အပိုင်း (၃၇)
Vol. 3 Ch. 37
ကတ်များပေါ်တွင် မည်သည့် အမှတ်အသားမှ မရှိကြောင်း နံပါတ်ဆယ့်လေးက သိရှိပြီး ဖြစ်၏။ ထို့ကြောင့် လိမ်ညာကာ ဆော့ကစားရန်ဆိုသည်မှာ မဖြစ်နိုင်ချေ။ သို့ပေမဲ့ ရှမ့်လန်သည် အကြိမ်တိုင်းနိုင်လို့ နေခဲ့၏။ မည်ကဲ့သို့ ကံတရားများ ဖြစ်သနည်း။ ၎င်းသည် မြို့စားအိမ်တော်၏ သမီးတော်ဖြင့် လက်ထပ်ခဲ့သည်မှာ မကြာသေးချေ။ ဤမျှ မောက်မာနေလေသည်လား။
ပြောရမည်ဆိုလျှင် ဤအကောင်သည် ကတ်ပြားကို ကြည့်ပင် မကြည့်ခဲ့ချေ။ တိုက်ရိုက် ဆိုသလိုပဲ ရွှေဒင်္ဂါးတစ်ထောင်ကို အသုံးပြုကာဖြင့် ထပ်တလဲလဲ လောင်းလျက် ရှိနေ၏။ တစ်ခါတစ်ရံ ဆိုလျှင် ရွှေဒင်္ဂါးနှစ်ထောင်ကိုပင် ထုတ်ကာ လောင်းသေး၏။ ဤကဲ့သို့ ပြုလုပ်ရန် သတ္တိကို မည်သူက ပေးထား သနည်း။ အဘယ်ကြောင့် ဤမျှ ကြီးမားသည့် သတ္တိတရားနှင့် ပြည့်စုံနေရသနည်း။
ဤနေရာသည် သူ၏လောင်းကစားရုံပင် ဖြစ်၏။ သို့ပေမဲ့ တစ်ဖက်လူသည် သူ၏ လောင်းကစားရုံအား မိမိအိမ်ကဲ့သို့ သတ်မှတ်ကာဖြင့် ဆော့ကစားလျက် ရှိနေ၏။
ဟုတ်ပေသည်။ ရှမ့်လန်သည် ကတ်များကို သေသေချာချာ မမြင်ရခင်မှာဘဲ လောင်းကစားလျက် ရှိနေပြီး တစ်ခါတည်း အနိုင်ယူလျက် ရှိသည်။ အားအင်စိုက်ထုတ်မှု ကင်းမဲ့နေသလိုပင်။
ဘေးတစ်ဖက်တွင် ရှိနေသည့် လောင်းကစားသမားများသည် အံ့ချီးနပမ်းဖြစ်သည့်အပြင် ပါးစပ် အဟောင်းသား ဖြစ်လို့နေ၏။ ဤကဲ့သို့ အံ့အားသင့်စရာ မြင်ကွင်းမျိုးကို သူတို့ တစ်ခါမှ မမြင်ခဲ့ဖူးချေ။ ဆက်တိုက်အနိုင်ယူခြင်း ဆိုသည်မှာ ဖြစ်နိုင်သည့်အရာမျိုး မဟုတ်ချေ။ သို့ပေမဲ့ ဆက်တိုက်ဆိုသလိုပဲ အနိုင်ယူလျက် ရှိနေ၏။ ရှမ့်လန်သည် ရှစ်ကြိမ်တိတိ အနိုင်ယူပြီးဖြစ်၏။ ရွှေဒင်္ဂါး တစ်သောင်းကျော်ကိုလည်း အနိုင်ရရှိပြီး ဖြစ်၏။ ကြားပင် မကြားခဲ့ဖူးချေ။
နဝမမြောက် လောင်းကစား အလှည့်ဆီသို့ ရောက်ရှိသည့် အချိန်မှာတော့ နံပါတ်ဆယ့်လေးသည် ပြိုလဲလုမတတ်ပင် ဖြစ်လို့နေ၏။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ချွေးစေးများ ပြန်လျက်ရှိနေပြီး လက်များသည်လည်း တဆတ်ဆတ် တုန်ယင်နေ၏။
မည်သို့ ဖြစ်နိုင်မည်နည်း။ သူသည် ရွှမ်ဝူမြို့တွင် နံပါတ်တစ် လောင်းကစားဘုရင်ဖြစ်၏။ အဘယ်ကြောင့် သူ ရှုံးနိမ့်ရသနည်း။
“ငါတော့သေပြီ။ ငါတော့ သေပြီပဲ” သူသည် စိတ်ထဲတွင် ထပ်တလဲလဲ ရေရွတ်လျက် ရှိနေသည်။
