အပိုင်း (၁၈)
Vol. 2 Ch. 18
ရှမ့်လန်၏ ဦးနှောက်ထဲ၌ မရေမတွက်နိုင်သော အကြံအစည်များသည် လျှပ်စီးကဲ့သို့ပင် မြန်ဆန်စွာဖြင့် အကောင်အထည် ဖြစ်တည်လျက်ရှိသည်။
ထိုအချိန်မှာပဲ သူ၏ရှေ့တွင် ရှိနေသည့် တံခါးသည် ဖြည်းညင်းစွာဖြင့် ပိတ်သွားခဲ့၏။ သူသည် အပြင်တွင် တစ်ယောက်တည်း ထီးထီးကြီး ကျန်ရစ်ခဲ့၏။ ဤအရာသည် သာမန်သာဖြစ်၏။ မြို့စားကြီးသည် လျှို့ဝှက် ကိစ္စရပ်များကို ဆွေးနွေးတော့မှာဖြစ်၏။ ထို့အပြင် ရှမ့်လန်သည် အပြင်လူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူ့အနေနှင့် ဆွေးနွေးပွဲတွင် ပါဝင်၍ မရနိုင်ခြင်းမှာ သဘာဝပင်ဖြစ်၏။
.....
“ကျိုးမိသားစုက ဘယ်သူလဲ” မြို့စားကြီးက မေးမြန်းလိုက်သည်။
“အုပ်စိုးသူ ကျိုးကျန့်ရဲ့ညီငယ်လေး စစ်သူကြီးကျူးလင်းပဲ” အတိုင်ပင်ခံက ပြောဆိုလိုက်၏။ ပြီးနောက် သူသည် နုကျင်းစီရင်မှ ပေးပို့လိုက်သည့် လျှို့ဝှက်စာရွက်ကို ကမ်းပေးလိုက်၏။
မြို့စားကြီးသည် ထိုစာကို ဖတ်ရှုပြီးသည့်နောက် မျက်နှာသွင်ပြင်တစ်ခုလုံး ဖြူလျော်သွားခဲ့၏။ တကယ်ပင် စစ်သူကြီးကျူးလင်း ဖြစ်လို့နေ၏။ မကောင်းတော့ချေ။ ဆိုလိုသည်မှာ ကျိုးမိသားစုသည် လက်ထပ်ပွဲကို ငြင်းမရအောင် စီမံလာခြင်းသာ ဖြစ်ပေလိမ့်မည်။
ထို့အပြင် လက်ထပ်မင်္ဂလာမြန်းခြင်းသည် ပွင့်ပွင့်လင်းလင်း ပြုလုပ်ရမည့် အရာမျိုးဖြစ်သည် ဆိုလျှင်တောင်မှ စစ်သူကြီးကျူးလင်းသည် တိတ်တဆိတ်နှင့် ရောက်ရှိလာခဲ့ခြင်းဖြစ်၏။ မြို့စားအိမ်တော်ကို ပြင်ဆင်ခွင့် မပေးဘဲ အလစ်အငိုက်ဖမ်းကာ သူတို့ပြုသမျှကို လိုက်လျောစေချင်သည့်သဘောပင် ဖြစ်ပေလိမ့်မည်။ ထိုသို့ ဆိုလျှင် ကျင်းမိသားစုအနေနှင့် ငြင်းပယ်ရန် အခွင့်အရေးပင် ရရှိလိမ့်မည် မဟုတ်ချေ။
ကျင်းမူလန်အား လက်ထပ်ရန်အတွက် ကျိုးဟုန်ရွဲ့၏ လက်ထပ်ပွဲကမ်းခြင်းသည် သာမန် လက်ထပ်ပွဲတစ်ခု မဟုတ်ချေ။ မူဝါဒသစ်ကို အကောင်အထည် ဖော်ရန်ဖြစ်သည်။ ရွှမ်ဝူမြို့၏ စစ်တပ်အင်အားနှင့် ပိုင်နက်များကို အပိုင်စီးရယူချင်သည်ဆိုပါက မည်သို့သောအရာကို အရင်ဆုံး ပြုလုပ်ရမည်နည်း။ မြို့စားအိမ်တော်၏ စစ်တပ်ကို စီမံနေသည့်လူအား ခေါ်ဆောင်ရုံပင်။ ထိုသို့ဆိုလျှင် မြို့စား အိမ်တော်အနေနှင့် ဘာလုပ်၍ရမည်နည်း။
ကျင်းမူလန်သည် ကျိုးဟုန်ရွဲ့နှင့် လက်ထပ်လိုက်ခြင်းအားဖြင့် မြို့စားအိမ်တော်၏ ဒေါက်တိုင်ကို ဖျက်ဆီး ပစ်ခြင်းပင် ဖြစ်၏။ မြို့စားအိမ်တော်၏ စစ်တပ်စွမ်းအင် တစ်ခုလုံးကို ယူဆောင်သွားသကဲ့သို့ပင် သွယ်ဝိုက် သက်ဆိုင်လို့ နေ၏။
