← Chapters

အခြေတည် ဝိညာဉ် အဆင့်ကို ထပ်မံ သတ်ဖြတ်ခြင်း

Vol. 10 Ch. 992

အခြေတည် ဝိညာဉ် အဆင့်ကို ထပ်မံ သတ်ဖြတ်ခြင်း

Vol. 10 Ch. 992

“ဘာလဲ...”

မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ ချန်းဖန်၏ သတ္တိကို ကြည့်ကာ လုံးဝ ဆွံ့အ နေခဲ့ကြလေ၏။

ထိုအရာကား ဆေးနတ်ဘုရားဂိုဏ်း၏ ဘိုးဘေး ဖူတူ ဖြစ်သည်။ ပြောစကားများ အရ ဆိုလျှင် ဘိုးဘေးဖူတူမှာ လွန်ခဲ့သည့် နှစ်နှစ်သောင်းတည်းကပင် “အဆိပ်တစ်ထောင် ‌ရွှေခန္ဓာ” ကို အောင်မြင်ထားသူ ဖြစ်သည်။ ထိုအရာမှာ ထျန်းဟောင်ဂြိုဟ်၏ အကျော်ကြားဆုံး ခန္ဓာသန့်စင်ခြင်း ကျင့်စဥ် ဖြစ်သည်။ ထိုကျင့်စဥ်ကို အောင်မြင်သည်နှင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်မှာ ကောင်းကင်ဓား တစ်ချောင်း ကဲ့သို့ မာကြောသွားလိမ့်မည် ဖြစ်သည်။

သို့သော်လည်း ချန်းပေ့ရွှမ်းမှာ လက်သီးတစ်ချက်ဖြင့်ပင် ထိုကဲ့သို့သော ကျင့်ကြံသူ၏ သွားလေးချောင်းကို ကျွတ်ထွက်စေခဲ့သည်။

“မင်း...”

တစ်ချိန်တည်း၌ ကောင်းကင်အရှင်များမှာ အံ့သြသွားကြသလို ဒေါသလည်း ထွက်သွားကြသည်။

ချန်းဖန်၏ လုပ်ရပ်ကား ဘိုးဘေး ဖူတူကိုသာ မက အခြား ကောင်းကင်အရှင် အားလုံးကိုပါ မထီမဲ့မြင် ပြုလိုက်ခြင်း ဖြစ်သည်။ မိစ္ဆာနှိမ်ဂိုဏ်း၏ ဘိုးဘေး ပင်လျှင် မျက်မှောင်ကြုတ်သွားခဲ့၏။

“ဘုန်း...”

မြေအောက်သရဲဂိုဏ်းနှင့် ကောင်းကင်အရှင် ရှန်းယန်တို့၏ ခန္ဓာကိုယ်မှ စွမ်းအားများမှာ ပေါက်ကွဲ ထွက်ပေါ်လာသည်။ သူတို့ကား ချန်းဖန်အား စတင် တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ထိုအချိန်မှာပင် မိုင်တစ်ဒါဇင်ခန့် ဝေးသော တောင်ခြေတစ်ခုဆီမှ အသံတစ်ခု ထွက်ပေါ်လာ၏။

“ကောင်းတယ်ဟေ့... အရမ်းကောင်းတယ်... ငါ ဘယ်သူနဲ့မှ မတိုက်ခိုက်ဖြစ်တာ နှစ်ပေါင်း နှစ်သောင်းသုံးထောင် ရှိပြီ... ကြည့်ရတာ ထျန်းဟောင်ဂြိုဟ်ရဲ့ လူငယ် မျိုးဆက်တွေက ငါ ဘာတွေလုပ်နိုင်လဲ ဆိုတာ မေ့သွားပြီ ထင်တယ်”

“ဘုန်း...”

တောင်တန်းများမှာ လဲပြိုကာ မြေပြင်မှာ အက်ကွဲသွား၏။ ရွှေ‌ရောင်အလင်းများ ဝန်းရံနေသည့် ယောက်ျား တစ်ယောက်သည် အပျက်အစီးပုံ ကြားမှ တိုးထွက်လာသည်။ သူသည် ကောင်းကင်အား အလင်းတစ်ခု အလား ဖြတ်သန်းကာ မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် ချန်းဖန်၏ အရှေ့သို့ ပြန်လည် ရောက်ရှိလာ၏။

