အပိုင်း (၁၅)
Vol. 2 Ch. 15
ရှစ်ချင်းချင်းသည် သူမကိုယ်သူမ တကယ်ပဲ အထင်ကြီးခဲ့၏။
ကျွန်မ ရှင့်ကို စွန့်ပစ်ပြီးတော့ ရှင့်ကို နင်းချေပစ်မယ်။ ဒါ ကျွန်မအတွက် ကောင်းမွန်တဲ့ အရာတွေဖြစ်လို့ ပြုလုပ်ခဲ့တာပဲ။ ကျွန်မအပြစ်မဟုတ်ဘူး။
ထိုကဲ့သို့အတွေးမျိုးသည် ရှစ်ချင်းချင်း၏ နှလုံးသားထဲတွင် တည်ရှိလို့နေသည်။
ရှမ့်လန် အသုံးမကျစဉ်အချိန်က အိမ်မှ ကန်ကျောက်နှင်ထုတ်ခဲ့သော်လည်း အသုံးဝင်သည့် အခြေအနေကို မြင်ရချိန်မှာတော့ ချက်ချင်းဆိုသလိုပဲ အိမ်ကိုခေါ်ကာ ဧည့်သည့်အဖြစ် ဆက်ဆံရန် အဆင်သင့်ဖြစ်လို့ နေ၏။ ထို့အပြင် ရှမ့်လန်အား နွားလိုကျွဲလို အလုပ်ခိုင်းရန်လည်း စီစဉ်ထားခဲ့သေး၏။
ရှမ့်လန်သည် မည်သည့်စကားကိုမှ မဆိုချေ။ အသာပင် လှည့်ကာ ထွက်ခွာသွားလိုက်သည်။
ရှစ်ချင်းချင်းက ပြောလိုက်၏။ “ရှမ့်လန်... ဘယ်လိုဆေးဆိုးရမယ်ဆိုတာ သိရင်တောင်မှ ဘာတစ်ခုမှ ပြောင်းလဲသွားမှာ မဟုတ်ဘူးနော်။ ရှင်က အရင်နဲ့တူတူပဲ။ ကျွန်မတို့ မိသားစုနဲ့ ယှဉ်ပြိုင်တဲ့ပြိုင်ပွဲမှာ အနိုင်ရခဲ့လို့ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အံ့အားသင့်စရာကောင်းတယ်လို့ ထင်မနေနဲ့။ ကျွန်မ မိသားစုထဲမှာ တကယ့်ကို ကျွမ်းကျင်တဲ့ ဆိုးဆေးပညာရှင်တွေ ဒါဇင်ချီပြီးရှိတယ်။ အဲလို ကျွမ်းကျင်တဲ့လူတွေရဲ့ နာမည်ကိုတောင်မှ ကျွန်မက မှတ်သားထားတာ မဟုတ်ဘူး”
သူမ ပြောဆိုသည်မှာ အမှန်ပင်ဖြစ်၏။ ပြောရမည်ဆိုလျှင် ဆိုးဆေးလုပ်သား ဆိုသည်မှာ အဆင့်နိမ့် ကျေးကျွန်များပင်ဖြစ်သည်။ ဤလောကကြီးထဲ၌ နာမည်ကျော်ကြားသည့် လူမျိုး မဟုတ်ခဲ့ချေ။ ထို့ကြောင့် ရှမ့်လန်အနေနှင့် မည်ကဲ့သို့ ဆေးဆိုးရမည် ဆိုသည်ကို သိရှိလျှင်တောင်မှ ရှစ်ချင်းချင်း၏ မျက်လုံး ထဲတွင်တော့ တောသားတစ်ယောက်က တောသားတစ်ယောက်သာလျှင် ဖြစ်သည်။ သူသည် ထူးခြားစွာ ချောမောသည့် လူတစ်ယောက် ဖြစ်သည်ကလွဲလျှင် အဆင့်နိမ့် လူတစ်ယောက်ပင်။
“စာပေကို ဘယ်လို လေ့လာရမလဲဆိုတာ ရှင်မသိဘူး။ သိုင်းပညာကို ဘယ်လိုလေ့ကျင့်ရမလဲဆိုတာ ရှင်မသိဘူး။ ရှင်ဘာမှ မသိဘူး။ ကျွန်မတို့မိသားစုရဲ့ ဆိုးဆေးလုပ်ငန်းဆီမှာ အလုပ်အကျွေးပြုတာကလွဲရင် ရှင် ဘာလုပ်နိုင်မှာမလို့လဲ။ ထမင်းတစ်နပ်တောင် နပ်မှန်မှာ မဟုတ်ဘူး”
