← Chapters

နတ်ဘုရား စက်ဝန်း နဝမ အသွင်ပြောင်းခြင်း

Vol. 10 Ch. 989

နတ်ဘုရား စက်ဝန်း နဝမ အသွင်ပြောင်းခြင်း

Vol. 10 Ch. 989

ရှေးဟောင်း ကျူးဝမ်မြို့...

ထိုမြို့တော်ကား ‌ရှေးဟောင်း ကျူးဝမ်လူမျိုးများ နောက်ဆုံး အခြေစိုက်ခဲ့သော မြို့ဖြစ်သည်။ ၎င်းသည် ပေ့ဟန်နယ်၏ မြောက်ဘက် အစွန်ဆုံးနေရာ၊ မြောက်ပင်လယ် အနားတွင် တည်ရှိသည်။ ထိုနေရာကား မူလအားဖြင့် မြေရိုင်းနယ်မြေ တစ်ခု ဖြစ်သည်။ ပေ့ဟန်နယ်၏ ကျင့်ကြံသူများ ပင်လျှင် ဝိညာဥ်ချီ အလွန် ရှားပါးသော ထိုနေရာသို့ သွားရောက်ရန် ဆန္ဒ မရှိကြချေ။

သို့သော်လည်း ချန်းဖန်သည် ဝိညာဥ်ကြောများကို စုစည်းကာ ထိုနေရာအား ကျင့်ကြံခြင်း ကောင်းကင်ဘုံ တစ်ခု အဖြစ် ပြောင်းလဲပစ်ခဲ့သည်။ ထိုအချိန်မှ စ၍ ရှေးဟောင်း ကျူးဝမ်မြို့မှာ အလွန် စည်ကားသိုက်မြိုက် လာခဲ့သည်။

သို့‌သော်လည်း ယနေ့တွင်မူ ရှေးဟောင်း ကျူးဝမ်မြို့ တစ်ခုလုံးမှာ တိတ်ဆိတ်နေ၏။ ကျူးဝမ် မျိုးနွယ်ဝင်များ အားလုံးသည် ရွှေရောင် သံချပ်ကာကို ဆင်မြန်းထားကာ ကောင်းကင်၌ ရပ်နေသည့် တောင်တန်း အင်ပါယာ၏ ဗိုလ်ချုပ်ကို မော့ကြည့်နေကြသည်။

တောင်တန်း အင်ပါယာ...

ထိုထျန်းဟောင်ဂြိုဟ်၏ အုပ်စိုးသူဂိုဏ်းကြီးကား လွန်ခဲ့သည့် နှစ်ထောင်ဂဏန်း၌ တစ်ခါ ပေါ်လာခဲ့ကာ ကျူးဝမ်မျိုးနွယ်တို့၏ ဂုဏ်သရေ အလုံးစုံကို ယူဆောင်သွားခဲ့ဖူးသည်။ ယခုတွင်လည်း ကျူးဝမ်မျိုးနွယ် ထွန်းတောက်ရန် အရှိန်ယူတုန်းမှာပင် သူတို့က နောက်တစ်ခါ ထပ်ပေါ်လာခဲ့သည်။

အမိန့်အား ကြားကြားချင်းပင် မဟာ အကြီးအကဲက တောင်ဝှေးကို မြှောက်၍ မြေပြင်ပေါ် စောင့်ချလိုက်၏။

“ငါတို့ ကျူးဝမ်တွေ အညံ့မခံနိုင်ဘူးကွ...”

