← Chapters

မင်းတို့ကို သတ်ဖို့ လာငါပြီ

Vol. 10 Ch. 990

မင်းတို့ကို သတ်ဖို့ လာငါပြီ

Vol. 10 Ch. 990

“ဘာလဲ...”

အပြင်ဘက်ရှိ လူများသည် နတ်ဘုရား ကုန်းမြေဆီမှ ကောင်းကင်သို့ အလင်းတန်း တစ်ခု ထိုးတက်သွားသည်ကို မြင်တွေ့ကြရ၏။ မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ ထိုအလင်းတန်းကို ကြည့်ကာ ခမ်းနားမြင့်မြတ်ခြင်း ဟူသော ခံစားချက်ကို ရလိုက်ကြသည်။ ကောင်းကင်အရှင်များကမူ ၎င်းမှာ နတ်ဘုရား ရတနာ တစ်ခု သို့မဟုတ် ပြိုင်ဘက်ကင်း ဆေးဝါးတစ်ခု ပေါ်ပေါက်လာခြင်းဟု သုံးသပ်ကြ၏။

“ဘုန်း...”

မိစ္ဆာ စစ်ဦးစီး စောင့်ဆိုင်းနိုင်ခြင်း မရှိပဲ အရူးအမူး ထပ်မံ တိုက်ခိုက်ကြပြန်သည်။ သို့သော်လည်း နတ်ဘုရား ကုန်းမြေအား မည်ကဲ့သို့ ဖျက်ဆီးနိုင်ပါမည်နည်း။

“ကောင်းကင်အရှင်ချန်း...”

တစ်ချိန်တည်း၌ ရှုယုံနှင့် ရှုနတို့သည် ကောင်းကင်ကို မော့ကြည့်ကာ ရေရွတ်လိုက်ကြသည်။

သူတို့၏ မျက်လုံးများ၌ ချန်းဖန်ကား နတ်ဘုရား တစ်ပါးနှင့်ပင် တူနေသေးသည်။ နတ်ဘုရား စက်ဝန်း တစ်ခုသည် ချန်းဖန်၏ ခေါင်းအထက်၌ ရောင်ခြည်စက်ဝိုင်း တစ်ခုအလား လည်ပတ်နေ၏။ ၎င်းသည် သန့်စင်သော ရွှေရောင် အလင်းများဖြင့် ဝန်းရံနေကာ ခန့်မှန်း၍ မရနိုင်သော စွမ်းအားထုထည်ကို သယ်ဆောင်ထားသည်။

ရွှေအမြုတေ...

ထိုအရာမှာ နတ်ဘုရား ရွှေအမြုတေပင် ဖြစ်သည်။ ထို့မတိုင်ခင်က ချန်းဖန်သည် ရွှေအမြုတေ အဆင့်ကို အပြည့်အဝ ရောက်ရှိခြင်း မရှိခဲ့သေးချေ။ သူ၏ နတ်ဘုရား စက်ဝန်းမှာ ယခုမှ ရွှေအမြုတေ အဆင့်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်ပေသည်။

“ဟူး... ဟူး...”

အလင်းကိုးခုသည် ချန်းဖန်၏ မျက်လုံးများ၌ လည်ပတ်နေ၏။ သူသည် နတ်ဘုရား စိတ်အာရုံကို ဖြန့်ကျက်ထားရာ ပတ်ဝန်းကျင်ရှိ ဖြစ်တည်မှုတိုင်းကို ခံစားမိ နေခဲ့သည်။

