အပိုင်း (၃၃)
Vol. 3 Ch. 33
မြို့စားကြီးသည် စာအုပ်ကို အသာဖွင့်ကာဖြင့် စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်သည်။ “ဒါ မိသားစု ဆုံးမစာအုပ် ၊ သင်ရိုး ညွှန်းတမ်းပဲ။ ရှမ့်လန်... မင်းက ငါ့ရဲ့ သားတစ်ပိုင်းလို့ ပြောလို့ရတယ်။ ကျင်းမိသားစုရဲ့ အဖွဲ့ဝင် တစ်ယောက်ပဲ။ ဒီတော့ မင်းအနေနဲ့ ဒီစာအုပ်ကို သင်ယူဖို့ အတွက် လုံလောက်တဲ့ အခွင့်အရေးကို ပိုင်ဆိုင်နေပြီ”
“ကောင်းပါပြီ” ရှမ့်လန်က လေးလေးစားစားဖြင့် ထိုစာအုပ်ကို လက်နှစ်ဖက်ဖြင့် ယူလိုက်၏။
မြို့စားကြီးက ပြောလိုက်သည်။ “ကျင်းမိသားစုရဲ့ အဖွဲ့ဝင်တိုင်းက ဒီစာအုပ်ကို မှတ်သားထားရမယ်။ ဒီစာအုပ်ကို ဖတ်ရှုပြီး အလွတ်ရမယ်ဆိုရင် မင်းရဲ့နေအိမ်အကျယ်ချုပ်က ဖယ်ရှားပေးလိုက်မယ်။ ဒီတော့ မင်း သွားချင်တဲ့ဆီ သွားခွင့်ရပြီ”
ရှမ့်လန်က ကြောင်အသွား၏။ ပြီးနောက် ပြောလိုက်၏။ “ဒါဆိုရင် ဒီစာအုပ်ထဲမှာ စာလုံးပေါင်း ဘယ်လောက်ရှိလဲ”
“အရမ်း အများကြီး မဟုတ်ဘူး။ ငါးသောင်းလောက်ပဲ ရှိတာ။ ငါ ဒီဟာကို ကျက်ဖို့အတွက် တစ်လလောက်ပဲ ကြာခဲ့တယ်။ မူလန်က ပိုပြီးတော်တယ်။ သူမက နှစ်ဆယ့်သုံးရက်လောက်ပဲ ကြာခဲ့တယ်” မြို့စားကြီးက ထပ်မံကာ ပြောလိုက်၏။ မင်းအနေနဲ့ စာလုံးတစ်ခုချင်းစီတိုင်းကို သေချာမှတ်ထားဖို့ လိုလိမ့်မယ်။ အခု စာကြည့်ခန်းထဲကို သွားတော့။ နားလည်ပြီလား”
“ကောင်းပါပြီ”
စာလုံး ငါးသောင်း၊ စကားလုံး တစ်ခုချင်းစီတိုင်းကို မှတ်သားထားရန် လိုအပ်နေ၏။ စာလုံးပေါင်း ငါးသောင်းကို မှတ်သားထားဖို့ မည်မျှ ကြာမြင့်မည်နည်း။ ရှမ့်လန်၏ မှတ်ဉာဏ်သည် တကယ်ပင် ကောင်းမွန်လွန်း၏။ သို့ပေမည့် ဤကဲ့သို့ အရာအားလုံးကို မှတ်သားလေ့လာနိုင်သည့် လူမျိုးတော့ မဟုတ်ချေ။ စာလုံးများသည် ပိုမို၍ ခက်ခဲလွန်း၏။ ထို့ကြောင့် ခက်ခဲလေ၊ ပိုမို ဖတ်ရှုကာ မှတ်သားရန်အတွက် ပိုမိုခက်ခဲလေပင်ဖြစ်သည်။
ကျင်းမိသားစုသည် ဤမိသားစု သင်ရိုးကို လေ့လာသင်ယူရခြင်းဆိုသည်မှာ မျိုးနွယ်စုများအတွက် နာကျင်ဖွယ်ရာ မှတ်ဉာဏ်များပင် ဖြစ်၏။
ရှမ့်လန်၏ နာကျင်နေသည့် မျက်နှာကို မြင်ရသည့်အချိန်မှာတော့ မြို့စားကြီးသည် ပျော်ရွှင်သွားမိ၏။ သူ၏နှလုံးသားထဲတွင် တည်ရှိနေသည့် အတွင်းစိတ်မိစ္ဆာဆိုးများက ပေါ်ပေါက်လာခဲ့သည်။ ငါ ငယ်ငယ်တုန်းကလည်း မင်းလိုပဲ ခံခဲ့ရတာလေ။ အခု မင်းလည်း ခံပေါ့ကွာ။
