← Chapters

အပိုင်း (၁၄)

Vol. 2 Ch. 14

အပိုင်း (၁၄)

Vol. 2 Ch. 14

ရွှမ်ဝူမြို့၏ ဤအမှုထမ်းအရာရှိ၏ နာမည်အား ဝမ်လျှံဟု ခေါ်၏။ ၎င်းသည် ယခုနှစ်တွင် နှစ်ဆယ့်တစ်နှစ် ပြည့်သည့် လူတစ်ယောက်လည်းဖြစ်၏။ အင်ပါရီယာ စာမေးပွဲကို ဖြေဆိုပြီးသည့်နောက် ရွှမ်ဝူမြို့၏ အကျဉ်းထောင် အရာရှိ ဖြစ်လာခဲ့ခြင်းပင်။

ဟုတ်ပေသည်။ သူသည် အင်ပါရီယာ စာမေးပွဲကို ထပ်မံ ဖြေဆိုရန်အတွက် အလျော့မပေးသေးချေ။ တရားဝင် ပြန်လည်ဖြေဆိုပြီး အောင်မြင်ပါမှ နန်းတွင်းတွင် အမှုထမ်းနိုင်သော သူတစ်ယောက် ဖြစ်လာပေမည်။

ဤကဲ့သို့သော ကိစ္စရပ်မျိုးသည် ရှေးတရုတ်ပြည်တွင် ပြုလုပ်မည်ဆိုပါက ဖြစ်နိုင်မည့် ကိစ္စရပ်မျိုး မဟုတ်ချေ။ တဆင့်ချင်း ကြိုးစား၍ တိုးတက်သွားသူဟူ၍ အမှုထမ်းလောကတွင် အတော်ရှားသည်။ ထိုကဲ့သို့ တူညီသည့် နိုင်ငံတစ်ခုလည်း ဤလောကကြီးထဲတွင်ရှိ၏။ မည်မျှကြိုးစားကြိုးစား လုံလောက်သည့် နောက်ခံနှင့် အသိအကျွမ်း မရှိပါက ရာထူးရာခံတစ်ခုကို ပိုင်ဆိုင်ဖို့ ဆိုသည်မှာ မဖြစ်နိုင်ရေးချ မဖြစ်နိုင်ပေ။

သူသည် ရွှမ်ဝူမြို့၏ မြို့ခံတစ်ယောက် မဟုတ်ချေ။ သူ၏အိမ်သည် နန်းယန်ပြည်နယ်မှဖြစ်၏။ သို့ပေမဲ့ သူ၏ ပါရမီသည် ကျော်ကြားလွန်းပြီး ရွှမ်ဝူမြို့သို့ပင် ရောက်ရှိခဲ့၏။ သူ့၌ တခြားသောဂုဏ်ပုဒ်တစ်ခု လည်း တည်ရှိနေသေး၏။ ထိုအရာသည် ရွှမ်ဝူမြို့စားကြီးနှင့် အမျိုးနီးစပ်တော်ခြင်းပင်။

ရှမ့်လန်သည် အဘယ်သို့ ဤမင်းမှုထမ်းစာရေးအား သိရှိနေရသနည်း။ ဟုတ်ပေ၏။ သူ သိရှိသည်။ လွန်ခဲ့သည့် သုံးနှစ်တုန်းက ထိုသူသည် ရှမ့်လန်အား မည်ကဲ့သို့ စာဖတ်ရမည် ဆိုသည်ကို လဝက်နီးပါးခန့် သင်ကြားပေးခဲ့သောကြောင့်ပင်။

ပိုမို၍ ပြောဆိုရမည်ဆိုလျှင် ဤဇာတ်ကြောင်းတွင် လူတစ်ယောက်က ထပ်မံပါဝင်လာခဲ့၏။ မိုင်ရာနှင့်ချီ အကွာအဝေးအတွင်းတွင် နံပါတ်တစ် အလှပဂေးအဖြစ် ထင်ရှားသည့် မိန်းကလေးပင်။ သူမသည် ရွှမ်ဝူမြို့စားကြီး၏ သမီးဖြစ်ပြီး လူငယ်ပေါင်းများစွာတို့၏အိမ်မက်ချစ်သူ တဖြစ်လည်း ကျင်းမူလန်ပင်။ ရွှမ်ဝူမြို့၏ မင်းသမီးဟုလည်း ပြောဆိုသမုတ်ကြ၏။

ထိုအချိန်တုန်းက ကျင်းမူလန်သည် ၎င်း၏အဖွဲ့ကို ခေါ်ဆောင်ကာဖြင့် အမဲလိုက်ထွက်လာခဲ့၏။ ရှမ့်လန်၏ အိမ်အနောက်ဘက် တောင်တန်းဆီသို့ ရောက်သည့်အချိန်၌ သူမသည် ဝက်ဝံနက်ကြီးတစ်ကောင်နှင့် ရင်ဆိုင်တွေ့ခဲ့၏။ မြင်းသည် ကြောက်လန့်လွန်းသောကြောင့်‌ ခြေဦးတည့်ရာကို ပြေးခဲ့သည်။