အတိတ်ဘဝ၌ ချန်းဖန်သည် အဆင့် ၇ အမြုတေကိုသာ ပထမဦးစွာ ဖွဲ့စည်းနိုင်ခဲ့သည်။ ထို့နောက်တွင်မှ အထွတ်အမြတ် ရွှေအမြုတေကို ဖွဲ့စည်းနိုင်ခဲ့သည်။ သို့ဖြစ်ရာ သူသည် နတ်ဘုရား ရွှေအမြုတေ တစ်ခု မည်မျှ အစွမ်းထက်ကြောင်း နားမလည်ခဲ့ချေ။ နတ်ဘုရားဂိုဏ်းများ၏ စာကြည့်တိုက်များတွင်ပင် ထိုအချက်အလက်များက ရှားပါးပေသည်။ မည်သို့ပင် ဆိုစေကာမူ နတ်ဘုရား ရွှေအမြုတေများမှာ အလွန် ရှားပါးကာ နှစ်သန်းချီကြာမှ တစ်ယောက်လောက်သာ ပေါ်ထွက်တတ်ပေသည်။

ယခုတွင်မူ ချန်းဖန်သည် ထိုကဲ့သို့ ဒဏ္ဍာရီဆန်သော နတ်ဘုရား အဆင့် ရွှေအမြုတေကို ပိုင်ဆိုင်လာခဲ့ပြီ ဖြစ်သည်။ ခွန်အားအရ ဆိုရလျှင် နတ်ဘုရား ရွှေအမြုတေသည် အတိတ်၌ ချန်းဖန် ပိုင်ဆိုင်ခဲ့သည့် အစစ်အမှန် နတ်ဘုရား အမြုတေထက် ပို၍ အင်အားကြီးခြင်း မရှိချေ။

အစစ်အမှန် နတ်ဘုရား အမြုတေသည် ထိပ်တန်း အထွတ်အမြတ် ‌ရွှေအမြုတေ တစ်ခုဖြစ်ပြီး ၎င်း၏ သန့်စင်မှု အတွက် အလွန် ကျော်ကြားသည်။ ထိုအရာသည် စကြဝဠာထဲရှိ အစွမ်း အထက်ဆုံး ရွှေအမြုတေများ အနက် တစ်ခု ဖြစ်သည်။ ခွန်အား သီးသန့်ယှဥ်ပါက နတ်ဘုရား စက်ဝန်း ပင်လျှင် ထိုအရာကို အနိုင်ယူနိုင်ရန် မသေချာပေ။

နတ်ဘုရား ရွှေအမြုတေနှင့် အထွတ်အမြတ် ရွှေအမြုတေကြားမှ တစ်ခုတည်းသော ကွာခြားချက်မှာ နတ်ဘုရား မျိုးစေ့ ဖြစ်သည်။

ထိုနတ်ဘုရား မျိုးစေ့သည် ကျင့်ကြံသူကို အစစ်အမှန် နတ်ဘုရား တစ်ပါး ဖြစ်လာနိုင်သည့် အခွင့်အရေးအား ပေးသည်။ ရှင်းရှင်းပြေရလျှင် ချန်းဖန်သည် နတ်ဘုရား အမြုတေကို ပိုင်ဆိုင်ပြီးနောက် အစစ်အမှန် နတ်ဘုရား လျောင်းလျာ တစ်ပါး ဖြစ်လာခဲ့ပြီ ဖြစ်သည်။

“နတ်ဘုရား နယ်မြေမှာ ရှိတဲ့ နတ်ဘုရားတွေ အကုန်လုံးက အနည်းဆုံး နတ်ဘုရား ရွှေအမြုတေကို ပိုင်ဆိုင်ထားကြတာလား...”

ချန်းဖန်က တွေးလိုက်မိ၏။

သူသည် နတ်ဘုရား ကုန်းမြေ၏ အစီအရင်များကို ကျော်လွန်၍ ကောင်းကင်သို့ မော့ကြည့်လိုက်၏။ ထိုကောင်းကင် တစ်နေရာ၌ တာအို ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူ အားလုံး၏ အိပ်မက် ဖြစ်သော နတ်ဘုရားနယ်မြေ ရှိပေလိမ့်မည်။

“ဟား... ဟား..”

