အခန်း (၂၉)
Vol. 3 Ch. 29
ထျန်းဟန်သည် လက်ဝါးတွင် လက်သည်းများစိုက်သည်အထိ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း သူသည် အလွန်နာကျဉ်းစွာဖြင့် တုန်နေလေ၏။ အဘယ့်ကြောင့်နည်း။ သူ ထျန်းဟန်သည် နှစ်ပေါင်းများစွာ သိုင်းပညာကို လေ့ကျင့်ခဲ့ပြီး ယနေ့ ဤနေရာဆီသို့ ရောက်ရှိရန်အတွက် ရုန်းကန် လှုပ်ရှားရသူဖြစ်၏။
လွန်ခဲ့သည့် နှစ်ရက်တုန်းက သူ၏ရှေ့တွင်ရှိနေသည့် ဤချောမောသည့် လူငယ်လေးသည် အချိန်မရွေး သူ ဖိနှိပ်ကာ သတ်ဖြတ်ပစ်နိုင်သည့် လူတစ်ယောက်ဖြစ်ခဲ့၏။ သို့သော်ငြား ဤလူငယ်လေးသည် လက်ရှိ အခြေအနေမှာတော့ သူ၏ ဂိုဏ်းတံခါးမှ အတင်းစီးနင်း ဝင်ရောက်လာခဲ့ပြီး သူ့ကို စော်ကားလို့နေသည်။ အဘယ့်ကြောင့်နည်း။
ထို့ကြောင့်ပင်လျှင် ထျန်းဟန်သည် ရှမ့်လန်၏ မျက်နှာကို အကြိမ်ပေါင်းတစ်ရာလောက်အထိ ထိုးနှက်ချင်စိတ် ပေါက်လျက် ရှိနေသည်။ သို့ပေမဲ့ သူ မပြုလုပ်ရဲချေ။ ထို့ကြောင့် ထျန်းဟန်သည် ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်သည်။ “နံပါတ်ဆယ့်သုံးက သခင်လေးရှမ့်ကို ရန်ပြုခဲ့မိတာလား။ ဘယ်လောက်ဆိုးလိုက်လဲ။ သူပြန်လာပြီ ဆိုရင် သူ့ရဲ့ခြေထောက်ကို ကျုပ်ကျိန်းသေပေါက် ချိုးပစ်ပါ့မယ်”
ရှမ့်လန်သည် မျက်မှောင်ကုတ်လိုက်၏။ “သူ ဒီမှာမရှိဘူးလား”
“အင်း…. သူဒီမှာ မရှိဘူး”
ထျန်းဟန်က ပြောလိုက်သည်။ “ကျုပ် လွန်ခဲ့တဲ့ညတုန်းက ပိုင်လင်းမြို့ဆီသို့ လွှတ်လိုက်တာလေ။ တစ်လလောက် ကြာရင် ပြန်လာပါလိမ့်မယ်။ ဟား ဟား ဟား ဟား”
မည်မျှ တိုက်ဆိုင်လိုက်သနည်း။ သို့ပေမဲ့ ရှမ့်လန်သည် ဤကဲ့သို့ ပြောဆိုသည့် စကားလုံးများကို ယုံကြည်လိမ့်မည် မဟုတ်ချေ။ သို့သော်ငြား ထျန်းဟန်က ထိုသူမရှိဟု ပြောဆိုနေမှတော့ ရှမ့်လန်အနေဖြင့် ဝင်ရောက်ရှာဖွေ၍ မဖြစ်နိုင်ချေ။
“အင်း သူဒီမှာ မရှိဘူးဆိုမှတော့ မေ့လိုက်ကြတာပေါ့။ ဒါပေမဲ့ သူပြန်လာပြီဆိုရင် ကျုပ်ဆီ သတင်းပို့ဖို့ သတိရအုံးနော်”
ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်ကျိန်းသေပေါက် သူ့ရဲ့ခြေထောက်ကို ရိုက်ချိုးပစ်ရမယ်။ ကျုပ်ရဲ့ဒေါသကို မဖြေလျှော့နိုင်ရင် စိတ်ထဲမှာ နေမထိထိုင်မသာ ဖြစ်နေမှာ သေချာတယ်”
“ကောင်းပါပြီ ကောင်းပါပြီ” ထျန်းဟန်သည် တောင်းပန်သလို ပြောလိုက်သည်။
