အပိုင်း (၃၅)
Vol. 3 Ch. 35
မြို့စားကြီး၏ မျက်လုံးများသည် ကြင်နာနူးညံ့လာခဲ့၏။ “လန်အာ.. မင်း လုပ်လို့မဖြစ်ဘူး။ အခြေအနေက ပြောင်းလဲသွားခဲ့ပြီ။ စည်းမျဉ်းဥပဒေ အသစ်တွေက ပေါ်ပေါက်လာခဲ့တော့ ငါတို့ တော်ဝင်မျိုးနွယ်ဟောင်းကြီး တွေက သတိအပြည့်နဲ့ နေရတဲ့ အခြေအနေကို ရောက်နေတယ်။ အမှားအယွင်း တစ်ခုခု ဖြစ်မှာ စိုးရိမ်နေရတဲ့ အခြေအနေမျိုးပေါ့။ လွန်ခဲ့တဲ့ သုံးနှစ်က တော်ဝင်မျိုးနွယ်ဟောင်းကြီး သုံးယောက်က သူတို့ရဲ့ မြေနေရာတွေကို တော်တော်များများ ဆုံးရှုံးခဲ့ကြတယ်။ တစ်ယောက်ဆိုရင် သေပါ သေသွားခဲ့ကြတယ်”
မြို့စားကြီး၏ မျက်နှာသည် နာကျည်းမှုများနှင့် ပြည့်နှက်လျက်ရှိ၏။ သူသည် သူ၏ဘိုးဘေးကြီး၏ အခြေခံ အမွေအနှစ်များ အားလုံးကို ကာကွယ်ချင်စိတ်ရှိ၏။ ထိုအရာနှင့်ပတ်သက်၍ ဘာမှားယွင်းနေသနည်း။
သူက ဆက်လက်ကာ ပြောဆိုလိုက်သည်။ “အတိတ်တုန်းကသာဆိုရင် ထျန်းဟန်လိုလူမျိုးကို ကျိန်းသေပေါက် ဂရုစိုက်နေမှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုအချိန်မှာတော့ ငါ သူ့ကို ဘာမှ လုပ်လို့မရဘူး။ အခု သူက အင်ပါယာရဲ့ တရားဝင် အမှုထမ်းတစ်ယောက်လို ဖြစ်နေတာလေ။ ပြီးတော့ အရှင်မင်းကြီးက တော်ဝင်မျိုးနွယ်တွေအနေနဲ့ ဒေသခံ အမှုထမ်းများရဲ့ ကိစ္စရပ်တွေကို မပါဝင် ၊ မပတ်သက်ဖို့လည်း တားမြစ်ထားခဲ့တယ်။ စည်းမျဉ်းဥပေဒေကို ချိုးဖောက်တယ်ဆိုရင် မခန့်မှန်းနိုင်တဲ့ အကျိုးဆက်ကို ရလိမ့်မယ်”
လက်ရှိအခြေအနေမှာတော့ ရှမ့်လန်သည် မြို့စားကြီး၏ နှလုံးသားထဲတွင် ရှိနေသည့် အကူအညီမဲ့မှုများကို သေသေချာချာ နားလည်မိ၏။ စည်းမျဉ်းဥပဒေအသစ်သည် ရွှဲ့ပြည်နယ်အတွက် ကောင်းခြင်းလား၊ ဆိုးခြင်းလား သေသေချာချာ မသိရှိချေ။ သို့ပေမဲ့ ရှမ့်လန်အတွက်တော့ စိတ်ဝင်စားစရာ ဖြစ်လာခဲ့၏။
မြို့စားကြီးသည် လေးနက်သည့် လေသံဖြင့် ပြောဆိုလိုက်သည်။ “လန်အာ.. ငါမင်းကို ကတိပေးပါတယ်။ နှစ်ဝက်အတွင်း အများဆုံးပဲ။ ငါ ကျိန်းသေပေါက် မင်းအတွက် တရားမျှတမှုရအောင် ဆောင်ကျဉ်းပေးမယ်”
မြို့စားကြီး၏လက်ထဲတွင် အခွင့်အာဏာများ တည်ရှိနေသေး၏။ ထို့ကြောင့် ထျန်းဟန်ကို သတ်ဖြတ်ဖို့ ဆိုသည်မှာ မခက်ခဲလှချေ။ ခက်ခဲသည်မှာ နိုင်ငံ၏ စည်းမျဉ်းဥပဒေများကို ကျော်ဖြတ်ကာဖြင့် မည်ကဲ့သို့ ပြုမူဆောင်ရွက်ရမည် ဆိုခြင်းပင်။
