အပိုင်း (၂၃)
Vol. 2 Ch. 23
တခြားသောသူများကို မဆိုနှင့် ရှမ့်လန်ကိုယ်တိုင်ပင်လျှင် ယနေ့ည မင်္ဂလာပွဲ၏ သတို့သားမှာ သူဖြစ်သလား၊ မဖြစ်သလားကိုပင် သံသယဝင်လျက်ရှိ၏။ တနေ့ခင်းလုံး သူသည် အစားအစာများကို စားသောက်လျက် ရှိနေပြီး မည်သူမှသည် သူ့အား လာရောက် စကားပြောဆိုခြင်း မရှိကြချေ။ အစားအသောက် လာပို့သည့် လူပင်လျှင် သူ့ကို စကားတစ်လုံးမှ မဆိုခဲ့ချေ။
မြို့စားကြီးသည် သူ့ကို မတွေ့ချင်ခဲ့ချေ။ ထို့အတူ ၎င်းမိန်းမသည်လည်း သူ့ကို မတွေ့ချင်ခဲ့ပေ။ မိန်းကလေး ကျင်းမူလန်သည်လည်း သူ့ကို မတွေ့ချင်ခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။ သူ့သည် ဧည့်ဆောင်ထဲတွင် အားလုံးသော သူတို့၏ မေ့လျော့ခံ လူသားကဲ့သို့ ဖြစ်လို့နေ၏။ မြို့စားအိမ်တော်အနေနှင့် နောက်ထပ် ပိုမိုကောင်းမွန်သည့် သမက်တော် တစ်ယောက်ကိုပင် ရှာဖွေတွေ့ရှိခဲ့သောကြောင့် သူ့ကို လျစ်လျူရှုထားသလားဟုပင် သံသယ ဝင်မိလာ၏။
ကြည့်ရှုရမည်ဆိုလျှင် ရွှမ်ဝူအိမ်တော်ထဲတွင် သူ့ထက် ပိုမို၍ သင့်တော်သည့် လူပေါင်းများစွာ တည်ရှိနေခဲ့၏။ ရေတွက်၍မရအောင် များပြားလှသည့် လူငယ်များသည် မီးပင်လယ်ကို ကျော်ဖြတ်ကာဖြင့် ကျင်းမူလန်ကို အရယူရန် စိတ်ဆန္ဒ ရှိလို့နေသည် မဟုတ်ပါလား။
သူတွေးတောနေတုန်းမှာပဲ အစေခံနှစ်ယောက် .... ပိုပြီး တိတိကျကျ ပြောရမည်ဆိုလျှင် အဒေါ်ကြီးနှစ်ယောက် တို့သည် အထဲသို့ လျှောက်ဝင်လာခဲ့၏။ ထိုသူတို့သည် အနီရောင်နှင့် ရွှေရောင်ဝတ်စုံကို ကိုင်ဆောင်ထားခဲ့ပြီး သတို့သားဝတ်စုံ၊ သတို့သားခေါင်းပေါင်း၊ သတို့သားဖိနပ်၊ သတို့သားခါးပတ်များကို ယူဆောင်လာ၏။ “သခင်လေးရှမ့်... ရေချိုးပြီးတော့ အဝတ်အစား လဲလိုက်ပါအုံး။ မင်္ဂလာပွဲအတွက်ပြင်ဆင်ကြမယ်”
.........