ရှမ့်လန်က ပြောလိုက်သည်။ “အဖေ… ကိုယ့်စကားကိုယ် တည်တယ်မလား။ ကျင်းမိသားစုရဲ့ သင်ရိုးညွှန်းတမ်းကို သေသေချာချာ မှတ်ပြီးသွားရင် အပြင်ထွက်လို့ရပြီလား”
“ကျိန်းသေတာပေါ့။ သေသေချာချာ မှတ်ထား။ ဒါပေမဲ့ ဒီအရာကို မှတ်လို့မပြီးခင် မင်း ဒီကနေ ထွက်လို့မရဘူး။ ငါ မင်းအတွက် နေ့စဉ်နေ့တိုင်း အစားအစာနဲ့ အဝတ်အထည်တွေ ဒီကို ပို့ပေးမယ်”
မြို့စားကြီးက လေးလေးနက်နက်နှင့် ပြောလိုက်သည်။ “ဒါတွေအကုန်လုံးကို မှတ်ထားပြီးတဲ့ အချိန်ကျရင် အနည်းဆုံး တစ်လလောက်တော့ ကြာမှာပေါ့။ အဲတစ်လလောက်အတွင်း မင်းသေသေချာချာ လေ့လာကျက်မှတ်နေဖို့ လိုအပ်တယ်။ မနက်ဖြန် အပြင်သွားဖို့ စဉ်းတောင် မစဉ်းစားနဲ့”
“ကျင်းကျုံး… ငါပြောတာကို မင်းမှတ်မိတယ် မဟုတ်လား။ သမက်တော် ဒီအရာကို မှတ်လို့မပြီးခင် အခန်းထဲကနေ ထွက်ခွင့်မပေးဘူး” မြို့စားကြီးက ထပ်မံကာ အမိန့်ပေးလိုက်၏။
“ကောင်းပါပြီ” ကျင်းကျုံးသည် ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်သည်။
ပြီးနောက် မြို့စားကြီးသည် အပြင်သို့ ထွက်ခွာသွားခဲ့၏။
တခြားတစ်ဖက်တွင် ရှိနေသည့် ရှမ့်လန်မှာတော့ ကျင်းမိသားစု၏ စာလုံးရေငါးသောင်း ပါဝင်သည့် သင်ရိုးညွှန်းတမ်းကို မြန်မြန်ဆန်ဆန် လှန်လှောကာ ကြည့်ရှုနေ၏။
…………
ခဏလောက် ကြာပြီးသည့်နောက် မူလန်သည် အထဲသို့ လျှောက်ဝင်လာခဲ့၏။ ပြီးနောက် စားပွဲပေါ်သို့ ဟင်းပွဲများကို တင်၏။ သူမသည် မြို့စားကြီး၏ သမီးဖြစ်၏။ ရှမ့်လန်သည် သူမ၏ ယောက်ျား ဖြစ်သည်။ သူမသည် ရှမ့်လန်အား အထင်သေးလျစ်လျှူရှုခြင်း မရှိခဲ့ချေ။ အတူတူ အိပ်စက်ခြင်း မရှိသည်မှလွဲလျှင် ဇနီးမယား တစ်ယောက်၏ တာဝန်များကို အလုံးစုံ ဖြည့်ဆည်းပေးလေသည်။
“ယောက်ျား.. ရှင့်ရဲ့ညီအစ်ကို အန္တရာယ် မရှိတော့ဘူး။ နှစ်ရက်၊ သုံးရက်လောက်နေရင် သူနိုးလာလိမ့်မယ်လို့ သမားတော်အန်းက ပြောတယ်” မူလန်က ပြောလိုက်၏။
ရှမ့်လန်က ပြောဆိုလိုက်သည်။ “မူလန်… ထပ်ပြီးတော့ အမှန်ပြင်ပေးမယ်။ သူက အရူးကြီးပဲ။ ငါ့ရဲ့ညီအစ်ကို မဟုတ်ဘူး”
မူလန်က ပြောလိုက်၏။ “သူက အရူးကြီး။ ရှင်က အရူးလေးပဲ။ ရှင်တို့က ညီအစ်ကိုပဲ မဟုတ်လား”
ရှမ့်လန်သည် ဆွံ့အသွားခဲ့သည်။ မင်းက အရမ်းလှတယ်။ မင်းဆီမှာ အရမ်းလှတဲ့ ခန္ဓာကိုယ်လည်းရှိတယ်။ မင်း ဘာပဲပြောပြော မှန်တယ်။ ဟုတ်ပြီလား။
