← Chapters

အပိုင်း (၂၁)

Vol. 2 Ch. 21

အပိုင်း (၂၁)

Vol. 2 Ch. 21

မြို့စားကြီးသည် လူတစ်ဒါဇင်လောက်ကို စေလွှတ်ပြီးသည့်နောက် ကျင်းမူလန်၏ မင်္ဂလာပွဲသတင်းကို ကြေညာခဲ့၏။ ထို့အပြင် မင်္ဂလာဖိတ်စာများကိုလည်း ပေးအပ်ခဲ့၏။ ရွှမ်ဝူမြို့တွင် ရှိနေသည့် အဓိက နာမည်ကြီး ပုဂ္ဂိုလ်များ အားလုံးတို့သည် ယနေ့ည မင်္ဂလာပွဲကို တက်ရောက်ရန် အထူး ဖိတ်ကြားခံခဲ့ရသည်။

ရုတ်တရက် ရွှမ်ဝူမြို့ တစ်ခုလုံးသည် ဆူညံပွက်လောရိုက်ကုန်ကြ၏။ ရေတွက်၍မရအောင် များပြားသည့် လူငယ်လူရွယ်များတို့သည် ၎င်းတို့၏ရင်ဘတ်များကို တဘုန်းဘုန်း ထုနှက်ကာဖြင့် ခြေဆောင့်ကာ ငိုယိုလျက် ရှိနေ၏။

ကျင်းမူလန်သည် မြို့စားကြီး၏ သမီးတစ်ယောက်ဖြစ်ပြီး တော်ဝင်ဆန်သည့် ဂုဏ်ပုဒ်ကို ပိုင်ဆိုင်၏။ သိုင်းပညာ အဆင့်အတန်း မြင့်မားပြီး လှပလွန်းသည့် မျက်နှာသွင်ပြင်ကို ပိုင်ဆိုင်သည့်အပြင် တောင့်တင်းလှပ၍ စွဲမက်ဖွယ်ရာ ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်၏။ တကယ့်ကို နတ်မိမယ် တစ်ပါးကဲ့သို့ပင်။

နုကျင်းစီရင်စု တစ်ခုလုံးတွင် နံပါတ်တစ် နတ်မိမယ်အဖြစ် ကျော်ကြားသည့် မိန်းကလေးဖြစ်၏။ လူပေါင်းများစွာတို့သည် သူမကို ချစ်မြတ်နိုးကြသည်။

ချမ်းသာသည့် မိသားစုမှ မွေးဖွားလာခဲ့သည့် ရှစ်ချင်းချင်းပင်လျှင် သူမ၏ ဂုဏ်သိက္ခာ တိုးပွားလာစေရန်အတွက် နေရာအနှံ့တွင် ကြိုးစားတည်ဆောက်ခဲ့ရ၏။ သို့ပေမည့် ကျင်းမူလန်မှာတော့ နုကျင်းစီရင်စု တစ်ခုလုံးတွင် အကျော်ကြားဆုံး လူတစ်ယောက် ဖြစ်နှင့်နေပြီး ဖြစ်၏။ ကျင်းမူလန်သည် အပြင်ဘက်သို့ ထွက်လေ့ထွက်ထ မရှိချေ။

ရှစ်ချင်းချင်းသည် ချစ်ခင်နှစ်သက်သူများ ပေါများ၏။ သို့ပေမဲ့ ကျင်းမူလန်သည် သူမထက် ပိုမိုကာလှပ၏။ ခန္ဓာကိုယ်ကလည်း ပိုမိုကာ တောင့်တင်း၏။ ရွှမ်ဝူမြို့တစ်ခုလုံးတွင် သူမကို မလိုချင်သည့် လူငယ်လူရွယ်ဟူ၍ မရှိနိုင်ပေ။ ကျင်းမူလန်ကဲ့သို့ လှပသည့် အလှနတ်သမီးသည် နယ်စားမိသားစုဆီမှ တစ်စုံတစ်ယောက်နှင့် လက်ထပ်သင့်သည်ဟု အားလုံးသောသူတို့က တွေးထင်ခဲ့၏။ ထို့ကြောင့် ရွှမ်ဝူမြို့တွင်ရှိနေသည့် လူပေါင်းများစွာတို့သည် သူမကို စိတ်ကူးယဉ်ခြင်းသာ ပြုလုပ်နိုင်၏။