“ဒါဆိုရင် သွားပါအုံးမယ်” ရှမ့်လန်သည် ထွက်ခွာသွားခဲ့၏။ မြို့စားအိမ်တော်၏ စစ်သည်တော်များသည် သူ၏ နောက်မှ လိုက်ပါသွားခဲ့ကြ၏။ ၎င်းတို့သည် စားပွဲပေါ်တွင် ရှိနေသည့် ရွှေဒင်္ဂါးသေတ္တာကို လှမ်းကာ ကြည့်ရှုလိုက်၏။ ဤအရာကို ယူရမလား မယူရမလား သေသေချာချာ မသိရှိချေ။
ရှမ့်လန်က ပြောလိုက်၏။ “အင်း... ရွှေဒင်္ဂါးတွေကို ယူလိုက်အုံး။ ဒါ ထျန်းဟန် ကျုပ်ကို တင်နေတဲ့ အကြွေးတွေလေ။ မြို့စားအိမ်တော်နဲ့ ဘာမှမသက်ဆိုင်ဘူး”
သူသည် မြို့တော်ဝန်အိမ်တော်မှ စစ်သည်တော်များ၏ ရှေ့သို့ လှမ်းတက်ပြီးသည့်နောက် ရွှေဒင်္ဂါးသေတ္တာကို လှမ်း ယူလိုက်၏။ ပြီးနောက် ရှမ့်လန်နှင့်အတူ အပြင်ဘက်သို့ ထွက်ခွာသွားကြသည်။
ထွက်ခွာသွားရန် ပြင်နေသည့်အချိန်မှာပဲ မြို့စားအိမ်တော်၏ စစ်သည်တော်နှစ်ယောက် တို့သည် တစ်ယောက်ကို တစ်ယောက် စူးစိုက်ကာ ကြည့်ရှုလိုက်ကြ၏။ သခင်မလေးသည် သမက်ရွေးမှားခဲ့ပြီ ဖြစ်ကြောင်း သူတို့ ခံစားနေမိ၏။ ဤမျှ အရှက်မဲ့လှသည့်လူသည် မြို့စားအိမ်တော်၏ ဂုဏ်သိက္ခာကို ကျိန်းသေပေါက် ဖျက်ဆီး ပေလိမ့်မည်။
........
ရှမ့်လန် ထွက်ခွာသွားသည်ကို မြင်ရချိန်မှာတော့ ဂိုဏ်းချုပ်ထျန်းဟန်သည် မည်သို့မှ သည်းမခံနိုင်တော့ချေ။ စားပွဲပေါ်တွင် ရှိနေသည့် လက်ဖက်ရည်ခွက်များ အားလုံးကို ရိုက်ခွဲလိုက်၏။ ရှမ့်လန် အသုံးပြုခဲ့သည့် ထိုင်ခုံတစ်ခုလုံးကိုလည်း လက်မှဆွဲကိုင်ကာ အပိုင်းပိုင်း ရိုက်ချိုးလိုက်၏။
“ကိုယ့်လူတို့…. ဒါတွေအကုန်လုံးကို မီးရှို့ပစ်လိုက်စမ်း” ချက်ချင်းပဲ အဝက်နက်ဂိုဏ်းမှ အဖွဲ့သား နှစ်ယောက်တို့သည် အထဲသို့လျှောက်ဝင်လာခဲ့၏။ ပြီးနောက် ရှမ့်လန်အသုံးပြုခဲ့သည့် အရာအားလုံးကို ဖျက်ဆီးလေတော့သည်။
“ဂိုဏ်းချုပ် .... အရမ်းကြီး စိတ်မတိုပါနဲ့။ ရှမ့်လန်က မောက်မာပြီးတော့ အကျင့်စာရိတ္တ မကောင်းဘူး။ ရွှမ်ဝူမြို့စားက လူတွေအားလုံးကို သူ့ရဲ့ကိုယ်ပိုင်ကလေးငယ်တွေလို ချစ်မြတ်နိုးတဲ့ လူတစ်ယောက်ဖြစ်ပြီး ဂုဏ်သိက္ခာကြီးမားတယ်လေ။ ဒီလိုအမှိုက်ကို ကျိန်းသေပေါက် အပြစ်ပေးလိမ့်မယ်။ အင်း... ရှမ့်လန်တစ်ယောက် မြို့စားအိမ်တော်မှာ ရုတ်တရက် သေဆုံးသွားတယ်ဆိုတဲ့ သတင်းကို ကျုပ်တို့ကြားရဖို့ သိပ်မကြာတော့ဘူးနဲ့ တူပါတယ်” နံပါတ်ဆယ့်သုံးသည် အပြင်ဘက်သို့ ထွက်လျှောက်လာခဲ့၏။
ဟုတ်ပေသည်။ သူသည် ပိုင်လင်းမြို့ဆီသို့ မသွားခဲ့ချေ။
