အပိုင်း (၂၂)
Vol. 2 Ch. 22
“မြို့စားအိမ်တော်က သူတို့ကို လိုချင်တယ်ဆိုမှတော့ ကျုပ် မတားဆီးရဲပါဘူး။ ကျုပ်သွားပြီးတော့ ရွာအုပ်ချုပ်သူကို သတင်းပို့လိုက်ပါ့မယ်” နံပါတ်ဆယ့်သုံးက ပြောလိုက်၏။
ကျင်းကျုံးသည် ခံစားချက် ကင်းမဲ့သလိုပင်။ သို့ပေမည့် ယဉ်ကျေးစွာ ပြောလိုက်သည်။ “ကျေးဇူးပါပဲ။ လာ... ဆရာရှမ့်တို့ မိသားစုကို သယ်ကြ”
ကျင်းကျုံးက အမိန့်ပေးလိုက်၏။ ထို့နောက် အမှောင်ထဲမှ စစ်သည်တော် တစ်ဒါဇင်ကျော်က ထွက်ပေါ်လာကြ၏။ သို့ပေမဲ့ ၎င်းတို့သည် ဓားများကို မကိုင်ဆောင်ထားကြချေ။ ထိုအစား ဝေါယာဉ်များကိုသာ သယ်ပိုးလာခဲ့ကြ၏။
မြို့စားကြီးသည် ရှမ့်လန်နှင့်ပတ်သက်၍ သဘောမတွေ့ချေ။ သို့ပေမဲ့ ရှမ့်လန်၏ မိဘများကိုတော့ အလေးထား၏။ အရာအားလုံးကို သေသေချာချာ အမိန့်ပေး စီစဉ်ထားခဲ့၏။ မြို့စားအိမ်တော်မှ စစ်သည်တော် တစ်ဒါဇင်ကျော် တို့သည် ရှမ့်လန်၏ မိဘများကို ဝေါယာဉ်များနှင့် သေသေချာချာ သယ်ပိုးခဲ့ကြ၏။ ဝေါယာဉ်ကြီးသည် အလွန် ကြီးမားပြီး လူပေါင်းများစွာတို့သည် ထိုအထဲတွင် နေထိုင်နိုင်စွမ်း ရှိသည်။
ဝေါယာဉ်သုံးခုကို လူပေါင်းခြောက်ယောက်တို့က သယ်ဆောင်ခဲ့သော်လည်း ၎င်းတို့၏ လက်များသည် တကယ်ကို ပေါ့ပေါ့ပါးပါး ဖြစ်လို့နေသေး၏။ ပြီးနောက် အားလုံးသောသူတို့သည် မည်သည့်စကားမှ မဆိုဘဲ ထွက်ခွာသွားခဲ့ကြ၏။
“နှုတ်ဆက်ပါတယ်” ကျင်းကျုံးက ပြောလိုက်သည်။
“ဂရုစိုက်ပါ” နံပါတ်ဆယ့်သုံးသည် ဦးညွတ်ကာဖြင့် သေသေချာချာ လိုက်ပို့၏။ အစမှအဆုံးထိ ကျင်းကျုံးသည် သူတို့ကို ခြိမ်းခြောက်သည့် စကားတစ်ခွန်းမှ မပြောသွားချေ။ အဘယ်ကြောင့်ဆိုသော် နံပါတ်ဆယ့်သုံး၏ ဖမ်းဆီးမှုသည် တရားဝင်ကြောင်း နားလည်ထားသောကြောင့်ပင်။ ရွာအုပ်ချုပ်ရေးရုံးဆီမှ ဖမ်းဝရမ်းပင် ကိုင်ဆောင်လာခဲ့သည် မဟုတ်ပါလား။
ရှမ့်လန်၏ အဖေသည် တောရိုင်းမြေထဲတွင် လယ်ယာလုပ်ငန်းကို လုပ်ကိုင်သည့်လူဖြစ်၏။ ထို့ကြောင့် သူ့အနေနှင့် အခွန်ပေးဆောင်ရန် မလိုအပ်ချေ။ ရွှမ်ဝူမြို့ထဲတွင် လယ်သမားပေါင်းများစွာ ရှိပြီး အစိုးရရုံးများသည် ထိုကိစ္စနှင့် ပတ်သက်ပြီး အရေးယူဆောင်ရွက်ခြင်း မရှိကြချေ။ တမင်သက်သက် အကြောင်းရှာခြင်း ဖြစ်ကြောင်း သိသာလှသည်။
ထို့အပြင် ကျင်းကျုံးသည် ရှမ့်လန်၏ မိသားစုကို ကာကွယ်ရန်သာ တာဝန်ရှိ၏။ မြို့စားမင်းသည် သူ့ကို တခြား အမိန့် မပေးခဲ့ချေ။
............
