← Chapters

အပိုင်း (၂၀)

Vol. 2 Ch. 20

အပိုင်း (၂၀)

Vol. 2 Ch. 20

“ဘာလဲ၊ ဘာ” ကျင်းမူလန်၏ စကားကို ကြားရသည့်အချိန်မှာတော့ မြို့စားကြီး၏ ဆံပင်များသည် အပေါ်သို့ပင် ထောင်ထွက်သွားမိ၏။

မြို့စားကတော်သည် နားကြားမှားသလားဟုပင် တွေးထင်ခဲ့၏။ မြို့စား၏ အတိုင်ပင်ခံနှင့် တခြားသောသူများ အားလုံးသည်လည်း အလုံးစုံ ဆွံ့အလို့ နေလေသည်။

“မူလန်... ရူးများနေလား”

မြို့စားကြီးက မေးမြန်းလိုက်၏။ “တခြားသူတွေ အကုန်လုံးက တကယ့် ပါရမီရှင်တွေကြီးပဲ။ ဘယ်လိုဖြစ်လို့ သူတို့ကို မရွေးရတာလဲ။ တကယ်ပဲ ရှမ့်လန်ကို ရွေးခဲ့တာလား”

အားလုံးသောသူတို့သည် မယုံကြည်နိုင်သလိုဖြင့် ကျင်းမူလန်ကို ကြည့်ရှုလို့နေကြသည်။

လူခြောက်ယောက်ထဲတွင် ရှမ့်လန်က အဆိုးဆုံးဖြစ်၏။ ဝမ်လျှံနှင့် မိုရီတို့ကိုမဆိုနှင့်။ အခြားသော မြို့စားအိမ်တော် လက်အောက်ရှိ ပါရမီရှင်သုံးယောက်ကိုပင် နှိုင်းယှဉ်၍ရနိုင်လိမ့်မည် မဟုတ်ချေ။ ထို့အတူ တကယ်တမ်း စစ်စစ်ပေါက်ပေါက် ပြောဆိုရမည်ဆိုပါက ရှမ့်လန်သည် သာမန်လူတစ်ယောက်နှင့်ပင် နှိုင်းယှဉ်၍ ရနိုင်သည့်လူမျိုး မဟုတ်ချေ။ အသိဉာဏ်ပညာ နိမ့်ပါးသည့် အရူးတစ်ယောက်ကဲ့သို့ပင်ဖြစ်၏။ ဆယ်နှစ်တိတိ လေ့လာသင်ယူပြီးသည့်နောက် အခြေခံသင်ရိုးညွှန်းတမ်းကိုပင် အောင်မြင်ခဲ့သူတစ်ယောက် မဟုတ်သည့်အပြင် ရွာ၏ကျောင်းမှပင်လျှင် ကန်ထုတ်ခြင်းကို ခံခဲ့ရသည့် လူတစ်ယောက်ဖြစ်၏။

“မူလန်... ဘာဖြစ်လို့လဲ”

မြို့စားကြီးက မေးမြန်းလိုက်၏။ “ဝမ်လျှံနဲ့ မိုရီတို့က ပါရမီရှင်တွေပဲလေ။ ဘယ်လိုဖြစ်လို့ သူတို့ နှစ်ယောက်ထဲက တစ်ယောက်ကို မရွေးရတာလဲ”

ကျင်းမူလန်က ပြောလိုက်သည်။ “အဖေ... ဒီလူနှစ်ယောက်က အရမ်းကို တော်တယ်ဆိုတာ အမှန်ပါပဲ။ သူတို့ကို အနာဂတ်မှာ ကျွန်မအတွက် ဘာတွေယူဆောင်လာနိုင်မလဲ ဆိုတာကို မေးခဲ့တယ်။ သူတို့ထဲက တစ်ယောက်ကတော့ မြို့စားအိမ်တော်ကို ကျွန်မနဲ့အတူ အုပ်ချုပ်မယ်လို့ ပြောခဲ့တယ်။ အခြား တစ်ယောက်ကလည်း ပါရမီရှင်ပါပဲ။ သူကတော့ မြို့စားအိမ်တော်ရဲ့ စစ်တပ်ကြီးကို ဦးဆောင်ပြီးတော့ တစ်လောကလုံးကို လွှမ်းခြုံဖို့ စဉ်းစားနေတယ်”

