အပိုင်း (၃၈)
Vol. 3 Ch. 38
သူ အလစ်အငိုက် မိသွားခဲ့၏။ သူ နားကြားများ လွဲနေသည်လား။ သို့မဟုတ် နဝေတိမ်တောင် ဖြစ်နေသည်လား။ ပြီးနောက် ထျန်းဟန်သည် ရှစ်ကွမ်းယွမ်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ တစ်ဖက်လူ၏ မျက်နှာပေါ်တွင်လည်း တုန်လှုပ်သည့် အမူအရာများဖြင့် တည်ရှိနေခဲ့၏။
“မင်းဘာပြောလိုက်တယ်”
ထျန်းဟန်သည် ပြန်လည်ကာ မေးမြန်းလိုက်သည်။ “ရှမ့်လန်က နိုင်တာလား၊ ရှုံးတာလား”
နံပါတ်ဆယ့်လေးက ပြောလိုက်၏။ “ရှမ့်လန် နိုင်သွားတာပါ။ သူ ရွှေဒင်္ဂါး သောင်းခြောက်ထောင်လောက်ကို နိုင်နေပြီ”
အတည်ပြုခဲ့ပြီးပြီ ဖြစ်၏။ ချက်ချင်းပဲ ထျန်းဟန်သည် မိုးကြိုးပစ် ခံလိုက်ရသကဲ့သို့ပင် ဖြစ်သွားခဲ့၏။ တုံ့ပြန်ရန် စွမ်းဆောင်ရည်ဟူ၍ မရှိတော့သည့်ပုံပင်။ ရွှေဒင်္ဂါး တစ်သောင်းခြောက်ထောင်.. တကယ့်ကို များပြားသည့် အရေအတွက်ပင် ဖြစ်၏။ သူ၏လောင်းကစားအိမ် အနေနှင့် တစ်နှစ်ကျော် ရှာလျှင်တောင်မှ ဤမျှ များပြားသည့် ငွေကြေးများကို ရရှိလိမ့်မည် မဟုတ်ချေ။
ယခု ထိုအရာများ အားလုံးသည် ရှမ့်လန်ကို ရှုံးနိမ့်ခဲ့ရလ၏။ ရှမ့်လန်ကို မသတ်ဖြတ်နိုင်သည့်အပြင် သူကိုယ်တိုင်ပင်လျှင် အရေခွံဆုတ်ခြင်းကို ခံနေရ၏။ မည်သို့ ဖြစ်နိုင်မည်နည်း။ နံပါတ်ဆယ့်လေး၏ လောင်းကစားခြင်း စွမ်းဆောင်ရည်သည် အံ့အားသင့်စရာဖြစ်ပြီး ရွှမ်ဝူမြို့တစ်ခုလုံးတွင် ပြိုင်ဘက်ကင်း၏။
ထို့အပြင် လူချမ်းသာ လောင်းကစားရုံ ဆိုသည်မှာ နံပါတ်ဆယ့်လေး၏ အိမ်ကွင်းပင်ဖြစ်၏။ မျက်စိမှိတ်ပြီး လောင်းကစား ပြုလုပ်မည် ဆိုလျှင်တောင်မှ အနိုင်ရရှိနိုင်၏။ လောင်းကစားနတ်ဘုရား ရောက်ရှိလာသည် ဆိုလျှင်တောင်မှ ကျိန်းသေပေါက် အတွင်းခံပင် မကျန်သည်အထိ ရှုံးနိမ့်သွားမည့် နေရာမျိုးပင်။ ထျန်းဟန်သည် မည်သို့ပင်တွေးတွေး ရှမ့်လန်၌ X-Ray အမြင်တစ်ခု တည်ရှိနေလိမ့်မည်ဟု ထင်မှတ်မိလိမ့်မည် မဟုတ်ချေ။ X-Ray အမြင်၏အောက်တွင် လောင်းကစားဘုရင်ပင်လျှင် ဘာမှ အစွမ်းပြနိုင်လိမ့်မည် မဟုတ်ချေ။
