အပိုင်း (၃၆)
Vol. 3 Ch. 36
နံပါတ်ဆယ့်လေးက မျက်စိမှိတ်ပြလိုက်၏။ လူချမ်းသာ လောင်းကစားရုံ၏ တာဝန်ခံသည် ဤကဲ့သို့သော သတင်းကောင်းကို ထျန်းဟန်ဆီသို့ ပြောဆိုရန်အတွက် ချက်ချင်းပဲ ပြေးထွက်သွား၏။
လက်ရှိအခြေ အနေမှာတော့ ထျန်းဟန်သည် ရွှမ်ဝူမြို့ထဲတွင် တည်ရှိနေပြီး ရှစ်မိသားစုနှင့် ဆွေးနွေးလျက် ရှိသည်။
“အင်း.. ဒီကို အပျင်းပြေ အနည်းငယ်လောက် ကစားရအောင် ကျုပ်လာခဲ့တာပဲ။ ဒါပေမဲ့ ကျုပ် ပိုက်ဆံ ပါမလာဘူး။ နည်းနည်းလောက် ချေးလို့ရလား” ရှမ့်လန်က မေးမြန်းလိုက်၏။
“ရတာပေါ့။ ရတာပေါ့” နံပါတ်ဆယ့်လေးသည် ပိုမိုကာပင် စိတ်လှုပ်ရှားသွားမိ၏။ သူ့အနေနှင့် မချေးနိုင်မည် ကိုပင် စိတ်ပူနေမိ၏။ ရွှေဒင်္ဂါးတစ်သောင်းလောက် ချေးလျှင် အကောင်းဆုံးဖြစ်၏။ အရာအားလုံး ရှုံးနိမ့် သွားမည်ဆိုလျှင် အကောင်းဆုံးပင်။
ထိုသို့ဆိုလျှင် သူတို့၏ ဂိုဏ်းချုပ်အနေနှင့် မြို့စားအိမ်တော်ဆီသို့ သွားရောက်ကာ အကြွေးများကို တောင်းခံနိုင်စွမ်း ရှိ၏။ ထိုသို့ဆိုလျှင် ရှမ့်လန်သည် မြို့စားကြီး၏ ရိုက်နှက်ခြင်းကို ခံရပေလိမ့်မည်။
“ကျုပ် အရင်ဆုံး ရွှေဒင်္ဂါးတစ်ထောင်ကို ချေးထားလို့ရလား”
ရှမ့်လန်က မေးမြန်းလိုက်၏။ “အတိုးကကော ဘယ်လောက်လဲ”
“ခင်ဗျားက တကယ့်ကို ဂုဏ်သိက္ခာ ကြီးမားတဲ့ ဧည့်သည်တစ်ယောက်လေ။ ဒီတော့ အတိုးကို ဆယ်ရာခိုင်နှုန်းပဲ သတ်မှတ်ပါ့မယ်” နံပါတ်ဆယ့်လေးက ပြောလိုက်သည်။
အတိုးသည် တကယ့်ကို နည်းပါးလွန်း၏။ အတိုးမယူဟုပင် သတ်မှတ်ရပေမည်။ သို့ပေမဲ့ နံပါတ်ဆယ့်လေး သည် ချေးကို ချေးငှားရမှာဖြစ်သည်။ မဟုတ်ပါက ရှမ့်လန်ကို သေဆုံးအောင် ပြုလုပ်ရမည့် နည်းလမ်းကို ရှာဖွေ မရဘဲ ဖြစ်နေပေလိမ့်မည်။ မည်သို့ပင် ဆိုစေကာမူ သူတို့သည် နှစ်ခုလုံးကို ရရမည့် အကြောင်းမျိုးပင်။
“ကောင်းပြီ။ ဒါဆိုရင် ချေးငှားစာချုပ်ကို အရင်ဆုံး ရေးလိုက်ကြတာပေါ့။ အတိုးနှုန်းကိုလည်း သေသေချာချာ ရေးမယ်” ရှမ့်လန်က ပြောလိုက်၏။
