အပိုင်း (၁၇)
Vol. 2 Ch. 17
ခဏလောက် ကြာပြီးနောက် ရွှမ်ဝူမြို့စားသည် စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်၏။ ပြီးနောက် မေးမြန်းလိုက်သည်။ “ကျိုးမိသားစုရဲ့ လက်ထပ်ပွဲဆိုတာမျိုးက လျှို့ဝှက်ချက် ဖြစ်တယ်။ ငါတောင် မသိဘူး။ မင်းက ဘယ်လိုဖြစ်ပြီး သိရတာလဲ။ ဘယ်ကနေ ကြားလာခဲ့ရတာလဲ”
မှန်ပေ၏။ ဤတည်နေရာတွင်ရှိနေသည့် အားလုံးသောသူတို့၏ အကြည့်သည့် ရှမ့်လန်ဆီသို့ ရောက်ရှိလာခဲ့၏။ ၎င်း၏ နိမ့်ပါးသည့် ဂုဏ်သိက္ခာနှင့် နောက်ခံအရဆိုလျှင် ဤလျှို့ဝှက်ကိစ္စကို မည်ကဲ့သို့ သိရှိခဲ့သနည်း။
ရှမ့်လန်က ပြောလိုက်၏။ “ရှစ်မိသားစုသမီးနဲ့ စေ့စပ်ထားတဲ့ သတို့သားလောင်း ကျန်းကျင်း ဆီကပါ”
“ကျန်းကျင်း ဟုတ်လား”
ရွှမ်ဝူမြို့စားက ပြောလိုက်သည်။ “ရွှမ်ဝူမြို့ မြို့ကာကွယ်ရေးတပ်ရဲ့ ခေါင်းဆောင်အသစ်လား”
“ဟုတ်တယ်။ သူပဲ”
ရှမ့်လန်က ပြောလိုက်၏။ “ရှစ်မိသားစုသမီးနဲ့ ကျုပ်က လက်ထပ်ထားခဲ့တာ။ ရှစ်ချင်းချင်းက ကျုပ်ကို အိမ်ကနေ နှင်ထုတ်ခဲ့တယ်လေ။ သူမရဲ့ သတို့သားလောင်း ကျန်းကျင်း ကိုယ်တိုင် ကျုပ်ကိုပြောတာ။ ကျိုးမိသားစုရဲ့ ကျိုးဟုန်ရွဲ့က မိန်းကလေး ကျင်းမူလန်ကို လက်ထပ်ချင်နေတယ်တဲ့၊ ဒါကြောင့် သူတို့က အရင်ဆုံး လက်ထပ်ဖို့ စီစဉ်နေကြတာပဲ။ အဲတုန်းက ကျုပ်ကို သူတို့က အရူးလို ဆက်ဆံခဲ့ကြတာလေ။ ဒါကြောင့် သိပ်ပြီး ဂရုမစိုက်ခဲ့ ကြဘူး”
ထိုအချိန်မှာတော့ မြို့စားအိမ်တော်၏ အတိုင်ပင်ခံတစ်ယောက်သည် မြို့စားကြီးအနားသို့ အသာ တိုးကပ်ကာဖြင့် တစ်စုံတစ်ခုကို တီးတိုးပြောဆိုလိုက်၏။ ရှမ့်လန်၏ ဂုဏ်သိက္ခာနှင့် နောက်ခံကို ပြောဆိုနေခြင်းပင် ဖြစ်ပေလိမ့်မည်။
ရွှမ်ဝူမြို့တွင် ရှမ့်လန်သည် တကယ့်ကို ကျော်ကြားသည့် လူတစ်ယောက်ဖြစ်၏။ မည်သူမှသည် ရှစ်မိသားစု၏ သမီးပျိုနှင့် လက်ထပ်ရန် မရဲသည့်အချိန်၌ ရှမ့်လန်သည် ရဲရဲဝံ့ဝံ့ ရှေ့ကိုတိုးကာဖြင့် ရှစ်ချင်းချင်းကို လက်ထပ် ယူခဲ့၏။ ထို့ကြောင့် ၎င်း၏ ဂုဏ်သတင်းသည် ရွှမ်ဝူမြို့တစ်ခုလုံးသို့ ပျံ့နှံ့နေပြီးသား ဖြစ်၏။
