အပိုင်း (၃၄)
Vol. 3 Ch. 34
မြို့စားကတော် အခန်းထဲသို့ ပြန်ဝင်လာချိန်မှာတော့ မြို့စားကြီးသည် စောင်ကို အသာဟကာဖြင့် သူ့မိန်းမကို ကြိုဆိုလိုက်၏။ “ရှမ့်လန် စာကျက်နေတုန်းလား။ သူ့ကို စောစောစီးစီး နားခိုင်းလိုက်လေ။ မျက်လုံးတွေ ထိခိုက်ကုန်အုံးမယ်”
မြို့စားကတော်သည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “ကိုးနာရီ မထိုးခင်တည်းက အိပ်သွားတာတဲ့ တော်ရေ”
ကိုးနာရီမထိုးခင် အိပ်သွားခြင်း ဆိုသည်မှာ တကယ့်ကို လွန်လွန်းလှချေ၏။ မြို့စားကတော်သည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “တကယ့်ကို ငပျင်းကောင်လေးပဲ။ နှစ်လကြာရင်တောင်မှ သင်ရိုးညွှန်းတမ်း တစ်ခုလုံးကို ဖတ်ပြီးမှာ မဟုတ်ဘူး။ မနက်ဖြန်ကျရင် သူ့ကို ကောင်းကောင်း သင်ခန်းစာ ပေးရမယ်”
သို့ပေမဲ့ မြို့စားကတော်သည် စိတ်ထဲတွင်တော့ တွေးတောလျက် ရှိနေ၏။ ငါ ရှုံးလို့တော့ မဖြစ်ဘူး။ ယင်နဲ့ယန်ကို ကျိန်းသေပေါက် ပြောင်းပြန်လှန်ပစ်ရမယ်။
........
မနက်မိုးလင်းချိန်မှာတော့ ....
ရှမ့်လန်သည် မျက်လုံးကို ဖွင့်လိုက်၏။ သူ၏အရှေ့ဘက်တွင်တော့ သုန်မှုန်နေသည့် မျက်နှာဖြင့် မတ်တပ်ရပ်လျက် ရှိနေသည့် မြို့စားကြီးကို မြင်လိုက်ရသည်။
“ရှမ့်လန်.. မင်း ငါ့ကို သဘောမတွေ့ဘူးလား” မြို့စားကြီးက မေးမြန်းလိုက်၏။
ရှမ့်လန်သည် ရုတ်တရက် မတ်တပ်ထရပ်ကာဖြင့် မြို့စားကြီးကို ဦးညွတ်ကာ ပြောလိုက်သည်။ “မဟုတ်ပါဘူး။ ဒီသမက်တော်က အဖေ့ကို ယုံကြည်အားကိုးပါတယ်။”
မြို့စားကြီးက ပြောလိုက်၏။ “ငါမင်းကို ကျင်းမိသားစုရဲ့ သင်ရိုးညွှန်းတမ်းတွေ လေ့လာဖို့ ခိုင်းထားတယ်လေ။ ဒါပေမဲ့ မင်းက ဒါတွေကို လေ့လာကျက်မှတ်ခြင်း မရှိဘဲ စောစောစီးစီး အိပ်ပျော်သွားခဲ့တယ်။ ဒါ ငါ့ကို သဘောမတွေ့ဘူးဆိုတဲ့ သင်္ကေတပဲ မဟုတ်လား”
ရှမ့်လန်က ပြောလိုက်သည်။ “အဖေ... နားလည်မှု လွဲနေပါပြီ။ ဒါတွေအကုန်လုံးကို ကျုပ် ကျက်မှတ်ပြီးသွားပါပြီ”
မြို့စားကြီးသည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားသည်အထိ ဒေါသထွက်သွား၏။ “ပေါက်ကရတွေ။ မင်း ရူးသွားပြီလား။ ငါတောင်မှ ဒါကို လေ့လာသင့်ယူဖို့ တစ်လကျော် ကြာခဲ့တယ်။ မူလန်က ဉာဏ်ကောင်းတယ်။ သူတောင်မှ နှစ်ဆယ့်သုံးရက် ကြာခဲ့တယ်။ မင်းက ဘယ်လို မှတ်သားခဲ့တာလဲ။ တစ်ည ... တစ်ညပဲ ရှိသေးတယ်ကွ။ ဒါတွေအကုန်လုံးကို ကျက်မှတ်သွားပြီလို့ ပြောနေတယ်။ မင်း ငါ့ကို သုံးနှစ်သားကလေးများ ထင်နေတာလား”