စားသောက်လျက်ရှိနေသည့် ရှမ့်လန်ကို လှမ်းကြည့်ရင်း မူလန်က မေးမြန်းလိုက်၏။ “ယောက်ျား.. ဒီအရူးကြီးက ဘယ်လိုဖြစ်ပြီး ဒဏ်ရာ ရရှိလာတာလဲ။ ဘာကြောင့် ဒီလောက်ထိ နှောင့်နှေးနေခဲ့တာလဲ။ နှစ်နာရီ၊ သုံးနာရီလောက်သာ ထပ်ပြီးကြာရင် သူ့ကို ကယ်တင်လို့ မရနိုင်ဘူးလို့ သမားတော်အန်းက ပြောခဲ့တယ်”
ရှမ့်လန်သည် မူလန်အား အရူးကြီး၏ အကြောင်းအရာ အကုန်လုံးကို ပြန်လည်ကာ ပြောပြလိုက်သည်။
“ဒီလို ဆိုးရွားတဲ့ အဖေမျိုး ရှိနေသေးတာလား။ တိရစ္ဆာန်တွေထက်တောင် ဆိုးနေသေးပါလား”
မူလန်သည် ဒေါသထွက်သွားမိ၏။ “ယောက်ျား စိတ်မပူနဲ့။ အရူးကြီးကို ကျိန်းသေပေါက် ကောင်းမွန်အောင် ကုသဖို့ အတွက် ကျွန်မတို့ တာဝန်ပဲ။ ပြီးရင် သူ့ကို ရှင်နောက်လိုက်အဖြစ် လုပ်စေမယ်။ ဆာလောင်မွတ်သိပ်မှုကို မခံစား စေရဘူး”
ရှမ့်လန်သည် တူကို အသာချကာဖြင့် သူမကို ကြင်နာနူးညံ့စွာ ကြည့်ရှုလိုက်သည်။ “ကျေးဇူးပါပဲ မိန်းမ”
မူလန်သည် ထိုအကြည့်များကို ရင်ဆိုင်ရသည့်အချိန်မှာတော့ မသက်မသာ ခံစားမိနေ၏။ ထို့ကြောင့် မေးလိုက်မိ ၏။ “ယောက်ျား… အခု ရှင်ဘာလုပ်နေတာလဲ”
ရှမ့်လန်က ပြောလိုက်သည်။ “မင်းအဖေ ငါ့ကို နေအိမ်အကျယ်ချုပ် ချထားတယ်။ ကျင်းမိသားစုရဲ့ သင်ရိုးညွှန်းတမ်းကို ပြီးဆုံးအောင် ကျက်မှတ်ရမယ်တဲ့။ အဲတာမှ အပြင်ကို ထွက်ခွင့်ရမယ်လို့ ပြောတယ်”
မူလန်က ပြောလိုက်၏။ “ဒီစာအုပ်ကို မှတ်သားသင်ယူရတာ ကျင်းမိသားစုရဲ့ မျိုးဆက်တွေအတွက် တကယ့်ကို အိမ်မက်ဆိုးလိုပဲ။ ကျွန်မတောင်မှ ဒီအရာကို အလုံးစုံ မှတ်သားထားနိုင်ဖို့ နှစ်ဆယ့်သုံးရက်တိတိ ကြာခဲ့တယ်”
ဤအရာသည် ဆယ်စုနှစ်တစ်ခုအတွင်း ကျင်းမိသားစု၏ အကောင်းဆုံးရလဒ်ပင် ဖြစ်၏။ မူလန်သည် ဂုဏ်ယူ ဝံ့ကြွားသည့် လေသံဖြင့် ပြောဆိုခဲ့ခြင်းဖြစ်၏။ ပြီးနောက် မူလန်က လေးလေးနက်နက် ထပ်မံကာ ပြောဆိုလိုက်သည်။ “ယောက်ျား.. အပြင်သွားဖို့ အလျင်လိုနေတာလား”
ဟုတ်ပေသည်။ ရှမ့်လန်သည် အပြင်ကို သွားရန်အတွက် အလျင်လိုလျက် ရှိ၏။ ထျန်းဟန်အား နံပါတ် ဆယ့်သုံး၏ ခြေထောက်ကို မနက်ဖြန် ရိုက်ချိုးအောင် ဖိအားပေးနိုင်ခြင်း မရှိပါက သူ၏ ဂုဏ်သိက္ခာသည် ကျဆင်းပေလိမ့်မည်။
“လိုတယ်။ ကျိန်းသေပေါက် သွားရမယ်”
“ဒါဆိုရင် ကျွန်မ အဖေ့ဆီကို သွားပြီးတော့ ရှင့်ရဲ့ နေအိမ်အကျယ်ချုပ်ကို ဖယ်ပေးဖို့ သွားတောင်းဆိုမယ်” မူလန်က ပြောလိုက်သည်။
