အပိုင်း (၃၀)
Vol. 3 Ch. 30
ထျန်းဟန်စီမှ ထွက်ခွာပြီးသည့်နောက် ရှမ့်လန်သည် သူ၏နေအိမ်ဆီသို့ အလျင်အမြန်နှင့် ပြန်လာခဲ့၏။ သူ၏မိဘနှင့် ညီငယ်လေးတို့သည် သူ့ကိုစောင့်မျှော်လျက် ရှိနေ၏။ တောင်ခြေကို ရောက်လျက် ရှိနေတုန်းမှာပင် သူ၏အမေသည် အခန့်သားစောင့်မနေဘဲ အောက်သို့ဆင်းကာဖြင့် ကြိုဆို၏။
“ငါ့သား… မြို့စားအိမ်တော်က မင်းကို ကောင်းကောင်းဆက်ဆံရဲ့လား” သူ၏အမေသည် အလောတကြီးဖြင့် မေးမြန်းလိုက်သည်။
ရှမ့်လန်က ပြောလိုက်၏။ “အင်း… မြို့စားအိမ်တော်က ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်။ ပြီးတော့ မူလန်ကလည်း ကောင်းကောင်းဆက်ဆံတယ်။”
သူ့အမေက ပြောလိုက်သည်။ “ဒါဆိုရင် စိတ်ချရပါပြီ”
မြို့စားအိမ်တော်၏ စစ်သည်တော်နှစ်ယောက်တို့သည် အိမ်ဆီသို့ သေတ္တာပေါင်းများစွာကိုလည်း သယ်ဆောင်လာခဲ့ကြ၏။ ထိုအထဲတွင် အဝတ်အစားများ၊ ဆန်များ၊ အသားများနှင့် ဆေးဝါး တော်တော်များများပင် ပါဝင်နေ၏။
မူလန်သည် တကယ့်ကို ဂရုစိုက်တတ်သူ တစ်ယောက်ဖြစ်၏။ ရှမ့်လန်၏ အဖေနှင့်အမေ ဒဏ်ရာ ရရှိထားသည့်အကြောင်းကို သူမသိရှိခဲ့၏။ ထို့ကြောင့်ပင်လျှင် ဆေးနှင့် ဆေးရည်များကိုပင် ကြိုတင်ကာ ပြင်ဆင်ပေးခဲ့ခြင်းပင်။
ရှမ့်လန်သည် ရွှေဒင်္ဂါး သုံးထောင်ကို ထုတ်ယူကာ သူ၏အဖေဆီသို့ ကမ်းပေးလိုက်၏။ “ဒီပိုက်ဆံတွေကို အသုံးပြုပြီးတော့ နေဖို့အတွက် အိမ်တစ်လုံး ဆောက်လိုက်လေ။ ပြီးတော့ အုတ်ကောင်းကောင်းနဲ့ တိုင်ကောင်းကောင်း ဆောက်ရအောင်”
သူ၏အဖေ၏ မျက်နှာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ “တာ့လန်၊ မင်းက မြို့စားအိမ်တော်ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေပြီ။ မင်းရဲ့မိဘတွေအနေနဲ့ ငါတို့ အနည်းငယ်လောက် စားစရာ၊ သောက်စရာလောက် ရှိနေရင်ကို လုံလောက်နေပါပြီ။ မြို့စားရဲ့အိမ်တော်က ပိုက်ဆံတွေကို ငါတို့ယူလို့ မဖြစ်ဘူး။ ငါတို့က အပြင်ဘက်မှာ သူတို့ရဲ့ ပိုက်ဆံတွေကို အသုံးပြုတယ်လို့ မြို့စားအိမ်တော်က ထင်တာမျိုးကို ငါမကြိုက်ဘူး။ ငါတို့ရဲ့ဂုဏ်သိက္ခာကို ထိခိုက်နိုင်တယ်”
သူ၏အဖေ၏ စကားများသည် မှန်ကန်လွန်းသည်။ ယောက္ခမဆီမှ ပိုက်ဆံများကို ယူဆောင်ကာ မိဘများကို ကျွေးမွေးသည်ဟု အားလုံးသောသူတို့က အထင်သေးသွားနိုင်သည် မဟုတ်ပါလား။
ရှမ့်လန်က ပြောလိုက်၏။ “ဒီရွှေဒင်္ဂါးတွေက မြို့စားအိမ်တော်က မဟုတ်ပါဘူး။ ကျုပ်ဘာသာကျုပ် ရှာခဲ့တာပါ အဖေ”
သူ၏အဖေက မေးလိုက်သည်။ “ဘယ်လိုရှာခဲ့တာလဲ။”