ရှမ့်လန်သည် ရွှေဒင်္ဂါး သောင်းသုံးထောင်ကို အနိုင်ရရှိခဲ့ပြီးပြီ ဖြစ်၏။ ယခင် အနိုင်ယူထားသည့်အရာများနှင့် ပေါင်းမည်ဆိုပါက ချေးငှားထားခဲ့သည့် ရွှေဒင်္ဂါးတစ်ထောင်ကို ပြန်လည်နုတ်မည် ဆိုလျှင်တောင်မှ ရှမ့်လန်သည် စုစုပေါင်း ရွှေဒင်္ဂါး သောင်းခြောက်ထောင်ကို အနိုင်ရရှိခဲ့ပြီးဖြစ်၏။ များပြားလွန်းလှချေ၏။
ကြေးတစ်ပြားမှပင် ယူဆောင်မလာဘဲနှင့် ရွှေဒင်္ဂါး သောင်းခြောက်ထောင်ကို အနိုင် ရရှိခြင်းဆိုသည်မှာ အံ့အားသင့်စရာပင်။
သူကတော့ ကပ်ဘေးဆိုက်လေပြီ။ ဂိုဏ်းချုပ်သည် သူ့ကို အရေခွံခွာပေတော့မည်။ ရုတ်တရက် မူးနောက်နောက် ခံစားလိုက်ရသည်။
“ကျေးဇူးပြုပြီး” နံပါတ်ဆယ့်လေးသည် တုန်ယင်နေသည့်အသံဖြင့် ပြောလိုက်၏။ သူ့အနေနှင့် ထပ်မံရှုံး၍ မဖြစ်တော့ချေ။ မူလအားဖြင့် ယခုကဲ့သို့ များများစားစား ရှုံးနိမ့်ခြင်းကို လက်သင့်ခံလိမ့်မည် မဟုတ်ချေ။
သူ့အနေနှင့် တစ်ကြိမ်ဆော့ကာ ရှုံးနိမ့်သွားသည့်နောက် ထပ်မံကာ အနိုင်ယူချင်၏။ ထို့ကြောင့်ပင်လျှင် ပြန်နိုင်မလားဆိုသည့် မျှော်လင့်ချက်နှင့် ထပ်တလဲလဲ ဆော့ကစားရင်း သူပင် ရှုံးနိမ့်ခဲ့ရ၏။ ဘာမှန်းမသိဘဲ ရွှေဒင်္ဂါးသောင်းခြောက်ထောင်ကို ရှုံးနိမ့်ခဲ့ပြီးပြီ ဖြစ်၏။ လောင်းကစားရုံ တစ်ခုလုံး၏ တစ်နှစ်စာ အမြတ်အစွန်း ထက်ပင် ပိုမိုကာ များပြားလျက် ရှိနေ၏။ ထို့ကြောင့် သူ အသတ်ခံရနိုင်၏။
နံပါတ်ဆယ့်လေးသည် မတ်တပ်ထရပ်ပြီးသည့်နောက် အနောက်သို့လန်ပြီး မူးမေ့လဲလုမတတ် ဖြစ်နေ၏။ လောင်းကစားစားပွဲဆီမှ အသာခွာပြီးသည့်နောက် ရှစ်မိသားစုဆီသို့ ပြေးသွားလိုက်၏။ သူ့အနေနှင့် ဤကိစ္စကို ချက်ချင်းပဲ ဂိုဏ်းချုပ်ဆီသို့ အစီရင်ခံရမှာဖြစ်၏။ အခြေအနေသည် သူထိန်းချုပ် ထားနိုင်သည်ထက် သာလွန်လျက် ရှိနေ၏။ အရာအားလုံးသည် လက်လှမ်းမမီကဲ့သို့ပင်။
သို့ပေမဲ့ နံပါတ်ဆယ့်လေး ထွက်ခွာသွားသွားချင်းမှာပဲ လောင်းကစားရုံသည် ကပ်ဘေးဆိုက်လေသည်။ ရှမ့်လန် သည် ရှိရှိသမျှသော လောင်းကစား စားပွဲများဆီသို့ သွားရောက်ကာဖြင့် အရာအားလုံးတို့ကို ဆော့ကစားပြီး အနိုင်ယူလျက် ရှိနေလေ၏။ လောင်းကစားရုံထဲတွင် ရှိနေသည့် တာဝန်ခံများ၊ စားပွဲထိုးများ၊ အားလုံးသော သူတို့သည် ခန္ဓာကိုယ်များပင် တုန်ယင်လျက် ရှိနေ၏။