ရှမ့်လန်သည် ပြုံးကာဖြင့် ခေါင်းကို ခါယမ်းလိုက်၏။ “မလိုပါဘူး။ မင်းအဖေရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖယ်ရှားလို့ မဖြစ်ဘူးလေ”
သူ၏ ယောက္ခထီးသည် တကယ်ကို ကောင်းမွန်လှ၏။ ထို့ကြောင့် ရှမ့်လန်သည် တစ်ဖက်လူကို စဉ်းစားတွေးတော ပေးရပေမည်။
မူလန်သည် ရှမ့်လန်ကို ခဏလောက် စိုက်ကြည့်ကာဖြင့် ပြောလိုက်သည်။ “ယောက်ျား.. စာကြည့်ခန်းထဲမှာ နေပြီးတော့ ဒါတွေကို သေသေချာချာ မှတ်ထား။ နေ့စဉ်နေ့တိုင်း အဝတ်အစားနဲ့ အစားအစာတွေ ကျွန်မ လာပို့မယ်။ ထျန်းဟန်အတွက်တော့ ယောက်ျား စိတ်မပူနဲ့။ အခွင့်အရေးရပြီဆိုတာနဲ့ ကျွန်မ ရှင့်အတွက် တရား မျှတမှုကို ဆောင်ကြဉ်းပေးမယ်”
ရှမ့်လန်က ပြောလိုက်၏။ “ကျေးဇူးပါပဲ မိန်းမ”
သို့ပေမည့် သူ ရှစ်မိသားစုကို လက်စားချေရမည်။ ပြီးနောက် လင်းမိသားစုနှင့် ထျန်းဟန်တို့ကို ကိုယ်တိုင်ကိုယ်ကျ လက်စားချေချင်၏။ သူ့အနေနှင့် မြို့စားအိမ်တော်၏ အခွင့်အာဏာကို အသုံးပြုနိုင်သည့်အတွက် အလွန်ပင် စိတ်ကျေနပ်လျက် ရှိနေ၏။ သူ့အနေနှင့် လက်စားချေရန် မြို့စားအိမ်တော်ကို အကူအညီတောင်းခံ နေရသည် ဆိုပါက ရှက်စရာ ဖြစ်ပေလိမ့်မည်။
……….
မူလန် ထွက်ခွာသွားပြီးနောက် ရှမ့်လန်သည် ခက်ခက်ခဲခဲဖြင့် ထိုအရာများကို စတင်ကာ မှတ်သား၏။ မဟုတ်သေးပေ။ သူ့အနေနှင့် တိတိကျကျ ပြောရမည်ဆိုလျှင် စာရွက်များကို လှန်နေခြင်းသာလျှင်ဖြစ်၏။ မိနစ်ဝက်အတွင်းမှာပဲ စာရွက်များကို မြန်မြန်ဆန်ဆန် လှန်နေခြင်းဖြစ်၏။ ကျက်မှတ်နေခြင်းနှင့်မတူ၊ ဓာတ်ပုံရိုက်နေခြင်းနှင့် ဆင်တူ၏။
ဟုတ်ပေ၏။ ရှမ့်လန်သည် ဓာတ်ပုံရိုက်နေခြင်းသာလျှင်ဖြစ်၏။ သူ၏ ဦးနှောက်ထဲတွင် AI စနစ် ပါဝင်သော Laptop က တည်ရှိနေ၏။ သူ၏မျက်လုံးများသည် ကင်မရာကဲ့သို့ပင် စွဲစွဲမြဲမြဲနှင့် ဓာတ်ပုံများကို မှတ်သားနိုင်၏။ သေသေချာချာ ဖတ်ရှုပြီးသည့်နောက် AI ထဲတွင် ရှိနေသည့် သတင်းအချက်အလက်များနှင့် နှိုင်းယှဉ် ယှဉ်ထိုးကာဖြင့် အရာအားလုံးကို သူက မှတ်သားထားပြီး ဖြစ်သည်။
ဤစာအုပ်သည် ကျင်းမိသားစု၏ မိသားစု သင်ရိုးညွှန်းတမ်း ဖြစ်၏။ စာလုံးရေ ငါးသောင်းပါဝင်ပြီး စာမျက်နှာ နှစ်ရာနီးပါးခန့်ရှိ၏။ သို့ပေမဲ့ ရှမ့်လန်သည် ထိုအရာများကို မှတ်သားရန်အတွက် အချိန် တစ်နာရီခန့်သာလျှင် လိုအပ်၏။ တိတိကျကျ ပြောရမည်ဆိုလျှင် သူသည် အလုံးစုံ မှတ်သားခဲ့ပြီးပြီ ဖြစ်၏။ အသံထွက်၊ ပုဒ်ထီး၊ ပုဒ်မ တစ်ခုတစ်လေပင် မကျန်ခဲ့ချေ။
