အပိုင်း (၂၈)
Vol. 3 Ch. 28
ရှမ့်လန် ထွက်ခွာသွားခဲ့ပြီးသည့်နောက် မူလန်သည် သူ့မယောက်ျား၏ နောက်ကျောကို နှစ်စက္ကန့်လောက် ကြည့်ရှုလိုက်၏။ ပြီးနောက် မနက်စာကို ဆက်လက်ကာ စားသုံးနေ၏။
ဘေးတစ်ဖက်တွင် ရှိနေသည့် အိမ်စေဖြစ်သူ ရှောင်တင်း က ပြောလိုက်သည် “သခင်မလေး၊ သမက်တော်က အရမ်းကြမ်းလွန်းတယ်။ သူက မြို့စားအိမ်တော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်အောင် ပြုလုပ်မိမှာ စိုးရတယ်”
သူမသည် ဝင်ရောက်ကာဖြင့် အကြံပေး ပြောဆိုခဲ့ခြင်း ဖြစ်၏။ သို့ပေမဲ့ ရှောင်တင်းကို ကြည့်ရှုနေသည့် မူလန်၏ မျက်လုံးထဲတွင် အေးစက်သည့် အလင်းရောင်များ ဖြတ်ပြေးသွား၏။
“ရှောင်တင်း”
မူလန်သည် ရှောင်တင်း၏ နာမည်ကို ခေါ်လိုက်၏။ သူမသည် အစေခံများကို ကောင်းကောင်းမွန်မွန် ဆက်ဆံတတ်သည့် လူတစ်ယောက် ဖြစ်၏။ ထို့ကြောင့် ဤအစေခံများသည် သူမကို ကြောက်ရွံ့ခြင်း မရှိတော့ ချေ။ ထို့အပြင် ဤရှောင်တင်းသည် ရဲရဲတင်းတင်း ပြောဆိုရဲလျက် ရှိနေ၏။ သူမသည် မူလန်ကို ငယ်ရွယ်စဉ် ကတည်းက ထိန်းကျောင်းခဲ့သည့် လူတစ်ယောက် ဖြစ်သည့်အပြင် အိမ်စေများ၏ ခေါင်းဆောင်ဟူ၍ပင် သတ်မှတ်နိုင်သည့် လူဖြစ်သည်။
အချိန်ကြာလာပြီးနောက် မြို့စား အိမ်တော်တွင် ရှိနေသည့် လူများသည် သူမကို မြင်သည်နှင့် တစ်ပြိုင်နက် အစ်မ ရှောင်တင်းဟုပင် ခေါ်ဆိုရသည်။
မူလန်၏ အကြည့်ကို မြင်ရသည့် အချိန်မှာတော့ ရှောင်တင်းက ပြောလိုက်၏။ “ကျွန်မ ပြောတာ မမှားဘူးလေ။ မြို့စားအိမ်တော်က လူတွေအားလုံးကို ကိုယ့်ရဲ့ ကိုယ်ပိုင်ကလေးငယ်လို ချစ်မြတ်နိုးကြတယ်။ ဒီအကြောင်းအရာ နဲ့ ပတ်သက်ပြီး အားလုံးက အသိအမှတ်ပြုထားကြတယ်။ ဒါပေမဲ့ သမက်တော်က ကြမ်းတမ်းလွန်းတယ်။ သူ့ကြောင့် မြို့စားအိမ်တော် သိက္ခာကျမှာ စိုးရတယ်”
မူလန်၏ အကြည့်များသည် ပိုမိုကာ အေးစက်လာခဲ့၏။ ပြီးနောက် အော်ဟစ်လိုက်သည် “လာစမ်း။ ပါးဆယ်ချက် လောက် ရိုက်လိုက်။”
ချက်ချင်းပဲ အစေခံများ ဝင်ရောက်လာကြ၏။ ပြီးသည့်နောက် ရှောင်တင်း၏ မျက်နှာကို ဘယ်ပြန်ညာပြန်နှင့် ရိုက်နှက်လေ၏။
ဖောင်း ဖောင်း ဖောင်း ဖောင်း။
ရှောင်တင်းသည် ဖြစ်ပျက်နေသည့် အကြောင်းအရာနှင့် ပတ်သက်၍ မယုံကြည်နိုင်သလို ဖြစ်လို့နေ၏။ သခင်မလေးသည် တကယ်ပဲ သူမကို ရိုက်နှက်ခိုင်းခဲ့သည်လား။ သူမ၏ မျက်နှာပေါ်၌ နာကျင်မှုများ ပေါ်ပေါက်လာကြောင်း ခံစားရသည့်အချိန်မှာတော့ သူမသည် မည်သို့မှမနေနိုင်ဘဲ ထကာ ငိုယိုမိသည်။