လောင်းကစားသမားများ အားလုံးသည်လည်း အုတ်အော်သောင်းနင်း ဖြစ်လို့နေခဲ့၏။ ယခင်တုန်းက ဤကဲ့သို့သော လောင်းကစားမှုများကို သူတို့ မမြင်ခဲ့ဖူးချေ။ တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှသည်။
ရှမ့်လန်သည် ထိုသူတို့ကို ကြည့်ကာ ပြောလိုက်၏။ “ဒီနေရာမှာ ဘာလို့ရပ်နေတာလဲ။ ကျုပ်နဲ့တူတူ လိုက်ပြီး ကစားကြလေ”
လောင်းကစားသမား တစ်ရာကျော်တို့သည် ပထမ ဆွံအသွားခဲ့ကြ၏။ ပြီးနောက် အလုံးစုံ ရူးသွပ် သွားကြတော့သည်။ လောင်းကစားသမား တစ်ရာကျော်တို့သည် ရှမ့်လန်နှင့်အတူ လိုက်လံကာ လောင်းကြ၏။ ရှမ့်လန် ဘာလောင်းလောင်း ၎င်းတို့က လိုက်သည်။
လူချမ်းသာ လောင်းကစားရုံသည် လက်ရှိအခြေအနေမှာတော့ ကပ်ဘေးဆိုက်ပြီ ဖြစ်၏။ ရှမ့်လန်သည် ပထမတုန်းက တစ်ယောက်တည်း အနိုင်ယူခဲ့၏။ ယခု လောင်းကစားရုံထဲတွင် ရှိနေသည့် ကစားသမားများ အားလုံးသည် အတူတကွ အနိုင်ယူနေပြီ ဖြစ်၏။ ရှုံးနိမ့်သူဆိုသည်မှာ ထျန်းဟန်၏ လူချမ်းသာ လောင်းကစားရုံသာလျှင် ရှိ၏။
လောင်းကစားရုံထဲတွင် ရှိနေသည့် တခြားသော ဒိုင်ခံဝန်ထမ်းအားလုံးတို့သည် ဤရလဒ်ကို မည်သို့မှ မခံစားနိုင်တော့ချေ။ ၎င်းတို့သည် ရင်ဘတ်ကို ဖိနှိပ်ကာဖြင့် သတိလစ် မေ့မျောသွားခဲ့ကြ၏။ တချို့ဆိုလျှင် ပါးစပ်ထဲမှ အမြှုပ်များပင် ထွက်လျက်ရှိနေ၏။ ခန္ဓာကိုယ်များကလည်း တဆတ်ဆတ်နှင့် တုန်ယင်နေသည်။
“လောင်းကစားဘုရင်၊ လောင်းကစားဘုရင်၊ လောင်းကစားဘုရင်”
“ဆရာရှမ့် သက်ရှည်ကျန်းမာပါစေ” လောင်းကစားရုံ တစ်ခုလုံးသည် အုတ်အော်သောင်းနင်း ဖြစ်လို့နေ၏။
ရှမ့်လန်သည် လောင်းကစားသမားအားလုံးတို့၏ သူရဲကောင်း ဖြစ်လာခဲ့၏။ မူလအားဖြင့် နံပါတ် ဆယ့်လေး သို့မဟုတ် ဆိုင်တာဝန်ခံ မည်သူပဲဖြစ်ဖြစ် လောင်းကစားခြင်းကို ရပ်တန့်ရပေမည်။ လောင်းကစားရုံကို ခဏတာ ပိတ်ပင်ထားရမည် ဖြစ်သည်။
သို့ပေမဲ့ နံပါတ်ဆယ့်လေးသည် ထျန်းဟန်းဆီသို့ သတင်းပေးပို့ရန် ထွက်ခွာသွားခဲ့ပြီ ဖြစ်၏။ ထို့ကြောင့် လောင်းကစားရုံကို ပိတ်ရန် အချိန်မရခဲ့ချေ။ ထို့ကြောင့်ပင်လျှင် ရှမ့်လန်သည် လောင်းကစားသမား တစ်ရာကျော်ကို ခေါ်ဆောင်ကာဖြင့် လူချမ်းသာ လောင်းကစားရုံတွင် ရှိနေသည့် ငွေကြေးများအားလုံးကို ယူဆောင်ရန် အခွင့်အရေး ဖြစ်လို့နေသည်။
...........
