အပိုင်း (၂၆)
Vol. 2 Ch. 26
ထိုအချိန်မှာတော့ ကျန်းပိုရန်၏ တုန်လှုပ်မှုသည် စကားလုံးများနှင့် ဖော်ညွှန်း၍ပင် မရနိုင်တော့ချေ။ သူသည် ယခင်က ရှမ့်လန်ကို တစ်ခါမှ မတွေ့ဖူးသော်လည်း ရှမ့်လန်၏ အကြောင်းကို အကြိမ်ပေါင်းများစွာ ကြားခဲ့ဖူး၏။ ရှမ့်လန်သည် ဉာဏ်ပညာနိမ့်ပါးလွန်းသည့် အရူးတစ်ယောက်ပင် ဖြစ်၏။ ဤနေရာတွင် ရှိနေသည့် လူပေါင်းများစွာတို့သည် သူရေးသားခဲ့သည့် စည်းသင်္ကေတကို နားမလည်ခဲ့သော်လည်း ရှမ့်လန်က နားလည်နေခဲ့၏။ အဓိပ္ပာယ်ကိုသိရှိသည် သာမက မည်ကဲ့သို့ အသံထွက်ရမည်ကိုပါ သိရှိလို့နေခဲ့၏။ ဤအရာ ... ဤအရာမှာ ထူးဆန်းလွန်းလှချေ၏။
ရန်ချုံးသည် ဘေးတစ်ဖက်ဆီမှ အားရပါးရ ရယ်မောလိုက်သည်။ “ဟားဟား .. တကယ့်ငပေါပဲ။ ဆရာ သူပြောတာ ဟုတ်လား”
အားလုံးသောသူတို့သည် ကျန်းပိုရန်ကို လှမ်းကာ ကြည့်ရှုလိုက်၏။
ကျန်းပိုရန်သည် ရှမ့်လန်၏ အဖြေကို ငြင်းပယ်ချင်စိတ်ရှိ၏။ သို့ပေမဲ့ မှန်နေသည့်အရာကို မှားနေသည့်အရာဟူ၍ ပြော၍ မရနိုင်ချေ။ ပြောဆိုခဲ့လျှင်လည်း မည်သူမှ ငြင်းပယ်နိုင်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ဤအချိန်၌ ကျန်းပိုရန်သည် ဤစာလုံး၏အဓိပ္ပာယ်ကို နားလည်သည့် တစ်ဦးတည်းသောလူ မဟုတ်ချေ။ တခြားသော သူနှစ်ယောက်ကလည်း သိရှိနေ၏။ ထိုသူများသည် သူ လေးစားအားကိုးရသည့် လူများဖြစ်သည်။
ထို့ကြောင့်ပင်လျှင် ရှမ့်လန်၏အဖြေကို ယနေ့ အားလုံးသောသူတို့၏ရှေ့တွင် ငြင်းပယ်လိုက်ပါက အနာဂတ်တွင် သူ၏ ဂုဏ်သိက္ခာတစ်ခုလုံး ရောစုံမျောသွားမည် မဟုတ်ပါလား။ အဓိက အကြောင်းအရာအားဖြင့် ရှမ့်လန် ကဲ့သို့သော လူတစ်ယောက်အတွက် ကြီးမားသည့် စွန့်စားမှုမျိုး ပြုလုပ်ရန် မထိုက်တန်ဟု သူတွေးတောလိုက်မိ၏။
သူ့ဆရာ၏ အသွင်အပြင်ကို မြင်ရချိန်မှာတော့ ရန်ချုံးသည် နှလုံးသားထဲတွင် ဆိုးရွားသည့် ခံစားချက်များကို ရရှိလာ၏။ ထို့ကြောင့် လေးနက်လွန်းသည့် လေသံဖြင့် မေးမြန်းလိုက်သည်။ “ဆရာ... ရှမ့်လန်ပြောတာ မှန်လား။ သူက ဒီစာလုံးရဲ့ အဓိပ္ပာယ်ကို သိမှာ မဟုတ်ပါဘူး”