မှန်ပေသည်။ ကျူးဝမ်မျိုးနွယ်များသည် အညံ့ခံလိမ့်မည် မဟုတ်ချေ။ မဟာ အကြီးအကဲ အပါအဝင် ကျင့်ကြံသူ တစ်ယောက်ချင်းစီသည် ခေါင်းကို မော့ကာ ရင်ဘတ်အား ကော့ထားကြ၏။

အဘယ်ကြောင့်နည်း။ ကျူးဝမ် မျိုးနွယ်၏ သေခြင်း၊ ရှင်ခြင်းကို အဘယ်ကြောင့် တောင်တန်း အင်ပါယာက ဆုံးဖြတ်ရသနည်း။ အဘယ်ကြောင့် သူတို့က ကောင်းကင်အရှင်များကို သူတို့၏ အရှေ့၌ ဒူးထောက်စေလို သနည်း။ အဘယ်ကြောင့် သူတို့က ကျူးဝမ် မျိုးနွယ်များကို ကျိန်စာတိုက်ကာ ကျေးကျွန်များ အဖြစ် ပြောင်းလဲ ပစ်ခဲ့ရသနည်း။

“ငါတို့ ကျူးဝမ်တွေက ဘာအပြစ်လုပ်မိလို့လဲ... ဘာလို့ မင်းတို့က ကျူးဝမ်မျိုးနွယ်တွေကို အလွတ် မပေးရတာလဲ... ငါတို့ ဘိုးဘေးက မင်းတို့ မျက်နှာပေါ် ချေးတက်ပါခဲ့လို့လားကွ”

အကြီးအကဲလဲ့က မခံမရပ်နိုင်စွာ အော်ဟစ်လိုက်၏။

“ဟမ့်...”

ရွှေရောင် သံချပ်ဝတ် ဗိုလ်ချုပ်က ဘာမှ ပြန်မပြောပဲ လက်တစ်ဖက်ကိုသာ ဝှေ့ယမ်းလိုက်သည်။

“ဘုန်း...”

အဆင့် ၅ ရွှေအမြုတေကို ပိုင်ဆိုင်ထားသည့် အကြီးအကဲလဲ့မှာ မြေပြင်ပေါ် လဲပြိုကျသွား၏။ သူသည် ဓမ္မ စွမ်းအား အလုံးစုံကို ထုတ်ဖော် ခုခံခဲ့သည့်တိုင် တစ်ခဏ အတွင်းမှာပင် သူသည် ရွှေအမြုတေနှင့် နတ်ဘုရား စိတ်ဝိညာဥ် နှစ်ခုစလုံး ဖျက်ဆီးခံရကာ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

“တောင်တန်း အင်ပါယာကို ဆန့်ကျင်တဲ့ ဘယ်သူမဆို သူ့လိုပဲ အဆုံးသတ်ရမယ်...”

ရွှေရောင် သံချပ်ဝတ် ဗိုလ်ချုပ်က ကျူးဝမ် မျိုးနွယ်ဝင် အားလုံးအား ပုရွက်ဆိတ်များ ကဲ့သို့ အထင်သေး စက်ဆုပ်စွာ ကြည့်ရင်း ပြောလိုက်သည်။

“ ... “

ရှေးဟောင်း ကျူးဝမ် တစ်မြို့လုံးမှာ တိတ်ဆိတ်သွား၏။ မည်သူမျှ စကားတစ်ခွန်းပင် မဆိုရဲတော့ချေ။ သူတို့သည် ရဲရဲနီနေသော မျက်လုံးများဖြင့် တောင်တန်း အင်ပါယာ ဗိုလ်ချုပ်ကို ကြည့်ကြရန်သာ တတ်နိုင်ကြတော့သည်။

တစ်ခဏ ကြာပြီးနောက် ...

ချင်လော့က သူ၏ ဓားကို ဆွဲထုတ်ကာ ရွှေရောင် ဝတ်စုံဝတ် ဗိုလ်ချုပ်ထံ တိုးဝင်သွား၏။

ထိုနေ့၌...

ကျူးဝမ် မျိုးနွယ်ဝင် ကျင့်ကြံသူ ၁၇၃၆ သည် တောင်တန်း အင်ပါယာကို ခုခံ တိုက်ခိုက်ခဲ့ကြသည်။ မူလ အဆင့်နှင့် အထက် ကျင့်ကြံသူ ၉၉ ရာခိုင်နှုန်းသည် ထိုတိုက်ပွဲ၌ ပါဝင်ခဲ့ကြသည်။ တိုက်ပွဲအပြီး၌ မဟာ အကြီးအကဲမှ အပ ချင်လော့ အပါအဝင် အကြီးအကဲ အားလုံးသည် ‌ရွှေရောင် ဝတ်စုံဝတ် ဗိုလ်ချုပ်၏ လက်အောက်၌ ကျဆုံးခဲ့ရလေ၏။