ရှမ့်လန်က ပြောလိုက်သည်။ “ယောက္ခထီး.. ကျုပ်တကယ် ဒါတွေအကုန်လုံးကို ကျက်မှတ်ပြီးပြီ။ မယုံဘူးဆိုရင် စမ်းကြည့်နိုင်တယ်”
မြို့စားကြီးသည် စာလုံးရေငါးသောင်းပါသော စာအုပ်ကို လှမ်းယူပြီးသည့်နောက် သူ၏ခါးထက်တွင် ချိတ်ထားသည့် ကြာပွတ်ကို အသာစမ်းကြည့်လိုက်မိသည်။ ရှမ့်လန်သည် သူ၏ သမက်တော်ဖြစ်သည်။ ယောက္ခထီး တစ်ယောက်အနေနှင့် တစ်ဖက်လူကို ရိုက်နှက်၍ မဖြစ်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် သူ၏ သားအရင်း မဟုတ်သောကြောင့်ပင်။ သို့ပေမဲ့ ယောက္ခထီးရှေ့တွင် ပေါက်ပန်းလေးဆယ်များကို ပြောဆိုလျက် ရှိနေသည် ဆိုလျှင်တော့ စည်းမျဉ်းစည်းကမ်း ကျနရန်အတွက် ကြာပွတ်ကိုအသုံးပြုကာ သင်ပြပေးမှ ဖြစ်ပေတော့မည်။
ဇွဲနဘဲဖြင့် ကြိုးစားပြီးမှ မှတ်မိနိုင်စွမ်းမရှိဘူးဆိုလျှင် ကိစ္စမရှိပေ။ သို့ပေမဲ့ ဖတ်တောင်မဖတ်ဘဲ အရာအားလုံးကို သိရှိနားလည်သည်ဟု ပြောဆိုသည်မှာတော့ လွန်လွန်းလှချေသည်။ လိမ်ညာခြင်းသည် ကြီးမားသည့် ပြဿနာကြီး တစ်ခုပင်။
“ရှမ့်လန်... မင်းက ငါတို့မိသားစုထဲကို ရောက်လာခဲ့ပြီ။ မင်းက ငါ့ရဲ့ သားတစ်ပိုင်းပဲ။ ငါ့ရဲ့ သားအရင်းကိုတောင်မှ ငါ စည်းမျဉ်းတကျနဲ့ အုပ်ချုပ်တတ်တယ်ဆိုတော့ မင်းလည်း ခြွင်းချက် မရှိဘူး”
မြို့စားကြီးသည် အေးစက်စက် ပြောလိုက်၏။ “ငါ အခန်းအနည်းငယ်စပြီး စစ်မေးကြည့်မယ်။ မင်းတကယ်တမ်း ဒါတွေကို အလွတ်မရဘူးဆိုရင် မိသားစုရဲ့ စည်းမျဉ်းစည်းကမ်းတွေကို အသုံးပြုပြီး မင်းကိုသင်ပြပေးတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့တော့”
ထိုအချိန်မှာတော့ မြို့စားကတော်သည် အလျင်အမြန်ဖြင့် ဝင်ရောက်လာကာ ပြောလိုက်သည်။ “ယောက်ျား... သူ မရွတ်နိုင်ရင်လည်း ထားလိုက်ပါတော့။ ရှမ့်လန်ရဲ့ အသားအရေကို ကြည့်လိုက်အုံး။ ဖြူဖွေးပြီးတော့ ပျော့ဖတ် နေတာလေ။ သူက ငယ်ရွယ်စဉ်ကတည်းက ခဏခဏ အရိုက်ခံနေရတဲ့ မူကုန်းလိုမှ မဟုတ်တာ။ သူ့ရဲ့ အသားအရေက တစ်ချက်ထိလိုက်တာနဲ့ ကြွေကျသွားမဲ့ပုံပဲ။ သူသာ တစ်ခုခုဖြစ်သွားမယ်ဆိုရင် သူ့မိဘတွေကို ဘယ်လိုရှင်းပြကြမလဲ”