ရှမ့်လန်၏ အမူအရာသည် လေးနက်သွားခဲ့၏။ “အဖေ.. ထျန်းဟန်၊ ရှစ်မိသားစုနဲ့ လင်းမိသားစုက ကျုပ်နဲ့ ရန်ငြိုးတွေ ရှိခဲ့တယ်။ ကိုယ့်ဘာသာ လက်စားချေမှုကို ပြုလုပ်ရမယ်။ မဟုတ်ရင် လက်ကျန်ဘဝ တစ်ခုလုံးမှာ ခေါင်းမော့၊ ရင်ကော့ နေနိုင်မှာ မဟုတ်ဘူး။ မြို့စားအိမ်တော်ဆီ ရောက်ရှိလာခဲ့တဲ့နောက်မှာ ဒီမိသားစု သုံးခုက ကျုပ်ရဲ့ခေါင်းပေါ်က ဆံခြည်တစ်မျှင်ကိုတောင် ထိခိုက်ရဲမှာ မဟုတ်ဘူး။ ဒါကတင် အကျိုးကျေးဇူး ကြီးကြီးမားမား ဖြစ်နေပြီ။ ကျန်တဲ့ အပူတွေမပေးချင်ပါဘူး”
ရှမ့်ဟန်သည် ခဏလောက် ရပ်တန့်လိုက်၏။ ပြီးနောက် ဆက်လက်ကာ ပြောဆိုလိုက်၏။ “မြို့စားကြီး အိမ်တော်အတွက် ကောင်းကျိုးတွေ ဘာတစ်ခုမှ မလုပ်ရသေးဘူး။ ဒီတော့ မြို့စားကြီးအိမ်တော်ရဲ့ အရင်းအမြစ်တွေ ယူပြီးသုံးဖို့ဆိုတာ အဓိပ္ပာယ်ရှိတဲ့ ကိစ္စရပ်မျိုး မဟုတ်ဘူး။ အဓိကအားဖြင့် နိုင်ငံရေး အရင်းအမြစ်တွေပေါ့။ အခွင့်အာဏာဆိုတာက သုံးချင်တိုင်း လျှောက်သုံးလို့ မရဘူးလေ။ အဖေ့ကို အားကိုးပြီး လက်စားချေခိုင်းမယ်ဆိုရင် ဘာထူးမှာလဲ။ ကျုပ်က ဘာအသုံးကျတဲ့လူ ဖြစ်မှာလဲ။ မိန်းမ ထဘီနား ခိုစားပြီးတော့ ယောက္ခမတွေနားမှာ ကပ်ငိုယိုနေတဲ့လူမျိုးပဲ ဖြစ်နေတော့မှာပေါ့”
ထိုစကားကို ကြားသည့်အချိန်မှာတော့ မြို့စားကြီးက သဘောတူလိုက်မိ၏။ ရှမ့်ဟန်သည် ပထမဦးဆုံး အကြိမ်အဖြစ် ၎င်း၏ နှလုံးသားထဲတွင် ရှိနေသည့် အကြောင်းအရာများကို ပွင့်ပွင့်လင်းလင်း ပြောဆိုလျက် ရှိနေသည်ဟု သူက ခံစားမိသည်။
“အင်း.. မင်းရဲ့အတွေးတွေကို ငါလေးစားပါတယ်”
မြို့စားကြီးက ပြောလိုက်၏။ “ဒါပေမဲ့ မင်း သူတို့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ ကောင်လေး... ရွှမ်ဝူမြို့က ငါတို့ ပိုက်နက်ထဲမှာ မပါတော့ဘူး။ ဒါက အင်ပါရီယာ မင်းမှုထမ်းတွေရဲ့ ပိုင်ဆိုင်မှုထဲကို ရောက်နေပြီ။ လျှိုဝူယမ်နဲ့ ကျန်းကျင်းတို့က ပိုင်ဆိုင်တယ်လို့ ပြောရမယ်။ သူတို့ နှစ်ယောက်လုံးက ထျန်းဟန်ရဲ့ နောက်ခံတွေပဲ။ မင်း သူတို့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး”
ရှမ့်လန်က ပြောလိုက်သည်။ “ဘယ်သူက ကျုပ်ကို သတ်ရဲလဲ ပြန်စဉ်းစားကြည့်ရမယ်”
“ဘယ်သူက မင်းကို သတ်ရဲမှာလဲ”
