← Chapters

အပိုင်း (၂၅)

Vol. 2 Ch. 25

အပိုင်း (၂၅)

Vol. 2 Ch. 25

ကျောင်းတော်သား ရန်ချုံး၏ ပါးစပ်မှ ထွက်လာသည့် စကားလုံးများကို ကြားရသည့်အချိန်မှာတော့ လူအများအပြားတို့သည် မျက်ရည်ထွက်လုမတတ်ပင် ထကာ ရယ်မောလိုက်ကြ၏။

ကျင်းမူလန်ပင် မည်သို့မှ မနေနိုင်ဘဲ ပြုံးမိ၏။ သူမ၏ အပြုံးသည် တစ်လောကလုံးတွင် ရှိနေသည့် ပန်းပေါင်းများစွာတို့ ပွင့်လန်း သွားသကဲ့သို့ပင် ကြည့်ကောင်းလွန်းလှသည်။

သို့ပေမဲ့ ရန်ချုံးဆရာ၏ မျက်နှာတခုလုံးသည် ပျက်ယွင်းသွားခဲ့၏။ ၎င်း၏ မျက်နှာပေါ်တွင် တင်းမာ ခက်ထန်သည့် အရိပ်အယောင်များ ထင်ပေါ်လာခဲ့၏။

ရန်ချုံးသည် ထိုစကားလုံးကို အော်ပြီးသည့်နောက် အလှည့်စားခံလိုက်ရပြီ ဖြစ်ကြောင်း ချက်ချင်း နားလည်လိုက်၏။ သူပြောဆိုခဲ့သည့် စကားလုံးများသည် ကောင်းကင်ပေါ်သို့ မော့ကာ တံတွေးထွေးခဲ့သလိုပင် ထိုတံတွေးသည် သူ၏ မျက်နှာပေါ်သို့ ပြန်လည်ကာ ကျဆင်းခဲ့၏။ ထို့ကြောင့် သူသည် တစ်ကိုယ်လုံး တုန်ယင်သည်အထိ ဒေါသထွက်မိသည်။

ရှမ့်လန်အား လက်ညှိုးငေါက်ငေါက်ထိုးကာ ပြောလိုက်၏။ “မင်း … မင်း”

“ဟုတ်တယ်။ ခင်ဗျားက အရူးပဲ”

ရှမ့်လန်က ပြောဆိုလိုက်၏။ “အစ်ကိုရန်ချုံး... ခင်ဗျားက ငယ်ငယ်တုန်းက အစဉ်အမြဲ ရိုးသားခဲ့တယ်။ အခု မဟုတ်တော့ဘူး။ ခင်ဗျား ရူးသွားပြီ”

ရန်ချုံးသည် ပေါက်ကွဲလုမတတ်ပင် ဒေါသထွက်လျက် ရှိနေ၏။ သူသည် ချက်ချင်းထကာ ငြင်းခုံချင်စိတ် ရှိ၏။ ထိုအချိန်မှာတော့ သူ၏ဆရာဖြစ်သော မြို့တော်ဝန်ဟောင်း ကျန်းပိုရန်သည် အေးစက်စက်ဖြင့် ဝင်ရောက်ကာ ပြောဆိုလိုက်သည်။ “ပြန်ထိုင်လိုက်တော့။ ဒီလောက်နဲ့ အရှက်ကွဲတာ မကျေနပ်သေးဘူးလား”

ကျောင်းတော်သား ရန်ချုံးသည် ဒေါသတကြီးဖြင့် အနောက်သို့ ဆုတ်လိုက်၏။ အားလုံးသော သူတို့၏ လှောင်ပြောင်နေသည့် မျက်လုံးများကို အာရုံခံမိသည့်အချိန်မှာတော့ သူသည် မြေပြင်ပေါ်၌ တွင်းတစ်ခုတူးကာ ဝင်ပုန်းချင်စိတ်များပင် ပေါက်လျက်ရှိနေ၏။ သူကဲ့သို့သော ကျောင်းတော်သား တစ်ယောက်တွင် အရေးကြီးဆုံး အရာမှာ ဂုဏ်သိက္ခာပင်ဖြစ်၏။

“ကျုပ်က အရူးပဲ” ဟူသည့် စကားလုံးကို အလုံးစုံသော သူတို့၏ရှေ့တွင် ပြောဆိုခဲ့မိသောကြောင့် သူ၏ လက်ကျန်ဘဝတစ်ခုလုံးတွင် အားလုံးသောသူတို့၏ လှောင်ပြောင်မှုကို ခံရတော့မှာ သေချာ၏။ သူ နန်းတွင်း စာမေးပွဲ သွားရောက်ဖြေဆိုမည်ဆိုလျှင်တောင်မှ ထိုအရာက သက်ရောက်လာပေလိမ့်မည်။