ထိုအချိန်တုန်းက ရှမ့်လန်သည် ဉာဏ်ပညာနိမ့်ပါးလွန်းသော ငဒူငနုံ တစ်ယောက်ဖြစ်၏။ လမ်း၏ အလယ်ကောင် တွင် ဆောင့်ကြောင့်ထိုင်ကာဖြင့် လက်ထဲတွင်ရှိနေသည့် စာအုပ်ကို သေသေချာချာ ဖတ်လျက်ရှိ၏။ ဘာတွေဖတ်နေမှန်း သေသေချာချာ မသိရှိသော်လည်း ခေါင်းကတော့ တစ်ခါခါနှင့်ပင်။

တကယ်တော့ စာဖတ်နေခြင်း မဟုတ်ပေ။ ရွေ့လျားသွားလာနေသည့် ပုရွက်ဆိတ်များကို ကြည့်ရှုနေခြင်း ဖြစ်သည်။ သူသည် ပုရွက်ဆိတ်များကို ရေတွက်နေခြင်း မဟုတ်ချေ။ ပုရွက်ဆိတ်များ ဘာလုပ်နေသည်ကို သေသေချာချာ သိရှိချင်သောကြောင့် စောင့်ကြည့်နေခြင်းဖြစ်၏။

ကျင်းမူလန်၏ ကြောက်လန့်လျက်ရှိနေသည့် မြင်းကြီးသည် ရှမ့်လန်ဆီသို့ တိုက်ရိုက်ဆိုသလိုပဲ တိုးဝင်လာ၏။ အနောက်ဘက်တွင်လည်း ဝက်ဝံနက်ကြီးက ရူးရူးမူးမူးဖြင့် လိုက်ပါလာခဲ့၏။ ၎င်း၏ခန္ဓာကိုယ်တွင် မြားပေါင်း တစ်ဒါဇင်ကျော်က စိုက်ဝင်လျက် ရှိ၏။

ဤပုံစံအတိုင်းသာဆိုပါက ကြည့်ရသည်မှာ ရှမ့်လန်သည် မြင်းအနင်းခံရသောကြောင့် အသားပြားအဖြစ်သို့ ပြောင်းလဲတော့မည့်ပုံပင်။

ရွှမ်ဝူမြို့၏သခင်မလေးသည် သူမ၏ မြင်းကို မြန်မြန်ဆန်ဆန်ဖြင့် ရှောင်ရှားရင်း ရှမ့်လန်၏ သေးငယ်သည့် အသက်လေးကို ကယ်တင်ခဲ့၏။ သို့ပေမဲ့ ဝက်ဝံနက်ကြီးသည့် အနောက်မှ လိုက်မီခဲ့ပြီး ပြင်းပြင်းထန်ထန် ဝင်ရောက် တိုက်ခိုက်ခဲ့၏။ ၎င်း၏ လက်သည်းကြီးများသည် ကျင်းမူလန်၏ ဦးခေါင်းဆီသို့ တည့်တည့် ဝင်လာခဲ့၏။

ကျင်းမူလန်သည် လက်တစ်ဖက်ဖြင့် ရှမ့်လန်ကို အသာကိုင်၍ တခြားလက်တစ်ဖက်တွင် ဓားကိုဆွဲပြီး ဝက်ဝံနက်ကြီး၏ ခေါင်းကို ခုတ်ပိုင်းခဲ့၏။ သူမ၏ အားအင်အဆင့်သည် အံ့အားသင့်စရာပင်။

ထိုကဲ့သို့ အရှုပ်အထွေးများ ဖြစ်ပေါ်နေစဉ်မှာပဲ ရှမ့်လန်သည် သူ၏ မျက်နှာတည့်တည့်ဆီသို့ ရောက်ရှိလာခဲ့သည့် မြင်းခွာကြီးကို ကြည့်ရှုရင်း သတိလစ်မေ့မျောသွားခဲ့ပြီ ဖြစ်သည်။ ၎င်းသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားသောကြောင့် မေ့မျောသွားခဲ့ခြင်း မဟုတ်ချေ။‌ ကြောက်လန့်လွန်း သောကြောင့်ပင် သတိလစ်သွားခြင်း ဖြစ်သည်။

ထို့ကြောင့် ရှမ့်လန်သည် သူမကို မြို့စားကြီးသမီး ဖြစ်မည်ဟု မထင်မှတ်ခဲ့ချေ။

မှတ်ဉာဏ်များကို ပြန်လည်ကြည့်ရှုပြီးသည့်နောက် သူမ၏ အသွင်အပြင်၊ အမူအရာ၊ ရောက်ရှိလာခဲ့သည့် အမဲလိုက်အဖွဲ့ဝင်များကို ကြည့်ရှုပြီးသည့်နောက် ဤအမျိုးသမီးသည် ကျင်းမူလန်ဖြစ်ကြောင်း သတိပြုမိခဲ့ခြင်းပင်။