ခဏလောက် ကြာပြီးသည့်နောက် ယောက်ျားလေးကပဲ လက်ထပ် လက်ထပ် ၊ မိန်းကလေးကပဲ လက်ထပ် လက်ထပ် ၊ မင်္ဂလာဆောင်ခြင်းသာလျှင် အဓိကဖြစ်၏။ မင်္ဂလာပွဲကျင်းပရာ အိမ်သည် မင်္ဂလာလက်ဆောင်များကို ရရှိမှာဖြစ်သည်။
ဟုတ်ပေသည်။ မင်္ဂလာပွဲသည် သတို့သမီး၏အိမ်တွင် ကျင်းပပြုလုပ်ခဲ့၏။ ထို့ကြောင့်ပင်လျှင် သူတို့သားသည် ခေါင်းပေါင်းကို ဝတ်ဆင်ထားရပြီး မျက်နှာကာကို ဆင်မြန်းထားရ၏။ အလွန် ဆိုးရွားလှချေ၏။
ရွှမ်ဝူအိမ်တော်တွင် အလွန်အမင်း ရှေးကျသည့် ရှေးရိုးထုံးစံတစ်ခု တည်ရှိ၏။ သမက်တော် တစ်ယောက် အနေနှင့် မျက်နှာကာကို ဝတ်ဆင်ရန် မလိုအပ်ချေ။ မျက်နှာဖုံးကို ဝတ်ဆင်ထားရန် လိုခြင်းပင်။ ဤအရာသည် ယောက်ျားတစ်ယောက်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု သူက ခံစားနေမိ၏။ ထို့ကြောင့်လားတော့ မသိနိုင်ချေ။ ရွှမ်ဝူအိမ်တော်ထဲတွင် ယောက်ျား တော်တော်များများတို့သည် တခြားသောသူများကို လက်ထပ်ရခြင်း ထက် လူပျိုကြီးများ ပြုလုပ်နေကြခြင်း ဖြစ်ပေမည်။
တချိန်တည်းမှာပဲ အနီရောင် ပိုးဝတ်စုံနှင့် ငွေရောင်မျက်နှာဖုံးကို ဝတ်ဆင်ထားသော ရှမ့်လန်သည် သူသည် မြို့စားအိမ်တော်ဆီမှ ဘုရားကျောင်းဆီသို့ ဝေါယာဉ်ဖြင့် သယ်ဆောင်ခြင်းကို ခံရ၏။ ပြီးနောက် မင်္ဂလာဧည့်ခံပွဲ ကျင်းပရာ တည်နေရာဆီသို့ ခေါ်ဆောင်ခြင်း ခံရပြန်၏။
ရွှမ်ဝူအိမ်တော်သည် မီးအိမ်များ၊ အလှအပ စာတမ်းများနှင့် ဆင်မြန်းထား၏။ ပွဲတက်ရောက်ကြသည့် လူများမှာ မများပြားချေ။ သို့ပေမဲ့ လူတစ်ရာကျော်ခန့်တော့ ရှိနေ၏။ ၎င်းတို့ထဲမှ တစ်ဝက်ခန့်သည် မြို့စားအိမ်တော်မှ လူများဖြစ်ပြီး ကျန်သည့်လူများမှာတော့ ရွမ်ဝူမြို့၏ နာမည်ကျော်ကြားသော လူများဖြစ်၏။ နာမည်ကြီး ကျောင်းတော်သားများ၊ မြို့၏ နာမည်ကျော် အမှုထမ်းများ၊ စစ်ဘက်ရေးရာ ပုဂ္ဂိုလ်များ၊ ထူးချွန်သည့် သိုင်းပညာရှင်များ ပါဝင်ကြသည်။
ရွှမ်ဝူအိမ်တော်၏ သခင်မလေး လက်ထပ်မည့်အချိန်တွင် ဧည့်ပရိသတ် တော်တော်များများတို့ ရောက်ရှိ လာခဲ့ကြ၏။ သူမသည် နုကျင်းစီရင်စုတွင်သာမက အစိုးရအဖွဲ့၏ တော်ဝင်မျိုးနွယ်တစ်ယောက်လည်း ဖြစ်သည် မဟုတ်ပါလား။ ယနေ့ လက်ထပ်ပွဲသည် အလျင်လိုလွန်းသည်ဟု ပြောရ၏။ ထို့ကြောင့် နုကျင်း စီရင်စုမှ ဧည့်သည်များသည် အလျင်စလိုဖြင့် လာခဲ့ရ၏။ မြို့စားအိမ်တော်၏ သမိုင်းတွင် အလျင်အလိုဆုံးသော မင်္ဂလာပွဲတစ်ခု ဟု သတ်မှတ်ရပေမည်။
