← Chapters

အပိုင်း (၁၉)

Vol. 2 Ch. 19

အပိုင်း (၁၉)

Vol. 2 Ch. 19

ပြိုင်ပွဲဝင် လူငယ်ခြောက်ယောက် ကြားထဲတွင် ရှမ့်လန်၏ အရည်အချင်းသည် အနိမ့်ကျဆုံးဖြစ်၏။ အချက်အလက် အားဖြင့် သူသည် ဝင်ရောက်ယှဉ်ပြိုင်ရန် အရည်အချင်းပင် မရှိဟု ညွှန်းဆိုရပေမည်။ အသင့်တော်ဆုံးသော ယှဉ်ပြိုင်ဘက်သည် ဝမ်လျှံပင်ဖြစ်၏။ ၎င်းသည် ရွှမ်ဝူအိမ်တော်နှင့် ဆွေမျိုးနီးစပ် ဆက်ဆံရေးကို ပိုင်ဆိုင်၏။ ထို့အပြင် ၎င်းသည် မင်းမှုထမ်း တစ်ယောက်လည်း ဖြစ်၏။

လက်ရှိ အခန်းထဲတွင် ထိုင်နေရင်းမှ ဝမ်လျှံသည် ကြောက်ရွံ့ထိတ်လန့်မှုကို ခံစားနေရသလို စိတ်လှုပ်ရှားလျက်လည်း ရှိ၏။ ဟုတ်ပေ၏။ သူသည် အဘယ့်ကြောင့် ဤတည်နေရာသို့ ရောက်ရှိနေကြောင်းကို ကောင်းကောင်း သိ၏။ ဤကဲ့သို့သော နေ့မျိုး ရောက်ရှိရန် နှစ်ပေါင်းများစွာ စောင့်စားခဲ့ရသည်။

ပြောရမည်ဆိုလျှင် သူသည် နုကျင်းစီရင်စုဆီမှ မဟုတ်ချေ။ အိမ်၌ အေးအေးဆေးဆေး နေထိုင်ပြီး စာပေများကို လေ့လာကာဖြင့် နန်းတွင်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုရန် စီစဉ်ထားခဲ့၏။ သို့ပေမည့် သူသည် ရွှမ်ဝူမြို့ဆီသို့ ရောက်ရှိလာခဲ့ပြီးသည့်နောက် အကျဉ်းထောင်၏ မင်းမှုထမ်းစာရေး ပြုလုပ်ရန် ဆုံးဖြတ်ခဲ့၏။ သူသည် ဤအလုပ်ကို မနှစ်သက်ချေ။ ဤအလုပ်ကို ပြုလုပ်ရခြင်း၏ တစ်ခုတည်းသော ရည်ရွယ်ချက်သည် ကျင်းမူလန်ကို ပိုင်ဆိုင်ခွင့်ရရန်ပင်။

ရေနှင့် အနီးစပ်ဆုံးတွင် ရှိနေသည့် နန်းဆောင်တွင် နေထိုင်မှသာလျှင် လ၏ အလင်းရောင်ကို အရင်ဆုံး ခံစားမည် မဟုတ်ပါလား။

ဟုတ်ပေ၏။ ကျင်းမူလန်သည် တခြားသော မျိုးနွယ်စု၏နောက်သို့ လိုက်ပါသွားမည့် ချွေးမမျိုး မဟုတ်ချေ။ အိမ်ပါသမက်မျိုးကို လိုချင်ကြောင်း သူကောင်းကောင်းသိ၏။ သို့ပေမဲ့ သူဂရုမစိုက်ချေ။ သူသည် သူ၏ မိသားစုထဲတွင် တစ်ဦးတည်းသောသား မဟုတ်သောကြောင့်ပင်။