မြို့စားကတော်သည် တုန်ယင်နေသည့်အသံဖြင့် ပြောလိုက်သည်။ “ယောကျ်ား... ကျွန်မတို့ ငြင်းလို့မရဘူးလား”
မြို့စားကြီးသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “မရဘူး။ ကျိုးမိသားစုက ဩဇာကြီးမားလွန်းတယ်လေ။ ပွင့်ပွင့်လင်းလင်းနဲ့သာ ငြင်းလိုက်မယ်ဆိုရင် အလှည့်အပြောင်းတွေ ဖြစ်သွားလိမ့်မယ်။ ပြီးတော့ ဒီအဆိုပြုချက်ရဲ့နောက်ကွယ်မှာ ဘုရင်မင်းမြတ် ပါဝင်ပတ်သက်နေတာ ဖြစ်ဖို့များတယ်”
ကျင်းမူလန်က ပြောလိုက်သည်။ “ကျွန်မ လက်မထပ်ချင်ဘူး။ အိမ်မှာပဲနေပြီး မောင်လေးကို ကူညီချင်တယ်။ ကျင်းမိသားစုရဲ့ အခြေခံတွေ အကုန်လုံးကို ကာကွယ်စောင့်ရှောက်ရမယ်။ ကျွန်မကို ခေါ်ဆောင်သွားမယ်ဆိုရင် ကျွန်မရဲ့ သေဆုံးနှင့်ပြီးသား ခန္ဓာကိုယ်ကိုပဲ ရလိမ့်မယ်”
မြို့စားကြီးသည် သက်ပြင်းကို ချလိုက်၏။ ပြီးနောက် မျက်မှောင်ကုပ်ကာဖြင့် အခန်းထဲ၌ ရှေ့လျှောက်လိုက်၊ နောက်လျှောက်လိုက်ဖြင့် လုပ်လျက်ရှိနေ၏။
ကျင်းမူလန်က ပြောလိုက်သည်။ “အဖေ.... ကျွန်မမျက်နှာကို ကျွန်မ ဓားနှင့်လှီးပြီး ဖျက်ဆီးလိုက်ရင်ရော”
ပြီးသည့်နောက် သူမသည် ဓားမြှောင်တစ်ချောင်းကို ဆွဲထုတ်လိုက်၏။ မြို့စားကြီး အမိန့်ပေးလိုက်သည်နှင့် သူမသည် ချက်ချင်းပဲ လှပပါသည် ဆိုသည့် သူမ၏မျက်နှာကို ခြစ်ပစ်ပေလိမ့်မည်။
“မဟုတ်သေးဘူး”
ရွှမ်ဝူမြို့စားကြီးသည် တိကျခိုင်မာစွာ ပြောဆိုလိုက်၏။ “မိသားစုရဲ့ အခြေခံတွေကို ကာကွယ်ပေးချင်တာ အမှန်ပဲ။ ဒါပေမဲ့ ပထမဦးဆုံး ကိုယ့်ရဲ့သမီးကို မနာကျင်ရအောင် ကာကွယ်ပေးရအုံးမယ်လေ။ ပြီးတော့ သမီးရဲ့ မျက်နှာတစ်ခုလုံး စုတ်ပြတ်သတ်သွားတယ် ဆိုရင်တောင် ကျိုးမိသားစုက လက်ထပ်ပွဲကို ဆက်ပြီးတော့ ကမ်းလှမ်းအုံးမှာပဲ”
“ဒါမှမဟုတ်ရင်”
ကျင်းမူလန်က ပြောလိုက်၏။ “ဒီနေ့မှာ ကျွန်မ တစ်စုံတစ်ယောက်ကို လက်ထပ်ပြီး မိသားစုထဲကို သားမက်တစ်ယောက် ခေါ်ဆောင်ခဲ့တာသာ မဟုတ်ဘူးဆိုရင် စစ်သူကြီးကျူးလင်း ရောက်ရှိလာတာနဲ့ ကျိန်းသေပေါက် တစ်ဖက်လူကို လက်ထပ်ရတော့မှာပေါ့”
မှန်ပေ၏။ ဤနည်းလမ်း တစ်ခုသာလျှင် ရှိတော့၏။ အပျိုတစ်ယောက်ကို လက်ထပ်ပွဲကမ်းလှမ်ခြင်းသည် လွယ်ကူသည် ဆိုသော်လည်း သူတပါး မိန်းမတစ်ယောက်ကို ကမ်းလှမ်းခြင်းဆိုသည်မှာ မဖြစ်နိုင်ချေ။