သူကြားခဲ့ရသည့် အကြောင်းအရာနှင့်ပတ်သက်၍ မြို့စားကြီးသည် ဘာတစ်ခုမှ မပြောဆိုခဲ့ချေ။ ဤအဖြေတွင် မည်သည့်ပြဿနာမှ မရှိဟု အခြားသောသူများက တွေးထင်လျက်ရှိ၏။

ကျင်းမူလန်က ပြောလိုက်သည်။ “အဖေသာ အသက်ရှင်လျက် ရှိနေသေးမယ်ဆိုရင် ဒီကိစ္စက ပြဿနာတစ်ခု မဟုတ်ဘူး။ ဒါပေမဲ့ အဖေ မရှိတော့ဘူးဆိုရင်တော့ မောင်ငယ်လေးက မြို့စားအရိုက်အရာကို ဆက်ခံရမှာလေ။ ကျွန်မရဲ့ယောက်ျားက မြို့စားအိမ်တော်ရဲ့အာဏာကို ရယူဖို့ ရည်မှန်းချက် ရှိနေတယ်ဆိုရင် ကျွန်မမောင်လေး ဘာဖြစ်သွားမလဲ”

ထိုစကားကို ကြားရသည့်အချိန်မှာတော့ မြို့စားကြီးသည် ရုတ်တရက် တိတ်ဆိတ်သွားမိ၏။ အနားတွင် ရှိနေသည့် လူများအားလုံးသည်လည်း ရုတ်တရက်ဆိုသလိုပဲ နားလည်သွား၏။ မူလန်သည် တကယ့်ကို အတွေးအခေါ်ကောင်းလှပြီး မိသားစုအပေါ်တွင် သစ္စာရှိသူတစ်ယောက်ဖြစ်၏။

ကျင်းမူလန်က ပြောလိုက်သည်။ “ရှမ့်လန်ရဲ့အဖြေက ကျွန်မကို လွတ်လပ်ခွင့်ပေးမယ်တဲ့။ ကျွန်မအနေနဲ့ သူ့ကို လိမ်ညာလှည့်ဖြားပြီး တခြားသောသူတစ်ယောက်ယောက်နဲ့ မဖောက်ပြန်သရွေ့ ဘာမဆို လုပ်နိုင်တယ်လို့ ပြောခဲ့တယ်”

“မြို့စားအိမ်တော်ရဲ့ သမီးတော်ကို ဘယ်လိုထင်နေလို့လဲ။ ဘာကိစ္စ လူမှုရေးဖောက်ပြန်ရမှာလဲ”

မြို့စားကြီးသည် ဒေါသတကြီးနှင့် ပြောလိုက်၏။ “မူလန်... မင်းဘာတွေ တွေးနေတယ်ဆိုတာ အဖေသိတယ်။ ဒါပေမဲ့ ဒီလိုလုပ်ဖို့တော့ မလိုပါဘူး။ တကယ်လို့ ဝမ်လျှံနဲ့ မိုရီတို့ကို မရွေးဘူးဆိုရင်တောင်မှ အိမ်တော်မှာ ခန့်ထားခဲ့တဲ့ လူငယ်သုံးယောက်ထဲက တစ်ယောက်ကို ရွေးလို့ရတယ်”

“မဟုတ်ဘူး။ သူတို့ကိုရွေးလို့ မဖြစ်ဘူး”

