါက်မှန်မှန် လာကျွေးနေတာပဲ။ ငါ ဗိုက်ပြည့်ပြီး အန်ချင်လာပြီ၊ အော့~"

"ဒီဘက်ခေတ်မှာ ငါးဖြစ်ရတာ အရမ်းခက်ခဲတယ်!"

ရေကန်ထဲရှိငါးအုပ်ကြီးက သံပြိုင်ညည်းညူကြသည်။

ကြက်များကလည်း အားမလျှော့တမ်း ညည်းညူလာကြပြန်၏။ "ဒီလောက်နဲ့ ကျေနပ်လိုက်စမ်းပါ။ မင်းတို့က စားရုံပဲ စားရတာ။ ငါတို့က ကြက်စာတွေ စားရုံသာမက ကြက်တိုက်ပွဲလည်း ဖျော်ဖြေပေးရသေးတယ်!"

"ငါးဖြစ်ရတာ ဘာများခက်လို့လဲ"

"ကြက်ဖြစ်ရတာက ပိုခက်တယ်!"

ကျီဘေးနားရှိ မြည်းသည်လည်း ဒေါသဖြင့် ပတပ်ရပ်ကာ ဝင်‌ပြောလာသည်။"ဝုတ် ဝုတ် ဝုတ်! မင်းတို့က ငါ့ထက် ပိုခံစားနေရတာလား။ ငါဆို ကိုယ့်မူရင်းအသံကိုတောင် မေ့သွားပြီ၊ မြောင်!"

သတ္တဝါအားလုံး တိတ်ဆိတ်သွားပြီး မြည်းကို လှည့်ကြည့်လိုက်ကြသည်။

"ရိုးရိုးသားသားပြောရရင် ဒီကိစ္စတစ်ခုကိုတော့ ကျွန်းသခင်ယဲ့ မှန်တယ်လို့ ထင်တယ်!" ကြက်မအိုကြီးက လေးနက်စွာ ထောက်ခံလိုက်သည်။

အခြားသတ္တဝါများလည်း ခေါင်းညိတ်ကာ သဘောတူလာကြ၏။

မြည်းမှာ အလွန်ဒေါသူပုန်ထသွားပြီး စိတ်မထိန်းနိုင်စွာ စတင်အော်မြည်လေတော့၏။ "မင်းတို့ အရမ်းအကျင့်ပုပ်တယ်တယ်။ အချင်းချင်း သနားကြင်နာမှုတောင် မရှိဘူးလား။ ငါက မြည်းစင်စစ်တစ်ကောင်ကွ၊ ငါလည်း ငါ့မာနနဲ့ငါရှိတယ်၊ ကွက် ကွက်!"

ကြက်မအိုကြီးက သရော်တော်တော်ပြန်ပြောသည်။ "တောင်းပန်ပါတယ်၊ ဒီအချက်ကိုတော့ အဘွားကြီးစာနာမပေးနိုင်ဘူး"

"အဲ့လောက်စိတ်ပုပ်လို့ ကြက်ဖြစ်နေတာ!"

မြည်းက မကျေမနပ်ဖြင့် ကျိန်ဆဲလိုက်သည်။

"ဟေ့၊ မင်း ဘယ်သူ့ကို ဆဲနေတာလဲ" ကြက်မအိုကြီးတို့အဖွဲ့ ဒေါသမျက်လုံးများဖြင့် မြည်းကိုဝိုင်းပတ်လာကြသည်။

"အစ်မလျို၊ ခင်ဗျားပဲ ဆုံးဖြတ်ပေးပါ၊ ကျွန်တော် မှားနေတာလား? အူဝူး~!" မြည်းသည် မအောင့်နိုင်ဘဲ ခေါင်းကိုမော့လျက် အော်ဟစ်တိုင်တည်ကာ စကားအဆုံးတွင် ဝံပုလွေအော်သံဖြင့် အဆုံးသတ်လိုက်သည်။

မိုးမခပင်မှာလည်း အဖြစ်အပျက်အားလုံးကို ကြည့်ပြီး ဆွံ့အနေခဲ့မိလေသည်။

လက်ရှိအချိန်တွင်...

အပြင်ဘက်ကမ္ဘာသည် လိုက်မမီအောင် ပြောင်းလဲနေခဲ့ပြီး နေရာတိုင်းတွင် ပြင်းထန်သော ပြိုင်ဆိုင်မှုများရှိနေသော်ငြား သူတို့၏ ကျွန်းသခင်ယဲ့သည်သာ နေ့စဉ်နေ့တိုင်း အေးဆေးတည်ငြိမ်စွာ ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းနေဆဲဖြစ်သည်။

တစ်ခါတစ်ရံ ငါးစာကျွေးသည်၊ တစ်ခါတစ်ရံ ကြက်တိုက်သည်။

ဤကိစ္စနှင့်ပတ်သက်ပြီး မိုးမခပင်လည်း ဆုံးဖြတ်ချက်မချနိုင်ခဲ့ပေ။

ကောင်းကင်တာအို၏ ကောင်းချီးပေးခံ စွမ်းအားရှင်တစ်ပါးအား သူမက ဘယ်လိုများ ဖြစ်သလိုပြောဆိုနိုင်ပါ့မည်နည်း?