သူကား ဘိုးဘေး ဖူတူပင် ဖြစ်သည်။ သူက ချန်းဖန်အား ရွှေရောင် တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် စူးစိုက်ကြည့်လိုက်၏။

“ကောင်စုတ်လေး... မင်းရဲ့ လက်သီးက မာတယ်ဆိုပေမဲ့ အဲ့လောက်လေးနဲ့ ငါ့ကို သတ်နိုင်မယ် ထင်နေလား... ငါ့ရဲ့ အဆိပ်တစ်ထောင် ရွှေခန္ဓာကို အဲ့လို လက်သီးလေးနဲ့ ချိုးဖျက်ဖို့ မလွယ်ဘူးကွ... မင်း ငါ့ကို သတ်ချင်ရင်...”

“ဘုန်း...”

စကား မဆုံးခင်မှာပင် ချန်းဖန်၏ လက်သီးမှာ ဘိုးဘေး ဖူတူ၏ မျက်နှာကို ဒုတိယ အကြိမ်မြောက် နှုတ်ဆက် လိုက်ပြန်သည်။

“မင်း...”

ဘိုးဘေး ဖူတူက ချန်းဖန်၏ လက်သီးကို ကပျာကယာပင် သူ၏ လက်များဖြင့် တားဆီးရန် ကြိုးစား လိုက်သည်။ သို့သော်လည်း ချန်းဖန်၏ လက်သီးကား ကမ္ဘာပျက် မတတ် ပြင်းထန်လှ၏။

“ဘုန်း...”

ဘိုးဘေးဖူတူမှာ မြေပြင်ပေါ် ခွေးကျဝက်ကျ ပြုတ်ကျသွားပြန်သည်။

“အဲဒါက...”

လူများသည် ထိုနေရာသို့ လှမ်းကြည့်ကြရာ တွင်းပေါက်ဝကြီး တစ်ခုကိုသာ တွေ့မြင်ကြရ၏။ ဘိုးဘေး ဖူတူကိုမူ မည်သူမျှ မတွေ့မြင်ရတော့ချေ။ သူ မြေအောက်ကို မိုင်ပေါင်း မည်မျှ နစ်မြုပ်သွားကြောင်း မည်သူမျှ မခန့်မှန်း နိုင်ကြချေ။

“သူက သန်မာလှချည်လား...”

ယခုတစ်ကြိမ်တွင်မူ ကောင်းကင်အရှင် ရှန်းယန်ပင် ထိတ်လန့် သွားခဲ့သည်။

ဘိုးဘေးဖူတူ၏ အဆိပ်တစ်ထောင် ရွှေခန္ဓာကား သာမန် ခန္ဓာ တစ်ခု မဟုတ်ချေ။ အဆင့်တူ ကျင့်ကြံသူများကိုပင် ဖိနှိပ်နိုင်သည့် ထျန်းဟောင်ဂြိုဟ်၏ နံပတ်တစ် ခန္ဓာကျင့်စဥ် ဖြစ်သည်။ အခြေတည် ဝိညာဥ် အဆင့်များပင် ဘိုးဘေး ဖူတူနှင့် ခန္ဓာကိုယ်ချင်း တိုက်ရိုက် ရင်ဆိုင် မတိုက်ဝံ့ကြချေ။ သို့သော်လည်း ယခုတွင်မူ ချန်းပေ့ရွှမ်းမှာ လက်သီးတစ်ခုဖြင့်ပင် သူ့အား အကြိမ်ကြိမ် လွင့်စဥ် စေခဲ့သည်။ ထိုအရာက ပုံမှန် မည်သို့ ဖြစ်နိုင်မည်နည်း။

“အား...”

ကျယ်လောင်သော အော်ဟစ်သံနှင့် အတူ မြေပြင်သည် ဖွာလန်ကြဲကာ ရွှေရောင် အလင်းမှာ ကောင်းကင်သို့ ထိုးတက် လာ၏။

ဘိုးဘေး ဖူတူကား အမှန်တကယ်ပင် ဒေါသထွက် နေခဲ့ပြီ ဖြစ်သည်။ ယခုကဲ့သို့ နောက်ပေါက် တစ်ယောက်ထံ၌ နှစ်ကြိမ် တိုင်တိုင် အသားလွတ် ခံလိုက်ရခြင်းအား မည်သူက ဒေါသ မထွက်ပဲ နေမည်နည်း။ သူသည် နှစ်ပေါင်းသောင်းနှင့်ချီ အသက်ရှင်ခဲ့သည့်တိုင် ထိုကဲ့သို့သော အရှက်ရမှုမျိုးကို ယခုမှ ကြုံတွေ့ခဲ့ရခြင်း ဖြစ်ပေသည်။

“ချန်းပေ့ရွှမ်း... မင်းငါ့ကို အဲ့လောက်နဲ့ နိုင်မယ် ထင်နေလား... ငါ့ရဲ့ အဆိပ်တစ်ထောင် ရွှေခန္ဓာက...”