ရှစ်မိသားစု၏ သမက်သည် အရူးတစ်ယောက်ဖြစ်ကြောင်း အားလုံးသောသူတို့က သိရှိ၏။ ရှမ့်လန်၏ မိသားစုသည် ၎င်းတို့ ပိုင်ဆိုင်သည့်အရာအားလုံးကို ထုတ်ဖော်ကာဖြင့် ဆယ်နှစ်နီးပါး ရှမ့်လန်ကို လေ့လာသင်ယူစေခဲ့၏။ သို့ပေမဲ့ ရှမ့်လန်သည် အခြေခံသင်ရိုးကိုပင် ကုန်စင်အောင် လေ့လာနိုင်ခဲ့ခြင်း မရှိချေ။ မှတ်ဉာဏ်မှာ အလွန် ဆိုးရွားလွန်းခဲ့သည်။
“လွန်ခဲ့တဲ့ နှစ်ရက်တုန်းက ရှစ်မိသားစုက သမက်ရှမ့်လန်ကို အိမ်ကနေ မောင်းထုတ်ခဲ့အကြောင်း ကြေညာခဲ့တယ်။ သမက်ရှမ့်လန်က မိသားစုပိုင်ပစ္စည်းတွေကို ခိုးယူရုံတင်မကဘူး။ အစေခံတစ်ယောက်ကို ဗလက္ကာရ ပြုလုပ်ခဲ့တယ်တဲ့” မြို့စား၏ အတိုင်ပင်ခံက ပြောဆိုလိုက်၏။ သူ၏ အသံက အနည်းငယ် ကျယ်သွားခဲ့၏။ ထို့ကြောင့် ရှမ့်လန်က ကောင်းကောင်းကြားရ၏။
ထိုအခြင်းအရာကို ကြားသည့်အချိန်မှာတော့ ရွှမ်ဝူမြို့စားသည် ရုတ်တရက် မျက်မှောင်ကုတ်လိုက်၏။ ရှမ့်လန် ရှစ်မိသားစုပိုင် ပစ္စည်းများကို ခိုးယူခဲ့ပြီး ရှစ်မိသားစု အစေခံကို ဗလက္ကာရ ပြုကျင့်ခဲ့ခြင်းသည် ဟုတ်လား၊ မဟုတ်လား သေသေချာချာ မသိရှိချေ။ ထိုအရာမှာ ပြောရန်ခက်သည်။
သို့ပေမဲ့ ရှမ့်လန်သည် ဆယ်နှစ်နီးပါး လေ့လာသင်ယူခဲ့သည် ဖြစ်သော်လည်း အခြေခံ သင်ရိုးကိုပင် ကုန်စင်အောင် လေ့လာနိုင်ခြင်း မရှိခဲ့ချေ။ ပြောရမည်ဆိုလျှင် အရည်အချင်းမရှိသည့်လူ အဖြစ် သတ်မှတ်ရပေမည်။
ထို့အပြင် အားလုံး၏ အထင်အရဆိုလျှင် ရှမ့်လန်သည် ရှစ်မိသားစုထဲသို့ ဝင်ရောက်၍ ရှစ်ချင်းချင်းနှင့် လက်ထပ် ခဲ့သည်ဆိုခြင်းမှာ ၎င်း၏ အဆင်ခြင်ကင်းမဲ့သည့် ဦးနှောက်ကြောင့်ပင် ဖြစ်ပေမည်။ မြို့စားသည် ထိုကဲ့သို့ ပျင်းရိ၍ အလိုလောဘ ကြီးမားပြီး မရိုးဖြောင့်သည့် အလွယ်နည်းဖြင့် အမြင့်သို့ တက်လှမ်းရန် ကြိုးစားသည့် လူငယ်များကို မုန်းတီးတတ်သည်။ ထို့ကြောင့် သူသည် ရှမ့်လန်ပေါ်တွင် အကောင်းမြင်စိတ် မရှိတော့ချေ။