ချန်းဖန်က အော်ဟစ်ကာ ရယ်မောလိုက်၏။ နှစ်ငါးရာ ကြာပြီးနောက်၌ သူကား နတ်ဘုရားနယ်မြေသို့ သွားရောက်ရန် အခွင့်အရေး နောက်တစ်ကြိမ် ထပ်မံ ရရှိခဲ့ပြီ ဖြစ်သည်။

“ဝှစ်...”

ချန်းဖန်က နတ်ဘုရား စက်ဝန်းအား သိမ်းဆည်းကာ သာမန် လူငယ် တစ်ယောက်အဖြစ် ပြန်လည် ပြောင်းလဲလိုက်၏။

သို့တိုင်အောင် နတ်ဘုရား ကုန်းမြေ အတွင်းရှိ ကျင့်ကြံသူများနှင့် များစွာသော သားရဲများမှာ ခေါင်းများအား ငုံ့ထားကြဆဲ ဖြစ်သည်။ သူတို့သည် ချန်းဖန်အား မလေးစားပြုမူမိမည်ကို စိုးရွံ့နေကြ၏။

အားလုံးထဲ၌ ရှောင်မန် တစ်ယောက်သာလျှင် ချန်းဖန် အနားသို့ ပျော်ရွှင်စွာ ပျံသန်းကာ ရောက်ရှိလာသည်။

“အကို... ဒီမှာ ဆက်ပြီး နေကြဦးမလား...”

“အဲဒါကလား...”

ချန်းဖန်က ချက်ချင်း ပြန်မဖြေသေးပဲ အနည်းငယ် စဥ်စားလိုက်၏။

သူ၏ ကျင့်ကြံခြင်းမှာ မပြီးပြတ်သေးချေ။ သူသည် နတ်ဘုရား ‌ရွှေအမြုတေကို ဖွဲ့စည်းလိုက်နိုင်သည့်တိုင် အဇူရာ သက်ရှည် ခန္ဓာကိုယ်အား ထပ်မံ ကျင့်ကြံရန် လိုအပ်သေးသည်။

ထို့အပြင် နတ်ဘုရား စိတ်ဝိညာဥ်ကို အဆင့် မြှင့်တင်ရန်၊ ဆေးများ ဖော်စပ်ရန်၊ နတ်ဘုရား ရတနာများ ပြုလုပ်ရန် စသည့် အလုပ်များလည်း ရှိသေးသည်။ တာအိုသစ်သီးမှာလည်း ယခုထိ အသုံးမပြုရသေးချေ။ ချန်းဖန်သည် ထိုအရာကို အစစ်အမှန် ဝှက်ဖဲ တစ်ခု အဖြစ် ပြောင်းလဲပစ်ရန် စဥ်းစားထားသည်။

သူသည် နတ်ဘုရား ကုန်းမြေ၌ နောက်တစ်နှစ်မျှ ထပ်မံနေရန် စဥ်းစားထားသည်။

“နေဦး... ဒါက...”

ရုတ်တရက် ချန်းဖန်၏ မျက်လုံးများက အေးစက်သွား၏။ ချက်ချင်းပင် နတ်ဘုရား ကုန်းမြေ တစ်ခုလုံးမှာ ‌ဝန်ရိုးစွန်း တစ်ခုအလား ရေခဲမှတ် ရောက်အောင် အပူချိန် ကျဆင်းသွားသည်။

“ဘာဖြစ်လို့လဲ...”

ရှောင်မန်၊ ကျိုးကျူရှင်းနှင့် အခြားလူများမှာ စိုးရိမ်သွားကြသည်။

“ဘာမဖြစ်ဘူး...”

အတန်ကြာပြီးနောက်မှ ချန်းဖန်က ခေါင်းခါလိုက်သည်။ ထို့နောက် သူက ကြေညာလိုက်၏။

“ငါတို့ ဒီနေရာကို ဝင်လာတာ အချိန် အတော်ကြာသွားပြီ... နောက် သုံးရက်နေရင် အပြင်ကို ပြန်ထွက်ကြမယ်... လောက ဝိညာဥ်ရေကို မင်းတို့ တစ်ယောက် တစ်ပုလင်းစီ သယ်လာလို့ ရတယ်”

“ကောင်းပါပြီ...”