သူ၏ အစ်ကိုနှစ်ယောက်သည် သိုင်းစာမေးပွဲနှင့် စာပေပညာ စာမေးပွဲများကို အောင်မြင်ခဲ့ပြီးဖြစ်၏။ ထို့ကြောင့် သူတို့၏ မျိုးဆက်ဂုဏ်ကို စောင့်ထိန်းနိုင်ရန် အခွင့်အလမ်း ရှိ၏။ သူသည် ငယ်ရွယ်စဉ်ကတည်းက ကျင်းမူလန်ကို ချစ်ခင်နှစ်သက်ခဲ့၏။ ထို့အပြင် ကျင်းမူလန်သည် ရာစုနှစ်ချီသည့် တော်ဝင်မိသားစုမှ မျိုးဆက်တစ်ယောက် ဖြစ်၏။ ထိုနေရာတွင် သမက်တော် ဖြစ်လာသည်ဆိုပါက ကျိန်းသေပေါက် အဆုံးအစမဲ့သည် ချမ်းသာခြင်းနှင့် အာဏာကို ပိုင်ဆိုင်ပေလိမ့်မည်။

မြို့စားအိမ်တော်၏ မြို့စားသားသည် အားကောင်းသည် မဟုတ်ချေ။ အရာအားလုံးသော အခွင့်အာဏာများသည် ကျင်းမူလန်၏ လက်ထဲတွင်သာ တည်ရှိနေ၏။ သူမ၏ယောက်ျား ဖြစ်လာမည်ဆိုပါက ကျိန်းသေပေါက် မြို့စား အိမ်တော်၏ အကြီးမားဆုံးသော အခွင့်အာဏာကို မျှဝေရရှိမည်မှာ သံသယရှိစရာ မလိုချေ။

လယ်ဧကပေါင်း ထောင်နှင့်ချီ တည်ရှိပြီး လူဦးရေနှစ်ထောင်ခန့်ရှိသည့် သီးသန့်စစ်တပ်ကြီးကိုလည်း ပိုင်ဆိုင်၏။ များပြားလွန်းသည့် ချမ်းသာမှုများကလည်း လက်ညှိုးထိုးမလွဲချေ။ ထို့ကြောင့် ဝမ်လျှံသည် ကျင်းမူလန်၏ ယောက်ျားဖြစ်ရန် ဆုံးဖြတ်ထားခဲ့ပြီးသား ဖြစ်၏။ သိုင်းပညာစာမေးပွဲကို အောင်မြင်ခဲ့သည့် မိုရီမှလွဲလျှင် တခြားသောသူများသည် သူ့ကို ခြိမ်းခြောက်နိုင်လိမ့်မည် မဟုတ်ချေ။

ထို့အပြင် ကျင်းမူလန်သည် သိုင်းပညာတွင် အလွန်ကောင်းမွန်သည့် လူတစ်ယောက်ဖြစ်၏။ ထို့ကြောင့်ပင်လျှင် စာပေပညာကို ကျွမ်းကျင်သည့် ယောက်ျားတစ်ယောက်ကို လိုအပ်ပေလိမ့်မည်။ သူသည် ထိုနေရာနှင့် လိုက်ဖက်ညီသော လူတစ်ယောက်ဟု သတ်မှတ်ရပေမည်။ ပြိုင်ပွဲတွင် သူသာလျှင် အနိုင်ရရှိမည်ဖြစ်ကြောင်း ဝမ်လျှံက စွဲစွဲမြဲမြဲ ယုံကြည်နေမိ၏။

ဟုတ်ပေသည်။ ထိုကဲ့သို့ တွေးတောနေသည်မှာ သူတစ်ယောက်တည်း မဟုတ်ချေ။ တခြားသောသူများ အားလုံးသည်လည်း ထိုကဲ့သို့ပင် တွေးတောနေခဲ့ကြ၏။ အထူးသဖြင့် မြို့စားအိမ်တော်၏ အယုံကြည်ရဆုံး နောက်လိုက်ဖြစ်သည့် ကျင်းကျုးပင်။ ၎င်းသည် ဝမ်လျှံကို ဤနေရာသို့ ကိုယ်တိုင်ကိုယ်ကျ ခေါ်ဆောင်လာခဲ့၏။ သူ၏စိတ်ထဲတွင် ဝမ်လျှံကို မြို့စားအိမ်တော်၏ အနာဂတ်သမက်လောင်းဟုပင် သတ်မှတ်ထားခဲ့သည်။