မြို့စားကြီးက ပြောလိုက်၏။ “ငါတို့ ဘာပြဿနာမှာ ရှာလို့မရဘူး။ ဒါပေမဲ့ ငါတို့ဆီမှာ စစ်သည်နှစ်ထောင်၊ သုံးထောင်လောက် ရှိတယ်။ တစ်စုံတစ်ယောက်က မြို့စားအိမ်တော်မှာရှိတဲ့ လူကို ထိခိုက်ဒဏ်ရာရအောင် ပြုလုပ်ရဲမယ်ဆိုရင် ကျိန်းသေပေါက် မိသားစုရဲ့ စစ်တပ်က သူတို့အားလုံးကို သွားရောက် သတ်ဖြတ်နိုင်တယ်”
ရှမ့်လန်သည် ဦးကိုညွတ်ကာဖြင့် ပြောလိုက်သည်။ “အဖေ.. ထျန်းဟန်တစ်ယောက် သူ့ရဲ့လက်နဲ့ နံပါတ်ဆယ့်သုံး ခြေထောက်ကို ရိုက်ချိုးပစ်စေရမယ်လို့ ကျုပ်ကတိပေးခဲ့တယ်။ ကျမ်းသစ္စာ ကျိန်ဆိုမှုလည်း လုပ်ခဲ့တယ်။ ဒီတော့ ဘာသဲလွန်စမှ မကျန်အောင် အရာအားလုံးကို ပြုလုပ်ခဲ့ပါ့မယ်။ ဒီတော့ ကျေးဇူးပြုပြီး ယုံကြည်ပေးပါ”
မြို့စားကြီးက ပြောလိုက်၏။ “မင်းရဲ့အစီအစဉ်ကဘာလဲ”
“ပြောလို့မရပါဘူး”
ရှမ့်လန်က ပြောလိုက်သည်။ “အရာအားလုံးကို အောင်အောင်မြင်မြင်နဲ့ လုပ်ပါ့မယ်”
အချက်အလက်အားဖြင့် ရှမ့်လန်သည် သူ၏ အစီအစည်ကို ပြောပြ၍မရချေ။ သူ၏အဖေ သည် သူ့ကို ရိုက်နှက်မှာ စိုးရ၏။
မြို့စားကြီးက ပြောလိုက်၏။ “ရှုံးနိမ့်သွားမယ်ဆိုရင် ဘာတွေဖြစ်လာနိုင်လဲဆိုတာ သိလား”
ရှမ့်လန်က ပြောလိုက်သည်။ “ဂုဏ်သိက္ခာတစ်ခုလုံး ပျက်စီးသွားလိမ့်မယ်။ ရွှမ်ဝူမြို့ထဲကနေ လှမ်းထွက်လိုက်တဲ့ အချိန်တိုင်း လူပေါင်းများစွာက လက်ညှိုးထိုးပြီး ဝိုင်းရယ်လိမ့်မယ်”
မြို့စားကြီးသည် အချိန်ခဏကြာအောင် တွန့်ဆုတ်သွား၏။ ပြီးနောက် အံကိုကြိတ်ကာ ပြောလိုက်၏။ “မင်းက မင်းရဲ့ကိုယ်ပိုင်စိတ်နဲ့မင်းပဲ။ ဒီတော့ မင်းသွားချင်တယ်ဆိုရင် ငါမင်းကို တားဆီးမှာ မဟုတ်ဘူး”
ရှမ့်လန်က ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် အဖေ”
မြို့စားကြီးက ပြောလိုက်သည်။ “မှတ်ထား။ ဥပဒေကို မကျော်လွန်နဲ့။ ပြီးတော့ ဘာသဲလွန်စမှ မချန်ခဲ့နဲ့။ နိုင်နိုင် ရှုံးရှုံး ကိစ္စမရှိဘူး။ တစ်ကြိမ်ရှုံးခဲ့တယ်ဆိုတာ ကိစ္စရှိတာမှ မဟုတ်တာ။ အဲလောက်လေးနဲ့ မင်းရဲ့ဂုဏ်သိက္ခာက ပျက်စီးသွားမှာ မဟုတ်ဘူး”
ရှမ့်လန်က ဦးညွတ်ကာ ပြောလိုက်၏။ “အဖေ့ရဲ့ စကားတိုင်းကို သေသေချာချာ မှတ်သားထားပါ့မယ်။ ပြီးတော့ ကျုပ်နိုင်ရမယ်။ ထျန်းဟန်က မြို့တော်ဝန်အိမ်ရာထဲမှာ ရှိနေမယ်ဆိုရင်တောင်မှ ဒီတစ်ကြိမ်မှာ ပြင်းပြင်းထန်ထန် ခံစားရမယ်။ ကျုပ် သွားလိုက်ပါအုံးမယ်”
သူသည် ရထားလုံးပေါ်သို့ တက်ကာဖြင့် ရွှမ်ဝူမြို့ဆီသို့ ဦးတည်သွားခဲ့သည်။
............