သူ့တပည့်၏ လေသံသည် သူ၏ဆရာအား ပြောင်းပြန်လှန်ကာ ပြောဆိုရန် လမ်းကြောင်းပေး အချက်ပြနေခြင်း ဖြစ်ကြောင်း သိသာထင်ရှား၏။ ကျန်းပိုရန်သည် ရန်ချုံးကို အေးစက်စက်ဖြင့် ကြည့်ရှုလိုက်၏။ ပြီးနောက် ရယ်မောကာ ပြောလိုက်၏။
“ကျောင်းတော်သားရှမ့်က တကယ့်ကို စာလုံးတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူ တစ်ယောက်ပဲ။ ရှားပါးတဲ့ စည်းသင်္ကေတလေးကိုတောင်မှ ကောင်းကောင်းမှတ်မိနေတယ်။ ပြီးတော့ ဘယ်လို အသံထွက်ရမလဲဆိုတာလည်း သိနေတယ်။ ဒီလူငယ် ပါရမီရှင်က အဘိုးကြီးထက် သာလွန်သွားခဲ့ပြီပဲ”
ပြောပြောပြီးချင်းမှာပဲ အားလုံးသော သူတို့သည် တုန်လှုပ်သွားခဲ့ကြ၏။ ရှမ့်လန်သည် ဤမျှ အံအားသင့်စရာ ကောင်းနေသည်လား။ ကျန်းပိုရန် ရေးသားထားခဲ့သည့် စာလုံးကို မည်သူမှ မသိရှိခဲ့ချေ။ သို့ပေမဲ့ ရှမ့်လန်၊ ဒဏ္ဍာရီလာ သောက်တလွဲကောင်ကတော့ ထိုအရာများကို သိရှိနေခဲ့သည့်အပြင် မည်ကဲ့သို့ အသံထွက်ရမည် ဆိုသည်ကိုပါ ထပ်တိုးသိရှိလျက် ရှိနေသေးသည်။
၎င်းသည် မောက်မာလွန်းပြီး ပျင်းရိလေးကန်တတ်သည့် ဦးနှောက်မဲ့လူသား မဟုတ်ပါလား။ အဘယ်ကြောင့် ဤမျှ ဉာဏ်ကောင်းသွားရသနည်း။
ရှမ့်လန်သည် ရန်ချုံးကို လှမ်းကြည့်ကာဖြင့် ပြောလိုက်၏။ “အစ်ကိုရန်... အားလုံးသောသူတွေရှေ့မှာ ခင်ဗျား ပြောခဲ့တယ်နော်။ ကျုပ်သာမှန်ရင် ခင်ဗျား ကိုယ့်ပါးကိုယ် ပိတ်ရိုက်မယ်ဆိုတာ။ ခင်ဗျားက တကယ့်ကို ဂုဏ်သိက္ခာ ကြီးမားတဲ့ ကျောင်းတော်သားတစ်ယောက် မဟုတ်လား။ ကျုပ်တို့ကျောင်းမှာလည်း ထိပ်တန်းကျောင်းသား တစ်ယောက် ဖြစ်ခဲ့သေးတယ်။ ပြောပြီးသားစကားကို ပြန်ပြီး မရုတ်သိမ်းဘူး မဟုတ်လား”
ထို့ကြောင့်ပင်လျှင် လူပေါင်းများစွာတို့၏ အကြည့်သည် ရန်ချုံးဆီသို့ ရောက်ရှိလာခဲ့၏။ အားလုံးသော သူတို့သည် ရှမ့်လန် အနိုင်ကျင့်ခံရသည်ကိုသာ ကြည့်ချင်ကြသည်ဆိုသော်လည်း ကျောင်းတော်သား ရန်ချုံးတစ်ယောက် ကိုယ့်ပါးကိုယ် ပိတ်ရိုက်ခြင်းအား မြင်ရမည်ဆိုလျှင်လည်း စိတ်ကွက်လိမ့်မည် မဟုတ်ချေ။ ဤအရာသည် လူသားများ၏ ထူးဆန်းသည့် အကျင့်စာရိတ္တပင် ဖြစ်လေသည်။