“ကောင်းပြီ” နံပါတ်ဆယ့်လေးကလည်း ပြန်လည်ကာ ပြောဆိုလိုက်၏။ ငွေချေးငှားခြင်းစာချုပ် ရေးသား ပြီးနောက် ရွှေဒင်္ဂါးတစ်ထောင်ကို ရှမ့်လန်၏ ရှေ့ဆီသို့ ချပေးလိုက်၏။ ပြီးနောက် သူသည် ထိုရွှေဒင်္ဂါးများ အားလုံးကို လောင်းကစားကတ်ပြားများအဖြစ် တစ်ခါတည်း ပြောင်းလဲလိုက်သည်။
နံပါတ်ဆယ့်လေးသည် မြှောက်ပင့်ကာ ပြောဆိုလိုက်၏။ “ဆရာရှမ့်… ဘာများ ကစားချင်လဲ”
ရှမ့်လန်က မေးမြန်းလိုက်သည်။ “ဒီထဲမှာ အရိုးရှင်းဆုံးက ဘာလဲ”
“အင်း.. အသေး အကြီးကို ခန့်မှန်းရတဲ့ ကစားနည်းပဲ” နံပါတ်ဆယ့်လေးက ရှင်းပြလိုက်၏။
“ဒါဆိုရင်လည်း ဒါကိုပဲ လောင်းကြတာပေါ့” ရှမ့်လန်က ပြောလိုက်သည်။
နံပါတ်ဆယ့်လေးသည် ရှမ့်လန်အား ချက်ချင်းပဲ ထိုနေရာဆီသို့ ခေါ်ဆောင်သွား၏။ လက်ရှိအချိန်မှာတော့ သူသည် တကယ့်ကို ဂုဏ်သိက္ခာကြီးမားသည့် လူတစ်ယောက်ကို ဧည့်ခံနေရသလိုပင် ခံစားနေရ၏။
လောင်းကစား သမားများသည်လည်း လောင်းကစားခြင်းကို ရပ်တန့်ကာဖြင့် လာရောက် ကြည့်ရှုနေကြသည်။
“ဒါ ရှမ့်လန်လား။ အရင်ဆုံး သူက ရှစ်မိသားစုရဲ့ သမက်ဖြစ်ခဲ့တယ်။ ပြီးတော့ မြို့စားကြီးရဲ့ သမက်တော် ဖြစ်လာခဲ့ပြီ။ သူက တကယ့်ကို ချောတာပဲ”
“ငါလည်း ချောတာပဲ။ ငါကျ ဘာလို့ မြို့စားသမီးကို မရတာလဲ။
“ငါမင်းကို သိခဲ့တာ ကြာပြီ။ မင်းက ဘယ်နေရာမှာ ချောတာလဲ”
“ရှမ့်လန်.. သူက လောင်းကစားတောင် လာလုပ်ရဲတာလား။ သူသေချင်နေတာလား မသိဘူး။ သူ ဆုံးရှုံးတာနဲ့ မြို့စားကြီးက သူခြေထောက်ကို ရိုက်ချိုးလိမ့်မယ်”
ရှမ့်လန်သည် ထိုစကားစုအားလုံးကို လျစ်လျှူရှုထားခဲ့၏။ ပြီးနောက် စားပွဲပေါ်တွင် ရှိနေသည့် ဒိုင်ခံသူအား လှမ်းကာ ပြောဆိုလိုက်၏။ “စကြရအောင်”
နံပါတ်ဆယ့်လေးက ခေါင်းညိတ်လိုက်၏။ ရှမ့်လန်ကဲ့သို့သော အမှိုက်တစ်စနှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူသည် လိမ်ညာလှည့်ဖျားခြင်းကိုပင် ပြုလုပ်ချင်စိတ် မရှိပေ။ လောင်းကစားစားပွဲ၏ အနောက်ဘက်တွင် ရှိနေသည့် ဒိုင်ခံသူသည် အံစားတုံးကို စတင်ကာ ခေါက်၏။ မိနစ်ဝက်လောက် ကြာပြီးသည့်နောက် ၎င်းသည် အံစာတုံးကို စားပွဲပေါ်သို့ လှိမ့်လိုက်သည်။