ကျင်းကျုံးနှင့် မြို့စားအိမ်တော်မှ စစ်သည်များ ထွက်ခွာသွားပြီးနောက် နံပါတ်ဆယ့်သုံးသည် တောင့်ခနဲ ဖြစ်သွား၏။ သူ၏ ဘေးတစ်ဖက်တွင် ရှိနေသည့် အဖွဲ့ဝင်တစ်ယောက်သည် အရှေ့ဆီသို့ လှမ်းတက်လာကာ ပြောလိုက်၏။
“ဆရာဆယ့်သုံး.. ဘာတွေဖြစ်နေတာလဲ။ ဒီမိသားစုကို လက်လွှတ်ပေးလိုက်မယ်ဆိုရင် ဂိုဏ်းချုပ်က အကြီးအကျယ် ဒေါသထွက်မှာ စိုးရတယ်”
နံပါတ်ဆယ့်သုံး ပြောလိုက်သည်။ “ဒီလူတွေ ဘယ်သူလဲဆိုတာ မင်းသိလို့လား”
အဝတ်နက်ဂိုဏ်း၏ အဖွဲ့ဝင်သည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “မသိပါဘူး”
“ဒါ ရွှမ်ဝူအိမ်တော်ရဲ့ ကျေးကျွန်ပဲ။ မြို့စားကြီးရဲ့ ယုံကြည်ရတဲ့ အစေခံ” နံပါတ်ဆယ့်သုံးက ပြောလိုက်သည်။
ချက်ချင်းပဲ အနားပတ်ဝန်းကျင်တွင် ရှိနေသည့် အဖွဲ့ဝင်များ၏ မျက်နှာက ပြောင်းလဲသွားခဲ့၏။ “မြို့စားအိမ်တော် ရဲ့ ဒီလူက ရှမ့်လန်ရဲ့ မိသားစုကို ဘာလို့ ဒီလို လာခေါ်ရတာလဲ”
နံပါတ်ဆယ့်သုံးက ပြောလိုက်၏။ “ရှမ့်လန်နဲ့ မြို့စားအိမ်တော်က တကယ့်ကို နက်ရှိုင်းတဲ့ ပက်သက် ဆက်နွယ်မှုမျိုး မရှိဖို့ဘဲ ဆုတောင်းရမယ်။ သူ မြို့စားအိမ်တော်မှာ ကျေးကျွန် အစေခံ အလုပ်ကို ရရှိသွားတယ် ဆိုရင် အကောင်းဆုံးပဲ။ မဟုတ်ရင်တော့ ပြဿနာတက်ပြီပဲ”
“မဟုတ်ရင်ရော .... ဆရာဆယ့်သုံး” အဖွဲ့ဝင်တစ်ယောက်သည် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် မေးမြန်းလိုက်သည်။
“မဟုတ်ရင် အားလုံး ကိုယ့်အိမ်ကိုယ်ပြန်ပြီး ကိုယ့်ရဲ့ မိဘတွေ၊ မိန်းမတွေ၊ ကလေးတွေကို ကြိုပြီး နှုတ်ဆက်ထားလိုက်တော့”
“ကျုပ်တို့ကို ဖမ်းတော့မှာလား” အဖွဲ့ဝင်တစ်ယောက်က မေးမြန်းလိုက်၏။
“သေမှာဟ” နံပါတ်ဆယ့်သုံးက ပြန်လည်ကာ ပြောဆိုလိုက်သည်။
ရှမ့်လန်နှင့်အတူ နေထိုင်ခဲ့သည့် အချိန်ကို သူ မတွေးဘဲ မနေနိုင်ခဲ့ချေ။ ရှမ့်လန်၏ ချောမောသည့် မျက်နှာသည် အစဉ်အမြဲ တည်ငြိမ်လျက် ရှိနေပြီး အမြဲ တပြုံးပြုံးနှင့်ပင်။ လက်ရှိအခြေအနေမှာတော့ ထိုအပြုံးများသည် ကြောက်မက်ဖွယ်ရာကောင်းသည့်အရာ ဖြစ်ကြောင်း နံပါတ်ဆယ့်သုံးက သိရှိလာခဲ့၏။
“ဂိုဏ်းချုပ်ကို သတင်းပို့ရမယ်။ တစ်စုံတစ်ခု ကြီးမားတဲ့ ကိစ္စရပ်တွေ ဖြစ်လာမယ်ဆိုရင် ကျုပ်တို့ ကြိုပြီး ပြင်ဆင်ထားသင့်တယ် မဟုတ်လား” နံပါတ်ဆယ့်သုံးက ပြောလိုက်၏။ ပြီးနောက် မည်သည့်စကားမှ မဆိုတော့ဘဲ မြင်းပေါ်သို့ ခုန်တက်ကာ အဝတ်နက်ဂိုဏ်း ရှိရာသို့ ဒုန်းစိုင်းပြန်တော့သည်။
သူသည် သူ့ကိုယ်သူ ကယ်တင်ချင်သည်ဆိုပါက ကျိန်းသေပေါက် မြန်မြန်ဆန်ဆန် ပြုလုပ်မှဖြစ်မည်။ ရှမ့်လန်သည်သာ မြို့စားအိမ်တော်ထဲသို့ ရောက်ရှိပြီး အရာအားလုံးကို ကုလားဖန်ထိုးနိုင်ခဲ့ပါက သူ အချိန်ကိုက် လှုပ်ရှားသွားခဲ့မည် ဆိုလျှင်တောင် နောက်ကျသွားပေလိမ့်မည်။
ရှမ့်လန်သည် တကယ့်ကို အကြံအစည်များသည့် လူတစ်ယောက်ဖြစ်၏။ တစ်ရက်လောက်သာ အတူသွားလာခဲ့သည် ဆိုလျှင်တောင်မှ ထိုအရာကို သူကောင်းကောင်းသိ၏။ နံပါတ်ဆယ့်သုံးသည် တွန့်ဆုတ် မနေတော့ချေ။ ချက်ချင်းပဲ မြင်းကို ဒုန်းစိုင်းစီးကာဖြင့် အဝတ်နက်ဂိုဏ်းဆီသို့ ပြန်ခဲ့၏။ တစ်နာရီ မပြည့်ခင်မှာပဲ သူသည် အဝတ်နက်ဂိုဏ်းဆီသို့ ရောက်ရှိလာ၏။
....................