ကျင်းမူလန်က ပြောလိုက်၏။ “ပြီးတော့ သူတို့က ကျွန်မရဲ့ နောက်လိုက်တွေလေ။ သူတို့က ကျွန်မတို့နဲ့ ရင်းနှီးလွန်းနေတယ်”

မြို့စားကတော်က ပြောလိုက်သည်။ “ဒါပေမဲ့ ဒီရှမ့်လန်က အရမ်းဆိုးတယ်။ ရွှမ်ဝူမြို့ထဲမှာ သူက ဂုဏ်သိက္ခာတရားတောင် ရှိတာမဟုတ်ဘူး”

မြို့စားကြီးက ပြောလိုက်၏။ “သူက ရှစ်မိသားစုရဲ့ သားမက်တစ်ယောက်လည်း ဖြစ်ခဲ့ဖူးတယ်။ နှင်ထုတ်ခံရထားရတဲ့ တစ်စုံတစ်ယောက်ကို မြို့စားအိမ်တော်က သားမက်အဖြစ် ရွေးတယ်ဆိုတော့ ငါတို့ ကျင်းမိသားစုက ဘာတွေဖြစ်သွားမလဲ။ ဒီကိစ္စက မင်းရဲ့ဘဝတစ်ခုလုံး ပျော်ရွှင်မှုနဲ့ သက်ဆိုင်တဲ့ ကိစ္စလေ။ ကျိုးဟုန်ရွဲ့လိုမျိုး လူမျိုးနဲ့ လက်ထပ်လိုက်တာကမှ ပိုပြီးကောင်းမယ်လို့ ထင်တယ်။ မိသားစုရဲ့ မျက်နှာကို ထောက်ထားပြီး ကိုယ့်ရဲ့ဘဝတစ်ခုလုံးကို စတေး၊ မီးတွင်းထဲ ခုန်ချဖို့ဆိုတာ အဓိပ္ပါယ်မရှိဘူးထင်တယ်”

ကျင်းမူလန်က ပြောလိုက်သည်။ “ရှမ့်လန်ရဲ့ဂုဏ်သိက္ခာက အရမ်းဆိုးတယ်။ ကျုးလင်းရဲ့ဒေါသတွေကို ဖြေရှင်းဖို့အတွက် အကောင်းဆုံး နည်းလမ်းတစ်ခုပဲ မဟုတ်လား။ ကျွန်မသာ လူကောင်းတစ်ယောက်ကို လက်ထပ်လိုက်မယ်ဆိုရင် ကျိုးမိသားစုက လက်လွတ်မပေးမှာ စိုးရိမ်ရတယ်။ ဂုဏ်သိက္ခာ ဆိုးရွားတဲ့ လူတစ်ယောက်ကို လက်ထပ်လိုက်မယ်ဆိုရင် ကျိုးမိသားစုက အငြိုးအတေး ရှိမယ်ဆိုရင်တောင်မှ အတော်အသင့် လျော့ကျသွားလိမ့်မယ်။ ရန်သူတစ်ယောက်က ဆိုးရွားတဲ့အခြေအနေမျိုးနဲ့ ကြုံဆုံနေရတယ်ဆိုရင် သူတို့ ပျော်ရွှင်သွားနိုင်မယ် မဟုတ်လား”

ဤအရာသည် တကယ့်ကို ကျိုးကြောင်းဆီလျော်လွန်းလှ၏။ မူလန်သည် တကယ့်ကို ဉာဏ်ကောင်းလွန်းပြီး တခြားသောသူများ၏စိတ်ကို နားလည်နေလေ၏။

ကျင်းမူလန်က ပြောလိုက်သည်။ “ရှမ့်လန်က လူကောင်းတစ်ယောက်လို့ ကျွန်မထင်တယ်။ ပြီးတော့ ကျွန်မရဲ့ အနာဂတ် လင်ယောက်ျားနဲ့ပတ်သက်ပြီး တောင်းဆိုမှုက တစ်ခုပဲရှိတယ်။ အဲ့ဒါက ကြည့်ကောင်းဖို့ပဲ၊ ဘာပဲပြောပြော ကြည့်ကောင်းတဲ့ အကြောင်းအရာနဲ့ပတ်သက်ရင် ရှမ့်လန်က နံပါတ်တစ်ပဲ”