နဂါးအရှင်နှင့် အခြားလူများမှာ ဤနေရာ၌ ဆက်လက် နေထိုင်ကာ ကျင့်ကြံချင်သေးသော်လည်း ခေါင်းညိတ်လိုက်ကြသည်။ ချန်းဖန်၏ ဆုံးဖြတ်ချက်၌ ခိုင်လုံသော အကြောင်းပြချက် တစ်ခုရှိမှန်း သူတို့ နားလည်ကြ၏။

သူတို့၏ အတွေးကား မှန်ကန်ပေသည်။ ချန်းဖန်သည် နတ်ဘုရား ကုန်းမြေ၌ တစ်နှစ်မျှ ထပ်မံ နေရန် စိတ်ကူးထားသည့်တိုင် ယခုတွင်မူ မထွက်၍ မရသော အကြောင်းပြချက် တစ်ခုကား ပေါ်လာခဲ့ပြီ ဖြစ်သည်။

နတ်ဘုရား ကုန်းမြေသည် အတားအဆီး အစီအရင်များစွာဖြင့် ပြည့်နှက်နေသည့်တိုင် ယခုတွင်မူ ချန်းဖန်၏ နတ်ဘုရား စိတ်အာရုံကိုမူ တားနိုင်စွမ်း မရှိတော့ချေ။ အထူးသဖြင့် “ကောင်းကင် ကျေးကျွန်” အစီအရင်ကို တစ်ဝက်တစ်ပျက် ထိန်းချုပ်နိုင်ပြီးသော အချိန်၌ ချန်းဖန်၏ နတ်ဘုရား စိတ်အာရုံသည် မိုင်တစ်သောင်း ပတ်လည်ရှိ အရာရာကို မြင်နိုင် ကြားနိုင် လာခဲ့သည်။

ထို့ကြောင့်ပင် ချန်းဖန်သည် နတ်ဘုရား စိတ်အာရုံကို ဖြန့်ကျက်သည်နှင့် အပြင်ဘက်၌ ရောက်ရှိနေသည့် အခြေတည် ဝိညာဥ် အဆင့်များကို မြင်တွေ့ခဲ့သည်။ သူသည် ပထမ၌ အနည်းငယ် အံ့သြ သွားမိသည်။ လအနည်းငယ် အတွင်း ထိုမျှ များပြားသော အခြေတည် ဝိညာဥ် အဆင့်များ သူ့နောက် လိုက်လာလိမ့်မည် ဟု ထင်မထားခဲ့ချေ။ သို့သော်လည်း သူက သိပ်အလေးအနက် မထားခဲ့ပဲ “လက်စားချေရန် လိုက်လာကြခြင်း ဖြစ်လိမ့်မည်” ဟုသာ တွေးခဲ့သည်။

ထို့နောက်တွင် “တောင်တန်း အင်ပါယာ”၊ “ကျူးဝမ် မျိုးနွယ်”၊ “အချိန် သုံးလ”၊ “ရှင်းလင်းပစ်” စသည့် စကားလုံးများကိုပါ တစ်ပိုင်းတစ်စ ထပ်မံ ကြားခဲ့ရသည်။ စကားလုံးများက ရှင်းလင်းခြင်း မရှိသည့်တိုင် ချန်းဖန်သည် လွန်ခဲ့သည့် လပိုင်း အတွင်း ဖြစ်ပျက်ခဲ့သည့် အရာများကို အကြမ်းဖျင်း ခန့်မှန်းမိနေပြီ ဖြစ်သည်။

“တောင်တန်း အင်ပါယာ...”

