ကျင့်ကြံရေးလောက၏ ပြောင်းလဲမှုများ
Vol. 28 Ch. 387
တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားခဲ့သည်။
ခွင်းလွင်နယ်မြေ၏ အတွင်းပိုင်းပတ်ဝန်းကျင်တစ်ခုလုံးသည် တိတ်ဆိတ်စွာ ပြောင်းလဲလာခဲ့တော့၏။
ခွင်းလွင်ကမ္ဘာမြေ၏ ဝိညာဉ်ချီသိပ်သည်းဆသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြင့်တက်လာခဲ့ပြီး အမျိုးမျိုးသော မှော်ရတနာများလည်း တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။ သာမန် ခွေးမြီးမြက်ပင် တစ်ပင်သည်ပင် ဝိညာဉ်ဆေးပင်အဖြစ် ပြောင်းလဲလာနိုင်ပြီး လျှို့ဝှက်နယ်မြေများ၊ မသေမျိုးဂူများ နှင့် ရှေးဟောင်းကျမ်းစာများသည်လည်း ဘယ်ကနေဘယ်လို ပေါ်ထွက်လာကြမှန်းမသိ၊ ရုတ်တရတ် ပေါများကုန်ကြတော့လေ၏။
ကျင့်ကြံရေးလမ်းကြောင်းအတွက် စိတ်ကူးမယဉ်နိုင်လောက်သော အခွင့်အလမ်းများစွာ ပေါ်ပေါက်လာခဲ့ရာ အဆင့်နိမ့်ကျင့်ကြံသူများပင်လျှင် ၎င်းတို့နှင့်သက်ဆိုင်သော ဆုလာဘ်များကို ရှာဖွေရရှိလာနိုင်ခဲ့ကြသည်။
တစ်ချိန်က ရှားပါးခဲ့သော ရှားပါးဝိညာဉ်သွေးကြောများနှင့် ဝိညာဥ်မိုင်းတွင်းများသည်လည်း ယခုအခါ အများအပြား တိုးပွားလာခဲ့ပြီး ဒဏ္ဍာရီလာ မသေမျိုးသွေးကြောများဖြင့် မသေမျိုးချီဓာတ်ပြည့်ဖြင့် ပေါ်ပေါက်လာကာ ကျင့်ကြံသူတို့၏ အဆင့်တက်ခြင်းကို လျင်မြန်အောင် ပံ့ပိုးကူညီပေးလာကြတော့၏။
"ဒါက ကောင်းကင်ဘုံက ငါတို့အတွက်ပေးတဲ့ လက်ဆောင်များလား"
"ဘုရားရေ၊ ငါ အိပ်ရာနိုးလာတော့ မသေမျိုးနယ်မြေဆီရောက်နေပြီလို့တောင် ထင်ခဲ့တာ"
"ရွှေရောင်ခေတ်က စတင်နေပြီ! အားလုံးပဲ၊ အကြီးစားတာအိုအဆင့်တစ်ခုမှာ ပြန်တွေ့ကြမယ်!"
"ငါ လယ်မလုပ်တော့ဘူး! ကျင့်ကြံရေးလမ်းကြောင်းမှာ အသက်ကိုရင်းပြီး ကမ္ဘာသစ်တစ်ခု ဖန်တီးဖို့ သွားတော့မယ်!"