“စာတွေ မရွတ်ပြနိုင်တဲ့အတွက် အပြစ်ပေးခံရတာမျိုး မဟုတ်ဘူး။ ဒါပေမဲ့ လူကြီးသူမတွေရဲ့ အရှေ့မှာ ပေါက်ပန်းလေးဆယ်တွေ လျှောက်ပြီး ပြောနေတဲ့အတွက် အရိုက်ခံရတာပဲ”
မြို့စားကြီးက ပြောလိုက်၏။ “ခမည်းခမက်တွေကလည်း ဒါတွေကို နားလည်မှာပါ။ သူတို့ နားလည်မယ်လို့ ကျုပ် ယုံကြည်တယ်”
မြို့စားကြီးသည် သူ၏ခါးတွင် ရှိနေသည့် ကြာပွတ်ကို အသာဆွဲယူလိုက်၏။ ရှမ့်လန်သာ မရွတ်ပါက မိသားစု၏ စည်းမျဉ်းအတိုင်း ရိုက်နှက်ရပေလိမ့်မည်။
မြို့စားကတော်က ပြောလိုက်သည်။ “လန်အာ... မြန်မြန် မင်းရဲ့ အဖေကို တောင်းပန်လိုက်”
“ရှမ့်လန်”
“အမေ စိတ်အေးအေးထားပါ။ ဒီသမက်တော်က စိတ်မပျက်စေရပါဘူး”
“မင်းကြည့်၊ မင်းကြည့် ပေါက်ပန်းလေးဆယ်တွေ အခုထိ ပြောနေတုန်းပဲ”
မြို့စားကြီးသည် စာအုပ်ကို အသာလှန်ကာဖြင့် ပြောဆိုလိုက်၏။ “ကျင်းမိသားစုရဲ့ သင်ရိုးညွှန်းတမ်း အပိုင်းငါးမှာ ပါဝင်တဲ့ အကြောင်းအရာတွေက ဘာလဲ။ ငါ့ကို ပြောပြစမ်း။ မင်း မပြောပြနိုင်ဘူးဆိုရင် ဒီနေ့ နာပြီသာမှတ်လိုက်”
မြို့စားကြီး၏ လက်ထဲတွင် ရှိနေသည့် ကြာပွတ်သည် လှုပ်ရှားရန်အတွက် အဆင်သင့် ဖြစ်လို့နေသည်။
ဤအချိန်မှာပဲ မူလန်သည် အလျင်အမြန် ဝင်ရောက်လာခဲ့၏။ “အဖေ.. စိတ်မဆိုးပါနဲ့။ ရှမ့်လန်က ဒီသမီးရဲ့ ယောက်ျားလေ။ သူမှားယွင်းတာတွေ တစ်ခုခု ပြုလုပ်ခဲ့မယ်ဆိုရင် သူ့အစား ဒီသမီးက တောင်းပန်ပါတယ်”
ရှမ့်လန်သည် စာလုံးများကို တစ်ခုစီ ရွတ်ဖတ်ပြလိုက်၏။ “ကျင်းအိမ်တော် မျိုးရိုးစဉ်ဆက် ဆုံးမစာ၊ အပိုင်းငါး၊ စာရိတ္တပိုင်း၊ 《ကျင့်ဝတ်သိက္ခာကျမ်း》 တွင် ဆိုထားသည်မှာ- မိမိ၏ စိတ်နှလုံးကို စင်ကြယ်စွာ ထိန်းသိမ်းရမည်။ ခံစားချက်တို့သည် ရှိနေသောကြောင့် စိတ်နှလုံးမှာ ဝမ်းနည်းခြင်း ဖြစ်ရ၏။ သာမန် အေးချမ်းသော အခြေအနေ၌ပင် မိမိ၏ စိတ်ခံစားချက်များကို သတိတရားဖြင့် ဆင်ခြင်သုံးသပ်ရမည်။ ရှောင်လွှဲ၍ မဖြစ်နိုင်သော အခြေအနေနှင့် ကြုံလျှင်လည်း သည်းခံရမည်သာ ဖြစ်သည်။ …..”
ရှမ့်လန်သည် မိသားစုသင်ရိုးညွှန်းတမ်း အပိုင်းငါးတွင် ရှိနေသည့် စာလုံးများကို တစ်ခုချင်းစီ ရွတ်ဖတ်လျက် ရှိနေ၏။ ထိုစာလုံးများသည် အနည်းဆုံး နှစ်ထောင်ကျော်နီးပါးခန့်ရှိ၏။ စာလုံးတစ်ခု တစ်လေမှပင် မှားယွင်းခဲ့ခြင်း မရှိချေ။ ထို့အပြင် သူ၏စကားလုံးများသည် ကြည်လင်ပြီး ဌာန်ကရိုဏ်း ကျနလွန်း၏။
“........”