ထျန်းဟန်ကဲ့သို့လူနှင့် ရင်ဆိုင်ရသည့် အချိန်တွင် သူဘာလုပ်ရမည်နည်း။ မည်သည့် မဟာဗျူဟာကို ရေးဆွဲ ရမည်နည်း။ အရိုးသားဆုံး ပြောရမည်ဆိုလျှင် အလွန်တရာ ခက်ခဲလှချေ၏။ ထျန်းဟန်ကို အနိုင်ယူနိုင်ရန် ခက်ခဲသည်ဟုလည်း မြို့စားကြီးကိုယ်တိုင်က ပြောဆိုခဲ့၏။ ထို့အပြင် မည်သည့်သဲလွန်စမှ မကျန်အောင်လည်း ပြုမူဆောင်ရွက်ရန် လိုအပ်သေး၏။
ထျန်းဟန်သည် များပြားလွန်းသည့် မကောင်းမှု ဒုစရိုက်များကို ပြုလုပ်ခဲ့သည့် လူတစ်ယောက်ဖြစ်၏။ ၎င်း၏ လက်ထဲတွင် သေဆုံးသွားခဲ့သည့် အသက်များ မည်မျှ များပြားသည်ကို နတ်ဘုရားများသာလျှင် သိရှိပေလိမ့်မည်။ ၎င်းကျူးလွန်ခဲ့သည့် အမှုများနှင့် သေဆုံးရန်ပင် သင့်နေသည့်လူမျိုးပင်။ သို့ပေမဲ့ မြို့စားအိမ်တော်သည် ဒေသတွင် ဖြစ်တည်နေသည့် အမှုအခင်းများနှင့်ပတ်သက်၍ ဝင်ရောက်ရှုပ်ထွေး၍ မရနိုင်ခဲ့ချေ။
ထျန်းဟန်ကို ဖမ်းဆီးခြင်းနှင့် ထျန်းဟန်ကို အပြစ်ပေးခြင်း ဆိုသည်မှာ ရွှမ်ဝူမြို့၏ မြို့တော်ဝန်လက်ထဲတွင်သာ တည်ရှိ၏။ ထျန်းဟန်တစ်ယောက် ရွှမ်ဝူအိမ်တော်သို့ သွားရောက်ပြီး မိမိ၏ အပြစ်များကို ဝန်ချတောင်းပန် မှသာလျှင် ၎င်းကို အပြစ်ပေးနိုင်မှာ ဖြစ်၏။ သို့ပေမဲ့ ဤအရာကို ရူးသွပ်နေသည့်လူမှသာလျှင် ပြုလုပ်ပေလိမ့်မည်။
ရှမ့်လန်တစ်ယောက် ထျန်းဟန်ကို အနိုင်ယူနိုင်ခြင်း၊ အနိုင်မယူနိုင်ခြင်းက ကိစ္စမရှိချေ။ ထျန်းဟန်သည် မည်သည့် ပြဿနာကိုမှ ခံစားရလိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ရွှမ်ဝူမြို့၏ မြို့တော်ဝန်နှင့် ကျန်းကျင်းတို့၏ ထောက်ပံ့မှုကို ရရှိထားသောကြောင့်ပင်။
များပြားလှသည့် နည်းလမ်းများနှင့် မဟာဗျူဟာများကို ရှမ့်လန်က သေသေချာချာ စဉ်းစားထားခဲ့၏။ အရာအားလုံးတို့သည် အသုံးမဝင်သကဲ့သို့ပင်။ ရှုပ်ထွေးသည့် နည်းဗျူဟာများကို စီစဉ်လေ ကျရှုံးရန် အခွင့်အရေး များလေပင်။ ထိုသို့ဆိုလျှင် မည်သည့်နည်းလမ်းကို အကောင်းဆုံး အသုံးပြုရမည်နည်း။ ရိုးရှင်းပြီး ရက်စက်သည့် နည်းလမ်းပင်ဖြစ်ရမည်။
ရှမ့်လန်သည် ထျန်းဟန်ကို အရိုးရှင်းဆုံးနှင့် ရက်စက်သည့် နည်းလမ်းများကို အသုံးပြုကာဖြင့် ရင်ဆိုင်ရပေမည်။ တစ်ခါတစ်ရံ ထိုကဲ့သို့သော အရာများသည် အရှက်မဲ့ကောင်း အရှက်မဲ့နိုင်၏။
.............