ရှစ်ချင်းချင်းက ပြောလိုက်၏။ “ပြီးတော့မမေ့နဲ့အုံး။ ရှင် ထျန်းဟန်ကို ရွှေဒင်္ဂါးတစ်ထောင် အကြွေး တင်နေသေးတယ်”
လင်းဝူသည် ရှမ့်လန်၏ ဆိုးဆေးနည်းပညာသစ်ကို မဝယ်ယူခဲ့ချေ။ ရှစ်မိသားစုအနေနှင့်လည်း ရွှေဒင်္ဂါး တစ်ထောင်ကို ပေးအပ်လိမ့်မည် မဟုတ်ချေ။ ထိုအချိန်မှာတော့ ရှမ့်လန်၏ အရှေ့၌ နံပါတ်ဆယ့်သုံးသည် ဝိညာဉ်တစ်ကောင်ကဲ့သို့ပင် ပေါ်ပေါက်လာသည်။
“ငါကလည်း တူညီတဲ့ အရာကိုပဲ ပြောမယ်။ ဒီည ရွှေဒင်္ဂါးတစ်ထောင်မှ မရဘူးဆိုရင် မင်းရဲ့ မိသားစု တစ်ခုလုံးကို သတ်ပစ်မယ်။ အဝတ်နက်ဂိုဏ်းက ပြောရင် ပြောတဲ့အတိုင်း လုပ်တတ်တယ်”
ရှစ်ချင်းချင်းက အသာပြောလိုက်၏။ “ရှမ့်လန်.. ရှင်ကတော့ အဆုံးသတ်နီးပါးကို ရောက်နေပြီ။ တစ်ရက်တောင် မကျန်တော့ဘူး။ ရွှေဒင်္ဂါးတစ်ထောင်ကို ဘယ်ကနေ သွားရှာမှာလဲ။ ရှင့်အတွက် အကောင်းဆုံး အသက်ရှင်နိုင်တဲ့ နည်းလမ်းက ကျွန်မတို့ မိသားစုကို မှီခိုဖို့ပဲ။ ဆိုးဆေးနည်းပညာ နှစ်ခုကို ပေးမယ်ဆိုရင် ထျန်းဟန်ကို ရှင့်ရဲ့အကြွေးတွေ မေ့ပစ်လိုက်ဖို့ ကျွန်မ ပြောပေးနိုင်တယ်”
နံပါတ်ဆယ့်သုံးက ပြောလိုက်သည်။ “အင်း.. နေတောင်ဝင်တော့မယ်။ ပိုက်ဆံတောင်းဖို့အတွက် မင်းရဲ့အိမ်ကို သွားကြတာပေါ့။ အချိန် သိပ်မကျန်တော့ဘူး။ ဆယ့်လေးနာရီလောက်ပဲ ကျန်တော့တယ်”
ရှစ်ချင်းချင်းက ပြောလိုက်၏။ “ရှမ့်လန်… ဝမ်လျှံဆီက ဘာတွေ မျှော်လင့်နေတာလဲ။ သူက ရှင်ကိုထပ်ပြီး ကယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးနော်။ ပြီးတော့ ကယ်လို့ရမယ် ဆိုရင်တောင်မှာ သူကယ်မှာ မဟုတ်ဘူး။ သူက ရှစ်မိသားစုကို အနိုင်ယူချင်လို့ ဒီလိုမျိုးလုပ်ခဲ့တာပဲ။ သူက ကျွန်မရဲ့ ခင်ပွန်းလောင်း ကျန်းကျင်းနဲ့ ရန်ငြိုး ရှိတယ်။ ရှင့်ရဲ့ သေခြင်း၊ ရှင်ခြင်းကို သူတစ်ချက်ကလေးမှ ဂရုစိုက်မှာ မဟုတ်ဘူး”
ရှစ်ချင်းချင်း ပြောဆိုသည်မှာ အမှန်ပင်ဖြစ်သည်။
နံပါတ်ဆယ့်သုံးက ပြောလိုက်၏။ “ရှမ့်လန်.. စိတ်မပူနဲ့။ ငါတို့ အဝတ်နက်ဂိုဏ်းက မျှမျှတတနဲ့ မင်းရဲ့ မိသားစုတစ်ခုလုံးကို အဆုံးသတ်ပေးမယ်”