“သူဘယ်လို လုပ်ခဲ့တာလဲ”
ထျန်းဟန်သည် ရုတ်တရက် နံပါတ်ဆယ့်လေး၏ လည်ကုတ်ကို ဆွဲကိုင်ကာဖြင့် အော်ဟစ်လိုက်၏။ သူသည် နံပါတ်ဆယ့်လေးကို ဆွဲမလိုက်၏။ နံပါတ်ဆယ့်လေးသည် အသက်ရှူရန်ပင် ခက်ခဲလို့ နေ၏။
နံပါတ်ဆယ့်လေးသည် မျက်ရည်များ ဝိုင်းလျက်ရှိနေသည့် မျက်လုံးအစုံဖြင့် မော့ကြည့်ကာ ဖြေဆိုလိုက်သည်။ “မသိပါဘူး။ ဒီကောင်က သရဲတစ္ဆေလိုပဲ ကစားပွဲ၊ ကစားပွဲတိုင်းမှာ အနိုင်ယူသွားခဲ့တယ်”
ထျန်းဟန်က ပြောလိုက်၏။ “သူလိမ်ပြီး ကစားခဲ့တာလား။ သူ လိမ်ခဲ့တာလား”
“မဟုတ်ပါဘူး။ လိမ်တဲ့ပုံစံမျိုး တစ်ခါမှ မတွေ့ခဲ့ပါဘူး” နံပါတ်ဆယ့်လေးက အော်ဟစ် ငိုယိုလျက် ရှိနေသည်။
ထျန်းဟန်သည် ရုတ်တရက် ရှစ်ကွမ်းယွမ်ကို လှမ်းကာကြည့်ရှုလိုက်၏။ ပြီးနောက် တုန်ယင်နေသည့် လေသံဖြင့် ပြောလိုက်၏။ “အစ်ကိုရှစ်.. ထျန်းဟန်က ဘာမှ မဟုတ်ဘူးလို့ ခင်ဗျား ပြောခဲ့တယ်နော်။ ဘယ်လိုဖြစ်ပြီးတော့ ဘယ်သူမှ နားမလည်နိုင်တဲ့ စာလုံးတွေကို သိခဲ့တာလဲ။ အခု သူ လောင်းကစား လုပ်တဲ့နေရာမှာလည်း ကျွမ်းကျင် နေပြန်တယ်”
ထျန်းဟန်၏ မျက်နှာသွင်ပြင်ပေါ်ရှိ ကြွက်သားများသည် တဆတ်ဆတ်နှင့် တုန်ယင်လျက် ရှိနေသည်။
“အင်း.. ဒီမိစ္ဆာလိုကောင် ဘာလို့ မသေရသေးတာလဲ” ရှစ်ကွမ်းယွမ်သည် ရုတ်တရက် အော်ဟစ်လိုက်၏။
ထိုအချိန်မှာတော့ ရှစ်ချင်းချင်းသည် အထဲကို လျှောက်ဝင်လာကာဖြင့် ပြောလိုက်သည်။ “အဖေ၊ ဂိုဏ်းခေါင်းဆောင်ထျန်း ... ဒီနေရာမှာနေပြီး ဒေါသထွက်နေလို့ အလကားပဲ။ ဟိုကိုသွားပြီးတော့ ဘာဖြစ်တယ် ဆိုတာ သွားကြည့်တာ ပိုမကောင်းဘူးလား။ ဒါဆိုရင် အခြေအနေကို ပိုပြီးတော့ နားလည်မှာပေါ့”