မြို့စားကြီး၊ မြို့စားကတော်နှင့် မူလန်တို့က တုန်လှုပ်သွားခဲ့ကြ၏။ သူတို့သည် သူတို့၏ နားကိုပင် မယုံကြည်နိုင်သလို ဖြစ်နေကြ၏။ မည်သို့ဖြစ်နိုင်မည်နည်း။ မြို့စားကြီးက မယုံကြည်သေးချေ။ ရှမ့်လန် တစ်ယောက် ကံကောင်းသွားခဲ့သည်ဟုသာ ထင်မှတ်ခဲ့၏။ ရှမ့်လန် ကျက်မှတ်ထားသည့် အပိုင်းကို သူ မေးမြန်းမိခြင်းသာ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် တခြားစာရွက်တစ်ခုကို လှန်ကာဖြင့် မေးလိုက်သည် “ကျင်းမိသားစု သင်ရိုးညွှန်းတမ်းရဲ့ အပိုင်း ဆယ့်ခြောက်မှာ ရှိတဲ့ဟာကို ရွတ်ပြ”
ရှမ့်လန်သည် တစ်ချက်ကလေးမှ မရပ်တန့်ခဲ့ချေ။ မြန်မြန်ဆန်ဆန် ဆိုသလိုပဲ ပြန်လည်ကာ ရွတ်ပြလိုက်၏။
“အတွင်းအဆုံးအမနှင့် အပြင်အဆုံးအမဟူ၍ နှစ်မျိုးရှိရာ၊ ဤသည်တို့မှာ အနှစ်သာရအားဖြင့် တစ်ခုတည်းသာ ဖြစ်၏။ သို့သော် လိုက်နာပုံနှင့် နက်နဲမှု အတိုင်းအတာမှာမူ တဖြည်းဖြည်း ကွဲပြားသွားကြသည်။ အဆုံးအမတွင် အဓိက တားမြစ်ချက် ငါးပါး (ပဉ္စသီလ) ကို ထားရှိပြီး၊ အပြင်လောက၏ စံနှုန်းများဖြစ်သော သဘောထား ကြီးမြတ်ခြင်း၊ မျှတမှန်ကန်ခြင်း၊ ကျင့်ဝတ်သိက္ခာ၊ ပညာဉာဏ်နှင့် သစ္စာစောင့်သိခြင်းတို့သည်လည်း ထိုတားမြစ်ချက်များပင်။
သဘောထားကြီးမြတ်ခြင်းသည်၊ သက်ရှိတို့အား မသတ်ဖြတ်ခြင်း တားမြစ်ချက်ပင်တည်း။ မျှတမှန်ကန်ခြင်းသည်၊ မတရားသဖြင့် မယူငင်ခြင်း တားမြစ်ချက်ပင်တည်း။ ကျင့်ဝတ်သိက္ခာသည်၊ ကာမဂုဏ်၌ မှားယွင်းစွာ မကျင့်ကြံခြင်း တားမြစ်ချက်ပင်တည်း။ ပညာဉာဏ်သည်၊ ယစ်မျိုးသေစာ မသောက်စားခြင်း တားမြစ်ချက်ပင်တည်း။ သစ္စာစောင့်သိခြင်းသည်၊ မဟုတ်မမှန် ပြောဆိုခြင်းကို တားမြစ်ခြင်းပင်တည်း......”