အဝတ်နက်ဂိုဏ်းသည် ရွှမ်ဝူမြို့ထဲ၌ မရှိချေ။ ထိုအစား ရွှမ်ဝူမြို့နှင့် မိုင်နှစ်ဆယ်ဝေးသည့် ခံတပ်တစ်ခုထဲတွင် ဖြစ်၏။ ဟုတ်ပေ၏။ ဤခံတပ်သည် ရွှမ်ဝူမြို့၏ စစ်တပ်စခန်းလေး ကဲ့သို့ပင်။ အထဲတွင် လူပေါင်း တစ်ရာကျော် တည်ရှိနေ၏။
ဘုရင်မင်းမြတ်၏ စည်းမျဉ်းအသစ်များကြောင့် ဒေသခံ မင်းမှုထမ်းများသည် တော်ဝင်မိသားစုများအား ဆန့်ကျင်ရန် ကြိုးစားလျက် ရှိနေကြ၏။ ထို့ကြောင့်ပင်လျှင် ထျန်းဟန်ကဲ့သို့သော လူဆိုးဂိုဏ်းခေါင်းဆောင် တစ်ယောက်သည် ဤကဲ့သို့သော တည်နေရာတစ်ခုတွင် အကျယ်တဝံ့ ပွင့်ပွင့်လင်းလင်း နေထိုင်နိုင်စွမ်း ရှိနေခြင်းပင်။
နံပါတ်ဆယ့်သုံးသည် လျင်လျင်မြန်မြန်ပဲ ခံတပ်ထဲသို့ လှမ်းဝင်လိုက်၏။ အတိတ်တုန်းကသာဆိုပါက သူသည် ခံတပ်တွင် ရှိနေသည့် သူ၏ညီနောင်များနှင့် ရင်းရင်းနှီးနှီး စကားပြောဆိုမှု နှုတ်ဆက်မှုကို ပြုလုပ်မှာဖြစ်၏။
ထျန်းဟန်၏ အမိန့်ပေးမှုအောက်တွင် များပြားသည့်အဖွဲ့ဝင်များ တည်ရှိ၏။ ထိုသူတို့အားလုံးသည် ကြီးကျယ် မြင့်မြတ်သည့် အခွင့်အရေးကို ရရှိခဲ့ကြသည် မဟုတ်ချေ။ ဂိုဏ်းခေါင်းဆောင်၏ သဘောကျမှုကို ရရှိမှသာလျှင် မြင့်မားသည့် အခြေအနေ တစ်ခုကို ပိုင်ဆိုင်နိုင်သည်။ နံပါတ် ဆယ့်သုံးသည် အရေးပါ အရာရောက်သည့်လူပင်။
နံပါတ်ဆယ့်သုံးသည် သူ၏ မိတ်ဆွေ အပေါင်းအသင်းများကို ဂရုမစိုက်နိုင်ခဲ့ချေ။ ခံတပ်ထဲသို့ လျင်လျင်မြန်မြန် ပြေးဝင်လိုက်၏။ သူသည် တိုက်ရိုက်ဆိုသလိုပဲ သူ၏ဂိုဏ်းချုပ် ထျန်းဟန် တည်ရှိရာ အခန်းဆီသို့ ဝင်ရောက် သွားခဲ့သည်။