ထို့အပြင် စစ်သူကြီးကျူးလင်းသည် ရွှမ်ဝူအိမ်တော်၏ မိုင်နှစ်ရာအဝေးတွင် ရောက်ရှိနေပြီဖြစ်၏။ ယနေ့ညတွင် ရောက်ရှိ လာပေလိမ့်မည်။ ရွှမ်ဝူမြို့စားသည် သူ၏သားမက်ကို သေသေချာချာ ရွေးချယ်ရန် ဆုံးဖြတ်ထား၏။ ယနေ့ည မရောက်ခင်တွင် လက်ထပ်ရန် လိုအပ်နေပြီဖြစ်၏။ နေမဝင်ခင်တွင် လက်ထပ်ပွဲဖိတ်စာများကို ပေးပို့ရမှာဖြစ်၏။ နှစ်နာရီအတွင်း သားမက်တစ်ယောက်ကို ရွေးချယ်ရမည် ဟူသည့် အဓိပ္ပါယ်ပင်။
သူ့သမီး၏ လှပသည့် မျက်နှာသွင်ပြင်ကို လှမ်းကာကြည့်ရှုရင်း ရွှမ်ဝူမြို့စားကြီး၏ နှလုံးသား တစ်ခုလုံးသည် ပျော့ခွေသွားခဲ့မိ၏။ သူက ပြောလိုက်၏။ “မူလန်... ကျိုးမိသားစုဆိုတာ ကောင်းကင်ဘုံက နေလိုပဲလေ။ ကျိုးဟုန်ရွဲ့ကလည်း တောက်ပတဲ့အနာဂတ်ကို ပိုင်ဆိုင်တယ်။ သူကတကယ့်ကို အားကောင်းတဲ့ သားမက်တစ်ယောက် ဖြစ်လာမှာပဲ။ မိသားစုကြောင့် မင်းရဲ့ပျော်ရွှင်မှုကို စတေးပစ်တာမျိုး ကို အဖေ မမြင်ချင်ဘူး။ ပြန်စဉ်းစားကြည့်ပါအုံး”
ကျင်းမူလန်က ပြောလိုက်၏။ “အဖေ.. မိသားစုကို အထောက်အပံ့ပြုရတာ ကျွန်မအတွက် အပျော်ရွှင်ဆုံးသော ကိစ္စပဲ။ အဖေ ဆုံးသွားပြီးရင် မောင်ငယ်လေးက မိသားစုရဲ့ အခြေခံတွေကို ဆက်ပြီး ကာကွယ်နိုင်မှာ မဟုတ်ဘူးလေ။ ဒီတော့ ကျွန်မ ကျိုးဟုန်ရွဲ့ကို လက်ထပ်မှာ မဟုတ်ဘူး”
မြို့စားကြီးသည် နှလုံးသားတစ်ခုလုံး နင့်ကနဲ ခံစားမိ၏။ ချက်ချင်းဆိုသလိုပဲ စုတ်တံနှင့်မှင်ကို လှမ်းယူကာဖြင့် အဖြူရောင်စာရွက်ပေါ်တွင် နာမည်ငါးမျိုးကို ရေးချလိုက်၏။ ဤနာမည်ငါးမျိုးသည် သာမန်ထက်ပိုကာ ထူးချွန်သည့် လူငယ်ငါးယောက်တို့၏ နာမည်များဖြစ်၏။ မြို့စားကြီး၏ မျက်လုံးထဲ၌ သားမက်တော်အဖြစ် သင့်တော်သည့် လူငါးယောက်တို့ပင်။
မြို့စားကြီးသည် သူ၏ သမီးကို အလွန်ချစ်မြတ်နိုး၏။ လွန်ခဲ့သည့်သုံးနှစ်အတွင်းတွင် သူမအတွက် အမျိုးသား တစ်ယောက်ကို ရှာဖွေခဲ့၏။ ထို့ကြောင့် လက်ရှိအခြေအနေတွင် နာမည်များကို ချရေးရန်ဆိုသည်မှာ ခက်ခဲမနေခြင်းပင်။ ယခင်တုန်းက အိမ်ထောင်ပြုရန် စေခိုင်းသည့်အချိန်တိုင်း ကျင်းမူလန်က ငြင်းဆိုတတ်၏။ ယခုအချိန်၌ အရေးကြီးလို့နေခဲ့၏။ ထို့ကြောင့် ဖြစ်နိုင်သမျှ အမြန်ဆုံး ဆုံးဖြတ်ချက်ချရန် လိုအပ်နေခဲ့၏။
