← Chapters

အပိုင်း (၃၁)

Vol. 3 Ch. 31

အပိုင်း (၃၁)

Vol. 3 Ch. 31

လူအများက အရူးကြီး၏ အဖေအား ချမ်းသာသည်ဟု ပြောကြသည်။ အမှန်တကယ် အရူးကြီးကို ဆေးကုပေးဖို့ ပိုက်ဆံမရှိခြင်းလား သို့မဟုတ် တမင်သက်သက် ဆေးမကုပေးခြင်းလား။ အကုန်အကျများမှာကို နှမြောတွန့်တို၍ စွန့်ပစ်လိုက်ခြင်းလား မသိရှိနိုင်ပေ။

“မင်းကို ဒီနေရာမှာ ပစ်ထားတာ ဘယ်နှစ်ရက် ရှိပြီလဲ” ရှမ့်လန်က မေးလိုက်သည်။

အရူးကြီးသည် လက်ချောင်းများဖြင့် ရေတွက်ကြည့်ချင်သော်လည်း သူ့လက်ကို မမြှောက်နိုင်တော့ပေ။

“လက်တစ်ဖက်နဲ့ တွက်ဖို့မလောက်ဘူး” အရူးကြီးက ပြောလိုက်၏။

ကြည့်ရသည်မှာ အရူးကြီး ဤချောက်ထဲကို ပစ်ချခံထားရသည်မှာ ခြောက်ရက်ကျော်လောက် ရှိနေပြီဖြစ်မည်။ ခြောက်ရက်ကျော်လုံး အစာရေစာ မစားမသောက်ရဘဲ၊ သွေးတွေလည်း ထွက်၊ အရိုးတွေ ကျိုးနေသည့် ခန္ဓာကိုယ်ဖြင့် သေခြင်းတရားကို စောင့်ဆိုင်းနေခဲ့ရသည်။

ရှမ့်လန်သည် အရူးကြီး၏ ဒဏ်ရာကို စစ်ဆေးကြည့်လိုက်ချိန်မှာတော့ နံရိုးငါးချောင်း ကျိုးနေပြီး အသည်း၊ အစာအိမ်နှင့် အဆုတ်တို့မှာလည်း အတွင်းဒဏ်ရာများ ရရှိထားသည်။ ထိုဒဏ်ရာများက အတော်လေး ပြင်းထန်သည် ဆိုသော်လည်း ငွေကုန်ကြေးကျခံပြီး ကုသမည်ဆိုလျှင် အသက်ရှင်နိုင်ပေသည်။ သို့ပေမည့် ၎င်း၏အဖေသည် ငွေသုံးရမည်ကို နှမြောသောကြောင့် ချောက်ထဲပစ်ချပြီး စွန့်ပစ်ခဲ့၏။

ကံကောင်းသည်မှာ ကျိုးနေသည့် နံရိုးများသည် အတွင်းကလီစာများကို မထိုးမိခြင်းပင်။ အရူးကြီး အသက်ရှူရ ခက်နေခြင်းမှာ ချောက်ထဲပစ်ချခံရပြီး ရာသီဉတုဒဏ်ကို ခံစားရသောကြောင့် သာမက အစားအသောက် မစားရတာ ရက်ပေါင်းများစွာ ကြာမြင့်နေပြီမို့ အားနည်းနေခြင်းဖြစ်သည်။

“အရူးလေး… ငါသေတော့မယ်”

အရူးကြီးက ရှမ့်လန်ကိုကြည့်ကာ ပြောလိုက်၏။ “အရင်ကဆို မင်း အနိုင်ကျင့်ခံရမှာ စိုးရိမ်ခဲ့ရတာ။ အခုတော့ မပူရတော့ဘူး၊ မင်းက သန်မာလာပြီပဲ”

ထို့နောက် သူသည် မျက်လုံးကို အသာလေးမှိတ်လိုက်သည်။ အသက်ရှူသံက တဖြည်းဖြည်း တိုးလာသည်။ အရူးကြီးသည် အသက်ရှင်ဖို့ မျှော်လင့်နေမိသည် ဆိုသော်လည်း သေဆုံးရမည်ဆိုလျှင်လည်း သေခြင်းတရားကို မကြောက်ရွံ့ပေ၊ သူ့ရင်ထဲမှာတော့ ဝမ်းနည်းမှု တစ်ခုသာ ရှိနေသည်။