ဤကဲ့သို့ မကြုံစဖူးသော ကျင့်ကြံရေးသယံဇာတများသည် ခွင်းလွင်နယ်မြေ ရှိ လူတိုင်းကို အံ့အားသင့်စေခဲ့သည်။ သူတို့၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး အခွင့်အရေး တစ်ခုမျှ လက်လွှတ်မိကာ နောက်ကျကျန်ခဲ့ရမည်ကို စိုးကြောက်သဖြင့် တစ်ထောက်မျှပင် မရပ်နားရဲလှပေ။
သက်ကြီးပိုင်း ကျင့်ကြံသူတစ်ဦးက သက်ပြင်းချလိုက်ပြီး ဆိုသည်။ "ဒါဟာ အကောင်းဆုံးအချိန်ကာလလည်း ဖြစ်တယ်၊ အဆိုးဆုံးအချိန်ကာလဆိုလည်း မမှားဘူး"
ကျင့်ကြံရေး ပတ်ဝန်းကျင်ပြောင်းလဲမှုများသည် ကျင့်ကြံသူတို့ ပိုမိုအားကောင်းလာစေရန် အခွင့်အလမ်းများစွာ ယူဆောင်လာခဲ့သော်လည်း ၎င်း၏ နောက်ဆက်တွဲရလဒ်မှာ ပိုမိုပြင်းထန်သော ပြိုင်ဆိုင်မှုပင် ဖြစ်ပေသည်။
လူတိုင်းသည် ပင်လယ်ပြင်တွင် လှိုင်းနှင့်လေကို စီး၍ ရွက်လွှင့်နေသော လှေတစ်စင်းကဲ့သို့ အစဥ်အမြဲ သတိကြီးကြီးထားနေရကာ အနည်းငယ်မျှ ခြေလက်ချော်ချွတ်မိပါက လှေပျက်စီးပြီး မိမိအားမှီခိုသူအပေါင်းပါ အကုန်သေဆုံးရပေမည်။
ဤကာလအတွင်း မိုးရာသီ ဝါးပင်နုများ တစ်တောလုံးအနှံ့ ပေါက်ရောက်လာသကဲ့သို့ နေရာတကာတွင် ကြယ်ပွင့်များစွာ ထွန်းတောက်ထွက်ပေါ်ခဲ့ပြီး ရာထူးကြီး အင်အားကြီးပုဂ္ဂိုလ်များ၏ အကျိုးစီးပွားများကိုပါ စိန်ခေါ်နိုင်လာကြသည်။ စီရင်စုကြီးငါးခုတွင် အင်အားစုအဟောင်းများနှင့် အသစ်များကြား ရင်ဆိုင်တိုက်ခိုက်မှုများနှင့် ရာထူးဆက်ခံလွှဲပြောင်းခြင်းများ အဆက်မပြတ် ဖြစ်ပေါ်နေခဲ့သည်။
ကျင့်ကြံသူများစွာသည် အရင်းအမြစ်များကို ရယူသိမ်းပိုက်ရန် အသည်းအသန် တိုက်ခိုက်နေကြရပြီး ရောင်းရင်းအချင်းချင်းကြား သေလုမြောပါး ရန်ဖြစ်ကြခြင်းမှာလည်း သာမန်ကိစ္စတစ်ခုလို ဖြစ်လာခဲ့သည်။
"ယောက်ျားရယ်၊ ထပ်ပြီး မရုန်းကန်ပါနဲ့တော့၊ အသက်က ပိုအရေးကြီးတယ်" ဝါးတောတစ်ခုထဲတွင် ကလေးတစ်ယောက်ကို ပွေ့ပိုက်ထားသော လှပသည့် နန်းတော်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးက သူမဘေးနားရှိ အရပ်မြင့်မြင့် အလယ်အလတ်အရွယ်အမျိုးသားကို ဝမ်းနည်းဆို့နင့်စွာ တောင်းပန်နေခဲ့သည်။
"မရဘူး၊ အခုချိန်မှာသာ ငါတို့ လက်လျှော့လိုက်မယ်ဆိုရင် ကျင့်ကြံရေးကမ္ဘာမှာ ငါတို့ပဲ နောက်ကျကျန်ရစ်လိမ့်မယ်" အလယ်အလတ်အရွယ်အမျိုးသားက နှုတ်ခမ်းများဖြူဖျော့နေလျက် မကျေမနပ် တုံ့ပြန်လိုက်သည်။