ထျန်းဟန်သည် စီးပွားရေးလုပ်ငန်းပေါင်းများစွာ ပိုင်ဆိုင်၏။ ထိုအထဲတွင် လောင်းကစားအိမ်များ၊ ဆောင်ကြာမြိုင်များ၊ ငွေချေးလုပ်ငန်းများ ..... စသည်ဖြင့် များပြားလှ၏။ မည်သည့်အရာသည် အကျိုးအမြတ် အဖြစ်ဆုံးနည်း။ ဟုတ်ပေ၏။ လောင်းကစားအိမ်များပင် ဖြစ်၏။ နေ့စဉ်နေ့တိုင်းဆိုသလို ငွေဝင်လျက် ရှိနေသည့် စီးပွားရေးလုပ်ငန်းပင်။ ၎င်း၏ဝင်ငွေ ခြောက်ဆယ်ရာခိုင်နှုန်းကျော်သည် ထိုလောင်းကစားအိမ်များမှ ရရှိခြင်းဖြစ်သည်။
၎င်း၏ ချမ်းသာကြွယ်ဝသည့်ဘဝနှင့် အဖွဲ့သားအားလုံးကို လုံလုံလောက်လောက် ကျွေးမွေးထားနိုင်ခြင်းသည် လောင်းကစားအိမ်များမှ ရရှိထားသည့် ဝင်ငွေများကို အမှီအခိုပြုထားခြင်းပင်။ ရွှမ်ဝူတစ်မြို့လုံးတွင် ထျန်းဟန်သည် လောင်းကစားအိမ် ငါးခုကို ဖွင့်လှစ်ထား၏။ ထိုအရာဆီမှ များပြားလွန်းသည့် ပိုက်ဆံကိုလည်း ရရှိနေခဲ့၏။
တစ်စုံတစ်ယောက်သည် လောင်းကစားအိမ်ကို ဖွင့်ချင်တိုင်း ဖွင့်၍ ရနေသည်လား။ မရနိုင်ပေ။ ထျန်းဟန်ကဲ့သို့ လူမှသာလျှင် ဖွင့်လှစ်နိုင်မှာဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ၎င်း၏နောက်ခံတွင် မြို့တော်ဝန်တစ်ယောက်လုံး တည်ရှိနေသောကြောင့်ပင်။
ထျန်းဟန်၏ လောင်းကစားအိမ်သည် ခမ်းနားကြီးကျယ်စွာဖြင့် တည်ဆောက် ထားသည့် အရာဖြစ်ပြီး သုံးထပ်ရှိ၏။ အထဲတွင် စားစရာများ၊ သောက်စရာများ၊ အရာအားလုံး မလစ်ဟင်းလှချေ။ လောင်းကစားအိမ်၏ အတွင်းမှာပင် ဆောင်ကြာမြိုင်များကို ထပ်မံကာ ဖွင့်လှစ်ထားခဲ့သည်။
ထို့ကြောင့် ရှမ့်လန်သည် ထျန်းဟန်ကို အလွန်ရိုးရှင်းသည့် နည်းလမ်းဖြင့်ရင်ဆိုင်ရန် ဆုံးဖြတ်ထားသည်။ သူ၏ နည်းလမ်းသည် လောင်းကစားအိမ်သို့ သွားရောက်ပြီး ပိုက်ဆံများများ နိုင်အောင်ဆော့ရန်ပင်။ ဆက်တိုက် နိုင်နေပြီး အကန့်အသတ်ဆီသို့ ရောက်ရှိပါက ထျန်းဟန် ငြိမ်ငြိမ်သက်သက် နေနိုင်တော့မည် မဟုတ်ချေ။
ထျန်းဟန်ကဲ့သို့သော လူတစ်ယောက်အတွက် မည်သည့်အရာက အရေးအကြီးဆုံး ဖြစ်သနည်း။ သစ္စာတရားလား။ ဟာသပင်။ ကျိန်းသေပေါက် ပိုက်ဆံပင်ဖြစ်၏။ ပိုက်ဆံကသာလျှင် မြို့တော်ဝန်အိမ်ရာနှင့် ရွှမ်ဝူမြို့၏ အစောင့်တပ် တစ်ခုလုံးကို ပါးစပ်ပိတ်သွားအောင် ပြုလုပ်နိုင်သည့် အရာမဟုတ်ပါလား။ ပိုက်ဆံသာရှိသည်ဆိုပါက နောက်ခံ ကောင်းကောင်း တည်ရှိနိုင်၏။ ပိုက်ဆံ မရှိသည်ဆိုလျှင် နောက်ခံလည်း ရှိလိမ့်မည် မဟုတ်ချေ။