“မဖြစ်ဘူး၊ မင်းမသေရဘူး။ မင်းသေလို့မဖြစ်ဘူး။ ငါ မင်းကို ကယ်မယ်။ မင်းကို ခေါ်သွားမယ်” ရှမ့်လန်က အော်ဟစ်လိုက်၏။

ပြီးနောက် သူ့အင်္ကျီရင်ဘတ်အိတ်ထဲမှ ဂျင်ဆင်းအချပ်လေးကို ထုတ်ယူကာ အရူးကြီးပါးစပ်ထဲသို့ ထည့်ပေး လိုက်သည်။ အရူးကြီးသည် မျက်လုံးများ မှေးစင်းနေ၏။ အလွန်အမင်း ဝမ်းနည်းနေသောကြောင့်ပင်။

သူ့အဖေ သူ့ကို စွန့်ပစ်သည့်အချိန်မှစ၍ သူ အသက်မရှင်ချင်တော့ပေ။ ငယ်စဉ်ကတည်းက မိဘနှစ်ပါး၏ အနိုင်ကျင့်မှုများကို ခံခဲ့ရ၏၊ ထို့အပြင် ဝဝလင်လင် စားသောက်ရသည့်နေ့ဆိုသည်မှာလည်း မရှိသလောက်ပင်။ သူ့အဖေကလည်း သူ့အပေါ် ပစ်ပယ်ခဲ့၊ လျစ်လျူရှုခဲ့သော်လည်း အရူးကြီးသည် သူ့အဖေက သူ့ကို ချစ်ကြောင်း နှင့် ထိုအချစ်ကို မည်ကဲသို့ ဖော်ပြရမှန်း မသိခြင်း ဖြစ်မည်ဟုသာ ထင်မှတ်ခဲ့သည်။။

ထို့အပြင် သူသည် အရမ်း အလုပ်လုပ်ခဲ့သည်။ နေ့တိုင်း အစာငတ်ခံပြီး ပြောင်းဖူးနှစ်လုံးထက် မပိုသော အစာကိုသာ စားခဲ့ရပြီး နေ့တိုင်းလည်း ခက်ခက်ခဲခဲ အလုပ်လုပ်ခဲ့ရသည်။ သူ့အဖေကို သူအသုံးဝင်ကြောင်း သိစေချင်ခဲ့သည်။ သို့ပေမည့် သူ့ညီလေးကို ကယ်ရင်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တဲ့အချိန်၌ သူ၏အဖေသည် သူ့အား ဆေးကုပေးဖို့ ဆန္ဒမရှိဘဲ ချောက်ထဲပစ်ချခဲ့သည်။ ထိုအချိန်မှာမှ သူ့အဖေက သူ့ကို မချစ်ဘူးဆိုသည်ကို အရူးကြီးက နားလည်ခဲ့သည်။ ထို့ကြောင့် သူသေခြင်းတရားကို မကြောက်တော့ပေ။

ရှမ့်လန်က အရူးကြီးရဲ့ မျက်နှာကို အသာရိုက်ပြီး အော်ဟစ်လိုက်သည်။ “အရူးကြီး… ငါ့ကို အနိုင်ကျင့်တဲ့လူတွေ ရှိရင် မင်း ကူညီပေးရအုံးမယ်”

အရူးကြီးသည် ချက်ချင်း မျက်လုံးကို ဖွင့်လိုက်သည်။ ထို့နောက် ရှမ့်လန်ကို သူ့ရင်ခွင်ထဲထည့်ကာ ကာကွယ်ပေးဖို့ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်၏။

ရှမ့်လန်က ပြောလိုက်သည်၊ “အရူးကြီး… မင်းသေလို့မဖြစ်ဘူး။ မင်းအဖေကို မင်းသန်မာလာပြီဆိုတာ သိစေရမယ်။ သူ့ကို နောင်တရစေရမယ်၊ ဟုတ်တယ်မလား”

ထိုစကားက အရူးကြီး၏ ရင်ထဲထိသွားသည်။ ခဏတာ ငြိမ်သက်သွားပြီးနောက် အရူးကြီးက ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်၊ ငါအသုံးဝင်ကြောင်း ငါ့အဖေကို သိစေရမယ်၊ သူအသက်ကြီးသွားရင် ငါသူ့ကို ရှာကျွေးနိုင်တယ်”