ရှစ်ချင်းချင်းက ပြောလိုက်သည်။ “ရှစ်မိသားစုက နေမဝင်ခင် ခရမ်းရောင်နဲ့ သက်တန့်ရောင် ဆိုးဆေး နည်းပညာကို မရဘူးဆိုရင် ဘာတွေဖြစ်လာနိုင်မလဲဆိုတာ ကျွန်မ အာမ မခံနိုင်ဘူး။ အဝတ်နက်ဂိုဏ်းက သိပ်ကို ကြမ်းတမ်းတဲ့ လူတွေနော်။ ရှမ့်လန်.. ရှင့်ရဲ့ဦးနှောက်က သိပြီးကောင်းတာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီလို ကိစ္စမျိုးနဲ့ ပတ်သက်ရင် ဦးနှောက်ကို နည်းနည်းသုံးမှ ဖြစ်လိမ့်မယ်”
ပြီးနောက် ရှစ်ချင်းချင်းသည် ရထားလုံးပေါ် အသာတက်ကာဖြင့် ထွက်ခွာသွားခဲ့၏။
နံပါတ်ဆယ့်သုံးသည် ခန္ဓာကိုယ်ကို အသာလှည့်ကာ ပြောလိုက်သည်။ “အင်း.. နေမဝင်ခင်မှာ မင်းရဲ့အိမ်ကို သွားပြီးတော့ ပိုက်ဆံယူကြတာပေါ့”
ပြီးနောက် သူသည် ခါးကြားတွင် ရှိနေသည့် ဓားတစ်စင်းကို ထုတ်ယူကာဖြင့် ပခုံးပေါ်တင်ကာ အသာ လှမ်းလျှောက် ထွက်ခွာသွား၏။
သူသည် ရှမ့်လန်၏ အနောက်သို့ မလိုက်တော့ချေ။ အဘယ့်ကြောင့်ဆိုသော် ရှမ့်လန်သည် တာဝန် မကျေခဲ့သောကြောင့်ပင်။ သူ့အနေနှင့် ရှမ့်လန်၏ မိဘနှစ်ပါးနှင့် ညီငယ်လေးကို စောင့်ကြည့်ထားသည် ဆိုပါက ရှမ့်လန်အနေနှင့် ဘယ်နေရာကိုမှ ထပ်မံကာ ထွက်ခွာသွားနိုင်မည် မဟုတ်ချေ။
ဖြစ်စဉ်တစ်ခုလုံးတွင် ရှမ့်လန်သည် မည်သည့်စကားကိုမှ မဆိုချေ။ ဤနှစ်ယောက် ပြုမူဆောင်ရွက်ပုံများ ကိုသာ အသာငြိမ်သက်ကာ ကြည့်ရှုနေ၏။ မီတာဒါဇင်နှင့်ချီသည့် အဝေးဆီသို့ ရောက်ရှိသွားပြီးသည့်နောက် ရှစ်ချင်းချင်းသည် ရထားလုံး၏ လိုက်ကာကို အသာဖွင့်ကာဖြင့် လမ်းလယ်ခေါင်တွင် အထီးကျန်စွာ ရပ်တန့်နေသည့် ရှမ့်လန်ကို ကြည့်လိုက်၏။ သူမသည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်မိသည်။
“အားနည်းတာက ပြစ်မှုတစ်ခုပဲ။ ရှင်က တကယ့်ကို ခွေးတစ်ကောင်နဲ့တူတယ်။ ရှမ့်လန်.. ရှင်က ဘာပဲဖြစ်ဖြစ် ကျွန်မတို့ မိသားစုထဲကို ဝင်ပြီးတော့ ကျေးကျွန်တစ်ယောက်လို အလုပ်လုပ်မှ ဖြစ်လိမ့်မယ်။ ဒါကတောင် ရှင့်အတွက် ကြီးမားတဲ့ကောင်းချီး ဖြစ်နေပြီ။ မဟုတ်ရင် ရှင့်လို ဦးနှောက်မရှိတဲ့လူမျိုးက သေသွားဖို့ပဲ ထိုက်တန်တယ်”
ရှစ်ချင်းချင်းသည် မည်သူမှ အနားတွင် မရှိသောကြောင့် ထိုစကားများကို ပြောဆိုခဲ့ခြင်းဖြစ်၏။ သူမ ပြောဆိုနေသည့် စကားလုံးများသည် သူမ၏ အသွင်သဏ္ဍာန်၊ သူမ၏ အပြုအမူ ၊ သူမ၏ ရုပ်ရည် နှင့် လုံးလုံးဆန့်ကျင်လျက် ရှိနေ၏။
........