ဇနီးမောင်နှံ နှစ်ဦးစလုံးသည် ခန္ဓာပေါင်းစည်းခြင်း ကျင့်ကြံဆင့်တွင် ရှိနေကြသူများဖြစ်၏။ ခွင်းလွင်နယ်မြေတွင် ကြီးမားသော ပြောင်းလဲမှုများ မဖြစ်ခင်က သူတို့သည် မိသားစုကြီးများ သို့မဟုတ် ကျောင်းတော်ကြီးများတွင် စီမံကွပ်ကဲမှူးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရာမှ လစာကောင်းကောင်းရခဲ့သော ဝန်ထမ်းများဖြစ်ခဲ့ကြသည်။
သို့သော်လည်း အချိန်များ ပြောင်းလဲလာသည်နှင့်အမျှ ပိုမိုများပြားသော ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများ ပေါ်ပေါက်လာပြီး သူတို့၏အလုပ်အကိုင်ကို လာရောက်လုယူကုန်ကြတော့သည်။ ဤသို့ဖြင့် လစာများမှာလည်း ပိုမိုနည်းပါးလာခဲ့ပြီး ဝန်ထမ်းများကြား အလွန်အမင်း ယှဥ်ပြိုင်မှုပြင်းထန်လာခဲ့၏။
ပင်လယ်တွင် လှိုင်းအသစ်များ ပေါက်ဖွားလာသည့်အခါ လှိုင်းအဟောင်းများက ကမ်းခြေသို့ တွန်းပို့ခံရကာ သဲသောင်ပြင်တွင် ထိရိုက်သေဆုံးကြရိုးပင်။
မျှော်လင့်မထားသည်မှာ လှိုင်းအဟောင်းတို့အဖွဲ့ အသင့်မပြင်ရသေးချိန်တွင် နောက်မှလိုက်လာသော လှိုင်းအသစ်များ၏ တဟုန်ထိုးတိုးတက်မှုထံမှ ခြိမ်းခြောက်ခံခဲ့ရသည်။ မိမိ၏အလုပ်တွင် ဝါရင့်တစ်ဦးဖြစ်သည့် ထိုအမျိုးသားကတော့ လုံးဝမကျေနပ်နိုင်ခဲ့ချေ။ ထို့ကြောင့် သူသည် ကျင့်ကြံဆင့်တိုးတက်ရန်နှင့် အလုပ်အကိုင် ပိုမိုကောင်းမွန်ရန် ထိုအပြိုင်အဆိုင် ကျင့်ကြံမှုရေစီးကြောင်းကြီးထဲ ခုန်ဆင်းလိုက်တော့လေ၏။
လွန်ခဲ့သော ရက်ပိုင်းလေးကတင် ထိုအမျိုးသားသည် မသေမျိုးဂူ အသစ်တစ်လုံးကို ရှာဖွေတွေ့ရှိခဲ့ပြီး သူ့အတွက် အခွင့်အရေး ရောက်ရှိလာပြီဟု ကောက်ချက်ချခဲ့သည်။ သို့သော် သူ မဝင်ရောက်ရသေးခင်မှာပင် ရောက်ရှိလာသည့် တခြားလူအုပ်စုများစွာ၏ တိုက်ခိုက်နှိမ်နင်းမှုကို ခံခဲ့ရ၏။
ပြင်းထန်သော တိုက်ပွဲအလယ်တွင် ထိုအမျိုးသားသည် ကံမကောင်းစွာဖြင့် ဒဏ်ရာကြီးစွာရခဲ့ပြီး သနားစရာအခြေအနေဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့ရ၏။ ရန်သူများ လိုက်လံနှောင့်ယှက်မည်ကို ကြောက်ရသဖြင့် တောတောင်များထဲတွင် ပုန်းအောင်းကာ အနားယူခဲ့ရသည်။ ဤရက်ပိုင်းအတွင်း ပြန်လည်နာလန်ထူလာချိန်တွင် ထပ်မံထွက်ခွာဖို့ ပြင်ဆင်ပြန်လေတော့၏။
သို့သော်လည်း ဇနီးသည်မှာ မတော်တဆတစ်ခုခု ဖြစ်ပွားဦးမည်ကို စိုးထိတ်လှသဖြင့် ကလေးကို ပွေ့ထားရင်း အသည်းအသန် မျက်ရည်ခံထိုး တောင်းပန်ကာ ခင်ပွန်းဖြစ်သူကို မရရအောင် တားဆီးရန် ကြိုးစားခဲ့သည်။