ထင်မှတ်ထားလောက်အောင်ဘဲ ရွှမ်ဝူမြို့၏မင်းသမီးသည် တစ်စုံတစ်ယောက်ကို လက်ထပ်တော့မည်ဖြစ်၏။ တကယ့်ကို သတင်းဆိုးကဲ့သို့ပင်။ သူတို့အနေနှင့် ဤကဲ့သို့ နတ်မိမယ်တစ်ပါးကို အရယူနိုင်ရန် တတ်နိုင်ခြင်း မရှိချေ။ သို့ပေမဲ့ သူမကိုလည်း လက်မထပ်စေချင်ကြပေ။ ဤအရာမှာ ယောက်ျားများ၏ အတ္တစိတ်ဟုသာ ညွှန်းဆိုရပေမည်။

ယနေ့မှာတော့ ရွှမ်ဝူမြို့ထဲတွင် ရှိနေသည့် လူငယ်လူရွယ်ပေါင်းများစွာတို့သည် အရက်မူးလျက် ရှိနေကြ၏။ တချို့ဆိုသည် ဓားကြားထဲတွင် ချိတ်ဆွဲထားသော ဓားများကို ထုတ်ကာဖြင့် တစ်ယောက်နှင့်တစ်ယောက် အော်ဟစ်ဆဲဆို တိုက်ခိုက်လျက် ရှိနေသေး၏။

“ဘယ်သူလဲ၊ ဘယ်ကောင်က ငါ့ရဲ့ နတ်မိမယ်လေးကို လက်ထပ်ခဲ့တာလဲ။ ငါ ဒီကောင့်ကို သတ်မယ်။ ငါ ဒီကောင့်ကို သတ်မယ်”

“နတ်မိမယ်လေး.. ဘယ်လိုဖြစ်ပြီး လုပ်ရက်ရတာလဲ။ ဘယ်လိုဖြစ်ပြီး လက်ထပ်သွားရတာလဲ။ မင်း ငါ့ကို သစ္စာဖောက်ခဲ့တာပဲ”

သို့ပေမည့် ဤကဲ့သို့သော အခြေအနေမျိုးတွင် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု တစ်ချို့က သတိပြုမိကြ၏။ မြို့စားမင်း၏ သမီးတော် ကျင်းမူလန်သည် မည်သူ့ကို လက်ထပ်မည်နည်း။ မင်္ဂလာဆောင်ဖိတ်စာတွင် သတို့သား၏ နာမည်ကို ဖော်ညွှန်း မထားချေ။ ဤကဲ့သို့သော မင်္ဂလာဖိတ်စာမျိုးကို သူတို့ တစ်ခါမှ မတွေ့ခဲ့ဖူးချေ။

ပိုမို၍ ထူးဆန်းသည်မှာ မင်္ဂလာပွဲကို ညဘက်တွင် ကျင်းပခြင်းဖြစ်၏။ အလျင်လိုလွန်းလှချေသည်။ နှစ်ပေါင်းရာချီ တော်ဝင်သွေးမျိုးဆက်ကို ပိုင်ဆိုင်ခဲ့သည့် မိန်းကလေးတစ်ယောက်၏ လက်ထပ်ပွဲသည် ခမ်းနားကြီးကျယ် လွန်းသည့် မင်္ဂလာပွဲတစ်ခု ဖြစ်သင့်သည် မဟုတ်ပါလား။

ပထမဦးဆုံး ဂုဏ်သိက္ခာကြီးမားသည့်လူများကို စေလွှတ်ကာဖြင့် သတို့သမီး မြန်းသင့်၏။ ပြီးမှ နှစ်ဖက်သား သဘောတူညီမှုရယူပြီး လက်ထပ်ပွဲကို ကျင်းပရမှာ ဖြစ်သည်။

တကယ့်ကို ရှုပ်ထွေးသည့် မင်္ဂလာပွဲတစ်ခု၏ အစီအမံ၊ အဆောင်အရွက်များကိုလည်း ပြုလုပ်ရန် လိုအပ်နေ၏။ သာမန်အခြေအနေတွင် ထိုကဲ့သို့ အရာများကို ပြုလုပ်ရသည်ဆိုခြင်းမှာ သဘာဝပင်ဖြစ်၏။ အရှင်မင်းကြီးဆီမှ ကောင်းချီးကို ရရှိရန်အတွက် ဗေဒင်ဆရာများ၊ ပုရောဟိတ်များကို ခေါ်ဆောင်ကာ မင်္ဂလာရှိသည့် ရက်မြတ်ကို တွက်ချက်ကာဖြင့် ရွေးသင့်၏။ အားလုံးသော အရာများကို ပြုလုပ်ပြီးမှသာလျှင် မင်္ဂလာပွဲကို ကျင်းပရမှာ ဖြစ်၏။ အလှည့်အပြောင်းများစွာကို ရင်ဆိုင် ကျော်ဖြတ်ပြီးသည့်နောက် မင်္ဂလာပွဲ ကျင်းပဖို့ ဆိုသည်မှာ တစ်နှစ် သို့မဟုတ် နှစ်ဝက်နီးပါးလောက် ကြာမြင့်ပေမည်။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ တစ်ရက်အတွင်း ကြေညာ၍ တစ်ရက်အတွင်း တွင် လက်ထပ်ရန် စီစဉ်ခဲ့၏။ အဘယ်သို့သော ကိစ္စနည်း။