မြို့စားကြီးသည် ထိုအရာကို မှတ်သားနိုင်ရန်အတွက် သုံးဆယ့်သုံးရက် ကြာခဲ့ပြီး မူလန်မှာတော့ နှစ်ဆယ့်သုံးရက် ကြာခဲ့၏။
မြို့စားသားသည် မှတ်သား၍ပင် မပြီးသေးချေ။ စာလုံးရေတစ်ရာကို မှတ်သားနေရင်း စာလုံးရေ သုံးရာကို မေ့လျော့သွားခဲ့၏။ ဘဝတစ်သက်တာလုံး ထိုအရာကို မှတ်မိဖို့ဆိုသည်မှာ မဖြစ်နိုင်သည့်ပုံပင်။
ရှမ့်လန်၏ မှတ်တမ်းသည် မထင်မှတ်ထားလောက်အောင်ပဲ မြန်ဆန်လှ၏။ အနာဂတ်တွင် သူ့ကို မည်သူမှ ချိုးဖြတ်နိုင်လိမ့်မည် မဟုတ်ချေ။ စာကြည့်ခန်းထဲတွင် အိပ်ရာတစ်ခုကလည်း တည်ရှိ၏။ ရှမ့်လန်သည် ဇိမ်ကျကျနှင့် ထိုအရာပေါ် လဲလျောင်းလိုက်သည်။
သူ ယောက္ခထီးဆီကို ယခုသွားရင်ကောင်းမလား၊ မနက်ဖြန်မှ သွားရင်ကောင်းမည်လား။ ထားလိုက်ပါတော့။ မနက်ဖြန် မနက်မှ သွားခြင်းက ပို၍ကောင်းပေလိမ့်မည်။
ယောက္ခထီးသည် ကောင်းမွန်သည့် လူတစ်ယောက်ဖြစ်၏။ ချက်ချင်းဆိုသလိုပဲ ယောက္ခထီးဆီသို့ သွားရောက်ကာဖြင့် စာအုပ်ထဲမှ အကြောင်းအရာများကို အာဂုံဆောင်ကာရွတ်ပြခြင်းသည် ယောက္ခထီး၏ပါးကို ပိတ်ရိုက်ခြင်းနှင့် ဆင်တူနေပေလိမ့်မည်။ ယောက္ခထီးကို ရင်နာအောင်ပြုလုပ်ခြင်းသည် ပျော်ရွှင်စရာ ကောင်းသည့် အရာမျိုး မဟုတ်နိုင်ချေ။
“ဟင်း… တစ်ယောက်တည်း အိပ်ရတာ ခက်လိုက်တာ။ ငါ့ရဲ့လူပျိုဘဝက ဘယ်အချိန်မှ ပျက်စီးမှာလဲ။ ဘယ်တော့မှ ငါ့ရဲ့ လက်မောင်းထဲမှာ မွှေးပျံတဲ့ မိန်းကလေးတစ်ယောက်ကို ထားပြီးတော့ ကိုယ်လုံးတီး အိပ်ရမှာလဲ။ တစ်ယောက်တည်း အိပ်ရမှာ အရမ်းကိုခက်တယ်။ ငါ မအိပ်ချင်ဘူး”
ငါးမိနစ်လောက် ကြာမြင့်ပြီးသည့်နောက် ရှမ့်လန်၏ ဟောက်သံက ပေါ်ပေါက်နေခဲ့၏။
အထဲမှ ဟောက်သံကို ကြားရသည့်အချိန်မှာတော့ တံခါး၏ အပြင်ဘက်တွင် စောင့်နေသည့် ကျင်းကျုံးသည် ပါးစပ်အဟောင်းသား ဖြစ်သွားမိ၏။ မည်သည့်အချိန် ရှိသနည်း။ ကိုးနာရီပင် မကျော်သေးချေ။ သို့ပေမဲ့ သမက်တော် ရှမ့်လန်သည် အိပ်ရာဝင်သွားခဲ့ပြီဖြစ်၏။ စာကိုပင် ကျက်မှတ်ခဲ့ခြင်း မရှိပုံပင်။ ကျက်မှတ်နေသည့် အသံလည်း သူ မကြားခဲ့ရချေ။
မြို့စားသား ကျင်းမူကုန်းပင်လျှင် ညနက်သည့်အထိ စာကျက်သည့် အလေ့အထ ရှိသည်မဟုတ်ပါလား။ ကျင်းမိသားစု၏ သင်ရိုးညွှန်းတမ်းကို လေ့လာသင်ယူနိုင်ဖို့ သူ့အတွက် မည်မျှကြာမြင့်ခဲ့သနည်း။ ပြောရမည် ဆိုလျှင် တစ်နှစ်နှင့် တစ်ဝက်လောက်ပင် စာကြည့်ခန်းထဲ၌ လေ့လာခဲ့ရသည်။
…………