ဆယ်ချက်တိတိ ရိုက်ခံပြီးသည့်နောက် သူမ၏ မျက်နှာ တစ်ခုလုံးသည် နီရဲပြီး ရောင်ကိုင်းလျက် ရှိနေ၏။ နှာခေါင်းဝဆီမှ သွေးများပင် စီးကျလာခဲ့၏။
ဘေးတစ်ဖက်တွင် ရှိနေသည့် လူအားလုံးသည် တိတ်ဆိတ် ငြိမ်သက်လျက် ရှိနေ၏။ သခင်မလေးသည် ယခင်တုန်းက ဤကဲ့သို့ ပြုမူ ဆက်ဆံခြင်း မရှိချေ။ အစေခံများနှင့်အတူ ဟာသများကိုပင် ပြောဆိုတတ်သည့် လူတစ်ယောက် ဖြစ်သည်။
မူလန်က ပြောလိုက်၏ “မှတ်ထား။ သားမက်တော် က မိသားစုထဲကို ရောက်လာပြီ ။ ဒီတော့ ဒီမှာ ရှိတဲ့ လူတွေ အကုန်လုံးရဲ့ သခင်ပဲ။ နောက်ကွယ်မှာ သားမက်တော်ရဲ့ မကောင်းကြောင်းကို ပြောဆိုရဲတဲ့ ဘယ်သူ့ကိုမဆို …… ပါးဆယ်ချက် တိတိ ရိုက်ရုံလောက်နဲ့ ပြီးသွားမယ့် ကိစ္စရပ်မျိုး မဟုတ်တော့ဘူး”
အိမ်စေတစ်ယောက်ဖြစ်သည့် ရှောင်တင်းသည် အလုံးစုံ ဆွံ့အသွားခဲ့ကြ၏။ သခင်မလေးသည် သူမကို အလွန်ပင် ချစ်မြတ်နိုးသည်။ သို့ပေမဲ့ အဘယ့်ကြောင့် သားမက်တော်အတွက်နှင့် ဤမျှ စိတ်ဆိုးနေရသနည်း။ ထို့အပြင် ချစ်မြတ်နိုး၍ ယူထားသော လင်ယောကျာ်းလည်း မဟုတ်ချေ။
မူလန်က ပြောဆိုလိုက်သည် “သူ့ကို ခြံဝင်းထဲကနေ ခေါ်ထုတ်သွား။ ပြီးရင် ပန်းထိုးဆောင်ကို ပို့လိုက်”
ပိန်ပိန်ပါးပါး အရပ်ရှည်ရှည်နှင့် ရှောင်တင်းသည် အလုံးစုံ တုန်လှုပ်သွားခဲ့၏။ သို့နှင့် ရုတ်တရက် ဒူးထောက်ကာ တောင်းပန်လေသည် “သခင်မလေး၊ ကျွန်မ မှားသွားပါတယ်။ အနာဂတ်မှာ သားမက်တော်နှင့် သက်ဆိုင်တဲ့ မကောင်းကြောင်း၊ ကောင်းကြောင်း ဘာတစ်ခုမှ မပြောတော့ပါဘူး။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”
ပါးဆယ်ချက် ရိုက်ခံရခြင်းသည် ဆိုးဝါးသည့် အရာမျိုး မဟုတ်ချေ။ သို့ပေမဲ့ ပန်းထိုးဆောင်ဆီသို့ စေလွှတ်ခြင်း ခံရပါက ဘဝပျက်လေပြီ။
မြို့စား အိမ်တော်၏ ကျေးကျွန်များသည် အထက်ပိုင်းနှင့် အနိမ့်ပိုင်းဟူ၍ အဆင့်အတန်းများ ခွဲခြားထားသည်။ သခင်မလေး၏ ဘေးနားတွင် နေထိုင်ခြင်းသည် တကယ့်ကို ထူးခြားသည့် အခွင့်အရေးမျိုး ရရှိစေ၏။ သို့ပေမည့် ပန်းထိုးဆောင်ဆီသို့ ပို့ဆောင်ခြင်းခံရပါကမပြီးစီးနိုင်သော အလုပ်များကို ပြုလုပ်ရင်း ပင်ပန်းဆင်းရဲစွာ နေထိုင်ရသည်။
သို့သော်ငြား တောင်းပန်တိုးလျှိုးသော်လည်း အသုံးမဝင်တော့ချေ။ တခြားသော အစေခံများသည် သူမကို ဆွဲထုတ်ကာဖြင့် ခေါ်ဆောင်သွားခဲ့၏။
………………….