ပြိုင်ပွဲဝင် ငါးယောက်ထဲတွင် ပထမဦးဆုံး ပါဝင်သည့်နာမည်သည် ဝမ်လျှံပင်ဖြစ်၏။ ၎င်းသည် အသက် (၁၈)နှစ်နှင့် အင်ပါရီယာ စာမေးပွဲကို အောင်မြင်ခဲ့သည့် လူငယ်ပါရမီရှင် တစ်ယောက်ဖြစ်၏။ လက်ရှိ ရွှမ်ဝူမြို့၏ အကျဉ်းထောင် အမူထမ်းအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး မြို့စားအိမ်တော်နှင့်လည်း ဆွေမျိုးနီးစပ် ဆက်ဆံရေးကို ပိုင်ဆိုင်သည်။
ဒုတိယနာမည်သည် မိုရီဖြစ်၏။ ရွှမ်ဝူမြို့၏ သိုင်းပါရမီရှင်တစ်ယောက်ဖြစ်ပြီး အသက်(၁၆)နှစ်နှင့် အင်ပါရီယာ စာမေးပွဲကို အောင်မြင်ခဲ့၏။ ၎င်းသည် သိုင်းပညာကို ဇွဲကောင်းကောင်းဖြင့် လေ့ကျင့်လျက်ရှိပြီး အင်ပါရီယာ စာမေးပွဲကို ထပ်မံဖြေဆိုရန်အတွက် ပြင်ဆင်လျက်ရှိနေ၏။
၎င်းတို့နှစ်ယောက်လုံးသည် ငယ်ရွယ်ပြီး အကန့်အသက်မဲ့ များပြားသည့် အနာဂတ်အလားအလာကို ပိုင်ဆိုင်၏။ ကျန်သည့် သုံးယောက်မှာတော့ မြို့စားအိမ်တော်၏ လက်ရွေးစင် လူသုံးယောက်တို့ပင်ဖြစ်၏။ ၎င်းတို့အားလုံးသည် စာပေ၊ ဗဟုသုတနှင့် သိုင်းပညာအရာ၌ ကျွမ်းကျင်၊ နှံ့စပ်ပြီး ပါရမီပါသည့် လူများဖြစ်သည်။ ငယ်ရွယ်စဉ်တည်းက ကျင်းမိသားစု၏ ပြုစုပျိုးထောင်ခြင်းကိုခံခဲ့ရပြီး ကျင်းမိသားစုအပေါ်တွင် ရှိနေသည့် ၎င်းတို့၏ သစ္စာတရားသည် မေးခွန်းထုတ်စရာ အရာမျိုး မဟုတ်ချေ။
ထိုလူငါးယောက်တို့သည် ကျင်းမူလန်ကို ချစ်မြတ်နိုးလျက် ရှိနေ၏။ ကျိန်းသေပေါက် သူမကို လက်ထပ်ခွင့်ရရန် ဘာမဆို ပြုလုပ်မည့်လူမျိုးပင်။ တိတိကျကျ ပြောရမည်ဆိုလျှင် မိုင်ရာနှင့်ချီ ပတ်လည် အတွင်း၌ရှိသည့် လူငယ်လူရွယ်အားလုံးတို့သည် ကျင်းမူလန်အား လက်ထပ်ချင်စိတ်ရှိကြသည်။
“ကျင်းကျူး... ဒီလူငါးယောက်ကို ဖြစ်နိုင်သမျှ အမြန်လာဖို့ ခေါ်လိုက်စမ်း။ မူလန် ရွေးပလေ့စေ” မြို့စားကြီးသည် သူ၏သစ္စာရှိ ကျေးကျွန်အား စာရင်းကို ကမ်းလှမ်းပေးလိုက်၏။ မြို့စားကြီး သည် သူ၏ သမီးအတွက် ဝမ်းနည်းလျက် ရှိ၏။ ထို့ကြောင့် သူသည် ပြိုင်ပွဲဝင် ငါးယောက်၏ နာမည်ကိုသာ ရွေးချယ်ရန် ဆုံးဖြတ်ခဲ့၏။ မည်သူနှင့်လက်ထပ်မည် ဆိုသော နောက်ဆုံး ဆုံးဖြတ်ချက်ကို ကျင်းမူလန်အတွက် ပေးရပေလိမ့်မည်။
“ကောင်းပါပြီ”
ကျင်းကျူးသည် စာရင်းကိုယူပြီး အပြင်ဘက်သို့ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ တံခါးကိုဖွင့်ကာ ထွက်လိုက်ပြီးသည့်နောက် စစ်သည်တစ်ဒါဇင်ကျော်တို့ကို ခေါ်ယူကာ ထိုလူငါးယောက်တို့ကို ရှာဖ ွေခေါ်ယူလာခဲ့ရန် မှာကြားလိုက်၏။