ထျန်းလန်က ပြောလိုက်သည်။ “ငါမယုံကြည်နိုင်ဘူး။ ဘာမှသုံးစားမရတဲ့ကောင်က ဘယ်လိုဖြစ်ပြီးတော့ အခုလို ဖြစ်လာရတာလဲ”
ဟုတ်ပေ၏။ ရှမ့်လန်သည် ဘာမှသုံးစား၍ မရနိုင်သည့် လူမျိုးမဟုတ်ကြောင်း သူ သိရှိ၏။ သို့ပေမဲ့ ဒေါသများကို ဖြေဖျောက်ရန်အတွက် ဤနေရာဆီသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်းကိုလည်း နားလည်မိ၏။
“အင်း... တစ်ချိန်လုံးဆင်းရဲနေတဲ့ လူတစ်ယောက်က ရုတ်တရက် ချမ်းသာသွားခဲ့တယ်ဆိုရင် ဒီလို မြောက်ကြွမြောက်ကြွ ဖြစ်နေတယ်ဆိုတာ သဘာဝပဲမလား”
နံပါတ်ဆယ့်သုံးသည် လှောင်ပြောင်သလို ပြောလိုက်မိသည်။ “သူ့ရဲ့အရှက်မဲ့တဲ့မျက်နှာကို ကြည့်လိုက်။ သူသိပ်ပြီး ကြာကြာခံမှာ မဟုတ်ဘူး”
ထျန်းဟန်က ပြောလိုက်၏။ “ဘာပဲပြောပြော မင်း ဒီရက်ပိုင်းအတွင်း ဂိုဏ်းက မထွက်နဲ့အုံး။ ဂိုဏ်းထဲမှာပဲနေပြီး အလုပ်ကြိုးစား။ မင်းမျက်နှာကို သူ မမြင်ရင် အကောင်းဆုံးပဲ”
နံပါတ် ဆယ့်သုံးသည် နှလုံးသားထဲတွင် မုန်းတီးခြင်းများဖြင့် ပြည့်နှက်နေ၏။ သို့ပေမဲ့ သူသည် ခေါင်းကိုသာလျှင် ညိတ်လိုက်ရသည်။ “ကောင်းပါပြီ”
သို့ပေမဲ့ ထိုအချိန်မှာပင် အစောတုန်းက ထွက်ခွာသွားခဲ့ပြီးဖြစ်သော ရှမ့်လန်သည် ရုတ်တရက် အမြန်ဆုံးနှုန်းဖြင့် အခန်းတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့၏။ နံပါတ် ဆယ့်သုံးသည် ထိတ်လန့်တကြားဖြင့် ပုန်းအောင်းရန် မြန်မြန်ဆန်ဆန် ကြိုးစားလိုက်၏။
“ပုန်းမနေနဲ့။ ကျုပ် ခင်ဗျားကို တွေ့ပြီ။ တူတူရေဝါး ….ဟား ဟား ဟား ဟား”
ရှမ့်လန်သည် အေးစက်စက် ရယ်မောပြီး ပြောလိုက်၏။ “နံပါတ် ဆယ့်သုံး ခင်ဗျားက အရမ်းမြန်တယ်။ ပိုင်လင်းမြို့ကနေတောင် ဒီကို ချက်ချင်းပဲ ရောက်လာတယ်။ မိုင်တစ်ထောင်လောက် ကွာဝေးတဲ့ ခရီးကို တစ်စက္ကန့်အတွင်း ရောက်လာနိုင်တဲ့လူပဲ”
ထိုအချိန်မှာတော့ ထျန်းဟန်သည် ပါးစပ်အဟောင်းသား ဖြစ်လို့နေ၏။ ဤခွေးသူတောင်းစား ရှမ့်လန်သည် အရှက်မဲ့လွန်းသည် သာမကချေ။ ကောက်ကျစ်လွန်းလှ၏။ စောစောကတင် ထွက်ခွာသွားခဲ့ပြီးဖြစ်၏။ အဘယ့်ကြောင့် ရုတ်တရက် ပြန်လာခဲ့ရသနည်း။