သုံးမိနစ်အတွင်းမှာပဲ ရှမ့်လန်သည် အရာအားလုံးကို ရွတ်ဖတ်ပြီး ဖြစ်လေ၏။ တစ်လုံးတစ်လေမှပင် မမှားယွင်းခဲ့ချေ။
မြို့စားကြီးသည် မယုံကြည်နိုင်ချေ။ သူသည် နောက်ထပ် အပိုင်းအနည်းငယ်တို့ကို ထပ်မံကာ မေးမြန်းပြန်၏။ ရှမ့်လန်သည် မြန်မြန်ဆန်ဆန်နှင့် လွယ်လွယ်ကူကူ ဆိုသလိုပဲ ရွတ်ဖတ်ပြခဲ့၏။
နောက်ပိုင်းမှာတော့ မြို့စားကြီးသည် အကုန်လုံးကို မမေးတော့ချေ။ မေးချင်သည့် အကြောင်းအရာများကို ဖြတ်တောက်ကာဖြင့် တစ်ပိုင်းတစ်စ မေးမြန်းပြန်၏။ သို့ပေမဲ့ ရှမ့်လန်သည် အားလုံးကို ဖြေဆိုနိုင်ခဲ့သည်ပင်။
ဤကဲ့သို့ မေးမြန်းခြင်းသည် ကြောက်မက်ဖွယ်ရာကောင်းသည့် အရာမျိုးဖြစ်၏။ ကျင်းမိသားစုထဲတွင် ရှိနေသည့် တခြားသောသူများသည် ထိုကဲ့သို့ မေးမြန်းခြင်းကြောင့် မိမိကိုယ်ကိုယ် သတ်သေချင်စိတ်များပင် ပေါက်ခဲ့ကြ၏။ သို့ပေမဲ့ ရှမ့်လန်မှာတော့ တစ်ချက်ကလေးမှ မတွန့်ဆုတ်ခဲ့ချေ။
မြို့စားကြီး မေးမြန်းသည့် မေးခွန်း ထွက်ပေါ်လာသည်နှင့်တပြိုင်နက် တစ်ချက်ကလေးမှ စဉ်းစားခြင်း မရှိဘဲ တိုက်ရိုက် ဖြေဆိုခဲ့၏။ ကြည့်ရသည်မှာ ဤစာအုပ်တစ်အုပ်လုံးသည် သူရေးသားခဲ့သည့် အတိုင်းပင်။ သူ့အနေနှင့် ထိုအရာအားလုံးကို ရွတ်ဖတ်နေသည်သာမက သူ၏ အတွေးအမြင်နှင့် ခံစားဖြစ်တည်နေသည့် အဓိပ္ပာယ်များကို ဆက်လက်ကာ ပြောဆိုလျက် ရှိနေသေး၏။ အမှားအယွင်း တစ်ခုမှ မပါဝင်ခဲ့ချေ။ အရာအားလုံး မှန်ကန်နေခဲ့၏။
မြို့စားအိမ်တော်မှ မြို့စားကြီးတို့မိသားစုသည် ပါးစပ်များ ပြန်မပိတ်နိုင်သည်အထိ ဆွံအလျက် ရှိနေကြ၏။ အဓိပ္ပာယ် မရှိချေ။ မြို့စားကြီးသည် မြို့စားအိမ်တော်၏ ဆက်ခံသူ ဖြစ်ခဲ့စဉ်က သိုင်းပညာနှင့်အတူ နေ့စဉ်နေ့တိုင်း စာအုပ်များကို လေ့လာဖတ်ရှုခဲ့ရ၏။ အနည်းဆုံးသူသည် ဤမိသားစု သင်ရိုးညွှန်းတမ်းကို တစ်နေ့လျှင် လေးနာရီမှ ငါးနာရီကြာ ကျက်မှတ်ခဲ့ရ၏။ ထိုသို့ ကျက်မှတ်ခဲ့သည်ဆိုလျှင်တောင်မှ ထိုအရာအားလုံးကို အလွတ်ရသည်အထိ တစ်လကျော် ကြာမြင့်ခဲ့သည်။
ပိုမိုကာ ဉာဏ်ကောင်းလှပါသည်ဆိုသော မူလန်ပင်လျှင် နှစ်ဆယ့်သုံးရက်တိတိ ကြာမြင့်ခဲ့၏။ စုစုပေါင်း စာလုံးရေ ငါးသောင်းကျော်၊ ရှမ့်လန်သည် ထိုအရာအားလုံးကို မှတ်သားရန်အတွက် တစ်ညတာလျှင် အသုံးပြုခဲ့၏။ တုန်လှုပ်စရာပင်။
