အခန်း (၃၈၀)
Vol. 28 Ch. 380
“လာခဲ့စမ်း!” ဟုန်ချန်ယဲ့ အံကြိတ်ပြီး ထရပ်ဖို့ရာ အနိုင်နိုင်ရုန်းကန်နေသည်။ နီးကပ်လာသော ကြောက်မက်ဖွယ် လျှပ်စီးဒဏ်ကို သူတစ်ယောက်တည်း ရင်ဆိုင်ရန် ကြိုးစားအားတင်းထားသည်။ ကြီးမြတ်သော နတ်ဆိုးဂိုဏ်းချုပ်ခေါင်းဆောင်သည် သေလျှင်တောင် ခပ်မတ်မတ် ရင်ကော့ရပ်လျက်သား သေဆုံးမည်ပင်။
သို့သော်လည်း ထိုအခိုက်အတန့်တွင် ရင်းနှီးသော အသံတစ်ခု သူ့နားထဲမှ ထွက်ပေါ်လာသည်။ “ငါ့တပည့်၊ မင်း အကောင်းဆုံးလုပ်ခဲ့ပြီးပြီ။ ကျန်တာကို ဆရာ့ဆီလွှဲထားလိုက်။”
ဟုန်ချန်ယဲ့ မှင်တက်သွားပြီး ရုတ်တရက် ခေါင်းလှည့်လိုက်သောအခါ ဘယ်အချိန်ကတည်းက ပေါ်လာမှန်းမသိသော အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို သူ့ဘေးတွင် မြင်တွေ့လိုက်ရသည်။ ငွေဖြူရောင်ဆံပင်များ လေထဲတွင် ဝဲလွင့်လျက် ချောမောသောမျက်နှာတွင် အပြုံးဖျော့ဖျော့တစ်ခု စွဲထင်လျက်။
“ခင်ဗျား ခင်ဗျားဘာလို့ ဒီရောက်နေတာလဲ?!” ဟုန်ချန်ယဲ့ စိတ်ထဲတွင် ပွက်လောရိုက်သွားပြီး မျက်နှာတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။
လျှပ်စီးဒဏ် ခံယူနေချိန်တွင် အပြင်လူတစ်ယောက်က အကြောင်းမဲ့ ချဉ်းကပ်လာပါက လျှပ်စီးဒဏ် ၏ စွမ်းအားက ဒေါသတကြီး တိုးမြင့်လာမည်ဖြစ်ပြီး ချဉ်းကပ်လာသူကိုပါ ထိခိုက်စေနိုင်သည်။ ထိုသို့သော အခြေအနေမျိုးတွင် လျှပ်စီးဒဏ်၏ ပစ်မှတ်ထားခံရသူတိုင်း သေဆုံးမည် ဧကန်ပင်။ မြေလျှိုးမိုးပျံလျှင်ပင် လွတ်မြောက်နိုင်မည့်လမ်းမရှိ။
“ဆရာသခင်!!” လီဝူကျယ် ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး သူ၏ မျက်လုံးများ ပြူးထွက်လုနီးနီး ဖြစ်သွားသည်။ ယနေ့ ဘာတွေဖြစ်ပျက်နေသည်ကို သူ နားမလည်နိုင်တော့ပေ။ သူ၏ ဆရာတူအစ်ကိုကြီး သေခါနီးအန္တရာယ် ကြုံတွေ့နေရသည့်အပြင် ဆရာသခင်ပါ လိုက်ပါသွားတော့မည်ဖြစ်ရာ သူကတော့ တစ်ပြိုင်နက်တည်း လူနှစ်ဦးအတွက် ဈာပနတက်ရတော့ပေမည်။
“ယဲ့ကျွင်းလင်၊ မင်း ရူးနေတာလား? ပြန်လာခဲ့!” ရှယိုနျန် ကြောင်တောင်တောင် စိုက်ကြည့်နေမိပြီးမှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ "ဘုရားရေ၊ ငါ ခုနက ပြောခဲ့တာတွေကို မင်း လုံးဝ မကြားလိုက်ဘူးလား?"