ယခု တစ်ကြိမ်တွင်မူ ဘိုးဘေး ဖူတူသည် လုံးဝ သတိလက်လွတ် မဖြစ်တော့ချေ။ သူ၏ ပတ်လည်ရှိ ကောင်းကင်သည် ရွှေရောင်အလင်းများဖြင့် ပြည့်နှက်ကာ အမျိုးအမည် မသိရသော တွင်းပေါက် တစ်ခုကို ဖန်တီးထား၏။ ထိုတွင်းပေါက်၌ လေဟာနယ် အလွှာများက တဘုန်းဘုန်း ပေါက်ကွဲကာ သူအား ကာကွယ်နေသည်။ သူကား သာမန် အခြေတည် ဝိညာဥ် အဆင့်များထက် ပို၍ အစွမ်းထက်သူ တစ်ယောက် ဖြစ်၏။

သို့သော်လည်း သူ၏ စကားမဆုံးခင်မှာပင် ချန်းဖန်က တတိယ အကြိမ်မြောက် လက်သီးအား မြှောက်ကာ ထိုးလိုက်ပြန်၏။

“ဘုန်း...”

ယခုတစ်ကြိမ်တွင်လည်း ဘိုးဘေး ဖူတူမှာ ချန်းဖန်၏ လက်သီးချက်ကို တားဆီးနိုင်စွမ်း မရှိပဲ လွင့်စဥ် သွားပြန်သည်။ သူ၏ ခန္ဓာကိုယ်သည် မိုင်သုံးရာ အကွာအဝေးရှိ မိစ္ဆာ စစ်တပ်ရင်း တစ်ခုပေါ်ကျ၏။ ထိုတပ်ရင်း အတွင်းရှိ ရွှေအမြု‌တေ အဆင့် အပါအဝင် မိစ္ဆာ စစ်သားများ အားလုံးကား ဘိုးဘေးဖူတူ၏ ကျဆင်းမှုကို မခုခံနိုင်ရာ တစ်ယောက်မကျန် အကုန် သေဆုံးသွားကြတော့သည်။

“စောက်ပြဿနာပဲကွာ...”

များစွာသော ကျင့်ကြံသူများမှာ ထိုအဖြစ်အပျက်ကြောင့် စိုးရိမ်ကာ ချက်ချင်း နောက်သို့ ကုန်ကြသည်။

ကောင်းကင်အရှင်များ၏ တိုက်ပွဲမှာ အားလုံး၏ ပုံဖော်နိုင်စွမ်းထက် ကျော်လွန်နေ၏။ သူတို့သည် မိုင်တစ်ရာ အကွာအဝေးမှ ကြည့်ပါက အသက် အန္တရာယ် လုံခြုံလိမ့်မည်ဟု ထင်ခဲ့ကြသော်လည်း ယခုတွင်မူ တိုက်ပွဲ၏ အကျိုးဆက်မှာ မိုင်သုံးရာ အထိ ပျံ့နှံ့လာခဲ့သည်။

“ခွေးမသား... ငါမင်းကို သတ်မယ်... အဆိပ် တစ်ထောင် ကောင်းကင်ဓားတွေ လာစမ်း...”

သုံးကြိမ်မြောက် အထိုးခံရ အပြီး၌ ဘိုးဘေး ဖူတူမှာ စကားများရဲခြင်း မရှိတော့ချေ။ သူက ရွှေရောင် အလင်းတန်း တစ်ခု အလား ပျံသန်းရင်း  မရေမတွက်နိုင်သော ကောင်းကင်ဓားများကို ဆင့်ခေါ်လိုက်၏။ သူသည် ထိုဓားများကို ထိန်းချုပ်ကာ ချန်းဖန်ထံ တရကြမ်း တိုးဝင်လာသည်။

သို့သော်လည်း ချန်းဖန်မှာ ဂရုစိုက်ခြင်း မရှိချေ။ သူက ခန္ဓာကိုယ်အား ဖွင့်ကာ ဓားများထံ တိုးဝင်၍ ဘိုးဘေး ဖူတူအား ထိုးနှက်လိုက်ပြန်လေ၏။

“ဘုန်း...”