အဓိကဟောခန်းထဲသို့ ရောက်ရှိနေသည့် ဧည့်ပရိသတ်များသည် တစ်ယောက်နှင့်တစ်ယောက် စကားပြောလျက် ရှိနေသည် ဆိုလျှင်တောင်မှ ၎င်းတို့သည် ၎င်းတို့၏ စကားများအပေါ် စိတ်ပါဝင်စားမှု မရှိလှချေ။ အားလုံးသော သူတို့သည် တံခါးဆီသို့သာ ဦးတည် ကြည့်ရှုနေကြ၏။
ယနေ့ည၏ သူတို့သားက မည်သူဖြစ်သနည်း။ ကျင်းမူလန်သည် ရွှမ်ဝူမြို့၏ မင်းသမီးဖြစ်၏။ သူမ လက်ထပ်ချင်သည့်လူသည် မည်သို့သော လူမျိုးဖြစ်သနည်း။ မည်မျှ ထူးချွန်သည့် လူဖြစ်သနည်း။ မိန်းကလေး၏ အိမ်တော်ဘက်သို့ လက်ထပ်ရန် လိုက်ပါလာခဲ့သည့် လူတစ်ယောက် ဖြစ်သည်ဆိုလျှင်တောင်မှ အားလုံးသောသူတို့ အသည်းနာလောက်အောင် မနာလိုဖြစ်စေနိုင်သည့် လူမျိုးပင်။
အထူးသဖြင့် လက်မထပ်ရသေးသည့် လူငယ်ပါရမီရှင်များပင်ဖြစ်သည်။ ၎င်းတို့၏ မျက်နှာများသည် နီမြန်းလျက် ရှိနေပြီး တံခါးဝဆီသို့ ဒေါသတကြီးဖြင့် စိုက်ကြည့်နေကြ၏။
မည်သူဖြစ်သနည်း။ မိန်းကလေး ကျင်းမူလန်နှင့် ထိုက်တန်သည့်လူသည် မည်သူဖြစ်သနည်း။ ဟုတ်ပေသည်။ သူတို့အနေနှင့် ဖိတ်စာများကို လက်ခံရယူခဲ့ခြင်း မရှိချေ။ အဝတ်နက်ဂိုဏ်းခေါင်းဆောင် ထျန်းဟန်ကဲ့သို့ပင် ၎င်းတို့သည် မျက်နှာအရေပြား ထူထဲစွာဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ထျန်းဟန်သည် အလွန်အမင်း ကြောက်လန့်လို့ နေ၏။ ရှမ့်လန် သတို့သား ဖြစ်နေမည်ကို စိုးရွံ့မိနေခြင်းပင်။ ဤအရာသည် ကပ်ဘေးကြီးပင် ဖြစ်ပေလိမ့်မည်။
သူ့ကဲ့သို့ပင် ရောက်ရှိလာခဲ့သည့် ဧည့်သည်များသည် သတို့သား မည်သူဖြစ်သည်ကို စုံစမ်းလျက် ရှိနေကြ၏။ ၎င်းတို့ ခန့်မှန်းပြောဆိုနေသည့် ဖြစ်နိုင်ဖွယ်ရာလူများသည် ပါရမီရှင် လူငယ်လူရွယ်များပင် ဖြစ်၏။ အနည်းဆုံးအနေနှင့် ထူးချွန်သည့် ကျောင်းတော်သား တစ်ယောက်ယောက် ဖြစ်နိုင်သည်။
“အင်း.. တုလန်၊ ငါ ခန့်မှန်းတာပဲနော်။ သတို့သားက အနည်းဆုံးတော့ ဂုဏ်သရေရှိလူ တစ်ယောက်ယောက် ဖြစ်လိမ့်မယ်နဲ့တူတယ်”