ရုတ်တရက် ရန်ချုံးသည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “မြို့စားကြီး.. ဒါက ခင်ဗျားတို့ရဲ့ မြို့စားအိမ်တော်ပါ။ ရှမ့်လန်က သမက်တော်တစ်ယောက် ဖြစ်တယ်။ ဒီလိုမျိုး ပြုလုပ်တယ်ဆိုတာ ကျင်းမိသားစုရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးသလို ဖြစ်နေတယ် မဟုတ်ဘူးလား”

မြို့စားကြီးသည် ပြုံးကာ မည်သည့်စကားမှ မဆိုလာချေ။ သူ့အနေနှင့် တန်ပြန် ဖြေဆိုနေစရာ အကြောင်းမရှိပေ။ တစ်ဖက်လူသည် သာမာန်ကျောင်းတော်သား တစ်ယောက်သာ ဖြစ်၏။ တစ်ဖက်လူ၏ ဆရာသည် မြို့တော်ဝန်ဟောင်း တစ်ယောက် ဖြစ်နေသည်သာ မဟုတ်ပါက ဤနေရာဆီသို့ ဝင်ခွင့်ပင် ရလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ထိုကဲ့သို့သောလူမျိုး၏ မေးခွန်းများကို သူသာ ပြန်လည် ဖြေဆိုပါက တစ်ဖက်လူနှင့် တန်းတူညီသလိုဖြစ်သွားမည် မဟုတ်ပါလား။

ထို့အပြင် ရန်ချုံးသည် သာမာန်ကျောင်းတော်သား တစ်ယောက်သာဖြစ်ပြီး ဤနေရာဆီသို့ ရောက်ရှိလာခဲ့ ပြီးသည့်နောက် မြို့စားအိမ်တော်၏ လက်ထပ်ပွဲအကြောင်းကို မေးခွန်းထုတ်ရဲနေ၏။ မြို့စားရွှမ်ဝူသည် ထိုမျှ သဘောကောင်းသည့် လူတစ်ယောက် မဟုတ်ချေ။

ရှမ့်လန်က ပြုံးကာဖြင့် ပြောလိုက်၏။ “ရန်ချုံး.. ခင်ဗျားက မေးထားတဲ့ စကားလုံးလေးကို ပြောဆိုခဲ့တာပဲ။ ကျုပ်ကလည်း ညစ်ညစ်ပတ်ပတ် စကားလုံးတွေ ရေးခဲ့တာမှ မဟုတ်တာ”

ရှမ့်လန်က ပြောလိုက်သည်။ “ရွှမ်ဝူမြို့မှာရှိတဲ့ ကျင်းမိသားစုရဲ့ ဂုဏ်သိက္ခာကို ပျက်ဆီးသွားဖို့ အတွက်ကတော့ ကျိန်းသေပေါက် မစိုးရိမ်နဲ့။ ကျင်းမိသားစုက အရမ်း အားကောင်းတယ်။ ဒီလို ကိစ္စသေးသေးငယ်ငယ်လေးက ကျုပ်တို့ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး။ ကျင်းမိသားစုရဲ့ ဂုဏ်သိက္ခာက လူတွေအားလုံးပေါ်မှာ မူတည်နေတာလေ။ မြို့စားကြီးရဲ့ ချစ်ခြင်းမေတ္တာက လူတွေအားလုံးအပေါ်မှာ ညီတူညီမျှ တည်ရှိပြီးတော့ အရှင်မင်းမြတ်ကိုလည်း သစ္စာရှိတယ်။ ဒီကိစ္စက ခင်ဗျားလို ကျောင်းတော်သားတစ်ယောက်နဲ့ စာပေလေ့လာ လိုက်စားမှု ပြိုင်ဆိုင်လိုက်ရုံနဲ့ ပျက်စီးသွားနိုင်တဲ့ အရာမျိုးမှ မဟုတ်တာ”