"အားလုံးပဲ၊ အကောင်းဘက်ကနေ ကြည့်ပါ။ ဒီအခက်အခဲတွေဟာ ကျင့်ကြံနည်းနောက်တစ်မျိုးလည်း မဖြစ်နိုင်ပေဘူးလား?" မိုးမခပင် အကြောင်းပြချက်တစ်ခုခုကို ဦးနှောက်ခြောက်အောင် စဉ်းစားကာ ကမန်းကတန်း ပြောလိုက်သည်။

ခြံဝင်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့၏။

အပြင်ဘက်တွင် ယဲ့ကျွင်းလင်သည် စုံလင်မွှေးပျံ့သော စားသောက်ပွဲတွင် တပည့်များနှင့်အတူ မြိုင်မြိုင်ဆိုင်ဆိုင် စားသောက်နေသည်။

"အစ်ကိုကြီးဟုန်၊ ဒီနောက်ပိုင်း တစ်ခုခုကို တွေးနေသလိုပဲနော်?" လီဝူကျယ်က ဟုန်ချန်ယဲ့ ကိုကြည့်ကာ စပ်စုစွာ မေးလိုက်သည်။

"မတွေးပါဘူး။"

ဟုန်ချန်ယဲ့က ခေါင်းခါလိုက်သော်ငြား သူ၏မျက်လုံးများတွင် မသိမသာ အရောင်တစ်ချက် လင်းလက်သွားခဲ့သည်။ လီဝူကျယ်ပြောသလို သေချာပေါက် တစ်ခုခုကို တွေးနေခဲ့ခြင်းပင်။

မကြာသေးမီက လီဝူကျယ် ပြောပြခဲ့သည့် မသေမျိုးတောင်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကို ကြားလိုက်ရသောအခါ အလယ်ပိုင်းဒေသရှိ မဟာတာအိုဂိုဏ်းရှစ်ခုနှင့် သူ၏ မပြီးပြတ်သေးသောရန်ငြိုးကို ပြန်လည်အမှတ်ရသွားခဲ့သည်။

မှတ်ဉာဏ်ထဲ စွဲထင်နေဆဲဖြစ်သော ရန်သူတော်များ၏ ရုပ်သွင်က တစ်ယောက်ပြီးတစ်ယောက် သူ၏စိတ်ထဲတွင် ပေါ်လာခဲ့ပြီး လက်စားချေလိုစိတ်ကို ပြင်းပြစေခဲ့သည်။

သူ၏ လက်ရှိခွန်အားဖြင့်သာ အလယ်ပိုင်းဒေသသို့ ပြန်သွားပါက ကမ္ဘာကို တုန်လှုပ်စေမည့် ကြီးကျယ်သော အောင်မြင်မှုကို ရရှိနိုင်မည်မလွဲပေ။

ဒါပေမဲ့ဆရာသခင်ကို ဘယ်လိုရှင်းပြရပါ့မလဲ?

ဟုန်ချန်ယဲ့ ထို့ကြောင့် စိတ်ရှုပ်ထွေးနေခဲ့ခြင်းဖြစ်၏။

ဤဂိုဏ်းသို့ စတင်ဝင်ရောက်ကတည်းက သူ၏မူလဇစ်မြစ်ကို ဖုံးကွယ်ထားခဲ့ရသည်။ ယခုမှ ဤအကြောင်းကို ထုတ်ပြောပြလာပါက ဆရာသခင်က သူ့ကို အတောင်ပေါက်သည်နှင့် တစ်ကိုယ်တော် ထွက်ခွာလိုသူအဖြစ် မြင်သွားမည်ကို သူကြောက်သည်။ တစ်ကိုယ်တော်ခွဲထွက်လိုခြင်းမှာ ဂိုဏ်းတစ်ခုအတွင်း ကြီးမားသော တားမြစ်ချက်သာ ဖြစ်၏။

"ရှောင်ဟုန်၊ တစ်နေရာရာမှာ နေမကောင်းဖြစ်နေတာလား" ယဲ့ကျွင်းလင်က တူကိုချကာ လေးနက်စွာ မေးမြန်းလိုက်သည်။

ဟုန်ချန်ယဲ့ အကြိမ်ကြိမ်စဉ်းစားပြီးနောက် သတ္တိကိုမွေးကာ "ဆရာသခင်၊ ကျွန်တော်..." ဟု စကားစရုံရှိ‌သေးရာတွင်...

"ရေနွေးများများသောက်!"

ပြောစရာရှိတာပြောပြီးနောက် ယဲ့ကျွင်းလင် ဦးခေါင်းကို စားသောက်ပွဲထဲသို့ ပြန်လည်နှစ်မြှုပ်လိုက်သည်။ ရှောင်ရှီ၏ ချက်ပြုတ်စွမ်းရည် ထပ်မံတိုးတက်လာပြန်သည်ကို သူဝန်ခံရပေမည်။ ဝိညာဉ်ထမင်း ကိုပင် အရသာရှိအောင် ချက်ပြုတ်နိုင်သည်မှာ တကယ်ကို အံ့ဩစရာကောင်းလှ၏။

ဟုန်ချန်ယဲ့ "..."

'ရေနွေးများများသောက်' ဆိုတာ ဘာကြီးလဲ!

ထိုအချိန်တွင်...

ဝေးကွာသောကောင်းကင်တစ်နေရာမှ လေမုန်တိုင်းနှင့် မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး ခမ်းနားသော အရှိန်အဝါ ရှိသည့် အစွမ်းထက်ပုဂ္ဂိုလ် အဖွဲ့တစ်ဖွဲ့က အရှေ့ပိုင်းနယ်မြေသို့ ချင်းနင်းဝင်ရောက်လာခဲ့သည်!

စာစဉ်ပြီး၏

All Chapters