ခင်ပွန်းဖြစ်သူ၏ စကားကို ကြားလိုက်ရသည့်အခါ နန်းတွင်းဝတ်စုံဝတ် အမျိုးသမီးသည် ညှိုးငယ်ပူဆွေးစွာဖြင့် ထပ်ဖျောင်းဖျလာသည်။ "ကျွန်မ ရှင့်အတွေးကို နားလည်ပါတယ်။ ဒါပေမဲ့ အပြင်လောကရဲ့ ပြိုင်ဆိုင်မှုက အခုဆို အရမ်းပြင်းထန်နေပြီ။ ခန္ဓာပေါင်းစည်းခြင်းအဆင့်ဟာ အရင်လို အစွမ်းထက်တဲ့အဆင့်မဟုတ်တော့ဘူးရှင့်။ ရှင် အန္တရာယ်ဖြစ်မှာကို ကျွန်မ ကြောက်တယ်။ ကျွန်မတို့ တောင်တွေထဲမှာ ပုန်းခိုနေပြီး ကလေးကို အရင်ပြုစုပျိုးထောင်ဖို့ မကောင်းဘူးလား"
အမျိုးသားက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။ "ဒီလိုခက်ခဲတဲ့ အခြေအနေမျိုးမှာ အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ ဘယ်လိုလုပ် လက်လျှော့နိုင်မှာလဲ"
"ငါတို့ကလေး ပြိုင်ပွဲမစခင်ကတည်း ရှုံးနိမ့်သွားတာမျိုး မြင်ချင်လို့လား"
စကားဆုံးသည်နှင့် အမျိုးသားသည် လေပေါ်ခုန်တက်ကာ အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ယံတွင် ပျောက်ကွယ်သွားခဲ့သည်။
"ယောက်ျား၊ ကျွန်မတို့ ရှင် ပြန်လာမယ့်အချိန်ကို စောင့်နေပါ့မယ်!" အမျိုးသမီးမှာ မျက်ရည်များဖြင့် ကျန်ရစ်ခဲ့ရလေ၏။
ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများပင်လျှင် ဤကဲ့သို့သော ခက်ခဲသည့် အခြေအနေမျိုးများနှင့် ရင်ဆိုင်ရလိမ့်မည်ဟု သူမ မထင်မှတ်ခဲ့ပေ။
ယှဉ်ပြိုင်မှုက အလွန်အမင်း ပြင်းထန်လွန်းသည်။
ဂိုဏ်းအငယ်စား တစ်ခုတွင်...
အတွေ့အကြုံရှိသော ဝိညာဉ်ဆေးပင် စိုက်ပျိုးသူတစ်ဦးကို အကြီးအကဲတစ်ဦးမှ အလုပ်ထုတ်ကြောင်း အကြောင်းကြားခဲ့သည်။ ဆေးပင်စိုက်ပျိုးသူသည် သတင်းဆိုးကြောင့် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားခဲ့ရပြီး လုံးဝလက်မခံနိုင်ဖြစ်နေခဲ့သည်။
"ဘာဖြစ်လို့လဲ။ ကျွန်တော့် တစ်လစာက အလယ်အလတ်အဆင့်ဝိညာဉ်ကျောက်စိမ်း ငါးသောင်းပဲရှိပြီး ကျင့်ကြံဆင့် ဝိညာဥ်သန္ဓေအဆင့်ကိုရောက်နေပြီ။ ဒီလိုကောင်းမွန်တဲ့ အခြေအနေမှာ ကျွန်တော့်ကို အလုပ်ထုတ်ချင်သေးတာလား။ ကျွန်တော် ငြင်းတယ်!" ချင်ယိနန်က မကျေမနပ်ပြောလိုက်သည်။
အကြီးအကဲက သူ့ကိုစောင်းကြည့်ကာ ဆိုသည်။ "ဝိညာဉ်ဆေးပင်စိုက်ပျိုးသူအသစ်က ရောက်တောင်လာပြီ။ သူ့ ကျင့်ကြံဆင့် ဝိညာဉ်အဆင့်တက်ခြင်းမှာ ရှိပြီး လစာက အလယ်အလတ်အဆင့်ဝိညာဉ်ကျောက်စိမ်း သုံးသောင်းပဲ လိုအပ်တယ်။ အရူးတောင် ဘာကိုရွေးရမှန်း သိနိုင်တာပဲ"
"ဘာ!"