တခြားသော အချိန်မျိုးတွင်သာဆိုပါက ကျိန်းသေပေါက် ရှမ့်လန်အား သင်ခန်းစာတစ်ခုခု ပေးအပ်ပေလိမ့်မည်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ သူသည် ဘာတစ်ခုကိုမှ ဂရုမစိုက်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန် သူ့ကို ပြောဆိုခဲ့သည့် လက်ထပ်ပွဲကိစ္စသည် မြို့စားအိမ်တော်၏ ကံကြမ္မာနှင့် ပတ်သက်ဆက်နွယ် နေသောကြောင့်ပင်။
ထို့အပြင် သူသည် ရှမ့်လန်ပြောဆိုသည့် အရာများမှာ အခြေခံအားဖြင့် မှန်ကန်သည်ဟု သုံးသပ်ခဲ့ပြီးသား ဖြစ်၏။ ကျန်းမိသားစုသည် ရွှဲ့ပြည်နယ်၏ သူကောင်းမျိုးနွယ်အသစ် ဖြစ်၏။ ၎င်းတို့၏ နောက်ခံသည် ကျိုးမိသားစု ဖြစ်၏။ ကျန်းကျင်း၏ အဖေ ကျန်းချုံးသည် နုကျင်းစီရင်စု၏ အုပ်ချုပ်ရေးမှုးအဖြစ် တာဝန်အပ်နှင်းခံရ၏။ ထိုအရာအားလုံးသည် ထျန်းလန်စီရင်စု၏ အုပ်ချုပ်ရေးမှုး ကျိုးကျန့် အာမခံပေးထားသောကြောင့်ပင်။ ထို့ကြောင့် ကျန်းကျင်းတစ်ယောက် ကျိုးမိသားစု၏ လျှို့ဝှက်ချက်များကို သိရှိခြင်းနှင့်ပတ်သက်၍ သူ အံ့အားမသင့်ချေ။
ကျန်းကျင်းနှင့် ပတ်သက်နေသောကြောင့် မြို့စားအိမ်တော် ပဲ့ကိုင်ရှင် ကျင်းကျိုးသည် ကောင်းကောင်း နားလည်နေ၏။ ကျန်းမိသားစုသည် ရွှမ်ဝူမြို့၌ ရာထူးရာခံ ပိုင်ဆိုင်သည့်လူများ ဖြစ်သော်လည်း ၎င်းတို့သည် ငွေကြေး လိုအပ်လျက် ရှိနေ၏။ ထို့ကြောင့် ချမ်းသာကြွယ်ဝသော ကုန်သည်သူဌေး၏ သမီးကို လက်ထပ်ရန် စီစဉ်နေခြင်းပင် ဖြစ်ပေလိမ့်မည်။ ထို့အပြင် မည်မျှ လောဘတက်နေသနည်းဆိုသော် ထိုယူမည့် သမီးသည် ယောကျာ်းတစ်ယောက် ရှိနေပြီး ဖြစ်၏။ ယူ၍ရအောင် ထိုယောကျာ်းအား နှင်ထုတ်ခဲ့သည်။
မြို့စားကြီးနှင့် အတိုင်ပင်ခံ ကျင်းကျူးတို့သည် ကောင်းကောင်းနားလည်သွားခဲ့ပြီး ဖြစ်၏။ ကျန်းမိသားစုသည် မြန်မြန်ဆန်ဆန်နှင့် တိုးတက်လာခဲ့ကြ၏။ ၎င်းတို့၏ အခြေခံသည် မခိုင်မာချေ။ ဆက်လက်ကာ ဖွံ့ဖြိုးတိုးတက် ချင်သည်ဆိုပါက ကျိန်းသေပေါက် ပိုက်ဆံ လိုအပ်ပေလိမ့်မည်။ ထို့ကြောင့် အားလုံးသော သူတို့၏ မျက်လုံးထဲတွင် ကျန်းမိသားစုက လောဘကြီးသည်ဟု သုံးသပ်၍ မရနိုင်တော့ချေ။ ထို့ကြောင့်ပင်လျှင် ကျန်းမိသားစုနှင့် ရှစ်မိသားစုတို့ကြား ပေါင်းစပ်ခြင်းဆိုသည်မှာ ပိုက်ဆံနှင့် အာဏာကို ပေါင်းစပ်ခြင်းဟု သတ်မှတ်ရပေမည်။