“အကြီးလား။ အသေးလား”
အံစာတုံး သုံးတုံးရှိ၏။ ကိုး၏အောက်သည် အသေးဖြစ်၍ ကိုး၏အထက်သည် အကြီးပင်ဖြစ်၏။
ရှမ့်လန်သည် သူ၏ X-Ray အမြင်များကို အသုံးပြုကာဖြင့် အထဲတွင် ရှိနေသည့် အရာများကို လွယ်လွယ်ကူကူနှင့် ကြည့်ရှုနိုင်စွမ်း ရှိသည်။
ဆယ့်သုံး။
“အကြီး” ရှမ့်လန်သည် သူ၏ ရွှေဒင်္ဂါး တစ်ထောင်လုံးကို အရှေ့ဆီသို့ တွန်းပို့လိုက်၏။
ရုတ်တရက် အားလုံးသောသူတို့သည် စိတ်လှုပ်ရှားသွားမိ၏။ အံ့အားသင့်စရာပင်။ ပထမဦးဆုံး အလှည့်မှာတင် ဤမျှ များများစားစား ကစားလေသည်လား။ ရှမ့်လန်သည် ဤရွှေဒင်္ဂါးတစ်ထောင်ကို ချေးငှားခဲ့ခြင်း ဖြစ်၏။ သို့ပေမည့် ထိုအရာအားလုံးကို တစ်ခါတည်း လောင်းလျက် ရှိနေ၏။ တခြားသော လောင်းကစားသမား အားလုံးတို့သည် ကစားခြင်းမှ ရပ်တန့်ကာဖြင့် ဤပွဲဆီသို့ အသက်ကိုပင် မရှူဘဲ လာရောက်ကာ ကြည့်ရှုနေကြ၏။ စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှချေသည်။
“ကြိုက်လောင်း ၊ ကြိုက်လျော်ပဲ။”
ဘေးတစ်ဖက်တွင် ရှိနေသော သူက ပြောဆိုလိုက်၏။ “ဖွင့် ဖွင့် ဖွင့်”
ဒိုင်ခံသူသည် ရုတ်တရက် အဖုံးကို ဖွင့်လိုက်၏။
“ဆယ့်သုံး… ရှမ့်လန် နိုင်သွားပြီ။ သူတကယ့်ကို နိုင်တာပဲ။ ဒီရှမ့်လန်က နည်းနည်းတော့ ကံကောင်းတဲ့ပုံပဲ။ ပထမအလှည့်မှာတင် ရွှေဒင်္ဂါးတစ်ထောင်ကို နိုင်သွားတယ်”
လောင်းကစားသမား အားလုံးတို့သည် အလွန်အမင်း စိတ်လှုပ်ရှားလာခဲ့၏။ သို့ပေမဲ့ နံပါတ်ဆယ့်လေး၏ အမူအရာမှာတော့ မပြောင်းလဲချေ။ ပြုံးလျက် ရှိနေသေး၏။ ဤအရာသည် တကယ့်ကို ကံတရားနှင့် သက်ဆိုင်လို့ နေ၏။ တခြား ဘာမှမဟုတ်ချေ။ အရိုးသားဆုံး ပြောရမည်ဆိုလျှင် ရှမ့်လန်တစ်ယောက် ပထမဦးဆုံး အလှည့်တွင် ရှုံးနိမ့်သွားမည်ကိုပင် နံပါတ်ဆယ့်လေးက စိုးရိမ်မိ၏။ ထိုသို့ဆိုလျှင် ဆက်လက် ကစားခြင်းကို ပြုလုပ်တော့မည် မဟုတ်ချေ။