မြေပြင်မှာ ပြင်းထန်စွာ တုန်ရီကာ ပေါက်ကွဲသံများနှင့် အတူ အပေါက်ကြီး တစ်ခု ဖြစ်ပေါ် သွားပြန်သည်။

“မင်း အရမ်းလွန်နေပြီ..”

“ဘုန်း...”

“ရွှေခန္ဓာ ဖျက်ဆီးခြင်း လက်ဝါး...”

“ဘုန်း...”

“အဆိပ်တစ်ထောင် တန်ခိုးရှင် ကျင့်စဥ်...”

“ဘုန်း...”

“အရပ် ရှစ်မျက်နှာ ထိန်းချုပ် အစီအရင်...”

“ဘုန်း...”

ချန်းဖန်ကား ဘိုးဘေး ဖူတူအား ဘောလုံးတစ်လုံး အလား သဘောထားနေဟန်ပင် ရသည်။ ဘိုးဘေး ဖူတူသည် သူသိထားသမျှ ကျင့်စဥ်များ၊ နတ်ဘုရား စွမ်းအားများကို ‌ရေကုန်ရေခမ်း အသုံးပြု နေသည့်တိုင် ချန်းဖန်၏ လက်သီးချက်တိုင်း၊ ခြေကန်ချက်တိုင်း၌ အမြဲ လွင့်စဥ်သွားစမြဲ ဖြစ်သည်။ သူ၏ ကျဆင်းမှုတိုင်း၌ မြေပြင်နှင့် တောင်တန်းများမှာ အပျက်အစီးပုံများပင် ဖြစ်နေခဲ့ပြီ ဖြစ်လေ၏။

“ဆုတ်ကြဟေ့... ဆုတ်ကြ...”

မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ နောက်သို့ အဆက်မပြတ် ဆုတ်နေကြရသည်။ ကောင်းကင်အရှင်များ၏ တိုက်ပွဲ အလယ်၌ သူတို့ကား ပုရွက်ဆိတ်များ ကဲ့သို့ အားနည်းလှရာ အချိန်မရွေး အသက်ထွက် သွားနိုင်ပေသည်။

တစ်ချိန်တည်း၌ ကောင်းကင်အရှင်များ၏ မျက်နှာများမှာ လေးနက်နေကြ၏။ ဘိုးဘေး ဖူတူမှာ သူတို့အထဲ၌ အစွမ်း အထက်ဆုံး မဟုတ်လျှင်ပင် ရင်ဆိုင်ရ အခက်ဆုံးသူ တစ်ယောက် ဖြစ်သည်။ ကောင်းကင် ရတနာများ ပင်လျှင် သူ၏ အဆိပ်တစ်ထောင် ရွှေခန္ဓာကို ထိခိုက်အောင် မလုပ်နိုင်ချေ။ သို့သော်လည်း ချန်းပေ့ရွှမ်းမှာမူ  ဓမ္မ စွမ်းအားကို မသုံးပဲ ခန္ဓာကိုယ် သီးသန့်ဖြင့်ပင် ဘိုးဘေး ဖူတူကို အကြိမ်ကြိမ် လွင့်စဥ်အောင် ပြုလုပ်နိုင်ခဲ့သည်။

ထိုအရာက ချန်းပေ့ရွှမ်းမှာ ရွှေအမြုတေ အဆင့်တွင်သာ ရှိသေးသည့်တိုင် သူ၏ ခန္ဓာကိုယ်မှာမူ ဘိုးဘေး ဖူတူထက်ပင် ပို၍ အစွမ်းထက်နေပြီဟု ဆိုလိုခြင်း မဟုတ်ပါလား...။

“ဘုန်း...”

ဆယ့်နှစ်ကြိမ်မြောက် လွင့်စဥ်ပြီးနောက် ဘိုးဘေး ဖူတူမှာ ရုတ်တရက် တည်ငြိမ်သွားသည်။ သူသည် ကောင်းကင်တွင်ပင် တင်ပျဥ်ချိတ်၍ ထိုင်လိုက်ကာ ရွှေရောင်အလင်းက သူ၏ ခန္ဓာအား လွှမ်းခြုံသွားသည်။ ထို့နောက် သူက အေးဆေးစွာပင် ချန်းဖန်အား ကြည့်လိုက်၏။

“ချန်းပေ့ရွှမ်း... မင်း ဘယ်လောက်ပဲ အစွမ်းထက်ထက် ငါ့ကို ထိခိုက်အောင် မလုပ်နိုင်ဘူး”

“ဟုတ်လား...”