.........

ဤအချိန်မှာတော့ မြို့စားအိမ်တော် တစ်ခုလုံးသည် မင်္ဂလာပွဲ ကျင်းပရန်အတွက် ပြင်ဆင်လျက် ရှိနေလေ၏။ များပြားလွန်းသည့် အစားအစာများ၊ သစ်သီးများ၊ ဝိုင်များကို တည်ခင်းထား၏။ မြို့စားအိမ်တော် တစ်ခုလုံးသည် မီးအိမ်များ၊ အလှအပ စာတမ်းများဖြင့် အလှဆင်လျက် ရှိနေ၏။

ကျေးကျွန်ပေါင်းများစွာတို့သည် ဆုလာဘ်အဖြစ် ငွေကြေးများ ရရှိခဲ့ကြပြီး အဝတ်အစားသစ်များဖြင့် လှပနေခဲ့ ကြ၏။ အိမ်တော်ထဲရှိ မြင်းများပင်လျှင် အစားအသောက် ကောင်းကောင်းကို စားနေကြရ၏။ အလျင်လိုစွာဖြင့် သမက်တော်တစ်ယောက်ကို ရှာဖွေခဲ့ရသည် ဆိုလျှင်တောင်မှ မင်္ဂလာ အခမ်းအနား တစ်ခုလုံးသည် ကြီးကျယ် ခမ်းနားလွန်း၏။ အဘယ်ကြောင့်ဆိုသော် ကျိုးမိသားစုသည် မင်္ဂလာပွဲကို တက်ရောက်မှာ ဖြစ်သောကြောင့်ပင်။

ရှမ့်လန်သည် ဤမင်္ဂလာပွဲ၏ အဓိကဇာတ်ကောင်တစ်ယောက် ဖြစ်သော်လည်း ပွဲတစ်ခုလုံးသည် သူနှင့် လားလားမှ မသက်ဆိုင်သကဲ့သို့ပင်။ သူသည် ဧည့်ခန်းမဆောင်တွင် နေထိုင်နေရပြီး စားလိုက်၊ အိပ်လိုက်၊ အိပ်လိုက် ၊ စားလိုက်နှင့် ဇိမ်ကျလျက် ရှိနေ၏။

..........

မင်္ဂလာဆောင်ဖိတ်စာတွင် သူတို့သားလောင်း၏ နာမည်ကို ဖော်ညွှန်းမပြသခဲ့ချေ။ ထို့ကြောင့် ထျန်းဟန်သည် ဘာတစ်ခုမှ မသိရချေ။ ၎င်းသည် လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက် ဖြစ်သည်မို့ ရွှမ်ဝူအိမ်တော်၏ အဆင့်သည် သူ လက်လှမ်းမီနိုင်သည့် အရာမျိုး မဟုတ်ချေ။ ထို့ကြောင့် သတင်းရရှိသည် ဆိုလျှင်တောင်မှ မင်္ဂလာပွဲကို တက်ရောက်ဖို့ သူ့အတွက် မဖြစ်နိုင်ပေ။

ဟုတ်ပေ၏။ ရွှမ်ဝူမြို့၏ ကာကွယ်စောင့်ရှောက်ရေး ခေါင်းဆောင်တစ်ယောက် ဖြစ်သည်နှင့်အညီ သူသည် ဂုဏ်ပြု လက်ဆောင်တစ်ခုကို ကျိန်းသေပေါက် ပို့ရပေလိမ့်မည်။ ရွှမ်ဝူမြို့စားအိမ်တော် အနေနှင့် သူ၏လက်ဆောင်ကို လက်ခံမလား၊ လက်မခံဘူးလား ဆိုသည်က အဓိက မကျပေ။ ထျန်းဟန်သည်လည်း ထိုအရာကို ဂရုမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ အနောက်တွင်ရှိနေသည့် လူများသည် ရွှမ်ဝူအိမ်တော်ကို ပုန်ကန်ချင်သည့် လူများ ဖြစ်နေသောကြောင့်ပင်။