“သခင်ကြီး … သခင်လေး ရှမ့်လန် လာတွေ့ပါတယ်။ ကျင်းကျုံး က ပြောလိုက်၏။
မြို့စားကြီးသည် စိတ်ကောင်းဝင်လျက် ရှိနေ၏။ လွန်ခဲ့သည့် ညက ရှမ့်လန်သည် ကောင်းမွန်သည့် လုပ်ဆောင်ချက်များကို ထုတ်ဖော် ပြသခဲ့၏။ သူသည် ထိုအရာနှင့် ပတ်သက်၍ ဂုဏ်ယူနေမိ၏။ ဟုတ်ပေ၏။ ဝမ်လျံ နှင့် မိုရီတို့သည် ရှမ့်လန်ထက် ပိုမိုကာ ပါရမီ ရှိသည့် လူများ ဖြစ်၏။ ရှမ့်လန် အနေနှင့် သတင်းစကားများအတိုင်း အမှိုက်သရိုက်ကဲ့သို့ ဖြစ်တည်နေခြင်း မဟုတ်သည်ကို မြင်ရချိန်မှာတော့ သူသည် မဆိုးလှဟု ခံစားနေမိ၏။ ကောင်းကင်သည် သူတို့ကို ကောင်းချီးပေးလေသည်လား။
ရှမ့်လန်သည် ဝင်ရောက် လာပြီးနောက် သူ၏ ယောက္ခထီးအား လေးလေးစားစားဖြင့် လက်ဖက်ရည် ကပ်ပေးလိုက်၏။
မြို့စားကြီးက ပြောလိုက်သည်။ “ရှမ့်လန် … ဒီနေ့ ဘာအစီအစဉ် ရှိလဲ”
ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်ရဲ့ မိဘတွေက ကျုပ်ကို ကြိုးကြိုးစားစားနဲ့ ကျွေးမွေးခဲ့တာလေ။ ကျုပ်က မြို့စားအိမ်တော်ဆီကို လက်ထပ်ပြီးတော့ သားမက်တော် အဖြစ် ရောက်ရှိလာခဲ့ပြီ။ ဒါ့ကြောင့် မိဘ ကျေးဇူးကို မသိတတ်သလို ဖြစ်ခဲ့တယ်။ ဒါ့ကြောင့် အိမ်ကို ပြန်ပြီးတော့ မိဘတွေကို သွားပြုစုပါအုံးမယ်”
မြို့စားကြီးက ပြောလိုက်သည်။
“အင်း … သားသမီးဝတ်ဆိုတာက ဖြည့်စည်းပေးရမယ်ါ အရာတစ်ခုပဲ။ မိဘတွေကို ပြုစု စောင့်ရှောက် တာလောက် ကောင်းတဲ့အရာ တခြားမရှိဘူး။ လုပ်ကို လုပ်သင့်တဲ့ အရာမျိုးပဲ။ သွား။ မင်းရဲ့ မိဘတွေအတွက် ငါ လက်ဆောင် နှစ်ခု ပေးလိုက်မယ်။ အဲတာကိုလည်း ယူသွားပေး”
“ကောင်းပါပြီ”
ရှမ့်လန်က ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ် အဖေ”
သူ၏ ယောက္ခထီးသည် ကြည့်ကောင်းပြီး ဂုဏ်သိက္ခာ ထည်ဝါလွန်းသည်။
ဘေးတစ်ဖက်တွင် ရှိနေသည့် မြို့စားကတော်သည် ကြင်နာနူးညံ့စွာဖြင့် ဝင်ရောက်ကာ ပြောဆိုလိုက်၏။
“ချွေးမတစ်ယောက်အနေနဲ့ မူလန်ကလည်း မင်းရဲ့ မိဘတွေဆီကို သွားရောက် လည်ပတ်တဲ့ အချိန်မှာ လိုက်သွားသင့်တယ်။ ဒါပေမဲ့ မူလန်က စစ်တပ်ရေးရာ ကိစ္စတွေနဲ့ နေ့စဉ်နေ့တိုင်း အလုပ်ရှုပ်နေတာလေ။ ဒီတော့ သူ့မအစား တောင်းပန်ပေးလိုက်ပါအုံး”