ချန်းဖန်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ကောင်းကင်တွင် လွင့်မျောနေ၏။

“ငါ့ရဲ့ အဆိပ်တစ်ထောင် ရွှေခန္ဓာက တောင်တန်း အင်ပါယာရဲ့ “အင်ပါယာ ခန္ဓာ” ပြီးရင် ထျန်းဟောင်ဂြိုဟ်ပေါ်မှာ ပြိုင်ဘက်ကင်းပြီလို့ ထင်မိခဲ့တယ်... ငါ့ကိုယ်ငါ အထင်ကြီးခဲ့မိတာပဲ... နောက်ပြီး မင်းလို မြေရိုင်းနယ်က လာတဲ့ ကောင်လေး တစ်ယောက်က ရွှေအမြုတေ အဆင့်နဲ့တင် ထိပ်တန်း ကောင်းကင် ခန္ဓာ တစ်ခုကို ဖွဲ့စည်းထားလိမ့်မယ်လို့ ငါတွေးတောင် မတွေးခဲ့မိဘူး... မင်း အခြေတည် ဝိညာဥ် အဆင့်တွေကို သတ်နိုင်ခဲ့တာ မထူးဆန်းတော့ဘူး... ဒါပေမဲ့ ကံဆိုးတာက မင်း လူတိုင်းကို စော်ကားခဲ့တာပဲ... အခု ဒီနေရာမှာ အခြေတည် ဝိညာဥ် အဆင့် ဆယ့်ငါးယောက်က မင်းကို သတ်ဖို့ ရောက်နေပြီ... မင်း ပြေးလို့ မလွတ်နိုင်တော့ဘူး”

ဘိုးဘေးဖူတူက တည်ငြိမ်စွာ ပြောလိုက်သည်။

“ဟူး...”

အခြား ကောင်းကင်အရှင်များသည် ချန်းဖန်၏ ပတ်လည် လေထု၌ ဝန်းရံကာ ပျံသန်းနေကြ၏။ တစ်ချိန်တည်း၌ သူတို့၏ နတ်ဘုရား စိတ်အာရုံများမှာ မိုင်တစ်ထောင် ဧရိယာကို ဖြန့်ကျက်၍ ချန်းဖန်အား ပတ်ဆို့ကြသည်။  ထိုကဲ့သို့သော အခြေအနေ၌ ရွှေအမြုတေ အဆင့် မဆိုထားနှင့်၊ အဆင့်မြင် အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်ပင် မည်သို့မှ လွတ်မြောက် ထွက်ပြေးနိုင်တော့မည် မဟုတ်ချေ။

“ဟဟ...”

သို့သော်လည်း ချန်းဖန်မှာ ထိုအချင်းအရာကို ဂရုစိုက်ပုံ မရချေ။ သူက ဘိုးဘေး ဖူတူကိုသာ တည့်တည့် ကြည့်ကာ ပြုံးလိုက်၏။

“ခု အချိန်ထိ ငါက စွမ်းအား ၃၀ ရာခိုင်နှုန်းကိုပဲ သုံးရသေးတယ်... အဲဒါက မင်းကို သတ်ဖို့ မလုံလောက်ဘူး လို့ ယူဆရင် ငါက စွမ်းအား အပြည့်ကို သုံးပေးရမှာပေါ့”

ထို့နောက် ချန်းဖန်က လေထုအား တစ်ချက်နင်းချေကာ လက်သီးများကို ဆုပ်လိုက်သည်။ သူက ခန္ဓာကိုယ်အား ကိုင်းညွှတ်၍ မြှားကိုင်းသဖွယ် ပြောင်းလဲလိုက်သည်။  ထိုအခိုက်အတန့်၌ လူတိုင်းသည် ချန်းဖန်၏ ပတ်လည်တွင် အရိပ်ကိုးခုကို တွေ့မြင်ကြရသည်။

ချန်းဖန်သည် ယခုထိ နတ်ဘုရား စက်ဝန်းကို အသုံးမပြုရသေးချေ။ ထိုကျင့်စဥ် ကိုးခုအား လေ့ကျင့်ခြင်းက သူ၏ ခန္ဓာကိုယ်အား အဆများစွာ ပိုမို သာမန် လာစေရန် သန့်စင် ထောက်ပံ့ပေးသည်။ ယခု အချိန်၌ မည်သည့် ကျင့်စဥ်၊ နတ်ဘုရား စွမ်းအားကိုမျှ အသုံးမပြုလျှင်ပင် ချန်းဖန်၏ ခန္ဓာကိုယ်မှာ သာမန် အခြေတည် ဝိညာဥ် အဆင့် ခန္ဓာထက် အဆများစွာ ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။

“ဘုန်း...”