အချက်အလက်အားဖြင့် သူသည် ရှမ့်လန်ကို ကျေးဇူးတင်လို့နေ၏။ မူလအားဖြင့် ရှစ်မိသားစုသည် သူ့ကို ရွှေဒင်္ဂါး တစ်ရာသာလျှင် ပေးမှာဖြစ်၏။ သို့ပေမဲ့ ရွှေရောင်ဆိုးဆေးကို မြင်တွေ့ပြီးသည့်နောက် အရာအားလုံး ပြောင်းလဲသွားခဲ့၏။ သူသည် ရွှေဒင်္ဂါး တစ်ထောင်ကျော် ရရှိပေမည်။

ရှစ်မိသားစုသည် သူ့ကို ရွှေဒင်္ဂါး တစ်ထောင်ကျော် ပေးအပ်ရုံတင်မက လူကုံတန်ပွဲရုံ၏ လင်းမိသားစုကလည်း သူ့ကို ဆုလာဘ် အနေနှင့် ရွှေဒင်္ဂါး ငါးရာကို ပေးအပ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် လင်းမိသားစုနှင့် ရှစ်မိသားစုသည် အတူပူးပေါင်းသွားခဲ့ခြင်းကြောင့်ပင်။

လင်းဝူ၏သားသည် ဆက်လက်ဖြေဆိုမည့် စစ်တပ်၏ စာမေးပွဲတွင် အဆင့်ကောင်းကောင်းရမှာ သေချာပြီး မကြာခင်တွင် ရာထူးရာခံ တစ်ခုကို ပိုင်ဆိုင်ပေမည်။ ထို့ကြောင့်ပင်လျှင် လင်းမိသားစုသည် ထျန်းဟန်ကို သွယ်ဝှိုက်သောနည်းလမ်းဖြင့် ကျေးဇူးတင်လျက် ရှိနေသည်။

ရှမ့်လန်သည် ရွှေရောင်ဆိုးဆေး နည်းပညာသစ်ကို ဖန်တီးခဲ့၏။ တကယ့်ကို ကြီးမားသည့် အကျိုးအမြတ် တစ်ခုကို ဖန်တီးပြုလုပ်ခဲ့ခြင်းပင်။ ထို့ကြောင့်ပင် အဖွဲ့အစည်းသုံးခုတို့သည် အတူပူးပေါင်းကာဖြင့် ရှမ့်လန်ကို သတ်ဖြတ်ပစ်ရန် ကြိုးစားနေခြင်းပင်။ သို့ပေမဲ့ လက်တွေ့သတ်ဖြတ်မည့် တာဝန်မှာတော့ ထျန်းဟန်၏ ပခုံးပေါ်သို့ ရောက်ရှိလာခဲ့၏။

ရှမ့်လန်၏ မိသားစုများကို သတ်ဖြတ်ရန် နံပါတ်ဆယ့်သုံးကို စေလွှတ်ခဲ့ပြီးဖြစ်သောကြောင့် ထျန်းဟန်သည် ဤအရာကို လေးလေးနက်နက် သဘောမထားတော့ချေ။ ရှမ့်လန်သည် ပုရွက်ဆိတ်လေးတစ်ကောင်ဖြစ်၏။ ၎င်းကို သတ်ဖြတ်ရန်အတွက် သူ ကြိုးစားအားထုတ်နေရမည် မဟုတ်ချေ။ သူ၏ လေးနက်မှုကို ပြသရန်အတွက် အဝတ်နက်ဂိုဏ်း၏ လုပ်ကြံသတ်ဖြတ်သူ နံပါတ်ဆယ့်သုံးကို လူဆယ်ယောက် ခေါ်ဆောင်စေကာဖြင့် စေလွှတ်ခဲ့ပြီ ဖြစ်သည်။

............