ထျန်းဟန်သည် မိန်းမလှလေးတစ်ယောက်နှင့် လိင်ဆက်ဆံရန် ပြင်ဆင်လျက်ရှိသည်။ ရုတ်တရက် နံပါတ်ဆယ့်သုံးကို မြင်လိုက်ရချိန်မှာတော့ မျက်နှာတစ်ခုလုံးသည် တင်းမာသွားသည်။ ပြီးနောက် အေးစက်စက် ဖြင့် ငေါက်ငမ်းလိုက်၏။ “ဘာအကြောင်းအရင်းမှမရှိဘဲ ဝင်လာတာမျိုးဆိုရင် ငါ မင်းမျက်လုံးကို ထိုးဖောက ်ပစ်မယ်”
နံပါတ်ဆယ့်သုံးသည် ချက်ချင်းပဲ ဒူးထောက်ထိုင်ချကာ ပြောလိုက်သည်။ “ဂိုဏ်းချုပ်.. ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ကျုပ် တာဝန် ပျက်ကွက်ခဲ့ပါတယ်။ ရှမ့်လန်ရဲ့ မိသားစုတစ်ခုလုံးကို သတ်ဖြတ်ပစ်ဖို့ တာဝန် မအောင်မြင်ခဲ့ပါဘူး”
ထျန်းဟန်၏ အကြည့်များသည် အေးစက်သွားခဲ့၏။ သူသည် သူ၏ ဤတပည့်ကို ကြီးကြီးမားမား တွေးတောခဲ့၏။ သို့ပေမဲ့ ဤမျှ သေးငယ်သည့် ကိစ္စရပ်လေးကိုပင် ကိုင်တွယ်နိုင်ခြင်း မရှိခဲ့လေသည်လား။ သူသည် ပိုက်ဆံကိုပင် လက်ခံခဲ့ပြီးပြီဖြစ်၏။ စုစုပေါင်း ရွှေဒင်္ဂါး တစ်ထောင့်ငါးရာပင်။
နံပါတ်ဆယ့်သုံးက ပြောလိုက်၏။ “မြို့စားအိမ်တော်ရဲ့ ကျေးကျွန်က စစ်သည်တော် ဆယ်ယောက်ကို ခေါ်ဆောင် လာခဲ့ပြီး ရှမ့်လန်ရဲ့ မိဘနဲ့ ညီငယ်လေးကို ခေါ်ဆောင်သွားခဲ့တယ်။ မြို့စားအိမ်တော်ရဲ့ မင်္ဂလာပွဲကို တက်ရောက်ဖို့လို့ ပြောခဲ့တယ်။ ပြီးတော့ ဝေါယာဉ်ကြီး သုံးခုနဲ့ ခေါ်သွားခဲ့ကြတာ”
“ဘာ ...”
ချက်ချင်းပဲ ထျန်းဟန်သည် မတ်တပ်ထရပ်လိုက်၏။ သူ၏ အမူအရာတစ်ခုလုံးက ပြောင်းလဲသွားခဲ့၏။ ထျန်းဟန်၏ ဘေးတစ်ဖက်တွင် ရှိနေသည့် အမျိုးသမီးသည် ရုတ်တရက် ကြောက်လန့်ကာဖြင့် အော်ဟစ်လိုက်၏။ သို့ပေမဲ့ သူမသည် ထျန်းဟန်၏ ဒေါသတကြီး ကန်ကျောက်ခြင်းကိုသာ ခံလိုက်ရသည်။
အား...
အမျိုးသမီးသည် နာကျင်စွာဖြင့် အော်ဟစ်လိုက်၏။ နှုတ်ခမ်းထောင့်တွင် ရှိနေသည့် သွေးများကို သုတ်ကာဖြင့် လှမ်းကာ ပြောဆိုလိုက်၏။ “သခင်ကြီး ....”