“ဟုတ်တယ်။ ကျင်းမိသားစုဆိုတာက သာမန်တော်ဝင်မျိုးနွယ် မိသားစုတစ်ခု မဟုတ်ဘူးလေ။ လယ်ယာမြေတွေ အများကြီး ပိုင်ဆိုင်တဲ့ တော်ဝင်မိသားစုတစ်ခုပဲ။ ကျောင်းတော်သား တော်တော်များများက ပါရမီ ရှိတယ်ဆိုပေမဲ့ နောက်ခံ မရှိကြဘူးလေ။ ရွှမ်ဝူအိမ်တော်ထဲကို ဘယ်လိုလုပ် ဝင်ခွင့်ရမှာလဲ။ တကယ့်ကို ချမ်းသာပြီး ဩဇာအာဏာ ပိုင်ဆိုင်တဲ့လူ ဖြစ်နေမလား မသိဘူး”
မင်နိုင်ငံတော်တွင် သမက်တော်များ အနေနှင့် အင်ပါရီယာ စာမေးပွဲကို ဖြေဆိုခွင့်မပြုဆိုသည့် စည်းမျဉ်း စည်းကမ်းကို ချမှတ်ထားခဲ့၏။ သို့ပေမဲ့ ရွှဲ့ပြည်နယ်မှာတော့ ထိုကဲ့သို့သော စည်းမျဉ်းမျိုး မရှိချေ။
“ဟုတ်တယ်။ မိန်းကလေးကျင်းမူလန်က အရမ်းကို လှပပြီး ထူးချွန်တယ်။ သူမကို နှစ်သက်တဲ့လူ ဘယ်လောက်များလဲ ဆိုတာ သေသေချာချာတောင် မသိနိုင်ဘူး”
“ဟုတ်တယ်။ သာမန် ကျောင်းတော်သားတစ်ယောက်အနေနဲ့ မိန်းကလေး ကျင်းမူလန်ကို လက်ထပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”
ရှမ့်လန်ဆိုသည့် စကားလုံးကို သူတို့ တစ်ခွန်းလေးမှ ထုတ်ဖော် မပြောဆိုခဲ့ချေ။ အဘယ်သို့ ဖြစ်နိုင်မည်နည်။ ဖားနှင့်မြွေ ယှဉ်တွဲ၍ နေထိုင်သလိုပင် ဖြစ်ပေလိမ့်မည်။
ထျန်းဟန်သည် ထိုစကားများကို ကြားရတော့ အနည်းငယ် စိတ်အေးသလို ဖြစ်နေမိ၏။
ထိုအချိန်မှာတော့ ကျန်းကျင်းသည် တံခါးဝဆီသို့ စူးစိုက်ကာ ကြည့်ရှုနေ၏။ ယနေ့ည၏ သတို့သားအား သူ တကယ်ပင် မနာလို ဖြစ်မိနေ၏။ ကျင်းမူလန်သည် မည်သူဖြစ်သနည်း။ လူငယ်၊ လူရွယ်ပေါင်းများစွာ၏ စိတ်ကူးယဉ် အိမ်မက်ချစ်သူပင် ဖြစ်၏။ ထိုအထဲတွင် ကျန်းကျင်းလည်း အပါအဝင်ပင်။
မင်္ဂလာပွဲသည် အလျင်စလိုနှင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သူ သတိပြုမိ၏။ အဘယ်ကြောင့်ဆိုသော် ရွှမ်ဝူ အိမ်တော်သည် သူတို့၏ သမီးတော်အား တခြားသော မိသားစုဆီသို့ ပါသွားမည်ကို မနှစ်သက်သောကြောင့် ဖြစ်ပေလိမ့်မည်။ ထို့အပြင် ကျိုးမိသားစုကလည်း လမ်းတစ်ဝက်တွင် ရောက်နှင့်နေပြီ မဟုတ်ပါလား။
ကျန်းကျင်းအနေနှင့် ထိုအရာများကို ဂရုမစိုက်ချေ။ ကျင်းမူလန်ကဲ့သို့ မိန်းကလေးတစ်ယောက်အနေနှင့် ကျိုးဟုန်ရွှဲ့ကဲ့သို့ လူတစ်ယောက်နှင့် လက်မထပ်ရခြင်းကို သူက ဘေးတစ်ဖက်မှ ကြည့်ရှုရင်း ပျော်ရွှင်နေမိ၏။