ရှမ့်လန်က ပြောလိုက်သည် “အမေ … အရမ်း ကြင်နာလွန်းနေပါပြီ”
………
ရှမ့်လန်သည် နှုတ်ဆက် ထွက်ခွာခဲ့ပြီးသည့်နောက် မြို့စား အိမ်တော်၊ မြို့စားကတော်က ပြောဆိုလိုက်၏။ “ရှမ့်လန်က တော်တယ်လို့ ထင်တယ်။ အနည်းငယ်လည်း တည်ငြိမ်တဲ့ပုံပဲ”
နာရီဝက်ခန့် ကြာပြီးသည့်နောက် ရှမ့်လန်သည် မြို့စား အိမ်တော်မှ ထွက်ခွာသွားခဲ့ပြီ ဖြစ်၏။ သူ မြင်းစီး၍ သွားချင်၏။ သို့ပေမဲ့ မြင်းစီးခြင်း ဆိုမှာ ပင်ပန်း၏။ မြို့စားအိမ်တော်ဆီမှ စစ်သည် နှစ်ယောက်သည် ရထားလုံးနှင့်အတူ သူ့ကို လိုက်လံကာ ပို့ဆောင်ပေး၏။ ထို့ကြောင့် သူ၏ မွေးရပ်မြေဆီသို့ ပြန်ရာ ခရီးစဉ်သည် အောင်မြင်မှုများနှင့်အတူ ပြန်ရခြင်းဟု ပြောဆိုရမည်။ အလွန်တရာမှ ထည်ဝါလွန်းသည့် ရထားလုံးကြီးသည် ခမ်းနားလွန်းလှချေ၏။ လက်နက်ကို ကိုင်စွဲထားခဲ့သည့် စစ်သည်တော် နှစ်ယောက်ကလည်း သူ့ကို လိုက်လံကာ စောင့်ရှောက်လျက် ရှိနေ၏။ ရွှမ်းဝူ မြို့ထဲတွင် ဤကဲ့သို့သော ပုံစံမျိုးနှင့် သွားလာရခြင်း ဆိုသည်မှာ အလုံးစုံသော သူတို့၏ အကြည့်များကို ဆွဲဆောင်သည့် အရာ ဖြစ်လာခဲ့သည်။
……….
သို့ပေမဲ့ ရှမ့်လန်သည် အိမ်ကို အရင်ဆုံး မသွားခဲ့ချေ။ ထိုအစား ထျန်းဟန်၏ အဝတ်နက်ဂိုဏ်းဆီသို့ အရင်ဆုံး သွားရောက်ခဲ့၏။
“ရပ်စမ်း။ ဒါက ကာကွယ်ရေးတပ်ပဲ။ ဘယ်သူ ချိုးဖောက်ပြီး ဝင်ရဲတာလဲ”
အဝတ်နက်ဂိုဏ်း၏ ဌာနချုပ်သည် ရဲတိုက်လေး တစ်ခု ဖြစ်၏။ ဤနေရာတွင် ကာကွယ်ရေးတပ်ဟူသည့် အလံကိုလည်း ထောင်ထားသေး၏။ ရှမ့်လန်၏ ရထားလုံးကို မြင်ရသည့် အချိန်မှာတော့ အစောင့် အားလုံးတို့သည် ၎င်းတို့၏ လေးမြားတို့နှင့် ချိန်ကာ မေးမြန်းလိုက်သည်။
“အထဲကို အတင်းဝင်လိုက် ရှမ့်လန်က ပြောဆိုလိုက်၏။ လက်နက်အပြည့်အစုံနှင့် စစ်သည် နှစ်ယောက်တို့သည် မည်သည့်စကားကိုမှ မဆိုချေ။ ချက်ချင်းပဲ အရှိန်ကို မြှင့်ကာဖြင့် အထဲသို့ တိုးဝင်လိုက်ကြ၏။
အဝတ်နက်ဂိုဏ်း၏ ခံတပ် အပေါ်တွင် ရှိနေသည့် ဂိုဏ်းသားများသည် ရုတ်တရက် အော်ဟစ်လိုက်ကြ၏။ သို့ပေမည့် အနီးကပ်သို့ ရောက်လာချိန်မှာတော့ သူတို့သည် ရုတ်တရက် ဆွံ့အသွားကြသည်။
“အသက်ရှင်ချင်တယ် ဆိုရင်ရပ်စမ်း”