“ဒါပေမဲ့... ဒါပေမဲ့” မြို့စားကတော်သည် နှလုံးသားတစ်ခုလုံးကို ဓားနှင့်လှီးဖြတ်ခံထားရသကဲ့သို့ပင် ခံစားနေမိ၏။ သူမ၏ သားသည် အလားအလာ မကောင်းချေ။ ထို့ကြောင့် သူမ၏ သမီးသည် ပျော်ရွှင်မှုများကို စတေးခဲ့ရ၏။ ရွှမ်ဝူအိမ်တော်သည် မည်သည့်ပြစ်မှုများကို ကျူးလွန်ခဲ့သောကြောင့် ဤကဲ့သို့သော အခြေအနေများကို ကြုံနေရသနည်း။ မိုးနတ်မင်းကြီးသည် အဘယ့်ကြောင့် သူတို့အား မျက်နှာလွှဲနေရသနည်း။

မြို့စားကြီးက ပြောလိုက်၏။ “မူလန်... ထပ်ပြီးတော့ စဉ်းစားဖို့ အစီအစဉ်မရှိဘူးလား”

“မရှိဘူး။ ဒီကိစ္စက အတည်ဖြစ်ပြီ”

ကျင်းမူလန်က ပြောလိုက်သည်။ “အချိန်က အရေးကြီးနေတယ် အဖေ။ အခု မင်္ဂလာဖိတ်စာတွေ မြန်မြန်ပို့တော့။ မင်္ဂလာပွဲကို ချက်ချင်းပြင်ဆင်ကြရအောင်။ ဖြစ်နိုင်ရင် အမြန်ဆုံး ပြင်ဆင်ကြမယ်။ ကျူးလင်းတစ်ယောက် မြို့စားအိမ်တော်ကိုရောက်ပြီဆိုတာနဲ့ မင်္ဂလာပွဲ တက်ရောက်ဖို့ အခြေအနေရှိနေမယ်ဆိုရင် အကောင်းဆုံးပေါ့။ အဖေ၊ အမေ.. ဒီရက်ပိုင်းအတွင်းမှာ ကျွန်မ စစ်တပ်ကြီးကို ဦးဆောင်ခဲ့တယ်။ ဒီတော့ အနည်းငယ် ပင်ပန်းနေပြီ။ သွားပြီး အနားယူလိုက်ပါအုံးမယ်”

ပြီးသည့်နောက် သူမသည် ဦးကိုညွတ်ကာဖြင့် အခန်းထဲမှ ထွက်ခွာသွားခဲ့၏။ မြို့စားကြီး၏ နှလုံးသား တစ်ခုလုံးသည် မငြိမ်မသက် ဖြစ်လို့နေခဲ့၏။ သို့ပေမဲ့ သူသည် သူ၏ဒေါသတရားများကို အပြင်ဘက်သို့ ထုတ်ဖော်၍ မဖြစ်ချေ။ သူ၏ဒေါသများကို ရှမ့်လန်အပေါ် ပုံချ၍လည်း မဖြစ်ချေ။ ထို့ကြောင့် သူ၏ ဒေါသတရားကို သူ၏သား အပေါ်တွင်သာ ပုံချရန်ရှိတော့၏။

“ဒီသုံးမရတဲ့ကောင်” မြို့စားကြီးက ရုတ်တရက် အော်ဟစ်လိုက်သည်။

“သားတော်က စာအုပ်ဖတ်နေပါတယ်” အကြံပေးတစ်ယောက်သည် ဝင်ရောက်ကာ ဖြေဆိုလိုက်၏။

“ဘာတွေဖတ်နေတာလဲ။ ဆယ်နှစ်တိတိ လေ့လာနေတာလေ။ ဒါပေမဲ့ အမှိုက်တစ်ကောင်လို ဖြစ်နေတုန်းပဲ”