ရှမ့်လန်သည် လမ်း၏ အလယ်ခေါင်တွင် မတ်မတ်ရပ်လျက် ရှိနေ၏။ ပိုက်ဆံရှာဖွေခြင်းသည် လက်ရှိ အချိန်၌ သူ့အတွက် အလုံးစုံ အသုံးမဝင်သည့်အရာ ဖြစ်လာခဲ့၏။ ပိုက်ဆံမည်မျှရှာရှာ အသုံးမဝင်ချေ။ အခွင့်အာဏာ၊ ဩဇာ၏ ကာကွယ်ပေးခြင်း မရှိပါက သူ့ဆီသို့ ကပ်ဘေးကြီး ရောက်ရှိလာနိုင်ခဲ့၏။ အားကြီးသူသည် အားနည်းသူကို နင်းလျှောက်သွားသည့် လောကကြီးထဲတွင် အားနည်းသူအဖြစ် ရပ်တည်ရခြင်းမှာ ကောင်းမွန်သည့် အရာမျိုး မဟုတ်ချေ။
ရှစ်မိသားစု၊ လင်းမိသားစုနှင့် ထျန်းဟန်၏ အဝတ်နက်ဂိုဏ်း၊ ထိုအရာသုံးခုသည် ရှမ့်လန်အတွက်တော့ ကြီးမားလွန်းသည့် လူ့ဘီလူးကြီးများကဲ့သို့ပင်။ ထျန်းဟန်နှင့် ရှစ်မိသားစုတို့သည် ဤတစ်ညအတွင်း သူ လှုပ်ရှားမှ ဖြစ်မည်။ သူ၏ မိဘနှင့် ညီငယ်လေးတို့၏ အသက်ကို အသုံးပြုကာဖြင့် တစ်ဖက်လူများသည် သူ့ကို ဖိအားပေးပေလိမ့်မည်။ ပြီးနောက် ဆိုးဆေးနည်းပညာနှစ်ခုကို ပေးအပ်ရန် တောင်းဆိုမှာ သေချာ၏။
ရှမ့်လန်အနေနှင့် ထိုအရာနှစ်ခုကို ပေးအပ်ပြီး သူ၏ဘဝတတလျှောက်လုံး ရှစ်မိသားစု၏ ကျေးကျွန်အဖြစ် အလုပ်လုပ်သည် ဆိုလျှင်တောင်မှ အရာအားလုံးက ပြီးဆုံးသွားမည့် ပုံစံမျိုးမရှိချေ။ သူ၏ မိသားစုသည် ကောင်းကောင်းမနေရဘဲ တသက်လုံး နှောင့်ယှက်ခံနေရမှာဖြစ်၏။ သူ့အနေနှင့် ဤပြဿနာကို တစ်ခါတည်း ဖြေရှင်းမှ ဖြစ်ပေလိမ့်မည်။
မူလအားဖြင့် ချမ်းသာကြွယ်ဝသည့် အမျိုးသမီးတစ်ယောက်နှင့် လက်ထပ်ပြီး ဇိမ်ကျကျ နေထိုင်ရန် သူ စဉ်းစားထားခဲ့သည်။ သို့ပေမည့် လက်ရှိအချိန်မှာတော့ ဤအစီအစဉ်ကို အလျင်အမြန် အကောင်အထည် ဖော်ရန် လိုအပ်လာခဲ့၏။ သူ အရာအားလုံးကို အလျင်အမြန် ပြုလုပ်မှ ဖြစ်ပေတော့မည်။
ရှမ့်လန်သည် စိတ်ထဲတွင် ရှိနေသော အစီအစဉ်များကို သေသေချာချာ တွေးတောလိုက်၏။ သူ၏ မဟာဗျူဟာများသည် ဦးနှောက်ထဲတွင် တဖြည်းဖြည်းနှင့် အသက်ဝင်လာခဲ့၏။ ထိုအချိန်မှာပဲ ကောင်းကင်ယံ တစ်ခုလုံးက တောက်ပလာခဲ့ပြီဖြစ်၏။
အချိန်ကျရောက်လာတော့မည်။
ရှမ့်လန်သည် မြို့ဆီမှ အလျင်အမြန် ထွက်ခွာလာခဲ့ပြီး မိုင်ရာနှင့်ချီ အကွာအဝေးရှိ သီးသန့် တည်နေရာဆီသို့ သွားလိုက်သည်။ ထိုနေရာသည် ရွှမ်ဝူအိမ်တော်ပင်ဖြစ်၏။ သူ တစိုက်မတ်မတ်ဖြင့် အားစိုက်ကာ သွားလျက် ရှိနေတုန်းမှာပဲ သူ၏ အနောက်ဘက်ဆီမှ မြင်းခွာသံများ ထွက်ပေါ်လာခဲ့သည်။