ထိုအကြောင်းအရာကို ကြားသည့်အချိန်မှာတော့ ရွှမ်ဝူမြို့စားကြီးသည် ရုတ်တရက် ဆွံ့အသွားမိ၏။ သူတွေးနေသည်မှာ ဤအရာ အတိအကျသာ ဖြစ်၏။ ယခင်တုန်းက ကျင်းမူလန်သည် ရှမ့်လန်နှင့် လက်ထပ်မည်ဟု ပြောဆိုခဲ့စဉ်က သူသည် တစ်ဖက်လူကို သတ်ဖြတ်ရန်ပင် စိတ်ကူးခဲ့မိ၏။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ ရှမ့်လန်အား တကယ့်ကို တော်လွန်းသည့် လူတစ်ယောက်ကဲ့သို့ သူ ခံစားနေမိ၏။ ထို့အပြင် သူ၏ နှလုံးသားထဲတွင်ရှိနေသည့် အခြေခံသဘောတရားများကို ကောင်းကောင်း နားလည်သည့် လူတစ်ယောက် ဖြစ်လို့နေ၏။

မြို့စားအိမ်တော်၏ ဂုဏ်သတင်းသည် ရွှမ်ဝူမြို့ထဲတွင် နေထိုင်သည့် လူအများအပြားတို့အပေါ် ချစ်ခြင်း မေတ္တာနှင့် ဆက်ဆံသည်ဟူသော အကြောင်းအရာပင် ဖြစ်၏။ သို့ပေမဲ့ သူသည် ကြင်နာသနားတတ်သူ တစ်ယောက် ဖြစ်၏။ ပျော့ညံ့သူတစ်ယောက် မဟုတ်ချေ။ အားလုံးသောသူတို့သည် သူ့ကို လာရောက်ကာဖြင့် ဟိုတောင်းဆို၊ ဒီတောင်းဆို လုပ်နေမည်ဆိုလျှင် မည်သို့ ဖြစ်မည်နည်း။

တစ်စုံတစ်ယောက်သည် သူ၏ သမက်တော်ကို ဆူငေါက်၍ရသည်ဆိုပါက အနာဂတ်တွင် သူ၏ဂုဏ်သိက္ခာသည်ပါ ကျဆင်းနိုင်သည် မဟုတ်ပါလား။

ရှစ်ချင်းချင်းသည် ရှမ့်လန်၏စကားများကို ကြားရသည့်အချိန်မှာတော့ တုန်လှုပ်သွားမိ၏။ “အရင်တုန်းက စကားလုံး တစ်လုံးကိုတောင် ပြည့်ပြည့်စုံစုံနဲ့ မပြောနိုင်လောက်အောင် ထုံအခဲ့တဲ့ လူတစ်ယောက်က ရှစ်မိသားစုကနေ ကန်ထုတ်ခံရပြီးတဲ့နောက်မှာ ဘယ်လိုဖြစ်ပြီးတော့ ဒီလောက်တောင် ပြောင်းလဲသွားရတာလဲ”

“အရှက်မဲ့တယ်။ အရှက်မဲ့တဲ့ကောင်ပဲ” ကျန်းကျင်းသည် တီးတိုးရွတ်ဆိုလျက် ရှိနေ၏။ မင်္ဂလာပွဲကို သူ လာရောက် တက်ခဲ့လေ၏။ ရှမ့်လန်သည် ကျင်းမိသားစု၏ ဂုဏ်သိက္ခာအတွက်ပင် ဝင်ရောက်ကာ ပြောဆိုလျက် ရှိနေ၏။ ဤအရာသည် ကျိန်းသေပေါက် တစ်စုံတစ်ယောက်၏ ရွှေပေါင်ကြီးကို ဖက်ခြင်းပင်။

ယခင် မြို့တော်ဝန်ဟောင်း ကျန်းပိုရန်သည် ရန်ချုံး၏ဆရာဖြစ်သလို ကျောင်းတော်သားများအတွက် ကိုယ်စားပြုသည့် အထင်ကရ ပုဂ္ဂိုလ်လည်း ဖြစ်၏။ ထို့ကြောင့် ရှမ့်လန်သည် ရန်ချုံးအား အရှက်မဲ့သည့် ကျောင်းတော်သားတစ်ယောက်ဟု ပြောဆိုခြင်းသည် ကျန်းပိုရန်၏ မျက်နှာကို ပိတ်ရိုက်ခြင်းနှင့်ပင် ဆင်တူနေ၏။

ထို့ကြောင့် ကျန်းပိုရန်သည် ဤကလေးငယ်အား ကောင်းကောင်း သင်ခန်းစာပေးမှ ဖြစ်ပေလိမ့်မည်။ ရှာပါးသည့် စကားလုံးအနည်းငယ်လေးကို သိရှိရုံလောက်နှင့် ဤမျှမောက်မာနေ၍ မဖြစ်ဘူး မဟုတ်လား။