သီးသန့် နှစ်ယောက်တည်းသာ ရှိနေပါက ရန်ချုံးသည် သူ၏စကားကို ပြန်လည် ရုတ်သိမ်းကောင်း ရုတ်သိမ်းမိပေလိမ့်မည်။ သို့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ အားလုံးသောသူတို့သည် သက်သေအဖြစ် တည်ရှိ နေကြ၏။ အထူးသဖြင့် ရွှမ်ဝူမြို့စားပင်။ ၎င်း၏ မျက်နှာသည် ပြုံးမြမြနှင့် ရှိနေသော်လည်း မျက်လုံးများကတော့ အနည်းငယ် အေးစက်နေ၏။
“ရှမ့်လန်.... ဒီနေ့ကို ငါသေချာမှတ်ထားမယ်” ရန်ချုံးသည် အေးစက်စက် ပြောလိုက်၏။ ပြီးသည့်နောက် သူသည် သူ၏မျက်နှာကို အားရပါးရ ပိတ်ရိုက်လိုက်သည်။
ဖောင်း
ကျယ်လောင်သည့်အသံ ထွက်ပေါ်လာခဲ့၏။ ကျောင်းတော်သား ရန်ချုံးသည် တကယ့်ကို ရိုးအလွန်းသည့် လူတစ်ယောက်ဖြစ်၏။ သူသည် အားအနည်းငယ် သုံးကာဖြင့် ကိုယ့်ကိုယ်ကိုယ် ရိုက်နှက်လျက် ရှိနေ၏။ သူသည် သူ့ကိုယ်သူ ရိုက်သည့်နေရာတွင် ရှမ့်လန်ကို ရိုက်နေသည်ဟုများ ထင်မှတ်မှားနေသည်လား မသိနိုင်ချေ။
ရှမ့်လန်မှာတော့ ထိုအသံကို ကြားပြီးသည့်နောက် သဘောတွေ့သလိုပင် ခံစားနေမိ၏။
“နှုတ်ဆက်ပါတယ်” ရန်ချုံးသည် ရှက်ရွံမှုများကြောင့် ဤတည်နေရာတွင် ကြာကြာနေရန် အစီအစဉ် မရှိတော့ချေ။ ထို့ကြောင့် ဒေါသတကြီးဖြင့် ထွက်ခွာသွားခဲ့သည်။
ထိုအချိန်မှာပဲ ရွှမ်ဝူမြို့စားက ပြောလိုက်၏။ “ရှမ့်လန်.. မူလန်ကို မင်းရဲ့မိဘတွေဆီ ခေါ်သွားဖို့အတွက် အချိန် ရောက်ပြီ။ ကဲ စားပွဲ စကြရအောင်”
အမိန့်ပေးပြီးသည့်နောက် ဝိုင်များ၊ စားသောက်ဖွယ်ရာကောင်းများသည် အဆက်မပြတ် ဆိုသလို ရောက်ရှိလာခဲ့ ကြ၏။ အားလုံးသောသူတို့သည် မိမိ၏ ထိုင်ခုံပေါ်တွင် မိမိ ထိုင်ချလိုက်ကြ၏။
ကံဆိုးစွာဖြင့် ဤမြင်ကွင်းကို မမြင်လိုက်ရသည့် လူတစ်ယောက်က ရှိနေသေး၏။ ထိုလူသည် ရွှမ်ဝူမြို့၏စာရေး ဝမ်လျှံပင် ဖြစ်လေ၏။ ရှမ့်လန်၏ အချစ်ပြိုင်ဘက်ဟုလည်း သတ်မှတ်ရပေမည်။ ၎င်းသည် မူလအားဖြင့် အလားအလာ အကောင်းဆုံး ယှဉ်ပြိုင်ဘက်တစ်ယောက်ဖြစ်၏။ မူလန်၏ သတို့သား ရွေးချယ်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့ပြီးသည့်နောက် သူသည် မင်္ဂလာပွဲကို တက်ရောက်ချင်စိတ် မရှိတော့ချေ။
ရှမ့်လန်သည် ကျင်းမူလန်ကို ခေါ်ဆောင်ကာဖြင့် သူ၏ မိဘများနှင့် တွေ့ဆုံရန် ခြံအနောက်ဘက်ဆီသို့ လာခဲ့သည်။
“နေအုံး”