အနိုင်ရရှိခြင်း၏ ချိုမြိန်သော အရသာကို အကြိမ်အနည်းငယ်လောက် ခံစားပြီးမှသာလျှင် ဆက်လက်ကာ လောင်းကစားခြင်းကို ပြုလုပ်မှာဖြစ်၏။ ပထမဦးဆုံး လောင်းကစားတွင် အနိုင်ရရှိခြင်းဆိုသည်မှာ လောင်းကစားသမားတိုင်း၏ ဘဝဖြစ်စဉ်ပင် ဖြစ်၏။ ဒုတိယအလှည့် ကျန်ရှိလို့ နေသေး၏။
စားပွဲ၏ နောက်တွင်ရှိနေသည့် ဒိုင်ခံသူသည် အံစားတုံးကို အသာခေါက်လိုက်၏။ သူ၏ အမူအရာသည် လေးနက်ပြီးသားဖြစ်၏။ မိနစ်ဝက်လောက် အသာလှုပ်ခါပြီးသည့်နောက် သူသည် စားပွဲပေါ်သို့ အံစာတုံးကို လှမ်းကာ ပစ်လွှတ်လိုက်၏။ ပြီးနောက် အဖုံးနှင့် ဖုံးလိုက်သည်။
ဤကဲ့သို့သော အပြုအမူနှင့် ပြုမူဆောင်ရွက်ပုံများသည် လောင်းကစားသမား အားလုံးအတွက် ဖိအားကြီး ဖြစ်စေခဲ့၏။ သို့ပေမဲ့ ရှမ့်လန်အတွက်တော့ မည်မျှခေါက်ခေါက်၊ အကြိမ်တရာခေါက်ခေါက်၊ မိနစ်တစ်ရာ ခေါက်ခေါက် ကိစ္စရှိလိမ့်မည် မဟုတ်ချေ။
ရှမ့်လန်သည် သူ၏ X-Ray အမြင်ကို အသုံးပြုကာဖြင့် ထပ်မံကာ ကြည့်ရှုလိုက်၏။
ဆယ့်ငါး။ အကြီးပင် ဖြစ်နေသေးသည်။
ရှမ့်လန်သည် ရွှေဒင်္ဂါးနှစ်ထောင်လုံးကို ရှေ့ဆီသို့ တွန်းပို့လိုက်၏။ ဤတစ်ကြိမ်မှာတော့ ပွဲကြည့်သူများ အားလုံးသည် သက်မကိုပင် မချရဲကြတော့ချေ။ မြို့စားအိမ်တော်၏ သမက်တော်သည် ရူးများနေသည်လား။ အဘယ်ကြောင့် ငွေပမာဏများများကို အသုံးပြုကာ လောင်းကစားနေရသနည်း။
နံပါတ်ဆယ့်လေး၏ အမူအရာကလည်း အနည်းငယ် ပြောင်းလဲသွားခဲ့၏။ ရှမ့်လန် ဤတစ်ကြိမ် နိုင်သွားမည် ဆိုပါက ရွှေဒင်္ဂါးလေးထောင်ဖြစ်မည် ဖြစ်၏။ ဂိုဏ်းခေါင်းဆောင် ထျန်းဟန်အတွက် ဆိုလျှင်တောင်မှ တကယ့်ကို များပြားသည့် ငွေကြေးမျိုးပင်။
ဤလောင်းကစားအိမ်သည် တကယ့်ကို ကြီးမားလွန်း၏။ သို့ပေမည့် တစ်လတာ အသားတင် အမြတ်ငွေသည် ရွှေဒင်္ဂါးနှစ်ထောင်ထက် မပိုချေ။ ရွှေဒင်္ဂါးလေးထောင်ဆိုသည်မှာ ဤလောင်းကစားရုံ၏ နှစ်လစာနီးပါး ရှိသော ဝင်ငွေပင် ဖြစ်လို့နေ၏။ စားပွဲ၏အနောက်ဘက်တွင် ရှိနေသည့် ဒိုင်ခံသူ၏လက်များသည် အနည်းငယ် တုန်ယင်လို့နေ၏။
“ဖွင့် ဖွင့် ဖွင့်” အားလုံးက ဝိုင်းကာ အော်ဟစ်လိုက်ကြသည်။
ထိုသူသည် ရုတ်တရက် အဖုံးကို ဖွင့်လိုက်၏။ “ဆယ့်ငါး.. အကြီး”