ကျင်းမူလန်သည် ရှမ့်လန်၏အသက်ကို ကယ်တင်ခဲ့၏။ သို့ပေမဲ့ ရှမ့်လန်မှာတော့ ကြောက်လန့်လွန်း သောကြောင့် သတိလစ် မေ့မျောသွားခဲ့၏။ အဆုံးသတ်မှာတော့ သူမသည် သူမ ပြုလုပ်ခဲ့သည့် အကြောင်းအရာနှင့် ပတ်သက်၍ တာဝန်ယူရမည်ဖြစ်၏။

ထို့ကြောင့်ပင်လျှင် သမားတော်တစ်ယောက်ကို စေလွှတ်ပြီး ရှမ့်လန်အား ကုသခိုင်းခဲ့၏။ ထို့အပြင် ရှမ့်လန်ဆီသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ကာ လည်ပတ်ခဲ့သေး၏။ ထိုအချိန်တုန်းက ရှမ့်လန်က သတိလစ် မေ့မျောနေ၏။ ထို့ကြောင့် သူသည် သူမကို မတွေ့မြင်ခဲ့ရချေ။

ကျင်းမူလန်သည် ရွှမ်ဝူမြို့၏ မင်းသမီးတစ်ပါးဖြစ်၏။ သူမသည် ထူးခြားလွန်းပြီး ရှစ်ချင်းချင်း ထက်ပင် တော်ဝင်ဆန်ကာ ဂုဏ်သိက္ခာကြီးမားသည့် လူတစ်ယောက်ဖြစ်၏။ ထိုအချိန်တုန်းက ရှမ့်လန်ဆိုသည်မှာ ပုရွက်ဆိတ်လေး တစ်ကောင်ကဲ့သို့ပင်။ သူမကြောင့် သတိလစ်မေ့မျောသွားသည် မဆိုနှင့် သေဆုံးသွားသည် ဆိုလျှင်တောင် ဘာတစ်ခုမှ ဂရုစိုက်စရာ မလိုချေ။ သို့ပေမဲ့ ဤတော်ဝင်ဆန်သည့် မင်းသမီးသည် သူ့ကို ကုသပေးရန်အတွက် သမားတော်တစ်ယောက်ကို စေလွှတ်ခဲ့သည့်သာမက ကိုယ်တိုင်ကိုယ်ကျ လာရောက်လည်ပတ်ခဲ့သေး၏။

ထို့ကြောင့် ရွှမ်ဝူအိမ်တော်သည် သူ၏ ပြည်သူပြည်သားများအား ကိုယ်ပိုင်ကလေးငယ်ကဲ့သို့ ချစ်မြတ်နိုးသည်ဆိုသော စကားလုံးများမှာ အမှန်ပင်ဖြစ်ပေလိမ့်မည်။

ထိုအချိန်တုန်းက ဝမ်လျှံသည် အင်ပါရီယာ စာမေးပွဲကို ဖြေဆိုခါစဖြစ်၏။ တရားဝင် အမှုထမ်းတစ်ယောက် မဟုတ်သေးချေ။ သို့ပေမဲ့ သူသည် မြို့စားကြီးနှင့် နီးစပ်သည့် ဆွေမျိုးရင်းချာ ဖြစ်သောကြောင့် မြို့စားကြီးအိမ်သို့ ရံဖန်ရံခါ လာရောက်လည်ပတ်တတ်သည်။

ဟုတ်ပေ၏။ အလွန်ဝေးကွာသည့် ဆွေမျိုးနီးစပ်များ ဖြစ်လျှင်တောင် သူသည် ကျင်းမူလန်နှင့် ရံဖန်ရံခါ ဆိုသလိုမှ ဆုံတွေ့ပြီး ကျင်းမူလန်ကို စွဲလမ်းခဲ့သည်။ သူသည် အင်ပါရီယာ စာမေးပွဲကို ဖြေဆိုမည့် လူတစ်ယောက် ဖြစ်သော်လည်း သူ၏ တည်ရှိမှုသည် ကျင်းမူလန်နှင့် အလွန်ပင် အလှမ်းဝေးကွာ၏။ သို့ပေမဲ့ သူသည် ကျင်းမူလန်ကို မတရား ချစ်မြတ်နိုး၏။

ကျင်းမူလန်သည် ရှမ့်လန်၏ အိမ်ဆီသို့ သွားရောက်လည်ပတ်ခဲ့သည် ဆိုသော သတင်းကို ကြားရချိန်မှာတော့ သူသည် ရှမ့်လန်၏ အိမ်ဆီသို့ ရောက်ရှိလာခဲ့ပြီး သူ၏ လေးစားမှုကို ထုတ်ဖော်ပြသခဲ့သည်။