“ချက်ချင်း အဖွဲ့တွေ စေလွှတ်ပြီးတော့ စုံစမ်းလိုက်။ ကျိုးမိသားစုဝင် တစ်ယောက်ယောက်ကို ဒီကိုလာတဲ့ လမ်းမှာတွေ့ရင် ချက်ချင်းပြန်ပြီး သတင်းပို့”
မြို့စားကြီးက အမိန့်ပေးလိုက်၏။ “အခု အရေးအကြီးဆုံးအရာက ကျိုးမိသားစုက လူတွေ ဘယ်နေရာမှာ ရောက်နေပြီ ဆိုတာပဲ”
“ကောင်းပါပြီ” အစေခံ တစ်ယောက်သည် ပြေးထွက်သွားခဲ့၏။ သူသည် ချက်ချင်းဆိုသလိုပဲ ကျိုးမိသားစုမှ လူများကို စုံစမ်းရန် ပြင်ဆင်လိုက်သည်။
ပြီးနောက် မြို့စားကြီးသည် ရှမ့်လန်ကို ပြောလိုက်၏။ “လူငယ်လေး.. ငါ မင်းအပေါ်မှာ အကောင်းမြင်စိတ် မရှိဘူး။ ဒါပေမဲ့ ဘာပဲပြောပြော မင်းပြောခဲ့တဲ့ အကြောင်းအရာတွေက အရမ်းကို အရေးကြီးတယ်လေ။ မင်းက ကောင်းမွန်တဲ့ ကိစ္စရပ်တွေကို ပြုလုပ်ခဲ့တယ်လို့ သုံးသပ်ရမယ်။ ဒီတော့ မင်းလိုချင်တာကိုပြော။ ကျိန်းသေပေါက် ငါ ဆုလာဘ်အဖြစ် ပေးမယ်။ ပြည်နယ်ရဲ့ ဥပဒေကို မချိုးဖောက်ဘူးဆိုရင် ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်”
ရှမ့်လန်သည် ရုတ်တရက်ဆိုသလိုပဲ ဤမြို့စားကြီးအပေါ်တွင် အကောင်းမြင်သည့်စိတ်များ ထပ်မံတိုးတက်ခဲ့ လေ၏။ သူ့ကို ကြည့်ရှု၍ မရဘူးဟု ပွင့်ပွင့်လင်းလင်း ပြောဆိုနေသည်ဆိုလျှင်တောင်မှ ဆုလာဘ်ပေးရန် အတွက်တော့ လက်ရှောင်မနေခဲ့ချေ။ မြို့စားကြီး၏ စကားလုံးသည် တကယ်ကို ရှင်းလင်းလွန်းလှ၏။ ပိုက်ဆံ ဘယ်လောက်များများ ရှမ့်လန်လိုချင်သည်ဆိုပါက ပေးအပ်ရန် အဆင်သင့် ဖြစ်နေသည်ဟုပင်။ သူ့အနေနှင့် ပါးစပ်မှ ထုတ်ဖော်ကာဖြင့် ဂဏန်းတစ်ခု၊ နှစ်ခုလောက်ကို ပြောဆိုရန်သာ လိုအပ်သည်။
ထို့အပြင် ရှမ့်လန် မည်သည့်ပြဿနာဖြစ်ဖြစ် မြို့စားကြီးက လိုလိုချင်ချင်ဖြင့် ဖြေရှင်းပေးပေလိမ့်မည်။ အခြား စကားအရ ပြောရမည်ဆိုလျှင် ရှစ်မိသားစု၊ လင်းမိသားစု၊ ထျန်းဟန်တို့နှင့် ဖြစ်တည်နေခဲ့သည့် ပြဿနာများ အားလုံးတို့သည် ချက်ချင်းဆိုသလိုပဲ ပြေလည်သွားနိုင်၏။