မြို့စားကြီးသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ “အနည်းငယ်လောက် တိုးတက်မယ် ဆိုရင်တောင် တော်သေးတယ်။ အခု ဘာတစ်ခုမှ တိုးတက်မှုမရှိဘူး။ သူ့ကြောင့် ငါတို့ရဲ့မူလန်က ကြီးကြီးမားမား စတေးခဲ့ရပြီ”

“ဟုတ်တယ်”

ပြီးသည့်နောက် သူသည် မြန်မြန်ဆန်ဆန်ပဲ ထွက်ခွာသွားခဲ့၏။ “ကြာပွတ် ဘယ်ရောက်သွားလဲ။ ငါဒီကောင်ကို ဒီနေ့ ပြင်းပြင်းထန်ထန် ရိုက်မှဖြစ်မယ်”

“ယောက်ျား” မြို့စားကတော်က လှမ်းခေါ်လိုက်သည်။

“ငါ့ကိုတားမလို့လား” မြို့စားကြီးသည် တင်းမာခက်ထန်စွာဖြင့် လှည့်ကာ မေးလိုက်၏။

“မဟုတ်ပါဘူး။ ကျွန်မလည်းလိုက်ရိုက်မယ်” မြို့စားကတော်သည် ပြန်လည်ကာ ပြောဆိုလိုက်သည်။

..............

တစ်ချိန်တည်းမှာပဲ တခြားသော စာကြည့်ခန်းအတွင်းမှာတော့ ခပ်ဝဝမျက်နှာသွင်ပြင်နှင့် လူတစ်ယောက် သည် ထိုင်ကာဖြင့် စာဖတ်လျက် ရှိ၏။ မြို့စားအိမ်တော်၏ မင်းသားတစ်ပါးအနေဖြင့် သူသည် တကယ်ပင် အလုပ်ကြိုးစားခဲ့၏။ မနက်အိပ်ရာထသည်နှင့်တပြိုင်နက် စာပေလေ့လာရန် နိုးထလာခြင်းပင်။ သူ၏ မိဘများသည် သူ့ကိုမြင်ရသည်နှင့်တပြိုင်နက် ပျော်ရွှင်မှာ သေချာ၏။

ရုတ်တရက် မြို့စားကတော်နှင့် ရွှမ်ဝူမြို့စားတို့သည် အခန်းထဲသို့ လှမ်းဝင်လာခဲ့သည်။

ခပ်ဝဝလူက ပြောလိုက်၏။ “အဖေ၊ အမေ... ကျုပ်ကို လာတွေ့တာလား။ မနက်ထဲက စာဖတ်နေတာလေ။ လာပြီး ချီးကျူးတယ်ထင်တယ်။ ရပါတယ်။ ဒီကိစ္စက သားတစ်ယောက်အနေနဲ့ လုပ်ကိုလုပ်ရမယ့်ကိစ္စပဲ။ ရွှမ်ဝူအိမ်တော်ရဲ့မင်းသားတစ်ယောက်အနေနဲ့ ကျုပ်က အလုပ်ကြိုးစားရမှာပေါ့”

“လာပြီးချီးကျူးရမယ် ဟုတ်လား” မြို့စားကတော်သည် ရုတ်တရက် ကြာပွတ်ကို ဆွဲယူလိုက်သည်။

ခဏလောက် ကြာပြီးသည့်နောက် ဆိုးဆိုးရွားရွား အော်ဟစ်သံသည် စာကြည့်ခန်းထဲမှ ထွက်ပေါ်လျက် ရှိနေ၏။

“အဖေ၊ အမေ... ဘာလို့ ကျုပ်ကိုရိုက်ရတာလဲ။ ဒီနေ့ဘာတစ်ခုမှ မှားတာမလုပ်သေးပါဘူး။ အစောကြီးတည်းက ထပြီး စာကြည့်နေတာ မဟုတ်လား”