ရှမ့်လန်သည် ရွာထဲရှိ ကျောင်းတစ်ခုတွင် လေ့လာသင်ယူနေကြောင်း သိရှိပြီးနောက် သူကိုယ်တိုင် ရှမ့်လန်ကို မည်ကဲ့သို့ စာပေဖတ်ရမည်ဖြစ်ကြောင်း သင်ကြားပေးခဲ့၏။ ကျင်းမူလန် ရှမ့်လန်ဆီသို့ လာရောက် လည်ပတ်ရင်း ဤမြင်ကွင်းကို မြင်ပါက ကျိန်းသေပေါက် သူ့ကို အထင်ကြီးမည် မဟုတ်ပါလား။

ဟုတ်ပေသည်။ ထိုအချိန်တုန်းက ရှမ့်လန်သည် သစ်သားတုံးကြီး တစ်ခုကဲ့သို့ပင် ညံ့ဖျင်းပြီး တုံးအလွန်းသည့် လူတစ်ယောက် ဖြစ်၏။ မည်သို့ပင်သင်သင် တက်မြောက်ခြင်း မရှိချေ။ ဝမ်လျှံသည် အသက်ဆယ့်ရှစ်နှစ်နှင့် အင်ပါရီယာ စာမေးပွဲကို ဖြေဆိုရန် ကြိုးစားခဲ့သည့် ပါရမီရှင် တစ်ယောက်ဖြစ်၏။ သို့ပေမဲ့ ရှမ့်လန်လောက် တုံးအသည့် လူမျိုးကို တစ်ခါမှ မတွေ့ခဲ့ဖူးချေ။

လဝက်နီးပါးလောက် ဇွဲကောင်းကောင်းနှင့် သင်ကြားပေးခဲ့သော်လည်း ကျင်းမူလန်သည် ရှမ့်လန်၏ အိမ်ဆီသို့ နောက်တစ်ကြိမ် ထပ်မံကာ မလာတော့ချေ။ အဘယ်ကြောင့်ဆိုသော် သူမသည် စစ်မှုရေးရာ တာဝန်များ နှင့် အလုပ်ရှုပ်နေသောကြောင့်ပင်။

ထို့ကြောင့် ဝမ်လျှံသည် ရှမ့်လန်ကို အိမ်သို့လာရောက်ကာ သင်ကြားခြင်း ကိစ္စရပ်ကို လက်လျော့ခဲ့၏။ ရှမ့်လန် ကဲ့သို့သော အရူးတစ်ယောက်ကို စာသင်ကြားပေးရခြင်း ဆိုသည်မှာ မိမိကိုယ်ကို နှိပ်စက်ခြင်းနှင့် ဆင်တူနေသည် မဟုတ်ပါလား။

ပြောရမည်ဆိုလျှင် သူနှင့် ရှမ့်လန်တို့သည် တကယ်ပင် မိတ်ဆွေဟောင်းများဟု သတ်မှတ်ရမှာဖြစ်၏။ ဤတစ်ကြိမ် ပြန်လည်တွေ့ဆုံသည့် အချိန်မှာတော့ ဝမ်လျှံသည် မုတ်ဆိတ်မွေးများ ထူပျစ်စွာ ပေါက်နေပြီး မင်းမှုထမ်းဝတ်စုံကို ဝတ်ဆင်ထားခဲ့ခြင်းသာလျှင် ကွာခြားခဲ့၏။

ပြောရမည်ဆိုလျှင် ရှမ့်လန်၏ မှတ်ဉာဏ်ထဲတွင် ရှိနေသည့် လူအနည်းငယ်တို့ထဲတွင် ဝမ်လျှံသည် သေသေချာချာ ရှိနေသည့် လူတစ်ယောက်ပင် ဖြစ်လေ၏။ ကျိန်းသေပေါက် မှတ်သားထားရမည့် လူမျိုးပင်။ ထို့ကြောင့်ပင်လျှင် ရှမ့်လန်သည် ရှစ်မိသားစုနှင့် ယှဉ်ပြိုင်ရန် တောင်းဆိုခဲ့ခြင်းပင် ဖြစ်သည်။

ထို့ကြောင့် ဝမ်လျှံ အားကိုးဖြင့် သူသည် ခရမ်းရောင်နှင့် သက်တန့်ရောင်ဆိုးဆေး နည်းပညာကိုပင် ထုတ်ဖော် ပြသခဲ့သေး၏။ အဘယ်ကြောင့်ဆိုသော် ဤလူငယ်သည် ကျန်းကျင်းနှင့် ရန်ငြိုးများ ရှိနေကြောင်း သူ သိရှိသောကြောင့်ပင်။