အရူးကြီးသည် တစ်ကိုယ်တည်း တီးတိုးရေရွတ်နေသည်။ “ငါမသေရဘူး၊ ငါ့အဖေကို လုပ်ကျွေးရမယ်၊ ငါ့ညီက အရမ်းဆိုးတယ်။ ကြီးလာရင် ငါ့အဖေကို ငါပဲလုပ်ကျွေးနိုင်မှာ”

ဤအခြေအနေထိ ရောက်ရှိနေသည်ကိုတောင်မှ အရူးကြီးသည် သူ့အဖေကို လုပ်ကျွေးဖို့သာ တွေးလျက်ရှိသည်။ ရှမ့်လန် မည်သည့် စကားမှ မဆိုနိုင်တော့ချေ။

“သူ့ကို ရထားလုံးပေါ်တင်လိုက်” ရှမ့်လန်က အမိန့်ပေးလိုက်သည်။

အစောင့်နှစ်ယောက်သည် အံ့အားသင့်သွား၏။ ပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်၏။ “ကောင်းပါပြီ”

.......

ရှမ့်လန်သည် အရူးကြီး၏အိမ်သို့ မျက်နှာထားတင်းတင်းဖြင့် တန်းတန်းမတ်မတ် ပြန်လာသည်။

အရူးကြီး၏ မိထွေးသည် ရှက်ပြုံးပြုံးကာ ပြောလိုက်၏ “တကယ်တော့ အိမ်မှာ အရူးကြီးကို ကုဖို့ ပိုက်ဆံမရှိလို့ ဒီလို လုပ်ရတာပါ။ ရွာသားတွေလည်း ဒီလိုပဲ။ ငါတို့လည်း ဒီအတိုင်းလုပ်တာပါပဲ။ ဘာမှားလို့လဲ”

“ဟွန့်”

အရူးကြီး၏ အဖေတူ အမေကွဲ ညီငယ်သည် လှောင်သလို ပြောလိုက်သည်။ “ဒီလိုအရူး သေလည်း သေပါစေ။ ဘာများအရေးကြီးလို့လဲ။ မင်းလည်း အတူတူပဲ”

ဤခွေးမသားလေးအား သင်ကြားပြသပေး၍ မရတော့ချေ။ ထို့ကြောင့် ရှမ့်လန်သည် အချိန်မဆွဲဘဲ ရှေ့ကိုတိုးသွားကာ ၎င်း၏ ပေါင်ခွကြားနေရာအား ပြင်းထန်စွာ ကန်လိုက်၏။ “သေစမ်း .. ခွေးကောင်”

“အား ...”

အရူးကြီး၏ ညီလေးသည် အကြီးအကျယ် အော်ဟစ်ပြီး ကြမ်းပြင်ပေါ်မှာ လူးလှိမ့်နေသည်။ နာကျင်မှုကြောင့် မျက်ဖြူစိုက်ပြီး ပါးစပ်မှ အမြှုပ်များပင် ထွက်လာသည်။

အရူးကြီး၏ မိထွေးက အော်လိုက်၏။ “ရှမ့်လန်.. နင်ဘာလုပ်တာလဲ။ နင် ရှစ်မိသားစုရဲ့ သားမက် ဖြစ်သွားပြီဆိုတာနဲ့ ငါ နင့်ကို ကြောက်မယ်လို့ မထင်နဲ့။ ငါ နင့်ကိုသတ်မယ်”

တကယ်တမ်း ရှမ့်လန် မြို့စားကြီး၏ သမက်ဖြစ်သွားကြောင်းကို သူမ မသိခဲ့ပေ။

“ကျုပ်က အမျိုးသမီးကို မရိုက်ဘူး”

ရှမ့်လန်က ပြုံးလိုက်သည်။ ထို့နောက် ထိုမိန်းမကို ဆံပင်မှဆွဲ၍ သစ်သားရေစည်ပိုင်းထဲ ခေါင်းနှစ်လေသည်။ “ကျုပ်က အမျိုးသမီးကို မရိုက်ဘူးလို့ ပြောခဲ့တယ်ဆိုတော့ မကြောက်နဲ့”

“အား...”