ထိုအချိန်မှာပဲ ကျူးလင်းက ရုတ်တရက် အော်ဟစ်လိုက်၏။ ဤလူသည် တကယ့် ဆရာကြီးဖြစ်၏။ ရှမ့်လန်အား ခက်ခဲအောင် ပြုလုပ်ချင်သည်ဆိုပါက မြို့စားကြီးကိုယ်တိုင်ပင်လျှင် တားဆီးရန် ခက်ခဲပေလိမ့်မည်။ ကျူးလင်း သည် ရှမ့်လန်ကို ကြည့်ရှုကာဖြင့် ပြောလိုက်၏။ “ကောင်လေး.. မင်းက စိတ်ဝင်စားစရာ ကောင်းတာပဲ။ ငါ မင်းကို မှတ်ထားမယ်”
ဤစကားစုသည် ခြိမ်းခြောက်ခြင်း မဟုတ်ချေ။ သို့ပေမဲ့ ခြိမ်းခြောက်သည်နှင့် ဆင်တူ၏။ ကျူးကလန် ကဲ့သို့သော အားအင်ကြီးမားသည့် မိသားစုတစ်ခု၏ ပစ်မှတ်ထားခြင်းကို ခံရပါက ကျိန်းသေပေါက် ကောင်းမွန်သည့် အရာမျိုး မဟုတ်နိုင်ချေ။
ရှမ့်လန်မှာတော့ နားမလည်သလိုပင် တုံ့ပြန်လိုက်၏။ သူသည် ဦးကိုညွတ်ကာ ပြောလိုက်၏။ “ကျေးဇူးပါပဲ အရှင်ကျူး”
“ဟား ဟား ဟား ဟား” ကျူးလင်းက ရယ်မောလိုက်သည်။
ရွှမ်ဝူမြို့စားက ပြောလိုက်၏။ “သွား.. မင်းမိဘတွေကို နှုတ်ဆက်လိုက်အုံး။ လူကြီးတွေကို အကြာကြီး စောင့်မနေစေနဲ့”
“ကောင်းပါပြီ အဖေ” ရှမ့်လန်က ပြောဆိုလိုက်သည်။
“တကယ့်ကို အရှက်မဲ့တဲ့ကောင်ပဲ”
တည်နေရာတွင် ရှိနေသည့် လူငယ်ပေါင်း များစွာတို့သည် တပြိုင်နက်တည်း ထကာ ဆဲဆိုချင်စိတ်များပင် ပေါက်သွား၏။ ရှမ့်လန်သည် ချက်ချင်းဆိုသလိုပဲ အဖေဟု ခေါ်ဆိုလျက် ရှိနေလေ၏။ အရှက်မဲ့လွန်းလှချေ၏။
..............
ရှမ့်လန်၏ မိဘများသည် သူတို့၏ မိသားစုမှာ ဆင်းရဲနွမ်းပါးသည်ဟု ခံစားမိ၏။ ထို့ကြောင့် အဓိကဟောခန်းထဲသို့ ရောက်ရှိမလာကြခြင်းပင်။ ရွှမ်ဝူအိမ်တော်သည် သူတို့အတွက် ဝတ်ကောင်းစားလှများကို ပြင်ဆင်ထားသည် ဆိုသော်လည်း သူ၏မိဘများသည် ထိုအရာများကို ဝတ်ချင်စိတ် မရှိကြချေ။ သူတို့၏ အဝတ်အစားများကိုသာ ဝတ်ဆင်ထားကြသည်။
ဟုတ်ပေသည်။ နှစ်သစ်အတွက် စုဆောင်းထားခဲ့ကြသည့် အတောက်ပဆုံးသော အဝတ်အစားများဟု ပြောဆိုရပေလိမ့်မည်။ ဝတ်လေ့ဝတ်ထ မရှိသောကြောင့် ဤဝတ်စုံများနှင့်ပင် သူတို့သည် လိုက်ဖက်မညီသလို ခံစားနေမိ၏။