ရှမ့်လန်က ပြောလိုက်၏။ “အင်း.. ဆိုးဆေးနည်းပညာတစ်ခုကို တီထွင်ပြီး မြို့ထဲမှာရှိနေတဲ့ မြို့ထဲက ပိုးကုန်သည်ကြီးတစ်ယောက်ဆီ သွားရောင်းခဲ့တာလေ။ သူတို့အရင်က ဒါကိုအသုံးပြုလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ဒါပေမဲ့အခု ကျုပ်က မြို့စားအိမ်တော်ရဲ့ သမက်တော်ဖြစ်သွားပြီဆိုတော့ တွန့်ဆုတ်စရာ မလိုတော့ဘူး။ သူတို့က ဝယ်သွားခဲ့တာပေါ့”
ဟုတ်ပေ၏။ ရှမ့်လန်သည် ထိုအရာများမှာ ထျန်းဟန်ဆီမှ ရရှိခဲ့သည့် ပိုက်ဆံများဖြစ်ကြောင်း သူ၏ မိဘများအပေါ် မပြောဆိုခဲ့ချေ။ မဟုတ်ပါက သူ၏မိဘများသည် အသုံးပြုရဲလိမ့်မည် မဟုတ်ချေ။ ထိုသို့ဆိုလျှင်တောင်မှ သူ၏အဖေသည် အလွန်ပင် တွန့်ဆုတ်နှောင့်နှေးလို့နေသေး၏။ သူသည် ရှမ့်လန်ကို ငယ်ရွယ်စဉ်ကတည်းက ချစ်မြတ်နိုးစွာဖြင့် တယုတယ ပိုးမွေးသလို မွေးခဲ့သူတစ်ယောက် ဖြစ်၏။ ထို့ကြောင့် ရှမ့်လန်ရှာဖွေခဲ့သည့် ပိုက်ဆံများကို အသုံးမပြုချင်ပေ။
ရှမ့်လန်က ပြောလိုက်သည်။ “အိမ်ကောင်းကောင်း ဆောက်မယ်။ ပြန်လာတဲ့အချိန်မှာ အကောင်းဆုံး နေထိုင်နိုင်တဲ့ အိမ်ကြီးဖြစ်ရင်ကောင်းမယ် အဖေ။ မူလန်ကလည်း ကျုပ်နဲ့လိုက်လာပြီး လည်မှာလေ။ ဒီလို ခနော်ခနဲ့ တဲအိမ်လေးထဲမှာ မူလန်ကို ထားလို့မဖြစ်ဘူး မဟုတ်လား။”
ဤစကားစုများသည် သူ့အဖေ၏ တွန့်ဆုတ်နေသည့် အကြောင်းအရာများ အားလုံးကို ပျောက်ကွယ် သွားစေခဲ့၏။ သူ့အဖေသည် ကျိန်းသေပေါက် အိမ်တစ်လုံးကို ဆောက်လုပ်တော့မည် ဖြစ်၏။ မြို့စားအိမ်တော်၏ သမီးတော်သည် သူတို့၏အိမ်ဆီသို့ လာလိမ့်မည်မဟုတ်ဟု ထင်မှတ်ခဲ့၏။ သို့ပေမဲ့ လာခဲ့သည် ဆိုလျှင်တောင်မှ ကျိန်းသေပေါက် နေထိုင်နိုင်ရန်အတွက် အကောင်းဆုံးအရာတစ်ခုကို သူတို့ ဖန်တီးပေးရပေလိမ့်မည်။
“အိမ်ကြီးကြီးဆောက်ဖို့ဆိုတာ ရွှေဒင်္ဂါး တော်တော်များများ ကုန်လိမ့်မယ်ဆိုပေမဲ့ အရမ်းကြီး ကုန်တာမျိုး မဟုတ်ဘူး။ ရွှေဒင်္ဂါး သုံးရာတောင် မလိုပါဘူး” သူ့အဖေက ပြောလိုက်၏။
အရိုးသားဆုံး ပြောရမည်ဆိုလျှင် ယခင်တုန်းက ရွှေဒင်္ဂါးတစ်ပြားကိုပင် သူ၏လက်ဖြင့် ထိတွေ့ ကိုင်တွယ်ဖူးသူတစ်ယောက် မဟုတ်ချေ။ အများဆုံး ကြေးပြားများကိုသာ ကိုင်တွယ် အသုံးပြုခဲ့သူ တစ်ယောက်ဖြစ်၏။ အများဆုံး ထို့ထက်ပိုမိုကာ ပိုက်ဆံရှိလျှင် ငွေပြားလောက်ကိုသာ ပိုင်ဆိုင်ဖူး၏။ အရာကိစ္စများကို ဝယ်ယူရန် ဈေးသို့သွားသည့်အချိန်တွင် လူတိုင်းသည် ရွှေဒင်္ဂါးများကို ကိုင်ဆွဲကာဖြင့် ဝယ်ယူနိုင်သည့်နေရာမျိုး မဟုတ်ပေ။
တောရွာတစ်ခုတွင် အိမ်တစ်အိမ်ကို ဆောက်လုပ်သည့် အချိန်တွင် အခန်း ငါးခန်း၊ ခြောက်ခန်းလောက် ပါသော အိမ်ကောင်းကောင်းကြီးကို ဆောက်လုပ်မည် ဆိုလျှင်တောင်မှ ပိုက်ဆံအနည်းငယ်သာ ကုန်ကျမှာ ဖြစ်၏။ ရွှေဒင်္ဂါး တစ်ရာထက်ပင် ကုန်ကျလိမ့်မည် မဟုတ်ချေ။