မူလန်၏ လှပသည့် မျက်လုံးဝိုင်းကြီးများသည် ပြူးကျယ်လျက်ရှိ၏။ သူမသည် ရှမ့်လန်၏ မျက်နှာကို သေသေချာချာ ကြည့်ရှုနေမိ၏။ တကယ် တကယ်... ငါ့ယောက်ျား ဟုတ်ရဲ့လား။ ဒါ ဒဏ္ဍာရီလာ ထုံထိုင်းတဲ့ လူတစ်ယောက်လား။
မြို့စားကတော်သည်လည်း အတွေ့အကြုံ ရင့်ကျက်သည့် လူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် မြန်မြန်ဆန်ဆန် ဆိုသလိုပဲ သတိဝင်လာခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဤအရာသည် သူ့အတွက် အကောင်းမွန်ဆုံး အရာ ဖြစ်သောကြောင့်ပင်။
“လန်အာက တကယ့်ကို အံ့အားသင့်စရာပဲ။ အံ့အားသင့်စရာကောင်းတဲ့ အလုပ်ကို လုပ်ခဲ့တယ်”
မြို့စားကတော်ကြီးသည် ရှမ့်လန်အား သားအရင်းတစ်ယောက်အပေါ် ချစ်မြတ်နိုးသည့်အကြည့်ဖြင့် လှမ်းကာ ကြည့်ရှုလိုက်၏။ ပြီးနောက် သူသည် မြို့စားကြီးဘက်သို့ လှည့်ကာဖြင့် သတိပေးလိုက်သည် “ယောက်ျား ကျွန်မနိုင်ပြီ။ နှစ်ဆယ့်ကိုးခါပဲ”
“ဘာကို နှစ်ဆယ့်ကိုးခါလဲ”
ရှမ့်လန်နှင့် မူလန်တို့သည် ဇဝေဇဝါ ဖြစ်သွားမိ၏။ သူ၏ ယောက္ခထီးနှင့် ယောက္ခမ ကြားထဲတွင် ထုတ်ဖော်ပြောဆို၍ မရနိုင်သည့် သဘောတူညီမှုမျိုး တည်ရှိနေလေသည်လား။
မြို့စားကြီး၏ မျက်နှာသည် အနည်းငယ် နီမြန်းလျက် ရှိနေ၏။ သူသည် လက်ကို ယမ်းခါကာ ပြောလိုက်၏။ “ကောင်းပြီ။ မူလန်ကို ခေါ်သွားတော့။ ငါ ရှမ့်လန်နဲ့ ပြောစရာရှိတယ်”
သူ၏ မိန်းမသည် အနည်းငယ် ဒေါသထွက်သွားသည့်ပုံပင်။ အပြင်ဘက်ဆီသို့ ဆောင့်အောင်ကာ ထွက်လျှောက်သွား၏။ စိတ်ဆိုးသလို အမူအရာမျိုးနှင့် ထွက်ခွာသွားခဲ့သည့် သူ၏မိန်းမကို ကြည့်ရှုပြီးနောက် မြို့စားကြီးသည် လှမ်းကာ မေးမြန်းလိုက်သည်။ “ဘယ်ကို သွားမလို့လဲ”
“ကျွန်မသားကို သွားရိုက်မလို့လေ။ ဒီကောင်က ဝက်လိုပဲ ညံ့ဖျင်းတယ်”
ထိုစကားကို ကျင်းမူကုန်းသာ ကြားသည်ဆိုပါက ကျိန်းသေပေါက် ခန္ဓာကိုယ်တစ်ခုလုံး ကျုံ့ဝင်သွားသည်အထိ ကြောက်လန့်မိမှာ သေချာ၏။ ယနေ့ သူသည် ဘာတစ်ခုမှ မှားယွင်းသည့် အရာမျိုးကို မပြုလုပ်ခဲ့ချေ။ သို့ပေမဲ့ အဘယ်ကြောင့် ကပ်ဘေးကြီးကို မရှောင်ရှားနိုင်ရသနည်း။
..........