ရှစ်ချင်းချင်းသည် သူမသတို့သားလောင်း၏ မျက်လုံးများကို ကြည့်ရှုရင်း မနာလိုဖြစ်သလို ခံစားနေမိ၏။ သို့ပေမဲ့ သူမသည် ထုတ်ဖော်မပြောဆိုခဲ့ချေ။ ထိုအစား ပြုံး၍သာ ပြောလိုက်သည်။ “ကျွန်မ တကယ်ကို စိတ်ဝင်စားမိတယ်။ မိန်းကလေး ကျင်းမူလန်ကို လက်ထပ်နိုင်တဲ့ ကံကောင်းတဲ့သူက ဘယ်သူများလဲ မသိဘူး”
ထိုအချိန်မှာတော့ တည်နေရာတစ်ခုလုံးသည် ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွား၏။ အဘယ်ကြောင့် ဆိုသော် မြို့စားကြီးနှင့် မြို့စားကတော် ရောက်ရှိလာသောကြောင့်ပင်။ ၎င်းတို့သည် အရှေ့ဆီသို့ လှမ်းလျှောက်လာခဲ့ပြီး စားပွဲ၏ ထိပ်တည်နေရာတွင် ထိုင်လိုက်ကြ၏။
ခပ်ဝဝ လူငယ်တစ်ယောက်သည်လည်း သူတို့၏ ဘေးတစ်ဖက်တွင် တည်ရှိနေ၏။ ၎င်းကို ကြည့်ရှုရသည်မှာ ပျော်ရွှင်နေသည့် ပုံစံအမူအရာမျိုး မရှိချေ။ မြို့စားကြီး၏ သားတော်ပင်ဖြစ်ပေမည်။
အားလုံးသောသူတို့သည် သတိအပြည့်နှင့် ဖြစ်သွားမိသည်။ မင်္ဂလာအခမ်းအနားသည် ကျင်းပတော့မည်ဖြစ်၏။ သို့ပေမည့် သတို့သားက ပေါ်မလာသေးချေ။
ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း
ထိုအချိန်မှာပဲ ဗျောက်အိုးဖောက်သံများ အပြင်ဘက်ဆီမှ ထွက်ပေါ်လာခဲ့၏။ သတို့သား ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ အားလုံးသောသူတို့သည် အလုအယက်နှင့် ဤသောက်ကျိုးနည်း ကံကောင်းသည့်လူကို ကြည့်ချင်စိတ် ပြင်းထန်နေကြ၏။ အားလုံးသောသူတို့၏ အကြည့်အောက်မှာပဲ ဝေါယာဉ်ကြီးက တဖြည်းဖြည်း ဝင်ရောက် လာခဲ့၏။
ဝေါယာဉ်၏ လိုက်ကာကို အသာမကာဖြင့် သတို့သားသည် အပြင်သို့ လျှောက်ထွက်လာခဲ့သည်။
၎င်းသည် ငွေဖြူရောင် မျက်နှာဖုံးကို ဝတ်ဆင်ထားသောကြောင့် ၎င်း၏ မျက်နှာသွင်ပြင်ကို ရှင်းရှင်းလင်းလင်း မမြင်ရချေ။ သို့ပေမဲ့ အတော်ပင် ပိန်ပါးလှ၏။ ခန္ဓာကိုယ်သည် ပိန်သွယ်လွန်းလှပြီး လက်များကလည်း သပ်ရပ်ကာ လှပလွန်း၏။ ကျောင်းတော်သား တစ်ယောက်သာ ဖြစ်ပေလိမ့်မည်။
အားလုံးသောသူတို့သည် ရွှဲ့ပြည်နယ်မှ မည်သည့်ကျောင်းတော်သား ဖြစ်ကြောင်းကို ခန့်မှန်းလို့ နေခဲ့၏။