ထိုသတင်းကို ကြားပြီးနောက် လူတိုင်းမှာ ဆွံ့အ သွားကြလေသည်။ နှစ်ထောင်ချီ ကြာပြီးနောက် တောင်တန်း အင်ပါယာနှင့် ကျူးဝမ်မျိုးနွယ်တို့ အကြားရှိ တိုက်ပွဲက သမိုင်းတစ်ပတ်လည်ခဲ့လေသလော။

“ရှောင်လွှဲလို့ မရတော့ဘူး... တောင်တန်း အင်ပါယာနဲ့ သူတို့ အကြားက တိုက်ပွဲဟာ ‌နောက်ဆုံး ထွက်သက်အထိ ပြင်းထန်လိမ့်မယ်”

ဝူမိသားစု ဘိုးဘေးက သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ပိတ်လိုက်၏။ သူသည် ထိုဇာတ်သိမ်းကို မမြင်ချင်ခဲ့သော်လည်း နောက်ဆုံး၌ ထိုအရာက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိ လာခဲ့သည်။ သူသည် သာမန် ဆေးပညာ အစည်းအရုံးဝင် တစ်ယောက် အဖြစ်မှ ကောင်းကင်အရှင်ချန်း အဖြစ် တဖြည်းဖြည်း မြင့်တက်လာသော ချန်းပေ့ရွှမ်းကို ပြန်လည် မြင်ယောင်နေမိ၏။

ထိုနေ့တွင်ပင် ဝူဝမ်တင်က အမိန့်တစ်ခုကို ထုတ်ပြန်ခဲ့၏။ ထိုအမိန့်ကား မျိုးဆက် ဝူချင်းယန် ဝူမိသားစု ပိုင်နက် အပြင်ဘက်သို့ ခြေတစ်လှမ်းပင် မထွက်စေရ ဟူ၍ပင်။

...

“နှမြောစရာကောင်းလိုက်တာ...”

ကောင်းကင်အရှင် ရှင်းတုက သက်ပြင်းတစ်ချက် ချလိုက်သည်။ သူသည် ဝမ်မိသားစု၏ ဘိုးဘေး တစ်ယောက် ဖြစ်ပြီး ယခုမှ အခြားနယ် တစ်ခုမှ ပြန်လည် ရောက်ရှိလာခြင်း ဖြစ်သည်။ သူသည် ပထမ၌ ချန်းပေ့ရွှမ်းနှင့် ဆက်ဆံရေးကောင်း တစ်ခု တည်ဆောက်ရန် တွေးတောထားခဲ့သော်လည်း သတင်းများကို ကြားပြီးနောက်တွင်မူ စိတ်ပြောင်းသွားခဲ့ပြီ ဖြစ်လေသည်။

“ချန်းပေ့ရွှမ်း မရှုံးလောက်ဘူးလို့ ကျွန်တော် ထင်တယ်... တောင်တန်း အင်ပါယာက ပြန်လည် မွေးဖွားခြင်းဂိုဏ်းထက် ပိုပြီး အင်အားကြီးမယ် မထင်ဘူး”

ဝမ်ရွှမ်လုံက ပြောလိုက်သည်။

“မင်း နားမလည်ပါဘူး...”

ဘိုးဘေး ရှင်းတုက ခေါင်းအား ဖြည်းညင်းစွာ ခါယမ်းလိုက်၏။ ကောင်းကင်အရှင် အဆင့်အောက်မှ ကျင့်ကြံသူများသည် တောင်တန်း အင်ပါယာ မည်မျှ အစွမ်းထက်သည်ကို နားလည်လိမ့်မည် မဟုတ်ချေ။ သူတို့ကား ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် တစ်ယောက်ကို ပိုင်ဆိုင်ခဲ့သည့် ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်သည်။ အတိတ်၌ သူတို့ ပိုင်ဆိုင်ထားသော အဆောင်တစ်ခုကပင်လျှင် မိုးကြိုး ကောင်းကင်နယ် တစ်ခုလုံးကို ပြာကျစေခဲ့သည်။