ရှမ့်လန်ကို မည်ကဲ့သို့ စာဖတ်ရမည်ဖြစ်ကြောင်း သင်ကြားပြသသည့် အချိန်တိုင်း ဝမ်လျှံသည် ကျန်းကျင်း၏ နာမည်အား ဆယ်ကြိမ်တိတိ ရွတ်ဆိုကာ ဆဲဆိုလျက် ရှိနေတတ်သည်။ ထို့ကြောင့် အရာအားလုံး အစီအစဉ်တကျ ဖြစ်တည်လာခဲ့သည်။

…………

ရှမ့်လန် သူ့အား ရင်းရင်းနှီးနှီး နှုတ်ဆက်ချိန်မှာတော့ ဝမ်လျှံသည် မျက်မှောင်ကုတ်လိုက်မိ၏။ ပြီးနောက် ရှမ့်လန်၏ မေးခွန်းကို မဖြေဆိုခဲ့ချေ။ ထိုအစား ပြောလိုက်၏။ “ခင်ဗျားအနေနဲ့ လေ့လာသင်ယူမှုကို လက်လျော့ပြီးတော့ ဆိုးဆေးလုပ်ငန်းကိုပဲ အာရုံစိုက်နေတာလား”

“အင်း”

ပြောရမည်ဆိုလျှင် ဤလောကကြီးထဲတွင် ထိပ်တန်း စွမ်းဆောင်ရည်မှာ နှစ်ခုတည်းသာလျှင် ရှိ၏။ တစ်ခုသည် စာပေဖတ်ရှုခြင်းဖြစ်ပြီး တခြားတစ်ခုမှာတော့ သိုင်းပညာ သင်ယူခြင်းဖြစ်၏။ ရှေးတရုတ်၏ စုန့်နိုင်ငံ ဆိုလျှင် စာပေသင်ကြားမှုသည် သိုင်းပညာထက် ပိုမိုကာ မြင့်မားသည့် အခြေအနေဆီသို့ပင် ရောက်ရှိ ခဲ့သေးသည်။ စာပေတတ်ကျွမ်းသူများသည် တော်ဝင်မိသားစုများဖြစ်ပြီး သိုင်းပညာ တတ်ကျွမ်းသူ များမှာတော့ အဆင့်နိမ့်နေရာတွင် နေထိုင်ခဲ့ရသည်။

သို့ပေမဲ့ ဤလောကကြီး … တော်ဝင်ရွှဲ့နိုင်ငံမှာတော့ စာပေပညာရှင်များနှင့် သိုင်းပညာရှင်များသည် တူညီသည့်ဂုဏ်ပုဒ်ကို ပိုင်ဆိုင်သည့် လူများပင်။

သို့ပေမဲ့ ဆိုးဆေးပညာရပ် ဆိုသည်မှာတော့ အလုံးစုံ နိမ့်ကျသည့် လုပ်ငန်းတစ်ခုကဲ့သို့ပင်။

လက်ရှိအခြေအနေကို ကြည့်ရှုရမည်ဆိုလျှင် ရှစ်မိသားစုသည် ဆိုးဆေးလုပ်ငန်းနှင့် ပတ်သက်သည့် စွမ်းဆောင်ရည်တွင် တကယ်ကို ပြိုင်ဘက်ကင်း ထူးချွန်သည့် လူများဖြစ်၏။ သို့ပေမဲ့ ၎င်းတို့သည် အစကနေ အဆုံးအထိ အာဏာ၊ လွှမ်းမိုးနိုင်စွမ်းရှိသည့် လူမျိုးမဟုတ်ခဲ့ချေ။ ခေါ်ဆိုရမည်ဆိုလျှင် သူဌေးရှစ်ဟု ခေါ်ဆိုရမှာ ဖြစ်၏။ တခြားမြင့်မြတ်သည့် ဂုဏ်ပုဒ်မရှိပေ။

ဟုတ်ပေသည်။ ဤအရာသည် မင်းမှုထမ်း တစ်ယောက်က ပြောသည့် စကားလုံးများသာဖြစ်၏။ သူသည် သခင်မလေး ကျင်းမူလန် သဘောကျစေရန် အလို့ငှာ ရှမ့်လန်ကို မည်ကဲ့သို့ စာပေ ဖတ်ရှုရမည်ဖြစ်ကြောင်း လဝက်နီးပါးခန့် သင်ကြားပေးခဲ့၏။ သို့ပေမဲ့ ရှမ့်လန်သည် သင်ယူနိုင်စွမ်း မရှိချေ။ ထိုကဲ့သို့ စာပေသင်ကြားမှုအား ကောင်းကောင်း မပြုလုပ်နိုင်သည့် လူတစ်ယောက်သည် စာပေဖတ်ရှုမှုကို ထပ်မံကာ အချိန်ပေးမည်ဆိုပါက လောကထဲ၌ နေထိုင် အချိန်ဖြုန်းခြင်းနှင့် ဆင်တူနေမည် မဟုတ်ပါလား။

“အင်း.. မြို့စားကြီးသမီး သခင်မလေးကျင်း က ....”