အရူးကြီး၏ ဆိုးဝါးလွန်းသည့် မိထွေးသည် ရုန်းကန်သော်လည်း မလွတ်ချေ။

မြို့စားကြီး၏ အစောင့်နှစ်ယောက်သည် ဤမြင်ကွင်းကိုကြည့်ပြီး တုန်လှုပ်မိကြသော်လည်း ဘာတစ်ခုမှ ဝင်မပြောခဲ့ပေ။ နှစ်မိနစ်လောက်ကြာပြီးနောက် အရူးကြီး၏ မိထွေးသည် သူမ သေတော့မည်ဟု ခံစားလိုက်ရပြီး တစ်ကိုယ်လုံး အားအင်များ ယုတ်လျော့သွားသည်။

ရှမ့်လန်က သူမ၏ဆံပင်ကို ဆုပ်ကိုင်ပြီး ခေါင်းကို ရေမျက်နှာပြင်အပေါ်သို့ မြှောက်တင်လိုက်သည်။

အရူးကြီး၏ မိထွေးသည် သတိပြန်လည်လာပြီး အဆက်မပြတ် ချောင်းဆိုးနေသည်။ ပြီးနောက် အကျယ်ကြီး အော်ငိုတော့၏။

“ဒီရက်တွေမှာ အရူးကြီးက သေမင်းလာတာကို ငြိမ်ငြိမ်လေး ထိုင်စောင့်ခဲ့ရတယ်။ ခင်ဗျားကိုလည်း ဒီခံစားချက်ကို နားလည်စေချင်တယ်”

ရှမ့်လန်သည် အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။ “ခင်ဗျားယောက်ျား ပြန်လာရင် ကျုပ် ရွှမ်ဝူ မြို့စားအိမ်တော် မှာ ရှိကြောင်း သူ့ကိုပြောလိုက်။ သူလာရှာလို့ ရတယ်”

ပြီးနောက် ရှမ့်လန်သည် အရူးကြီးကိုခေါ်ကာဖြင့် မာန်အပြည့်ဖြင့် ထွက်သွားသည်။ သူသည် ရွှမ်ဝူမြို့စားအိမ်တော်သို့ ပြန်လာလိုက်၏။

........

နေဝင်ချိန်၌ ရှမ့်လန်သည် မြို့စားအိမ်တော်သို့ ပြန်ရောက်လာသည်။ သာမန်လူများသည် မြို့စားအိမ်တော်ထဲသို့ ဝင်ခွင့်မရှိသော်လည်း ရှမ့်လန်သည် အိမ်ပါသားမက်ဖြစ်သောကြောင့် ဝင်ခွင့်ရှိသည်။ သို့ပေမည့် မကြာမီမှာပဲ သူ ဝင်၍မရအောင် ပိတ်ပင်သည့် အတားအဆီးတစ်ခု ပေါ်ပေါ်လာခဲ့သည်။

အရာရှိတစ်ယောက်သည် စစ်သည်တော် ဒါဇင်နှင့်ချီကို ဦးဆောင်ပြီး ကင်းလှည့်နေ၏။ ရှမ့်လန် လာနေတာကို မြင်ရချိန်မှာတော့ ရှေ့တည့်တည့်ဆီသို့ ရောက်ရှိလာပြီး လမ်းပိတ်ရပ်လိုက်၏။

“ရပ်”

ရှမ့်လန်သည် ဤလူကို မမှတ်မိပေ။

ထိုသူ၏နာမည်သည် ကျင်းရှန်း ဖြစ်ပြီး မြို့စားအိမ်တော်ရဲ့ အစောင့်တပ်မှူးဖြစ်သည်။ ထို့အပြင် သူ့၌ အခြား အဆင့်အတန်းတစ်ခု ရှိနေသေးသည်။ မြို့စားအိမ်တော်၏ သားမက်နေရာအတွက် ဇကာတင် စာရင်းဝင် လူငါးဦးထဲက တစ်ဦးဖြစ်ခြင်းပင်။

ငယ်စဉ်တည်းက မြို့စားအိမ်တော်၌ ကြီးပြင်းလာခဲ့ပြီး စစ်ပညာကို အတော်လေး တတ်မြောက်သည်။ သူ၏ အရည်အချင်းအရဆိုရင် နန်းတွင်းစာမေးပွဲကို သေချာပေါက် အောင်နိုင်မှာဖြစ်သော်လည်း သူသည် မြို့စား အိမ်တော်မှ တစ်သက်လုံး ထွက်ခွာသွားမည် မဟုတ်ပေ။