ရှမ့်လန်က ပြောလိုက်သည်။ “အိမ်ကကြီးပြီးတော့ ခန့်ညားရမယ်လေ။ နံရံတွေကလည်း ထူပြီးတော့ မြင့်မြင့်ဆောက်မှဖြစ်မယ်”
“ကောင်းပြီ” သူ၏အဖေက ပြောလိုက်၏။
ညီငယ်လေးရှမ့်ကျန့်သည် ရှမ့်လန်ကို အားတက်သရောဖြင့် လှမ်းကာကြည့်ရှုလိုက်၏။ သူသည် လူမှု အသိုင်းအဝိုင်းကြားတွင် ပျက်စီးလျက်ရှိနေသည့် လူငယ်လူရွယ်တစ်ယောက်ဖြစ်ခဲ့၏။ သို့ပေမဲ့ သူ၏ အစ်ကိုကြီးသည် မြို့စားအိမ်တော်၏ သမက်တော် ဖြစ်လာခဲ့၏။ ထို့ကြောင့် သူသည် ဤသေးငယ်လှသည့် ရွာလေးမှထွက်ခွာကာဖြင့် လောကကြီးကို ကြည့်ရှုချင်မိသည်။
ရှမ့်လန်က ပြောလိုက်၏။ “ကောင်းကောင်းသာနေ။ မင်းရဲ့ခန္ဓာကိုယ် ပြန်ပြီးကောင်းလာရင် ငါမင်းကို ခေါ်ထုတ်သွားမယ်။ ကျိန်းသေပေါက် မင်းကလည်း တောက်ပတဲ့အနာဂတ်ကို ပိုင်ဆိုင်ရလိမ့်မယ်”
“ဟား”
သူ့ညီငယ်လေးသည် ပျော်ရွှင်သွားမိသည်။ “ကျုပ် အားကောင်းလာရင် ကျိန်းသေပေါက် မုဆိုးမလျှိုကို ယူမယ်။”
သူ၏အိမ်မက်သည် အဆင်အမြဲ ဤကဲ့သို့သော ရည်မှန်းချက်မျိုးနှင့်ပင် ဖြစ်၏။
ထို့နောက် သူ့အမေသည် စားကောင်းသောက်ဖွယ်များကို ပြင်ဆင်ကာ ကျွေးမွေး၏။ ရှမ့်လန်သည် ပျော်ရွှင်စွာဖြင့် သူ၏မိသားစုနှင့်အတူ စားသောက်ဖွယ်ရာများကို စားသုံး၏။ သူ၏အမေသည် မြို့စားအိမ်တော်ဆီမှ စစ်သည်တော် နှစ်ယောက်ကိုပင် ဖိတ်ကာ အတူတူစားသုံးရန် ဖိတ်ခေါ်ခဲ့၏။ သို့ပေမဲ့ ၎င်းတို့က ငြင်းပယ်ခဲ့ကြသည်။
၎င်းတို့သည် အပြင်ဘက်သို့ ထွက်ကာဖြင့် ကြီးမားလှသည့် ကောက်ညှင်းထုပ်ကြီးများကို ထုတ်ကာဖြင့် အသီးသီး စားသုံးလျက် ရှိနေ၏။ ဤအရာသည် လေးစားမှု တစ်ခုသာလျှင်ဖြစ်၏။ သူတို့အနေနှင့် ရှမ့်လန်၏ မိသားစုနှင့် ရင်းရင်းနှီးနှီး နီးနီးကပ်ကပ် မနေချင်ပေ။ ရှမ့်လန်ကို ကာကွယ်ဖို့အတွက် ၎င်းတို့၏ အသက်များကို စွန့်လွှတ်ရမည် ဆိုလျှင်တောင်မှ ကျိန်းသေပေါက် စွန့်လွှတ်မှာ ဖြစ်၏။ ထိုသို့ဆိုလျှင်တောင်မှ သူတို့သည် ရှမ့်လန်အပေါ်တွင်တော့ ထင်မြင်သေးလျက် ရှိနေ၏။ ရှမ့်လန်၏ အမိန့်များကို ကျိန်းသေပေါက်လိုက်နာလိမ့်မည်မဟုတ်ချေ။
ဟုတ်ပေ၏။ ရှမ့်လန်သည် တစ်ဖက်လူများအနေနှင့် သူတို့နှင့်အတူ မစားသုံးချင်ပဲ အပြင်ဘက်သို့ ထွက်ကာ စားသုံးမည် ဆိုလျှင်လည်း ကိစ္စမရှိပေ။ ဘာတစ်ခုကိုမှ လေးလေးနက်နက် ထားသည် မဟုတ်ချေ။
သူ၏အမေသည် ထိုနှစ်ယောက်အတွက် လက်ဖက်ရည်များဖျော်ကာ ပေးမည်ဟု ပြောဆိုခဲ့သည် ဆိုလျှင်တောင်မှ ရှမ့်လန်သည် တားမြစ်ခဲ့ပြီး ရေအေးနှစ်ခွက်ကိုသာ ပေးရန် ပြောဆိုခဲ့၏။