ချန်းဖန် လက်သီးကို ထိုးသည်နှင့် ကမ္ဘာလောကမှာ ဆိတ်ငြိမ်သွား၏။ ဘိုးဘေး ဖူတူ၏ ခန္ဓာကိုယ်မှာ အေးခဲသွားကာ သူ၏ မျက်လုံးများမှာမူ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသည့် တစ်စုံတစ်ခုကို မြင်ရသည့်နှယ် ပြူးကျယ် နေခဲ့လေသည်။  သို့သော်လည်း သူကား အခြေတည် ဝိညာဥ် အဆင့် တစ်ယောက် ဖြစ်ရာ ချက်ချင်းပင် ပြန်လည် သတိဝင်လာခဲ့သည်။ သူက စွမ်းအား အလုံးစုံကို ထုတ်ဖော်ကာ လက်သီးချက်အား ခုခံရန် ကြိုးစားလိုက်သည်။

သို့သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

“ဝှစ်...”

ချန်းဖန်၏ ခန္ဓာကိုယ်သည် ဘိုးဘေး ဖူတူကို တဒင်္ဂ အတွင်း ဖြတ်ကျော်ကာ အနောက်ဘက် ပေတစ်ထောင်ခန့် အကွာ၌ ပြန်လည် ပေါ်လာ၏။

ယခုတစ်ကြိမ်တွင်မူ ဘိုးဘေး ဖူတူ၏ ခန္ဓာကိုယ်မှာ လွင့်စဥ်သွားခြင်း မရှိသလို တစ်လက်မမျှ ရွေ့လျားသွားခြင်းလည်း မရှိခဲ့ချေ။ သူကား မူလ နေရာ၌ ပုံမပျက် ရှိနေဆဲ ဖြစ်သည်။ များစွာသော ကျင့်ကြံသူများမှာ ချန်းဖန်၏ လက်သီးချက် လွဲချော် သွားသည်ဟု တွေးလိုက်မိကြ၏။

သို့သော်လည်း နောက်တစ်စက္ကန့်မျှ အကြာ၌...

“ခရက်...”

ဘိုးဘေးဖူတူ၏ ရင်ဘတ်တွင် အက်ကြောင်း တစ်ခု ပေါ်လာသည်။ ထိုအက်ကြောင်းသည် တစ်ခဏ အတွင်းမှာပင် ခန္ဓာကိုယ် တစ်ခုလုံးသို့ ပျံ့နှံ့သွား၏။ တစ်ချိန်တည်း၌ သူ၏ ရွှေအမြုတေတွင်လည်း အပေါ်တစ်ခု ဖြစ်ပေါ်လာ၏။ ထိုအပေါက်က တဖြည်းဖြည်း ကျယ်ပြန့်လာရာ စွမ်းအင်များမှာ အစုလိုက်အပြုံလိုက် အပြင်သို့ တိုးထွက်လာကြ၏။

“ဘုန်း...”

အဆုံး၌ ဘိုးဘေး ဖူတူ၏ ခန္ဓာကိုယ်မှာ သူ၏ အခြေတည် ဝိညာဥ်နှင့် အတူ အပိုင်းပိုင်း အစစ အဖြစ် ပေါက်ကွဲ သွားတော့သည်။

လူတိုင်းမှာ နားလည် သွားကြပြီ ဖြစ်သည်။ ချန်းဖန်၏ လက်သီးချက်ကား ဘိုးဘေးဖူတူ၏ အခြေတည် စိတ်ဝိညာဥ် အပါအဝင် အရာရာကို ဖျက်ဆီးသွားခဲ့ခြင်း ဖြစ်သည်။

လက်သီးတစ်ချက်...

ထိုအရာကား လက်သီးတစ်ချက်၏ စွမ်းအားသာလျှင် ဖြစ်လေ၏။

All Chapters