မြို့စားကြီးက ပြောလိုက်သည်။ “မူလန်... အချိန်က အရေးကြီးနေတယ်ဆိုပေမဲ့ အဖေ မင်းအတွက် အကောင်းမွန်ဆုံး လူတွေကို ရှာပေးထားတယ်။ မင်းရဲ့လက်ကျန် ဘဝတစ်ခုလုံး ပျော်ရွှင်စေဖို့ မျှော်လင့်မိတယ်။ ဒီလူငါးယောက်က အရမ်းကိုတော်တယ်၊ တစ်ယောက်ကို ရွေးတော့”
ထိုအချိန်မှာပဲ ရှမ့်လန်သည် အထဲသို့ဝင်ကာ ပြောလိုက်၏။ “မြို့စားကြီး၊ မိန်းကလေး ကျင်းမူလန်.. ဒီပြိုင်ပွဲထဲကို ကျုပ်လည်း ဝင်လို့ရလား။ ကျုပ်လည်း ခင်ဗျားကို လက်ထပ်ချင်တယ်”
ထိုစကားစု ထွက်ပေါ်လာသည့် အချိန်မှာတော့ အခန်းထဲတွင်ရှိနေသည့် လူပေါင်းများစွာတို့က ကြောင်အသွား ခဲ့ကြ၏။ တော်တော်များများတို့သည် ဘာပြောရမှန်း မသိစွာဖြင့် မျက်လုံးအပြူးသားဖြစ်လို့နေသည်။
မြို့စားကြီးသည် မည်သို့မျှ သည်းမခံနိုင်တော့ချေ။ ရုတ်တရက်ထကာ အော်ဟစ်ရန် ပြင်လိုက်၏။ မြို့စားကြီးသည် သာမက အခန်းထဲတွင် ရှိနေသည့် လူပေါင်းများစွာတို့သည်လည်း ရှမ့်လန်အား အပိုင်းပိုင်းအစစ ဆွဲဖြုတ်ချင်သည့် မျက်လုံးများဖြင့် စူးစိုက်ကာ ကြည့်ရှုနေ၏။
မင်းက ဟုတ်လား။ မင်းက မြို့စားရဲ့သမီးကို လိုချင်တာ ဟုတ်လား။ အသွင်အပြင် အမူအရာသည် အလွန်ကောင်းမွန်သည် ဆိုလျှင်တောင်မှ ချောမောရုံနှင့် ကိစ္စများကို ဖြေရှင်း၍ မဖြစ်နိုင်ချေ။ ချောမော ခန့်ညားသည့် ရုပ်ရည်အသွင်အပြင်ကို ပိုင်ဆိုင်ရုံနှင့်ဆိုလျှင် ပြည့်တန်ဆာခန်းတွင်သာ အလုပ်လုပ်ရန်ရှိသည်။
ကျင်းမိသားစုဆိုသည်မှာ မည်သို့ မိသားစုမျိုးနည်း။ ထို့ပြင် လာရောက် ကမ်းလှမ်းသည့်လူ၏ မိသားစုကရော မည်သည့် မိသားစု ဖြစ်သနည်း။ သက်ကယ်အိမ်လေးထဲတွင် နေထိုင်ရသည့် ဆင်းရဲနွမ်းပါးသော လယ်သမား မိသားစုမှ ဖြစ်၏။
ဟုတ်ပေ၏။ လူတစ်ယောက်ကို မိသားစု နောက်ခံကို ကြည့်ရှု၍ ရွေးချယ်၍ မရနိုင်ချေ။ မြို့စားကြီးသည် ကောင်းမွန်သည့် အမူအကျင့်နှင့် ကောင်းမွန်သည့်ပါရမီကို ပိုင်ဆိုင်သည်ဆိုပါက ရွေးချယ်မှာ ဖြစ်၏။ သို့ပေမဲ့ ရှမ့်လန်သည် ဘာတစ်ခုမှ သုံးရသည့်လူမျိုး မဟုတ်ချေ။ ဆယ်နှစ်တိတိ လေ့လာသင်ယူပြီးသော်လည်း အခြေခံ သင်ရိုးညွှန်းတမ်းကိုတောင် အောင်မြင်ခဲ့သူ တစ်ယောက် မဟုတ်သည့်အပြင် ကျောင်းမှ ကန်ထုတ်ခြင်းကိုပင် ခံခဲ့ရသည့် လူဖြစ်သည်။
ယခင်နေထိုင်ခဲ့သည့် အမိကမ္ဘာမြေမှ အခြေအနေနှင့် နှိုင်းယှဉ်သုံးသပ်ရမည်ဆိုလျှင် အသက် (၁၈)နှစ် ရောက်ရှိသည်အထိ သူငယ်တန်း မအောင်သေးသည်နှင့် ဆင်တူ၏။ ၎င်းသည် နိမ့်ကျဆင်းရဲလွန်းသည့် မိသားစုမှမွေးဖွားခဲ့၏။ ထို့အပြင် ဘာတစ်ခုမှလည်း မလုပ်နိုင်ချေ။ ပျင်းရိပြီး အမှိုက်စတစ်ခုကဲ့သို့ပင်။