ရှမ့်လန် ထပ်မံကာ နိုင်ပြန်၏။ ရွှေဒင်္ဂါးလေးထောင်သည် သူ၏လက်ထဲသို့ ရောက်နေပြီဖြစ်၏။ အားလုံးသော သူတို့သည် အလုံးစုံ စိတ်လှုပ်ရှားလို့ နေလေ၏။ ရွှေဒင်္ဂါးလေးထောင် ဆိုသည်မှာ များပြားလွန်းသည့် ပမာဏပင် ဖြစ်၏။ ဘဝတစ်သက်တာလုံး အေးအေးဆေးဆေး နေထိုင်နိုင်သည့် ပိုက်ဆံပင်။
နံပါတ်ဆယ့်လေး၏ အမူအရာသည် ကျိန်းသေပေါက် ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ ရှမ့်လန်သည် တကယ့်ကို ရူးသွပ်နေသူ တစ်ယောက်ဖြစ်၏။ မည်မျှအနိုင်ရသည်မဆို နောက်ဆုံး၌ သူတို့၏ လက်ထဲသို့ ငွေကြေးများ ပြန်လည် ရောက်ရှိလာရပေလိမ့်မည်။
သာမန်လောင်းကစားသမားများ အနေနှင့် ရွှေဒင်္ဂါး လေးရာ၊ ငါးရာလောက် ရှုံးနိမ့်သွားခြင်း ဆိုသည်မှာ တကယ့်ကို ရှားပါးသည့်အရာဖြစ်၏။ ထိပ်တန်း ချမ်းသာကြွယ်ဝသည့် နိုင်ငံရပ်ခြားမှ ဧည့်သည်များ ရောက်ရှိလာမှသာလျှင် ဤသို့များပြားသည့် ပိုက်ဆံများကို သုံးဖြုန်းတတ်၏။ သူ့အနေနှင့် ရှမ့်လန်ကို ထပ်မံ အနိုင်ပေး၍ မဖြစ်တော့ချေ။
နံပါတ်ဆယ့်လေးသည် သူကိုယ်တိုင် ကစားချင်လာ၏။ သူကစားသည် ဆိုသည်နှင့် ရှမ့်လန်သည် ကျိန်းသေပေါက် ရှုံးနိမ့်မှာ ဖြစ်၏။
နံပါတ်ဆယ့်လေးက ပြုံးကာ ပြောလိုက်သည်။ “ဆရာရှမ့်.. ကျုပ်ကိုယ်တိုင် ခင်ဗျားအတွက် အံစားတုံး လှည့်ပေးမယ်”
သူသည် အံစားတုံးခေါက်သည့်နေရာတွင် တကယ့်ကို ကျွမ်းကျင်သူဖြစ်၏။ သူက အကြီး လိုချင်လျှင်အကြီး၊ အသေးလိုချင်လျှင် အသေး ခေါက်နိုင်သူတစ်ယောက်ဖြစ်၏။ သူ့အတွက် ဤအရာသည် လွယ်ကူလွန်း၏။
ပိုမို၍ အံ့အားသင့်စရာ အကောင်းဆုံးမှာ သူသည် အံစားတုံးကို ခေါက်ပြီးသည့်နောက် စားပွဲပေါ်တွင် ရှိနေသည့် အံစာတုံး၏ ဂဏန်းအရေအတွက်ကို ပြောင်းလဲနိုင်စွမ်း ရှိနေသေး၏။ ဤကဲ့သို့သော စွမ်းရည်ကို ပိုင်ဆိုင်သည့်လူသည် ဤလောင်းကစားရုံ တစ်ခုလုံးတွင် နံပါတ်ဆယ့်လေး တစ်ယောက်တည်းသာလျှင် ရှိ၏။ ထို့ကြောင့်ပင်လျှင် သူသည် ထျန်းဟန်၏ ယုံကြည်ရသည့်တပည့် ဖြစ်လာခဲ့ခြင်းပင်။
………….