ရှမ့်ကျန်သည် မြို့စားအိမ်တော်မှ ပိုးထည်များကို ဝတ်ချင်စိတ်ရှိ၏။ သို့ပေမဲ့ သူ၏မိဘများက မဝတ်ရန် တားဆီးထားခဲ့သည်။ မိဘနှစ်ပါးသည် ထိုင်ခုံတွင် သတိအပြည့်နှင့် ထိုင်လျက်ရှိနေပြီး ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း သက်တောင့်သက်သာ မဖြစ်ချေ။ ဖြစ်နိုင်မည်ဆိုပါက အိမ်ကို ပြန်သွားချင်မိ၏။ သက်ကယ်တဲလေးထဲတွင် နေထိုင်ခြင်းကသာ စိတ်အေးသက်သာမှုကို ခံစားရစေ၏။ သူ၏အဖေ ရှမ့်ဝမ်သည် အဆုတ်တွင် ဒဏ်ရာ ရရှိထားခဲ့၏။ ထို့ကြောင့် အတတ်နိုင်ဆုံး ကြိုးစားပြီး ချောင်းမဆိုးမိစေရန် အောင့်ထားသည်။
ရှမ့်လန်သည် ကျင်းမူလန်ကို ခေါ်ဆောင်ကာ ခြံဝန်းထဲသို့ ဝင်ရောက်လာခဲ့၏။ ချက်ချင်းပဲ ဦးညွတ်ကာ ပြောဆိုလိုက်၏။ “သားက မိဘတွေကို ကန်တော့ပါတယ်။ ဒီသားက ကျေးဇူးမသိတတ်တဲ့ လူတစ်ယောက်ပါပဲ”
သူ၏အမေသည် ချက်ချင်း ရှေ့ကိုလှမ်းကာဖြင့် ရှမ့်လန်ကို မတ်တပ်ထရပ်ရန် ကူညီပေးလိုက်သည်။
ကျင်းမူလန် သည်လည်း လိုက်ပါကာဖြင့် ဦးညွတ်လိမ့်မည်ဟု သူမက မထင်ခဲ့ချေ။ သို့ပေမဲ့ ကျင်းမူလန်သည် လေးလေးစားစားဖြင့် ပြောဆိုခဲ့၏။ “ယောက္ခမကြီးတို့ကို နှုတ်ဆက်ပါတယ်”
ရုတ်တရက် ရှမ့်လန်၏မိသားစုသည် ကြောင်အသွားခဲ့၏။ ကျင်းမူလန်သည် ရွှမ်ဝူမြို့၏မင်းသမီး တစ်ပါးဖြစ်၏။ ရာစုနှစ်ကြာရှည်နေသည့် တော်ဝင်မျိုးနွယ်မှ ဆင်းသက်လာသည့် သမီးတော်တစ်ယောက်လည်း ဖြစ်၏။ တကယ်ပဲ ကျင်းမူလန်သည် ဦးညွတ်လျက် ရှိနေ၏။ ၎င်းတို့သည် အဆင့်နိမ့်လူသားများ ဖြစ်သည် မဟုတ်ပါလား။
ချက်ချင်းပဲ ရှမ့်လန်သည် ကျင်းမူလန်နှင့်ပတ်သက်၍ အမြင်ကောင်းများကို ရရှိလိုက်သည်။
“မလုပ်.. မလုပ်ပါနဲ့” ရှမ့်လန်၏ မိဘများသည် ချက်ချင်းပဲ ရှေ့ကိုတိုးကာဖြင့် ကျင်းမူလန်ကို ထရပ်ရန် ကူညီ လိုက်ကြ၏။ သို့ပေမဲ့ ကျင်းမူလန်၏ သန့်စင်လွန်းသည့် ကိုယ်ဟန်ကို မြင်ရချိန်မှာတော့ ချက်ချင်းပဲ လက်ကို ပြန်လည် ရုတ်သိမ်းမိ၏။ သူတို့သည် တစ်နှစ်ပတ်လုံး လယ်ယာလုပ်ငန်းများကို ပြုလုပ်ခဲ့သောကြောင့် လက်များက ကြမ်းထော်ပြီး မဲညစ်လျက် ရှိနေ၏။ သေသေချာချာ သန့်စင်ဆေးကြောထားသည် ဆိုလျှင်တောင်မှ ရွံ့များနှင့် ပေပွလျက် ရှိနေသည်။ ထို့ကြောင့် ကျင်းမူလန်ကို မထိရဲချေ။
သို့ပေမဲ့ ကျင်းမူလန်မှာတော့ ရှမ့်လန်အမေ၏ လက်ကိုကိုင်ကာဖြင့် အသာမတ်တပ် ထရပ်၏။ ပြီးနောက် ပြောလိုက်၏။ “ကျေးဇူးပါပဲ ယောက္ခမကြီး”