မြို့စားကြီး၏ အခန်းအတွင်းမှာတော့
“ရှမ့်လန်က တကယ့်ကိုတော်တဲ့ ကလေးတစ်ယောက်ပဲ”
မြို့စားကတော်က ပြောလိုက်၏။ “သူက ကောလဟလတွေထဲကအတိုင်း အပျင်းကြီးပြီး သုံးမရတဲ့ ကလေးတစ်ယောက် မဟုတ်ဘူး။ ပြီးတော့ လူဆိုးလေးတစ်ယောက်နဲ့လည်း မတူဘူး။ တကယ့်ကို လူတော်လေးပဲ။ လူတွေကို သုံးသပ်တဲ့နေရာမှာ ကျွန်မက အရမ်းတော်တယ် မဟုတ်လား”
“အင်း.. သူ့ရဲ့အမူအကျင့်က ကောင်းတယ်။ ဒါပေမဲ့ သူက စနစ်တကျ နေတတ်ဖို့ လိုနေသေးတယ်”
မြို့စားကြီးက ထပ်မံကာ ပြောလိုက်သည်။ “ပြဿနာ ရှာမှာစိုးလို့ ကျုပ် သူ့ကို အကျယ်ချုပ် ချထားတယ်”
“အကျယ်ချုပ် ချထားတယ် ဟုတ်လား”
မြို့စားကတော်က အသာပြောလိုက်၏။ “သူက ကျွန်မတို့ မိသားစုထဲကို ဝင်လာခဲ့ပြီလေ။ သူကို အပြစ်ပေးမယ် ဆိုရင် မကောင်းဘူးနော်”
“မဟုတ်သေးပါဘူး”
မြို့စားကြီးက ပြောလိုက်သည်။ “ကျင်းမိသားစုရဲ့ သင်ရိုးညွှန်းတမ်းကို လေ့လာခိုင်းခဲ့တာလေ။ သူ ဒါကို လေ့လာပြီးပြီဆိုရင် လွတ်လပ်မှု ရပြီပေါ့။ မိသားစုဝင်တွေ အကုန်လုံးက မိသားစု သင်ရိုးညွှန်းတမ်းကို လေ့လာပြီး သင်ယူတတ်မြောက်ဖို့ လိုအပ်တယ် မဟုတ်လား။ ကျုပ် သူ့ကို အပြင်လူအဖြစ် မသတ်မှတ်နိုင်ဘူး”
“ယောက်ျား.. ရှင်က တကယ့်ကို အတွေးအမြင်ကောင်းတယ်” မြို့စားကတော်က ချီးကျူးလိုက်၏။
“အင်း… ငါ ဒီအကောင်ကို အနိုင်မယူနိုင်ဘူးလို့ မယုံကြည်နိုင်ဘူး”
မြို့စားကြီးက ထပ်မံကာ ပြောလိုက်သည်။ “သူ ရက်ငါးဆယ်အတွင်း ဒါကို အလွတ်ရနိုင်မှာ မဟုတ်ဘူး”
မြို့စားကတော်က ပြောလိုက်၏။ “အင်း.. ခက်တော့ခက်တယ်။ သူက မောက်မာပြီး ပျင်းရိလွန်းတယ်လို့ လူတိုင်းက ပြောတယ်ဆိုပေမဲ့ မင်္ဂလာပွဲမှာတုန်းက ကျန်းပိုရန်ကိုတောင် အနိုင်ယူနိုင်ခဲ့တယ်။ တစ်လမပြည့်ခင် ဒါတွေ အကုန်လုံးကို မှတ်သားထားဖို့ ဆိုတာကတော့ ဖြစ်ရင် ဖြစ်နိုင်လောက်တယ်”
“မဖြစ်နိုင်တာ”
မြို့စားကြီးက ပြောလိုက်သည်။ “ကျုပ်တောင် သုံးဆယ့်သုံးရက် လေ့လာခဲ့ရတာလေ။ ရှမ့်လန်က အနည်းဆုံး တစ်လခွဲလောက် သင်ယူရလိမ့်မယ်။ ကောလဟလတွေက ပြောသလို သူက ညံ့ဖျင်းတဲ့လူတစ်ယောက် မဟုတ်ဘူးဆိုရင်တောင် ကျုပ်ထက် ဘယ်လိုလုပ် အားကောင်းနိုင်မှာလဲ”
“မဟုတ်သေးဘူး။ သူက ပိုပြီးတော်တယ်လို့ ကျွန်မထင်တယ်။ အနည်းဆုံး ရှင့်ကိုတောင် အနိုင်ယူနိုင်လိမ့်မယ်။ ကျွန်မက လူတွေကို သုံးသပ်တဲ့နေရာမှာ အရမ်းတော်တယ်ဆိုတာ ရှင်သိတယ်မလား”