ကျင်းမူလန်သည် ပထမဆုံး စာကြည့်ခန်းထဲသို့ လျှောက်ဝင်လာခဲ့၏။ သူမနှင့် ဝမ်လျှံ၏ ကြားထဲတွင် ပုဝါ တစ်ခု ခြားထား၏။

လှပလွန်းသည့် အမျိုးသမီး ရောက်ရှိလာသည်ကို သိရှိပြီးသည့်နောက် ဝမ်လျှံ၏ အသက်ရှူနှုန်းများပင်လျှင် မြန်ဆန်လာခဲ့၏။ သူသည် သူ့ကိုယ်သူ မထိန်းချုပ်နိုင်လောက်သည်အထိ စိုးရွံ့နေမိ၏။ မကြာခင်တွင် သူသည် မူလန်၏ ယောက်ျား ဖြစ်လာပေတော့မည်။ မကြာခင်တွင် ဤလှပသည့် ခန္ဓာကိုယ် ပိုင်ရှင်နှင့်အတူ အိပ်စက်ရတော့မည်။ သူ၏ ဆယ်နှစ်ကျော်နီးပါး စောင့်မျှော်ခဲ့ရသော မျှော်လင့်ချက်များသည် နောက်ဆုံး၌ တကယ် ဖြစ်လာပေတော့မည်။

“ဝမ်လျှံ... အနာဂတ်မှာ ကျွန်မကို ဘာတွေပေးမှာလဲ” ကျင်းမူလန်က မေးမြန်းလိုက်သည်။

ဝမ်လျှံသည် စိတ်လှုပ်ရှားမှုများကို ဖိနှိပ်ကာ ပြောလိုက်၏။ “လက်ထပ်ပြီးရင် ကျုပ်စာမေးပွဲ သွားဖြေမယ်။ မင်းကတော့ သိုင်းပညာနဲ့ ပတ်သက်တဲ့ တာဝန်တွေ ယူထားပေါ့။ ကျုပ်က စာပေပညာနဲ့ ပတ်သက်တဲ့ တာဝန်တွေကို ယူမယ်။ မင်းနဲ့ကျုပ် အတူတူ ယှဉ်တွဲပြီး ကြိုးစားလျှောက်လှမ်းသွားမယ်ဆိုရင် ရွှမ်ဝူအိမ်တော် တစ်ခုလုံးက အလားအလာရှိတဲ့အနာဂတ်ကို ပိုင်ဆိုင်မှာ သေချာတယ်။ ကျင်းမိသားစုကို ဘယ်သူကမှ အနိုင်ကျင့်ရဲမှာ မဟုတ်ဘူး”

ဝမ်လျှံသည် ကျင်းမူလန် ဖြစ်စေချင်သော ကိစ္စရပ်များကို ခန့်မှန်းမိ၏။ ထို့ကြောင့်ပင်လျှင် တစ်ခါတည်း ပြောဆို လိုက်ခြင်းပင်။ ကျင်းမူလန်၏ နှစ်ရှည်လများတည်ရှိနေသည့် စိတ်ဆန္ဒများသည် မြို့စားအိမ်တော်၏ အမွေအနှစ် များကို ထိန်းသိမ်းခြင်းဖြစ်သည်။

“ကျေးဇူးပါပဲ ဝမ်းကွဲအစ်ကို” ကျင်းမူလန်က ပြောလိုက်၏။ ပြီးနောက် ချက်ချင်းပဲ လျှောက်ထွက်သွားခဲ့၏။

...........

ကျင်းမူလန်သည် ဒုတိယအခန်းဆီသို့ ဝင်လိုက်၏။ ထိုအရာသည် သိုင်းပညာစာမေးပွဲကို အောင်မြင်ထားသည့် မိုရီ တည်ရှိရာ နေရာပင်ဖြစ်၏။ မိုရီ၏ သိုင်းပညာသည် တကယ်ပင် အဆင့်မြင့်မားလွန်းလှ၏။ ထို့အပြင် ၎င်းသည် အလွန် တည်ငြိမ်သည့် ဟန်ပန်အမူအရာမျိုး တည်ရှိနေ၏။ ကျင်းမူလန် အထဲသို့ လျှောက်ဝင်လာသည်ဆိုလျှင်တောင်မှ ၎င်း၏ အသက်ရှူနှုန်းများသည် မပြောင်းလဲခဲ့ချေ။ ၎င်း၏ နှလုံးသားခုန်သံ သည် အနည်းငယ်သာလျှင် မြန်ဆန်လာခဲ့သည်။