“ကျောင်းတော်သားရှမ့်... ကြည့်ရတာ ရှားပါးတဲ့ စကားလုံးတွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့ပုံပဲ” ကျန်းပိုရန်က မေးမြန်းလိုက်သည်။

ရှမ့်လန်က ပြန်လည်ကာ ပြောဆိုလိုက်၏။ “အင်း... ကျွမ်းကျင်တယ်လို့တော့ ကျုပ် မပြောရဲပါဘူး။ အနည်းငယ် သိရုံလောက်ပါပဲ”

“ကျုပ်ဆီမှာ စကားလုံးတစ်ခုရှိတယ်။ ကျုပ်ရဲ့ ကျောင်းသားတွေက သုံးမရကြဘူးလေ။ ဒါကြောင့် ဒီစကားလုံးကို တစ်ယောက်မှ မသိကြဘူး။ ကျောင်းသားရှမ့်က ဒီအရာကို ရှင်းပြနိုင်မလားဆိုတာ ကျုပ်သိချင်မိတယ်” ကျန်းပိုရန်က မေးမြန်းလိုက်သည်။

သူပြောပြောပြီးချင်းမှာပင် အားလုံးသော သူတို့သည် စိတ်အားတက်ကြွသွားကြ၏။ ကျောင်းတော်သားများသည် မျက်နှာကို ပိတ်ရိုက်ခြင်းကို ခံခဲ့ရ၏။ ထို့ကြောင့် ၎င်းတို့၏ ဆရာကိုယ်တိုင် ထွက်လာခဲ့ပြီး ကိုယ်တိုင်ကိုယ်ကျ ဆုံးမရန် ပြင်ဆင်နေပြီဖြစ်၏။

ကျန်းပိုရန်ဆိုသည်မှာ မည်သူဖြစ်သနည်း။ ရွှမ်ဝူမြို့၏ မြို့တော်ဝန်ဟောင်း တစ်ယောက်ဖြစ်ပြီး သမိုင်း မှတ်တမ်းများကို ထုံလိုကျေ ရေလိုနောက်အ ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်။

ရာထူးမှ အနားယူပြီးနောက် မြို့ထဲတွင် ကျောင်းတစ်ခု ဖွင့်လှစ်ကာ ကျောင်းတော်သားပေါင်းများစွာတို့အား သင်ကြားပြသပေးနေသည်။

ကျန်းပိုရန်၏ ဗဟုသုတသည် မည်မျှများပြားသောကြောင့် ဤသို့သော မေးမြန်းမှုကို ရဲရဲဝင့်ဝင့် လုပ်ရသနည်း။။ ပြောရမည်ဆိုလျှင် ရွှမ်ဝူမြို့စားကြီးသည် ရွှမ်ဝူမြို့၏ သခင်ဖြစ်၏။ အဘယ့်ကြောင့် ယခင်မြို့တော်ဝန်ဟောင်း သည် မြို့စားအိမ်တော်နှင့် တုဖက်ပြိုင်ရန် စဉ်းစားနေသနည်း။ ဤအရာသည် ဘုရင်မင်းမြတ်၏ ဥပဒေအသစ် များကြောင့်ပင်။

လွန်ခဲ့သည့် ဆယ်နှစ်တုန်းက အရှင်မင်းမြတ်သည် မြေပိုင်နက်များကို ပြန်လည်ကာသိမ်းဆည်းခဲ့သည့်အပြင် တော်ဝင်မျိုးနွယ်ဟောင်းများဆီမှ အခွင့်အရေး၊ လုပ်ပိုင်ခွင့်အာဏာများကိုပါ ပြန်လည် သိမ်းဆည်းခဲ့၏။ ထို့နောက် ရွှမ်းဝူမြို့၏ မြို့တော်ဝန်ဟောင်းဆိုသည့် ဂုဏ်သိက္ခာသည် ရွှမ်ဝူမြို့စားကဲ့သို့ပင် ထင်ရှားကျော်ကြားသည့် အရာဖြစ်လာပြီး ဂုဏ်ပုဒ်ချင်း တန်းတူညီသလို ဖြစ်လာ၏။