ရှမ့်လန်သည် နံပါတ်ဆယ့်သုံးကို ကြည့်ရှုကာ ပြောလိုက်၏။ “ကျုပ်ရဲ့အိမ်ကို လူဆယ်ယောက်ကျော် ခေါ်လာခဲ့ပြီးတော့ ကျုပ်ရဲ့တံခါးကို ချိုးခဲ့တယ်။ ပြီးတော့ ကျုပ်ရဲ့မိဘနဲ့ ညီငယ်လေးကို ဖမ်းဖို့ ကြိုးစားခဲ့တယ်။ အကယ်၍ အဲဒီအချိန်တုန်းက ကျင်းကျုံးသာ ရောက်မလာခဲ့ဘူးဆိုရင် သူတို့ရဲ့ ကံကြမ္မာက ဘယ်လောက်ထိ ဆိုးဝါးသွားမလဲဆိုတာကို ကျုပ်တောင်သိမှာ မဟုတ်ဘူး။ ဒီအတွက် ကျုပ်က ခင်ဗျား ခြေထောက်ကိုပဲ ချိုးချင်တယ်။ ဒါက အရမ်းမများလွန်းဘူးမလား”
နံပါတ် ဆယ့်သုံး၏ မျက်နှာပေါ်ရှိ ကြွက်သားများသည် တုန်ယင်လျက် ရှိ၏။ သူသည် ရှမ့်လန်ကို စူးစိုက်ကာဖြင့် အေးစက်စက် ကြည့်ရှုနေ၏။ ရှမ့်လန်ကဲ့သို့ သေးငယ်သည့် အကြောင်းအရာလေးများအတွက် လက်စားချေတတ်သည့် လူမျိုးနှင့် ရင်ဆိုင်ရသည့်အချိန်မှာတော့ သူသည် ညှာတာပေးရန် တောင်းဆိုသည် ဆိုပါက လုံးဝ အသုံးဝင်လိမ့်မည် မဟုတ်ချေ။
ရှမ့်လန်က အသာပြောလိုက်သည်။ “ဂိုဏ်းချုပ်ထျန်း... နံပါတ်ဆယ့်သုံး ပြန်လာပြီဆိုရင် ခင်ဗျားကိုယ်တိုင် သူ့ရဲ့ခြေထောက်တွေကို ရိုက်ချိုးမယ်လို့ ပြောခဲ့တယ်နော်။ အခုလုပ်လိုက်ပါအုံး”
ထျန်းဟန်သည် မျက်လုံးကို စုံမှိတ်ထား၏။ သူကျိန်းသေပေါက် ထိုကဲ့သို့သော အရာကို မပြုလုပ်ချင်ပေ။ ထို့အပြင် လွန်ခဲ့သည့်ညက ရှမ့်လန်တစ်ယောက် မြို့စားကြီးသမီးနှင့် လက်ထပ်သွားသည်ကို မြင်ရသည့် အချိန်မှာတော့ ဤကဲ့သို့သော အရေးအကြောင်း အခြေအနေမျိုး ဖြစ်ပေါ်လာမည်ဟု ထျန်းဟန်က တွက်ချက်ပြီး ဖြစ်၏။
ထို့ကြောင့်ပင်လျှင် သူသည် ကြီးမားသည့် နောက်ခံတစ်ခုကို ချက်ချင်း ရှာဖွေခဲ့၏။ ထိုသူသည် အုပ်ချုပ်ရေးမှုး ကျန်းချုံးပင်။ ဟုတ်ပေ၏။ သူသည် ကျန်းကျင်းနှင့် ဆွေးနွေးရန် ရှာဖွေခဲ့၏။ ကျန်းမိသားစု၏ ကာကွယ်ပေးမှုအတွက် သူ့၏ လောင်းကစားအိမ်ငါးအိမ်ဆီမှ ဝင်ငွေ ၃၅ ရာခိုင်နှုန်းကို အသုံးပြုကာ ပေးအပ်ခဲ့ရသည်။
ဤအခြေအနေကို သဘောတူညီပြီးသည့်နောက် သူ၏နှလုံးသွေးများသည် တစက်စက် ယိုခဲ့ရ၏။ အဘယ့်ကြောင့်ဆိုသော် လောင်းကစားအိမ်မှ ရရှိခဲ့သည့် တစ်နှစ်စာဝင်ငွေသည် သူ့ဝင်ငွေ၏ ၆၀ ရာခိုင်နှုန်းကျော် ရှိသည်မဟုတ်ပါလား။ သို့ပေမဲ့ သူ့ကိုယ်သူ ကာကွယ်နိုင်ရန်အလို့ငှာ သူသည် ကျိန်းသေပေါက် ထိုအရာကို ပေးအပ်ကာ လုံခြုံမှုကို တောင်းခံရပေလိမ့်မည်။ သူ့အနေနှင့် ရှမ့်လန်၏ ခြေထောက်အောက်ဆီသို့ မရောက်ရှိချင်ပေ။
သို့ပေမဲ့ ဤသတ္တဝါသည် ရှေ့ကို တိုးရမလား၊ နောက်ဆုတ်ရမလားဆိုသည်ကို သေသေချာချာ ခွဲခြားနိုင်သည့် လူမျိုးမဟုတ်ချေ။
.......................