ရွှမ်ဝူမြို့၏ မြို့တော်ဝန်နှင့် အုပ်ချုပ်ရေးအဖွဲ့သည် ထျန်းဟန်၏ လောင်းကစားအိမ်မှ ပိုက်ဆံများကို ရယူထားကြောင်း ရှမ့်ဟန်က သေသေချာချာ သိ၏။ ထိုနောက်ကွယ်တွင် ရှိနေသည့် ဆရာကြီးများ၏ အိတ်ထဲသို့ ငွေများဝင်ရောက်မှု နည်းပါးအောင် ပြုလုပ်နိုင်သည်ဆိုပါက ထျန်းဟန်၏ အခြေအနေသည်လည်း ဆိုးရွားသွားပေလိမ့်မည်။
ယခင်တုန်းက ရှမ့်လန်အနေနှင့် ပိုက်ဆံအရေအတွက်များများ နိုင်အောင် ဆော့ကစားခဲ့ပါက သတ်ဖြတ်ပြီး ချောင်းထဲသို့ ပစ်လွှတ်ခြင်းကို ခံရနိုင်၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ သူသည် မြို့စားကြီး၏ သမက်တော် ဖြစ်၏။ သူ့ကို ကာကွယ်စောင့်ရှောက်မည့် လူများလည်း တည်ရှိလို့နေ၏။ ထို့ကြောင့် ကြိုက်သလို အနိုင်ယူ၍ရသည်။
စိတ်ပူရမည်မှာ အိမ်သို့ပြန်ရောက်သည်နှင့် သူ၏ ယောက္ခထီး သူ့ကို ရိုက်နှက်မလား ဆိုသည်ပင်။ ဟုတ်ပေ၏။ ရှမ့်လန်တစ်ယောက် လုပ်ချင်သည်မှာ ငွေများများနိုင်အောင် ဆော့ကစားခြင်း မဟုတ်ပေ။ အနိုင်ယူခြင်း၏ နောက်ကွယ်တွင် ဖြစ်တည်လာမည့် အကြောင်းအရာများကို လိုချင်သောကြောင့်ပင်။
...........
မြို့စားအိမ်တော်သည် ရှမ့်လန်ကို ကာကွယ်ရန်အတွက် စစ်သည်တော်လေးယောက်ကို ထည့်ပေးလိုက်၏။ ရှမ့်လန်သည် ကြည့်ကောင်းလွန်းသည့် ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဦးခေါင်းထက်တွင် ကျောက်စိမ်း သရဖူကိုပါ ဆင်မြန်းထားသေး၏။ အလွန် ကြည့်ကောင်းသည့် ဟန်ပန်အမူအရာမျိုးနှင့် ရထားလုံးပေါ်တွင် ထိုင်လျက်ရှိနေ၏။
မြို့ထဲသို့ ဝင်ဝင်ချင်းမှာပဲ အားလုံးသောသူတို့သည် သူ့ကို အာရုံစူးစိုက်ကာ ကြည့်ရှုနေကြ၏။ လူပေါင်းများစွာ တို့သည် ၎င်းကို လက်ညှိုးထိုးကာဖြင့် တီးတိုး ပြောဆိုနေ၏။ ရွှမ်ဝူမြို့၏ အတွင်းမှာတော့ ရှမ့်လန်သည် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ပါးကဲ့သို့ ဖြစ်လို့နေ၏။ ၎င်းသည် ဆိုးရွားသည့် ဂုဏ်သိက္ခာကို ပိုင်ဆိုင်သည် ဆိုသော်လည်း လူသိများသည့် လူပင်။
မောက်မာပြီး ပျင်းရိလေးကန်သည့် ရှစ်မိသားစု၏ ဦးနှောက်မဲ့ သမက်တော်ဟောင်းသည် ရှစ်မိသားစုမှ ကန်ထုတ်ခံရပြီးနောက် သုံးရက်အတွင်း မြို့စားအိမ်တော်၏ သမက်တော် ဖြစ်လာခဲ့၏။ မည်မျှအံ့အားသင့်စရာ ကောင်းသနည်း။
အလွန်ဈေးကြီးသည့် အဝတ်အစားများကို ဝတ်ဆင်ထားသည့် ရှမ့်လန်ကို မြင်ရသည့် အချိန်မှာတော့ လူများသည် သွေးအန်လုမတတ်ပင် မနာလို ဖြစ်မိနေကြ၏။ ရုတ်တရက် လှည်ကာဖြင့် တံတွေး တထွေးထွေးနှင့်ပင်။
“ဒီအမှိုက်ကောင် တကယ့်ကို မောက်မာတာပဲ။ မြို့စားအိမ်တော်ရဲ့ သမက်တော် ဖြစ်လာရုံပဲ ရှိသေးတယ်။ ဒီလိုပုံစံ မျိုးနဲ့ လျှောက်သွားနေတယ်”