“ထွက်သွားစမ်း” ထျန်းဟန်က အော်ဟစ်လိုက်သည်။
အမျိုးသမီးသည် ကြောက်လန့်တကြားဖြင့် အခန်းထဲမှ ထွက်ခွာသွားခဲ့၏။ ယောက်ျားများသည် တကယ့်ကို ကြမ်းတမ်းလွန်းလှချေ၏။ စောဏက လိင်ဆက်ဆံခံနီးလေးမှာတင် အသဲလေး၊ နှလုံးလေးဟု ခေါ်ဆိုခဲ့သော်လည်း ဒေါသထွက်သည့် အချိန်မှာတော့ ရုတ်တရက် ကန်ကြောက်ကာ အခန်းထဲမှ ထွက်သွားခိုင်းခဲ့၏။
နံပါတ်ဆယ့်သုံးက ပြောလိုက်သည်။ “ဂိုဏ်းချုပ်.. မြို့တော်ဝန်အိမ်တော်မှာ ဘယ်သူ လက်ထပ်တာလဲ။ မြို့စားသား လက်ထပ်တော့မှာလား။ ရှမ့်လန်နဲ့ မြို့စားသားက ရင်းနှီးပတ်သက်နေတယ်လို့ မပြောနဲ့နော်။ မြို့စားသားက သုံးရတဲ့သူမဟုတ်ဘူးလို့ ကျုပ်ကြားခဲ့တာ။ ဒီနှစ်ကောင်လုံးက သုံးရတဲ့သူတွေ မဟုတ်ဘူး ဆိုတော့ ပုလင်းတူဘူးစို့ ဖြစ်နေလောက်တယ်”
ထျန်းဟန်က မေးလိုက်၏။ “ရှမ့်လန်က ဘာမှသုံးမရတဲ့ကောင်လို့ မင်းထင်နေတုန်းပဲလား”
နံပါတ်ဆယ့်သုံးက တွေးလိုက်မိ၏။ ပြီးနောက် ခေါင်းကို ခါယမ်းလိုက်မိသည်။
ထျန်းဟန်က ပြောလိုက်၏။ “ရွှမ်ဝူအိမ်တော်ရဲ့ မင်္ဂလာပွဲက မြို့စားသား မိန်းမယူမှာ မဟုတ်ဘူး။ သမက်တော် ရွေးထားတာပဲ”
ပြောပြောပြီးချင်းမှာပဲ နံပါတ်ဆယ့်သုံး၏ အမူအရာသည် ပြောင်းလဲသွားခဲ့၏။ သူသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “မဖြစ်နိုင်ဘူး။ ဒါ လုံးဝ မဖြစ်နိုင်ဘူး”
“အင်း.. ငါလည်း မဖြစ်နိုင်ဖို့ မျှော်လင့်မိတယ်”
နံပါတ်ဆယ့်သုံးက ပြောလိုက်၏။ “ရှမ့်လန်က ဘယ်လိုလူမျိုးလဲ။ သူက တောရွာလေးမှာနေတဲ့ သနားစရာ ဆင်းရဲသား တစ်ယောက်ပဲ။ မြက်ပင်လေးလောက်တောင်မှ လောကအပေါ်ကောင်းကျိုးပြုတဲ့ လူတစ်ယောက် မဟုတ်ဘူး။ ဒါပေမဲ့ မိန်းကလေးကျင်းက ဘယ်လိုလူမျိုးလဲ။ သူမရဲ့ သိုင်းပညာ၊ အသွင်အပြင်၊ ရုပ်ရည် ..... အရာအားလုံးက ထိပ်တန်းအဆင့်မှာ ရှိတယ်လေ။ ပြီးတော့ နှစ်ရာချီတဲ့ တော်ဝင်မိသားစုရဲ့ သမီး တစ်ယောက်လည်း ဖြစ်နေသေးတယ်။
ရှမ့်လန်ရဲ့ ဆွေခုနှစ်ဆက်၊ မျိုးခုနှစ်ဆက်က ကောင်းမှုကုသိုလ်တွေ ပြုလုပ်ခဲ့တယ် ဆိုရင်တော့ မိန်းကလေး ကျင်းမူလန်ရဲ့ လက်ချောင်းကို ထိတွေ့ဖို့အတွက် သူ့မှာ ထိုက်တန်မှု မရှိဘူး။ ရှစ်မိသားစုလို ကုန်သည် မိသားစုတောင်မှ ရှမ့်လန်နဲ့ ထိုက်တန်မှာ မဟုတ်ဘူး။ ဘယ်လိုဖြစ်ပြီးတော့ ရှမ့်လန်ဆိုတဲ့ကောင်က ရွှမ်ဝူအိမ်တော် ဆီ ရောက်သွားရတာလဲ”
ထျန်းဟန်ကလည်း ခေါင်းညိတ်လိုက်၏။ သူသည် ရှမ့်လန်နှင့် မိန်းကလေး ကျင်းမူလန်တို့ မင်္ဂလာဆောင်ခြင်းမျိုး မဟုတ်ရန် တွေးတောလျက် ရှိနေ၏။ တကယ့်ကို မဖြစ်နိုင်သည့် ကိစ္စရပ်မျိုးပင်။ အနောက်ဘက်မှ နေထွက်သည်ကပင် ယုံကြည်ကောင်း ယုံကြည်နိုင်သင့်၏။ သို့ပေမဲ့ ကျင်းကျုံးသည် ရှမ့်လန်၏ မိသားစုများကို ခေါ်ဆောင်သွားခဲ့သည် ဆိုခြင်းမှာ တစ်ခုခု ထူးခြားလို့ နေလေသည်။
ထျန်းဟန်သည် ရုတ်တရက် ထရပ်ပြီးသည့်နောက် ရှေ့နောက်လျှောက်လျက် ရှိ၏။ သူ၏မျက်လုံးထဲတွင်လည်း တကယ့်ကို ဇဝေဇဝါ အမူအရာများနှင့် ပြည့်နှက်လျက် ရှိနေ၏။ “ငါမြို့ကို သွားလိုက်အုံးမယ်။ လိုအပ်တာတွေ အားလုံး ကြိုပြီးပြင်ဆင်မှ ဖြစ်လိမ့်မယ်”
...........