ကျင်းရှန်း၏ ရှမ့်လန်အပေါ် ကြည့်သည့် အကြည့်များသည် ရှုပ်ထွေးနေသည်။ မြို့စားအိမ်တော်၌ ကြီးပြင်းလာသည် လူငယ်တစ်ယောက်အနေနှင့် သူသည် ကျင်းမူလန်ကို နတ်ဘုရားမလို လေးစားချစ်ခင်ပြီး အရိုးထဲအထိ စွဲလမ်းခဲ့သည်။ ထို့ကြောင့် သူ၏ အကြည့်များသည် ရှုပ်ထွေးပြီး တင်းမာမှုများနှင့် ပြည့်နေသည်။

သူ ဝမ်လျှံနှင့် မိုရီ တို့ကို ရှုံးခဲ့လျှင် ဘာတစ်ခုမှ ထူးထွေပြီး ခံစားနေမိမည် မဟုတ်ပေ။ ကျင်းရှီရင်းကို ရှုံးခဲ့လျှင်တောင် ရင်ထဲမှာ နာကျင်နေမည်ဆိုသော်လည်း လက်ခံနိုင်လောက်သေးသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူသည် သူ၏ စံပြပုဂ္ဂိုလ် ဖြစ်ခဲ့သောကြောင့်ပင်။ သို့ပေမည့် ရှမ့်လန်ကို ရှုံးနိမ့်ခဲ့၏။

ကျင်းမူလန်သည် သူ၏ နတ်ဘုရားမ၊ အရှင်သခင်ဖြစ်တာကြောင့် ကျင်းရှန်းသဘ် ရင်ထဲမှာရှိနေသော မကျေနပ်မှုများကို ထုတ်ဖော်မပြသဝံ့ပေ။ သို့ပေမည့် ရှမ့်လန်အပေါ်မှာတော့ လုံးဝ ညှာတာထောက်ထား နေလိမ့်မည် မဟုတ်ပေ။

ရှမ့်လန်ဆိုတာ ဘာကောင်လဲ။ ပညာလည်းမတတ်၊ အသိုင်းအဝိုင်းမရှိ၊ ကြက်မတစ်ကောင်ကိုတောင် လည်လိမ်သတ်နိုင်စွမ်းမရှိတဲ့ ၊ အဓိက က ရှမ့်လန် … မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတယ်။ ရှစ်မိသားစုဆီက ပစ္စည်းတွေကို ခိုးယူရုံတင် မကဘူး အစေခံမိန်းကလေးကို အနိုင်ကျင့်ခဲ့သေးတယ်။ ရှစ်အိမ်ကနေ ကန်ထုတ်ခံရတာ သုံးရက်တောင် မပြည့်သေးဘဲ မြို့စားအိမ်တော်ကို သားမက်အဖြစ် ဝင်လာရဲတယ်ပေါ့။ မင်းလောက် အရှက်ကင်းမဲ့တဲ့လူ ဒီလောကမှာ ရှိအုံးမလား။

ယခု ရှမ့်လန်သည် မြို့စားအိမ်တော်ရဲ့ သားမက်ဖြစ်နေသည် ဆိုလျှင်တောင်မှ ကျင်းရှန်းသည် သူ၏ ရင်ထဲရှိ အထင်အမြင်သေးမှုများကို ထိန်းချုပ်မထားနိုင်ခဲ့ပေ။ ထို့ကြောင့် ရှမ့်လန်ကို မြို့စားအိမ်တော်သို့ ဝင်ခွင့်မရှိသော တခြားလူတွေလို မြင်သောကြောင့် တားဆီးလိုက်ခြင်းပင်။

ရှမ့်လန်က မေးလိုက်သည်။ “ခင်ဗျားဘယ်သူလဲ။ ဘာလို့ ကျုပ်ကို တားတာလဲ”

ရှမ့်လန်၏ သခင်တစ်ယောက်လို ဟန်ပန်ကို ကြည့်ပြီးသည့်နောက် ကျင်းရှန်း၏ ရင်ထဲ၌ ပို၍ဒေါသထွက်လာပြီး အေးစက်စက်နှင့် ပြောလိုက်သည်။ “ခင်ဗျား ဝင်လို့ရတယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ရထားလုံးပေါ်မှာ ဘာပစ္စည်း တွေပါလဲ။ ကျုပ်စစ်ဆေးကြည့်ရမယ်”

အရူးကြီးသည် အရမ်းလေးလံသောကြောင့် ရထားလုံးပေါ်တွင် လေးလံသည့်ပစ္စည်းများ သယ်ဆောင်လာကြောင်း ကျင်းရှန်းက သတိပြုမိ၏။