မှန်ပေ၏။ ဤအရာသည် ယုတ္တိဗေဒကျလှ၏။ ထျန်းဟန်သည် ရုတ်တရက် မတ်တပ်ထရပ်ပြီးနောက် လူချမ်းသာ လောင်းကစားရုံဆီသို့ ထွက်ခွာသွားခဲ့၏။ သူ့အနေနှင့် တစ်မိနစ်လောက်ပင် အချိန်မဖြုန်းချင်တော့ချေ။ ရှမ့်လန်တစ်ယောက် သူ၏ လောင်းကစားရုံထဲတွင် ဘာတွေ လုပ်နေမည်နည်း။
ရှစ်ချင်းချင်း၏ အသံက နောက်မှ ထွက်ပေါ်လာခဲ့၏။ “ဂိုဏ်းခေါင်းဆောင်ထျန်း.. မြို့ရဲ့ အုပ်ချုပ်ရေးအဖွဲ့သား တွေနဲ့ ထိုက်ချူးစီရင်စု အုပ်ချုပ်သူတို့ကို သတင်းပို့ဖို့ မမေ့နဲ့အုံး”
ထျန်းဟန်သည် ထိုစကားကို ကြားသည့်အချိန်မှာတော့ နှလုံးသားတစ်ခုလုံး အနည်းငယ် တည်ငြိမ်သွားခဲ့၏။ သူ့တွင် နောက်ခံနှစ်ခု တည်ရှိ၏။ ပြဿနာ ဖြစ်ခဲ့သည်ဆိုလျှင်တောင်မှ ညှိနှိုင်းရန် အခြေအနေ ရှိနေသေး၏။ သူသည် မြင်းပေါ်သို့ အသာခုန်တက်ပြီးနောက် လူချမ်းသာ လောင်းကစားရုံဆီသို့ အလျင်အမြန်ဖြင့် သွားလေ တော့သည်။
ဆယ့်ငါးမိနစ်အတွင်းမှာပဲ သူ၏မြင်းသည် လူချမ်းသာ လောင်းကစားရုံ၏ အဝင်ဝဆီသို့ ရောက်ရှိလာခဲ့၏။ ထိုအချိန်မှာတော့ အထဲတွင် ရှိနေသည့် လောင်းကစားသမားများသည် အုတ်အော်သောင်းနင်း ဖြစ်လို့နေ၏။ ထျန်းဟန် ရောက်ရှိလာသည်ကို မြင်သည့်အချိန်မှာတော့ လောင်းကစားသမား တော်တော်များများတို့သည် အသာ လမ်းဖယ်ပေးကာဖြင့် ပြောလိုက်၏။ “ဆိုင်ရှင်ထျန်း ရောက်ပြီဟေ့။သူကိုယ်တိုင် ဆုံးဖြတ်ချက် ချပေးလိမ့်မယ်။ ကျုပ်တို့ကို ပိုက်ဆံပေး”
နှိုင်းယှဉ်၍မရအောင် ချောမောလှသော ရှမ့်လန်သည် ရုတ်တရက် လူအုပ်ကြားထဲမှ ထွက်လာကာဖြင့် ထျန်းဟန်ကို ပြုံးကာ နှုတ်ဆက်လိုက်သည်။ “ဂိုဏ်းခေါင်းဆောင်ထျန်း.. အဆင်ပြေရဲ့လား။ ခင်ဗျား အချိန်မှန် ရောက်လာတာပဲ။ ကျုပ် ခင်ဗျားတို့ လောင်းကစားရုံကနေပြီး ရွှေဒင်္ဂါး တစ်သောင်းကိုးထောင်တိတိ နိုင်ထားတယ်။ အခု ခင်ဗျား ကျုပ်ကို ပိုက်ဆံပေးတော့”
“ဟုတ်တယ်... ဒီမှာရှိတဲ့ လူပေါင်းတစ်ရာလောက်က ရွှေဒင်္ဂါး ခုနှစ်ထောင်လောက် နိုင်ထားသေးတယ်။ ဂိုဏ်းခေါင်းဆောင်ထျန်း.. အခုချက်ချင်း ပိုက်ဆံပေးပါ”
“ဘာ..”