“ရူးနေတာလား။ အသက်ရှင်ချင်တယ် ဆိုရင် မြို့စား အိမ်တော်က စစ်သည်တော်တွေကို ဘယ်လိုလုပ် သွားတိုက်ခိုက်ရမှာလဲ။” ရှေ့ဆုံးတွင် ရှိနေသည့် လေးသမားသည် အနီးကပ် သေချာ ကြည့်ရှုလိုက်၏။
ရွှမ်းဝူ အိမ်တော်၏ အလံကို မြင်ရသည့် အချိန်မှာတော့ ချက်ချင်းပဲ ကြောက်လန့်သွားမိခဲ့၏။ သူတို့သည် ကာကွယ်ရေးတပ်ဟု ခေါ်ဆိုသော်လည်း အဆင့်မမီသော လူဆိုးဂိုဏ်း တစ်ခုသာလျှင် ဖြစ်၏။ မြို့စား အိမ်တော်သမှ စစ်သည်တော်များကို အဘယ်သို့ သွားရောက်တိုက်ခိုက်ရဲမည်နည်း။ ဤအရာသည် သေလမ်း ရှာခြင်းသာ ဖြစ်ပေလိမ့်မည်။
“ဂိုဏ်းခေါင်းဆောင်ကို သတင်း မပို့သေးဘူးလား”
ခံတပ်၏ ခေါင်းဆောင်ငယ် တစ်ယောက်သည် လှမ်းကာ အမိန့်ပေးလိုက်၏။ ချက်ချင်းပဲ လူဆိုး အဖွဲ့ဝင်များထဲမှ တစ်ယောက်သည် အထဲသို့ ပြေးဝင်သွားခဲ့ပြီး ထျန်းဟန်ကို သတင်းပေးပို့၏။
……….
“ဟား ဟား ဟား ဟား”
လူကိုယ်တိုင် မမြင်ရခင်မှာပင် အသံက အရင်ဆုံး ကြားရ၏။
အဝေးဆီမှ ထျန်းဟန်သည် လက်များကို ဖြန့်ကားကာဖြင့် နှစ်လိုဖွယ်ရာ အမူအရာမျိုးနှင့် ပြေးလာသည်။ “မြို့စား အိမ်တော်က ရောက်လာတာ ဘယ်သူလဲ သိပါရစေ။ ထွက်ပြီး မကြိုဆိုမိတဲ့ အတွက် တောင်းပန်ပါတယ်”
ရှမ့်လန်သည် ရထားလုံးပေါ်မှနေ၍ ရထားလုံးထဲမှ အသာ လျှောက်ထွက်လိုက်၏။ ပြီးနောက် သူသည် အပျင်းကြော ဆန့်ကာဖြင့် အေးစက်စွာ ပြောလိုက်၏ “ဂိုဏ်းခေါင်းဆောင် ထျန်းဟန်၊ ကျုပ်တို့ နောက်ဆုံးတွေ့ခဲ့တဲ့ အကြောင်းကို မှတ်မိနေလိမ့်မယ်လို့ ထင်တယ်”
ထျန်းဟန်သည် အူကြောင်ကြောင် ခံစားနေမိ၏။ တကယ်ပင် ရှမ့်လန် ဖြစ်လို့နေ၏။ မနေ့ညကတင် မြို့စား အိမ်တော်၌ လက်ထပ်ပွဲကို ကျင်းပခဲ့သည်။ ယနေ့ ရောက်ရှိလာလိမ့်မည်ဟု သူက မထင်မှတ်ခဲ့ချေ။ သူ၏ မျက်နှာကို ပိတ်ရိုက်ရန် အချိန်အနည်းငယ်ပင် စောင့်ဆိုင်း မနေနိုင်တော့ဘူးလား။
ရှမ့်လန် ….အရမ်း မြန်မြန်ဆန်ဆန် ပြောင်းလဲသွားခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်ရက်တုန်းကပဲ လေးလေးစားစားနဲ့ ငါ့ကို ဆက်ဆံခဲ့ရတယ်။ အခု ငါ့ကို ကြည့်တဲ့အကြည့်က ကြောင်က ကြွက်ကို စားချင်သလို အမူအရာမျိုးပါလား။
သို့ပေမည့် သူသည် နှလုံးသားထဲတွင် ဖြစ်တည်လာခဲ့သည့် ဒေါသတရားများကို ဖိနှိပ်ထားခဲ့ရ၏။ အရှေ့ကို လှမ်းတက်ပြီးနောက် လက်သီးကို ဆုပ်ကာ ပြောဆိုလိုက်၏။