"အမြန်ထွက်သွားတော့၊ မျက်စိကိုနောက်တယ်"
"အာ..."
ချင်ယိနန် စိတ်ပျက်လက်ပျက်ဖြင့် ထွက်သွားခဲ့ရသည်။ သူ မထွက်ခွာမီတွင် မလှမ်းမကမ်းမှ ရန်ဖြစ်သံကို ကြားလိုက်ရသေး၏။
"အကြီးအကဲ၊ ကျွန်တော့်လစာက လတိုင်းလျော့နေတယ်။ လက်အောက်ငယ်သားဆိုတိုင်း အနိုင်ကျင့်ချင်နေတာလား"
"ဟဲဟဲ၊ မင်းလို အဆင့်အတန်းမျိုးနဲ့ သားရဲလေ့ကျင့်သူတွေ အခု အပြင်မှာ အများကြီးရှိတယ်။ ဂိုဏ်းက မင်းကို ဆက်ထားသေးတာတောင် မင်းပျော်နေသင့်ပြီ!"
"မင်းဖင်ကိုပဲပျော်လေ၊ ငါအလုပ်ထွက်ပြီ!"
"ဟမ့်၊ မင်း မလုပ်ဘူးဆိုရင်တောင် လုပ်မယ့်သူတွေ အများကြီးရှိတယ်။ ထွက်သွား!"
ရန်ပွဲ အဆုံးသတ်သွားခဲ့သည်။
ချင်ယိနန်သည် မီးခိုးရောင်ဝတ်စုံ ဝတ်ထားသော အမျိုးသားတစ်ဦး ဒေါသတကြီး ထွက်လာသည်ကို တွေ့လိုက်ရသည်။ သူတို့နှစ်ဦး၏ မျက်လုံးများ ဆုံမိသောအခါ အနည်းငယ် ရှက်ရွံ့သွားမိကြ၏။
"ရောင်းရင်း၊ ခင်ဗျားရော အတူတူပဲလား..."
"ရွေးချယ်စရာမရှိဘူး၊ ဒါက လက်ရှိလူတိုင်းဖြစ်နေတဲ့ ပြဿနာပဲလေ"
"ဟုတ်ပါ့ဗျာ၊ ကျွန်တော်ထက် ကျင့်ကြံမှု ပိုမြင့်တဲ့သူတွေက လစာနည်းနည်းလေးပဲတောင်းပြီး ကျွန်တော့်အလုပ်ကို လာလုယူနေကြပြီ။ ဒီဘက်ခေတ်ကိုတော့ တကယ် လိုက်မမီတော့ပါဘူး!"
"ရိုးရိုးသားသားပြောရရင်တော့ ကျွန်တော် တကယ်ကို အိမ်ပြန်အိပ်ပြီး လက်လျှော့လိုက်ချင်နေပြီ!"
သူတို့၏ ကြေကွဲစရာအတွေ့အကြုံများမှာ လက်ရှိ ကျင့်ကြံရေးကမ္ဘာ၏ နမူနာပုံစံငယ်လေး တစ်ခုလိုသာဖြစ်၏။
အကောင်းဆုံးအချိန်ကာလသည် အဆိုးဆုံးအချိန်ကာလဆိုလည်း မမှားပါပေ။
အရှေ့ပိုင်းစီရင်စုတွင်...