“သတို့သမီး ရောက်လာပါပြီ” ကျင်းမူလန်ကလည်း ပေါ်ပေါက်လာခဲ့သည်။
သက်ရှိ လူသားအားလုံးတို့သည် အသက်ကိုပင် ရဲရဲမရှူရဲကြချေ။ အမျိုးသမီး အားလုံးသည်လည်း မျက်လုံးအပြူးသား ဖြစ်လို့နေခဲ့ကြ၏။ ၎င်းတို့၏ မျက်နှာပေါ်၌ မနာလိုသည့် အရိပ်အယောင်များ ဖြစ်ပေါ်လာ၏။ အဘယ်ကြောင့်ဆိုသော် ကျင်းမူလန်သည် သမက်တော်တစ်ယောက်ကို လက်ထပ်ခဲ့သောကြောင့် တောက်ပသည့် အနီရောင်ဝတ်စုံကို ဝတ်ဆင်မထားခဲ့ချေ။ ထိုအစား အဖြူရောင်ဝတ်စုံကိုသာ ဝတ်ဆင်ထား၏။
ထိုဝတ်စုံသည် ယောက်ျား၊ မိန်းမ မည်သူမဆို ဝတ်ဆင်လို့ရသည့် အရာမျိုးကဲ့သို့ပင် ဖြစ်သော်လည်း တင်းတင်းကျပ်ကျပ်ဖြင့် သူမ၏ ခန္ဓာကိုယ်အသွင်သဏ္ဍာန်ကို ထင်ထင်ရှားရှား ပေါ်ပေါက်စေ၏။ ကျင်းမူလန် သည် အမျိုးသမီး စစ်သူကြီးတစ်ယောက်ကဲ့သို့ပင် အားကောင်းလွန်းသည်ဟု အားလုံးသောသူတို့က အသိအမှတ်ပြုမိသည်။
ဤရှည်လျားသည့် အဖြူရောင်ဝတ်စုံသည် သူမ၏ ကောက်ကြောင်းများကို အထင်းသား ပေါ်ပေါက်လျက် ရှိနေ၏။ သူ၏ ရင်သား၊ ခါး၊ တင် ... အရာအားလုံးတို့သည် လိုက်ဖက်ညီသည့် အရာမျိုးပင်။
တည်ရှိနေသည့် ယောက်ျားပေါင်း များစွာတို့သည် အသက်ကိုပင် ရဲရဲ မရှူရဲသလို စူးစိုက်ကြည့်မိနေ၏။ သူမသည် အလွန်တရာ လှပပြီး ဆွဲဆောင်မှု ရှိလွန်းလှ၏။ ကျင်းမူလန်၏ အမူအရာသည် ခံစားချက် ကင်းမဲ့လို့နေ၏။ သူမသည် သူမ၏ ပျော်ရွှင်မှုများ အားလုံးကို လိုလိုချင်ချင်ဖြင့် မိသားစုအတွက် စတေးခဲ့ပြီ ဖြစ်၏။
ထို့အပြင် ရှမ့်လန်ကဲ့သို့သော လူတစ်ယောက်ကို သမက်တော်အဖြစ် မိသားစုထဲသို့ ခေါ်ဆောင်ခြင်း ဆိုသည်မှာ မိသားစုနောင်ရေးအတွက် စိတ်အေးစရာပင်။ သို့ပေမဲ့ ရှမ့်လန်၊ ဤလူသည် ဆိုးရွားလွန်းသည့် ဂုဏ်သိက္ခာကို ပိုင်ဆိုင်သူဖြစ်၏။ နိမ့်ပါးသည့် ဉာဏ်ရည်သာ ပိုင်ဆိုင်ပြီး မိမိ၏ ဘဝ၊ မိမိ၏ လမ်းစဉ်ကိုပင် ဖြောင့်အောင် လျှောက်လှမ်းနိုင်သည့်လူ မဟုတ်ပေ။
ဆယ်နှစ်ကျော် လေ့လာခဲ့သော်လည်း ကျောင်းမှ အသိအမှတ်ပြုမူကို မရှိခဲ့ချေ။ ထို့ကြောင့် သူမသည် မိသားစု အတွက် စတေးခဲ့သည် ဆိုလျှင်တောင်မှ ထိုကဲ့သို့သော ယောက်ျားမျိုးကို လက်ထပ်ခဲ့ရခြင်းအတွက် ဝမ်းမနည်းဟု ပြောဆိုပါက လိမ်ညာခြင်းသာ ဖြစ်ပေလိမ့်မည်။
..............