တစ်ဖက်လူအနေနှင့် သူ့ကို လိမ်ညာလှည့်ဖျားတော့မည် ဖြစ်ကြောင်းကို ရှမ့်လန်က ကောင်းကောင်းသိ၏။
“တော်ပြီ၊ တော်ပြီ၊ တော်ပြီ”
ရှမ့်လန်က ရယ်မောကာ ပြောလိုက်၏။ “ကျုပ် ရုတ်တရက် အကြီး၊ အသေး ကစားနည်းကို မကစားချင်တော့ဘူး။ ဒါ ကံတရားနဲ့ သက်ဆိုင်တယ်။ ဘာနည်းပညာမှ မပါဘူး။ ဒီတော့ တခြားအရာ တစ်ခုကို ကစားမယ်”
နံပါတ်ဆယ့်လေးသည် ရယ်မောကာ ပြောလိုက်သည်။ “ကောင်းပြီ။ ကောင်းပြီ။ ဆရာရှမ့်က ကစားချင်တယ် ဆိုမှတော့ ကြိုက်တာကို ကစားပါ”
သူ့အနေနှင့် ရှမ့်လန်ကို အဘယ်သို့ လက်လွှတ်ပေးရမည်နည်း။ ရှမ့်လန်ကို ဒုက္ခမပေးနိုင်သည် သာမက လောင်းကစားရုံ၏ ရွှေဒင်္ဂါးလေးထောင်ပါ ပါသွားသည်ကို သူ၏ ဂိုဏ်းချူက် သိရှိပါက သူ့ကို အရှင်လတ်လတ် အရေခွံ ခွာပေလိမ့်မည်။
သူ၏ လောင်းကစားစွမ်းရည်သည် အလွန်တရာ ကောင်းမွန်လွန်း၏။ မဟုတ်ပါက သူသည် ထျန်းဟန်၏ တပည့်တစ်ယောက် ဖြစ်လာလိမ့်မည် မဟုတ်ချေ။ ရွှမ်ဝူမြို့ထဲတွင် နံပါတ်ဆယ့်လေးသည် လောင်းကစားနှင့် ပတ်သက်လျှင် ပြိုင်ဘက်ကင်းဟု ပြောဆို၍ရသည်။
ယခု ရှမ့်လန်သည် သူ့ကဲ့သို့သောလူမျိုးနှင့် ယှဉ်ပြိုင်ကာကစားရန် စဉ်းစားလျက် ရှိနေ၏။ အလုံးစုံ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းသာ ဖြစ်ပေလိမ့်မည်။
…………
ဤကမ္ဘာလောကတွင် ထျန်ကျို (ပိုင်ဂေါင်) ကစားသည့် ဓလေ့မှာ အလွန်ပင် ရှင်းလင်းရိုးစင်းလှ၏။ ကမ္ဘာမြေနှင့် နှိုင်းယှဉ်လျှင် သာ၍ပင် ရိုးရှင်းသေးသည်။ ပိုင်ဂေါင်ကစားပွဲတွင် စားပွဲပေါ်၌ ကတ်ပြား (၃၂) ချပ် ရှိသည်။
ကစားသူတိုင်း ကပ်ပြားနှစ်ချပ်စီ အသီးသီး ဆွဲယူရပြီး၊ အံစာများ၏ မျက်နှာပြင်ပေါ်ရှိ အမှတ်အသားပေါင်းစပ်မှု အကြီးအသေးကို ကြည့်ကာ အနိုင်အရှုံးကို ဆုံးဖြတ်ကြ၏။ အံစာတုံးခေါက်ပြီး အံစာကောက်ယူရန် မလိုအပ်ဘဲ မိမိနှစ်သက်ရာ နှစ်ချပ်ကို ဆွဲယူပြီးလျှင် တိုက်ရိုက် အကြီးအသေး ယှဉ်ရုံသာ ဖြစ်၏။
ဤစည်းမျဉ်းများကို အသေးစိတ်ရှင်းပြနေလျှင် ရှည်လျားနေမည်ဖြစ်သောကြောင့် အရေးမကြီးသည့်အတွက် ချန်ထားခဲ့ပါမည်။