နာရီဝက်ခန့် ကြာမြင့်ပြီးသည့်နောက် ရှစ်၊ လင်းနှင့် ထျန်းဟန်တို့သည် ရွှမ်ဝူမြို့ထဲတွင် စုဝေးလျက် ရှိနေကြ၏။ ထျန်းဟန်၏ စကားကို ကြားသည့်အချိန်မှာတော့ မိသားစု နှစ်ခုတို့သည် သံပြိုင်ဆိုသလိုပဲ အော်ဟစ်လိုက်သည်။ “မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး”
အထူးသဖြင့် ရှစ်မိသားစု ခေါင်းဆောင်ပင် ဖြစ်သည်။
ထျန်းဟန်က ပြောလိုက်၏။ “မနေ့ကတုန်းက ရှမ့်လန် လူကုံတန်ပွဲရုံကနေ ထွက်ခွာပြီး မကြာခင်မှာ သူက မြို့စားအိမ်တော်ရဲ့ မြင်းစီးတပ်ဖွဲ့ရဲ့ မြင်းတိုက်ခြင်းကို ခံခဲ့ရတယ်တဲ့။ သူက မြို့စားအိမ်တော်ကို ခေါ်ဆောင် သွားခြင်း ခံရတယ်။ ဒီနေ့ မြို့စားအိမ်တော်က မင်္ဂလာပွဲသတင်း ထွက်လာတယ်။ ပြီးတော့ ကျင်းကျုံး ကိုယ်တိုင်က ရှမ့်လန်ရဲ့ မိဘတွေကို လာခေါ်ခဲ့တယ်”
ရှစ်ကွမ်းယွမ်က ပြောလိုက်သည်။ “အသုံးမဝင်တဲ့ ရှမ့်လန်က မြို့စားအိမ်တော်ရဲ့ ဆက်ဆံသူကို မျက်နှာလို၊ မျက်နှာရ လုပ်နေတာလည်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် မြို့စားသားနဲ့ ဒီကောင် နှစ်ယောက်လုံးက အသုံးမဝင်တဲ့ လူ့ဗာလတွေပဲ။ ဒါပေမဲ့ ကျင်းမူလန် ဘယ်လောက် အားကောင်းလဲ။ ဘာကြောင့် ရှမ့်လန်ကို ရွေးချယ်တာလဲ။ ပြီးတော့ ငါ ရှမ့်လန်ကို အိမ်ကနေ ကန်ထုတ်လိုက်တဲ့ အချိန်မှာ ရှမ့်လန်ဆိုတာ သူတို့ရွာထဲမှာရှိတဲ့ မုဆိုးမတောင် ယူမယ့်ကောင်မျိုး မဟုတ်ဘူးမို့လား။ တော်ဝင်မိသားစုရဲ့ သမီးတော်ဆိုရင် ဝေလာဝေးပဲ”
လူကုံတန်ပွဲရုံ၏ သူဌေးဖြစ်သော လင်းဝူကလည်း ပြောလိုက်၏။ “အစ်ကိုရှစ်.. ဒီရှမ့်လန်က အသုံးမဝင်တာတော့ မဟုတ်ဘူး။ သူသာ တကယ်တမ်း အသုံးမဝင်ဘူးဆိုရင် ရွှေရောင်ဆိုးဆေး နည်းပညာကို ရှာဖွေဖော်ထုတ်နိုင်မှာ မဟုတ်ဘူး”
ရှစ်ကွမ်းယွမ်က ပြောလိုက်သည်။ “အစ်ကိုလင်း... ခင်ဗျား မှားနေပြီ။ ဒီဆေးနည်းက ဘာပဲပြောပြော ကံကောင်းလို့ ရလာတာပဲ ဖြစ်လိမ့်မယ်။ ဒုတိယအနေနဲ့ ပြောရမယ်ဆိုရင် ဒီလို အသုံးမကျတဲ့ကောင်မျိုးက ဒါမျိုးကို တီထွင် ဖန်တီးနိုင်မှာ မဟုတ်ဘူး”
လင်းဝူသည်လည်း ထိုအကြောင်းအရာကို စဉ်းစားလျက် ရှိနေ၏။ သို့ပေမဲ့ မနေ့က ပြောဆိုခဲ့သည့် စကားလုံးများ ကို တွေးကြည့်ရမည်ဆိုလျှင် ရှမ့်လန်သည် ရူးသွပ်နေသည့် လူတစ်ယောက်နှင့် မတူချေ။