“အင်း.. သူ့ရဲ့ဝတ်စုံကိုလည်း ကြည့်လိုက်အုံး။ ငါတို့မိသားစု သုံးနှစ်လောက် စားလို့ရတဲ့ ငွေကြေးမျိုးနဲ့ ဝယ်ထားတာပဲ ဖြစ်မယ်။ တကယ့်ကို အရှက်မဲ့တဲ့ကောင်”
“အဆုံးစွန်အထိ အရှက်မဲ့တယ်။ ဘာတစ်ခုမှ လေ့လာသင်ယူခြင်းလည်း မလုပ်ဘူး။ အလုပ်လည်း မလုပ်ဘူး။ ဒါပေမဲ့ ချမ်းသာတဲ့ မိန်းမတစ်ယောက်ကို ယူပြီး ဇိမ်ကျကျ နေထိုင်နေတာပဲ။ မြို့စားကြီးက မျက်စိများ ကန်းသွားပြီလား မသိဘူး။ ဒီလိုကောင်မျိုးကို လှလှပပ ကျွေးမွေးထားသေးတယ်”
“မင်းသိရဲ့လား။ အများဆုံး ဒီကောင် မြို့စားအိမ်တော်ကနေ လဝက်အတွင်း ကန်ထုတ်ခံရလိမ့်မယ်”
ထိုစကားများကို ကြားသည့်အချိန်မှာတော့ ရှမ့်လန်သည် အလုံးစုံ ထူးမခြားနားသကဲ့သို့ပင်။ သူသည် ခပ်တည်တည်ဖြင့်ပင်။
.........
လူချမ်းသာ လောင်းကစားရုံ၏ အရှေ့မှာတော့ ရှမ့်လန်သည် ရထားလုံးထဲမှ အသာထွက်ကာဖြင့် လောင်းကစား အိမ်ထဲသို့ လှမ်းဝင်လိုက်၏။
မြို့စားအိမ်တော်၏ စစ်သည်တော်လေးယောက်တို့သည် အံ့အားသင့်ကြီးစွာဖြင့် အနောက်မှ လိုက်ပါလာခဲ့၏။ သမက်တော်သည် လောင်းကစားမှုကို ပြုလုပ်မည်လား။ မည်သို့ ဖြစ်နိုင်မည်နည်း။
မြို့စားကြီးသည် တကယ့်ကို စည်းကမ်းတင်းကျပ်သည့် လူတစ်ယောက်ဖြစ်၏။ ချမ်းသာသည့် မိသားစုမှ မျိုးဆက်များအနေနှင့် ထိုကဲ့သို့ လောင်းကစားအိမ်ထဲသို့ ဝင်ထွက်ခြင်းဆိုသည်မှာ ဖြစ်နိုင်သည့် ကိစ္စရပ်မျိုး ဆိုသော်လည်း မြို့စားကြီးမှာတော့ လက်ခံမည့်လူမျိုး မဟုတ်ချေ။ ခြေထောက်ကိုပင် ရိုက်ချိုးပစ်နိုင်စွမ်းရှိသည်။
သို့ပေမဲ့ ရှမ့်လန်သည် မြို့စားကြီး၏ သမက်တော်ဖြစ်၍ သူ့ကို သွားရောက်ကာ တားဆီး၍ ရနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့်ပင်လျှင် အနောက်မှ အသာလိုက်ပါကာဖြင့် ရှမ့်လန်ကို ကာကွယ်ပေးရန် စဉ်းစားထားမိ၏။ တစ်ဖက်လူကို ဘာလုပ်ပါ၊ ဘာမလုပ်နှင့်ဟု ပြောဆိုရန် သူတို့၌ အခွင့်မရှိချေ။ ပိုမို၍ အရေးကြီးမားသည်မှာ သူတို့သည် ရှမ့်လန်ကို အကြံပေးရန် စိတ်ဆန္ဒလည်း မရှိကြချေ။
ရှမ့်လန်ကဲ့သို့ အမှိုက်တစ်စသည် သခင်မလေးမူလန်နှင့် အဘယ်သို့ လိုက်ဖက်ညီရသနည်း။ မြန်မြန် သေဆုံးသွားလျှင် ပို၍ကောင်း၏။ မသေဆုံးသွားလျှင်လည်း မြို့စားကြီးသည် ၎င်း၏ခြေထောက်ကို ရိုက်ချိုးကာဖြင့် အိပ်ခန်းထဲတွင် ပိတ်လှောင်ထားမှာ သေချာ၏။ ဤစစ်သည်တော်များ၏ မျက်လုံးထဲတွင်တော့ ရှမ့်လန်သည် မူလန်အတွက် တကယ့်ကို ဆိုးသွမ်းလွန်းသည့် ယောက်ျားတစ်ယောက်ပင်။
…….