ကျင်းမူလန်နှင့် ပတ်သက်သည့် သူ၏ လိုချင်တောင့်တစိတ်သည် ဝမ်လျှံထက် မည်သို့မှ မနိမ့်ပါးချေ။ သူသည် သိုင်းပညာ စာမေးပွဲကို ဖြေဆိုခဲ့သည့် လူတစ်ယောက်ဖြစ်၏။ သို့ပေမဲ့ သူသည် သာမန်မိသားစုဆီမှ ပေါက်ဖွား လာသည့် လူတစ်ယောက်ဖြစ်၏။ သိုင်းပညာ အဆင့်အတန်း အလွန်တရာ မြင့်မားသည် ဆိုလျှင်တောင်မှ သူသည် သူများနောက်သို့ ရောက်ရှိနေ၏။

ထို့ကြောင့် သူသည် အရင်းအမြစ်များကို လိုအပ်၏။ သိုင်းကျမ်းများကို ဖတ်ရှုရခြင်းသည် အရင်းအမြစ်အလွန် ကုန်ဆုံးသည့် အရာမျိုးဖြစ်၏။ တော်ရုံပိုက်ဆံနှင့် ဝယ်ယူ၍ မရနိုင်သည့် သိုင်းပညာစာအုပ်များသည် ကျင်းမိသားစု၏ စာကြည့်ခန်းထဲတွင် တည်ရှိနေသည်ဟု သူကြားခဲ့ဖူး၏။ ကျင်းမူလန်၏ အလှအပနှင့် ပုံပန်း သွင်ပြင်သည် မည်သည့်ယောက်ျားမျိုးမှ ငြင်းပယ်၍ ရနိုင်သည့် အရာမျိုး မဟုတ်ချေ။

“လူကြီးမင်းမို... မြို့စားအိမ်တော်ထဲကို လက်ထပ်ပြီး ရောက်ရှိလာမယ်ဆိုရင် ကျွန်မကို အနာဂတ်မှာ ဘာတွေ ယူဆောင်ပေးမှာလဲ” ကျင်းမူလန်သည် တူညီသည့် မေးခွန်းကိုသာ မေးမြန်းလိုက်သည်။

မိုရီက ပြောလိုက်၏။ “ကျုပ် သိုင်းစာမေးပွဲကို သွားဖြေပြီးတော့ လောကမှာ အကောင်းဆုံး သိုင်းကျင့်ကြံသူ တစ်ယောက် ဖြစ်လာရမယ်။ ပြီးတော့ မြို့စားအိမ်တော်ရဲ့ စစ်တပ်ကြီးကို ဦးဆောင်ပြီး တစ်လောကလုံးအနှံ့ လွှမ်းမိုးနိုင်တဲ့လူ ဖြစ်လာရမယ်။ ကြီးမားတဲ့ ကောင်းကျိုးပြုမှုတွေ ပြုလုပ်ပြီးရင် ကျုပ်နဲ့ ကျင်းမိသားစုရဲ့ အာဏာ က နောက်တစ်ဆင့်ဆီကို ခုန်တက်သွားရမယ်”

“ကျေးဇူးပါပဲ လူကြီးမင်းမို” ကျင်းမူလန်သည် မတ်တပ်ထရပ်ပြီးသည့်နောက် လျှောက်ထွက်သွားခဲ့ပြန်သည်။

...........