ထျန်းဟန်၏ မျက်နှာသွင်ပြင်က ပြောင်းလဲသွားခဲ့၏။ သူ၏မျက်လုံးများက အေးစက်နေ၏။ သူသည် စားပွဲကို လက်သီးနှင့် ထိုးနှက်လိုက်၏။
ဘုန်း
ချက်ချင်းပဲ မာကျောလွန်းသည့် မဟော်ဂနီ စားပွဲကြီးတစ်ခုလုံးသည် အပိုင်းပိုင်းအစစဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ တစ်ချိန်တည်းမှာပဲ မြို့စားအိမ်တော်ဆီမှ စစ်သည်နှစ်ယောက်တို့သည် ၎င်းတို့၏ ကြီးမားလွန်းသည့် ဓားကြီးများကို ဆွဲထုတ်ကာ ရှမ့်လန်၏ ရှေ့တွင် မတ်မတ်ရပ်လိုက်ကြ၏။ ဤသခင်လေးသည် မည်မျှ ဆိုးဝါးသည် ဖြစ်ဖြစ် ကိစ္စမရှိချေ။ ထျန်းဟန်တစ်ယောက် ဒေါသထွက်ပြီး တစ်ဖက်လူကို သတ်ဖြတ်လိုက်ပြီဆိုပါက သူတို့အနေ နှင့် ပြဿနာတက်မှာ သေချာသည်။
“ရှမ့်လန် လွန်လွန်းမလာနဲ့” ထျန်းဟန်က အော်ဟစ်လိုက်၏။
ဟုတ်ပေ၏။ သူသည် နံပါတ် ဆယ့်သုံး၏ ခြေထောက်ကို မချိုးချင်ပေ။ ဤအရာမှာ သူ၏ နံပါတ် ဆယ့်သုံးအပေါ် ချစ်ခင်သောကြောင့် မဟုတ်ချေ။ သူ၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေသောကြောင့် ဖြစ်၏။
ဟုတ်ပေ၏။ ရှမ့်လန်နှင့် ၎င်း၏မိသားစုများကို ဖမ်းဆီးရန်အတွက် နံပါတ် ဆယ့်သုံးကို အမိန့်ပေးခဲ့ခြင်း သည် သူ ဖြစ်၏။ ရှမ့်လန်၏ ဖိအားပေးမှုကြောင့် နံပါတ်ဆယ့်သုံး ၏ ခြေထောက်ကို ရိုက်ချိုးခဲ့ပါက သူ၏ ဂုဏ်သိက္ခာသည် အလုံးဆုံ ကျဆင်းသွားပေလိမ့်မည်။ အနာဂတ်တွင် သူ့အတွက် မည်သူက အလုပ်လုပ်ပေးရဲတော့မည်နည်း။ သူ၏ ဂုဏ်သိက္ခာသည် ရွှမ်ဝူမြို့ တစ်ခုလုံးတွင် ကုန်းကောက်စရာ မရှိအောင် ပျောက်ကွယ်သွားမှာ သေချာသည်။
“ဂိုဏ်းခေါင်းဆောင်ထျန်း.. ခင်ဗျားကိုယ်တိုင် ကတိပေးခဲ့တယ် မဟုတ်ဘူးလား။ ကျုပ်က ဘယ်လိုဖြစ်ပြီး လွန်လွန်းသွားရတာလဲ” ရှမ့်လန်က နှာခေါင်းရှုံ့လိုက်၏။
ထျန်းဟန်က ပြောလိုက်သည်။ “ရှမ့်လန်.... အသက်ရှင်လျက်ရှိနေတုန်းမှာ ရန်ငြိုးရန်စတွေကို ဖယ်ခွာလိုက်တာ အကောင်းဆုံးဖြစ်လိမ့်မယ်။ ဖြစ်နိုင်မယ်ဆိုရင် သူ့ကို ခွင့်လွှတ်ပေးသင့်တယ်”
“ဂိုဏ်းခေါင်းဆောင်ထျန်း..”