ချန်းပေ့ရွှမ်း မည်မျှ အစွမ်းထက်ပါစေ မိုးကြိုးကောင်းကင်ဂိုဏ်း ငါးခုထက် ပို၍ အစွမ်းထက်ပါမည်လား။

အချိန်ကာလသည် တဖြည်းဖြည်း စီးဆင်းနေခဲ့လေ၏။ သုံးလကား ကြာမြင့် သွားခဲ့ပြီ ဖြစ်သည်။ ထိုအခိုက်အတန့်၌ ချန်းဖန်သည် ကျင့်ကြံခြင်း၏ အရေးကြီးဆုံးသော အခိုက်အတန့် တစ်ခုတွင် ရောက်ရှိ နေခဲ့လေ၏။

ချန်းဖန်သည် “တာတာအို မီးပြင်းဖိုကျမ်း” ကို အောင်မြင်ပြီးနောက် ကောင်းကင် ပန်းချီ ဆယ့်နှစ်ခု ကျင့်စဥ်၏ စတုတ္ထနှင့် ပဥ္စမ ပန်းချီတို့ကို ဆက်လက် ကျင့်ကြံခဲ့သည်။ ထိုပန်းချီများသည် နတ်ဘုရား စက်ဝန်း၏ သတ္တမနှင့် အဌမမြောက် အသွင်ပြောင်းခြင်းများ ဖြစ်လာခဲ့၏။

ချန်းဖန် ကျင့်ကြံသည့် ကျင့်စဥ်များ အနက် “ကောင်းကင်ပန်းချီ ဆယ့်နှစ်ခု” ကျင့်စဥ်မှာ အလျှို့ဝှက် အဆန်းကြယ်ဆုံး ဖြစ်သည်။ ချန်းဖန် ပင်လျှင် ၎င်း၏ ဇစ်မြစ်ကို မခန့်မှန်းနိုင်ခဲ့ချေ။ ထိုအရာက ရှေးဟောင်းခေတ်များမှ နတ်ဘုရားများ ကျင့်ကြံခဲ့သည့် ကျင့်စဥ် တစ်ခုဟုသာ အကြမ်းအားဖြင့် ယူဆနိုင်ခဲ့သည်။

သို့သော်လည်း သေချာသည့် အရာ တစ်ခုကား ကောင်းကင် ပန်းချီများမှာ အဆမတန်သော ရင်းမြစ်များကို လိုအပ်ခြင်းပင်။ နောက်ဆုံး ကောင်းကင် ပန်းချီ သုံးခု ဆိုလျှင် စကြဝဠာ တစ်ခုလုံးရှိ ရင်းမြစ် စုစုပေါင်း၏ တစ်ဝက်အထိ လိုအပ်ပေသည်။

စတုတ္ထနှင့် ပဥ္စမမြောက် ကောင်းကင် ပန်းချီများကို အောင်မြင်ပြီးနောက် ချန်းဖန်သည် ကောင်းကင် ပန်းချီ ဆယ့်နှစ်ခု ကျင်စဥ် မည်မျှ အစွမ်းထက်ကြောင်းကို တဖြည်းဖြည်း ခံစားမိလာခဲ့သည်။ ထိုကျင့်စဥ်တွင် ကောင်းကင်ပန်းချီ တစ်ခုသည် မူလ အောင်မြင်ပြီးသား ပန်းချီများ၏ အစွမ်းကိုပါ တိုးမြှင့်ပေးနိုင်စွမ်း ရှိသည်။ ဥပမာ ဆိုရလျှင် ရွှမ်ဝူသည် မူလကထက် အနည်းဆုံး ငါးရာခိုင်နှုန်းမျှ ပို၍ အစွမ်းထက် လာခဲ့ပြီ ဖြစ်သည်။

“ဂီး...”