သူသည် ရုတ်တရက် လန့်ဖြန့်သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် ထိုမြင်းခွာသံများနှင့်အတူ မြေပြင် တစ်ခုလုံးက တုန်ခါလာခဲ့သောကြောင့်ပင်။ ရှမ့်လန်သည် ခန္ဓာကိုယ်ကို အသာလှည့်၍ ကြည့်လိုက်တော့ အရှိန်အဟုန်ပြင်းပြင်းနှင့် အသော့နှင်လာသော မြင်းစီးတပ်ဖွဲ့တစ်ခုကို မြင်လိုက်ရ၏။ တကယ့် လက်ရွေးစင် မြင်းစီးတပ်ဖွဲ့တစ်ခုဖြစ်ပြီး လူဦးရေ တစ်ရာကျော်ရှိ၏။
မြင်းစီးသူရဲကောင်း တစ်ယောက်ချင်းစီတိုင်းသည် ချပ်ဝတ်များကို ဝတ်ဆင်ထားခဲ့ပြီး ကြီးမားပြီး မြင့်မားလွန်း သည့် မြင်းများကို စီးနင်းထားကြ၏။ လက်ထဲတွင် ဓားရှည်တစ်ခုကို ကိုင်ဆောင်ထားပြီး ဒိုင်းကာကြီး များကိုလည်း သယ်ဆောင်ထားသေးသည်။
ကြောက်မက်ဖွယ်ရာကောင်းသည့် အဆင့်အတန်းနှင့် စစ်တပ် တစ်ခုဖြစ်ကာ ဤကဲ့သို့သော မြင်းစီးတပ်ဖွဲ့တစ်ခုကို တည်ဆောက်ရန်အတွက် မည်မျှကုန်ကျစရိတ် ကြီးမားကြောင်း ရှမ့်လန်သည် တစ်ချက်ကြည့်ရှုလိုက်ရုံနှင့် သိရှိ၏။
ရှေးတရုတ်ပြည် သို့မဟုတ် အရှေ့အလယ်ပိုင်းမှ နိုင်ငံကြီးများ၊ ထိုသူများထက် ပိုမိုကာ အားကောင်းသည့် မြင်းစီးတပ်ဖွဲ့ကြီး တစ်ခုကို ပိုင်ဆိုင်ထားခြင်း ဖြစ်၏။ ထိုကဲ့သို့သော မြင်းစီးတပ်ဖွဲ့ကို ပိုင်ဆိုင်ထားသည့် မိသားစုသည် မည်ကဲ့သို့သော မိသားစုဖြစ်မည်နည်း။
မကြာခင်မှာပဲ ရှမ့်လန်သည် မြင်းစီးတပ်ဖွဲ့၏ အလံကို သေသေချာချာ မြင်လိုက်ရ၏။ သေချာပေ၏။ ရွှမ်ဝူ အိမ်တော်၏ မြင်းစီးတပ်ဖွဲ့ပင် ဖြစ်သည်။
ရွှမ်ဝူမြို့၊ ကျင်းမိသားစုသည် အစစ်အမှန် တော်ဝင်မိသားစု တစ်ခုဖြစ်၏။ လွန်ခဲ့သည့် နှစ်ပေါင်းသုံးရာတည်းက ကျင်းမိသားစုသည် ရွှမ်ဝူမြို့ကို အုပ်စိုးခဲ့၏။ ရွှမ်ဝူမြို့၏ နာမည်သည် ကျင်းမိသားစု ဆီမှ ဆင်းသက်လာခဲ့ခြင်းဖြစ်၏။
ပြောရမည်ဆိုလျှင် ရွှမ်ဝူမြို့စားသည် ရွှမ်ဝူမြို့၏ ပိုင်ရှင်ဟုပင် သတ်မှတ်ရပေမည်။ ဤမြင်းစီးတပ်ဖွဲ့ကို ဦးဆောင်လာသည့် ခေါင်းဆောင်သည် ငွေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားခဲ့၏။ ထိုသူသည် အရပ်ရှည်ရှည်၊ ပိန်သွယ်သွယ်နှင့်ဖြစ်ပြီး မျက်နှာတစ်ခုလုံးကို ဖုံးအုပ်ထားသည့် မျက်နှာဖုံးကြီးရှိ၏။ မျက်လုံးနှစ်ခုသာလျှင် ထင်ပေါ်နေ၏။ သို့ပေမဲ့ ထိုမျက်လုံးနှစ်ခုသည် နွေဦးလေပြည်ထဲတွင် ပေါ်ပေါက်လာခဲ့သည့် အေးစက်သည့် စမ်းချောင်းနှစ်ခုကဲ့သို့ပင်။