ချက်ချင်းပဲ ကျင်းမူလန်၏ မိဘများသည် ကျင်းမူလန်အား ကြင်နာစွာဖြင့် ကြည့်ရှုလိုက်မိကြ၏။ သူမသည် တော်လွန်းသည့် မိန်းကလေးတစ်ယောက်ဖြစ်၏။ အနည်းဆုံး ရှမ့်လန်ကို အနိုင်ကျင့်လိမ့်မည် မဟုတ်ချေ။
ကျင်းမူလန်က ပြောလိုက်သည်။ “ယောက္ခထီးနဲ့ ယောက္ခမအတွက် တစ်ခွက်လောက် တိုက်ပါ့မယ်။ ယောက္ခထီးက သိပ်ပြီး နေမကောင်းဘူးဆိုတော့ ဆန်ချိုအေး သောက်ပါအုံး”
“ကောင်းပါပြီ။ ကောင်းပါပြီ” ရှမ့်လန်၏ အဖေသည် ထိုစကားကို အထပ်ထပ် ပြောဆိုလိုက်၏။ ပြီးနောက် ကျင်းမူလန်သည် အကြီးအကဲ နှစ်ယောက်တို့အတွက် ဝိုင်များကို ငှဲ့ပေးလိုက်၏။ ပြီးနောက် သူနှင့် ရှမ့်လန်တို့သည် အသာဦးညွတ်ပြီး အတူတကွ သောက်သုံးလိုက်ကြ၏။ ဝိုင်အနည်းငယ်သောက်ပြီးနောက် ရှမ့်လန်၏ မိဘများသည် အနည်းငယ် မူးနောက်သလို ခံစားလိုက်မိကြ၏။
ရှမ့်ကျန်သည် နောက်တစ်ခွက်ကို ထပ်ငှဲ့ကာ သောက်လိုက်၏။ ကျင်းမူလန်၏ နူးညံ့ကြင်နာသည့် ဟန်ပန် အမူအရာကို မြင်ရသည့် အချိန်မှာတော့ မည်သို့မှ မနေနိုင်ဘဲ ပြောဆိုလိုက်သည်။ “မရီး.. မရီးက အရမ်းလှတာပဲ”
ချက်ချင်းပဲ ရှမ့်လန်၏ အဖေသည် သူ၏သားငယ်ကို ထကာ ပိတ်ရိုက်ချင်စိတ်များ ပေါက်သွား၏။
“ကျေးဇူးပါပဲ”
ကျင်းမူလန်သည် ကြင်နာစွာ ခွန်းတုံ့ပြန်၏။ ပြီးနောက် ရှမ့်လန်ကို ကြည့်ရှုကာ ပြောလိုက်သည်။ “ယောက္ခထီး၊ ယောက္ခမတို့ကို သူပြောစရာရှိရင် ရှိမှာပေါ့။ ကျွန်မ အပြင်ထွက်ပြီးတော့ ဧည့်သည်တွေကို နှုတ်ဆက်လိုက်ပါမယ်”
“ကောင်းပြီ” ရှမ့်လန်က ပြောဆိုလိုက်၏။
ကျင်းမူလန် ထွက်ခွာသွားခဲ့ပြီးသည့်နောက် အခြေအနေ တစ်ခုလုံးသည် သက်တောင့်သက်သာ ဖြစ်သွား၏။ သူ၏ မိဘများသည်လည်း စိတ်သက်တောင့်သက်သာ ဖြစ်သွားသည့်ပုံပင်။
သူမသည် အလွန်ပင် ကြင်နာပြီး နူးညံ့သည့် ဟန်ပန်အမူအရာမျိုး ရှိသည်ဆိုလျှင်တောင်မှ မြို့စားအိမ်တော်၏ သမီး တစ်ယောက်ဖြစ်၏။ ထို့အပြင် ရှမ့်လန်၏မိဘများသည် သူမ၏အရှေ့တွင် ထိုက်ထိုက်တန်တန်နှင့် မတ်တပ်ရပ်ရန်ပင် ဝံ့ရဲသည့် လူများ မဟုတ်ချေ။
ရှမ့်လန်က ပြောဆိုလိုက်သည်။ “အဖေ၊ အမေ တောင်းပန်ပါတယ်။ ကျုပ် မိဘတွေကို စိတ်ပျက်စေမိခဲ့ပါပြီ”