“မင်္ဂလာအချိန် ကျရောက်လာပါပြီ”
အားလုံးသောသူတို့သည် ညီညီညာညာဖြင့် မတ်တပ်ထရပ်လိုက်၏။
“ပထမဦးဆုံး ကောင်းကင်နဲ့မြေကြီးကို ကန်တော့မယ်။”
“ဒုတိယ မိဘတွေကို ကန်တော့မယ်။”
“တတိယ ယောက်ျားနဲ့ မိန်းမ တစ်ယောက်နဲ့တစ်ယောက် ကန်တော့ကြမယ်။”
“မင်္ဂလာပွဲပြီးသွားရင် သူတို့ကို မင်္ဂလာအခန်းဆီ ပြန်ပြီးတော့ ပို့ကြမယ်”
မင်္ဂလာပွဲ အခမ်းအနားသည် တိုတိုတုတ်တုတ်နှင့် မြန်မြန်ဆန်ဆန် ပြီးမြောက်သွား၏။ သမက်တော် တစ်ယောက်အနေနှင့် သူသည် သူ၏ မျက်နှာဖုံးကို မင်္ဂလာအိပ်ခန်းထဲသို့ ရောက်ရှိမှသာလျှင် ချွတ်ရန် လိုအပ်၏။ ဤအရာသည် သူ့ကို သတ်ဖြတ်နေ သကဲ့သို့ပင်။
ရုတ်တရက် အသံတစ်ခုက ထွက်ပေါ်လာ၏။ ရွှမ်ဝူမြို့တော် အုပ်ချုပ်ရေးရုံးမှ လျှိုချမ်းယန်ပင် ဖြစ်၏။ “မြို့စားကြီး... လုပ်ရိုးလုပ်စဉ်အရ သမက်တော်က မင်္ဂလာအိပ်ခန်းထဲကို ရောက်ပြီးမှ သူရဲ့မျက်နှာဖုံးကို ချွတ်ဖို့လိုတာလေ။ ဒါပေမဲ့ ကျုပ် တကယ့်ကို သိချင်တယ်။ မိန်းကလေး ကျင်းမူလန် လက်ထပ်ခဲ့တာ ဘယ်လို ပါရမီရှင်မျိုးလဲဆိုတာ ကျုပ် သိချင်တယ်။ ဒါမှ ကျုပ်ရဲ့ သိချင်စိတ်ကို ငြိမ်းသက်ပေးနိုင်မှာပဲ”
လျှိုချမ်းယန်သည် အားလုံးသောသူတို့၏ စိတ်ကူးများကို ထုတ်ဖော်ကာ တောင်းဆိုခဲ့ခြင်းပင်ဖြစ်သည်။
ထိုအချိန်မှာတော့ အပြင်ဘက်ဆီမှ ရယ်မောသံတစ်ခု ထွက်ပေါ်လာ၏။ ရယ်သံသည် အနည်းငယ်တော့ အေးစက်လို့နေ၏။
“ဟား ဟား ဟား ….ကျုပ် ရောင်းရင်းဆီ လာလည်တာ။ ဒါပေမဲ့ မင်္ဂလာပွဲနဲ့ လာတွေ့နေတာကိုး” ရယ်သံသည် အားလုံးသော သူတို့၏ နားထဲသို့ ဝင်ရောက်လာခဲ့၏။ နားစည်များကိုပင် တုန်ခါသွားစေခဲ့၏။ ဤလူ၏ သိုင်းပညာ အဆင့်အတန်း သည် အလွန်ပင် မြင့်မားပေလိမ့်မည်။ ရယ်သံနှင့်အတူ အရပ်ခပ်ရှည်ရှည်နှင့် လူတစ်ယောက်သည် ဖြည်းညင်းစွာ လျှောက်ဝင်လာခဲ့သည်။
မြို့စားကြီးသည် လျင်လျင်မြန်မြန် ထရပ်ကာဖြင့် ထိုသူကို သွားရောက်ကြိုဆို၏။
အားလုံးသော သူတို့သည်လည်း ဦးညွတ်ကာဖြင့် ၎င်းတို့၏ အလေးအမြတ်ပြုမှုကို ထုတ်ဖော် ပြသကြသည်။ “နှုတ်ဆက်ပါတယ် အရှင်ကျူးလင်း”
ဤလူသည် ကျူးလင်းပင်ဖြစ်၏။ ထျန်လန်အုပ်ချုပ်ရေးမှုး၏ ကျူးကျွင်း၏ ညီငယ်လေးပင် ဖြစ်၏။ ထို့အပြင် သူသည် မိဖုရားခေါင်ကြီး၏ မောင်လေးလည်းဖြစ်သလို ရွှဲ့ပြည်နယ်၏ ဂုဏ်သိက္ခာ ကြီးမားသည့်စစ်သူကြီး တစ်ယောက်လည်းဖြစ်၏။