ဤမျက်လုံး၏ ပိုင်ရှင်သည် အမျိုးသမီးတစ်ယောက်ဖြစ်၏။ သာမန်ထက်ပိုကာ လှပလွန်းသည့် အမျိုးသမီး တစ်ယောက်လည်း ဖြစ်၏။ သူသည် သူမ၏ မျက်နှာကို သေသေချာချာ မမြင်ရသော်လည်း သူမ မည်သူ ဖြစ်သည်ကို ကောင်းကောင်းခန့်မှန်းနိုင်သည်။
သူမသည် မိုင်ရာနှင့်ချီသည့် ပတ်လည်အတွင်း ဒဏ္ဍာရီလာ နတ်ဘုရားမအဖြစ် ထင်ရှားကျော်ကြားသည့် ရွှမ်ဝူမြို့၏ မင်းသမီးဖြစ်၏။ လူငယ်လူရွယ်ပေါင်းများစွာ၏ အိမ်မက်ချစ်သူလည်း ဖြစ်သလို ရွှမ်ဝူအိမ်တော်၏ အဓိကထောက်တိုင်လည်းဖြစ်သော ကျင်းမူလန်ပင်။
ရှမ့်လန်သည် အနည်းငယ် အံ့အားသင့်သွား၏။ သူသည် မြို့စားအိမ်တော်သို့ သွားရန် စီစဉ်ခဲ့၏။ မထင်မှတ်ထားလောက်အောင်ဘဲ မြို့စားသမီးနှင့် စိုက်စိုက်မြိုက်မြိုက် လာတွေ့နေလေသည်။
“ဖယ်.. ဖယ်။ လမ်းဖယ်ကြ”
မြင်းစီးတပ်ဖွဲ့၏ အရှေ့တွင် ရှိနေသည့် နှစ်ယောက်သည် အလံတော်ကို ကိုင်ဆောင်ပြီး ရှမ့်လန်ကို လမ်းဖယ်ပေးရန် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
လမ်း၏ အလယ်ခေါင်တည့်တည့်တွင် ရပ်တန့်လျက် ရှိနေသည့် ရှမ့်လန်သည် တွေဝေငေးငိုင်လျက် ရှိနေသည်။
အကယ်၍ မြင်းစီးတပ်ဖွဲ့သည်သာ ရှမ့်လန်ကို ဝင်တိုက်သွားပါက သူ၏အရိုးများ ကျိုးကြေပြီး ဆိုးဆိုးရွားရွား သေဆုံးသွားနိုင်လောက်၏။
သူသည် မြန်မြန်ဆန်ဆန် ဆိုသလိုပဲ မြင်းစီးတပ်ဖွဲ့ သွားလာနိုင်ရန်အတွက် လမ်းကို ရှောင်ရှားပေးလိုက်၏။ သို့ပေမဲ့ ရှမ့်လန်တစ်ယောက် လမ်းပေါ်မှ ဖယ်ရှားပေးရန် ပြင်နေတုန်းမှာပဲ ရုတ်တရက် သူ၏ စိတ်ထဲတွင် အကြံအစည်တစ်ခု ပေါ်ပေါက်လာခဲ့သည်။ ပြီးနောက် လမ်းပေါ်၌ ရည်ရွယ်ချက်ရှိရှိဖြင့် ခလုတ်တိုက် လိုက်သည်။
ဘန်း
မြင်းစီးတပ်ဖွဲ့ခေါင်းဆောင်သည် ရှမ့်လန်ကို မြင်းနှင့်တိုက်လိုက်၏။ ပြင်းထန်လွန်းသည့် အရှိန်ကြောင့် ရှမ့်လန်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် လေထဲသို့ လွင့်စင်သွားခဲ့၏။
မိန်းမ.. လွန်ခဲ့တဲ့ သုံးနှစ်တုန်းက မင်းငါ့ကို ဒီလိုပဲ တိုက်ခဲ့တယ်။ အခု ငါ့ကို တိုက်ခဲ့ပြန်ပြီ။ ငါ့ကို အိမ်ခေါ်သွားတော့။
ရှမ့်လန်သည် နှလုံးသားထဲတွင် ထိုကဲ့သို့သော အကြောင်းအရာကို တွေးတောနေ၏။ သို့ပေမဲ့ သူ၏ခန္ဓာကိုယ် ခပ်ဝေးဝေးသို့ လွင့်စင်သွားပြီး မြေပေါ်သို့ကျသည့်အချိန်မှာတော့ သူသည် သတိလစ် မေ့မျောမလိုပင် ခံစား နေရသည်။