ရှမ့်လန်သည် သူ၏နှလုံးသားထဲတွင် ဆုံးဖြတ်ချက်တစ်ခုကို ချထားခဲ့၏။ သူသည် သူ၏ ကိုယ်ပိုင် အကြံပေးအဖွဲ့ ဖွဲ့ရန် ယုံကြည်ရသည့်လူများကို လိုအပ်လျက် ရှိနေ၏။ အများကြီးမဟုတ်ပေ။ အားကောင်းသည့် တစ်ယောက်၊ နှစ်ယောက်လောက်ဆိုလျှင် လုံလောက်ပြီဖြစ်သည်။
သူ့အမိန့်ပေးသည့် အကြောင်းအရာကို ကြားသည်နှင့်တစ်ပြိုင်နက် ထိုသူတို့သည် တွန့်ဆုတ် နှောင့်နှေးခြင်းမရှိပဲ ခိုင်းသည့်အရာများကို မပျက်မကွက် ပြုလုပ်ရန်လိုအပ်၏။ ထို့အပြင် ရှမ့်လန် အနေနှင့် တစ်စုံတစ်ခုကို ပြုလုပ်ချင်သည်ဆိုပါက သူကိုယ်တိုင် ပြုလုပ်ရန် မလိုအပ်ချေ။ တစ်စုံတစ်ယောက်ကို စေလွှတ်ကာဖြင့် ခိုင်းစေလိုက်ရန်သာရှိ၏။ သို့ပေမဲ့ သူ့အတွက် အရာအားလုံးကို ပြုလုပ်ချင်သည့်လူ ဆိုသည်မှာ ရှားပါးလွန်းလှချေသည်။
……………
ထို့နောက် ရှမ့်လန်သည် သူ၏အဖေအတွက် ဆေးများကို ဖော်စပ်ပေးကာ တိုက်ကျွေး၏။ သူ့ညီငယ်လေးအတွက်လည်း ဆေးများကို ဖော်စပ်ပြီး လိမ်းကျံပေးခဲ့၏။ ပြီးနောက် သန့်ရှင်းသည့် အဝတ်များကို ယူဆောင်ကာဖြင့် အသီးသီး အထပ်ထပ် ပတ်ကာ ချည်နှောင်ပေးခဲ့၏။
သူ၏မိဘများသည် ဤကဲ့သို့ နွေးထွေးစွာ ပြုမူဆောင်ရွက်ပေးနေသည်ကို ကြည့်ရှုရင်း အလွန်ပင် ပျော်ရွှင်လျက် ရှိနေ၏။ သူတို့၏ချစ်လှစွာသော အကြီးဆုံးသားသည် လက်ရှိအချိန်မှာတော့ ယဉ်ကျေး သိမ်မွေ့စွာဖြင့် မိဘကို ပြုစုလျက်ရှိနေ၏။ အရာအားလုံးသည် ပျော်ရွှင်ဝမ်းမြောက်စရာပင်ဖြစ်၏။ အနောက်ဘက်မှ နေထွက်နေသကဲ့သို့ပင်။
အချိန် အတော်ကြာမြင့်ပြီးသည့်နောက် ရှမ့်လန်သည် သူ၏မိဘများကို နှုတ်ဆက်ကာဖြင့် မြို့စား အိမ်တော်ဆီသို့ ပြန်လာခဲ့၏။ သူ့အမေ၏ မျက်လုံးများထဲတွင် မျက်ရည်များနှင့် ပြည့်နှက်လျက် ရှိနေသည်။ သို့ပေမဲ့ သူမသည် ရှမ့်လန် ထွက်ခွာသွားသည်ကို ကြည့်ရှုရင်း ပြုံးရွှင်လို့နေသည်။
“တာ့လန်…. အရူးကြီးက တစ်စုံတစ်ခု ဖြစ်နေတဲ့ပုံပဲ။ သူ အခြေအနေ မကောင်းဘူး။ သူ့ကို သွားကြည့်လိုက်အုံး” မထွက်ခွာခင်တွင် သူ၏အမေသည် မဖြစ်မနေ ပြောသင့်သည့် အကြောင်းအရာတစ်ခုကို ပြောလိုက်၏။
အရူးကြီးဆိုသည်မှာ ရှမ့်လန်၏ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်ပြီး ငယ်ရွယ်စဉ်ကတည်းက သူ့ကို အမြဲတမ်း ကာကွယ်ပေးခဲ့သူ တစ်ယောက်ဖြစ်၏။ ရှမ့်လန်ကို ကာကွယ်ရန်အတွက် သူ၏ ညီငယ်လေး ရှမ့်ကျန်သည် တခြားသောသူများနှင့် တိုက်ခိုက်ခဲ့၏။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် အရူးကြီး ကလည်း ဝင်ရောက်ကာဖြင့် ကာကွယ်ပေးတတ်၏။ သူ့အစား တခြားသောသူများ၏ ရိုက်နှက်မှုကို ဝင်ရောက်ကာ ခံယူတတ်သည့်လူမျိုးပင်။
………….