သူ၏ မိဘများသည် ရှမ့်လန်တစ်ယောက် တခြားသော မိသားစု၏အိမ်သို့ လိုက်ပါသွားခြင်းကို လိုချင်မည့် လူမျိုး မဟုတ်ချေ။ ရှစ်မိသားစု သို့မဟုတ် မြို့စားအိမ်တော် မည်သည့်နေရာကိုဖြစ်ဖြစ် သဘောတူမည် မဟုတ်ချေ။ သမက်တော်ဟူသည့် အဆင့်အတန်းသည် နိမ့်ကျလွန်းလှ၏။ ကျေးကျွန်ထက် အနည်းငယ်သာလျှင် သာ၏။ သူ့မိန်းမ၊ ယောက္ခထီး၊ ယောက္ခမတို့၏ ချစ်ခြင်းမေတ္တာကိုသာ မရရှိပါက သူ၏အဆင့်အတန်းသည် ကျေးကျွန် ထက်ပင်လျှင် နိမ့်ကျသွားနိုင်၏။
ထို့အပြင် သူ၏မိဘများသည် အစဉ်အမြဲဆိုသလိုပဲ မိသားစု၏ မျိုးဆက်ကို ရှမ့်လန်အား သယ်ပိုးစေချင်၏။ သူသည် ရွာထဲတွင် ရှိနေသည့် မုဆိုးမကို လက်ထပ်မည်ဆိုလျှင်တောင်မှ ထိုသူတို့၏ ကလေးများသည် အနည်းဆုံး ရှမ့်မျိုးရိုး ဖြစ်မှာ သေချာ၏။ သက်ငယ်များ မိုးထားသည့် ရွံ့အိမ်လေးထဲတွင် နေထိုင်ရသည်ဆိုလျှင်တောင်မှ တခြားသော သူ၏ ခြံဝန်းထဲတွင် စိတ်ညစ်ညမ်းစွာ နေထိုင်ရခြင်းထက် ပိုမိုကာ ကောင်းမွန်သည် မဟုတ်ပါလား။
သူ၏ အဖေ ရှမ့်ဝမ်သည် ဝမ်းနည်းစွာဖြင့် ပြောဆိုလိုက်၏။ “ငါ့သား... မင်းဘာမှ မပြောနဲ့တော့။ မင်း အကောင်းဆုံး လုပ်ခဲ့တာပဲ။ ငါတို့ကို ကယ်တင်ဖို့အတွက် လုပ်ခဲ့တာလေ။ မင်းဒီလိုမျိုး ပြုလုပ်ရတဲ့ အကြောင်းအရင်းကို ပြောရရင် ငါ အသုံးမကျလို့ပဲ။ မင်းကို စိတ်ပျက်စေခဲ့မိပြီ”
ရှမ့်ဝမ်သည် ဘာတွေဖြစ်နေသည်ကို ကောင်းကောင်း မသိရှိသော်လည်း နံပါတ်ဆယ့်သုံးသည် လူများကို ခေါ်ဆောင်လာခဲ့ပြီး သူ၏အိမ်ဆီသို့ ရောက်ရှိလာသည့် အကြောင်းကို ပြန်လည်ကာ စဉ်းစားပြီးနောက် ရှမ့်လန် ပြုလုပ်ခဲ့သည့် အကြောင်းအရာများကို နားလည်မိ၏။ ထို့ကဲ့သို့ ပြောဆိုနေတုန်းမှာပဲ ရှမ့်ဝမ်၏ မျက်လုံး များသည် မျက်ရည်များနှင့် ရစ်သိုင်းလာခဲ့၏။ သူသည် တကယ့်ကို နှမျောတသ ဖြစ်လို့နေခဲ့၏။ သူသည် တကယ့်ကို အသုံးမကျခဲ့ချေ။ ထို့ကြောင့် ရှမ့်လန်သည် တစ်ဖက်လူ၏ မိသားစုဆီသို့ ဝင်ရောက်ခဲ့ရခြင်းဖြစ်သည်။
ဘေးတစ်ဖက်တွင် ရှိနေသည့် ရှမ့်ကျန်မှာတော့ တီးတိုး ပြောဆိုလိုက်၏။ “ကျုပ်ကတော့ ကောင်းတယ်လို့ ထင်တယ်။ မရီးက လူကောင်းတစ်ယောက်ပဲ။ အရေးကြီးတာက အရမ်းလှတယ်။ ဒီမိုင်အနည်းငယ် အတွင်းမှာ သူမထက် လှတဲ့လူ ဘယ်သူရှိလဲ။ ရှာကြည့်လိုက်။ ဟုတ်ပြီ အစ်ကိုကြီး။ အစ်ကိုကြီးနဲ့ကျုပ် ဆွေးနွေးစရာ ရှိသေးတယ်”