မြို့စားကြီးသည်သာ တစ်စုံတစ်ယောက်ကို စေလွှတ်၍ သတင်းစကားဆိုပါက ထိုမိသားစု သုံးခုလုံးသည် ရှမ့်လန်၏ ခန္ဓာကိုယ်ဆီမှ အမွေးတစ်မျှင်ကိုပင် ထိရဲလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ရှမ့်လန်လိုချင်သည်မှာ ထိုအရာမျိုး မဟုတ်ချေ။ ပိုက်ဆံများသည် သူ၏ အရေးအခင်းကို ခဏတာလျှင် ဖြေရှင်းနိုင်စွမ်းရှိ၏။ ရှစ်မိသားစု၊ ထျန်းဟန်တို့နှင့် ဖြေရှင်းဖို့ ဆိုသည်မှာ ဤမျှ လွယ်ကူနေလိမ့်မည် မဟုတ်ချေ။
သူသည် အခွင့်အရေးကို အရယူပြီး မြို့စားကြီး၏ နေအိမ်တွင် နေချင်၏။ ပြီးနောက် နည်းလမ်းတစ်ခု ရှာကာဖြင့် ကျင်းမူလန်နှင့် နီးစပ်ခွင့်ရရန် အခွင့်အရေးကို ရှာဖွေရပေလိမ့်မည်။ သူတည်ရှိနေသည်ကို ဟန်ရေးပြပြီး သည့်နောက် တစ်ဖက်မှ နတ်မိမယ်ကို တစ်ခါတည်း အရယူရန် ဆုံးဖြတ်ထားခဲ့သည်။
ရှမ့်လန်သည် သူ၏ပါရမီနှင့် ချောမောသည့် မျက်နှာသွင်ပြင်ကို ယုံကြည်၏။ လဝက်နီးပါးအတွင်း ဤအမျိုးသမီးကို မျက်စိကျအောင် မလုပ်နိုင်ပါက သူညံ့ဖျင်း၍သာ ဖြစ်ပေလိမ့်မည်။
“ကျုပ်... မြို့စားအိမ်တော်မှာ နေချင်ပါတယ်။ ပြီးတော့ အလုပ်တစ်ခုခု လုပ်ချင်ပါတယ်” ရှမ့်လန်သည် ဦးညွတ်လိုက်၏။ ရှစ်မိသားစုနှင့် ထျန်းဟန်တို့သည် သူ့ကို သတ်ဖြတ်ချင်နေကြကြောင်း သူ မပြောဆိုခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာကို ပြောဆိုရန် မလိုအပ်ချေ။ မြို့စားအိမ်တော်တွင် နေထိုင်ခွင့် ရရှိပါက ထိုမိသားစုနှစ်ခုသည် သူ၏မိဘများကို ထိခိုက်ရဲလိမ့်မည် မဟုတ်ချေ။
မြို့စားကြီးသည် ထိုစကားကို ကြားသည့်အချိန်မှာတော့ ချက်ချင်းပဲ မျက်မှောင်ကုတ်သွားခဲ့၏။ ရှမ့်လန် အပေါ်တွင် သူသည် ယခင်ကတည်းက အမြင်ကောင်းကောင်း မရှိခဲ့ချေ။ ရှမ့်လန်သည် ပျင်းရိသည့် လူငယ် လူရွယ်တစ်ယောက် ဖြစ်၏။ ကောင်းကောင်းမွန်မွန် ကြိုးစားချင်စိတ် မရှိခဲ့သည့်အပြင် ရှစ်မိသားစု၏ သမက်တော်ဖြစ်ရန်သာ အားစိုက်ထုတ်ခဲ့၏။ တကယ့်ကို အလိုလောက ကြီးမားလှပြီး အသုံးမကျသည့် လူပင် ဖြစ်ပေလိမ့်မည်။
ထို့အပြင် ရှမ့်လန်အနေနှင့် မြို့စားအိမ်တော်တွင် နေထိုင်ခြင်းဆိုသည်မှာ မကောင်းသည့် စိတ်ဆန္ဒတစ်ခုခု တည်ရှိနေသောကြောင့်ဖြစ်ကြောင်း မြို့စားကြီးက ခံစားမိ၏။