ရှမ့်လန်အနေနှင့် ယခင်တုန်းကတည်းက ကျင်းမိသားစု၏ သင်ရိုးညွှန်းတမ်းများကို လေ့လာသင်ယူခဲ့ပြီးသား ဖြစ်မည်ဟု မြို့စားကြီးက ထင်မှတ်ခဲ့၏။ သို့ပေမည့် ချက်ချင်းပဲ သူသည် ထိုအတွေးကို ဖယ်ရှားလိုက်မိ၏။ ကျင်းမိသားစု၏ ကလေးများသာလျှင် ကျင်းမိသားစု၏ သင်ရိုးညွှန်းတမ်းကို လေ့လာသင်ယူခွင့်ရှိ၏။ အပြင်လောကဆီသို့ သူတို့၏ သင်ရိုးညွှန်းတမ်းသည် ရောက်ရှိခဲ့ခြင်း မရှိခဲ့ချေ။ ထို့အပြင် ဤအရာသည် သိုင်းကျင့်ကြံခြင်း နည်းစနစ်တစ်ခု မဟုတ်ပေ။ ကျင်းမိသားစုများမှလွဲ၍ မည်သူမှသည် ထိုအရာကို ရတနာအဖြစ် သတ်မှတ်လိမ့်မည် မဟုတ်ချေ။
“လန်အာ.. မင်း ဘယ်လိုလုပ်ခဲ့တာလဲ” မြို့စားကြီးက မေးမြန်းလိုက်၏။
ရှမ့်လန် “ဒီနွေရဲ့ အဆုံးသတ် နေ့တစ်နေ့ ..... အပြင်ဘက်မှာ ရာသီဥတုကလည်း အနည်းငယ် ပူနေတယ်။ ဒါကြောင့်...”
မြို့စားကြီး “လူစကား ပြောစမ်းကွာ”
ရှမ့်လန် “လွန်ခဲ့တဲ့ လေးရက်တုန်းက ရှစ်မိသားစုထဲမှာ ကျုပ်က ပြင်းပြင်းထန်ထန် နေမကောင်းဖြစ်ခဲ့တယ်။ သေဆုံးလုနီးပါးပဲ။ ပြောရမယ်ဆိုရင် သေတောင်သေခဲ့ပြီလို့ သတ်မှတ်ရမယ်။ ဒါပေမဲ့ နေပြန်ကောင်းလာတဲ့ အချိန်မှာ ခန္ဓာကိုယ်မှာ ရှိနေတဲ့ အားအင်တွေကော၊ ဦးနှောက်ကကော ပိုပြီးတောက်ပပြီး ဉာဏ်ကောင်းလာတယ်။ မှတ်ဉာဏ်ကလည်း အရမ်းကောင်းတယ်”
“မင်းက သေဆုံးလုနီးပါး ဖြစ်ခဲ့တာလား” မြို့စားကြီးက မေးမြန်းလိုက်၏။
ရှမ့်လန်က ပြောလိုက်သည်။ “အဲလို ပြောလို့ရတယ်”
မြို့စားကြီးသည် ခဏလောက် စဉ်းစားကာဖြင့် ပြောလိုက်၏။ “ဒါ ဉာဏ်အလင်းရတယ်ဆိုတဲ့ အရာမျိုးနဲ့တူတယ်။ ရှားရှားပါးပါး အရာမျိုးပဲ။ ဒါပေမဲ့ မဖြစ်နိုင်တာမျိုးလည်း မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာ့ရှစ်ဆယ်တုန်းက ကျင်းမိသားစုရဲ့ ဘိုးဘေးကြီးက သေဆုံးလုနီးပါး အခြေအနေကနေ အသက်ပြန်ဝင်လာသလို ဖြစ်ခဲ့တယ်။ သူက အရင်တုန်းက အမှိုက်တစ်စလိုပဲ။ ဒါပေမဲ့ ချက်ချင်း ထိပ်တန်း သိုင်းပညာရှင်တစ်ယောက် ဖြစ်လာခဲ့တယ်။ မိသားစုအတွက် ကောင်းကျိုးတွေ အများကြီးကို ပြုလုပ်ခဲ့တာပေါ့။
အရှင်မင်းမြတ်ကတောင် သူ့ကို ရာထူးတွေပေးခဲ့တယ်။ ဒါပေမဲ့ သူက ငြင်းပယ်ခဲ့တယ်။ အဲ့အစား သူက ကိုယ်ပိုင်မြေတည်နေရာတွေကို တောင်းခံခဲ့တယ်။ ကျင်းမိသားစုက အဲအချိန်တုန်းက သူ့ရဲ့လက်ထဲမှာ ထိပ်ဆုံး အခြေအနေထိ ရောက်ရှိခဲ့တာပေါ့။ စတုရန်းမီတာ ငါးသောင်းနီးပါးရှိတဲ့ မြေဧကတွေကို ပိုင်ဆိုင်ခဲ့တယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ သုံးပုံတစ်ပုံတောင် မကျန်ခဲ့တော့ဘူး”