အချိန်ကြာလာသည်နှင့်အမျှ အမျိုးမျိုးသော တာအိုနယ်မြေများတွင် မရေမတွက်နိုင်သော ထူးခြားမှုများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
မြေငလျင်လှုပ်သကဲ့သို့ တဝုန်းဝုန်းတိုက်ပွဲသံများက အရပ်မျက်နှာအစုံမှ ပဲ့တင်ထပ်နေခဲ့သည်။
တိမ်တိုက်များ ဖုံးလွှမ်းနေသော မသေမျိုးတောင်များစွာသည် အပြင်လောကသို့ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့ကြသည်။ နတ်နဂါးကြီးများ ကောင်းကင်ကိုးခု အထက်တွင် လှည့်ပတ်နေသကဲ့သို့ မြင့်မားသိပ်သည်းကာ တောက်ပသော ရောင်ခြည်များမှာ ပေသောင်းချီအထိသက်ရောက်နိုင်လောက်အောင် တောက်ပထွန်းလင်းနေခဲ့လေသည်။
ရင်သပ်ရှုမောဖွယ်မြင်ကွင်းတစ်ခုပင်။
အရေအတွက် တစ်သောင်းသော မသေမျိုးတောင်များ အတူတကွ ပေါ်ပေါက်လာခဲ့သည်။
"ဘုရားရေ၊ အထဲမှာ မှော်ရတနာတွေ အများကြီးရှိရမယ်!"
"ကောင်းကင်ဘုံက ကျွန်တော်တို့ အရှေ့ပိုင်းစီရင်စုကို ကောင်းချီးပေးပါစေ! သက်ရှိသတ္တဝါအားလုံးကို ကောင်းချီးပေးပါစေ!"
"မြန်မြန်၊ မြန်မြန်၊ အတွင်းထဲဝင်ပြီး ကြည့်ကြစို့!"
"ချီတက်ကြ!!!"
တစ်သောင်းသော မသေမျိုးတောင်များ ရုတ်တရက် ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသည့်အခါ အရှေ့ပိုင်းနယ်မြေမှ ကျင့်ကြံသူအားလုံး ၎င်းတို့ကို စူးစမ်းရန် အပြေးအလွှား သွားခဲ့ကြသည်။ ခြေတစ်လှမ်းသာ နောက်ကျသွားပါက အကောင်းစားမှန်သမျှ ပြောင်စင်အောင်လုယူခံရပြီးသာ ဖြစ်ပေမည်။
မကြာမီပင် တစ်ခုခုက လွဲမှားနေခဲ့သည်ကို စတင်သိရှိလာခဲ့ကြသည်။ တစ်သောင်းသော မသေမျိုးတောင်များသည် အပြင်ပန်းတွင် ကျယ်ပြောနက်နဲပုံရသော်လည်း နေရာအများစုကို နက်နဲသောစွမ်းအား တစ်ဆင့်စီက ပိတ်ဆို့ထားသဖြင့် ဝင်ရောက်ရန် မဖြစ်နိုင်ပေ။
သို့သော် ဝင်ရောက်နိုင်သော နေရာများတွင် ပါဝင်သည့် ကျင့်ကြံမှုအရင်းအမြစ်များက ကျင့်ကြံသူတို့ စိတ်လွတ်သကဲ့သို့ အော်ဟစ်ပျော်မြူးအောင် လုပ်နိုင်စွမ်းရှိပါပေသည်။
မျက်လုံးများက စိတ်အားထက်သန်မှုဖြင့် တောက်ပနေကြလျက်။
"အား..."
ထိုအချိန်တွင် မသေမျိုးတောင်၏ အပြင်ဘက်မှ အော်သံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။ ကျင့်ကြံသူများ အများအပြားကို ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက လှုပ်ခါလိုက်သလို ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့ကာ မျက်စိတစ်မှိတ်အတွင်း သွေးမှုန်သွေးစများမှလွဲ၍ ဘာမှမကျန်ရှိခဲ့။
မြင်ကွင်းသည် ကြောက်မက်ဖွယ်ကောင်းလှ၏။