ဝမ်လျှံသည် ခေါင်းကို အသာလှည့်ကာဖြင့် ရှမ့်လန်ကို ကြည့်ရှုပြီး ပြောလိုက်သည်။ “သူမက နှစ်ပေါင်းရာချီ တည်ရှိခဲ့တဲ့ တော်ဝင်မိသားစုရဲ့ သမီးတစ်ယောက်လေ။ မြင့်မြတ်တဲ့ လူတစ်ယောက်ပဲ။ သူမရဲ့ နာမည်က မင်းလို တောသားတစ်ယောက်ရဲ့ ပါးစပ်ကနေ ထုတ်ဖော်ပြောဆိုလို့ရတဲ့ အရာမျိုး မဟုတ်ဘူး”

ပြီးသည့်နောက် ဝမ်လျှံသည် အသာလှည့်ကာ ထွက်ခွာခဲ့၏။ ထွက်ခွာသွားသည့် အချိန်မှာတော့ သူ၏ မျက်နှာထက်တွင် အထင်သေးမှုများ ပြည့်နှက်လျက် ရှိနေ၏။ စောဏတုန်းက ရှစ်မိသားစုနှင့် သူ ဆန့်ကျင်ဘက် ပြုလုပ်ခဲ့သည့် အကြောင်းအရာသည် ကျန်းကျင်းနှင့် ရန်ငြိုးရှိနေသောကြောင့်ပင်။ အခွင့်အရေးကို အရယူပြီး ရှစ်မိသားစုကို ဖိနှိပ်ရန် ကြိုးစားခဲ့ခြင်းသာဖြစ်၏။

ရှမ့်လန်နှင့် ရင်းနှီးသောကြောင့် ဝင်ရောက်ကူညီခဲ့ခြင်း မဟုတ်ချေ။ ရှမ့်လန်ကို လဝက်နီးပါးခန့် သူ စာပေ သင်ကြားပေးခဲ့သည် ဆိုသော်လည်း သူ၏နှလုံးသားထဲတွင် မည်သည့် ရင်းနှီးမှုမှ မရှိခဲ့ချေ။

တကယ့်ကို ဆိုးရွားတဲ့ တောသားပဲ။ အခွင့်အရေးယူပြီးတော့ ငါနဲ့တောင် ဆက်ဆံရေးတစ်ခုကို တည်ဆောက်ချင်သေးတယ်။ မရှိတာထက်၊ မသိတာခက် ဆိုတာ ဒီလိုကောင်စားမျိုးတွေပဲ။ ဝမ်လျှံသည် နှလုံးသားထဲတွင် နှာခေါင်းရှုံလိုက်၏။ ပြီးသည့်နောက် မြင်းကို အသာစီးနင်းကာဖြင့် မြို့စားကြီးအိမ်တော် ဆီသို့ ပြန်လာခဲ့သည်။

ဝမ်လျှ့သည် သူ့အား မနှစ်သက်ကြောင်း ရှမ့်လန်က ကောင်းကောင်း သိရှိ၏။ သူသည်လည်း ထိုသူနှင့် ရင်းနှီးသည့် ဆက်ဆံရေးမျိုးကို တည်ဆောက်ချင်ခြင်း မဟုတ်ချေ။ ထို့ကြောင့် တစ်ဖက်လူ ပြုမူ ဆက်ဆံသွားသည့် အပြုအမူ ၊ အပြောအဆိုနှင့် ပတ်သက်၍ အံ့အားသင့်ခြင်း မရှိချေ။

……….

ဝမ်လျှံ ထွက်ခွာသွားခဲ့ပြီးသည့်နောက် လူကုံတန်ပွဲရုံ၏ သူဌေးလင်းဝူက ပြော၏။ “ရှမ့်လန်… မင်းနိုင်ပြီ။ ရှစ်မိသားရဲ့ မျက်နှာကို အားရပါးရ ပိတ်ရိုက်နိုင်ခဲ့တာပဲ။ ဒါပေမဲ့ ရှုံးသွားတာက ပိုကောင်းတယ်။ အခု ပိုပြီး ဆိုးရွားတဲ့ အခြေအနေမျိုးကို ကြုံရတော့မယ်”

အဝတ်နက်ဂိုဏ်းမှ နံပါတ်ဆယ့်သုံးက ဘေးတစ်ဖက်မှ အသာပြောလိုက်သည်။ “မင်းကတော့ သွားပြီပဲ”

လင်းဝူက ပြောလိုက်၏။ “ဝမ်လျှံက ရှစ်မိသားစုကို ကန့်လန့်တိုက်ခဲ့တယ်။ သူက ရှစ်မိသားစုကို ဖိနှိပ်ချင်လို့ပဲ။ မင်းကို ကာကွယ်ပေးချင်လို့ မဟုတ်ဘူး။ အနာဂတ်မှာ မင်း အန္တရာယ်တစ်ခုခု တွေ့တယ် ဆိုရင် သူမင်းကို လာပြီး ကာကွယ်ပေးမှာ မဟုတ်ဘူး။ မင်းကတော့ ဒုက္ခရောက်ပြီ”