ရွှေဒင်္ဂါး သောင်းခြောက်ထောင် မဟုတ်ဘူးလား။ အဘယ်သို့ ရွှေဒင်္ဂါးသောင်းကိုးထောင်အထိ ဖြစ်သွားရ သနည်း။ ထို့အပြင် ဤနေရာတွင် ရှိနေသည့် လောင်းကစားသမား တစ်ရာကျော်တို့ကလည်း ရှမ့်လန်နှင့်အတူ ရွှေဒင်္ဂါး ခုနှစ်ထောင်ကျော်ကို အနိုင်ရရှိခဲ့သေးသည်ဟု ပြောဆိုနေလေ၏။ ထို့သို့ဆိုလျှင် စုစုပေါင်း နှစ်သောင်း ခြောက်ထောင်နီးပါး ကျသင့်မည် မဟုတ်ပါလား။
သတင်းဆိုးကို ကြားရသည့်အချိန်မှာတော့ ထျန်းဟန်၏ အမြင်အာရုံ တစ်ခုလုံးသည် မဲမှောင်သွားခဲ့၏။ သူသည် သတိလစ်မေ့မျောလုမတတ်ပင် ဖြစ်လို့နေ၏။ ရွှေဒင်္ဂါး နှစ်သောင်းနှင့်ခြောက်ထောင်၊ အရိုးသားဆုံး ပြောရမည် ဆိုလျှင် ထျန်းဟန် ပိုင်ဆိုင်သမျှ အရာအားလုံး၏ တစ်ဝက်ကျော်ပင် ရှိနေ၏။
မှန်ပေ၏။ သူသည် ထိုပိုက်ဆံများ အားလုံးကို နေ့စဉ်နေ့တိုင်း ခြစ်ခြစ်ကုတ်ကုတ်နှင့် စုဆောင်းခဲ့ရခြင်းဖြစ်၏။ အဘယ်သို့ တခြားသောသူများကို ပေးအပ်ရမည်နည်း။
ထို့အပြင် သူသည် လူပေါင်းတစ်ရာကျော်တို့အား ကျွေးမွေးထားရသည့် လူတစ်ယောက်လည်းဖြစ်၏။ ကုန်ကျစရိတ်က ကြီးမားလွန်း၏။ သူ၏လောင်းကစားရုံသည် ရွှေဒင်္ဂါး နှစ်သောင်းခြောက်ထောင်ကျော်ကို ဆုံးရှုံးသွားခဲ့ပြီဖြစ်၏။ ဤအရာသည် အလုံးစုံ မွဲပြာမကျစေနိုင်ဘူး ဆိုလျှင်တောင်မှ တော်တော်ကို ထိခိုက် စေနိုင်သည့် အရာပင်ဖြစ်၏။ မွဲပြာကျလုနီးပါးပင်။
သို့ပေမဲ့ လက်ရှိအခြေအနေတွင် ငွေကြေးကို ပေးအပ်နိုင်ခြင်း မရှိပါက သူ၏လောင်းကစားရုံ ဂုဏ်သိက္ခာသည် စုတ်ပြတ်သတ်သွားပေမည်။ အနာဂတ်တွင် လောင်းကစားသမားများသည် သူ့ဆီသို့ လာရောက် လောင်းကစားတော့မည် မဟုတ်ချေ။
အချိန်ခဏလောက် ကြာပြီးသည့်နောက် ထျန်းဟန်သည် တုန်လှုပ်နေရာမှ ပြန်လည်တည်ငြိမ်အောင် ကြိုးစား လိုက်၏။ ရှမ့်လန်၏ သာမန်ထက်ပိုကာ ထူးခြားလွန်းသည့် ရုပ်ရည်သွင်ပြင်ကို မြင်ရချိန်မှာတော့ သူသည် တကယ်ပင် စိတ်ကိုတည်ငြိမ်အောင် ထိန်းချုပ်ထားရတော့မည်ဖြစ်ကြောင်း နားလည်လိုက်မိသည်။
“မိစ္ဆာကောင်.. မင်းဒီလောက်ကြီး ဒုက္ခပေးတာပါလား”