စတင်ရန် ပြင်ဆင်လိုက်သည့် အချိန်မှာပဲ ရှမ့်လန်က ရုတ်တရက် ပြောလိုက်၏။ “ကျုပ်.. ခင်ဗျားရဲ့ ကတ်တွေကို မလိုချင်ဘူး။ တစ်စုံတစ်ယောက်ကို သွားပြီးတော့ ကတ်အသစ်တွေ ဝယ်ခိုင်းလိုက်။ သေသေချာချာ စစ်ဆေးပြီးမှ ကျုပ်ကစားမယ်”
ထိုစကားကို ကြားရသည့်အချိန်မှာတော့ နံပါတ်ဆယ့်လေးသည် အသာပင် မျက်မှောင်ကုတ်သွားမိ၏။ လက်ရှိ အသုံးပြုနေသည့် ကတ်များသည် သူ၏ အမှတ်တံဆိပ်များ တည်ရှိနေသည့် ကတ်များဖြစ်၏။ ထုံးလိုကြ၊ ရေလိုနှောက် မိမိကြိုက်နှစ်သက်ရာ ကတ်ပြားကို ယူဆောင်နိုင်စွမ်းရှိသည့် စွမ်းရည်ကို သူက ပိုင်ဆိုင်၏။
“အင်း.. မဝယ်ဘူးဆိုရင်လည်း သွားကြတာပေါ့။ ရွှေဒင်္ဂါးလေးထောင်ကို ပြန်ပြီးလဲပေးတော့” ရှမ့်လန်သည် ရုတ်တရက် မတ်တပ်ထရပ်ကာဖြင့် ထွက်ခွာရန် ပြင်လိုက်သည်။
“မဟုတ်ပါဘူး။ မဟုတ်ပါဘူး”
နံပါတ်ဆယ့်လေးက ပြောလိုက်၏။ “အသစ်တွေ ဝယ်ရမှာပေါ့”
ရှမ့်လန် တစ်ယောက် ဤကဲ့သို့ ထွက်ခွာသွားသည်ကို သူ မည်သို့ ထိုင်ကာ ကြည့်ရှုနေရမည်နည်း။ ရှမ့်လန် ထွက်ခွာသွားသည်နှင့် သူသည် ကိစ္စချောပြီဖြစ်သည်။
ပြီးနောက် နံပါတ်ဆယ့်လေးသည် ဆိုင်အကူတစ်ယောက်ကို ခေါ်ဆောင်ကာဖြင့် ပစ္စည်းများ သွားဝယ်ရန် ပြောဆိုလိုက်၏။ “ပိုင်ဂေါင် အသစ် ဆယ်ထုတ်ခေါက် သွားဝယ်ခဲ့။ ငါတို့ ဆိုင်တွေကနေ မဝယ်နဲ့။ မှတ်ထား”
ဆိုင်အကူသည် မည်သည့်စကားကိုမှ မဆိုချေ။ သူသည် ပစ္စည်းများကို သွားရောက်ကာ ဝယ်ယူ၏။ ဝယ်ယူပြီး ပြန်လာသည့် အချိန်မှာတော့ ရှမ့်လန်သည် သူ၏ X-Ray အမြင်ကို အသုံးပြုကာဖြင့် ထိုအရာ အားလုံးကို စစ်ဆေးလိုက်၏။ အရာအားလုံး ပြုလုပ်ပြီးသည့်နောက် သူက ပြောဆိုလိုက်သည်။ “ကဲ.. ဒီဟာကိုယူမယ်။ စကြရအောင်”
“ကောင်းပြီ” နံပါတ်ဆယ့်လေးသည် ဂရုမစိုက်လှချေ။ သူသည် ရွှမ်ဝူမြို့တွင် နံပါတ်တစ် လောင်းကစား ဘုရင်ဖြစ်၏။ သူသည် ပြိုင်ဘက်ကင်းလှချေ၏။ သူ့အနေနှင့် တစ်ဖက်လူကို လိမ်ညာကာ လှည့်စားခြင်း မဟုတ်သည် ဆိုလျှင်တောင်မှ ကျိန်းသေပေါက် အနိုင်ယူမှာ ဖြစ်လေ၏။ သူတို့နှစ်ယောက်၏ လောင်းကစားပွဲ သည် တရားဝင် စတင်ခဲ့ပြီ ဖြစ်၏။
“ခင်ဗျားပဲ အရင်စလိုက်ပါ” ရှမ့်လန်က ပြောဆိုလိုက်၏။