ရှမ့်လန်သည် အေးစက်စက်အသံဖြင့် ပြောလိုက်၏။ “ဒါဆိုရင် ကျုပ်အားနည်းတဲ့ အချိန်တုန်းက ကျုပ်ရဲ့မိသားစုနဲ့ ကျုပ်ကို သနားညှာတာဖို့ ခင်ဗျား စဉ်းစားခဲ့ဖူးလား။ ခွင့်လွှတ်ပေးမယ်လို့ စဉ်းစားခဲ့ဖူးလား”
ထျန်းဟန်သည် ရှမ့်လန်ကို စူးစိုက်ကြည့်ကာ တစ်လုံးချင်း ပြောဆိုလိုက်သည်။ “ဒါပေမဲ့ မင်းက အခု အားကောင်းနေတာ မဟုတ်ဘူး။ မင်းက ကျားရဲ့စွမ်းအင်ကို ခဏတာ အသုံးပြုနေတဲ့ မြေခွေးတစ်ကောင် သာသာပဲ”
အခြေအနေအရပ်ရပ်အပေါ် ကြည့်ရှုရမည်ဆိုလျှင် ဤကဲ့သို့ပင် ဖြစ်၏။ ထျန်းဟန်သည် မည်သို့မှ ဖုံးကွယ် မနေနိုင်တော့ချေ။ ထို့ကြောင့် ပြောဆိုလိုက်၏။ “ကောင်းပြီ။ မင်းကအခု မြို့စားကြီးရဲ့ သားမက်ဖြစ်သွားခဲ့ပြီ။ ဒီတော့ မင်းရဲ့ ဆံချည်တစ်မျှင်တောင် ငါမထိရဲဘူး။ ဒါပေမဲ့ မင်းက မြို့စားကြီးရဲ့ သားမက်သာသာပဲလေ။ မင်းရဲ့ ဂုဏ်သိက္ခာက ကျေးကျွန်ထက် အနည်းငယ်ပဲ သာတာ။ မင်းငါ့ကို ဘာမှလုပ်လို့မရဘူး”
ဘေးတစ်ဖက်တွင် ရှိနေသည့် နံပါတ်ဆယ့်ကိုး က ပြောလိုက်၏။ “ပြီးတော့ မြို့စားကြီးက လူတွေကို သူ့ရဲ့ ကိုယ်ပိုင်ကလေးငယ်လေးလို ချစ်မြတ်နိုးတဲ့လူတစ်ယောက်လေ။ မင်းက မြို့စားကြီးရဲ့ သားမက်တော် ဖြစ်လာတာနဲ့ ရမ်းကားမောက်မာပြီး လူတွေကို လာနိုင်ကျင့်နေတာပဲ။ မြို့စားကြီးက မင်းကို ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး။ မိသားစုရဲ့ ဂုဏ်သိက္ခာ မပျက်စီးရအောင် မင်းကို ကြိမ်ဒဏ်အချက်ပေါင်းများစွာ ရိုက်နှက်လိမ့်မယ်”
ထျန်းဟန်က ပြောလိုက်သည်။ “မြို့စားကြီးက စည်းမျဉ်းဥပဒေနဲ့ နေထိုင်တဲ့ လူတစ်ယောက်ပဲ။ မြို့စားကြီးပိုင်ဆိုင်တဲ့ နယ်မြေဒီနေရာထဲမှာ ငါ့ရဲ့အာဏာက မကြီးမားဘူးဆိုပေမဲ့ ငါက ရွှမ်ဝူမြို့ရဲ့ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့အစည်းခေါင်းဆောင်ပဲ။ မြို့စားကြီးကို ငါပြဿနာမရှာရွေ့ သူကလည်း ငါ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ ရှမ့်လန်... ငါမင်းကို ပြဿနာမရှာချင်ဘူး။ ပြီးတော့ ဒါပေမဲ့ မင်းကို ငါကြောက်လို့ မဟုတ်ဘူး”