ပြောရမည်ဆိုလျှင် အဆင့်အတန်းအရ မြို့တော်ဝန်ဟောင်းကြီးသည် ရွှမ်ဝူမြို့စားကြီး၏ ညီငယ်လေးဟူ၍ပင် သတ်မှတ်ရပေလိမ့်မည်။ လွန်ခဲ့သည့် ဆယ့်တစ်နှစ်တုန်းက ရွှမ်ဝူအိမ်တော်သည် မြို့တော်ဝန်ရာထူးအား လက်လွှတ်ပေးခဲ့ရပြီး အရှင်မင်းမြတ် တာဝန်ချထားပေးသော တစ်စုံတစ်ယောက်နှင့် လဲလှယ်ပေးခဲ့ရ၏။ မြို့တော်ဝန်တိုင်း မြို့တော်ဝန်တိုင်းတွင် တာဝန်တစ်ခုစီ တည်ရှိနေ၏။ ထိုအရာမှာ ၎င်းတို့နှင့် ရွှမ်ဝူမြို့စားကြား တွင် သိသိသာသာ ခြားနားစွာ နေထိုင်ပြုမူရန်ပင်။

ရှမ့်လန်က ရယ်မောလိုက်သည်။ “အင်း.. ဆရာကျန်းက ကျုပ်ကို စမ်းသပ်ချင်တယ်ဆိုမှတော့ ကျုပ်ကလည်း ကြိုးစားကြည့်ရမှာပေါ့”

ဤတစ်ကြိမ်မှာတော့ ရွှမ်ဝူမြို့စားကြီးနှင့် ကျင်းမူလန်တို့သည် တစ်ဖက်လူကို တားဆီးရန် ရည်ရွယ်ချက်ဟူ၍ မရှိတော့ချေ။ ရှမ့်လန်အနေနှင့် မိမိဂုဏ်သိက္ခာကို မိမိ တည်ဆောက်ရပေလိမ့်မည်။ ကျန်းပိုရန်ကို ရှုံးနိမ့်သွားသည် ဆိုလျှင်တောင်မှ ဘာမှ မဖြစ်ချေ။

ကျန်းပိုရန်ဆိုသည်မှာ မည်ကဲ့သို့သော လူမျိုးဖြစ်သနည်း။ ကျော်ကြားသည့် ကွန်ဖြူးရှပ် ကျောင်းတော်သား တစ်ယောက် ဖြစ်၏။ ရှမ့်လန်အနေနှင့် ရွာထဲရှိ ကျောင်းထဲတွင် နှစ်အနည်းငယ်ကြာ သင်ယူလေ့လာခြင်းကိုသာ ပြုမူနိုင်၏။ ထို့ကြောင့် တစ်ဖက်လူကို ရှုံးနိမ့်သွားခြင်းသည် သာမန်ပင်ဖြစ်သည် မဟုတ်ပါလား။

၎င်း၏ဆရာသည် သူ့ဘက်မှ ရပ်တည်နေကြောင်း မြင်ရသည့်အချိန်မှာတော့ ရန်ချုံးက ပျော်ရွှင်သွား၏။ ချက်ချင်းဆိုသလိုပင် သူ၏ ဆရာဘေးဆီသို့ စုတ်တံနှင့်မင်များကို ယူဆောင်ကာ အနီရောင် စာရွက်များကို ခင်းကျင်းပေးခဲ့၏။ ပြီးနောက် လေးလေးစားစားဖြင့် စုတ်တံကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ပေးအပ်လိုက်၏။

ကျန်းပိုရန်သည် ထိုအရာကို ယူပြီးသည့်နောက် စာရွက်ပေါ်တွင် စာတစ်လုံးကို ရေးထိုးလိုက်၏။ အားလုံးသော သူတို့သည် တည်နေရာဆီသို့ စုဝေးလာခဲ့ကြ၏။ ကျင်းမူလန်သည်လည်း အပါအဝင်ပင်။

“တကယ့်ကို လက်ရေးလှတာပဲ။ ကြည့်ကောင်းပြီးတော့ ခမ်းနား ထည်ဝါလွန်းတယ်။ ရာစုနှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ခြင်းမရှိဘဲနဲ့ ဒီလိုမျိုး လှပတဲ့ စာလုံးတွေကို ရေးနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။”

ကျန်းပိုရန် ရေးပြီးပြီးချင်းမှာပဲ လူပေါင်းများစွာတို့ဆီမှ ချီးကျူးသံများ ထွက်ပေါ်လာသည်။ ရွှမ်ဝူမြို့တော်ဝန်ဟောင်း၏ လက်ရေးလှစွမ်းရည်သည် တကယ့်ကို ကောင်းမွန်လွန်း၏။ သို့ပေမည့် လက်ရှိ ရှိနေသည့် လူပေါင်းများစွာတို့သည် စာလုံး၏ လှပမှုကိုသာ သိရှိကြ၏။ စာလုံး၏ အဓိပ္ပာယ်ကို မည်သူမှ မသိရှိကြချေ။