မူလအားဖြင့် သူသည် ကျိုးကလန်ကို ကိုယ်စားပြုပြီး ရွှမ်ဝူအိမ်တော်အတွက် မင်္ဂလာစကား လာရောက် မြန်းခြင်းပင် ဖြစ်၏။ သူ၏အမြန်နှုန်းသည် အလွန်တရာ မြန်ဆန်သည်ဟု သတ်မှတ်ရပေမည်။ တစ်ရက်အတွင်း မိုင်နှစ်ရာ၊ သုံးရာကို ခရီးနှင်ကာ ရောက်ရှိလာခဲ့ခြင်းဖြစ်၏။ သို့ပေမဲ့ သူမထင်မှတ်ထားလောက်အောင်ပဲ ရောက်ရှိ လာသည့်အချိန်တွင် ကျင်းမူလန်က မင်္ဂလာဆောင်နေပြီ ဖြစ်လေ၏။
ယနေ့မှ မင်္ဂလာပွဲကျင်းပခဲ့၏။ ဤအရာသည် ဘာကိုဆိုလိုသနည်း။ ရှင်းလင်းလွန်းနေပြီ မဟုတ်ပါလား။ တစ်ဖက်မိသားစုသည် ကျိုးမိသားစု သားတော်နှင့် လက်မထပ်ချင်ပေ။ သို့ပေမဲ့ ငြင်းပယ်၍လည်း မရသောကြောင့် အလျင်အမြန်ဖြင့် တွေ့ရာ လူတစ်ယောက်ကို လက်ထပ်ခဲ့ခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။
“ရွှမ်ဝူမြို့စားကြီးက တကယ့်ကို ရက်စက်တယ်။ ကျုပ်ရဲ့တူမလေး မင်္ဂလာဆောင်တာကို ကျုပ်ကို သတင်း မပေးဘူး။ ရွှမ်ဝူမြို့ကို ကျုပ်က စီးပွားရေးကိစ္စနဲ့ လာခဲ့တာသာ မဟုတ်ဘူးဆိုရင် ဒီကိစ္စကို ကျုပ် လွတ်ပြီ မဟုတ်လား”
ကျူးလင်း၏ မျက်လုံးများက အေးစက်လျက် ရှိနေ၏။ သူသည် ပြုံးကာ ပြောလိုက်၏။ “အင်း.. ကျုပ်ရဲ့ တူမလေး မူလန်နဲ့ ထိုက်တန်တဲ့လူငယ်က ဘယ်လိုလူငယ်လဲဆိုတာ ကျုပ်သိချင်တယ်။ မျက်နှာဖုံးကို ချွတ်ပြီး ကြည့်ရအောင်”
“ဟုတ်တယ်။ မျက်နှာဖုံးကို ချွတ်ပြီး ကြည့်ကြမယ်” အားလုံးသောသူတို့သည် မည်သို့မှ မနေနိုင်ဘဲ ထကာ အော်ဟစ်လိုက်မိကြသည်။
ကျင်းမူလန်သည် ရှမ့်လန်ကို လှမ်းကြည့်ကာဖြင့် ခေါင်းညိတ်လိုက်၏။
ရှမ့်လန်သည် မျက်နှာပေါ်တွင်ရှိနေသည့် မျက်နှာဖုံးကို ချွတ်ယူလိုက်၏။ ချက်ချင်းဆိုသလိုပဲ အားလုံးသော သူတို့သည် မျက်လုံးအပြူးသား ဖြစ်လို့သွားခဲ့သည်။
ထျန်းဟန်၏ မျက်လုံးများကလည်း ပြူးကျယ်နေ၏။ သူ၏ ကျောရိုးမကြီး တစ်ခုလုံးသည် စိမ့်တက်သွားခဲ့၏။ တကယ်ပင် ရှမ့်လန် ဖြစ်လို့နေ၏။ သူတို့ ဒုက္ခရောက်ပြီဖြစ်၏။
ဤနေရာတွင် အတုန်လှုပ်ဆုံးသောလူသည် ရှစ်ချင်းချင်းနှင့် ကျန်းကျင်းတို့ပင် ဖြစ်၏။ လက်ရှိအချိန်မှာတော့ ရှစ်ချင်းချင်းသည် သူမကိုယ်သူမ မထိန်းချုပ်နိုင်ခဲ့တော့ချေ။ သူမ၏ ဂုဏ်သိက္ခာ ကြီးမားသည့် ဟန်ပန် အမူအရာများကို ဖယ်ခွာကာဖြင့် ပါးစပ်အဟောင်းသားဖြင့် ရှမ့်လန်၏ ချောမောသည့် မျက်နှာအား မယုံကြည်နိုင်သလို စူးစိုက် ကြည့်ရှုနေသည်။