ရှမ့်လန်တစ်ယောက် အရူးကြီး၏ အိမ်ရှေ့က လမ်းဆီသို့ အသာဖြတ်သွားသည့် အချိန်မှာတော့ ရွာသူရွာသားတို့သည် သူ့ကို လက်ညှိုးညွှန်ကာဖြင့် တိုးတိုးတိတ်တိတ်နှင့် စကားများ ပြောဆိုလျက် ရှိနေလေ၏။ သူတို့သည် ရှမ့်လန်ကို ကြည့်ရှုသည့်အချိန်တိုင်းတွင် စက်ဆုပ်ဖွယ်ရာ အမူအရာများ ဖြစ်လို့နေခဲ့၏။
အသုံးမဝင်သည့် ရှမ့်လန်သည် ကောင်းကင်ယံပေါ်သို့ ထိုးတက်သွားနိုင်လိမ့်မည်ဟု သူတို့ မထင်မှတ်ခဲ့ချေ။ လက်ရှိအခြေအနေမှာတော့ မြို့စားအိမ်တော်၏ သမက်တော်ပင် ဖြစ်လို့နေ၏။ သူတို့ ယခင်တုန်းက နှိပ်စက်ဆက်ဆံခဲ့သည့် အရူးလေးသည် ရွာသူရွာသားများအနေနှင့် မော့ကာကြည့်ရှု၍ မရနိုင်သည့် လူတစ်ယောက်ကဲ့သို့ အခြေအနေမျိုးကို ရောက်ရှိသွားခဲ့လေ၏။ မနာလိုစရာ ကောင်းလွန်း လှ၏။ မုန်းတီးစရာလည်း ကောင်းလှချေသည်။
သို့ပေမဲ့ ရှမ့်လန် သူတို့ကို လှမ်းကာ ကြည့်လိုက်သည့်အချိန်မှာတော့ အားလုံးသောသူတို့၏ မျက်နှာထက်တွင် အပြုံးများ ပေါ်ပေါက်လာခဲ့ကြ၏။ စိတ်ထဲတွင် ဆိုးဝါးသည့် စကားလုံးများနှင့် ဆဲဆိုလျက် ရှိနေသည်ဆိုလျှင်တောင်မှ ရှမ့်လန် ကြည့်ရှုလိုက်သည်နှင့်တပြိုင်နက် အားလုံးတို့သည် ပြုံးကာပြနေရလေ၏။
ရှမ့်လန်သည် ကိုယ့်လမ်းကိုယ်သာ အသာလျှောက်လျက် ရှိနေ၏။ တခြားသောသူများအား ရပ်တန့်ပြီး နေကောင်းလား၊ ထိုင်ကောင်းလားဆိုသည့် အကြောင်းအရာများကို တစ်ချက်ကလေးမှ မမေးချေ။ အဘယ်ကြောင့်ဆိုသော် သူသည် တိုင်းခန်းလှည့်လည်လာသော မင်းကြီးတစ်ယောက် မဟုတ် သောကြောင့်ပင်။
ရှမ့်လန်၏ မိသားစုသည် ရွာ၏အပြင်ဘက်တွင် နေထိုင်ခြင်း ဖြစ်၏။ ပြောရမည်ဆိုလျှင် သူသည် ရုပ်ရည်ချောမောသည် ဆိုသော်လည်း စိတ်ပိုင်းဆိုင်ရာအရ ပြဿနာရှိနေသူ တစ်ယောက်ဖြစ်ခဲ့သည်။ ထို့ကြောင့် ရွာထဲတွင်ရှိနေသည့် သူများသည် သူ့ကို အထင်မြင်သေးခဲ့သည်သာမက တစ်ခါတစ်ရံဆိုလျှင် အနိုင်ကျင့်ခြင်း၊ လျစ်လျူရှုခြင်းနှင့် အထင်မြင်သေးသလို ဆက်ဆံခြင်းများကို ပြုလုပ်ခဲ့ကြသည်။
ငယ်ရွယ်စဉ်တုန်းက ရွာထဲတွင် ကလေးပေါင်းများစွာတို့သည် ရှမ့်လန်ကို အနိုင်ကျင့်ဖူးကြ၏။ ဤသို့ ဖြစ်သည့်အချိန်တိုင်း အရူးကြီး တစ်ယောက်တည်းကသာလျှင် ၎င်း၏ အားကောင်းသည့် ခန္ဓာကိုယ်ကို အသုံးပြုကာဖြင့် ရှမ့်လန်အတွက် ကာကွယ်ပေးတတ်၏။ တစ်ခါတစ်ရံ နွားချေးများနှင့် ပေါက်ခြင်းကိုပင် အရူးကြီးက ဝင်ရောက်ကာ ခံယူပေးတတ်၏။
အရူးကြီးသည် ရှမ့်လန်ကဲ့သို့ပင် ဦးနှောက် နိမ့်ပါးလျက် ရှိနေသည့် လူမျိုးပင် ဖြစ်၏။ အခြားတစ်ဖက်က ပြောရမည်ဆိုလျှင် အရူးကြီးသည် ရိုးရှင်းသည့် စိတ်ဓာတ်ကို ပိုင်ဆိုင်သည့် လူတစ်ယောက်ဖြစ်ပြီး ရှည်ရှည်ဝေးဝေး တွေးတောတတ်သည့် လူမဟုတ်ချေ။ မွေးဖွားလာစဉ်တည်းက ထိုကဲ့သို့သော အခြေအနေမျိုးပင်။