ရှမ့်လန်သည် ထိုအရာအားလုံးကို ကောင်းကောင်းသိ၏။ ဝမ်လျှံသည် ငယ်ရွယ်ပြီး မောက်မာ၏။ ကြွယ်ဝသော မိသားစုတစ်ခုဆီမှ ဆင်းသက်လာသူဖြစ်သောကြောင့် အလုံးစုံလည်း ဂုဏ်မောက် လွန်းလှချေသည်။ သူ့ကဲ့သို့ တောသားတစ်ယောက်ကို မျက်လုံးထဲ ထည့်နေလိမ့်မည် မဟုတ်ချေ။

ယခင်က ရှိခဲ့သည့် မှတ်ဉာဏ်များအရဆိုလျှင် ရှမ့်လန်သည် ထိုအရာကို လုံလုံလောက်လောက် သိရှိပြီးသား ဖြစ်၏။ သို့ပေမဲ့ လက်ရှိအချိန်တွင် ရှစ်မိသားစုကို ဖိနှိပ် အနိုင်ယူရခြင်းကသာလျှင် သူ့အတွက် ကောင်းမွန်သည့်အရာ ဖြစ်၏။

မကြာခင်တွင် ရှမ့်လန်သည် ဝမ်လျှံ၏ အချစ်ပြိုင်ဘက် ဖြစ်လာမည် မဟုတ်ပါလား။ ရှမ့်လန်၏ မိသားစုသည် အန္တရာယ် မကြောက်ရွံချေ။ အဘယ်ကြောင့်ဆိုသော် ဆိုးရွားသည့် အန္တရာယ်တွင်းသို့ သက်ဆင်း ရောက်ရှိနှင့်ပြီးသောကြောင့်ပင်။ လက်ရှိ ရှစ်မိသားစုသည် သူတို့ကို သတ်ဖြတ်ချင်သည် ဆိုလျှင်တောင်မှ ဘာထပ်ပြီး တိုးသွားမည်နည်း။ ယခုထက် ပိုဆိုးသည့်အရာကို ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။ ယခုပင် အဆိုးဆုံး ဖြစ်နေသည် မဟုတ်ပါလား။

ယနေ့ သူပြုလုပ်ခဲ့သည့် အကြောင်းအရာများသည် အချိန်ဆွဲခြင်းသာ ဖြစ်၏။ တစ်ရက် ပိုမိုကာ အသက်ရှင်သည် ဆိုပါက သူကြံစည်ထားခဲ့သည့် အကြံအစည်များအားလုံးကို ဆောင်ရွက်နိုင်ရန်အတွက် အချိန်ပိုရပေမည်။ ထို့အပြင် အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်နိုင်သည်ဟု သူ ယုံကြည်မိသည်။

ထိုအချိန်သို့ ရောက်သည်ဆိုပါက ရှစ်မိသားစု၊ လင်းမိသားစုနှင့် ထျန်းဟန်တို့ပင်လျှင် သူ့ကို နာကျင်အောင် ပြုလုပ်နိုင်တော့မည် မဟုတ်ချေ။ ရှမ့်လန်သည် ၎င်းတို့အားလုံးကို ကျိန်းသေပေါက် ဖိနှိပ်ပစ်မှာဖြစ်၏။ သက်တန့်ရောင်ဆိုးဆေး၏ တန်ဖိုး ကြီးမားလာသည့်တစ်နေ့တွင် အားလုံးသောသူတို့သည် သူ့ကို ဒူးထောက်ကာ ခစားရပေလိမ့်မည်။

သက်တန့်ရောင်ပိုးထည်၏ အောင်မြင်သည့် အခြေအနေကို မြင်ရသည့်အချိန်တွင် ရှစ်မိသားစုသည် သွားရည် တမြားမြားနှင့် ဖြစ်ပေလိမ့်မည်။ မည်သည့် မတော်တဆ ကိစ္စရပ်များသာ မရှိပါက ရှစ်ချင်းချင်းသည် မကြာခင် သူ့ဆီသို့ လာရောက်ပေလိမ့်မည်။ ယနေ့ကိစ္စသည် သူ့အတွက် အန္တရာယ် များလွန်းခဲ့၏။ သို့ပေမဲ့ ထိုအရာအားလုံးသည် သူ၏ တွက်ချက်မှုထဲ၌ ရှိနေသည့် အရာများပင်။

………..