ယဲ့ကျွင်းလင် လျှပ်စီးဒဏ်၏ နယ်မြေအကန့်အသတ်ထဲ ရုတ်တရက် ပေါ်လာသောအခါ လူတိုင်း ထိတ်လန့်ပြီး မျက်နှာများ ဖြူဖျော့သွားကြသည်။ ထိုလုပ်ရပ်မှာ သေခြင်းတရားကို တောင်းဆိုနေခြင်းနှင့် အတူတူပင်။
“ကတော် ကတော် ကတော်၊ ကျွန်းသခင်ယဲ့ အန္တရာယ်ရှိနေပြီ!” ကြက်မအိုကြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
“ဟီးဟော် ဟီးဟော်၊ လျှပ်စီးဒဏ် ခံယူနေချိန်မှာ အပြင်လူတွေ ဝင်ရောက်စွက်ဖက်လို့ မရဘူး၊ ဘာလို့လဲဆိုတော့ လျှပ်စီးဒဏ်ရဲ့ လက်တုံ့ပြန်မှုကို ဖိတ်ခေါ်မိမှာမလို့ပဲ။ ပစ်မှတ်ရဲ့ အဆင့်က ပိုမြင့်လေလေ၊ စွမ်းအား ပိုအားကောင်းလေပဲ။ မသေမျိုးဧကရာဇ် တစ်ပါးတောင် အကွာအဝေးတစ်ခုမှာပဲ နေရမယ်။ ငါတို့ရဲ့ ကျွန်းပိုင်ရှင်ယဲ့က စိတ်မမှန်ဘူးများလား!” မြည်းကလည်း အဆက်မပြတ် အော်ဟစ်လာသည်။
“ဘာကြောင့် ဒီလိုလုပ်တာလဲ? သူ့မှာ ဒီကိစ္စကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုခု ရှိနေတာလား?” တည်ငြိမ်သော စိတ်နေစိတ်ထားရှိသည့် မိုးမခပင်သည်ပင် ပြင်းထန်သော စိတ်ခံစားမှုလှိုင်းများ ထွက်ပေါ်လာခဲ့သည်။ ယဲ့ကျွင်းလင်၏ လုပ်ရပ်ကြောင့် သူမလည်း ရင်တုန်သွားရသည်ပင်။
သမိုင်းတစ်လျှောက်တွင် လျှပ်စီးဒဏ်သည် မဖြေရှင်းနိုင်သော ပြဿနာတစ်ခုသာ ဖြစ်ခဲ့၏။ ၎င်းကို ကျော်ဖြတ်ရန် ပျက်ကွက်သော ကျင့်ကြံသူတိုင်း ပြာအဖြစ် ပြောင်းလဲသွားရသည်သာ။ အတင်းအကျပ် ဝင်ရောက်စွက်ဖက်သူတိုင်းသည် လျှပ်စီးဒဏ်၏ ပစ်မှတ်ထားခြင်းကို ခံရမည်ဖြစ်ပြီး မည်မျှပင် ဝေးဝေးလံလံ ထွက်ပြေးစေကာမူ ထိုသူလုံးဝသေဆုံးသွားသည့်အချိန်မှသာ လျှပ်စီးဒဏ်၏ လက်တုံ့ပြန်မှု ရပ်တန့်မည်ပင်။
တိုက်ခိုက်ခံရသူသည် ဒဏ္ဍာရီလာ မသေမျိုးဧကရာဇ် ဖြစ်နေလျှင်ပင် လျှပ်စီးဒဏ်၏ စွမ်းအားသည် ပစ်မှတ်၏ အဆင့်နှင့်အတူ တိုးမြင့်လာပြီး အနည်းနှင့်အများ ထိခိုက်ရှနာဖြစ်စေသည်သာ။
ထိုအကြောင်းကြောင့်ပင် ကျင့်ကြံသူများ လျှပ်စီးဒဏ် ခံယူနေချိန်တွင် အင်အားကြီးသူများက ဝေးဝေးတွင် ပုန်းနေတတ်ကြခြင်းဖြစ်သည်။ မည်သူက သေခြင်းတရားကို ရှာဖွေဖို့ရာ စိတ်အားထက်သန်နေပါမည်နည်း?