“ရှမ့် …. လွန်ခဲ့တဲ့ အချိန်တွေ့ခဲ့တုန်းက ကျုပ် ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တယ် ဆိုတာကို သိမှာပါ။ ကိစ္စ တစ်ခုခု ရှိတယ်ဆိုရင် အစေခံတွေကို စေလွှတ်လိုက်လည်း ဖြစ်ပါတယ်။ ဘယ်လို ဖြစ်ပြီး ဒီကို ကိုယ်တိုင် ရောက်လာရတာလဲ”
သူတို့ နှစ်ဖက်ကြားတွင် ရှိနေသည့် ရန်ငြိုးများသည် ဘယ်တော့မှ ဖြေရှင်း၍ ရနိုင်မည် မဟုတ်ချေ။ သို့ပေမည့် နှစ်ဖက်ကြားတွင် ရန်ငြိုး ရန်စများ မရှိဘဲ မိတ်ဆွေကောင်းများ ကဲ့သို့ပင် ထျန်းဟန်က ဆက်ဆံနေလေသည်။ ထျန်းဟန်သည် တကယ့်ကို သရုပ်ဆောင် ကောင်းသူ တစ်ယောက်ဖြစ်သည်။
သို့ပေမဲ့ ရှမ့်လန်သည် ထိုစကားကို ကြားရသည့် အချိန်မှာတော့ မပျော်မရွှင် ဖြစ်သွားခဲ့၏။ ထျန်းဟန်သည် သူအား ဆရာ ဟု ခေါ်ဆိုရမည်အစား ရှမ့် ဟုသာ ဆက်လက် ခေါ်ဆိုလျက် ရှိနေ၏။ ဘာကို ဆိုလိုသနည်း။ သူ့ကို လေးစားမှု မပေး ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်ပေမည်။
ထျန်းဟန်က ပြောလိုက်၏။ “ကျေးဇူးပြုပြီး အထဲကို ဝင်ပြီးတော့ ရေနွေး သောက်ပါအုံး”
ထျန်းဟန်၏ ဧည့်ခန်းသည် တန်ဖိုးကြီးမားသည့် အရာများနှင့် အလှဆင်ထား၏။ ရှမ့်လန်သည် ဇိမ်ကျပန်ကျဖြင့် ရေနွေးခွက်ကို အသာ ကောက်ယူက သောက်လိုက်၏။
ထျန်းဟန်သည် စိတ်ထဲမှာ ကြိတ်ကာ တွေးတောလျက် ရှိသည်။
ဒီ နှိမ့်ကျတဲ့ ကောင်က ရုတ်တရက် ချမ်းသာသွားတော့ ခြေထောက်တွေ မြေကြီးနဲ့တောင် မထိတော့တဲ့ ပုံပါလား။ ရေနွေးကြမ်းကို ဘယ်လို အရသာခံပြီး သောက်ရမလဲ ဆိုတာကို သိသေးတယ်လား။
ဟုတ်ပေ၏။ သူသည် ထိုအရာများကို စိတ်ထဲမှာ တွေးတောနေခြင်းသာ ဖြစ်၏။ အပြင်ဘက်တွင် ထုတ်ဖော် ပြောဆိုခြင်း မရှိသလို မျက်နှာထက်တွင်လည်း ထိုကဲ့သို့သောအတွေးများ သိရှိနေသည့် အမူအရာကို မပြသခဲ့ချေ။
ထျန်းဟန်က ပြောလိုက်၏ “ရှမ့် …. ဒီတစ်ချိန်မှာတော့ ကျုပ်ကို ဘာလေး သင်ကြားပေးချင်တာလဲ”
ရှမ့်လန်က ပြောလိုက်သည်။
“အင်း ….. ရွှေဒင်္ဂါး တစ်ထောင်အကြွေး အတွက် လာခဲ့တာပါ။ လူကိုယ်တိုင် လာပြီးတော့ အကြွေး ပေးရမယ်လေ။ ကျုပ် ပေးတဲ့ အကြွေးကို ကျုပ် ကိုယ်တိုင်မဆပ်ဘူးဆိုရင် ဘယ်လိုလုပ် လူကောင်း တစ်ယောက် ဖြစ်တော့မှာလဲ”