သူ၏ ခလုတ်တိုက်မှု သရုပ်ဆောင်စွမ်းရည်သည် ဩချလောက်စရာဖြစ်၏။ အားအင်အဆင့်၊ ထောင့်ချိုး တွက်ချက်မှု၊ အချိန်ကိုက် ပြုမူဆောင်ရွက်မှု၊ အရာအားလုံးတို့သည် ပြည့်စုံခဲ့သည်။ မြေပေါ်သို့ ပြုတ်ကျပြီးသည့်နောက် သူသည် ပြင်းပြင်းထန်ထန် ဒဏ်ရာမရရှိချေ။ သို့ပေမဲ့ နှုတ်ခမ်းထောင့်တွင် သွေးများ စီးကျအောင် နှုတ်ခမ်းထောင့်ကို ကိုက်လိုက်၏။ သူသည် အလွန်နာကျင်သည့် ဟန်ပန်အမူအရာမျိုးဖြင့် လူးလှိမ့်နေလိုက်၏။
ကျင်းမူလန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ သူမသည် လက်ကိုမြှောက်လိုက်သည်။
ရာနှင့်ချီသော မြင်းစီးတပ်ဖွဲ့သည် ရုတ်တရက် ရပ်တန့်သွားခဲ့လေ၏။ အရှေ့တွင် ရှိနေသည့် မြင်းစီး တပ်ဖွဲ့သားနှစ်ယောက်တို့သည် မြင်းပေါ်မှ ခုန်ဆင်းလာပြီး ရှမ့်လန်၏ ဒဏ်ရာကို စစ်ဆေးရန် ပြင်ဆင်လိုက်ကြ၏။
မထင်မှတ်ထားလောက်အောင်ဘဲ ကျင်းမူလန်သည် ထိုသူတို့ထက် ပိုမိုကာ မြန်ဆန်၏။ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် မြင်းပေါ်မှ ဝေ့ဝဲကာ ကျဆင်းလာခဲ့ပြီးနောက် လေထဲ၌ တစ်ချက်ကျွမ်းပစ်ကာ ရှမ့်လန်ဆီသို့ ရောက်ရှိလာသည်။
ရှမ့်လန်သည် အလွန် အံ့အားသင့်သွား၏။ သူမသည် အားကောင်းလွန်းလှချေ၏။
ကျင်းမူလန်သည် ရှမ့်လန်၏အရှေ့သို့ ရောက်ရှိချိန်မှာတော့ ဆောင့်ကြောင့်ထိုင်ပြီး သူမ၏ လက်အိတ်ကို ချွတ်လိုက်၏။ ပြီးနောက် ရှမ့်လန်၏ နှာခေါင်းပေါက်ဆီသို့ လက်စမ်းကာဖြင့် အသက်ရှူနှုန်းကို စစ်ဆေးလိုက်သည်။
ဒီလူငယ်လေးက အရမ်းချောတယ်။ သူ့ကိုကြည့်ရတာ ရင်းနှီးနေသလိုပဲ။
ထိုအရာသည် သူမ၏ စိတ်ထဲ၌ ပထမဦးဆုံး ဖြစ်ပေါ်လာခဲ့သည်အတွေး ဖြစ်၏။ ရှမ့်လန်၏ ဒဏ်ရာများသည် မဆိုးရွားလှချေ။ ဟုတ်ပေ၏။ အသက်ရှူနှုန်းမှာလည်း မှန်ကန်ပြီး တည်ငြိမ်လို့နေ၏။ သို့ပေမဲ့ ရှမ့်လန်သည် သမားတော် တစ်ယောက်ဖြစ်၏။ ထို့ကြောင့် သေဆုံးလုနီးပါး အခြေအနေအထိရောက်အောင် လွယ်လွယ်ကူကူနှင့် သရုပ်ဆောင်နိုင်စွမ်း ရှိနေ၏။ နှုတ်ခမ်းထောင့်တွင် ရှိနေသည့် သွေးများသည် ပိုမို၍ ယိုစီးကျလာခဲ့၏။ ၎င်းကို ကြည့်ရှုရသည်မှာ တကယ်ပင် သနားဖွယ်ရာ ကောင်းလွန်းလှ၏။
ကျင်းမူလန်၏ မျက်လုံးများထဲတွင် သနားသည့် အရိပ်အယောင်များ ဖြစ်တည်လာခဲ့၏။ ရွှမ်ဝူမြို့တွင် ရှိသည့် လူပေါင်းများစွာတို့သည် သူမ မိသားစု၏ လူများဖြစ်သည်ဟု သုံးသပ်ထားခဲ့၏။ ငယ်ရွယ်စဉ်တည်းက ထိုကဲ့သို့ ပြုမူဆက်ဆံရန်လည်း သူမ၏ အဖေက သင်ကြားထားခဲ့သည်။