ရှစ်မိသားစု၏ မိသားစုအိမ်ယာ
ထျန်းဟန်သည် ကျယ်လောင်စွာ ရယ်မောလိုက်၏။ “ဟား ဟား ဟား”
ထျန်းဟန်က ပြောလိုက်သည်။ “မနေ့တုန်းက ရှမ့်လန်က ကျုပ်ဆီကို လာပြီးတော့ ကျုပ်ကိုယ်တိုင် ကျုပ်တပည့်ရဲ့ ခြေထောက်တွေကို ရိုက်ချိုးမယ်လို့ ပြောခဲ့တယ်။ ကျမ်းသစ္စာတောင် ကျိန်ဆိုခဲ့သေးတယ်။ တကယ့်ကို ရယ်ရတဲ့ကောင်ပဲ”
ရှစ်ကွမ်းယွမ်က ပြောလိုက်၏။ “သူလား။ မြို့စားအိမ်တော်ရဲ့ သမက်တော် ဖြစ်လာခဲ့ပြီးတည်းက သူ့နေရာသူ မသိတော့တဲ့ပုံပဲ”
ထျန်းဟန်က ပြောလိုက်သည်။ “မြို့စားအိမ်တော်ရဲ့ သမက်တော် ဖြစ်လာပြီးတဲ့နောက်မှာ ကျုပ် သူ့ကို မထိရဲဘူး။ သူက ကျုပ်ကို ခြိမ်းခြောက်ခဲ့တယ်ဆိုရင်တောင် ကျုပ်သူ့ကို သတ်လို့မရဘူး။ အခု သူက ကျုပ်တပည့်ကို ကျုပ်ကိုယ်တိုင် ခြေထောက်ရိုက်ချိုးရမယ်လို့ ခိုင်းချင်သေးတယ်။ သူ အိမ်မက် မက်နေတာပဲ ဖြစ်ရမယ်”
“အရှင်မင်းကြီးက တော်ဝင်မျိုးနွယ်ဟောင်းတွေရဲ့ အခွင့်အာဏာတွေကို ပြန်လည်ပြီး သိမ်းဆည်းချင်နေ တာလေ။ မြို့စားရွှမ်ဝူက ဒေသခံအမှုထမ်းတွေရဲ့ ကိစ္စရပ်ကို ဝင်ပြီးရှုပ်မယ်ဆိုရင် ကျိန်းသေပေါက် ပြဿနာတက်မှာ သေချာတယ်”
သူသည် ထိုကိစ္စကြောင့်ပင် မောက်မာနေခြင်းဖြစ်၏။ မြို့တော်ဝန်၏ ထောက်ပံ့မှုနှင့်အတူ စီရင်စု အုပ်ချုပ်ရေးရုံးဆီမှ ထောက်ပံ့မှုကို ရရှိထားသောကြောင့် မည်သည့်အရာကိုမှ မကြောက်လန့်တော့ချေ။
“မူလအားဖြင့် သူက မြို့စားအိမ်တော်က သမီးတော်နဲ့ လက်ထပ်ပြီးတဲ့နောက်မှာ ကျုပ်တို့ သူ့ကို သတ်ချင်တယ်ဆိုရင်တောင် သတ်လို့ရမှာ မဟုတ်ဘူးဆိုတာကို သိတယ်လေ။ သူ့ရဲ့ဆံပင်ကိုတောင် ကျုပ်တို့ ထိလို့ရမှာ မဟုတ်ဘူးဆိုတာ နားလည်သွားတာဖြစ်မယ်”
ထျန်းဟန်က ပြောလိုက်၏။ “ဒါပေမဲ့ မထင်မှတ်ထားလောက်အောင်ဘဲ ဒီကောင်က ကျုပ်ဆီကိုတောင် လာပြီး သေလမ်းလာရှာနေတယ်”
ရှစ်သခင်ကြီးက ပြောဆိုလိုက်သည်။ “အင်း... ထားလိုက်တော့။ ဒီလိုအကောင်မျိုးက ဘာအသုံးကျမှာ မလို့လဲ”
ရှစ်ကွမ်းယွမ်က မေးလိုက်၏။ “ဒါနဲ့ လောင်းကစားရုံက ဘယ်လိုနေလဲ”
“ဒါ.. ဒါက နတ်ဆိုးမိစ္ဆာ သားရဲတွင်းကြီးလိုပဲလေ။ ရှမ့်လန်က အမှိုက်တစ်ခုမလို့ ပြောစရာ မလိုဘူး။ ကျိန်းသေပေါက် ရှုံးမှာပဲ။ ရွှေဒင်္ဂါးနှစ်ထောင်၊ သုံးထောင်လောက်သာ ရှုံးသွားမယ်ဆိုရင် ကျုပ်တို့ သူ့ကို ထိုင်ကြည့်နေစရာ မလိုတော့ဘူး”
ရှစ်သခင်ကြီးက ပြောလိုက်သည်။ “ရွှေဒင်္ဂါး တစ်သောင်းလောက်သာ ရှုံးသွားမယ်ဆိုရင် ဘာမှ မလိုတော့ဘူး။ မြို့စားကြီးရွှမ်ဝူကိုယ်တိုင် သူ့ကို ခြေတွေလက်တွေ ရိုက်ချိုးပြီး မိသားစုထဲကနေ နှင်ထုတ်လိမ့်မယ်”