ထျန်းဟန်သည် အားရပါးရ ရယ်မောလိုက်၏။ ပြီးနောက် သူ၏ အိတ်ကပ်ထဲတွင် ရှိနေသည့် ငွေလက်မှတ်ကို ထုတ်ယူလိုက်၏။
သို့ပေမည့် ထျန်းဟန်သည် အသာရယ်မောလိုက်ပြီး သူ၏ အိတ်ထဲတွင် ရှိနေသည့် ရှမ့်လန်၏ သဘောတူညီချက် စာချုပ်ကို ထုတ်ယူလိုက်၏။ ဤအရာသည် ရှမ့်လန် လက်ချောင်းကို ကိုက်ကာ သွေးနှင့် ရေးသားထားသည့် ငွေကြေး သဘောတူညီမှု စာချုပ်ပင် ဖြစ်၏။ ထျန်းဟန်သည် ထိုအရာများကို အပိုင်းပိုင်း အစစ ဖြစ်စေပြီးသည့်နောက် လွှင့်ပစ်လိုက်သည်။
“ရွှေဒင်္ဂါး တစ်ထောင်အကြွေး က ဘာကို ပြောတာလဲ။ ကျုပ် တစ်ချက်လေးတောင် မသိပါလား။ ဒီအရာကို မေ့သွားတာ ကြာနေပြီ ထျန်းဟန်သည် ဟန်ပါပါဖြင့် လက်ကို ယမ်းခါကာ ပြောလိုက်၏။
ဤထျန်းဟန်သည် တကယ်ပင် ကွက်ကျော်မြင်သည့် လူတစ်ယောက်ဖြစ်သည်။ အရာအားလုံးကို ပေါ့ပေါ့ပါးပါး ပြောဆိုလျက်ရှိသည်။
ရှမ့်လန်သည် ရေနွေးခွက်ကို အသာ ကောက်မော့ရင်း မျက်မှောင် ကုတ်လိုက်၏။
“ဂိုဏ်းခေါင်းဆောင် ထျန်း …. ၊ ဒါဆိုရင် ခင်ဗျား ကျုပ်ကို ပေးရမယ့် ရွှေဒင်္ဂါး တစ်ထောင် ပေးအုံးလေ။ ဘယ်လို ဖြစ်ပြီး လွယ်လွယ်ကူကူနဲ့ မေ့သွားရတာလဲ။ အဲလို မေ့တယ် ဆိုတာ ကောင်းတဲ့ အရာမျိုး မဟုတ်ဘူး။ အခု သက်သေတွေလည်း မရှိတော့ဘူး။ ဘာလဲ။ ခင်ဗျားက ကျုပ်ကိုပေးရမယ့် ရွှေဒင်္ဂါး တစ်ထောင်အကြွေးကို မပေးချင်လို့လား”
ထိုစကား ထွက်ပေါ်လာသည့် အချိန်မှာတော့ ထျန်းဟန်သည် ကြောင်အသွားမိ၏။ သူ၏ ပါးစပ်ထဲတွင် ရှိနေသည့် ရေနွေးများသည် အပြင်ဘက်သို့ ပန်းထွက်လို့ မတတ်ပင်။
သောက်ကျိုးနည်း။ ငါ ထျန်းဟန်က နှစ်ပေါင်းများစွာ လောကကြီးထဲမှာ ကျင်လည် နေထိုင်တယ်။ ဒီလို ရှက်မဲ့တဲ့ လူမျိုး တစ်ခါမှ မမြင်ဖူးပါလား။ မင်း ရှမ့်လန်က ပေါက်ပန်းလေးဆယ် ပြောဆိုပြီး ကလိမ်ကျစ်ကျတဲ့ ကိစ္စရပ်မျိုးမှာ ငါ့ထက်တောင် ပိုပြီး တော်နေတဲ့ပုံပဲ။
“ဘာလို့လဲ ဂိုဏ်းခေါင်းဆောင် ထျန်း … ကျုပ်ကို ငွေပြန်ပေးဖို့ အစီအစဉ် မရှိဘူးလား ရှမ့်လန်သည် ပေါ့ပေါ့ပါးပါးပင် မေးမြန်းလိုက်၏။
“ပေးရမှာ ဟုတ်လား”