ထို့အပြင် မွေးဖွားလာစဉ်က အရူးကြီးသည် ဆယ့်နှစ်ပေါင်ခန့် လေးသော လူထွားကြီး တစ်ယောက် ဖြစ်ခဲ့၏။ မွေးပြီးချင်းမှာပင် အရူးကြီး၏ အမေသည် မီးတွင်းထဲမှာပင် သေဆုံးသွားခဲ့၏။ နေ့စဉ်နေ့တိုင်း လုံလုံလောက်လောက် စားသောက်ရခြင်း မရှိဘူးဆိုလျှင်တောင်မှ အရူးကြီးသည် အသက် ဆယ့်ရှစ်နှစ်ဆီသို့ ရောက်ရှိလာခဲ့၏။
ခန္ဓာကိုယ်သည်မှာလည်း လူဘီလူးကြီး တစ်ကောင်ကဲ့သို့ပင် ကြီးထွားလို့လာခဲ့၏။ အဘယ်ကြောင့် ဤကဲ့သို့ ဖြစ်နေသည်ကို သူသေသေချာချာ မသိရှိချေ။ သူ့မိဘများသည် သာမန်လူများသာ ဖြစ်၏။ သို့ပေမယ့် သူကတော့ သာမန်လူများနှင့် ခြားနားလို့နေသည်။ အရူးကြီးသည် နေ့စဉ်နေ့တိုင်း အများကြီး စား၏။ ထို့အပြင် သူသည် အလုပ်ကိုလည်း ကြိုးကြိုးစားစားနှင့် ပြင်းပြင်းထန်ထန်လုပ်တတ်သည်။
တခြားသော အလုပ်သမားများ သုံး၊ လေးယောက်လောက် ပြုလုပ်ရသည့် အလုပ်များကို သူတစ်ယောက်တည်း ပြုလုပ်နိုင်၏။ အဘယ်ကြောင့်ဆိုသော် အလွန် အားကောင်းသောကြောင့်ပင်။ အချိန်အတိုင်းအတာတစ်ခုအတွင်း သူသည် ပါရမီရှင် ခန္ဓာကိုယ်ကျင့်ကြံသူ တစ်ယောက်ကဲ့သို့ပင် ဖြစ်လာခဲ့၏။
အလွန်အားကောင်းလာပြီး အလွန်သန်မာသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်သော်လည်း အရူးကြီးသည် အပြစ်ကင်းစင်ပြီး တခြားသောသူများကို ထိခိုက်နာကျင်အောင် မလုပ်တတ်ချေ။ ရိုးသားသည့် မျက်နှာပေါ်၌ သန့်စင်သည့် မျက်လုံးများနှင့်အတူ တခြားသောသူများနှင့် ခိုက်ရန် ဖြစ်ပွားခြင်းဟူ၍ မရှိချေ။ တစ်စုံတစ်ယောက်က သူ့ကို ရိုက်နှက်သည့်အချိန်တွင် ခန္ဓာကိုယ်ကို အသာလှည့်ကာဖြင့် ကျောနှင့်သာ ခံယူတတ်၏။ တခြားသောသူများကို ပြန်လည်ကာ တိုက်ခိုက်ခြင်း မရှိချေ။
ရှမ့်လန် ရိုက်နှက်ခံရသည့်အချိန်မျိုးတွင် ရှမ့်လန်ကို ရင်ခွင်ထဲသို့ ထည့်သွင်းကာဖြင့် တခြားသောသူများ၏ အရိုက်ကို သူကခံခဲ့၏။ အရူးကြီး၏ ဘဝသည် ကောင်းကောင်းမွန်မွန် နေထိုင်ရသည့်အရာမျိုး မဟုတ်ချေ။ သူ့မိခင် သေဆုံးသွားခဲ့ပြီး သုံးနှစ်အကြာတွင် သူ၏အဖေသည် မိန်းမတစ်ယောက်ကို ထပ်မံကာ ယူခဲ့ပြီး သူ့အား မိထွေးနှင့် ညီငယ်လေးတစ်ယောက်ကို ပေးအပ်ခဲ့၏။
အရူးကြီးသည် ထိုစဉ်တည်းက ပြင်းပြင်းထန်ထန်နှင့် အလုပ်ကို ကြိုးကြိုးစားစား လုပ်ခဲ့ရ၏။ လုံလောက်သည့် အလုပ်များကို မလုပ်ဟု သတ်မှတ်သည်ဆိုပါက အစားအသောက်ကိုပင် လုံလုံလောက်လောက် ကျွေးမွေးခြင်း မရှိခဲ့ချေ။ ဟုတ်ပေ၏။ အလုပ်လုပ်မည် ဆိုလျှင်တောင်မှ အစားအသောက်ကို လုံလုံလောက်လောက် စားရခြင်း မရှိသည်က အလေ့အထပင်ဖြစ်သည်။
သူ၏မိထွေးသည် သူ့အား ဆန်ကြမ်းများကိုသာ ကျွေးမွေးခဲ့၏။ အရေအတွက် ကန့်သတ်ကာလည်း သတ်မှတ်ထားခဲ့၏။ ထို့ကြောင့် အချိန်အတိုင်းအတာ တော်တော်များများတွင် အရူးကြီးက ဆာလောင်လို့နေ၏။