ထျန်းဟန်က ပြောလိုက်၏။ “ဒါမှမဟုတ် သေအောင် ရိုက်သတ်တာမျိုးလည်း ဖြစ်နိုင်တယ်လေ။ ဒီတစ်ကြိမ် မှာတော့ ရှမ့်လန်က တကယ့်ကို သေပြီပဲ။ ကိုယ့်သေတွင်း ကိုယ်ရှာနေတဲ့ကောင်ပဲ”
ရှစ်ကွမ်းယွမ်က ပြောလိုက်သည်။ “အမှိုက်ဆိုတာ အမြဲတမ်း အမှိုက်ဖြစ်နေမှာပဲလေ။ မြို့စားကြီး သူ့ကို အပြစ်ပေးတဲ့အထိ ကျုပ်တို့ စောင့်ကြတာပေါ့”
ထိုအချိန်မှာပဲ လူချမ်းသာလောင်းကစားရုံ၏ နံပါတ်ဆယ့်လေးသည် အထဲသို့ လှမ်းဝင်လာခဲ့၏။ ၎င်း၏ မျက်နှာတစ်ခုလုံးသည် သွေးဆုတ် ဖြူလျော်လျက် ရှိနေပြီး ခန္ဓာကိုယ်တစ်ခုလုံး အားအင်ကင်းမဲ့နေသည့် ပုံပင်။ နံပါတ်ဆယ့်လေးသည် အရှေ့ဆီ၌ ရုတ်တရက် ဒူးထောက်ကာ ထိုင်ချပြီး တုန်ယင်နေသည့် အသံဖြင့် ပြောလိုက်၏။ “ဂိုဏ်း... ဂိုဏ်းချုပ် တကယ့်ကို ကိစ္စကြီးဖြစ်ပြီပဲ”
သို့ပေမဲ့ သူသည် မည်သည့်အသံမှ မထွက်နိုင်ချေ။ ပါးစပ်ထဲမှ စကားလုံးများသည် လည်ချောင်းဝတွင် တစ်ကာဖြင့် တဝူးဝူးအသံသာ ထွက်ပေါ်နေသည်။
ထျန်းဟန်သည် နံပါတ်ဆယ့်လေးကို သိပ်ပြီး နှစ်သက်သည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူ၏ သိုင်းပညာသည် မမြင့်မားသောကြောင့်ပင်။ သူသည် နံပါတ်ဆယ့်သုံးကိုသာ ပိုမိုကာ ချစ်ခင်၏။ သို့ပေမဲ့ နံပါတ်ဆယ့်လေးသည် လောင်းကစားခြင်းတွင် တော်လွန်းပြီး သူ့အတွက် အသုံးဝင်၏။ ထို့ကြောင့် လောင်းကစားရုံကို စောင့်ကြပ်ရန် တာဝန်ပေးခဲ့ခြင်းဖြစ်၏။
ဤတစ်ကြိမ် နံပါတ်ဆယ့်လေး၏ မောပန်းတကြီးဖြင့် ပြာယာခတ်နေသည့် မြင်ကွင်းကို မြင်ရသည့် အချိန်မှာတော့ ထျန်းဟန်သည် ဒေါသတကြီးဖြင့် ထကာ အော်ဟစ်လိုက်သည်။ “ဘယ်လိုဖြစ်နေရတာလဲ။ ကျက်သရေတုံးလိုက်တာ။ မင်း မိန်းကလေးတွေနဲ့ နေ့စဉ်နေ့တိုင်း ဘယ်လို ကလူကျီစယ်ရမလဲ ဆိုတာပဲ သိတယ်။ အခု မင်းရဲ့ ခန္ဓာကိုယ် ဘယ်လောက် အခြေအနေဆိုးနေပြီလဲ။ မိုင်အနည်းငယ်လောက် ပြေးပြီးရင် ခွေးလို လျှာကြီးထွက်နေပြီ။ စကား သေသေချာချာ မပြောနိုင်တော့ဘူး။ ရှက်စရာပဲ”
နံပါတ်ဆယ့်လေးသည် ထိုအခြင်းအရာကို ကြားသည့်အချိန်မှာတော့ ချက်ချင်းပဲ ထျန်းဟန်အား ဦးညွတ်လိုက်၏။
ရှစ်ကွမ်းယွမ်က ရယ်မောလိုက်သည်။ “အစ်ကိုထျန်းဟန်.. ခင်ဗျားရဲ့ မွေးစားသားက တကယ့်ကောင်ပဲ”
ထျန်းဟန်က ပြောလိုက်၏။ “ဘယ်လိုဖြစ်ပြီး ဒီနေရာကို ရောက်လာတာလဲ။ ဟိုသတ္တဝါကောင် ရှမ့်လန် ဘယ်ရောက်သွားပြီလဲ။ ပြီးသွားပြီလား။ သူ ဘယ်လောက်ရှုံးသွားတာလဲ။ ရွှေဒင်္ဂါးတစ်သောင်းလား။ သူ့ကို အသက်ရှင်လျက် အရေခွံခွာပစ်မှ ဖြစ်မယ်”