မနေ့ကလေးတင် ရှမ့်လန်သည် သူ့ကို ခြိမ်းခြောက်သွားခဲ့၏။ သို့ပေမဲ့ ထျန်းဟန်သည် ထိုအရာကို လေးလေးနက်နက် မထားခဲ့ချေ။ ထျန်းဟန်သည် ရှမ့်လန်တစ်ယောက် ဘာလုပ်နိုင်မည်ကို ကြိုတင်ကာ စဉ်းစားထားပြီးဖြစ်၏။ သူ့၌ နောက်ခံများ တည်ရှိနေသောကြောင့် ရှမ့်လန်အနေနှင့် မည်သို့မှ သူ့ကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ မထင်မှတ်ထားလောက်အောင်ဘဲ ရှမ့်လန်၏ လှုပ်ရှားမှုသည် အရှက်မဲ့ပြီး တိုက်ရိုက်ဆန်လွန်းနေ၏။
ကြေးပြားတစ်ပြားပင် ပါမလာခဲ့ဘဲ ရွှေဒင်္ဂါးတစ်ထောင်ကျော်ကို ချေးငှားခဲ့၏။ ပြီးနောက် ရွှေဒင်္ဂါး တစ်သောင်း ကိုးထောင်ကျော်ကို အနိုင်ရရှိခဲ့၏။ ဤအရာသည် သူ၏ခြေထောက်ကိုဖြုတ်ကာ သူ၏ခေါင်းကို ပိတ်ရိုက်ခဲ့ခြင်း ပင်လျှင်။
ယခု ရှမ့်လန်သည် မြို့စားအိမ်တော်၏ သမက်တော်ဖြစ်၏။ ရွှမ်ဝူမြို့ထဲတွင် ၎င်းအား မည်သူက ထိခိုက်ရဲသနည်း။ လက်ရှိအခြေအနေမှာတော့ ရွှမ်ဝူမြို့၏ စစ်သည်တော် လေးယောက်တို့သည် ရှမ့်လန်၏ အနောက်ဘက်တွင် ရပ်တန့်နေသည်သာမက ၎င်းကို ထောက်ခံပေးနေသည့် လောင်းကစားသမား တစ်ရာကျော်ကလည်း တည်ရှိ နေသေးသည်။
ရှမ့်လန် မည်မျှ ဆိုးယုတ်လိုက်သနည်း။ အနိုင်ရရှိသည်ဆိုလျှင်တောင်မှ ကိုယ်ကိုယ်တိုင် အနိုင်ယူသွားသင့်၏။ အဘယ်ကြောင့် လူပေါင်းများစွာတို့ကို ခေါ်ယူကာ အတူတကွ အနိုင်ယူရနေသနည်း။ ယခု ရှမ့်လန်သည် သူရဲကောင်း ဖြစ်သွားခဲ့ပြီဖြစ်၏။ ရာနှင့်ချီသော လောင်းကစားသမားများသည် ရှမ့်လန်ကို ကျိန်းသေပေါက် ဝန်းရံ ထားခဲ့ကြ၏။
“ပိုက်ဆံပေးတော့”
ရှမ့်လန်က ပြောလိုက်၏။ “ဂိုဏ်းခေါင်းဆောင်ထျန်း... ခင်ဗျားက တကယ့်ကို ဆရာကြီးပဲလေ။ ခင်ဗျားစကားကို ခင်ဗျား မဖျက်ဘူး မဟုတ်လား”
ထျန်းဟန်၏ နှုတ်ခမ်းများသည် မဲ့ရွဲ့သွား၏။ သူသည် ရှမ့်လန်၏ မျက်နှာကို အစိတ်စိတ် အပိုင်းပိုင်း ဖြစ်အောင် ရိုက်နှက်ချင်၏။ ချီးထွက်အောင် ရိုက်ရန်ပင် စဉ်းစားလိုက်မိ၏။ သို့ပေမဲ့ သူ မလုပ်ရဲချေ။