ရွှစ်ကွမ်းယွမ်က ပြောလိုက်၏။ “ပိုပြီး အရေးကြီးတာက အသုံးမဝင်တဲ့ ရှမ့်လန်ကို ကျုပ် အိမ်ကနေ ကန်ထုတ်လိုက် တုန်းက သူက ပစ္စည်းပစ္စယတွေကို ခိုးယူခဲ့တာတင် မကဘူး။ အိမ်မှာရှိနေတဲ့ အစေခံ တစ်ယောက်ကိုလည်း ဗလက္ကာရ ပြုကျင့်ခဲ့သေးတယ်။ ဒီလို ဂုဏ်သိက္ခာနဲ့ လူမျိုးက ဘယ်လိုဖြစ်ပြီးတော့ မြို့စားအိမ်တော်မှာ နေထိုင်လို့ ရမှာလဲ”
ထိုစကားစုကို ကြားရသည့် အချိန်မှာတော့ သူတို့ သုံးယောက်လုံးသည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက် မိ၏။ ရွှမ်ဝူမြို့တွင် အရှက်ကင်းမဲ့သည့် လူပေါင်းများစွာရှိ၏။ သို့ပေမဲ့ ရွှမ်ဝူအိမ်တော်တွင်ရှိသည့် လူပေါင်း များစွာသည် ဂုဏ်သိက္ခာကို အသက်တမျှအရေးကြီးသည်ဟု သတ်မှတ်ထားကြသည် မဟုတ်ပါလား။
ထျန်းဟန်က ပြောလိုက်၏။ “သူဌေးရှစ်... မြို့စားကြီးက ရုတ်တရက် မင်္ဂလာဆောင်ဖိတ်စာ ပို့လိုက်တယ်ဆို။ သတို့သား ဘယ်သူလဲဆိုတာ ပြောခဲ့လား”
ရှစ်ကွမ်းယွမ်က ပြောလိုက်သည်။ “မပြောခဲ့ဘူး။ ဒါပေမဲ့ ရှမ့်လန်တော့ မဟုတ်နိုင်ဘူး။ အနောက်ဘက်က နေထွက် လာမယ်ဆိုရင်တောင် မြို့စားသမီးကို သူရမှာ မဟုတ်ဘူး”
လင်းဝူကလည်း ပြောလိုက်၏။ “တကယ်လို့ ရှမ့်လန် မဟုတ်ဘူးဆိုရင်တောင်မှ ရှင်းရှင်းလင်းလင်း သိထားတာ ပိုပြီး ကောင်းမယ်။ ကျုပ်တို့ထဲက လူတချို့ကို မင်္ဂလာပွဲကို သွားတက်ရင် ကောင်းမလား”
ရုတ်တရက် သူတို့သုံးယောက်သည် တစ်ယောက်ကို တစ်ယောက် ကြည့်ရှုလိုက်၏။ အဘယ်ကြောင့်ဆိုသော် မြို့စားအိမ်တော်၏ မင်္ဂလာဖိတ်စာကို လက်ခံရရှိခဲ့သူဟူ၍ လက်ရှိ မည်သူမှ မရှိသောကြောင့်ပင်။
ရွှမ်ဝူအိမ်တော်သည် မင်္ဂလာဆောင်ဖိတ်စာ တော်တော်များများကို ပေးပို့ခဲ့၏။ စစ်ဘက်အဖွဲ့အစည်းများ၊ မင်းမှုထမ်းများနှင့် နာမည်ကျော်ကြားသော ပုဂ္ဂိုလ်များပင် ဖြစ်လေ၏။ သူတို့ သုံးယောက်သည် လုံလောက်သည့် နာမည်ကို ပိုင်ဆိုင်ကြသော်လည်း နှစ်ယောက်သည် စီးပွားရေးသမားများ ဖြစ်ပြီး တစ်ယောက်မှာတော့ လူဆိုးဂိုဏ်းခေါင်းဆောင်ဖြစ်၏။
ထျန်းဟန်က ရုတ်တရက် ပြောလိုက်သည်။ “ကျုပ် မင်္ဂလာပွဲကို သွားတက်မယ်”
ဟုတ်ပေ၏။ ရွှမ်ဝူအိမ်တော်၏ မင်္ဂလာပွဲကို တက်ရောက်ဖို့ ဆိုသည်မှာ မင်္ဂလာဆောင်ဖိတ်စာ လိုအပ်နေသည် သာမက သတ္တိရှိရန်လည်း လိုအပ်နေသေး၏။
လင်းဝူက ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ထျန်... လက်ဆောင်ကိုတော့ ကျုပ် ပေးပါရစေ”
ရှစ်ကွမ်းယွမ်က ပြောလိုက်၏။ “ဘာပဲပြောပြော ရွှမ်ဝူမြို့စားက ရွှမ်ဝူမြို့ရဲ့ ပိုင်ရှင်ပဲလေ။ မင်္ဂလာပွဲကို ကျုပ်တို့ မတက်ဘူး ဆိုရင်တောင်မှ မင်္ဂလာလက်ဖွဲ့ကတော့ ကျုပ်တို့ ပေးရမှာ မဟုတ်လား။ ရှစ်မိသားစုက ငွေကြေးလည်း လိုအပ်နေတာ မဟုတ်ပါဘူး”