ရွှေဒင်္ဂါးတစ်သောင်း ဆိုသည်မှာ မြို့စားအိမ်တော် ပေးအပ်နိုင်သည့် အောက်ခြေစည်းမျဉ်းထက် သာလွန်နေသော ပမာဏဖြစ်၏။ ထို့အပြင် မြို့စားအိမ်တော်သည် နက်နဲသည့် သမိုင်းကြောင်းကို ပိုင်ဆိုင်ပြီး အခြေခံ အရင်းအမြစ်များ များပြားသည်ဆိုလျှင်တောင်မှ အလကားသက်သက်နှင့် ရွှေဒင်္ဂါးတစ်သောင်းကျော် ကို စိုက်ထုတ်ပေးလိမ့်မည် မဟုတ်ချေ။
ထို့အပြင် ရွှမ်ဝူအိမ်တော်သည် ၎င်းတို့၏ စစ်တပ်ကြီးကို ထောက်ပံ့ရန်အတွက် ခုနှစ်ဆယ် ရာခိုင်နှုန်းသော ငွေများကို အသုံးပြုနေရ၏။ တကယ်တမ်းမှာတော့ မြို့စားအိမ်တော်၏ ငွေကြေးပိုင်းဆိုင်ရာ အခြေအနေသည် လျှို့ဝှက်ချက်တစ်ခု ဖြစ်သော်လည်း ရှစ်မိသားစုနှင့် ထျန်းဟန်တို့သည် ကျိန်းသေပေါက် တွက်ချက်ခဲ့ပြီးပြီ ဖြစ်၏။
ရွှမ်ဝူအိမ်တော်၏ နေ့စဉ် အသုံးပြုမှု စရိတ်အားလုံးတို့သည် တစ်လစာရရှိသည့် ဝင်ငွေနှင့် ကိုက်ညီလို့ပင် နေလေ၏။ ရွှမ်ဝူအိမ်တော်အတွက် ရွှေဒင်္ဂါးတစ်သောင်းဆိုသည်မှာ နည်းပါးသည့် အရေအတွက် မဟုတ်ချေ။ ရှမ့်လန်သာ ဤပိုက်ဆံများကို ရှုံးနိမ့်ခဲ့ပါက မြို့စားအိမ်တော်ဆီမှ နှင်ထုတ်ခြင်းကို ခံရပြီး သေမတတ် ရိုက်နှက်ခံရပေလိမ့်မည်။
ဂိုဏ်းချုပ်၏ စကားကို ကြားရသည့်အချိန်မှာတော့ နံပါတ်ဆယ့်လေးသည် ကြောက်လန့်မှုများကြောင့် တစ်ကိုယ်လုံး တုန်ယင်သွားခဲ့၏။ သူ မပြောရဲချေ။ ရှမ့်လန်တစ်ယောက် ရွှေဒင်္ဂါး သောင်းခြောက်ထောင် ကျော်ကို အနိုင်ရရှိခဲ့သည်ဟု သူပြောဆိုလိုက်ပါက ကျိန်းသေပေါက် သူ့ကို ထကာ ကန်ပေလိမ့်မည်။
ရှစ်ကွမ်းယွမ်က ပြောလိုက်သည်။ “အစ်ကိုထျန်းဟန်... မြို့စားအိမ်တော်က မပေးဘူးဆိုရင်ကော ဘယ်လို လုပ်မလဲ”
ထျန်းဟန်က နှာခေါင်းရှုံ့လိုက်၏။ “ရှမ့်လန်က ကျုပ်မိသားစုရဲ့ ရွှေဒင်္ဂါးတွေကို လောင်းကစားလုပ်ဖို့ ချေးယူ ခဲ့တယ်လေ။ ပြီးတော့ သဘောတူညီမှု စာချုပ်လည်း ရေးထားခဲ့သေးတယ်။ ပြီးတော့ လောင်းကစား လုပ်ဖို့အတွက် ရှမ့်လန်က သူ့ဘာသူ လာခဲ့တာ။ ကျုပ် သွားခေါ်တာမှ မဟုတ်တာ။ ကျိန်းသေပေါက် ပေးရမှာပေါ့”
ရှစ်ကွမ်းယွမ်က ပြောလိုက်သည်။ “ဘာပဲပြောပြော ကျုပ်တို့က မြို့စားအိမ်တော်နဲ့ ပြဿနာတက်ဖို့ အခြေအနေ ရှိတယ်”
ထျန်းဟန်သည် သက်ပြင်းကိုချလိုက်၏။ သူ မလုပ်ချင်လည်း လုပ်ရပေတော့မည်။ သူသည် ဂိုဏ်းခေါင်းဆောင် တစ်ယောက်သာလျှင်ဖြစ်၏။ ရွှမ်ဝူမြို့စားကြီးဆိုသည့်လူနှင့် သွားရောက်ကာ ဖက်ပြိုင်တု၍ မည်သို့ဖြစ်မည်နည်း။ သို့ပေမဲ့ နည်းလမ်း မရှိတော့ချေ။ ရှမ့်လန်.. ဤခွေးကောင်သည် သူ့ကို အခွင့်အရေးယူကာဖြင့် ဒုက္ခပေးခဲ့၏။ ထို့ကြောင့် သူ ကျိန်းသေပေါက် တိုက်ခိုက်ရပေလိမ့်မည်။