နေ့တစ်ဝက် ကြာပြီးနောက်၌ နတ်ဘုရား ကုန်းမြေထဲ၌ ဖီးနစ် ငါးကောင်နှင့် နတ်ဘုရား လူဝံများ၏ မြည်တွန် ဟိန်းဟောက်သံများ ထွက်ပေါ်လာ၏။

နတ်ဘုရား ကုန်းမြေ အတွင်းရှိ မရေမတွက်နိုင်သော သားရဲများမှာ တုန်ရီနေကြကာ အခြေတည် ဝိညာဥ် အဆင့် သားရဲများ ပင်လျှင် မြေပြင်၌ ဝပ်တွားနေကြ၏။

တစ်ချိန်တည်း၌ နဂါးအရှင်မှာလည်း လုံးဝ ဆွံ့အနေခဲ့လေသည်။ သူသည် ထိုမျှ အစွမ်းထက်သည့် ကျင့်စဥ်မျိုး ရှိလိမ့်မည်ဟု တွေးပင် မတွေးခဲ့ဖူးချေ။ လူသား အဖြစ်မှ နတ်ဘုရား သားရဲများ အဖြစ်သို့ ပြောင်းလဲနိုင်သော ထိုအရာက မည်သို့သော နတ်ဆိုး ကျင့်စဥ်မျိုးနည်း။ ပို၍ ဆိုးသည်ကား ထိုအရာများမှာ ပုံရိပ်ယောင်များလည်း မဟုတ်သလို ဓမ္မ အသွင်များလည်း မဟုတ်ကြချေ။ အမှန်တကယ်ကြီး အစစ်အမှန် နတ်ဘုရား သားရဲ အဖြစ် ပြောင်းလဲသွားခြင်း ဖြစ်သည်။

“သူက တကယ့်ကို ပြန်ပြီး မွေးဖွားလာတဲ့ မဟာ တန်ခိုးရှင် ပီသတာပဲ...”

နဂါးအရှင်က ရေရွတ်လိုက်၏။ ချန်းပေ့ရွှမ်းမှာ အတိတ်ဘဝ၌ တာအို ဖွဲ့စည်းခြင်း အဆင့်ကိုပင် ရောက်ရှိခဲ့သည်ဟု သူ ခန့်မှန်းမိသည်။ မဟုတ်လျှင် ထိုကဲ့သို့ ကျင့်စဥ်မျိုးကို သူ့အနေဖြင့် မည်သို့ တတ်ကျွမ်းမည်နည်း။

“ဟူး... ဟူး...”

ချန်းဖန်၏ စုပ်ယူမှုအောက်၌ လောက ဝိညာဥ်ရေကန်ကား အတော်လေး ခမ်းခြောက်သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ထိုအရာက ထိုက်တန်၏။

ချန်းဖန်သည် ကောင်းကင်ပန်းချီ နှစ်ခု အပြင် နတ်ဘုရား စက်ဝန်းကိုပါ အဌမ အသွင်‌ပြောင်းခြင်း အထိ အောင်မြင် သွားခဲ့ပြီ ဖြစ်သည်။ ထို့အပြင် “တာတာအို မီးပြင်းဖိုကျမ်း” ၏ အကူအညီဖြင့် ကောင်းကင်ပန်းချီ ဆယ့်နှစ်ခုနှင့် ရောယှက်ခြင်း မရှိပဲ လွတ်လပ်စွာ ကျင့်ကြံနိုင်ခဲ့ပြီ ဖြစ်သည်။

နဝမ အသွင်ပြောင်းခြင်း ကျင့်စဥ် အတွက်မူ ချန်းဖန်သည် “အစစ်အမှန် နတ်ဘုရား ကျင့်စဥ်” ကို ရွေးချယ်ထား၏။