ရှမ့်လန်က ပြောလိုက်သည်။ “ပြောလေ”
သူ၏ ညီငယ်လေးက ပြောလိုက်၏။ “အခုဆို အစ်ကိုကြီးက မိန်းမလှတစ်ယောက်ကို ရထားခဲ့ပြီ။ ဒီတော့ ရွာထဲက မုဆိုးမလျှိုကို ကျုပ်ဆီ ပေးလို့ရမလား”
ထိုအချိန်မှာတော့ သူ၏အမေသည် မည်သို့မှ မနေနိုင်တော့ချေ။ ရှေ့ဆီသို့ ရောက်ရှိလာပြီး သူ့သားငယ်၏ခေါင်းကို တဖျောင်းဖျောင်းနှင့် ရိုက်နှက်လိုက်သည်။ “တော်စမ်း.. မင်းအစ်ကိုက မြို့စားအိမ်တော်မှာ ကြာကြာ မနေနိုင်ဘူးဆိုရင် အိမ်ကို ပြန်လာမှာပေါ့။ ဒါဆိုရင် မင်းအစ်ကို ယူဖို့အတွက် မုဆိုးမလျှိုကို ချန်ထားမှဖြစ်မယ်။ ပြီးတော့ မုဆိုးမလျှိုက တာ့လန်ကို ကြိုက်နေတာ ကြာပြီလေ။ ငါတို့ တာ့လန်က အရမ်းချောတယ် မဟုတ်လား။ မင်းကြိုက်ရင် တခြားလူ ရှာ”
သူ၏အမေသည် ဆက်လက်ကာ ပြောဆိုလိုက်၏။ “လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက မေးမြန်းကြည့်ပြီးပြီ။ မုဆိုးမလျှိုက သွားသာမြန်းမယ်ဆိုရင် ချက်ချင်းလက်ခံမယ့် လူမျိုးလေ”
ရှမ့်ကျန်သည် ဆွံ့အသွားမိသည်။ “အဖေ၊ အမေ.. ကျုပ်ကလည်း သားအရင်းပါ။ ကျုပ်ကို လမ်းဘေးကများ ကောက်လာခဲ့တာလား”
..........
ရှမ့်လန်သည် သူ၏မိဘများနှင့်အတူ အချိန်ခဏကြာအောင် စားသောက်ခဲ့၏။
“ဟုတ်ပြီ တာ့လန်.. မင်းကောင်းကောင်းမွန်မွန် နေနေရတာမြင်တော့ စိတ်သက်သာရာ ရသွားခဲ့ပြီ။ အခု ပြန်ကြတော့မယ်” သူ၏အဖေက ပြောလိုက်သည်။။
ရှမ့်လန်က ပြောလိုက်၏။ “အဖေ၊ အမေ.. ဒီမှာ ညအိပ် မနေတော့ဘူးလား။ နောက်ကျနေပြီ”
သူ၏မိဘများက ပြောလိုက်သည်။ “ဒီမှာနေလည်း အလကားပဲ”
ပြီးနောက် ရှမ့်လန်မှာတော့ ကျင်းကျုံးကို ခေါ်ပြီး ဝေါယာဉ်ကြီးနှစ်ခုကို ပြင်ဆင်ကာ မိဘများအား အိမ်သို့ ပြန်ပို့ရန် ခိုင်းစေလိုက်၏။
မြို့စားကြီးနှင့် မူလန်တို့သည် စားပွဲဆီမှ ထွက်ခွာလာခဲ့ကြပြီး သူတို့ကို သေသေချာချာ လိုက်လံပို့ဆောင်သည်။
“အစ်ကိုကြီး.. ကျုပ်တို့ကို လိုက်မပို့နဲ့တော့။ မင်္ဂလာခန်းဆီကိုသာ ပြန်တော့။ မရီးက စောင့်နေလောက်ပြီ”
သူ၏ ညီငယ်လေးက ပြောဆိုလိုက်၏။ “မင်္ဂလာဦးညဆိုတာ မိနစ်တိုင်း၊ မိနစ်တိုင်းက ရွှေတစ်ထောင် တန်တယ်နော်”