“မြို့တော်ဝန်ကျန်းရဲ့ လက်ရေးကတော့ တကယ့်ကို ကောင်းမွန်တာပဲ။ စုတ်ချက် တစ်ခုချင်းစီတိုင်းက ပန်းချီ ရေးဆွဲနေသလိုပဲ”

“ဟုတ်တယ်။ တကယ့်ကို တော်တဲ့လူတစ်ယောက်ပဲ။ ဒါပေမယ့် ဒီစာလုံးက ဘာလဲ”

“မသိဘူး”

“ကျုပ်လည်း မသိဘူး”

တည်ရှိနေသည့် လူပေါင်းများစွာတို့သည် ဦးခေါင်းကိုသာ ခါယမ်းလိုက်မိကြ၏။ ၎င်းတို့သည် အကူအညီမဲ့သလို ခံစားနေမိ၏။ အထက်တန်း ကျောင်းတော်သား၊ အဆင့်မြင့် ကျောင်းတော်သား၊ မူလန်၊ မြို့စားမင်းကြီး အပြင် တခြားမည်သူမှသည် ဤစကားလုံးကို မသိကြချေ။

တစ်စုံတစ်ယောက်က ပြောလိုက်၏။ “ဆရာကျန်းက ရှေးစာပေတွေကို လေ့လာရတာ နှစ်သက်တယ် မဟုတ်လား။ သူ တစ်နေရာကနေ ရရှိခဲ့တဲ့ ရှေးဘာသာစကား တစ်ခုခု ဖြစ်လိမ့်မယ်။ စာအုပ်တွေထဲမှာ ရှာဖွေကြည့်လို့ မရအောင် ရှားပါးတဲ့အရာမျိုးပဲ ဖြစ်မယ်။ ဒါကြောင့် ဒီစာလုံးကို ဘယ်သူမှ မသိတာပဲ။”

အားလုံးသော သူတို့၏ စကားများကို ကြားရသည့်အချိန်မှာတော့ ကျန်းပိုရန်သည် အနည်းငယ် သဘောကျသလို ခံစားနေမိ၏။ ဤစာလုံးသည် တကယ်ပဲ သူ ရှေးဟောင်း အပျက်အစီးပုံများကို လိုက်လံရှာဖွေရင်း တွေ့ရှိခဲ့ရသည့် စာလုံးတစ်ခုဖြစ်၏။ ဤစာလုံး၏ အဓိပ္ပာယ်သည် မည်သည့်စာကြောင်းများနှင့် ချိတ်ဆက်ကာ အသုံးပြုရမည် ဆိုသည်ကို သူပင် သေသေချာချာ မသိရှိချေ။ ဤစာလုံးကို မည်ကဲ့သို့ ဖတ်ရှုရမည် ဆိုသည်မှလွဲလျှင် သူသည် ဤစာလုံး၏ အဓိပ္ပာယ်ကိုပင် မသိရှိပေ။

ရှမ့်လန်သည် ရှေ့ဆီသို့ တိုးကာဖြင့် သေသေချာချာ ကြည့်ရှုလိုက်၏။ ဤအရာသည် သေးငယ်သည့် စည်းသင်္ကေတ တစ်ခုကဲ့သိုပင်ဖြစ်၏။ စာလုံးသည် အလွန်ပင် ရိုးရှင်းလွန်း၏။ မျဉ်းကြောင်းနှစ်ခုကို ဖယ်ရှား လိုက်သည်ဆိုပါက ¥ ဟူသောစာလုံးနှင့် တူညီနေ၏။ ရိုးရှင်းသည့် တရုတ်ဘာသာစကားနှင့် ရေးဆွဲထားခဲ့ခြင်းပင်။ အားလုံးသော သူတို့သည် ယခုခေတ်၏ စာလုံးများကို သိရှိနားလည်သည် ဆိုလျှင်တောင်မှ လက်ရှိခေတ်တွင် အသုံးပြုနေသည့် အချို့သော သင်္ကေတများကို နားလည်လိမ့်မည် မဟုတ်ချေ။