နံပါတ်ဆယ့်သုံးသည် ကျိုးပြတ်လျက် ရှိနေသည့် သက်ကယ်မိုးအိမ်ကို လှမ်းကာ ကြည့်ရှု၏။ ပြီးနောက် စိတ်ထဲ၌ သက်ပြင်းချလိုက်၏။ “... အားနည်းမှုဆိုတာ ပြစ်ဒဏ်ပဲ”

ပြီးသည့်နောက် သူသည် လက်ကို အသာယမ်းခါကာ ပြောလိုက်သည်။ “ရှမ့်လန်နဲ့ သူ့ရဲ့မိသားစုတွေကို အခွန်ဆောင်ပျက်ကွက်တဲ့ အပြစ်ပေးရမယ်။ သူတို့ကို ချက်ချင်းဖမ်း၊ ခုခံတဲ့လူတွေ အကုန်လုံးကို သတ်ပစ်လိုက်”

“ကောင်းပါပြီ”

နံပါတ်ဆယ့်သုံး၏ အမိန့်ကို လက်ခံရရှိပြီးနောက် အဝတ်နက်ဂိုဏ်းမှကျင့်ကြံသူများသည် ဒိုင်းများကို ဆွဲထုတ်ကာဖြင့် ရှမ့်လန်၏ အိမ်ထဲသို့ ဝင်ရောက်သွားခဲ့ကြသည်။ ၎င်းတို့သည် လူဆိုးဂိုဏ်းသားများ ဖြစ်သည် ဆိုသော်လည်း ပြုမူလှုပ်ရှားရာ၌ စည်းစနစ်ကျန၏။ အိမ်ထဲသို့ အလျင်စလိုနှင့် ဝင်သွားပြီး အားလုံးသော သူတို့ကို သတ်ဖြတ်ခြင်း မပြုလုပ်ခဲ့ချေ။

သူတို့သည် ရွာအုပ်ချုပ်သူ၏ နာမည်ကို အသုံးပြုကာဖြင့် ဤလူများကို အရင်ဆုံး ဖမ်းဆီးရပေလိမ့်မည်။ ထိုသို့ ဆိုလျှင် ရှမ့်လန်သည် မည်သို့မှ ရွေးချယ်ခွင့် မရှိဘဲ ခရမ်းရောင်နှင့် သက်တန့်ရောင် ဆိုးဆေးနည်းစနစ်ကို လက်လွှဲ ပေးရပေလိမ့်မည်။

ဟုတ်ပေ၏။ ရှမ့်လန်အနေနှင့် ထိုအရာကို လိုလိုချင်ချင်နှင့် ကမ်းပေးသည်ဆိုလျှင်တောင်မှ ၎င်း၏ မိသားစု တစ်ခုလုံးသည် လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။

ဂိုဏ်းခေါင်းဆောင်သည် ကျိန်းသေပေါက် အရာအားလုံးကို စီစဉ်ထားခဲ့ပြီးသားဖြစ်၏။ ထိုအရာမှာ ရှမ့်လန်တို့ အားလုံးကို သတ်ဖြတ်ပစ်ရန်ပင်။ သတ်ဖြတ်မည်ဆိုလျှင်တောင်မှ တရားဝင်သတ်ဖြတ်မှုမျိုးဖြစ်အောင် အားလုံး စီစဉ်ထားခဲ့၏။

ဘန်း ဘန်း ....။

ရှမ့်လန်၏အိမ် အဓိကတံခါးသည် ခနော်ခနဲ့နှင့်ဖြစ်၏။ ထိုတံခါးမကြီးသည် အတွင်းဘက်သို့ လွင့်စင်သွားခဲ့၏။ သို့ပေမဲ့ ထိုတံခါးကို ဖြတ်သန်းကာ ဝင်ရောက်သွားပြီးသည့်နောက် မြင်တွေ့ရသည့် အရာများသည် နံပါတ်ဆယ့်သုံး အား အံ့အားသင့်စေခဲ့၏။ အဘယ်ကြောင့်ဆိုသော် အထဲဆီမှ ကြောက်လန့်တကြားဖြင့် အော်ဟစ်သံဟူ၍ တစ်ချက်ကလေးမှ ထွက်ပေါ်မလာခဲ့ချေ။

ရှမ့်လန်၏အဖေသည် အိပ်ရာပေါ်တွင် လဲလျောင်းလျက် ရှိနေပြီး ချောင်းတဟွတ်ဟွတ်နှင့် ဆိုးလျက် ရှိနေတုန်းပင်။ ရှမ့်လန်၏ အမေမှာတော့ အိပ်ရာထက်တွင် ထိုင်လျက်ရှိပြီး လက်ထဲတွင် ဓားတစ်ချောင်းကို ကိုင်ဆောင်ထား၏။ ရှမ့်လန်၏ ညီငယ်လေးမှာတော့ ရုတ်တရက် ထထိုင်လာ၏။ ၎င်းသည် ယခုမှ ပြုလုပ်ထားသည့် လမ်းလျှောက်တုတ် တစ်ချောင်းကို ကိုင်ထား၏။