ရွှမ်ဝူမြို့တွင်ရှိနေသည့် လူအားလုံးသည် ရှမ့်လန်၏ဦးခေါင်းသည် တစ်စုံတစ်ခု လွဲမှားနေကြောင်း၊ ဉာဏ်ရည် နိမ့်ပါးလွန်းကြောင်း သိရှိပြီးဖြစ်၏။ မြို့စားထုတ်ဖော်လိုက်သည့် ပြိုင်ပွဲဝင်ငါးယောက်တို့နှင့် နှိုင်းယှဉ်မည် ဆိုလျှင် ရှမ့်လန်သည် လုံးဝ ယှဉ်ပြိုင်ဘက်အဖြစ် ထိုက်တန်သည့် လူမျိုးမဟုတ်ချေ။
လူငယ်ငါးယောက်တို့သည် စာပေပညာနှင့် သိုင်းပညာများတွင် လျှမ်းလျှမ်းတောက် ကျော်ကြားသည့် ပါရမီကို ပိုင်ဆိုင်သည့် လူများဖြစ်၏။ သို့ပေမဲ့ ရှမ့်လန်မှာတော့ တစ်ခုလေးမှ မကျွမ်းကျင်ပေ။
ပိုမို၍ သည်းမခံနိုင်ဆုံးအရာမှာ ရှမ့်လန်သည် ချမ်းသာကြွယ်ဝမှုများကို လိုချင်တပ်မက်စိတ် ရှိသောကြောင့် မိဘများကိုပင် စွန့်ပစ်ကာ ရှစ်မိသားစုထဲသို့ ဝင်ရောက်ခဲ့သူဖြစ်နေခြင်းပင်။ ယခု ရှစ်မိသားစုဆီမှ ကန်ထုတ်ခြင်း ကို ခံရပြီးနောက် မြို့စားကြီး၏သမီးနှင့် လက်ထပ်ချင်စိတ်ရှိသည်ဟု တောင်းဆိုလျက် ရှိသည်။ မြို့စားအိမ်တော် ကို ဘာများ ထင်မှတ်နေသနည်း။
ရှစ်ချင်းချင်းထက် ကျင်းမူလန်က ပိုမိုကာ တော်ဝင်ဆန်ပြီး အဆင့်အတန်း မြင့်မားသည်ဆိုသည်ကို မသိရှိ ပေဘူးလား။ ကျင်းမူလန်အနေနှင့် အိမ်ထောင်ပြုချင်သည်ဆိုပါက လူပေါင်းများစွာတို့အား ခေါင်းခေါက်ကာ ရွေးချယ်ယူနိုင်၏။ လက်ရှိ အခြေအနေကို ကြည့်ရမည်ဆိုလျှင် ရှမ့်လန်သည် ငန်းသား စားချင်နေသည့် ဖားပြုတ်တစ်ကောင်ကဲ့သို့ပင်။
မြို့စားကတော်သည် ရှေ့ဆီသို့ လှမ်းလာပြီးသည့်နောက် သူမ ယောကျ်ား၏ နောက်ကျောကို အသာကိုင်ကာဖြင့် ဖြောင်းဖျလိုက်၏။ “ယောကျ်ား စိတ်မဆိုးပါနဲ့။ ရှမ့်လန်ရဲ့ ဦးနှောက်က တစ်ခုခု ဖြစ်နေတယ်လို့ လူတိုင်းက ပြောနေတာလေ။ ပြီးတော့ သူကကလေးပဲ ရှိသေးတော့ သူ့အခြေအနေကို သူမသိတာ ဘယ်တတ်နိုင်ပါ့မလဲ”
မြို့စားကြီးသည် သက်မကို ချလိုက်မိ၏။ ဟုတ်ပေသည်။ ဦးနှောက်တွင် ပြဿနာ ဖြစ်နေသည့်လူဖြစ်၏။ ထို့အပြင် ငယ်ရွယ်သေးသည့် လူတစ်ယောက်လည်းဖြစ်၏။ သူ့ကဲ့သို့သော မြို့စားမင်းသည် အဘယ့်ကြောင့် တစ်ဖက်လူကို အကျအန ကောက်ရမည်နည်း။
“ကိုယ့်လူတို့... သူ့ကို အရင် အိမ်ပြန်ပို့လိုက်တော့။ ပြီးတော့ ရွှေဒင်္ဂါး ဆယ်ခုပေးလိုက်။ သူ့ရဲ့မိဘတွေကို ပေးဖို့လည်း မမေ့နဲ့အုံး။ သူ့ကိုပေးလိုက်ရင် ပျောက်သွားမယ်”