ထိုကဲ့သို့ပင် ကျင်းမူလန် တတိယ၊ စတုတ္ထ၊ ပဉ္စမ စာကြည့်ခန်းထဲသို့ အသီးသီး ဝင်ရောက်ခဲ့၏။ သူမသည် တူညီသည့်မေးခွန်းကိုသာ မေးခဲ့၏။ မြို့စားအိမ်တော်သို့ ဝင်ရောက်မည်ဆိုလျှင် အနာဂတ်တွင် ဘာတွေ ယူဆောင် ပေးမည်နည်း ဆိုသည့် မေးခွန်းပင်။

သုံးယောက်လုံး၏ အဖြေသည် တူညီလုနီးပါးပင်ဖြစ်၏။ သစ္စာတရားပင် ဖြစ်၏။ သူတို့သည် ကျင်းမူလန်အတွက် သေဆုံးရန်ပင် စိတ်ဆန္ဒ ရှိကြ၏။ မီးပင်လယ်ထဲသို့ ဖြတ်လျှောက်ရမည် ဆိုလျှင်ပင် တစ်ချက်ကလေးမှ တွန့်ဆုတ်လိမ့်မည် မဟုတ်ကြောင်းကိုလည်း ပြောဆိုခဲ့၏။ ၎င်းတို့သုံးယောက်သည် မြို့စားအိမ်တော်မှ သေသေချာချာ လေ့ကျင့်ပေးခဲ့သူများဖြစ်၏။ ထို့ကြောင့်ပင်လျှင် ဤကဲ့သို့ တူညီလုနီးပါး အဖြေများကို ရရှိခဲ့ခြင်း ဖြစ်၏။

...........

ကျင်းမူလန်သည် နောက်ဆုံးအခန်းဆီသို့ ရောက်ရှိခဲ့သည်။

အလွှာခြားထားသည့် လိုက်ကာတစ်ခုကို ဖြတ်ကာ ကြည့်ရှုရင်း ရှမ့်လန်သည် ကျင်းမူလန်၏ အသက်ရှူသံများကို ခံစားမိ၏။ တကယ့်ကို သာယာနာပျော်ဖွယ်ဖြစ်ပြီး အားကောင်းလွန်းသည့် အမျိုးသမီး၏ ကိုယ်သင်းနံ့လေးက သင်းကြိုင်လျက် ရှိနေ၏။ ရှမ့်လန်သည် စူးစိုက်ကာ ကြည့်ရှုလျက် ရှိနေ၏။ ထိုလိုက်ကာမှတဆင့် ကျင်းမူလန်၏ ခန္ဓာကိုယ်ကောက်ကြောင်းကို မြင်နေရ၏။ သူ၏အကြည့်များသည် သူမ၏ ရင်ဘတ်တည်နေရာဆီသို့ ရောက်ရှိသွား၏။

“အင်း.. တကယ့်ကို ဖွံ့ထွားတာပဲ” ရုတ်တရက် သူ၏နှလုံးခုန်သံများက မြန်ဆန်လာခဲ့သည်။

“ရှမ့်လန်.. မြို့စားအိမ်တော်ထဲကို ရောက်ရှိလာမယ်ဆိုရင် အနာဂတ်မှာ ကျွန်မကို ဘာတွေ ယူဆောင်ပေးမှာလဲ” ကျင်းမူလန်က ထပ်မံ မေးမြန်းလိုက်၏။

“ဘာ” ရှမ့်လန်က ပြန်လည် မေးခွန်းထုတ်လိုက်သည်။

ဪ.. ရှင်က အရူးပဲ။

ကျင်းမူလန်သည် စိတ်ထဲတွင် ထိုကဲ့သို့ပင် တွေးတော ရယ်မောလိုက်မိ၏။ ပြီးနောက် ကြင်နာနူးညံ့စွာဖြင့် ထပ်မံကာ မေးမြန်းလိုက်၏။ “ကျွန်မကို တန်ဖိုးအရှိဆုံးအရာ ဘာပေးမလဲ”

‘အင်း.. ကျုပ်ရဲ့ လူပျိုဘဝပေါ့။’ ရှမ့်လန်သည် အမှတ်မထင် ပြောဆိုလိုက်၏။ ဟုတ်ပေသည်။ ထိုအရာကို စိတ်ထဲ၌သာ ပြောဆိုခြင်းဖြစ်၏။ အပြင်ဘက်တွင် ထုတ်ဖော်ကာ မပြောရဲချေ။ မဟုတ်ပါက သေဆုံးလုနီးပါး အရိုက်ခံရမည် မဟုတ်ပါလား။