သို့သော် ယခုတော့ ထင်ရှားကျော်ကြားသော အင်အားကြီးပုဂ္ဂိုလ်တစ်ဦးက ထိုလုပ်ရပ်ကို ပြုလုပ်လိုက်ပြီ။
ဒုံး…
ပတ်ဝန်းကျင်မှ အော်ဟစ်သံများကြားတွင် လျှပ်စီးဒဏ်၏ စွမ်းအားသည် တကယ်ပင် အဆတစ်သောင်း တိုးမြင့်လာပြီး စိတ်ကူးမယဉ်နိုင်လောက်သော ဖိအားတစ်ခုဖြင့် ကမ္ဘာမြေကို ဝိုင်းရံလိုက်သည်။ မရေမတွက်နိုင်သော လူအများမှာ ဦးရေပြားများ ပေါက်ကွဲလုနီးနီးလောက်အထိ ကြောက်လန့်သွားကြပြီး ခန္ဓာကိုယ်များ တဆတ်ဆတ်တုန်ယင်သည်အထိ ထိန်းမနိုင်သိမ်းမရ ဖရိုဖရဲဖြစ်ကုန်ကြ၏။
လျှပ်စီးသန်းပေါင်းများစွာသည် ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်းတစ်ခုအဖြစ် စုစည်းသွားပြီး ခမ်းနားသော သတ်ဖြတ်လိုစိတ်က မြေပြင်ထက်မှ ပုံရိပ်နှစ်ခုကို မြဲမြံစွာ ဖမ်းဆုပ်ချိန်ရွယ်ထားသည်။
“ဘာလို့၊ ဘာလို့ ဒီလိုလုပ်တာလဲ? ဒီအခြေအနေမှာ နောက်အသက်တစ်ချောင်းပါ ထိုးကျွေးလိုက်ဖို့မလိုဘူး။” ဟုန်ချန်ယဲ့၏ မျက်နှာအမူအရာက ရှုပ်ထွေးနေသည်။
အစပိုင်းတွင် သူသည် နတ်ဆိုးကျင့်စဥ်များဖြင့် တစ်ဖက်လူကို နှိမ်နင်းပြီး ထိုသူ၏ကံကြမ္မာနှင့် ရတနာသိုက်ကို လုယက်ရန် အမြဲကြံစည်မိနေခဲ့သည်။ သို့သော် တဖြည်းဖြည်းနှင့် ထိုအတွေးသည် ဟာသတစ်ခုထက်မပိုကြောင်း သူသိလာခဲ့ရ၏။ တစ်ဖက်လူသည် အလွန်ကြီးမားသော နောက်ခံတစ်ခုရှိပြီး သူ ဒီတစ်သက် အနိုင်မယူနိုင်သော ပုဂ္ဂိုလ်ဖြစ်သည်။
ထို့အပြင် တစ်ဖက်လူသည် မသေမျိုးဧကရာဇ်တစ်ပါးပင် ဖြစ်နိုင်သည့်အကြောင်း ကြားသိပြီးနောက် ဟုန်ချန်ယဲ့၏ ကောက်ကျစ်စဥ်းလဲသောအတွေးများ ကုန်ခမ်းလုနီးနီး လျော့ပါးသွားခဲ့ရသည်။
ထို့အပြင် ဤပုဂ္ဂိုလ်သည် သူ၏ ဆရာသခင်လည်း ဖြစ်သည်။ နေ့စဉ်ဘဝတွင် သူ မကြာခဏ အနိုင်ကျင့်ခံရပြီး ရန်ငြိုးများစွာ ရှိနေသော်လည်း ယဲ့ကျွင်းလင်သာ မရှိလျှင် သူသည် ယနေ့ရောက်ရှိနေသော နေရာကို အိပ်မက်ပင်မက်နိုင်ဦးမည် မဟုတ်ကြောင်း သေချာသိ၏။ အနည်းဆုံးတော့ ဤလူ့ကျေးဇူးဖြင့် ကမ္ဘာလောကအကြောင်း ပိုသိမြင်ခဲ့ရပြီး လက်ရှိအခြေအနေမှာလည်း သူကိုယ်တိုင်၏ ကံကြမ္မာဆိုးသာပင်။
အခုမှတော့ ရှောင်လွှဲလို့ မရနိုင်တော့။
သို့သော် တစ်ဖက်လူသာ သူ့ကြောင့် သေဆုံးသွားပါက ဖြစ်တည်လာမည့် အပြစ်ရှိစိတ်ကို သူလုံးဝခံစားနိုင်မည်မဟုတ်။
“ဟားဟား၊ မင်း ဘာတွေ ကြောက်နေတာလဲ?” “ငြိမ်ငြိမ်လေးသာရပ်နေပြီး မင်း ဆရာသခင် ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတာ ကြည့်လိုက်။”
မရေမတွက်နိုင်သော ထိတ်လန့်တုန်လှုပ်နေသည့် အကြည့်များအောက်တွင် ယဲ့ကျွင်းလင်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ကောင်းကင်သို့ အသာတက်သွား၏။ ထို့နောက် လျှပ်စီးဒဏ်ဆီသို့ တစ်လှမ်းချင်းစီ ချဉ်းကပ်သွားသည်။ သူ၏မျက်နှာတွင် ကြောက်ရွံ့မှု အရိပ်အယောင်မျှပင် မပြရုံသာမက စိတ်လှုပ်ရှားတက်ကြွနေဟန်ပင် ရှိနိုင်သေး၏။
“သူ၊ သူက လျှပ်စီးဒဏ်ကို တိုက်ရိုက် တိုက်ခိုက်တော့မှာလား?!” ဟုန်ချန်ယဲ့ အရင်ဆုံး မှင်တက်သွားပြီးမှ မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။ ဒီလူ အတော်သေချင်နေတာလား?
နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် မြင်ကွင်းသည် သူ၏ ဘဝတစ်လျှောက်လုံး မမေ့နိုင်သော မြင်ကွင်းတစ်ခု ဖြစ်လာပေလိမ့်မည်။