အရူးကြီး တစ်စုံတစ်ခု ဖြစ်သည်ဟူ၍ သူ့အမေက ပြောဆိုခဲ့သည့် အချိန်မှာတော့ ရှမ့်လန်သည် အရူးကြီး၏ အိမ်ဆီသို့ အလျင်အမြန် ပြေးသွားခဲ့၏။ အရူးကြီး၏အိမ်ဆီသို့ ရှမ့်လန်ရောက်သည့် အချိန်မှာတော့ ၎င်း၏မိသားစုအခြေအနေသည် ကောင်းမွန်လျက်ရှိနေ၏။ ၎င်း၏အဖေသည် ကျော်ကြားသည့် အမဲလိုက်သမားတစ်ယောက်ဖြစ်ပြီး ရွာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့၏ ခေါင်းဆောင်လည်း ဖြစ်၏။ အခန်းသုံးခန်းပါသော အုတ်အိမ်ထဲတွင် နေထိုင်နိုင်သည့် လူပင်။
“အရူးကြီး ဘယ်ရောက်နေလဲ” အိမ်ထဲသို့ ဝင်ရောက်ပြီးသည့်နောက် ရှမ့်လန်သည် အရူးကြီးကို မမြင်ရချေ။ အရူးကြီး၏မိထွေးနှင့် ညီငယ်ကိုသာ မြင်ရသည်။
ရှမ့်လန်ကို မြင်ရချိန်မှာတော့ အရူးကြီး၏ မိထွေးသည် ကြောင်အသွားခဲ့၏။ ပြီးနောက် ပြောလိုက်၏။ “အရူးလေး.. ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ”
ပြီးသည့်နောက် သူမသည် ချက်ချင်းပင် ပါးစပ်ကို အုပ်ကာလိုက်မိ၏။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်သည် အလွန်တန်ဖိုးကြီးသော အဝတ်အစား များကို ဝတ်ဆင်ထားခဲ့ပြီး နောက်ဘက်တွင်လည်း စစ်သည်တော် နှစ်ယောက်က စောင့်ရှောက်နေသောကြောင့်ပင်။
“အရူးကြီးက အလုပ်သွားတယ်လေ”
အရူးကြီး၏ မိထွေးက ပြောလိုက်၏။ “ရှမ့်လန်.. ဘာကိစ္စများ ရှိလို့လဲ”
“အလုပ်သွားတယ် ဟုတ်လား”
သူ့၏အမေသည် အရူးကြီး တစ်စုံတစ်ခု ဖြစ်နေသည်ကို ပြောဆိုခဲ့သည် မဟုတ်ပါလား။
“ဘယ်ကိုသွားပြီး အလုပ်သွားတာလဲ။ ကျုပ်သူ့ကို သွားရှာမယ်”
ရှမ့်လန်က ပြောလိုက်သည်။ “ပြီးတော့ ကျုပ်ခင်ဗျားတို့ မိသားစုအတွက် ငွေအနည်းငယ် ပေးခဲ့မယ်။ အရူးကြီးကို ဝဝလင်လင် ကျွေးဖို့ပေါ့။ နားလည်ပြီလား”
ပြီးနောက် သူသည် ပိုက်ဆံအိတ်ကို ထုတ်ယူပြီး ငွေဒင်္ဂါး ငါးဆယ်ကို ထုတ်ကာပေးလိုက်၏။
ရှမ့်လန်သည် မြို့စားအိမ်တော်တွင် အခြေကျအောင် ကြိုးစားပြီးသည့်နောက်တွင် သူသည် သူ၏ညီငယ်လေး ရှမ့်ကျန်နှင့် အရူးကြီးတို့ကို သူ၏အနားသို့ ခေါ်ထားရပေလိမ့်မည်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ အရူးကြီးသည် မိမိဘာသာ ခဏလောက်နေထိုင်ရန် အချိန်လိုအပ်နေ၏။ သူသည် ပိုက်ဆံထဲမှ ဆယ်ပုံတစ်ပုံကို အရူးကြီးအတွက် အသုံးပြုမည် ဆိုလျှင်တောင်မှ အရူးကြီးအနေနှင့် ကောင်းကောင်းမွန်မွန် ဗိုက်ဝနိုင်သည်။
အရူးကြီးမိထွေး၏ မျက်လုံးများသည် လင်းလက်သွားခဲ့၏။ သူမသည် ပိုက်ဆံအိတ်ကို မြန်မြန်ဆန်ဆန် လှမ်းယူကာဖြင့် ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်၏။ “ရှမ့်လန်… စိတ်မပူနဲ့။ သူ့ကို နေ့စဉ်နေ့တိုင်း ဗိုက်ပြည့်အောင် ငါကျွေးလိုက်မယ်။ သူ့အတွက် အသားကို ဝယ်ကျွေးအုံးမယ်။ မင်းက တကယ့်ကို တော်တဲ့လူတစ်ယောက်ပဲ။ ကောင်းမွန်တဲ့ အခြေအနေတစ်ခုကို ရောက်လာတဲ့အချိန်မှာ သူငယ်ချင်းမိတ်ဆွေကို မမေ့ခဲ့ဘူး”
အရူးကြီး၏ အဖေတူအမေကွဲ ညီငယ်လေးသည် ရှမ့်လန်၏ ချမ်းသာကြွယ်ဝမှုများကို မြင်ရသည့် အချိန်မှာတော့ မနာလိုမရှုစိမ့်ဖြစ်မိ၏။ သူသည် နှာခေါင်းရှုံ့ကာ ပြောဆိုလိုက်သည်။ “အရူးကြီးလား။ အင်း… သေသွားမှာတောင်စိုးရတယ်။ မြစ်ဘေးနားမှာတောင် ပစ်ခံထားရပြီ”