မြင်းစီးတပ်ဖွဲ့များသည် ရန်သူလာရာလမ်းကို တားဆီးကာ ရန်သူများကို သတ်ဖြတ်တတ်သည် ဆိုသော်လည်း ကျင်းမူလန်သည် သူမ၏ ရှေ့တွင် အပြစ်မဲ့ မြို့သူမြို့သားများသေဆုံးသည်ကို ဘယ်သောအခါကမှ မမြင်ချင် ခဲ့ချေ။ မမြင်လည်း မမြင်ခဲ့ဖူးချေ။
“သခင်မလေး... အနီးဆုံး ဆေးခန်းတစ်ခုကို ပို့ရင်ကောင်းမယ်” ဘေးတစ်ဖက်တွင် ရှိနေသည့် ကျေးကျွန် တစ်ယောက်က ပြောဆိုလိုက်၏။
အင်း.. လုပ်စရာ မလိုဘူး။
ရှမ့်လန်သည် ကြိတ်ကာ ဆုတောင်းလျက်ရှိသည်။ အိမ်ကိုသာ ခေါ်သွားတော့။
ကျင်းမူလန်သည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “မဟုတ်ဘူး။ သာမန် ဆေးခန်းတွေမှာ ကုတယ်ဆိုတာ လုံခြုံတဲ့ ကိစ္စရပ် မဟုတ်ဘူး။ အိမ်တော်ရဲ့သမားတော်တွေက ပိုတော်တယ်။ သူ့ကို ကုသဖို့ အတွက် မြို့စားအိမ်တော်ဆီ ခေါ်ခဲ့လိုက်။ ကျွန်မတို့ရဲ့ မြင်းခွာအောက်မှာ သာမန် အပြစ်မဲ့ ပြည်သူကို သေဆုံးစေဖို့ မဖြစ်ဘူး”
သူမ၏ အသံသည် တကယ့်ကို နားဝင်ချိုလွန်းလှသည်။
“ကောင်းပါပြီ”
နောက်လိုက်က မြန်မြန်ဆန်ဆန် ပြောဆိုလိုက်၏။ ပြီးနောက် ရှမ့်လန်ကို စွေ့ကနဲ ကောက်မကာဖြင့် မြင်းပေါ်သို့ ပွေ့တင်လိုက်၏။
ကျင်းမူလန်၏ ကျေးကျွန်သည် အမျိုးသမီးတစ်ယောက်ဖြစ်၏။ သို့ပေမဲ့ သူမသည် သာမန်ယောက်ျား များထက် ပိုမိုကာ ကြွက်သားများနှင့် တောင့်တင်းခိုင်မာလျက်ရှိ၏။ သူမ၏ လက်နှင့် ပွေ့ဖက်ခြင်း ခံလိုက်ရချိန်မှာတော့ ရှမ့်လန်သည် သူ့ကိုယ်သူ မင်းသမီးလေး တစ်ယောက်ကဲ့သို့ပင် ခံစားပြီး ရှက်ရွံ့နေမိ၏။ သောက်ကျိုးနည်းလှချေသည်တကား။
သို့ပေမဲ့ သူသည် သတိလစ်မေ့မျောချင်ယောင် ဆောင်ထားရသေး၏။
“သွားကြရအောင်” ကျင်းမူလန်က အမိန့်ပေးလိုက်သည်။ သူမသည် မြင်းစီးတပ်ဖွဲ့ကြီးကို ဦးဆောင်ကာဖြင့် ရွှမ်ဝူအိမ်တော်ဆီသို့ ပြန်လာခဲ့သည်။
ဒဏ်ရာရရှိထားသော ချစ်စဖွယ်လူငယ်လေး ရှမ့်လန်သည် ရွှမ်ဝူအိမ်တော်သို့ ခေါ်ဆောင်ခြင်း ခံခဲ့ရ၏။
ရှမ့်လန်.. ဒါ မင်းရဲ့ ကံကြမ္မာကို ဆုံးဖြတ်ချက် ချမယ့်အချိန်ပဲ။
ရှမ့်လန်သည် သူ့ကိုယ်သူ မနည်းကြိုးစားကာဖြင့် အားပေးလိုက်၏။ ဒီတစ်ကြိမ်မှာ တစ်မိသားစုလုံးကို ကယ်တင်နိုင်ဖို့၊ ရှစ်မိသားစုကို သေတွင်းပို့နိုင်ဖို့၊ ထျန်းဟန်ကို အပြတ်ရှင်းနိုင်ဖို့၊ နောက်ပိုင်းမှာ စည်းစိမ်ဥစ္စာတွေ ခံစားပြီး ဇိမ်နဲ့နေနိုင်ဖို့ဆိုတာ မင်းရဲ့သရုပ်ဆောင်မှုပေါ်မှာပဲ မူတည်နေပြီ။