ထျန်းဟန်၏ မျက်နှာက ပြောင်းလဲသွား၏။ သူသည် နွေးထွေးစွာ ပြုံး၍ ပြောလိုက်သည်။ “ရှမ့်... အထဲဝင်ပြီး စကားပြောကြရအောင်”
ရှမ့်လန်သည် ခဏလောက် စဉ်းစားလိုက်၏။ ပြီးနောက် ခေါင်းညိတ်လိုက်၏။ “ကောင်းပြီ”
ပြီးသည့်နောက် ထျန်းဟန်နှင့် ရှမ့်လန်တို့သည် အတွင်းဘက်ဆီသို့ လျှောက်ဝင်သွားခဲ့၏။ လောင်းကစားသမား တစ်ရာကျော်တို့သည် ထိုအခြင်းအရာကို မနှစ်မြို့ကြချေ။ ရှမ့်လန်နှင့် ထျန်းဟန်တို့သာ သူတို့မသိနိုင်သည့် အကြောင်းအရာများနှင့် သဘောတူညီမှု ပြုလုပ်သည်ဆိုပါက သူတို့သည် သစ္စာဖောက်ခံရမည် မဟုတ်ပါလား။
“သွားလို့ မရဘူး။ သွားလို့ မရဘူး။ ဒီပိုက်ဆံတွေကို အရင်ဆုံး လဲပြီးမှသွားတော့” လောင်းကစားသမားများသည် ဝိုင်းဝန်းကာ အော်ဟစ်လိုက်ကြ၏။ ပုံမှန်အားဖြင့် သူတို့ ထျန်းဟန်ကို မြင်ရပါက ကြောင်ကိုတွေ့သည့် ကြွက်များကဲ့သို့ ငြိမ်သက်သွားတတ်၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ လူဦးရေကလည်း များ၏။ ထို့အပြင် သူတို့ဘက်၌ မြို့စားအိမ်တော်၏ သမက်တော် ရှမ့်လန်လည်း တည်ရှိနေသည် မဟုတ်ပါလား။
ထို့အပြင် လောင်းကစားသမားဆိုသည်မှာ ပိုက်ဆံအတွက် အသက်ကိုပင် စတေးဝံ့သည့် လူများပင်။ အနိုင်ရရှိသည့် အချိန်တွင် ကြောက်လန့်မှုဆိုသည်မှာ မည်သည့်အရာဖြစ်မှန်း လောင်းကစားသမားများက သိရှိလိမ့်မည် မဟုတ်ချေ။
ရှမ့်လန်က ပြောလိုက်သည်။ “စိတ်ချပါ။ ကျုပ် ခင်ဗျားတို့ကို သစ္စာမဖောက်ဘူး။ ကျိန်းသေပေါက် စိတ်ကျေနပ်စရာ အဖြေမျိုး ရှာပေးမယ်”
“ကောင်းပါပြီ။ အားလုံးက ဆရာရှမ့်ကို ယုံကြည်ပါတယ်”
“ဆရာရှမ့်က မြို့စားကြီးရဲ့ သမက်တော်ပဲလေ။ ဘယ်လိုဖြစ်ပြီး ကျုပ်တို့ကို လိမ်မှာလဲ”
“ဆရာရှမ့်... ကျုပ်တို့ ခင်ဗျားကို ချစ်တယ်”
“ချီးတဲ့မှ... သောက်ကျိုးနည်း ဒါဘာတွေလဲ”
ပြီးသည့်နောက် ရှမ့်လန်နှင့် ထျန်းဟန်တို့သည် အတွင်းဆီသို့ လျှောက်ဝင်သွားခဲ့ကြ၏။ မြို့စားအိမ်တော်၏ စစ်သည်တော် လေးယောက်တို့သည် အနောက်ဆီမှ လိုက်ပါလာခဲ့ကြ၏။ ပြီးသည့်နောက် တံခါးသည် တင်းတင်းကျပ်ကျပ် ပိတ်သွား၏။
.........