၎င်းတို့သုံးယောက်သည် တစ်ချက်ကလေးမှ အော်ဟစ်ကာ အကူအညီ တောင်းခံခြင်းကို မပြုလုပ်ခဲ့ကြချေ။ အေးစက်စက်ဖြင့် အဝတ်နက်ဂိုဏ်းမှ စစ်သည်များကိုသာ စူးစိုက် ကြည့်ရှုနေ၏။ ရှမ့်လန် အိမ်၌ မရှိချေ။ ထို့ကြောင့် ၎င်းတို့၏ အားနည်းချက်သည် ဤတည်နေရာတွင် မရှိချေ။ ထိုအစား ၎င်းတို့အားလုံးသည် အကြောက်အလန့် ကင်းမဲ့စွာဖြင့် တည်ရှိနေသည်။

နံပါတ်ဆယ့်သုံးသည် ထိုအခြင်းအရာကို မြင်သည့်အချိန်မှာတော့ မည်သို့မှ မနေနိုင်ဘဲ ကြောင်အသွားမိ၏။ ပြီးနောက် ပြုံးကာ ပြောလိုက်၏။

“အဘိုးကြီး.. ဘာလုပ်ချင်တာလဲ” ပြောပြီးပြီးမှာပဲ သူသည် သံတုတ် တစ်ချောင်းကို ထုတ်ယူကာဖြင့် ရှမ့်လန်၏ အဖေဆီသို့ လျှောက်သွား၏။ သူ၏မျက်နှာပေါ်တွင် ရှိနေသည့်အပြုံးမှာတော့ ယခင်ကအတိုင်း နွေးထွေးလျက် ရှိနေတုန်းပင်။

ရှမ့်လန်သည် အိမ်၌ မရှိချေ။ သို့ပေမဲ့ နံပါတ်ဆယ့်သုံးသည် ဂရုမစိုက်ချေ။ သူသည်သာ ဤမိသားစုကို ဖမ်းဆီး ထားမည်ဆိုပါက ရှမ့်လန်သည် ကျိန်းသေပေါက် ပေါ်ပေါက်လာပေလိမ့်မည်။ အတောင်ပံရှိသည် ဆိုလျှင်တောင်မှ ရှမ့်လန်အနေနှင့် ထွက်ပြေးနိုင်လိမ့်မည် မဟုတ်ချေ။

ရှမ့်လန်၏ အဖေက ပြောလိုက်၏။ “မင်းတို့က အသုံးမဝင်တဲ့ လူတွေပဲ”

နံပါတ်ဆယ့်သုံးက ပြောလိုက်သည်။ “ဓားတစ်ချောင်းနဲ့ ခုခံဖို့ ကြိုးစားနေတာလား။ ဒါ ပုန်ကန်တဲ့ သဘော သက်ရောက်တယ်ဆိုတာကို သိတယ်မဟုတ်လား။ အားနာပါတယ်။ တူလေးက အခုအချိန်မှာ လှုပ်ရှားရတော့မယ်”

ပြောပြီးသည့်နောက် သူသည် သံတုတ်ကြီးကို ကိုင်ဆောင်ကာဖြင့် ရှမ့်လန့်အဖေ၏ လက်တည်နေရာဆီသို့ ရိုက်နှက်လိုက်၏။ ဤရိုက်ချက်သာ ထိမှန်ပါက ရှမ့်လန်အဖေ၏ လက်သည် သွင်သွင်ကျိုးသွားပေမည်။

တစ်ချိန်တည်းမှာပဲ သူ၏အနောက်တွင် ရှိနေသည့် လူဆိုးများသည်လည်း ရှမ့်လန်၏ အမေနှင့် ညီလေးဆီသို့ ဦးတည်သွားခဲ့ကြ၏။ ထိုအချိန်မှာပဲ နံပါတ်ဆယ့်သုံးသည် ရုတ်တရက် ၎င်း၏နောက်ကျောရှိ အမွေးအမြင်များ ထောင်ထသွားသလို ခံစားလိုက်မိ၏။

ချက်ချင်းပဲ ခေါင်းကိုလှည့်ကာ ကြည့်ရှုလိုက်ချိန်မှာတော့ ရှမ့်လန်၏ အိမ်ပေါက်ဝတွင် ရပ်တန့်နေသည့် လူတစ်ယောက်ကို မြင်လိုက်ရ၏။ သာမန်ဆန်လွန်းသော သက်လတ်ပိုင်း လူရွယ်တစ်ယောက်ပင်။ လက်ထဲတွင် ဓားတစ်ချောင်းကိုပင် မကိုင်ဆောင်ထားချေ။ သို့ပေမဲ့ ၎င်း၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်နေသည့် အော်ရာများမှာတော့ နံပါတ်ဆယ့်သုံး အား ကြက်သီးမွေးညှင်းများပင် ထောင်ထသွားစေခဲ့၏။ အစစ်အမှန် ကျွမ်းကျင်သူပင်။