သူ့အနေနှင့် သူ၏မွေးစားတပည့် နံပါတ်ဆယ့်သုံး၏ ခြေထောက်ကို ရိုက်မချိုးချင်ပေ။ သူ၏တပည့်သည် သူ့အတွက် တကယ့်ကို အားကိုးရသည့် လူတစ်ယောက်ဖြစ်၏။ အကယ်၍ ရိုက်ချိုးခဲ့သည်ဆိုပါက ရွှမ်ဝူမြို့ ထဲတွင် သူ မည်သည့်မျက်နှာဖြင့် ဆက်လက်ကာ နေထိုင်ရမည်နည်း။
ထျန်းဟန်သည် ဤကဲ့သို့သော အတွေးများကို အပြင်ဘက်သို့ ထုတ်ဖော်ကာ ပြောဆိုလိမ့်မည် မဟုတ်ချေ။ ထိုအစား တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်၏။ “အခု မြို့တော်ဝန်အိမ်တော်၊ စီရင်စုအုပ်ချုပ်သူတွေ အကုန်လုံးက ကျုပ်ရဲ့အနောက်မှာ ရှိနေတယ်။ နိုင်ငံတစ်ခုလုံးကလည်း စည်းမျဉ်းဥပဒေ အသစ်တွေနဲ့ လှုပ်ရှားနေတာ။ မြို့စားအိမ်တော်က အဲဒီစည်းမျဉ်းဥပဒေအသစ်တွေရဲ့အောက်မှာ ဖိနှိပ်ခြင်းကို ခံထားရတယ်။ ကျုပ်တို့ မြို့စားအိမ်တော်ကို ဖျက်ဆီးပစ်လို့ရပြီ”
“ကောင်းပြီ”
ရှစ်ကွမ်းယွမ်က ပြုံးကာပြောလိုက်၏။ “ကျုပ်တို့ မြို့စားအိမ်တော်ကို ဖျက်ဆီးဖို့အတွက် ရှမ့်လန်ကို အသုံးပြုသလိုတောင် ဖြစ်သွားပြီ။ မြို့စားအိမ်တော်က တကယ့်ကို ကံဆိုးပြီပဲ”
ထျန်းဟန်က ပြုံးလိုက်၏။ ထျန်းဟန်သည် ရွှမ်ဝူမြို့ထဲတွင် အခြေတကျ နေထိုင်နိုင်ရန်အတွက် အုပ်ချုပ်ရေးမှုး ကျန်းချုံးကို နောက်ခံအဖြစ် အားကိုးထားရ၏။ ထို့အတွက် ထျန်းဟန်သည် နှစ်စဉ်နှစ်တိုင်း ဆိုသလိုပဲ ရွှေဒင်္ဂါး သောင်းဂဏန်းကို ပေးအပ်ရ၏။ အကာအကွယ်စရိတ် ကဲ့သို့ပင်။ လောင်းကစားရုံ ငါးခုဆီမှ ရရှိသည့် တစ်နှစ်တာ ဝင်ငွေ သုံးဆယ့်ငါးရာခိုင်နှုန်းသည် အုပ်ချုပ်သူ ကျန်းချုံးဆီသို့ ပေးအပ်သည့်အရာဖြစ်၏။ ထိုကဲ့သို့သော ရွှေဒင်္ဂါများကို လက်ဝယ်ကျ သွားရောက်ပေးအပ်ရသည့်လူသည် ရှစ်ကွမ်းယွမ်ပင် ဖြစ်သည်။
ရှစ်ကွမ်းယွမ်က ပြောလိုက်၏။ “အစ်ကိုထျန်း... စိတ်မပူနဲ့။ အုပ်ချုပ်ရေးမှုး ကျန်းချုံးက ခင်ဗျားဘက်မှာ ရှိနေမှာ။ ခင်ဗျား ရှမ့်လန်ရဲ့ သဘောတူညီမှုစာချုပ်ကို ယူပြီးတော့ မြို့စားအိမ်တော်ဆီ ပိုက်ဆံသွားတောင်းဖို့သာ ပြင်ထားတော့”
အရေးအကြောင်း အခြေအနေမျိုးတွင် ထိုက်ချူးစီရင်စု အုပ်ချုပ်ရေးမှုး နှင့် ရွှမ်ဝူအိမ်တော် မြို့စားကြီးတို့၏ ပဋိပက္ခကြားတွင် သူသည် လက်နက်တစ်ခု ဖြစ်လာသည်ဟု ထျန်းဟန်က ကောင်းကောင်းနားလည်၏။ သို့ပေမည့် သူ့၌ ရွေးချယ်စရာ မရှိချေ။
“ကောင်းပြီ”