အခန်းထဲသို့ ရောက်သည့်အချိန်မှာတော့ ထျန်းဟန်၏ အပြုံးသည် ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့၏။ သူ၏ မျက်နှာက အေးစက်သွားခဲ့၏။ “ရှမ့်လန်.. မင်း တကယ့်ကို ကြမ်းတာပဲ”
ထျန်းဟန်က နှာခေါင်းရှုံ့လိုက်သည်။ “ငါ့တပည့်ရဲ့ လက်နဲ့ခြေထောက်ကို ငါကိုယ်တိုင် ရိုက်ချိုးစေဖို့ ဒီလိုမျိုးတွေ လုပ်ရတာလား။ ဒီလိုလုပ်ချင်တဲ့ ရည်ရွယ်ချက်တစ်ခုကြောင့် လောင်းကစားတောင် လာလုပ်နေတယ်ပေါ့။ မြို့စားအိမ်တော်ရဲ့ ဂုဏ်သိက္ခာကို ဂရုမစိုက်တော့ဘူးလား”
“အင်း.. မြို့စားအိမ်တော်ရဲ့ ဂုဏ်သိက္ခာက အရမ်းကို အရေးကြီးတာပေါ့”
ရှမ့်လန်က လေးလေးနက်နက် ပြောလိုက်၏။ “ဒါပေမဲ့ ကျုပ် ရှမ့်လန်က ဂုဏ်သိက္ခာမှ မရှိတာ။ ကျုပ်တို့လူအတွက် ဂုဏ်သိက္ခာတရားဆိုတာ ဘယ်မှာလဲ။ ပြီးတော့ ဂုဏ်သိက္ခာတရားဆိုတာ ဘာလဲ ကျုပ် နားမလည်ဘူး”
ဤစကားစုသည် ထျန်းဟန်အား နင်မလိုပင် ဖြစ်သွားစေခဲ့သည်။
“ချီးတဲ့မှ...”
ထျန်းဟန်က ပြောလိုက်၏။ “နံပါတ် ဆယ့်သုံးရဲ့ ခြေထောက်တွေကို ငါ့ကို ရိုက်ချိုးစေချင်တာလား”
ရှမ့်လန်က ခေါင်းညိတ်လိုက်သည်။ “သိပ်မှန်တာပေါ့”
ထျန်းဟန်က ပြောလိုက်၏။ “ရွှေဒင်္ဂါး သောင်းကိုးထောင်အတွက် ဆယ့်သုံးရဲ့ ခြေထောက်ကို ရိုက်ချိုးရမှာပေါ့။ နံပါတ်ဆယ့်သုံးရဲ့ ခြေထောက်ကိုသာ ရိုက်ချိုးလိုက်မယ် ဆိုရင် ငါ့ရဲ့ဂုဏ်သိက္ခာ တစ်ခုလုံး ပျက်ဆီးသွားခဲ့မှာပဲ”
ထျန်းဟန်သည် ရွှမ်ဝူမြို့၏ အမှောင်လောကများထဲတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူ တစ်ယောက်ဖြစ်၏။ သူသည် ရူးသွပ်နေသူတစ်ယောက် မဟုတ်ချေ။ အခြေအနေသည် မည်မျှ အန္တရာယ်ကြီးကြောင်း သူ ကောင်းကောင်းသိရှိသည်။
“ဒီလို ငါလုပ်လိုက်တယ်ဆိုရင် ငါ ထျန်းဟန်က သမက်တော်ကို ရှုံးနိမ့်သွားပြီဆိုပြီး လူတိုင်းက ပြောမှာ။ ငါ့ရဲ့ ဂုဏ်သိက္ခာတရားကလည်း ဟိုးအောက်ဆုံးအထိ ရောက်ရှိသွားလိမ့်မယ်”
ထျန်းဟန်သည် အေးစက်စက် ပြောလိုက်၏။ “ဒီလို ဂုဏ်သိက္ခာမရှိတော့ဘူးဆိုရင် ဘယ်သူက ငါ့အောက်မှာ အလုပ် လုပ်တော့မှာလဲ။ ငါ ပိုက်ဆံတွေ ဘယ်လိုရှာရတော့မှာလဲ”