“အုပ်ချူပ်သူရဲ့ အမိန့်အရ အခွန်ဆောင်ဖို့ ပျက်ကွက်တဲ့လူတွေကို ဖမ်းဆီးဖို့ လာတာ။ မသက်ဆိုင်တဲ့လူတွေ ဒီနေရာက ချက်ချင်းထွက်သွားပါ” နံပါတ်ဆယ့်သုံးက အော်ဟစ်လိုက်၏။

ရှမ့်လန်၏ အိမ်အပြင်ဘက်တွင် ရပ်တန့်နေသည့်လူမှာ မြို့စားအိမ်တော်၏ ကျင်းကျုံးပင် ဖြစ်၏။ အချက်အလက်အားဖြင့် သူသည် ဤတည်နေရာသို့ ရောက်ရှိနေသည်မှာ အချိန်အတော်ကြာမြင့်ခဲ့ပြီဖြစ်၏။ သို့ပေမဲ့ နံပါတ်ဆယ့်သုံးတို့ အိမ်တံခါးမကို ချိုးဖြတ်ကာ ဝင်ရောက်သည်အထိ ငြိမ်ငြိမ်သက်သက် စောင့်နေခဲ့၏။ ဤအရာသည် သူပြုလုပ်တတ်သည့် နည်းလမ်းပင်။

နံပါတ်ဆယ့်သုံး၏ စကားကို ကြားသည့်အချိန်မှာတော့ ကျင်းကျုံးက ပြောလိုက်သည်။ “ဪ... ရွာအုပ်ချုပ်သူရဲ့ အလုပ်ကိစ္စကို မနှောင့်ယှက်တော့ပါဘူး။ ဒါပေမဲ့ ကျုပ်ရဲ့သခင်က ရှမ့်မိသားစုကို မင်္ဂလာပွဲ တက်ရောက်ဖို့ ဖိတ်ကြားထားတယ်လေ။ ကျုပ်သာ ခေါ်မလာနိုင်ဘူးဆိုရင် ကျုပ်ရဲ့သခင်ကို ဘယ်လို ပြန်ပြောရမှန်း မသိဘူး ဖြစ်သွားလိမ့်မယ်။ ခင်ဗျား ဒီကိစ္စကို တာဝန်ယူနိုင်လား”

ထိုစကားကို ကြားရချိန်မှာတော့ နံပါတ်ဆယ့်သုံးသည် တစ်စုံတစ်ခု မှားယွင်းနေပြီ ဖြစ်ကြောင်း သတိပြုလိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူသည် အလွန်အမင်း ယဉ်ကျေးလို့နေပြီး အလွန်အမင်းလည်း တည်ငြိမ်လို့နေခြင်းပင်။

သူသည် လူပေါင်းများစွာကို မြင်ခဲ့ဖူးပြီး လူပေါင်းများစွာကိုလည်း သတ်ဖြတ်ခဲ့ဖူး၏။ ထို့ကြောင့် ပိုမိုကာ အားကောင်းသည့် လူများသည် ပိုမိုကာ တည်ငြိမ်သည့် သဘောသဘာဝ ရှိကြောင်း သေသေချာချာ သိရှိ၏။

တခြားသော တစ်ဖက်ခြမ်းမှာတော့ နောက်ခံမရှိသည့် လူများသည် စကားအပြောအဆို ကြမ်းတမ်းပြီး ရိုင်းစိုင်း လွန်း၏။ စကားရိုင်းရိုင်းများကို ပြောဆိုရခြင်းကို နှစ်သက်ကြသည်။

နံပါတ်ဆယ့်သုံးက ပြောလိုက်၏။ “ခင်ဗျား ဘယ်သူလဲဆိုတာကို ကျုပ်မေးချင်ပါတယ်”