မြို့စားကတော်က စိန်ခေါ်လိုက်၏။ “ဒါဆိုရင် လောင်းကြမလား”
မြို့စားကတော်သည် ယခုနှစ်တွင် အသက်လေးဆယ် ပြည့်ခါနီးဖြစ်၏။ ကြည့်ကောင်းပြီး လှပလွန်း၏။ လက်ရှိအချိန်မှာတော့ သူမ၏ မျက်လုံးထဲတွင် ရှက်ရွံ့မှုများဖြင့် ပြည့်နှက်လျက် ရှိနေပြီး မြို့စားကတော်သည် အသက်နှစ်ဆယ် မိန်းကလေးတစ်ယောက် ကဲ့သို့ပင် ရှက်သွေးဖြာလျက် ရှိနေသည်။
“ယောက်ျား ရှမ့်လန် ရှင့်ကိုနိုင်သွားပြီဆိုရင် ကျွန်မ အပေါ်ကနေမယ်” မြို့စားကတော်က ပြောလိုက်၏။
မထင်မှတ်ထားသည့် အလှည့်အပြောင်းသည် မြို့စားကြီး၏ မျက်နှာသွင်ပြင် တစ်ခုလုံးကို နီမြန်းသွားစေ၏။ ချက်ချင်းပဲ သူ့မိန်းမ၏ ပါးစပ်ကို လက်ဖြင့်လှမ်းပိတ်လိုက်၏။ ဂုဏ်သိက္ခာ ထည်ဝါသည့် မြို့စားကတော်သည် အဘယ့်ကြောင့် ဤကဲ့သို့သော စကားများကို ပြောဆိုရသနည်း။
“မင်းက တော်ဝင်မိသားစုက မိန်းကလေးတစ်ယောက်လေ။ ဘယ်လိုဖြစ်ပြီး ဒီလိုစကားမျိုးကို ပြောရတာလဲ”
မြို့စားကြီးက ပိတ်ပင်လိုက်သည်။ “ဒါ မဖြစ်သင့်ဘူး”
“ဟမ့်”
မြို့စားကတော်က ပြောလိုက်၏။ “လင်မယားကြားမှာ မပြောသင့်တဲ့စကားဆိုတာ ဘာမှ မရှိဘူး။ ရှင် အခုမှ ဘာဖြစ်နေတာလဲ။ သဘောတူလား၊ မတူဘူးလား ပြော”
မြို့စားကြီး၏ မျက်နှာတစ်ခုလုံးသည် နီရဲသွားခဲ့သည်။ “ယင်နဲ့ယန်က ပြောင်းပြန်လှန်လို့ မဖြစ်ဘူး။ အဓိပ္ပာယ် မရှိဘူး”
မြို့စားကတော်က ပြောလိုက်၏။ “တစ်လဆိုပြီးတော့ အကန့်အသတ်ထားလိုက်မယ်။ ရှမ့်လန်က ကျင်းမိသားစုရဲ့ သင်ရိုးညွှန်းတမ်းကို တစ်လအတွင်း သင်ယူတတ်မြောက်နိုင်တယ်ဆိုရင် ကျွန်မတို့ အနိုင်အရှုံးဆိုတာ မရှိဘူး။ ဒါပေမဲ့ ဒီအရာတွေကို ရွတ်ဆိုပြသနိုင်ဖို့ တစ်ရက်အတွင်းသာ ပြုလုပ်နိုင်မယ်ဆိုရင် ကျွန်မ အပေါ်ကနေမယ်”
“ပေါက်ကရတွေ၊ ပေါက်ကရတွေ” မြို့စားကြီးက တတွတ်တွတ်နှင့် ရေရွတ်လျက် ရှိသည်။
မြို့စားကတော်က ပြောလိုက်၏။ “ဒါဆိုရင်ဖြစ်ပြီ”
မြို့စားကြီးက ထပ်မံကာ ပြောဆိုလိုက်သည်။ “မဖြစ်သေးဘူးနဲ့တူတယ်”
“ဘာပဲဖြစ်ဖြစ် မရဘူး။ သဘောတူညီချက် ယူရမယ်” မြို့စားကတော်သည် အသာပြောပြီးသည့်နောက် အိပ်ရာမှ ထလိုက်သည်။ အဝတ်အစားများကို ကောက်ဝတ်ကာဖြင့် အခန်းအပြင်ဘက်သို့ ထွက်လျှောက်သွား၏။
သူ၏မိန်းမ ထွက်လျှောက်သွားသည်ကို မြင်ရသည့်အချိန်မှာတော့ မြို့စားကြီးသည် တစ်ယောက်တည်း ဟာတာတာ ကျန်ရစ်၏။ ဘယ်လိုမှ မနေနိုင်ဘဲ မေးလိုက်မိသည်။ “မင်း ဘယ်သွားမလို့လဲ”