ထို့ကြောင့်ပင်လျှင် မြို့စားကြီး၏ မျက်လုံးများသည် စူးရှ သွားခဲ့၏။ သို့ပေမဲ့ သူ့အနေနှင့် ပြောဆိုခဲ့ပြီးပြီ ဖြစ်သောကြောင့် ကျိန်းသေပေါက် သဘောတူညီမှ ဖြစ်ပေလိမ့်မည်။
ထို့အပြင် ရှမ့်လန်သည် ငယ်ရွယ်သေး၏။ မကောင်းသည့် အကျင့်လက္ခဏာများ တည်ရှိနေသည် ဆိုလျှင်တောင်မှ မြို့စားအိမ်တော်တွင် ရှိသည့် တင်းကျပ်သည့် စည်းမျဉ်းစည်းကမ်းများအောက်တွင် သစ်ရွက်နုကဲ့သို့ ပြောင်းလဲကာ လူသစ် ဖြစ်သွားနိုင်သည်။
မြို့စားကြီးက ပြောလိုက်၏။ “မင်းအနေနဲ့ မြို့စားအိမ်တော်မှာ အလုပ်တစ်ခု လိုချင်တယ်ဆိုမှတော့ ငါမင်းကို ကတိပေးတယ်။ ပြီးတော့ မင်းက အရေးကြီးတဲ့ သတင်းအချက်အလက်ကို ငါ့ဆီ ပေးပို့ခဲ့တဲ့လူလေ။ ငါမင်းကို ဘယ်တော့မှ ကျေးကျွန်တစ်ယောက်လို သဘောထားမှာ မဟုတ်ဘူး။ ဒါပေမဲ့”
မြို့စားကြီး၏ လေသံသည် တကယ့်ကိုလေးနက်လျက် ရှိ၏။ “ဒါပေမဲ့... မြို့စားမင်းအိမ်တော်မှာ နေတယ်ဆိုပေမဲ့ သက်တောင့်သက်သာတော့ နေရမှာ မဟုတ်ဘူး။ ပြီးတော့ မင်း ပျင်းရိနေလို့ မဖြစ်ဘူး။ အဲအစား မင်းကိုငါ စည်းမျဉ်းစည်းကမ်း တင်းတင်းကျပ်ကျပ်နဲ့ စည်းကမ်းချမှတ်ထားမယ်။ မင်း ဒီခက်ခဲမှုတွေကို ကျော်ဖြတ် နိုင်ပါ့မလား”
ခက်ခဲမှုတွေကို ကျော်ဖြတ်ရန်လား။ ထိုသို့ဆိုလျှင်တော့ အလျော့ပေးလိုက်ရန်သာရှိသည်။ ရှမ့်လန်သည် လောက ထဲတွင် ခက်ခဲသည့်အရာများ၊ ပင်ပန်းနွမ်းနယ်စေနိုင်သည့်အရာများကို ပြုလုပ်ရန် အစီအစဉ် မရှိချေ။ သို့ပေမဲ့ သူ၏ နတ်မိမယ်အတွက် ရက်အနည်းငယ်လောက် ခက်ခဲမှုများကို ကြံ့ကြံ့ခံ ရင်ဆိုင်ရပေမည်။
ဟုတ်ပေ၏။ သူ့အနေနှင့် ရက်အနည်းငယ်သာ ထိုကဲ့သို့ ပြုလုပ်ရန် လိုအပ်၏။
“ကောင်းပါပြီ” ရှမ့်လန်သည် သဘောတူညီလိုက်လေသည်။
မြို့စားကြီးသည် အရှေ့ဆီသို့ လှမ်းတက်ပြီး ရှမ့်လန်၏ ပခုံးကို ပုတ်လိုက်၏။ ပြီးနောက် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “မင်းရဲ့ ခန္ဓာကိုယ်က တကယ့်ကို အားနည်းနေတာပဲ။ သိုင်းပညာ လေ့ကျင့်ဖို့ကလည်း အရမ်းကို အိုမင်းနေပြီ။ ဒီအသက်အရွယ်မှာ တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်ဖို့အတွက် စာပေလေ့လာမှုကို