ပြောရမည်ဆိုလျှင် ထျန်ဟန်၏ စကားလုံးများသည် မှန်ကန်ပေသည်။ ရွှဲ့ပြည်နယ်သည် ဥပဒေသစ်များကို ချမှတ်ခဲ့၏။ ရွှမ်ဝူအိမ်တော်သည် တဖြည်းဖြည်းနှင့် တိုးတိုးတိတ်တိတ်၊ ကောင်းကောင်းမွန်မွန် နေထိုင်မှ ဖြစ်ပေလိမ့်မည်။ ဥပဒေဘက်တော်သား အမှုထမ်းများ၏ ကိစ္စရပ်များကို ဝင်ရောက်ရှုပ်ထွေးခြင်းအားဖြင့် ပြဿနာ တက်ပေလိမ့်မည်။ မြို့တော်ဝန်အိမ်ရာတို့သည် ၎င်းတို့ကို စူးစိုက်စွာ မျက်စိဒေါက်ထောက် ကြည့်ရှုလျက် ရှိနေ၏။ ရွှမ်ဝူအိမ်တော် အမှားအယွင်းလုပ်မည်ကို စောင့်နေကြခြင်းပင်။
ထျန်းဟန်က ပြောလိုက်၏။ “ရှမ့်လန်... ငါမင်းကို မျက်နှာသာပေးချင်တယ်။ ငါတို့မိတ်ဆွေတွေ လုပ်လို့ရ သေးတယ်။ ဒါပေမဲ့ မင်းအနေနဲ့ ငါ့ကို သတ်ပစ်ဖို့ ကြိုးစားလာတယ်ဆိုရင်တော့ တုံ့ပြန်မှာကို အပြစ်မတင်နဲ့တော့။
ရှမ့်လန်သည် မျက်နှာထက်တွင် ရှိနေသည့် အပြုံးများကို သိမ်းဆည်းလိုက်၏။ “ဂိုဏ်းချုပ်ထျန်း.. ကျုပ် နောက်ဆုံးအကြိမ် ခင်ဗျားကို မေးမယ်။ ခင်ဗျား နံပါတ် ဆယ့်သုံး ရဲ့ ခြေထောက်ကို ချိုးမှာလား ၊ မချိုးဘူးလား”
ထျန်းဟန်က နှာခေါင်းရှုံ့လိုက်၏။ “မင်းလုပ်ချင်ရင် မင်းဘာမင်းလုပ်။ ဒါမှမဟုတ် မင်းရဲ့နောက်မှာ ရှိနေတဲ့ မြို့စားအိမ်တော်က စစ်သည်တော်တွေ လုပ်လိမ့်မယ်”
ရှမ့်လန် လုပ်ရမည်လား။ မည်သို့ဖြစ်နိုင်မည်နည်း။ သူသည် သူ့တွင် ရှိသမျှအားလုံးကို အကုန် ထုတ်ဖော်ကာ အသုံးပြုသည်ဆိုလျှင်တောင်မှ နံပါတ်ဆယ့်သုံးကို ရိုက်နှက်နိုင်လိမ့်မည် မဟုတ်ချေ။
မြို့စားအိမ်တော်၏ စစ်သည်တော်များကလည်း ထိုအရာကို ပြုလုပ်မည်လား။ ပိုမို၍ပင် မဖြစ်နိုင်သေးချေ။ ထိုစစ်သည်တော်နှစ်ယောက်တို့သည် ရှမ့်လန်၏ လုံခြုံရေးကို ကာကွယ်ရန် ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။ ရှမ့်လန်ခိုင်းသည့် အမိန့်အားလုံးကို လိုက်နာကာ ပြုလုပ်လိမ့်မည် မဟုတ်ချေ။
ရှမ့်လန်သည် စစ်သည်တော်နှစ်ယောက်ကို စနောက်သလိုဖြင့် လှမ်းကာ ကြည့်ရှုလိုက်၏။ မြို့စား အိမ်တော်၏ စစ်သည်တော်နှစ်ယောက်တို့သည် ချက်ချင်းပင် အကြည့်ကို ရှောင်လွှဲလိုက်ကြ၏။ ဆိုလိုသည်မှာ ရှင်းလင်းလှချေ၏။ ရှမ့်လန်အနေနှင့် သူတို့ကို အမိန့်ပေး၍ မရနိုင်ပေ။
“ရှမ့်လန်... ငါတို့က ကောင်းကောင်းမွန်မွန် နေထိုင်နေကြတာပဲလေ။ ဒီလောက် ရှုပ်ထွေးအောင် လုပ်ဖို့ လိုအပ်လို့လား”