အတိတ်ဘဝ တာအို ဖွဲ့စည်းခြင်း အဆင့်သို့ တက်လှမ်းရာ လမ်းတစ်လျှောက်၌ အစစ်အမှန် နတ်ဘုရား ကျင့်စဥ်မှာ သူ၏ အုတ်မြစ် ဖြစ်ခဲ့သည်။ ထိုအရာက သူသိထားသမျှထဲ၌ အကောင်းဆုံး ကျင့်စဥ်ဟု မဆိုနိုင်သော်လည်း သူ အနားလည်ဆုံး၊ အရင်းနှီးဆုံး ကျင့်စဥ် ဖြစ်သည်။ သို့ဖြစ်ရာ ယခုကဲ့သို့ ကျင့်စဥ် ကိုးခု အထိ ရွေးချယ်ခွင့် ရှိသည့် အချိန်မျိုး၌ သူသည် “အစစ်အမှန် သိုင်းနတ်ဘုရား ကျင့်စဥ်”ကို မည်ကဲ့သို့ လက်လွှတ်နိုင်ပါမည်နည်း။

“ဟူး...”

ချန်းဖန် အစစ်အမှန် နတ်ဘုရား ကျင့်စဥ်ကို စတင် ကျင့်ကြံသည်နှင့် ကောင်းကင်ကျေးကျွန် အစီအရင်သည် ကောင်းကင်တွင် ပေါ်လာခဲ့၏။

တာအိုသစ်သီးမှာလည်း ပျော်ရွှင်စွာ ခုန်ပေါက်လာသည်။ ထိုအရာမှာ မူလအားဖြင့် အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်း၏ တပည့်တစ်ယောက် အသုံးပြုရန် အတွက် စိုက်ပျိုးခံထားရခြင်း မဟုတ်ပါလား။

နောက်ဆုံး၌ နဂါးအရှင်နှင့် အခြားလူများကား ချန်းဖန်မှာ အမှန်တကယ် အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းမှ လာကြောင်း သေချာသွားကြပြီ ဖြစ်လေသည်။

နူးညံ့သိမ်မွေ့သော၊ ထာဝရ တည်မြဲသော၊ ရပ်တန့်၍ မရနိုင်သော ထိုအရှိန်အဝါကား အစစ်အမှန် သိုင်း နတ်ဘုရားဂိုဏ်း သာလျှင် ပိုင်ဆိုင်နိုင်သော စွမ်းရည် ဖြစ်သည်။

“သူက တကယ့်ကို နတ်ဘုရားဂိုဏ်းက လာတာပဲ”

နဂါးအရှင်က ခေါင်းငုံ့ကာ သက်ပြင်းချလိုက်၏။

ဆယ်ရက်ကြာပြီးနောက် ချန်းဖန်မှာ ကျင့်ကြံရာမှ နိုးထ လာခဲ့သည်။ ထိုနေ့၌ ကျဆင်းလာသော မိုးကြိုး ကပ်ဘေးသည် ချန်းဖန်၏ လက်သီးကို မကျော်လွန်နိုင်ခဲ့ချေ။

“ဟူး... ဟူး...”

ခြေတစ်လှမ်း လျှောက်တိုင်း၌ ချန်းဖန်၏ ရုပ်ခန္ဓာနှင့် နတ်ဘုရား စိတ်ဝိညာဥ် အသွင် သဏ္ဌာန်မှာ အမျိုးမျိုး ပြောင်းလဲနေ၏။

ရွှမ်ဝူ၊ အဇူရာ သက်ရှည်၊ ခွန်ပန်၊ လိန်ဟူ... နောက်ဆုံး ပေါ်လာသည်ကား စကြဝဠာ တစ်ခုလုံးကို ပိုင်စိုးနိုင်သော အစစ်အမှန် နတ်ဘုရား ပင်။ ဓမ္မ အသွင်ကိုးခုစလုံး ချန်းဖန်၏ နောက်၌ ဖွဲ့စည်းသော အခါ သူတို့မှာ ကြီးမားသော နတ်ဘုရား စက်ဝန်း တစ်ခု အသွင်‌ ပြောင်းလဲသွား၏။

ချန်းဖန်ကား နတ်ဘုရား စက်ဝန်း၏ အသွင်ပြောင်းခြင်း ကိုးခုစလုံးနှင့် နတ်ဘုရား ‌ရွှေအမြုတေကို အောင်မြင်သွားခဲ့ပြီ ဖြစ်လေသည်။

***

All Chapters