ထျန်းဟန်က ရယ်မောလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “ကျုပ်ဆီမှာ တခြားစွမ်းရည်တော့ မရှိဘူး။ ဒါပေမဲ့ ကျုပ်မှာ သတ္တိရှိတယ်။ ရှမ့်လန်ရဲ့ သဘောတူညီမှု စာချုပ်ကိုယူပြီး မြို့စားအိမ်တော်ကို နေ့ခင်းဘက် ပိုက်ဆံသွားတောင်းမယ်။ မြို့စားကြီးရဲ့ မျက်နှာသွင်ပြင် ဘယ်လို ဖြစ်သွားမလဲဆိုတာ ကျုပ် ကြည့်လိုက်ချင်သေးတယ်”
“ဟား ဟား ဟား”
ရှစ်ကွမ်းယွမ်က ရယ်မောကာ ပြောလိုက်၏။ “တကယ့် ရယ်ရမှာပဲ။ ပြောနေဖို့တောင် မလိုဘူး”
ထျန်းဟန်က ပြောလိုက်သည် “နံပါတ်ဆယ့်လေး... မင်း ဘယ်လို ဖြစ်နေတာလဲ။ အမောပြေပြီလား။ ပြောစမ်း။ ရှမ့်လန် ဘယ်လောက်ရှုံးသွားပြီလဲ။ သူ ဘယ်လောက် အကြွေးတင်သွားပြီလဲ”
ခဏလောက်ကြာပြီးသည့်နောက် နံပါတ်ဆယ့်လေးသည် အသက်ရှုရန်အတွက် အချိန်ရလာခဲ့ပြီဖြစ်၏။ ထျန်းဟန်၏ မေးခွန်းကို ကြားရသည့်အချိန်မှာတော့ သူသည် မည်သို့မှ မနေနိုင်ဘဲ ပြန်လည်ကာ ဖြေဆို လိုက်ရ၏။ “ရွှေဒင်္ဂါး သောင်းခြောက်ထောင်ပါ”
“ဟား ဟား ဟား”
ထျန်းဟန်က ရယ်မောကာ ပြောလိုက်သည်။ “ကောင်းတယ်။ အရမ်းကောင်းတယ်”
ရှစ်မိသားစု ခေါင်းဆောင်သည်လည်း အလွန်အမင်း ပျော်ရွှင်သွားခဲ့၏။ “ရွှေဒင်္ဂါး သောင်းခြောက်ထောင် ဆိုတာ သူအများကြီး ရှုံးခဲ့တာပဲ။ ရှမ့်လန်ကတော့ ဒီတစ်ခါသေပြီပဲ။ မြို့စားကြီးက မျက်စိကန်းနေတာသာ မဟုတ်ရင် သူ့ကို ခြေတွေလက်တွေ ရိုက်ချိုးပြီပဲ”
ထျန်းဟန်သည် ရုတ်တရက် မတ်တပ်ထရပ်ကာ ပြောလိုက်၏။ “သွားကြရအောင်။ ကျုပ်တို့ သဘောတူညီမှု စာချုပ်ကို ယူပြီးတော့ မြို့စားအိမ်တော်မှာ ပိုက်ဆံသွားတောင်းမယ်”
ရှစ်ကွမ်းယွမ်က ပြောလိုက်သည်။ “စိတ်မပူနဲ့။ မြို့တော်ဝန်အိမ်တော်ကလည်း ခင်ဗျားနဲ့အတူ မင်းမှုထမ်း သုံးယောက်ကို ထည့်ပေးလိုက်မယ်။ ရှမ့်လန်ကို မြို့စားကြီး သတ်လိုက်ရင် အကောင်းဆုံးပဲ။ ဒါပေမဲ့ သူ မသတ်ဘူးဆိုရင်တောင်မှ ကျုပ်တို့ သတ်ရမယ်”
ထျန်းဟန်က ပြောလိုက်၏။ “နံပါတ်ဆယ့်လေး.. ရှမ့်လန်ဆီက သဘောတူညီမှု စာချုပ်က ဘယ်မှာလဲ”
နံပါတ်ဆယ့်လေး၏ ကျောရိုးမကြီးများသည် စိမ့်တက်သွားခဲ့၏။ လက်ရှိ အခြေအနေမှာတော့ သူသည် မတတ်သာပဲ မြေပေါ်သို့ နဖူးနှင့် တိုက်ချလိုက်၏။ သွေးများသည် ရဲကနဲ ပေါ်လာခဲ့သည်။ “ဂိုဏ်းချုပ်... ရွှေဒင်္ဂါးသောင်းခြောက်ထောင်ကို ရှုံးသွားတာ ရှမ့်လန် မဟုတ်ဘူး။ ကျုပ်တို့ ရှုံးသွားတာ”
ပြောပြီးသည့်နောက် နံပါတ်ဆယ့်လေးသည် အလုံးစုံ ပြိုလဲလုမတတ် ဖြစ်နေ၏။
ရယ်မောလျက် ရှိနေသည့် ထျန်းဟန်၏ မျက်နှာသွင်ပြင်သည် ရုတ်တရက် အေးခဲသွား၏။ သူသည် အလုံးစုံ ကြောင်အလျက် ရှိနေမိသည်။