တစ်ဖက်လူသည် အားကောင်းသည့် နောက်ခံသာ တကယ်တမ်း တည်ရှိနေမည်ဆိုပါက သူ့အနေနှင့် စဉ်းစားရ ပေလိမ့်မည်။ သို့ပေမဲ့ တစ်ဖက်လူတွင် အားကောင်းသည့် နောက်ခံမရှိပါက ကျိန်းသေပေါက် တိုက်ခိုက်မှာဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ သူသည် ရွာအုပ်ချုပ်သူ၏ နာမည်ကို အသုံးပြုကာဖြင့် လုပ်ချင်ရာကို ပြုလုပ်နိုင်စွမ်း ရှိသည့် လူတစ်ယောက် မဟုတ်ပါလား။

“ကျင်းကျုံး” သတ်လတ်ပိုင်းလူက ပြောလိုက်သည်။

ထိုစကားစု ထွက်ပေါ်လာသည့်အချိန်မှာတော့ နံပါတ်ဆယ့်သုံး၏ မျက်နှာသွင်ပြင်က ပြောင်းလဲသွားခဲ့၏။ သူသည် ဤနာမည်ကို ယခင်က ကြားခဲ့ဖူး၏။ ဟုတ်ပေသည်။ ကျင်းကျုံးသည် နာမည်ကြီးတစ်ယောက် မဟုတ်ပေ။ ရွှမ်ဝူအိမ်တော်၌လည်း သိသိသာသာဖြင့် လုပ်နိုင်ကိုင်နိုင်စွမ်းရှိသည့် လူတစ်ယောက် မဟုတ်တာ သေချာ၏။ သို့ပေမဲ့ ထျန်းဟန်၏ မှတ်တမ်းထဲတွင်တော့ သွားရောက် ရန်စ၍ မရနိုင်သည့် လူတစ်ယောက်ပင် ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် ၎င်းသည် ရွှမ်ဝူအိမ်တော်၏ သစ္စာရှိကျေးကျွန်တစ်ယောက် ဖြစ်နေသောကြောင့်ပင်။ ပိုမို၍ ကြောက်မက်ဖွယ်ရာ ကောင်းသည်မှာ ဤလူ၏ အနောက်ဘက်တွင် ရှိနေသည့် သခင်ဆိုသည်မှာ ရွှမ်ဝူအိမ်တော်၏ မြို့စားကြီးကျင်းကျိုးပင် ဖြစ်သည်။

နံပါတ်ဆယ့်သုံးသည် သူ၏ အသက်ရှုသံများပင် လေးပင်သွားသလို ခံစားလိုက်မိ၏။ ကျောရိုးမကြီး တစ်ခုလုံးသည်လည်း စိမ့်တက်သွားခဲ့၏။ တစ်ကိုယ်လုံးတွင် ရှိနေသည့် အမွေးပေါင်းများစွာတို့သည် ထောင်ထ သွားခဲ့၏။ မိမိ၏ စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီးသည့်နောက် မေးမြန်းလိုက်၏။ “ခင်ဗျားရဲ့ သခင်က ရှမ့်လန်ရဲ့ မိဘတွေကို မင်္ဂလာပွဲတက်ဖို့ ဖိတ်ကြားခဲ့တယ် ဟုတ်လား”

“ဟုတ်ပါတယ်” ကျင်းကျုံးသည် အသာပင် ပြောဆိုလိုက်သည်။

နံပါတ်ဆယ့်သုံးသည် ရှမ့်လန်၏ ချောမောသည့် မျက်နှာကို ချက်ချင်း တွေးတောလိုက်မိ၏။ မနေ့က မနက်ပိုင်း တွင်မှ သူတို့ လမ်းခွဲခဲ့၏။ မထင်မှတ်ထားလောက်အောင်ဘဲ တစ်ဖက်လူသည် မြို့စားအိမ်တော်နှင့် ပတ်သက် ဆက်နွယ်မှုရှိသွား၏။ ဤအရာသည် ကောင်းမွန်သည့်အရာ မဟုတ်တော့ချေ။ တစ်နှစ်ပတ်လုံး ဓားသွားပေါ်တွင် လှမ်းလျှောက်ကာ အသက်ရှင်သန်ခဲ့သည့် နံပါတ်ဆယ့်သုံးသည် ဆိုးရွားသည့် အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်မိ၏။

ရှမ့်လန်နှင့် မြို့စားအိမ်တော်တို့ မည်မျှ ရင်းရင်းနှီးနှီး ပတ်သက်နေသည်ကို သူ သေသေချာချာ မသိချေ။ အရမ်း ရင်းနှီး မပတ်သတ်စေဖို့သာ မျှော်လင့်မိ၏။ မဟုတ်ပါက သူသည် ဒုက္ခတွင်းသို့ ကျရောက်လေပြီ။

All Chapters