“ဟင်... မင်းကိုရိုက်ဖို့အတွက် အကြောင်းပြချက် လိုသေးလို့လား” မြို့စားကတော်သည် ပြောပြောဆိုဆိုနှင့် ထပ်မံကာ ရိုက်နှက်လျက် ရှိ၏။

မြို့စားသည် ဘေးတစ်ဖက်၌ ကြည့်မနေနိုင်တော့ချေ။ ထို့ကြောင့် တုတ်တစ်ချောင်းကို ဆွဲကာဖြင့် သူ၏ သားကို ပြင်းပြင်းထန်ထန် ဝင်ရောက်ရိုက်နှက်တော့သည်။ “ဟုတ်တယ်။ ရိုက်တဲ့နေရာမှာ အကြောင်းပြချက် ပေးစရာမလိုဘူး”

အား အား အား

မြို့စားသားသည် အကြီးအကျယ် အော်ဟစ်လျက် ရှိနေ၏။ “အစ်မ... အစ်မကြီး... ကယ်ပါအုံး၊ ကယ်ပါအုံး”

နောက်ဆုံးရလဒ်ကို သိရှိပြီးသည့်နောက် ရှမ့်လန်သည် စိတ်သက်သာရာရသလိုပင် သက်ပြင်းအရှည်ကြီး ချလိုက်မိ၏။ နောက်ဆုံးတွင် အောင်မြင်သွားခဲ့ပြီဖြစ်၏။ မိသားစုတစ်ခု၏ အိမ်ပါသားမက်မှသည် တခြားသော မိသားစုတစ်ခု၏ အိမ်ပါသားမက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

ယနေ့မှစ၍ သူသည် သက်တောင့်သက်သာဖြင့် ဇိမ်ကျကျဘဝတွင် အသက်ရှင် နေထိုင်ရတော့မည်ဖြစ်၏။ မိန်းမထဘီနား ခိုစားခြင်းလောက် ကောင်းမွန်သည့်အရာ ဤလောကထဲတွင် ဘာရှိသနည်း။ ဘာမှမရှိနိုင်ချေ။ မူလအားဖြင့် သူသည် ဆိုးရွားသည့်အခြေအနေကို ရင်ဆိုင်ခဲ့ရ၏။ ရှစ်မိသားစု၊ လင်းမိသားစုနှင့် ထျန်းဟန်တို့သည် အတူပူးပေါင်းကာဖြင့် သူ့အားသတ်ဖြတ်ရန် ကြံစည်ခဲ့၏။

လက်ရှိအခြေအနေမှာတော့ ထိုအခက်အခဲများ အားလုံးသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ ရွှမ်ဝူအိမ်တော်၏ သားမက်တော် ဖြစ်လာခဲ့ပြီးနောက် ရှစ်မိသားစု၊ လင်းမိသားစု (သို့မဟုတ်) ထျန်းဟန် မည်သူပဲဖြစ်ဖြစ် ၊ မည်မျှ ရဲတင်းသည်ဆိုဆို သူ့ကို တစ်ချက်ကလေးမှ ဒုက္ခပေးနိုင်လိမ့်မည် မဟုတ်ချေ။

“စောင့်နေအုံး.. ငါ ရှမ့်လန်က လက်စားချေတယ်ဆိုတာ ဘာလဲသိစေရမယ်။ ထျန်းဟန်၊ လင်းမိသားစု၊ ရှစ်မိသားစု မင်းတို့ကို ငါလက်လွတ်မပေးဘူး။ မင်းတို့မိသားစုတွေကို မဖျက်ဆီးရရင် ငါက ရှမ့်လန် မဟုတ်ဘူးပဲ”

............