ကျင်းရှန်းသည် ရထားလုံးလိုက်ကာကို ဆွဲဖွင့်လိုက်ပြီးနောက် ဆွံ့အသွားသည်၊ တစ်ကိုယ်လုံး သွေးများ စွန်းထင်နေသည့် လူတစ်ယောက်ကို မြင်လိုက်ရသောကြောင့်ပင်။

“ရှမ့်လန်…ခင်ဗျား ဘာတွေ လုပ်လာတာလဲ”

ကျင်းရှန်းက အေးစက်စက် ပြောလိုက်သည်။ “ခင်ဗျားက မြို့စားအိမ်တော်ရဲ့ သားမက် ဆိုတာ မမှားဘူး။ ဒါပေမဲ့ မြို့စားအိမ်တော်ထဲကို ဘယ်သူ့ကိုမဆို ခေါ်ဆောင်လာခွင့်မရှိသေး။ ဒီနေရာကို ခင်ဗျားရဲ့ အိမ်နောက်ဖေးခြံဝန်းလို့ ထင်နေတာလား”

တကယ်တမ်း ကျင်းရှန်း ပြောသည်မှာ မမှားပေ။ သားမက်၏ အဆင့်အတန်းသည် အစေခံထက် မြင့်သည် ဆိုသော်လည်း နည်းနည်းလေးသာ ဖြစ်သည်။ ထို့ကြောင့် ရှမ့်လန်၌ မည်သူ့ကိုမဆို မြို့စားအိမ်တော်ထဲသို့ ခေါ်လာနိုင်သော အခွင့်အာဏာ လုံးဝမရှိပေ။

“ဟေ့ ဒီမသိကျွမ်းတဲ့လူကို ထားခဲ့ပြီး ဝင်ခွင့်မပေးနဲ့” ကျင်းရှန်းက တင်းမာခက်ထန်စွာပင် အမိန့်ပေးလိုက်သည်။

ချက်ချင်း ဆိုသလိုပဲ စစ်သည်နှစ်ယောက်သည် ရှေ့ကိုတိုးလာပြီး မနည်းအသက်ရှုနေရသော အရူးကြီးအား ရထားလုံးပေါ်မှ ဆွဲချရန် ပြင်လေ၏။

အရူးကြီးသည် အသက်မျှင်းမျှင်းလေးသာ ကျန်သူဖြစ်သည်။

“သူ့ကို ချက်ချင်း ဆေးကုသဖို့ လိုတယ်။ နှောင့်နှေးလို့မရဘူး။ ပြီးတော့ လှုပ်ရှားလို့လည်း မရဘူး။ မဟုတ်ရင် အသက်အန္တရာယ်ရှိနိုင်တယ်။ ဘယ်သူ လုပ်ရဲသလဲ”

ရှမ့်လန်သည် တင်းမာခက်ထန်သည့် လေသံဖြင့် နောက်တွင်ရှိနေသည့် မြို့စားအိမ်တော်၏ စစ်သည်တော် နှစ်ယောက်ကို အမိန့်ပေးလိုက်၏။ “တားလိုက်ကြ”

ရှမ့်လန်နှင့်အတူ အိမ်ကိုပြန်လာတဲ့ မြို့စားအိမ်တော်၏ စစ်သည်တော်နှစ်ယောက်သည် မလှုပ်ရှားဘဲ ရှိနေကြသည်။ သူတို့ မည်သူ့စကားကို နားထောင်ရမှန်းမသိဖြစ်နေသည်။ ကျင်းရှန်းသည်လည်း သူတို့၏ အထက်အရာရှိ ဖြစ်နေသောကြောင့်ပင်။

ကျင်းရှန်းက အေးစက်စွာ ပြောလိုက်သည်။ “ရှမ့်လန်… ခင်ဗျားက မြို့စားအိမ်တော်ရဲ့ သခင်မဟုတ်ဘူး။ မြို့စားအိမ်တော်ရဲ့ ကာကွယ်ရေးနဲ့ လှည့်ကင်းကိစ္စတွေကို ကျုပ်ဆုံးဖြတ်တာ၊ မင်းတို့ ဘာကိုစောင့်နေတာလဲ။ ဒီလူကို ဆွဲမချသေးဘူးလား”