ပြင်းပြင်းထန်ထန် ပြုလုပ်မှဖြစ်မယ်။ အခုကစပြီး မင်း ငါ့ရဲ့သားနဲ့အတူ လေ့လာသင်ယူဖို့လုပ်။ မင်းရဲ့မိဘတွေက မင်းကို အလိုလိုက်ရင် လိုက်မယ်။ ဒါပေမဲ့ မြို့စားအိမ်တော်ကတော့ မင်းကို အလိုလိုက်မှာ မဟုတ်ဘူး။ မင်းကို အကောင်းဆုံး အရောင်တင်ပေးမယ်”
ရှမ့်လန်သည် ကြောင်အသွားခဲ့၏။ ထိုသို့ဆိုလျှင် သူသည် မြို့စားသားနှင့်အတူ လေ့လာ သင်ယူရမည်လား။
“အင်း... မင်းရဲ့ခန္ဓာကိုယ်က အခု ဒဏ်ရာ ရနေသေးတယ်။ အရင်ဆုံး သွားပြီးနားလိုက်။ မနက်ဖြန်ကျရင် ငါ့ရဲ့သားနဲ့အတူတူ လေ့လာသင်ယူရမယ်။ မင်းရဲ့မိဘတွေဆီကိုလည်း တစ်စုံတစ်ယောက်ကို စေလွှတ်ပြီး သတင်း ပေးပို့လိုက်မယ်။ ပြီးတော့ ရွှေအနည်းငယ်လည်း ပေးလိုက်မယ်”
မြို့စားကြီးက ပြောလိုက်သည်။ “တကယ်လို့ မင်းဆီမှာ ပြဿနာရှိတယ်ဆိုရင် ငါ ဖြေရှင်းပေးမယ်”
ရာထူးရာခံကို ပိုင်ဆိုင်သည့် တော်ဝင်မျိုးနွယ်များသည် ရက်ရောလွန်းလှချေသည်။
“ကောင်းပါပြီ မြို့စားကြီး” ရှမ့်လန်က ပြောလိုက်၏။
မြို့စားကတော်က ဝင်ရောက်ကာ ပြောလိုက်သည်။ “ကျင်းကျူး .... အပ်ချုပ်ဆောင်ကိုသွား။ ရှမ့်လန်ရဲ့ ခန္ဓာကိုယ်ကို တိုင်းပြီးတော့ အဝတ်အစားအသစ်တွေ ချုပ်ခဲ့လိုက်”
“ကောင်းပါပြီ” အစေခံက ပြောလိုက်သည်။
ရှမ့်လန်သည် နှလုံးသားထဲတွင် နွေးထွေးမှုများကို ခံစားမိ၏။ မြို့စားကြီးနှင့် မြို့စားကတော်တို့သည် တကယ့်ကို ကောင်းမွန်သည့် လူများပင်။
“မြို့စားကြီး၊ မြို့စားကတော်၊ မိန်းကလေး.. ကျုပ် သွားပါအုံးမယ်” ရှမ့်လန်သည် ခေါင်းကိုညွတ်ကာဖြင့် ထွက်ခွာသွားခဲ့၏။ သို့ပေမဲ့ တံခါးဝသို့ မရောက်ခင်မှာပဲ လူတစ်ယောက်သည် အလျင်အမြန်ဖြင့် ပြေးဝင်လာခဲ့၏။
မြို့စားကြီး၏ အတိုင်ပင်ခံပင် ဖြစ်၏။ ၎င်းသည် ကျိုးမိသားစု လာရောက်မည့်လမ်းကို သွားရောက်ကာ စုံစမ်းခဲ့သည့် လူပင်။ ဆယ့်ငါးမိနစ်မကြာခင်မှာပဲ အလောတကြီးဖြင့် ပြန်လည်ကာ ရောက်ရှိလာခဲ့သည်။
“သခင်ကြီး.. တကယ့်ကို ဆိုးရွားတဲ့အရာဖြစ်ပြီပဲ”