ထိုသို့ဆိုလျှင် သူ ဤမေးခွန်းကို မည်သို့ဖြေမည်နည်း။ ဟုတ်ပေသည်။ ရှမ့်လန်သည် သူမကို အများကြီး ပေးရမည် ဖြစ်၏။ ဥပမာအားဖြင့် နှစ်စဉ်နှစ်တိုင်း ကိုယ်ဝန်ရအောင် ဖန်တီးပေးနိုင်၏။ ထို့အပြင် သူ့၌ ပန်းပဲလုပ်ငန်းနှင့် ပတ်သက်သည့် လျှို့ဝှက်နည်းစနစ်များကိုလည်း ပိုင်ဆိုင်၏။ မြို့စားအိမ်တော်၏ ချပ်ဝတ်များသည် သူ့ကြောင့် ပိုမို မြင့်မားသည့် အခြေအနေတစ်ခုဆီသို့ ရောက်ရှိသွားနိုင်၏။ ထို့အပြင် မြို့စားအိမ်တော်မှ အသုံးပြုနေသည့် ဓား၊ လက်နက်များသည်လည်း ပိုမိုကာ ထက်ရှလာပေလိမ့်မည်။

တခြားသော ဥပမာအရ ပြောရမည်ဆိုလျှင် သူ၏မျက်လုံးများသည် တကယ့်ကို ကောင်းမွန်၏။ X-Ray အမြင် တည်ရှိ၏။ တစ်ဖက်လူ၏ သွေးကြောများကိုပင် သေသေချာချာ မြင်နိုင်ခြင်း ရှိ၏။

သူသည် အရှေ့တွင် ဖြေဆိုခဲ့သည့် လူငါးယောက်တို့ မည်သည့်အဖြေများ ပေးမည်ကို ကောင်းကောင်း ခန့်မှန်းမိ၏။

ဝမ်လျှံသည် ကျိန်းသေပေါက် ၎င်းနှင့် ကျင်းမူလန် အတူတူ လက်တွဲပြီး တစ်ယောက်က အသိပညာ၊ တစ်ယောက်က သိုင်းပညာများကို အသုံးချကာ မြို့စားအိမ်တော်၏ အခြေအနေတစ်ခုလုံးကို တိုးတက်အောင် ပြုလုပ်မည်ဖြစ်ကြောင်း ဖြေဆိုမှာ သေချာသည်။

မိုရီမှာတော့ သိုင်းပညာကို အဆင့်မြင့်အထိ လေ့ကျင့်ချင်၏။ ထို့ကြောင့် မြို့စားအိမ်တော်၏ စစ်တပ်ကြီးကို ဦးဆောင်ကာဖြင့် အခြေအနေတစ်ခုအထိ တိုးတက်အောင် ပြုလုပ်မည်ဟု ဖြေဆိုမှာဖြစ်၏။

တခြားသော သုံးယောက်မှာတော့ မြို့စားအိမ်တော်မှ သေသေချာချာ လေ့ကျင့်ပေးထားသည့်လူများ ဖြစ်သောကြောင့် သစ္စာတရားကို အခြေခံကာ ဖြေဆိုမည်မှာ မြေကြီးလက်ခတ် မလွဲပင်။

ထို့ကြောင့် ရှမ့်လန်က မည်သို့ ဖြေဆိုရမည်နည်း။ ကျင်းမူလန်၏ နှလုံးသား အနက်ရှိုင်းဆုံးနေရာတွင် တည်ရှိနေသည့် အလိုဆန္ဒက ဘာဖြစ်မည်နည်း။

ရှမ့်လန် မဖြေသည်ကိုကြားတော့ ကျင်းမူလန်က ပြောဆိုလိုက်၏။ “ကိစ္စမရှိဘူး။ ရှင် သေသေချာချာ တွေးလေ။ ဖြည်းဖြည်းချင်း ဖြေလည်းရပါတယ်။ အလျင်မလိုဘူး”