မြို့တော်ဝန်အိမ်တေည်ထဲမှာတော့ ကျင်းကျူးသည် ရှမ့်လန်၏ရှေ့၌ မတ်မတ်ရပ်လျက်ရှိ၏။ ၎င်း၏ မျက်နှာ သွင်ပြင်တစ်ခုလုံးသည် ရွှေဒင်္ဂါးတစ်ထောင်ကို အကြွေးယူထားသကဲ့သို့ပင် သုန်မှုန်လျက် ရှိနေ၏။ ကျင်းကျူးသည် မွေးဖွားလာစဉ်ကတည်းက ရွှမ်ဝူအိမ်တော်၌ နေထိုင်ခဲ့သူတစ်ယောက်ဖြစ်၏။ ၎င်းသည် ကျေးကျွန်တစ်ယောက်သည်သာမက မိသားစုအဖွဲ့ဝင် တစ်ယောက်ဟုလည်း သတ်မှတ်လို့ရ၏။

ကျင်းမိသားစုအပေါ်တွင် သစ္စာအရှိဆုံးလူကို လက်ညိုးထိုးပြပါဆိုပါက ကျင်းကျူးကိုပင် လက်ညိုးထိုးပြရပေမည်။ ထို့အပြင် သူသည် ကျင်းမူလန်တစ်ယောက် အရွယ်ရောက်လာသည်ကို စောင့်ကြည့်ခဲ့သူ တစ်ယောက် ဖြစ်၏။ ယခု ဖီးနစ်ငှက်သည် အမှိုက်တစ်စကို လက်ထပ်ရပေတော့မည်။ သူ အဘယ်သို့ စိတ်မဆိုးပဲ နေမည်နည်း။

သို့ပေမည့် သူသည် တော်ဝင်မိသားစု၏ သစ္စာရှိ ကျေးကျွန်တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ဒေါသထွက် နေသည်ဆိုလျှင်တောင်မှ ရှမ့်လန်ကို အပြစ်ပြော၍ မရနိုင်ချေ။ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုဖို့ဆိုသည်မှာ ဝေလာဝေးပင်။ သူ၏အမူအကျင့်သည် အေးစက်လျက် ရှိနေသည်ဆိုလျှင်တောင်မှ ယဉ်ယဉ်ကျေးကျေး နှင့် ပြုမူဆက်ဆံရပေလိမ့်မည်။

“သားမက်တော်ရှမ့်... ကျုပ်နဲ့လိုက်ခဲ့ပါ။ ဧည့်ဆောင်ကို သွားကြရအောင်” သို့နှင့် ရှမ့်လန်သည် ကျင်းကျူးနောက်သို့ လိုက်ပါသွားခဲ့၏။ ဆယ်မိနစ်လောက် လှမ်းလျှောက်ပြီးသည့်နောက် သူတို့သည် ဧည့်ဆောင် ဆီသို့ ရောက်ရှိလာခဲ့၏။ သူ၏စိတ်ထဲတွင် စကားလုံးတစ်ခုတည်းသာလျှင်ရှိ၏။

“ဒီမြို့စားအိမ်တော်က တကယ့်ကို သောက်ရမ်းကြီးတာပဲ”

အမိကမ္ဘာမြေဆီမှ အချမ်းသာဆုံး လူများပင်လျှင် ဤကဲ့သို့ ကြီးမားလွန်းသော အိမ်တော်မျိုး ရှိလိမ့်မည် မဟုတ်ချေ။

“အင်း.. တစ်စုံတစ်ယောက်ကို ကျုပ်ရဲ့အိမ်ကို စေလွှတ်ပေးပါအုံး။ ပြီးတော့ ကျုပ်ရဲ့မိဘတွေကို စိတ်မပူဖို့ ပြောပေးပါအုံး” ရှမ့်လန်က ပြောလိုက်သည်။