ထျန်းဟန်က ပြောလိုက်သည်။ “ဒါဆိုလည်း ပြီးတာပဲ။ ခင်ဗျားတို့နှစ်ယောက် ဖြစ်နိုင်သမျှ အမြန်ဆုံး လက်ဆောင် ပြင်ဆင်ထားကြ။ ကျုပ် မြို့စားအိမ်တော်ကို ချက်ချင်းသွားမယ်”
လူကုံတန်ပွဲရုံ၏ သူဌေးလင်းဝူက ပြောလိုက်၏။ “ဒါဆိုရင်လည်း ကျုပ် သွားပြီး ပြင်ဆင်လိုက်တော့မယ်”
ပြီးနောက် သူတို့သည် ရှားပါးသည့် တချို့သော ပစ္စည်းများကို ရှာဖွေရန်အတွက် ၎င်းတို့၏ သိုလှောင်ရုံများ ဆီသို့ သွားခဲ့ကြ၏။ လင်းဝူသည် ထိုကဲ့သို့သော အရာများကို ပြင်ဆင်လျက် ရှိနေတုန်းမှာပဲ ရှမ့်လန်နှင့် ပြောဆို ဆက်ဆံခဲ့သည့် အကြောင်းအရာများကို ပြန်လည်ကာ စဉ်းစားနေမိသည်။
သူသည် ရှမ့်လန်ကို သစ္စာဖောက်ရုံတင် သာမက ရှမ့်လန်ကိုလည်း မောက်မာသည့် စကားလုံးများကိုလည်း ပြောဆိုခဲ့သေး၏။ ဥပမာအားဖြင့် ရှမ့်လန်ကဲ့သို့သော ပုရွက်ဆိတ်လေးတစ်ကောင်သည် မိမိ၏ ကိုယ်ပိုင် အကန့်အသတ် ကို မသိရှိ ဆိုသော စကားလုံးမျိုးပင်။ နတ်ဘုရားများသည်သာ မျက်စိစုံမှိတ်၍ ရှမ့်လန်အား မြို့စားမင်းသမက်အဖြစ် ဖြစ်တည်စေခဲ့ပါက သူ မည်သို့လုပ်မည်နည်း။ ထိုသို့ ဖြစ်မလာစေရန် နတ်ဘုရားများကို တိုင်တည်ကာ ဆုတောင်းရန်ပင် ရှိ၏။
နာရီဝက်လောက် ကြာမြင့်ပြီးနောက် သူတို့ ပူးပေါင်းအဖွဲ့သည် မင်္ဂလာဆောင် လက်ဖွဲ့များကို ပြင်ဆင်ခဲ့ပြီးသား ဖြစ်၏။ ထျန်းဟန်သည် မြို့စားအိမ်တော်ဆီသို့ ရထားလုံးများနှင့် သယ်ဆောင် သွားခဲ့၏။ သူသည် မင်္ဂလာဆောင် ဖိတ်စာမရှိဘဲနှင့် ကျင်းမူလန်၏ မင်္ဂလာပွဲကို တက်ရောက်ရန် တကယ်ကို အရေထူနေသည့် လူတစ်ယောက်လည်း ဖြစ်သည်။
……….
တစ်ချိန်တည်းမှာပဲ ရှမ့်လန်၏ မိန်းမဟောင်းသည်လည်း မင်္ဂလာပွဲကို ပွင့်ပွင့်လင်းလင်း တက်ရောက်ရန် မြို့စားအိမ်တော်သို့ သွားလျက် ရှိနေ၏။ အဘယ်ကြောင့်ဆိုသော် သူမ၏ သူတို့သားလောင်းဖြစ်သော ကျန်းကျင်း သည် စီရင်စု အုပ်ချုပ်ရေးမှုး၏ သားဖြစ်သောကြောင့် မင်္ဂလာဆောင် ဖိတ်စာကို ရရှိထားလေသည်။
ရှစ်ချင်းချင်းက ပြောလိုက်၏။ “သခင်လေးကျန်း.. မြို့စားအိမ်တော်က တကယ့်ကို ဆန်းကြယ်တယ်။ ဒီနေ့ညရဲ့ သတို့သားလောင်းက ဘယ်သူဖြစ်မယ်လို့ထင်လဲ။ ဘယ်အားကောင်းတဲ့ မိသားစုရဲ့ သား ဖြစ်မလဲ။ ဒါမှမဟုတ် ဘယ်လို ကြီးမြတ်တဲ့ ပါရမီကို ပိုင်ဆိုင်တဲ့လူက ကျင်းမူလန်ကို လက်ထပ်နိုင်မှာလဲ”