ထိုစကားကို ကြားရချိန်မှာတော့ ရှမ့်လန်၏ မျက်နှာသွင်ပြင်က ပြောင်းလဲသွားသည်။ သူသည် ချက်ချင်းပဲ အရူးကြီး၏ အိမ်ထဲမှ ပြေးထွက်သွားခဲ့၏။ ဆယ့်ငါးမိနစ်ခန့် ကြာသည့် အချိန်မှာတော့ မြစ်တစ်ခု၏ ဘေးတွင် စွန့်ပစ်ခံထားရသည့် အရူးကြီးကို ရှမ့်လန်က မြင်လိုက်ရ၏။
အရူးကြီးသည် အရိုးပေါ်အရေတင် ပိန်လီလျက်ရှိနေပြီး သေဆုံးလုနီးပါး အခြေအနေမျိုးပင်။ တစ်ကိုယ်လုံးလည်း သွေးများဖုံးလွှမ်းနေ၏။ ကြီးမားလွန်းသည့် ခန္ဓာကိုယ်ပင်လျှင် လက်ရှိအချိန်၌ အရိုးပေါ်အရေတင်သာလျှင် ကျန်ရှိခဲ့၏။ ရင်ဘတ်တစ်ခုလုံးသည်လည်း အံ့အားသင့်စရာ ကောင်းလောက်အောင် မို့ဖောင်းလျက် ရှိနေ၏။ အရိုးများကျိုးနေသည့်ပုံပင်။ သို့ပေမဲ့ မျက်လုံးများ မှာတော့ သန့်စင်ပြီး ကြည့်ကောင်းနေတုန်းပင်။
ရှမ့်လန်ကို မြင်ရသည့်အချိန်မှာတော့ မျက်လုံးထဲတွင် ပျော်ရွှင်သည့် အရိပ်အယောင်များ ထင်ပေါ်လာ၏။ ၎င်းသည် အားပျော့စွာဖြင့် ပြောဆိုလိုက်၏။ “အရူးလေး.. ရောက်လာပြီလား။ ငါမင်းကို လွမ်းနေတာ”
“အင်း ရောက်လာပြီ”
ရှမ့်လန်၏ မျက်လုံးများသည် မီးဝင်းဝင်းတောက်လျက်ရှိသည်။ “ဘာဖြစ်တာလဲ။ မင်းကို ဒီလိုဆိုးဆိုးဝါးဝါးဖြစ်အောင် ဘယ်သူ လုပ်လိုက်တာလဲ”
အရူးကြီးက ပြောလိုက်၏။ “ငါ့ရဲ့ညီငယ်လေးက အရမ်းနောက်တတ်တယ်လေ။ သူက တောင်ပေါ်မှာ ရှိနေတဲ့ ကျားကို သွားစခဲ့တယ်။ ငါသူ့ကို ကယ်တင်ဖို့ ကြိုးစားခဲ့တာပေါ့။ ဒါပေမဲ့ ကျားက အကြိမ်ပေါင်းများစွာ ငါ့ကို ရိုက်နှက်ခဲ့တယ်။ အရိုးတွေတောင် ကျိုးသွားပြီ။ သွေးတွေတောင် အန်ထွက်တယ်။ ဒါပေမဲ့ အဖေက ငါ့ကိုကုဖို့အတွက် ပိုက်ဆံမရှိဘူးလေ။ ဒါကြောင့် ဒီနေရာမှာ လာပစ်ထားခဲ့တာပဲ”
ထိုစကားကို ကြားရသည့်အချိန်မှာတော့ ရှမ့်လန်သည် မည်သို့မှ မနေနိုင်ဘဲ အော်ဟစ်လိုက်မိသည်။ “သောက်တလွဲ ခွေးသူတောင်းစားတွေ”
တကယ်ပင် မိထွေး၊ ပထွေးကဲ့သို့ပင် ဖြစ်၏။ အရူးကြီး၏ ညီငယ်သည် ကောင်းမွန်သည့် လူတစ်ယောက် မဟုတ်ချေ။ အရူးကြီးကို အမြဲတမ်း အနိုင်ကျင့်ခဲ့ပြီး အရူးကြီး၏ အစားအစာထဲသို့ အညစ်အကြေးများ ပစ်ထည့်တတ်သည့် လူတစ်ယောက်ဖြစ်၏။ အရူးကြီး၏ အိပ်ရာထဲ၌လည်း ချီးပါချတတ်၏။
ပိုက်ဆံများကိုလည်း ခိုးယူခဲ့ပြီး အရူးကြီး၏ ခေါင်းပေါ်သို့ အပြစ်ပုံချတတ်၏။ တခြားသော မိန်းကလေးများ ရေချိုးခြင်း၊ အိမ်သာတက်ခြင်းများကိုလည်း သွားရောက်ကာ ချောင်းမြောင်းတတ်သူ တစ်ယောက်ဖြစ်၏။ ထိုသို့ဆိုလျှင်တောင်မှ အရူးကြီးသည် သူ၏ညီငယ်ကို အမြဲတမ်း ကာကွယ် ပေးတတ်၏။ ယခု ဤခွေးသူတောင်းစားကို ကူညီနိုင်ရန်အတွက် အရူးကြီးသည် ကျားတစ်ကောင်၏ တိုက်ခိုက်ခြင်းကိုပင် ခံခဲ့ရသည်။
သို့ပေမယ့် အရူးကြီး၏ အဖေသည် သူ၏သားကို မကုသပေးသည့်အပြင် ဤနေရာတွင် လာရောက် ပစ်ထားခဲ့၏။ ဤအရာသည် တိရစ္ဆာန်ထက်ပင် ပိုမိုကာ ဆိုးရွားလွန်းနေသည် မဟုတ်ပါလား။