“အင်း သူတို့ကို စေလွှတ်ခဲ့ပြီးပြီ” ကျင်းကျူးက အေးစက်စက် ပြောလိုက်၏။

ရှမ့်လန်က ထပ်မံကာ ပြောဆိုလိုက်၏။ “ဒါဆိုရင် ကျုပ်ရဲ့မိဘနဲ့ ညီငယ်လေးကို မင်္ဂလာဆောင် ပွဲတက်ဖို့ အတွက် ခေါ်လာပေးနိုင်မလား”

“တစ်စုံတစ်ယောက်ကို စေလွှတ်ပြီး ဒီကို ခေါ်ခိုင်းထားပါတယ်” ကျင်းကျူးက ပြောလိုက်၏။ ပြီးနောက် သူသည် တံခါးကိုပိတ်ကာဖြင့် ထွက်ခွာသွားခဲ့၏။ ရှမ့်လန်၏ မျက်နှာကို မိနစ်ဝက်လောက်ပင်လျှင် ဆက်လက်ကာ မကြည့်ချင်တော့ပေ။

ရှမ့်လန်က ပြောလိုက်သည်။ “ဒီလို အလျင်စလို တောင်းဆိုရတဲ့အတွက် ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မှာပဲ။ တစ်စုံတစ်ယောက်က ကျုပ်မိသားစုနဲ့ ပတ်သက်ပြီးတော့ အကွက်ချ ဒုက္ခပေးဖို့ စီစဉ်နေလို့ပါ”

ကျင်းကျူး၏ မျက်နှာသည် အေးစက်သွားခဲ့၏။ ရှမ့်လန်တစ်ယောက် မည်မျှ အသုံးမဝင်သည်ဆိုဆို မြို့စားအိမ်တော်၏ သားမက်တော် ဖြစ်၏။ ရွှမ်ဝူမြို့ထဲတွင်ရှိနေသည့် တစ်စုံတစ်ယောက်သည် ရှမ့်လန်၏ မိသားစုကို ထိခိုက်အောင် ပြုလုပ်ချင်နေခြင်းသည် မည်မျှ သတ္တိကောင်းသောကြောင့်နည်း။ ဝက်ဝံအသည်းကို စားထား၍လား။ ကျားသစ်၏ သည်းခြေကို ကိုက်ဝါးထားသည်လား။

“ရပြီ။ မိသားစုလုံခြုံရေးအတွက် စိတ်ချပါ။ သားမက်တော်ရှမ့်.. အေးအေးဆေးဆေး အနားယူပါအုံး၊ ညကျရင် မင်္ဂလာပွဲကို တက်ရမယ်”

.........

တစ်ချိန်တည်းမှာပဲ အဝတ်နက်ဂိုဏ်း၊ ထျန်းနန်သည် တည်ငြိမ်အေးဆေးစွာဖြင့် ပြောလိုက်၏။ “အချိန် ရောက်တော့မယ် ဆယ့်သုံး... ရှမ့်လန်နဲ့ သူ့ရဲ့မိသားစုကို သွားဖမ်းဖို့အတွက် တစ်စုံတစ်ယောက်ကို စေလွှတ်လိုက်။ ဆိုးဆေးနည်းပညာကို လွှဲပေးမယ်ဆိုရင် သူ့ကို သတ်ပြစ်လိုက်။ တကယ်လို့ မလွှဲပေးဘူးဆိုရင်တော့ နာနာကျင်ကျင်နဲ့ နှိပ်စက်ပြီးမှ သတ်ပစ်”

“ကောင်းပါပြီ” နံပါတ်ဆယ့်သုံးက ပြောဆိုလိုက်၏။ ပြီးနောက် ၎င်းသည် အဝတ်နက်ဂိုဏ်းဆီမှ သိုင်းကျင့်ကြံသူ ဆယ်ယောက်တို့ကို ခေါ်ဆောင်ကာဖြင့် ရှမ့်လန်၏ အိမ်တည်ရှိရာ နေရာဆီသို့ ဦးတည် သွားလေသည်။

All Chapters