ထျန်းဟန်သည် ဒေါသအကြီးအကျယ် ထွက်လို့နေသည်။ သူသည် ဓားကို ဆုပ်ကိုင်ကာဖြင့် ရှမ့်လန်ကို အပိုင်းပိုင်း အစစ ခုတ်ပစ်ချင်စိတ်များပင် ပေါက်နေ၏။ သို့ပေမဲ့ သူ လုပ်၍ မရချေ။ အသက်ကို အနည်းငယ် ရှူရှိုက်ပြီးသည့်နောက် ထျန်းဟန်သည် မျက်နှာထက်၌ အပြုံးပန်း တစ်ခုကို ဆင်မြန်းထားသည်။
“ဘယ်လို ဖြစ်နိုင်မှာလဲ။ တခြားသော သူတွေကသာ အကြွေ တင်နေတဲ့ ပိုက်ဆံတွေကို မပေးရင် မပေးမယ်။ ကျုပ်ကတော့ ကျိန်းသေပေါက် တခြားသူ ပေါ် အကြွေး တင်နေရင် ပေးရမှာပေါ့။ လာခဲ့စမ်း။ ရွှေဒင်္ဂါး တစ်ထောင် ယူခဲ့”
ခဏလောက် ကြာပြီးနောက် တစ်စုံတစ်ယောက်သည် သေတ္တာငယ်လေး တစ်ခုကို ကိုင်ဆောင်ကာ ရောက်ရှိလာခဲ့၏။ ထိုထဲတွင် ရွှေဒင်္ဂါး တစ်ထောင် တိတိရှိ၏။
“ရှမ့် … ဒါလေးကို ရေကြည့်ပါအုံး” ထျန်းဟန်က ပြောဆိုလိုက်သည်။
ဆရာရှမ့်ဟူသည့် စကားလုံးကို ပြောဆိုခြင်း မရှိသေးချေ။ မာနကြီးလှပါတကား။
ရှမ့်လန်က ပြောလိုက်၏ “အင်း ….. ကျုပ်တို့က အသိအကျွမ်းတွေပဲလေ။ ဒီတော့ အတိုး ဆိုတာကို မေ့လိုက်မယ်။ မပေးချင်ဘူးမလား။”
ထျန်းဟန်သည် နှလုံးသားထဲတွင် ပေါက်ကွဲလုမတတ် ဖြစ်လို့နေသည်။ ခွေးသတောင်းစား၊ ရွှေဒင်္ဂါး တစ်ထောင် ငါ့ဆီက ညှစ်ထုတ်သွားတာတောင်မှ အတိုး ထပ်ယူချင်နေသေးတာလား။
သို့ပေမဲ့ အလွန် လျင်မြန်စွာပင် ထျန်းဟန်၏ မျက်နှာထက်၌ အပြုံး တစ်ခု ဖြစ်တည်လာသည်။
“ညီအစ်ကိုရင်းတွေ ဆိုရင်တောင်မှ အကြွေး ရှိရင် အကြွေး ရှင်းရမှာပေါ့။ ဘာပဲ ပြောပြော အတိုး ရှိရင်လည်း ပေးရလိမ့်မယ်လေ”
ပြီးနောက် သူသည် နောက်ထပ် ရွှေဒင်္ဂါး တစ်ရာကို ထုတ်ယူကာ ပေးအပ်လိုက်၏ “ထပ်ပြီး အမိန့်ပေးစရာ ရှိပါသေးလား ရှမ့်” ထျန်းဟန်က မေးမြန်းလိုက်သည်။
ရှမ့်လန်က ပြောလိုက်၏ “ဒါနဲ့ နံပါတ် ၁၃ ဘယ်မှာလဲ”
ထျန်းဟန်က မေးလိုက်သည် “ရှမ့် … သူ့ကို ဘာလို့ ရှာရတာလဲ”
ရှမ့်လန်က ပြောလိုက်၏ “မနေ့ကတုန်းက ကျုပ်ရဲ့ မိဘတွေကို သူက ဖမ်းချင်တယ်လေ။ ပြီးတော့ ကျုပ်ရဲ့ မိသားစု တစ်ခုလုံးကိုလည်း သတ်ပစ်ဖို့ ပြောခဲ့သေးတယ်။ ကျုပ် သူ့ရဲ့ ခြေထောက်ကို ရိုက်ချိုးချင်လို့ပါ”
ထျန်းဟန်၏ မျက်လုံးများသည် အပြင်ဘက်သို့ ပြုတ်ထွက်လု နီးပါး ဖြစ်လာခဲ့၏။ ဤအရာမှာ များပြားလွန်း၏။ တရား လွန်လွန်းလှချေသည်။