သူသည် သူ့မိန်းမနှင့်အတူ အိပ်ရခြင်းကို နှစ်သက်၏။ နွေးထွေးပြီး ပျော်ရွှင်စရာကောင်းသည် မဟုတ်ပါလား။
မြို့စားကတော်က ပြောလိုက်၏။ “သမက်တော်က တစ်ညလုံး ပြင်းပြင်းထန်ထန် လေ့ကျင့်နေတယ်လေ။ သူ့အတွက် ဆန်ပြုတ်တစ်ခုခုလောက် ချက်ပြုတ်ပေးရမယ်။ ဒီအထဲမှာ မြေပဲဆံလေး နည်းနည်းရောပြီး သူ့ရဲ့ ဦးနှောက်ကို ပိုကောင်းအောင် လုပ်ပေးမှဖြစ်မယ်”
တစ်နာရီခန့် ကြာပြီးနောက် အကောင်းမွန်ဆုံးသော ဆန်ပြုတ်သည် အဆင်သင့် ဖြစ်လို့နေ၏။ မြို့စားကတော် သည် ဆန်ပြုတ်ကို ယူကာဖြင့် ရှမ့်လန်ဆီသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ ပေးပို့၏။ သူမ၏ အနာဂတ် ပျော်ရွှင်မှုအတွက် သူမ အကောင်းဆုံး ကြိုးစားရပေမည်။
စာကြည့်ခန်း၏ အပြင်ဘက်သို့ ရောက်သည့်အချိန်မှာတော့ အထဲတွင် မီးအလင်းရောင် တည်ရှိနေကြောင်းကို မြင်ရ၏။ ရှမ့်လန်သည် တကယ်ပင် သမက်ကောင်းလေးတစ်ယောက် ဖြစ်ကြောင်း မြို့စားကတော်က တွေးတော လိုက်မိ၏။ ညတော်တော်နက်နေပြီဖြစ်၏။ သို့ပေမဲ့ ပြင်းပြင်းထန်ထန် လေ့လာသင်ယူလျက် ရှိနေ၏။ ကောလဟလ စကားများအရဆိုလျှင် ရှမ့်လန်သည် အပျင်းကြီးပြီး နုံအ၏။ မောက်မာပြီး အပေါစားဆန်သည့် လူတစ်ယောက်ဖြစ်၏။
“ဂါရဝပြုပါတယ် မြို့စားကတော်” ကျင်းကျုံးသည် မြို့စားကတော်ကို မြင်ရသည့်အချိန်မှာတော့ ချက်ချင်းပဲ ဦးညွတ်လိုက်သည်။
“အထဲမှာ မီးတွေ လင်းနေသေးတယ်။ သမက်တော် ဇွဲကောင်းကောင်းနဲ့ လေ့လာကျက်မှတ်နေတယ်နဲ့တူတယ်”
မြို့စားကတော်က ပြောလိုက်၏။ “သူတကယ့်ကို ကြိုးစားနေတာပဲ။ သူ့အတွက် ဒီဆန်ပြုတ် သွားပေးလိုက်အုံး”
သူမသည် တကယ်ကို ကြင်နာတတ်သည့် ယောက္ခမတစ်ယောက် ဖြစ်သည်။
ကျင်းကျုံးသည် ကြောင်အအဖြင့် ပြန်လည်ကာ ပြောဆိုလိုက်၏။ “သမက်တော် အိပ်တာ ကြာတောင်နေပြီ”
“ဟမ်”
ရုတ်တရက် မြို့စားကတော်သည် ရှက်ရွံ့သလိုပင် ခံစားမိသည်။ “သူ ဘယ်အချိန်ကတည်းက အိပ်သွားတာလဲ”
“ကိုးနာရီ မထိုးခင်တည်းက အိပ်သွားတာ” ကျင်းကျုံးက ပြန်လည်ကာ ဖြေဆိုလိုက်၏။
“ဟင်း”
သူမ၏သားထက်ပင် ပိုမိုကာ ပျင်းရိလို့ နေ၏။ သူ၏သား ဝတုတ်ပင်လျှင် ညနက်မှအိပ်သည့် အလေ့အကျင့်ရှိသည်။
“ဟမ့်.. ဘယ်လိုကောင်လေးလဲ။ ကောလဟလ ပြောတာတွေက အမှန်ပဲ ဖြစ်လိမ့်မယ်”
မြို့စားကတော်သည် တကယ်ပင် ဒေါသထွက်သွား၏။ ခန္ဓာကိုယ်ကို အသာ လှည့်ပြီးသည့်နောက် ဆောင့်ဆောင့် ၊ ဆောင့်ဆောင့်နှင့် ထွက်ခွာသွားလေတော့၏။