ချန်းဖန်၏ မျက်လုံးများမှာ အေးစက်နေဆဲ ဖြစ်၏။

တောင်တန်း အင်ပါယာ ထိုမျှ အထိ ရက်စက်လိမ့်မည်ဟု ချန်းဖန် ထင်မထားခဲ့ချေ။ ကျူးဝမ် မျိုးနွယ်မှာ မြေ‌ရိုင်းနယ် တစ်ခု၏ အစွန်အဖျားတွင်သာ ပိတ်မိနေခဲ့သည့် အဆင့်နိမ့် မျိုးနွယ်စု တစ်ခု ဖြစ်သည်။ ယခုနှစ်ပိုင်း၌ သူတို့သည် မြင့်တက်လာခဲ့သည့်တိုင် ရွှေအမြုတေ အဆင့်ပင်လျှင် တစ်ရာ မပြည့်သေးချေ။

“မဟာ အကြီးအကဲ... ချင်လော့... အကြီးအကဲလဲ့...”

ချန်းဖန်မှာ ပြန်လည် မြင်ယောင်လာမိ၏။ သူသည် ကျူးဝမ် မျိုးနွယ်ဝင် အားလုံးကို မသိသော်လည်း သူတို့မှာ ကမ္ဘာမြေမှ ပြောင်းရွှေ့လာသူများ ဖြစ်သည်။ သူတို့မှာ ထျန်းဟောင်ဂြိုဟ်၌ ချန်းဖန်နှင့် သွေးချင်း နီးစပ်မှု အရှိဆုံး ဆွေမျိုးများ ဖြစ်သည်။

ယခုတွင်မူ တောင်တန်း အင်ပါယာည် သူ ထွက်ပေါ်လာစေရန် တစ်ခုတည်း အတွက် ကျူးဝမ် မျိုးနွယ်ကို ရှင်းလင်ပစ်ရန် ဆုံးဖြတ်ခဲ့သည်။ ချန်းဖန်သည် ထျန်းဟောင်ဂြိုဟ်သို့ ရောက်ရှိသည့် အချိန်မှ စ၍ ယခုလောက် တစ်ခါမှ ဒေါသမထွက်ခဲ့ဖူးချေ။

“တောင်တန်း အင်ပါယာ... ငါ မကြာခင် မင်းတို့ဆီကို လာခဲ့မယ်...”

ချန်းဖန်က တောင်တန်း အင်ပါယာ ရှိသည့်အရပ်ကို ကြည့်ကာ ရေရွတ်လိုက်၏။

***

ရှေးဟောင်း မိစ္ဆာအင်း အလွှာ အသီးသီး၌ များစွာသော ကျင့်ကြံသူများ၊ မိစ္ဆာများမှာ စုစည်းနေကြဆဲ ဖြစ်၏။ သူတို့သည် ချန်းပေ့ရွှမ်း ထွက်ပေါ်လာမည့် အချိန်ကိုစိတ်ရှည်စွာပင် စောင့်ဆိုင်းနေကြသည်။ သို့သော်လည်း သူတို့သည် လအနည်းငယ် ကြာသည့်တိုင် ချန်းပေ့ရွှမ်း၏ အရိပ်အယောင်ကိုပင် မတွေ့မြင်ရသေးချေ။

“စီနီယာချန်းက ငါတို့ကို တကယ်ပဲ ထားသွားပြီလား...”

ယွင်ရီအာ၊ မူဟုန်တိတို့မှာ စိတ်ဓာတ်များပင် စတင် ကျဆင်းနေခဲ့ပြီ ဖြစ်သည်။ လင်းဝူဟွာမှာမူ တိတ်ဆိတ်စွာပင် ထိုင်နေခဲ့၏။ လွန်ခဲ့သည့် သုံးလခန့်က သူမ ရရှိထားသော ဒဏ်ရာများကား ယခုထက်တိုင် အကင်းသေခြင်း မရှိသေးချေ။