ဥပမာအားဖြင့် ဒေါ်လာ၊ ယွမ် စသည့် သင်္ကေတများပင် ဖြစ်၏။ တော်ဝင်ရွှဲ့နိုင်ငံတော်တွင် လူအနည်းငယ် လေးမှလွဲလျှင် ထိုကဲ့သို့သော ရှေးဟောင်းသင်္ကေတများကို လေ့လာသင်ယူသူဟူ၍ မရှိချေ။ မည်သူမှ မသိရှိသောကြောင့် ဤစာလုံး၏ အဓိပ္ပာယ်သည် ဘာမှန်းမသိရှိကြခြင်းသာ ဖြစ်၏။

ရှမ့်လန်သည် သူ့ကိုယ်သူသာ ကြိုးစားမည်ဆိုပါက တစ်ဘဝလုံး ဤစာလုံး၏ အဓိပ္ပာယ်ကို သိရှိလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ သူ၏ ဉီးခေါင်းထဲတွင် AI နှင့် ချိတ်ဆက်ထားသော Laptop တစ်လုံးက တစ်ချက် ကြည့်ရှုလိုက်သည်ဆိုသည်နှင့် အဖြေကို သေသေချာချာ စစ်ဆေးကြည့်ရှုနိုင်သည်။

မြို့စားကြီးသည် ရုတ်တရက် ပြောလိုက်၏။ “ရှမ့်လန်.. ဒီစာလုံးက အရမ်းကို ခက်ခဲတယ်။ ရှေးအပျက်အစီးပုံထဲကနေ ရရှိခဲ့တဲ့ အရာမျိုးဖြစ်မယ်။ ဒီမှာ ဘယ်သူမှလည်း မသိရှိကြဘူး။ ဒီတော့ မင်းမသိဘူးဆိုရင်လည်း အဆင်ပြေပါတယ်”

ပြီးနောက် ထပ်ပြီးပြောလိုက်သည်။ “မင်းရဲ့မိဘတွေက မင်္ဂလာတက်ဖို့အတွက် ငြင်းပယ်ခဲ့ကြတယ်။ ဒီတော့ မင်းနဲ့ မူလန်က သူတို့ကို သွားပြီးတော့ ဂါရဝ ပြုလိုက်ကြအုံး”

မြို့စားကြီးသည် ရှမ့်လန်အား ဤရှက်ရွံ့စရာကောင်းသည့် အခြေအနေဆီမှ ဂုဏ်သိက္ခာရှိရှိနှင့် ထွက်ခွာသွားနိုင်ရန် လမ်းကြောင်း ပေးခဲ့ခြင်း ဖြစ်၏။ ရှမ့်လန်ကဲ့သို့သော သာမန်လူတစ်ယောက်ကို အနိုင်ရရှိခြင်းနှင့် ပတ်သက်၍ ကျန်းပိုရန်က ဂရုစိုက်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ဤစကားလုံးသည် အားလုံးသောသူတို့၏ နှလုံးသားများကို ဖြတ်နင်းသွား သကဲ့သို့ပင်။

ရွှမ်ဝူမြို့တော်ဝန်ဟောင်းသည် အလွန်တရာ ဂုဏ်ယူသည့် ခံစားချက်များကို ရရှိနေ၏။ လက်နှစ်ဖက်ကို နောက်သို့ပစ်ကာဖြင့် ကောင်းကင်ပေါ်သို့ မေးကိုထိုးလျက် ရှိနေလေသည်။

ရှမ့်လန်က ပြောလိုက်၏။ “ဆရာကျန်း... တကယ်လို့ ကျုပ်မမှားဘူးဆိုရင် ဒီစာလုံးကို ဘယ်လို အသံထွက်လဲ ဆိုတာ ခင်ဗျားလည်း မသိပါဘူး။ ဟုတ်တယ်မလား။ ဒါ မှတ်တမ်းမှတ်ရာလေးကနေ ရရှိထားခဲ့တဲ့အရာကို ခင်ဗျား သင်ယူလေ့လာပြီး ပြန်ကူးထားတာပဲ။ ဒီဟာကို အသံထွက်ရမယ်ဆိုတာ ခင်ဗျား တိတိကျကျ မသိဘူး။ သိတယ်ဆိုရင်တောင် ထင်ကြေးပဲ ဖြစ်မယ်။”

“ဟုတ်တယ်။ ဒါအမှန်ပဲ”

ကျန်းပိုရန်က ပြောလိုက်သည်။ “ဒါပေမဲ့ အသံထွက်ဖို့ဆိုတာ အရေးကြီးလား။ အဓိပ္ပာယ်ကို သိရှိဖို့က အရေးကြီးလား”