ရှမ့်လန်သည် အလုံးစုံ တည်ငြိမ်လျက် ရှိနေသည်။
ထျန်းဟန်သည် ရေနွေးကို အသာကောက်မော့ကာ ပြောလိုက်၏။ “ဒီတော့ ရှမ့်လန်.. ငါ့ကို နံပါတ်ဆယ့်သုံးရဲ့ ခြေထောက်တွေကို ချိုးစေချင်တဲ့အစား ရွှေဒင်္ဂါး သောင်းကိုးထောင်ကို ယူသွားတာ ပိုကောင်းလိမ့်မယ်။ ချိုးဖို့ အတွက် စိတ်ကူးယဉ်မနေနဲ့”
ရှမ့်လန်သည် သူ့အတွက် ရေနွေးတစ်ခွက်ကို ကောက်ငှဲ့လိုက်၏။ အလွန်လေးစားသည့် အမူအရာမျိုးဖြင့် ရင်းနှီးချစ်ခင်စွာ ပြောဆိုလိုက်သည်။ “ဂိုဏ်းခေါင်းဆောင်ထျန်း... ခင်ဗျား ကျုပ်ကို အထင်မှားနေပြီ။ ကျုပ်မှာ ဘယ်လိုဖြစ်ပြီး အဲလို အကြံအစည်မျိုး ရှိမှာလဲ။ မရှိပါဘူး”
ထျန်းဟန်သည် အသာနှာခေါင်းရှုံ့လိုက်၏။ သူသည် လက်ပိုက်ကာဖြင့် အေးစက်စက် ကြည့်ရှုနေ၏။ ရှမ့်လန်၌ မည်သည့်ဝှက်ဖဲများ တည်ရှိနေမည်ကို သူက သေသေချာချာ သိရှိချင်၏။ အခြေအနေကို ကြည့်ရသည်မှာ ရှမ့်လန်၏ အကြံအစည်များသည် အောင်မြင်လျက်ရှိနေသည်ကိုတော့ သူသိရှိ၏။ ပိုက်ဆံများကို အနိုင်ရ ပြီးသည့်နောက် ထိုပိုက်ဆံများကိုအသုံးပြုကာဖြင့် နံပါတ်ဆယ့်သုံး၏ ခြေထောက်ကို ရိုက်ချိုးရန် စီစဉ်ထား ခဲ့ခြင်းပင်။
သို့သော်ငြား ထျန်းဟန်သည် ရှမ့်လန်အား ရွှေဒင်္ဂါး သောင်းကိုးထောင်ပေးရန် အစီအစဉ် မရှိချေ။ သောင်းကိုးထောင် မပြောနှင့် ထောင့်ကိုးရာ ဆိုလျှင်ပင် မပေးချင်ပေ။ ရှမ့်လန် သူ့ကို ဒူးထောက်ကာ တောင်းဆိုမည်ဆိုလျှင်တောင်မှ ပိုက်ဆံများကို ပေးလိမ့်မည် မဟုတ်ချေ။
“အင်း.. နံပါတ်ဆယ့်သုံးရဲ့ ခြေထောက်တွေကို ချိုးဖို့အတွက် ဒီရွှေဒင်္ဂါး သောင်းကိုးထောင်ကို အသုံးပြုမယ်လို့ ဘယ်သူကပြောလဲ။ ကျုပ်ဆိုလိုတာ ဂိုဏ်းခေါင်းဆောင်ထျန်း... ခင်ဗျား ကျုပ်ကို ရွှေဒင်္ဂါး သောင်းကိုးထောင် ပေးရမယ်။ ဒါ့အပြင် ခင်ဗျား နံပါတ်ဆယ့်သုံးရဲ့ ခြေထောက်ကိုလည်း ချိုးရလိမ့်မယ်” ရှမ့်လန်သည် တည်ငြိမ်လွန်းသည့် လေသံမျိုးဖြင့် ပြောဆိုလိုက်သည်။