လက်ရှိအခြေအနေမှာတော့ ထျန်းဟန်၏ တပည့်များထဲမှ နံပါတ်ဆယ့်လေးသည် လောင်းကစားရုံကို ကြီးကြပ်လျက် ရှိနေ၏။ ရှမ့်လန် ဝင်လာသည်ကို မြင်ရသည့်အချိန်မှာတော့ ပထမ ဆွံ့အသွား၏။ ပြီးသည့်နောက် သူသည် အားတက်သရော ဖြစ်လာခဲ့၏။ ဤနေရာသည် လောင်းကစားအိမ်ဖြစ်၏။ မိစ္ဆာများ၏ သားရဲတွင်းပင်။ ရှမ့်လန်မှာတော့ ထိုအထဲသို့ ခပ်တည်တည်ဖြင့် ဝင်လာရဲ၏။ သေလမ်းရှာနေသည်လား။
“အိုက်ယား.. မြို့စားအိမ်တော်ရဲ့ သမက်တော်ရှမ့်ပါလား။ ကြိုဆိုပါတယ်။ ကြိုဆိုပါတယ်”
နံပါတ်ဆယ့်လေးက ကြိုဆိုလိုက်၏။ “ဟေ့ကောင်တွေ... ရေနွေးလေး ဘာလေး တိုက်ကြအုံး”
အလွန်လျင်မြန်စွာဖြင့် အစေခံများသည် အကောင်းဆုံး လက်ဖက်ရည်အိုးကို ယူဆောင်လာခဲ့သည်။
ရှမ့်လန်သည် အသာထိုင်ချပြီးသည့်နောက် ရေနွေး၏ အရသာကို ဖြည်းညှင်းစွာ ခံစားနေ၏။
“သမက်တော်ရှမ့်”
“အင်း”
“အခွင့်အရေးရတုန်း ဒီကိုလာကြည့်ပြီးတော့ နည်းနည်းပါးပါး ကစားမလို့လား” နံပါတ်ဆယ့်လေးက မေးမြန်းလိုက်သည်။
ရှမ့်လန်က ပြောလိုက်၏။ “ဒီကိုရောက်နေပြီ ဆိုမှတော့ ကျိန်းသေပေါက် နည်းနည်းလောက် ကစားရမှာပေါ့”
“အင်း... ကြိုဆိုပါတယ်။ ကြိုဆိုပါတယ်” နံပါတ်ဆယ့်လေးသည် တကယ်ပင် စိတ်လှုပ်ရှားလာမိ၏။ သူတို့၏ ဂိုဏ်ချုပ် ထျန်းဟန်နှင့် ရှမ့်လန်တို့သည် ရန်သူများဖြစ်၏။ ဂိုဏ်းချုပ်သည် ရှမ့်လန်ကို သတ်ဖြတ်ရန် နည်းလမ်း ရှာဖွေမတွေ့သောကြောင့် စိတ်လက်ပင်ပန်းလျက် ရှိနေ၏။ သို့ပေမဲ့ မြို့စားအိမ်တော်၏ သမက်တော် ဖြစ်သော ရှမ့်လန်သည် ကျိန်းသေပေါက် သူတို့၏ သားရဲခံတွင်းထဲသို့ ဝင်လာရဲနေသည်။
ငွေကြေးတစ်သောင်းလောက် ရှုံးနိမ့်ပြီး သဘောတူညီမှုစာချုပ်တွင် လက်မှတ်ထိုးကာ ပြန်လွှတ်လိုက်မည်ဆိုပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ထို့နောက် သူတို့သည် မြို့စားအိမ်တော်ဆီသို့ သွားရောက်ပြီး အကြွေးတောင်းမည် ဆိုပါက ရှမ့်လန်၏ ဘဝတစ်ခုလုံးသည် စုတ်ပြတ်သတ်သွားပေမည်။ ဘာမှမဖြစ်ဘူး ဆိုလျှင်တောင်မှ ခြေထောက်ကို ရိုက်ချိုးကာဖြင့် မြို့စားအိမ်တော်မှ ကန်ထုတ်ခြင်းကို ခံရမှာ သေချာ၏။
ရှမ့်လန် အနိုင်ရသွားဖို့ ဖြစ်နိုင်ချေကကော။
နံပါတ်ဆယ့်လေးသည် ထိုကဲ့သို့သော ဖြစ်နိုင်ချေကို ဘယ်တော့မှ တွေးတောခြင်း မရှိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် မဖြစ်နိုင်သောကြောင့်ပင်။