ပြီးသည့်နောက် မြို့စားကြီးသည် လေးလေးနက်နက် လေသံဖြင့် ပြောဆိုလိုက်သည်။ “ဒါ မင်းအတွက်တော့ ကောင်းချီးတစ်ခုပဲ။ မင်းအနေနဲ့ ဘယ်လို လေးလေးစားစားနဲ့ ပြုမူနေထိုင်ရမလဲဆိုတာ သိသင့်ပြီလေ။ နားလည်လား”
“ကောင်းပါပြီ”
ရှမ့်လန်က ပြောလိုက်၏။ “ဒါ ကျုပ်အတွက် ကောင်းချီးပါပဲ”
မြို့စားကြီးက ပြောလိုက်သည်။ “မင်းက ဆယ်နှစ်တိတိ လေ့လာသင်ယူခဲ့တယ်ဆိုပေမဲ့ ရွာမှာရှိတဲ့ ကျောင်းလေး တစ်ခုကတောင် ဘွဲ့ရခဲ့ခြင်း မရှိဘူး။ အခု မင်းရဲ့ဉာဏ်ပညာက ပိုပြီးကောင်းလာခဲ့ပြီဆိုတော့ လေ့လာမှုကို ဆက်ပြီးပြုလုပ်ဖို့ လိုအပ်တယ်”
“ကောင်းပါပြီ” ရှမ့်လန်က ပြောလိုက်၏။
လေ့လာရမည်လား။ ယခင်ဘဝတုန်းက ရှမ့်လန်သည် ဆယ်နှစ်ကျော်ကြာ လေ့လာသင်ယူခဲ့၏။ ထို့ကြောင့် လေ့လာသင်ယူခြင်းနှင့်ပတ်သက်၍ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပြီဖြစ်၏။ သို့သော်ငြား သူ၏ယောက္ခထီး ဘာကိုပြောပြော သူ့အနေနှင့် ကျိန်းသေပေါက် သဘောတူညီရမည် ဖြစ်ပေသည်။
ရှမ့်လန် “အဖေ... ကျင်းမိသားစုရဲ့ သင်ရိုးညွှန်းတမ်းကို လေ့လာနိုင်ပြီဆိုရင် အပြင်ကို ထွက်ခွင့်ရနိုင်တယ်လို့ ကတိပေးထားတယ် မဟုတ်လား။ အခု ....”
သူဘာဆက်ပြောလာမည်ကို စောင့်မျှော်နေခြင်းဖြစ်၏။ မြို့စားကြီးသည် အသက်ကို ပြင်းပြင်းရှူလိုက်၏။ နောက်ဆုံးမှာတော့ သူ၏ သမက်တော်သည် လွယ်လွယ်ကူကူ ထိန်းချုပ်၍ ရနိုင်သည့်လူမျိုး မဟုတ်ကြောင်း နားလည်လိုက်မိ၏။
သူသည် ပထမ ငြင်းပယ်ချင်မိ၏။ သို့ပေမဲ့ ကိုယ့်စကားကိုယ် တည်ရပေမည်။ ရှမ့်လန်အား ကတိပေးထားသည့် အတိုင်း နေအိမ်အကျယ်ချုပ်မှ မဖယ်ပေးပါက သူသည် ကတိပျက်သည့်လူတစ်ယောက် ဖြစ်ပေလိမ့်မည်။
“ကောင်းပြီ။ မင်းရဲ့ နေအိမ်အကျယ်ချုပ်က ဖယ်ရှားသွားခဲ့ပြီ”
မြို့စားကြီးက ပြောလိုက်သည်။ သို့ပေမဲ့ သူသည် ထိုအရာကို နှစ်လိုခြင်းတော့ မရှိလှချေ။ သမိုင်းမှတ်တမ်းထဲတွင် အတိုဆုံးသော နေအိမ်အကျယ်ချုပ် ဖြစ်သောကြောင့်ပင်။ တစ်ညအတွင်းမှာပဲ အရာအားလုံးက ပြောင်းပြန် ဖြစ်သွားခဲ့၏။ ထို့အပြင် ရှမ့်လန်သည် စာကြည့်ခန်းထဲတွင် အိပ်ပင် အိပ်ခဲ့သေး၏။
မြို့စားကြီးက ပြောလိုက်၏။ “မင်း ထျန်းဟန်ကို သွားပြီး ဒုက္ခပေးဖို့ စီစဉ်နေတာလား”