အတိုင်ပင်ခံသည် ဒူးထောက်ကာဖြင့် ပြောလိုက်၏။ “နုကျင်းစီရင်စုမှာရှိတဲ့ ကျုပ်တို့ရဲ့ သူလျှိုတွေက စာပို့ခို ပို့လိုက်တယ်။ ကျိုးမိသားစုရဲ့ ထိပ်တန်းအရာရှိတွေက လုကျန့်မြို့ကို လွန်ခဲ့တဲ့ညက ရောက်တယ်တဲ့။ သူတို့က ရွှမ်ဝူအိမ်တော်ကို ဦးတည်နေကြတယ်”
“ဘာ” မြို့စားကြီးက ထကာ အော်ဟစ်လိုက်မိသည်။
“ဟမ်” ရှမ့်လန်သည်လည်း စိတ်ထဲတွင် အံ့အားသင့်သွားမိ၏။ ကျိန်းသေပေါက် အရေးကြီးသည့် အခြေအနေဆီသို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။ သူသည် ပထမခြေလှမ်းဖြစ်သော မြို့စားအိမ်တော်တွင် နေထိုင်ခွင့်ရရန် အခွင့်အလမ်းကို နင်းလျှောက်ခဲ့ပြီးပြီ ဖြစ်၏။ ရက်အနည်းငယ်အတွင်း ဒုတိယခြေလှမ်းကို လှမ်းလျှောက်ရပေမည်။ ပြီးနောက် တတိယခြေလှမ်းကို စတင်ကာ လှမ်းလျှောက်ရပေမည်။ ဟုတ်ပေ၏။ သူသည် မြို့စားအိမ်တော်တွင် မြို့စား သမီးနှင့် လက်ထပ်ခွင့်ရရန် ကြိုးစားခြင်းဖြစ်၏။
လက်ရှိအခြေအနေ တစ်ခုလုံးသည် ရိုးရှင်းလျက် ရှိနေ၏။ ကျင်းမူလန်အနေနှင့် ကျိန်းသေပေါက် သူမ၏ အိမ်တော် အတွက် တစ်စုံတစ်ယောက်ကို လက်ထပ်ရပေတော့မည်။ ကျိုးမိသားစုမှ ဆရာကြီးများသည် လုကျန့်နိုင်ငံသို့ပင် ရောက်ရှိနေခဲ့ပြီဖြစ်၏။ ထို့ကြောင့် ယနေ့ညတွင် မြို့စားအိမ်တော်သို့ ရောက်ရှိလာပြီး ကျင်းမူလန်၏ လက်ကိုဆွဲကာ ထွက်ခွာသွားရန် အခြေအနေကောင်းကို ပိုင်ဆိုင်လို့ နေ၏။ အချိန်မရှိတော့ချေ။ သူ့အနေနှင့် ဟန်ရေးပြကာဖြင့် တစ်ဖက်မိန်းကလေးကို ဆွဲဆောင်မြူစွယ်ရန် အချိန်မရှိတော့ချေ။
“သောက်ကျိုးနည်း.. ငါ့ကို လဝက်လောက်တောင် အချိန်မပေးပါ့လား။ နှစ်ရက်၊ သုံးရက်လည်း မဟုတ်ဘူး။ အခု တစ်ရက်တည်းနဲ့ ပြီးသွားပြီလား”
တခြားစကားအရ ပြောရမည်ဆိုလျှင် ကျင်းမူလန်သည် ယနေ့၌ တခြားသော လူတစ်ယောက်နှင့် လက်ထပ်ရတော့မည် ဖြစ်၏။ ရှမ့်လန်သည် သူမကို ပိုင်ဆိုင်ဖို့ ကြိုးစားရန် အချိန် နှစ်နာရီ၊ သုံးနာရီသာ ကျန်ရှိတော့၏။
ဟုတ်ပေသည်။ သူ၏ နတ်မိမယ်ကို တခြားသော တစ်စုံတစ်ယောက်သာ ပိုင်ဆိုင်သွားမည်ဆိုပါက သူစီစဉ် ထားသမျှ အရာအားလုံး ပျက်စီးသွားပေတော့မည်။
“မဟုတ်သေးဘူး။ ဒီနတ်မိမယ်လေးက ငါ့အပိုင်ပဲ”