ထို့အပြင် ယခု ကာလများကား သူတို့ အတွက် ကပ်ဆိုးများ သဖွယ် ဖြစ်သည်။ သူတို့သည် မိစ္ဆာများ၏ အမဲလိုက်ခြင်းကို အမြဲလိုလို ရှောင်တိမ်းနေခဲ့ရသည်။ ထို့အပြင် ချန်းဖန်နှင့် အနီးစပ်ဆုံး လူများ ဖြစ်သည့် အတွက် မည်သူကမျှ သူတို့ကို မကူညီခဲ့ချေ။ နတ်မိမယ် ရှန်းရှီကို ပင်လျှင် ပြန်လည် မွေးဖွားခြင်းဂိုဏ်း၏ ဘိုးဘေး ရှုဟောင်က ပြန်ခေါ်သွားခဲ့ပြီ ဖြစ်သည်။

“တောင်တန်း အင်ပါယာ သတ်မှတ်ထားတဲ့ အချိန် သုံးလက မနက်ဖြန်ဆို ပြည့်တော့မယ်... ကျူးဝမ် မျိုးနွယ်ဝင်တွေတော့ မျှော်လင့်ချက် မရှိတော့ဘူး... ချန်းပေ့ရွှမ်းက အဲ့လောက် ကြောက်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”

ရှေးဟောင်း မိစ္ဆာအင်း၏ ကောင်းကင်၌ နေသည် ထွန်းလင်းနေသည်။ အလင်းရောင်ခြည် ဆယ်ခုသည် ၎င်းအား ဝန်းရံကာ တောက်ပနေ၏။ ထိုလင်းရောင်ခြည် တစ်ခုချင်းစီမှာ ကော်းကင်အရှင် တစ်ယောက်ချင်းစီကို ကိုယ်စားပြုသည်။ စောစောက စကားပြောလိုက်သူမှာ ကောင်းကင်အရှင် ရှန်းယန်ပင် ဖြစ်လေသည်။

“ငါတို့တွေ ပေါင်းစပ်ထားတဲ့ အင်အားကို ဘယ်သူက မကြောက်ပဲ နေမလဲ”

ထင်းရွှမ် ဓားသခင်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်သည်။ တောက်ပသော ဓားချီသည် သူ့အား ဝန်းရံကာ ဟင်းလင်းပြင်ကို တတိတိ တိုက်စားနေ၏။

ကောင်းကင်အရှင် ရှုဟောင်၊ ကောင်းကင်အရှင် ကွေ့မင် နှင့် နူးညံ့ကောင်းကင်ဂိုဏ်း နတ်မိမယ်တို့က သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။ ဘိုးဘေး ဖူတူမှာမူ ဘာမှ မပြောပဲ သက်ပြင်းသာ ချနေခဲ့လေ၏။

“မြေခွေးအိုကြီးတွေ...”

ရှန်းရှီသည် ကောင်းကင်အရှင် ရှုဟောင်၏ နောက်၌ ရပ်ရင်း နှာခေါင်းရှုံ့လိုက်မိ၏။ သို့သော်လည်း သူမသည် ပြန်လည် မွေးဖွားခြင်းဂိုဏ်း၏ တပည့် တစ်ယောက် ဖြစ်ရာ ဂိုဏ်းဘိုးဘေး၏ အမိန့်အား လွန်ဆန်၍ မရချေ။

“ချန်းပေ့ရွှမ်း... ရှင် ဘယ်ကိုများ ရောက်နေတာလဲ...”

နတ်မိမယ် ရှန်းရှီက သက်ပြင်းတစ်ချက် ချလိုက်သည်။ ထိုအချိန်မှာပင် ကြည်လင်သော အသံတစ်ခုမှာ နတ်ဘုရား ကုန်းမြေဆီမှ လွင့်ပျံလာ၏။

“မင်းတို့ အသက်မရှင်ချင်တော့လို ရောက်လာကြတာလား...”

***

All Chapters