ရှမ့်လန်က ပြောလိုက်၏။ “ဘယ်လောက် တိုက်ဆိုင်လိုက်လဲ။ ဒီစာလုံးကို ဘယ်လို အသံထွက်ရမလဲဆိုတာ ကျုပ်က သိတာကိုး”

“မဖြစ်နိုင်တာ”

ကျောင်းတော်သားရန်ချုံးက ဝင်ရောက်ကာ ပြောဆိုလိုက်သည်။ “ငါ့ဆရာတောင် ဒီစာလုံးရဲ့ အဓိပ္ပာယ်ကိုသာ သိတယ်လို့ ပြောခဲ့ပြီးပြီလေ။ ဒါကြောင့် ဒီစာလုံးကို ဘယ်လိုအသံထွက်ရမလဲဆိုတာ ဘယ်သူမှ သိမှာ မဟုတ်တော့ဘူး”

ရှမ့်လန်က ပြောလိုက်၏။ “ဒီလောကကြီးထဲမှာ ဒီစာလုံးကို ဘယ်လိုအသံထွက်ရမလဲဆိုတာ ကျုပ်သိတယ် ဆိုမှတော့ အဓိပ္ပာယ်ကို သိလို့ပေါ့။ ပြီးတော့ ခင်ဗျား အရှက်ကွဲချင်သေးသလား။ ကိုယ့်ကိုယ်ကိုယ် အရူးလို့ လူပုံအလယ်မှာ ထအော်ချင်သေးလို့လား”

ရန်ချုံးက ပြောလိုက်သည်။ “တကယ်လို့ မင်းမသိရင်ရော။ မင်းမှားသွားရင်ရော ဘယ်လိုလုပ်မလဲ”

ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်ဂုဏ်သိက္ခာတစ်ခုလုံး ပျက်စီးသွားမှာပေါ့။ ဒါနဲ့မှန်ရင်ရော ....”

“ကျုပ်မျက်နှာကို ကျုပ် ပိတ်ရိုက်ပစ်မယ်”

ကျောင်းတော်သား ရန်ချုံးက ခပ်မာမာ ပြောလိုက်သည်။ “အားလုံးပဲ။ ဒီနေရာမှာ သက်သေ ရှိတယ်နော်”

ရှမ့်လန်က ပြောလိုက်၏ “ကောင်းပြီ။ သဘောတူတယ်”

မြို့တော်ဝန်ဟောင်း ကျန်းပိုရန်သည် ၎င်းအား မတားဆီးခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် မြို့စားအိမ်တော်ကို မှန်ကန်သည့် နည်းလမ်းဖြင့် သူ တုဖက်ပြိုင်နေခြင်းဖြစ်၏။ ရှမ့်လန်သည် ယနေ့ညတွင် အလွန်အမင်း မောက်မာလျက် ရှိနေသည်။ ထို့ကြောင့် သင်ခန်းစာကောင်းကောင်းပေးရန် အချိန်ကျရောက်နေပြီဖြစ်၏။

ရှမ့်လန်က ပြောလိုက်သည်။ “ဒီစာလုံးက သည်းခံနိုင်မှုဆိုတဲ့ စာလုံးနဲ့ တူညီတဲ့ အသံထွက်ပဲ”

“ဟား ဟား ဟား ဟား”

ကျောင်းတော်သား ရန်ချုံးက ပြောလိုက်၏။ “သည်းခံနိုင်မှုဆိုတဲ့ အကြောင်းအရာကို ပြောရင် သည်းခံနိုင်မှုပေါ့။ ဘယ်သူက ဒါကို သက်သေပြနိုင်လဲ”

ရှမ့်လန်က ပြောလိုက်၏။ “ဒီစကားလုံးရဲ့ အဓိပ္ပာယ်က ထိုးဖောက်တာနဲ့ ဆက်နွယ်နေတယ်”

ထိုစကားထွက်ပေါ်လာချိန်မှာတော့ ရွှမ်ဝူမြို့တော်ဝန်ဟောင်း ကျန်းပိုရန်၏ မျက်နှာသည် ချက်ချင်းပဲ ပြောင်းလဲသွား၏။ သူ၏ မျက်နှာထက်တွင် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်လာခဲ့သည်။

ဤကဲ့သို့ အရင်းအမြစ် ခိုင်ခိုင်မာမာ မရှိသည့် စာလုံးကိုတောင်မှ ရှမ့်လန်က သိရှိနေတာလား။ အဓိပ္ပာယ်ရော ၊ အသံထွက်ရော သိရှိနေလေသည်လား။

All Chapters