နံပါတ်ဆယ့်လေးသည် ခေါင်းညိတ်ပြီး ကတ်သုံးဆယ့်နှစ်ခုထဲမှ နှစ်ကတ်ကို အသာဆွဲယူလိုက်၏။ ရှမ့်လန်ကလည်း X-Ray အမြင်မှ တဆင့် တစ်ဖက်လူ၏ ကတ်များကို သေသေချာချာ မြင်ရ၏။ နံပါတ်ဆယ့်လေး၏ ကတ်သည် ကောင်းမွန်လွန်း၏။ 'ဇီးပန်းအတွဲ' ဖြစ်ပြီး ပေါင်းစပ်မှုအားလုံးတွင် အဆင့်ခြောက် အကြီးဆုံးအတွဲ ဖြစ်သည်။
“ရွှေဒင်္ဂါးတစ်ရာ” နံပါတ်ဆယ့်လေးသည် သူ၏ လောင်းကြေးပြားများကို အရှေ့ဆီသို့ တိုးပေးလိုက်၏။ နံပါတ်ဆယ့်လေးသည် တကယ့်ကို ကောင်းမွန်သည့် နံပါတ်ကို ရရှိထားခဲ့၏။
"ရွှေဒင်္ဂါး ၁၀၀၀။"
သို့ပေမည့် ရှမ့်လန်သည် ရွှေဒင်္ဂါးတစ်ထောင် ကို အရှေ့ဆီသို့ တိုးကာဖြင့် ပုံအောလိုက်၏။ သူသည် လောင်းကစားဘုရင် တစ်ယောက်၏ ဟန်ပန်အမူအရာမျိုးနှင့်ပင်။
ရှမ့်လန်တစ်ယောက် ကတ်ကိုပင် မကြည့်ဘဲ အရှေ့ဆီသို့ လောင်းကြေးကတ်ပြားအားလုံး တွန်းပို့လိုက်သည်ကို မြင်ရချိန်မှာတော့ အားလုံးသောသူတို့က အံအားသင့်လို့နေခဲ့၏။ ထို့အပြင် ရွှေဒင်္ဂါးတစ်ထောင် ဖြစ်၏။ အံ့အားမသင့်ဘဲ ဘယ်နေမည်နည်း။ တကယ့်ကို ကြီးမားလွန်းသည့် လောင်းကစားပွဲကြီး တစ်ခုကဲ့သို့ပင်။ အားလုံးသောသူတို့သည် ထိုကဲ့သို့သော ပွဲမျိုးကို တစ်ခါမှ မမြင်ခဲ့ဘူးချေ။
နံပါတ်ဆယ့်လေးသည် ခဏလောက် တွန့်ဆုတ်နေ၏။ သူ၏ ကတ်သည် ကြီး၏။ သို့ပေမဲ့ သူ တိုက်ခိုက်ရ ပေလိမ့်မည်။ “ရွှေဒင်္ဂါးတစ်ထောင် လိုက်မယ်”
“ဒါဆိုရင် ကတ်ဖွင့်ရအောင်” နှစ်ယောက်သားသည် ကတ်ပြားကို အသီးသီး ဖွင့်လိုက်၏။ ရှမ့်လန် အနိုင်ရ သွားသည်။
သို့ပေမဲ့ ဤအရာက အစသာ ရှိသေး၏။ ထို့နောက်တွင်မူ သူ၏ ဘဝတစ်သက်တာ မကြုံစဖူးသော ကြောက်မက်ဖွယ်ရာ အိပ်မက်ဆိုးကြီးတစ်ခု စတင်တော့မည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် နောက်ပိုင်းကစားပွဲတိုင်းတွင် ရှန်လန်သည် အံစာလှန်မကြည့်ဘဲ ရွှေဒင်္ဂါး ၁၀၀၀ ကို တိုက်ရိုက်ပုံအောကာ လောင်းတော့၏။
ပြီးတော့... သူနိုင်သည်၊ နိုင်သည်၊ တောက်လျှောက်နိုင်လေသည်။
နံပါတ် ဆယ့်လေး၏ နဖူးပြင်တွင် ချွေးစေးများ စို့တက်လာ၏
သို့သော်... ဤသည်မှာ အစပျိုးရုံမျှသာ ရှိသေးသည်။
နိုင်လွန်းသောကြောင့် နံပါတ်ဆယ့်လေးသည် တစ်ကိုယ်လုံး တုန်တုန်ယင်ယင်ဖြစ်လာပြီး ချွေးစေးများပြန်ကာ သူ၏ဘဝဖြစ်တည်မှုကိုပင် သံသယဝင်လာသည်အထိ ဖြစ်လာ၏။ တကယ့် ငရဲကျခြင်းပါပဲတကား။