ကျင်းမူလန်၏ အသံသည် တခြားသောသူများကို ပြောဆိုသည့် နေရာတွင် အေးစက်နေခဲ့သော်လည်း ရှမ့်လန်ပေါ်တွင်တော့ အမှတ်မထင် ဆိုသလို နွေးထွေးလျက် ရှိ၏။ သို့ပေမဲ့ သူမ၏ လေသံသည် အသိဉာဏ် နိမ့်ပါးလွန်းသည့် ကလေးတစ်ယောက်ကို စကားပြောနေသည့် ကြင်နာတတ်သော ခွဲစိတ်ခန်းမှ သူနာပြု ဆရာမလေး တစ်ယောက်ကဲ့သို့ပင်။ တစ်ဖက်လူ ကြောက်လန့်သွားမည်ကို စိုးရိမ်၍ ထိန်းထိန်းသိမ်းသိမ်း ပြောဆိုနေသလိုပင်။

ရှမ့်လန်သည် ထိုမေးခွန်းအတွက် နှစ်မိနစ်မျှ တွေးတောလိုက်၏။ နောက်ဆုံးမှာတော့ အဖြေကို ရရှိခဲ့သည်။

“ကျုပ် ခင်ဗျားကို ပေးနိုင်တဲ့ တန်ဖိုးအကြီးမားဆုံးအရာကတော့ လွတ်လပ်ခြင်းပဲ။ ခင်ဗျား နောက်ယောက်ျား မယူသရွေ့ လုပ်ချင်တာကို လုပ်လို့ရတယ်။ ကြိုက်တာကို လုပ်လို့ရတယ်” ရှမ့်လန်က ပြောလိုက်၏။

ပြောပြောပြီးချင်းမှာပဲ ကျင်းမူလန်က ကြောင်အသွားခဲ့၏။ သူမက ရှမ့်လန်ကို စူးစိုက်ကာ ကြည့်ရှုလိုက်သည်။ ရုတ်တရက် ထကာ ရိုက်နှက်ချင်စိတ်များပင် ပေါက်မိနေ၏။ အဘယ်ကြောင့် နောက်ယောက်ျား ထပ်ယူရမည်နည်း။ သူမ ကျင်းမူလန်အား ထိုသို့အရှက်မဲ့သည့်လူတစ်ယောက်ဟု ထင်မှတ်နေသည်လား။ သို့ပေမဲ့ သူမသည် အလွန်အမင်း စိတ်တိုခြင်းတော့ မရှိချေ။

အရူးပဲ။ အဲလိုအဓိပ္ပာယ်မျိုးနဲ့ ပြောတာတော့ မဖြစ်နိုင်ဘူး။ သို့နောက် ကျင်းမူလန်သည် အပြင်သို့ ထွက်လျှောက် သွားခဲ့၏။

တစ်ဖက်လူ ထွက်လျှောက်သွားသည်ကို မြင်သည့်နောက် ရှမ့်လန်က ပြုံးလိုက်၏။ ကျိန်းသေပေါက် တခြားကိစ္စရပ်များသာ မဖြစ်ခဲ့ပါက သူသည် ခြောက်ဆယ် ရာခိုင်နှုန်း အနိုင်ရရှိနှင့်ပြီး ဖြစ်သည်။

ကျင်းမူလန် အဘယ်ကြောင့် ဤမေးခွန်းကို မေးရသနည်း။ သူမသည် ဤလူခြောက်ယောက်၏ စိတ်ထဲတွင် ရှိသည့် ရည်မှန်းချက်များကို စမ်းသပ်နေခြင်းဖြစ်၏။ မြို့စားအိမ်တော်၏ ဆက်ခံသူဖြစ်သော မြို့စားသားသည် စွမ်းဆောင်ရည် နိမ့်ကျလွန်းသည်။ ထို့ကြောင့် ကျင်းကျိုးသာ သေဆုံးသွားမည်ဆိုပါက မြို့စားအိမ်တော် တစ်ခုလုံးသည် ကျင်းမူလန်၏ လက်ထဲသို့ ကျရောက်သွားပေမည်။