သေချာပေ၏။ ရှမ့်လန်တစ်ယောက် လင်းဝူ၏ လူကုံတန်ပွဲရုံဆီမှ ထွက်ခွာပြီး မကြာခင်မှာပဲ ရှစ်ချင်းချင်းသည် ပြန်လည်ကာ ရောက်ရှိလာခဲ့၏။ သူမသည် သူ၏ အရှေ့တွင် ရထားလုံးကိုရပ်ကာဖြင့် ရထားလုံးတံခါးကို ဆွဲဖွင့်လိုက်သည်။

“ရှမ့်လန်… အရင်တုန်းက ကျွန်မ ရှင့်ကို အထင်အမြင် သေးခဲ့မိတယ်”

ရှစ်ချင်းချင်းက နွေးထွေးစွာ ပြောလိုက်၏။ “ရှင် ဆိုးဆေးနည်းပညာကို လေ့လာနိုင်လိမ့်မယ်လို့ ကျွန်မ မထင်မိခဲ့ဘူးလေ။ ရှင်က တကယ့်ကို တော်တဲ့လူ တစ်ယောက်ပဲ။ ဘာလို့ ကျွန်မကို အရင်တုန်းက မပြောခဲ့တာလဲ”

သူမ ထိုကဲ့သို့ တွေးတောခဲ့ခြင်းမှာ အမှန်ပင် ဖြစ်၏။ ယခင်တုန်းက ရှမ့်လန်သည် ရှစ်ချင်းချင်းကို မတရား ချစ်မြတ်နိုးခဲ့၏။ ထို့ကြောင့် သူ့တွင်ရှိနေသည့် အရာအားလုံးကို ပေးအပ်ရန် အဆင့်သင့် ဖြစ်လို့နေသည်။ ရှစ်မိသားစုသည် ပိုးထည်နှင့် အဝတ်အစား လုပ်ငန်းကို ပြုလုပ်သည့် မိသားစုတစ်ခုဖြစ်၏။ ရှစ်ချင်းချင်း၏ အမြင်အရဆိုလျှင် ရှမ့်လန်တစ်ယောက် ဆိုးဆေးလုပ်ငန်းကို လေ့လာသင်ယူခဲ့ခြင်းဆိုသည်မှာ သူမ သဘောကျစေရန် ကြိုးစားခဲ့ခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။

ဆိုးဆေးလုပ်ငန်း ကျွမ်းကျင်သွားသည်ဆိုပါက တကယ့်ကို ထူးချွန်ထက်မြက်သည့် လူတစ်ယောက် ဖြစ်လာမည် မဟုတ်လျှင်တောင်မှ အသုံးမကျသည့်လူတစ်ယောက်ဟု လက်ညှိုးထိုး၍ ရနိုင်တော့မည် မဟုတ်ချေ။

“စောစောတည်းက အဲလိုပြောခဲ့မယ်ဆိုရင် ကျွန်မ ရှင့်ကို အိမ်ကနေ မောင်းမထုတ်ပါဘူး”

ရှစ်ချင်းချင်း၏ အသံသည် ပိုမိုကာ နူးညံ့ကြင်နာလာခဲ့သည်။ “ကျွန်မတို့ရဲ့ လက်ထပ်ပွဲက အတုပဲလေ။ ကျွန်မက ကျန်းကျင်းကို လက်ထပ်ချင်တယ်။ ဒါပေမဲ့ ရှင့်အနေနဲ့ ရှစ်မိသားစုထဲကို ဧည့်သည်တစ်ယောက်လို ဝင်ထွက် သွားလာနိုင်ပါတယ်။ ဘယ်လိုထင်လဲ”

ရှမ့်လန်သည် မည်သည့်စကားကိုမှ မဆိုချေ။

ရှစ်ချင်းချင်း၏ မျက်လုံးများသည် နူးညံ့ကြင်နာလျက်ရှိ၏။ သူမက အသာပြောဆိုလိုက်သည်။ “ရှမ့်လန်.. ကျွန်မ ရှင့်ကို လစဉ်လတိုင်း ရွှေဒင်္ဂါးဆယ်ပြားပေးမယ်။ ဒါက ရှင့်ရဲ့မိသားစုကို ထောက်ပံ့နိုင်ဖို့ လုံလောက်နေပြီ။ ရှင်သာ ခရမ်းရောင်နဲ့ သက်တန့်ရောင် ဆိုးဆေး နည်းစနစ်ကို ထုတ်ပေးမယ်ဆိုရင် ကျွန်မ ရှင့်အတွက် အကောင်းဆုံး ဆိုးဆေးအိမ်တစ်ခုကို ဖန်တီးပေးမယ်။ လုပ်ငန်းထဲမှာ စိတ်နှစ်ပြီး အကောင်းဆုံး အခြေအနေတစ်ခု ရောက်အောင် ကြိုးစားပေါ့။ ရှင် ကျွန်မကို အရမ်းချစ်တယ် မဟုတ်လား။ ကျွန်မအတွက် အရာအားလုံးကို ပေးအပ်ဖို့ အဆင်သင့် ဖြစ်ခဲ့တယ် မဟုတ်လား။ ဒီနည်းလမ်းနဲ့ ရှင် ကျွန်မကို ကူညီလို့ ရတယ်လေ”

All Chapters