ရှမ့်လန်သည် ကျင်းရှန်းကို အချိန်အနည်းငယ်ကြာအောင် စိုက်ကြည့်နေသည်။ ပြီးနောက် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ “ကောင်းပြီ၊ ကျုပ်လူကို ရွှမ်ဝူမြို့ကို ခေါ်သွားပြီး ဆေးကုမယ်”

ထို့နောက် သူက ရထားမောင်းသူနေရာ၌ ဝင်ထိုင်ပြီး ရွှမ်ဝူမြို့ထဲသို့ အမြန်သွားရောက်ရန် ပြင်လိုက်၏။

ထိုအချိန်မှာ မြို့စားအိမ်တော်၏ မြို့စားကြီးနှင့့် ကျင်းမူလန်တို့သည် အလျင်အမြန် ရောက်ရှိလာကြသည်။

ကျင်းရှန်းသည် ရှေ့ကိုတိုးပြီး သတင်းပို့လိုက်၏။ “သခင်ကြီး၊ သခင်မလေး၊ သားမက်တော်က လူစိမ်း တစ်ယောက်ကို မြို့စားအိမ်တော်ထဲ ခေါ်လာတာကြောင့် ကျုပ် တားထားရတယ်၊ ဒါက ထုံးစံနဲ့မကိုက်ညီဘူး”

ရွှမ်ဝူ မြို့စားကြီးသည် မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။ “ရှမ့်လန်… ဘာဖြစ်တာလဲ”

ရှမ့်လန်သည် အမြန်ပြောလိုက်၏။ “ရထားလုံးပေါ်မှာ လဲလျောင်းနေတာ ကျုပ်ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းကောင်းပါ။ သူ အန္တရာယ် ရှိနေတယ်။ မြို့စားအိမ်တော်ထဲ ဝင်ပြီး ဆေးကုလို့မရဘူးဆိုတော့ သူ့ကို မြို့ထဲခေါ်သွားပြီး ဆေးကုမယ်”

အရူးကြီးကို ကုသဖို့အတွက် လိုအပ်သော ဆေးဝါးကုန်ကြမ်းသည် မြို့စားအိမ်တော်၌ အစုံအလင်ဆုံး ဖြစ်သည်။

ရှမ့်လန်၏ စကားကို ကြားပြီးနောက် မြို့စားကြီးသည် လေးနက်တည်ကြည်စွာပင် အမိန့်ပေးလိုက်၏။ “သမားတော်အန်း ကို အမြန်ဆုံးခေါ်။ အသက်ကယ်ဖို့က အရေးကြီးတယ်”

“ကျွန်မလာပြီ”

မူလန်က ရှေ့ကိုတိုးသွားပြီး အရူးကြီးရဲ့ ခန္ဓာကိုယ်ကို ချီမကာ မြို့စားအိမ်တော်ဆီကို ခပ်သုတ်သုတ် ဝင်သွားသည်။

ထိုအချိန်မှာတော့ ရှမ့်လန်သည် ရင်ထဲ၌ လေးလေးနက်နက် ခံစားသွားမိ၏။ မူလန်သည် ရှမ့်လန်ကို သူမ၏ လုပ်ရပ်များနှင့် တောင်းပန်နေခြင်းဖြစ်ပြီး ရှမ့်လန်သည် မူလန်၏ မျက်လုံးအကြည့်ကို ကောင်းကောင်း ဖတ်နိုင်ခဲ့၏။

“ယောက်ျားကို နစ်နာစေမိတယ်”

ထိုအချိန်မှာပဲ ကျင်းရှန်းသည် လှမ်းကာအော်လိုက်သည်။ “သခင်မလေး.. ဒါက ထုံးစံနဲ့မကိုက်ညီဘူး။ လူစိမ်း တစ်ယောက်ကို ကျွန်တော်တို့ မြို့စားအိမ်တော်ထဲ ဝင်ခွင့်ပေးလို့မဖြစ်ဘူး”

မူလန်က အရူးကြီးကို ဘေးသို့ အသာချလိုက်၏။ ဘာစကားမှ မဆိုချေ။ ချက်ချင်းဆိုသလိုပဲ ကျင်းရှန်း၏ ရှေ့ကိုရောက်သွားသည်။ မူလန်သည် ကြာပွတ်ကို ဆွဲထုတ်ကာဖြင့် ကျင်းရှန်းအား ပြင်းပြင်းထန်ထန် ရိုက်နှက်တော့၏။

All Chapters