ဟုတ်ပေသည်။ သူမသည် သူမ၏ မောင်ငယ်ကို လိုလိုချင်ချင်နှင့် အကူအညီ ပေးချင်၏။ သူမ ဘာကို ကြောက်လန့်သနည်း။ သူမ၏ ယောက်ျားသည် မြို့စားအိမ်တော်၏ အခွင့်အာဏာများကို အလုံးစုံ သိမ်းပိုက်ပြီး သူမ၏ မောင်ငယ်လေးအား သတ်ဖြတ်သွားမည်ကို စိုးရိမ်ခြင်းဖြစ်၏။ ထိုသို့သာ ဖြစ်လာခဲ့ပါက သူမသည် ကျင်းမိသားစုအတွက် အပြစ်ကြီးသည့် တရားခံတစ်ယောက် ဖြစ်လာပေလိမ့်မည်။

သူမ၏ အနာဂတ်ယောက်ျား အတွက် ပါရမီဆိုသည်မှာ ဒုတိယတန်းစားသာဖြစ်၏။ သူမ၏ အရေးကြီးဆုံး အရာသည် အနာဂတ်ပြဿနာများကို ရှောင်ရှားချင်ခြင်းသာဖြစ်၏။ သို့ပေမဲ့ ဝမ်လျှံနှင့် မိုရီတို့သည် မောက်မာလွန်းခဲ့၏။ မြို့စားအိမ်တော်ကို ကျင်းမူလန်နှင့်အတူ ပူးပေါင်းကာဖြင့် တစ်ဆင့်မြင့်မားသည့် အခြေအနေဆီသို့ ရောက်ရှိအောင် ကြိုးစားချင်သည့် လောဘမျိုးရှိခဲ့၏။ ထိုစိတ်ဆန္ဒများသည် ကျင်းမူလန်ကို စိုးရိမ်စေခဲ့၏။

နှစ်ယောက်လုံးသည် မောက်မာသည့် လူများဖြစ်၏။ မြို့စား တည်နေရာအား မမက်မောဘဲ ဘယ်နေမည်နည်း။ သို့ပေမဲ့ ရှမ့်လန်၏ အဖြေမှာတော့ မည်သည့် ရည်မှန်းချက်မှ မရှိကြောင်း ထုတ်ဖော်ပြသနေ၏။ ထိုအရာသည် အမှန်ကန်ဆုံးသော အဖြေဖြစ်သလို ကျင်းမူလန် အလိုချင်ဆုံးသော အဖြေလည်းဖြစ်သည်။

........

ကျင်းမူလန်သည် သူမအဖေ တည်ရှိရာ ဟောခန်းဆီသို့ ပြန်လာခဲ့၏။

ဤအချိန်တွင် မြို့စားကြီးနှင့် သူ၏ ဇနီးတို့သည် စိုးရိမ်တကြီး စောင့်မျှော်နေကြသည်။ သူမကို မြင်ရသည့် အချိန်မှာတော့ မည်သို့မှ မနေနိုင်ဘဲ မေးမြန်းလိုက်ကြသည်။ “မြန်လှချည်လား”

ဟုတ်ပေ၏။ ဆယ့်ငါးမိနစ် မပြည့်ခင်မှာဘဲ ကျင်းမူလန်သည် အိမ်ထောင်ဘက်ကို ရွေးချယ်ပြီးခဲ့၏။

“သမီး.. အိမ်ထောင်ဖက်ကို ရွေးပြီးပြီလား”

မြို့စားကတော်က မေးမြန်းလိုက်သည်။ “ရွေးပြီးပြီဆိုရင်လည်း ချက်ချင်း လူတွေလွှတ်ပြီး ဖိတ်စာပေးရမယ်လေ။ ဒီည မင်္ဂလာပွဲလုပ်ရအောင်”

ကျင်းမူလန်က ပြောလိုက်၏။ “အင်း.. ရွေးပြီးသွားပြီ”

မြို့စားကတော်သည် စိတ်လှုပ်ရှားစွာဖြင့် ရုတ်တရက် ထရပ်ကာ မေးမြန်းလိုက်သည်။ “အင်း.. ဘယ်သူလဲ။ ဝမ်လျှံလား၊ မိုရီလား”

ကျင်းမူလန်သည် ပြုံးကာ ပြောလိုက်၏။ “ကျွန်မ ရွေးလိုက်တဲ့ ခင်ပွန်းလောင်းက ရှမ့်လန်ပါပဲ”

All Chapters