မြို့စားကြီးက ပြောလိုက်၏။ “မနက်ဖြန် တစ်စုံတစ်ယောက်ကို စေလွှတ်ပြီးတော့ သူ့ကို သွားခေါ်မယ်။ ပြီးတော့ စာပေသင်ကြားခိုင်းရမယ်။ သူ့ကို စည်းမျဉ်းစည်းကမ်းကောင်းကောင်းနဲ့ လူတစ်ယောက် ဖြစ်လာအောင် လုပ်ပေးရမယ်”
“ကောင်းပါပြီ” စစ်သည်နှစ်ယောက်တို့သည် ရှေ့ကိုလှမ်းတက်ပြီးသည့်နောက် ရှမ့်လန်၏ လက်ကို ဆွဲကိုင်လိုက်၏။ အခန်းအပြင်ဘက်သို့ ဆွဲထုတ်ရန် ပြင်ဆင်ကြသည်။
ရှမ့်လန်က ပြောလိုက်၏။ “မိန်းကလေး မူလန်... ကျုပ်က ခင်ဗျားရဲ့ အိမ်ထောင်ဘက်အဖြစ် ရွေးချယ်ထားတဲ့ လူငါးယောက်ထက် ပိုပြီးတော့ တင့်တယ်တဲ့ လူတစ်ယောက်ဖြစ်တယ်လို့ ယုံကြည်တယ်။ ကျုပ်ဆီမှာ ခင်ဗျား မသိနိုင်တဲ့ အရည်အသွေးတွေ ရှိပါတယ်”
ကျင်းမူလန်သည် ရှမ့်လန်ကို လှမ်းကာကြည့်ရှုလိုက်၏။ အချိန်အတော်ကြာ စူးစိုက်ကြည့်ရှုပြီးသည့်နောက် သူမက ပြောလိုက်သည်။ “ကျွန်မ မှတ်မိပြီ။ လွန်ခဲ့တဲ့သုံးနှစ်တုန်းက ကျွန်မ အမဲလိုက်တဲ့အချိန်မှာ ရှင့်ကို မြင်းနဲ့ ဝင်တိုက်ဖူးတယ်လေ။ ရှင်က အရူးလေး”
“ဟုတ်ပေ၏။ ရွာထဲတွင် ရှမ့်လန်၏ နာမည်ကို မည်သူမျှ မခေါ်ခဲ့ကြချေ။ အရူးလေးဟုသာ ခေါ်ဆိုခဲ့၏။ အဘယ့်ကြောင့်ဆိုသော် ရွာထဲတွင် အရူးကြီး ရှိသောကြောင့်ပင်။ ထိုအရူးကြီးသည် ရှမ့်လန်၏ တစ်ဦးတည်းသော သူငယ်ချင်းလည်းဖြစ်၏။
ထိုအချိန်တုန်းက ကျင်းမူလန်၏မြင်းသည် ရှမ့်လန်ကို ဝင်ရောက်တိုက်မိခဲ့၏။ သူမသည် ချက်ချင်းပဲ ရှမ့်လန်ကို ပွေ့ကာဖြင့် ရွာထဲသို့ ပို့ဆောင်ပေးခဲ့စည်။ ထိုတုန်းက ရှမ်လန်၏နာမည်ကို မည်သူမျှ မသိရှိခဲ့ကြချေ။ အရူးလေးဟုသာ အားလုံးကခေါ်ဆိုခဲ့သည်။
အရူးလေးဟူသည့် နာမည်ကို ကြားရသည့် အချိန်မှာတော့ မြို့စားကြီး၏ နှုတ်ခမ်းသည် မဲ့ရွဲ့သွား၏။
ရှမ့်လန်က ပြောဆိုလိုက်သည်။ “မိန်းကလေးမူလန်... ကျုပ် ခင်ဗျားကို လက်ထပ်ချင်တယ်”
ကျင်းမူလန်သည် ရှမ့်လန်ကို နူးညံ့ညင်သာစွာ ကြည့်လိုက်၏။ လွန်ခဲ့သည့် သုံးနှစ်တုန်းက ရှမ့်လန်၏ ဇာတ်ကြောင်းကို သူမ ကြားသိခဲ့ပြီးသားဖြစ်၏။ ရှမ့်လန်သည် စိတ်ပိုင်းဆိုင်ရာအရ လိုအပ်ချက်များ ရှိနေသည့် လူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် သူမသည် ရှမ့်လန်ကို ကိုယ်ချင်းစာစိတ်ရှိ၏။ အကြိမ် အနည်းငယ်လောက် သွားရောက်လည်ပတ်ရန် စဉ်းစားခဲ့သော်လည်း တစ်ခေါက်သာလျှင် သွားရောက် လည်ပတ်ခဲ့ဖူး၏။ သူမ၏ သမားတော်ကိုတော့ သေသေချာချာ ကုသပေးရန် မှာကြားခဲ့၏။