ထျန်းဟန်က နှာခေါင်းရှုံ့လိုက်၏။ “ဂုဏ်သိက္ခာကျမယ့် အကြောင်းအရာတွေ မလုပ်တာ ကောင်းလိမ့်မယ်”
ရှမ့်လန်အနေနှင့် ထျန်းဟန်၏ မျက်နှာကို ရိုက်နှက်၍ ရသည်ဟု မူလန်က ပြောဆိုလိုက်၏။ တစ်ဖက်လူသည် ကျိန်းသေပေါက် ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ အကူအညီမဲ့စွာဖြင့် ရှမ့်လန် ရိုက်နှက်သည်ကိုသာ ကြည့်ရှုရမှာ ဖြစ်၏။
သို့ပေမဲ့ နံပါတ် ဆယ့်သုံး၏ ခြေထောက်ကို ရိုက်နှက် ချိုးဖျက်ခြင်းဆိုသည်မှာတော့ ထျန်းဟန်၏လက်ကို ချိုးဖျက်ခြင်းနှင့် ဆင်တူလှ၏။ သည်းခံနိုင်သည့် အကန့်အသတ်ဘောင်အထက် ကျော်လွန်လွန်းနေခဲ့၏။ ထို့ကြောင့် ထျန်းဟန်က ငြင်းဆိုနေခြင်းဖြစ်သည်။
ရှမ့်လန်၏ မျက်နှာသွင်ပြင်တစ်ခုလုံးက တင်းမာသွားခဲ့၏။ သို့ပေမဲ့ သူ၏မျက်နှာထက်တွင် အပြုံးကြီး တစ်ခုက ပေါ်ပေါက်လာ၏။
“ဂိုဏ်းချုပ်ထျန်း”
ရှမ့်လန်က ပြောလိုက်သည်။ “ဒီနေ့ နည်းနည်း နောက်ကျနေပြီ။ ကျုပ်မိဘအိမ်ကို သွားလည်ရအုံးမယ်။ ဒီ ဒါပေမဲ့ ဒီနေရာမှာ ကျုပ် ကျမ်းသစ္စာ ကျိန်ဆိုမှု တစ်ခုကို လုပ်ခဲ့မယ်”
“ဘယ်လိုကျမ်းသစ္စာလဲ။” ထျန်းဟန်က ရယ်မောလိုက်၏။
ရှမ့်လန်သည် တစ်လုံးချင်း ပြောဆိုလိုက်သည်။ “မနက်ဖြန်မှာ ခင်ဗျား ကျုပ်ရဲ့အရှေ့မှာ နံပါတ် ဆယ့်သုံးရဲ့ ခြေထောက်ကို ရိုက်ချိုးရလိမ့်မယ်။ ဒီနေ့ ခင်ဗျား ဘာတွေပဲပြောပြော မနက်ဖြန်မှာ ကျုပ်ပြောသမျှ အရာအားလုံးကို ကျိမ်းသေပေါက် လိုက်လုပ်ရလိမ့်မယ်။ အဲဒါ မှတ်ထား”
“ဟား ဟား ဟား ဟား ဟား”
ထျန်းဟန်က ရယ်မောလိုက်၏။ “စကားကြီး စကားကျယ်တွေ ပြောနေတာပဲ။ မြို့စားအိမ်တော်ရဲ့ သားမက်တော် ဖြစ်လာရုံပဲ ရှိသေးတယ်။ ကိုယ့်ကိုယ်ကိုယ် ဘာထင်နေတာလဲ။ ငါက မင်းခိုင်းသမျှ လုပ်ရမယ့်လူ ဖြစ်သွားမှာလား။ အိပ်မက်သာ မက်နေလိုက်”
ရှမ့်လန်က ပြောလိုက်သည်။ “ဘာပဲပြောပြော မနက်ဖြန်က ရောက်တော့မယ်နော်။ ကျုပ်တို့ တွေ့ကြမယ်”
ထျန်းဟန်က ပြောလိုက်၏။ “ဒါဆိုရင်လည်း ငါစောင့်နေမယ်”
ရှမ့်လန်က ပြောလိုက်သည်။ “မနက်ဖြန် နာကျင်မှုဆိုတာ ဘာလဲဆိုတာကို ခင်ဗျားကို ကျုပ်သိအောင် ပြောမယ်။ ခင်ဗျား သွေးအန်တဲ့အထိ နောင်တရအောင် ကျုပ်လုပ်ပြမယ်”