အချိန်အတိုင်းတိုအတွင်း ကျင်းမူလန်သည် ရှမ့်လန်အား ကလေးတစ်ယောက်ကဲ့သို့ ကြည့်ရှုနေမိ၏။ သူမ အနေနှင့် ရှမ့်လန်အား အိမ်ထောင်ဖက်တစ်ယောက်အဖြစ် ကြည့်ရှုနေခြင်း မဟုတ်ချေ။ ကလေး တစ်ယောက် အား ကြင်နာစွာ ကြည့်ရှုနေသကဲ့သို့ပင်။ ကျင်းမူလန်သည် ရှမ့်လန်ကို ကြည့်ရှုကာ ပြောလိုက်သည်။ “ကောင်းပြီ။ စာရင်းထဲမှာ ရှင့်ကို ထည့်ပေးလိုက်မယ်။ ရှင်လည်း မျှမျှတတ ဝင်ပြီးပြိုင်ပေါ့”
ရှမ့်လန်အား တခြားသောသူများနှင့် ခွဲခြားဆက်ဆံခြင်း မခံရအောင် သူမက အခွင့်အရေးပေးခဲ့ခြင်း ဖြစ်၏။ မြို့စားကြီးသည် သူ၏သမီးကို တားဆီးရန် ပြင်ဆင်လိုက်၏။ သို့ပေမဲ့ ကျင်းမူလန်သည် ပြုံးကာ ပြောလိုက်၏။
“အဖေ... ဘာတွေ စိတ်ပူနေတာလဲ”
မြို့စားကြီးသည် အသာရယ်မောကာ ပြောလိုက်၏။ ဟုတ်ပေသည်။ သူဘာတွေ စိတ်ပူနေသနည်း။ ကျင်းမူလန်သည် သနားကြင်နာတတ်ပြီး ကိုယ်ချင်းစာတရားကို ပိုင်ဆိုင်သူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် သူမသည် ရှမ့်လန်အား ပြိုင်ပွဲဝင်စာရင်းထဲသို့ ထည့်သွင်းထားခြင်းဖြစ်၏။ ရှမ့်လန်ကိုရွေးချယ်ဖို့ ဆိုသည်မှာတော့ ဖြစ်နိုင်သည့်ကိစ္စရပ်မျိုး မဟုတ်ချေ။ ထို့ကြောင့် စိုးရိမ်ပူပန်နေဖို့ လိုအပ်လိမ့်မည် မဟုတ်ပေ။
“အားလုံးပဲ ရှမ့်လန်ကို စာကြည့်ခန်းရဲ့ ဆဋ္ဌမအခန်းကို ခေါ်သွားလိုက်” မြို့စားကြီးက အမိန့်ပေးလိုက်သည်။
.....
တစ်နာရီကြာမြင့်ပြီးသည့်နောက် တခြားသော လူငယ်ငါးယောက်တို့သည် ရွှမ်ဝူအိမ်တော်ဆီသို့ ရောက်ရှိ လာခဲ့ကြပြီဖြစ်၏။ ၎င်းတို့သည် မတူညီသည့် စာကြည့်ခန်း ငါးခန်းထဲတွင် နေရာချထားခြင်းကို ခံရ၏။ ရှမ့်လန်မှာတော့ ဆဠမမြောက် စာကြည့်ခန်းထဲတွင် ဖြစ်၏။ တစ်ယောက်နှင့်တစ်ယောက် မမြင်တွေ့ရချေ။ ထို့ကြောင့် တစ်ယောက်နှင့်တစ်ယောက် မသိချေ။ မူလန်သည် ထိုသူတို့အား ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံကာ ရွေးချယ်မှာဖြစ်၏။
အချိန်ပေါင်းများစွာ ကုန်လွန်သွားခဲ့၏။ ညနေ နေမဝင်ခင်တွင် ရွေးချယ်ရမည်ဖြစ်၏။ မင်္ဂလာပွဲသည် ညနေခင်းတွင် ကျင်းပမှာ ဖြစ်သည်။ ထို့ကြောင့် ကျင်းမူလန်အတွက် အိမ်ထောင်ဖက် တစ်ယောက်ကို ရွေးချယ်ရန်အတွက် အချိန်နှစ်နာရီသာ ရှိ၏။ ကျင်းမူလန်သည် စာကြည့်ခန်းထဲသို့ လျှောက်ဝင် သွားလိုက်သည်။ မြို့စားအိမ်တော်၏ သားမက်ရွေးပွဲသည် တရားဝင် စတင်ခဲ့လေပြီ။