အပိုင်း (၃၉)
Vol. 3 Ch. 39
ထျန်းဟန်သည် ထိုင်ခုံပေါ်မှ ထခုန်လုမတတ်ပင် ဖြစ်သွားခဲ့၏။ ရှမ့်လန်၏ အနောက်ဘက်တွင် ရှိနေသည့် မြို့စားအိမ်တော်မှ စစ်သည်တော် လေးယောက်တို့သည် ထိုအရာကို မကြားချင်ယောင် ဆောင်ထား၏။ သို့ပေမဲ့ ၎င်းတို့သည် သမက်တော်၏ စကားကို ကြားရပြီးသည့်နောက် တုန်လှုပ်လျက် ရှိနေလေ၏။
“ရှမ့်လန်.. မင်း ရူးသွားပြီလား။ ဘာပေါက်တက်ကရတွေ လျှောက်ပြောနေတာလဲ” ထျန်းဟန်က အော်ဟစ် လိုက်၏။ သူတစ်ယောက်တည်းတင် ထိုကဲ့သို့ တွေးတောနေသည် မဟုတ်ချေ။ မြို့စားအိမ်တော်မှ စစ်သည်တော် လေးယောက်ပင်လျှင် ရှမ့်လန် အရူးချီးပန်း လျှောက်ပြောနေသည်ဟု ထင်မှတ်ထားကြသည်။
ထျန်းဟန်သည် နံပါတ်ဆယ့်သုံး၏ ခြေထောက်ကို ဘယ်သောအခါမှ ရိုက်ချိုးလိမ့်မည် မဟုတ်ချေ။ ရှမ့်လန်ကို ရွှေဒင်္ဂါး တစ်သောင်းကိုးထောင် ပေးရန်လည်း ရည်မှန်းချက် မရှိပေ။ အခြေအနေ နှစ်ခုလုံးက တစ်ခုကို သဘောတူ လိုက်ပြီဆိုလျှင်ပင် အံ့အားသင့်စရာဖြစ်သည်။ သို့ပေမည့် ရှမ့်လန်သည် နှစ်ခုလုံးကို လိုချင်နေ၏။ ရူးသွပ်နေလေသည်လား။
“ဟား ဟား ဟား”
ထျန်းဟန်သည် ရူးသွပ်မလိုဖြစ်လို့နေသည်။ ထို့ကြောင့် အားရပါးရ ရယ်မောလိုက်၏။ “ငါ အရူးတစ်ယောက်နဲ့ စကားပြောနေရတာကိုး”
ရှမ့်လန်၏ ခန္ဓာကိုယ်သည် အသာပင် ယိမ်းယိုင်လျက် ရှိနေ၏။ ၎င်းသည် ခြေထောက်ကို ချိတ်ကာဖြင့် ထိုင်နေသည်။
ထျန်းဟန်သည် ရှမ့်လန်ကို သေသေချာချာ စူးစိုက်ကြည့်ရှုရင်း ပြောလိုက်၏။ “ငါ မင်းကို သေသေချာချာ ရှင်းရှင်းလင်းလင်း ပြောမယ်။ နံပါတ်ဆယ့်သုံးက မင်းရဲ့မိသားစု တစ်ခုလုံးကို သတ်ဖြတ်ချင်ခဲ့တယ်။ ဒါပေမဲ့ အဲလို သတ်ဖြတ်အောင် စေခိုင်းလိုက်တာ ငါပဲ။ ဒီတော့ နံပါတ်ဆယ့်သုံးရဲ့ ခေါင်းပေါ်မှာရှိတဲ့ ဆံခြည်တစ်မျှင်ကိုတောင်မှ ငါ ထိခိုက်နာကျင်အောင် လုပ်မှာမဟုတ်ဘူး။ ငါ့ရဲ့ ဂုဏ်သိက္ခာကို အဆုံးရှုံးခံပြီး သူ့ရဲ့ခြေထောက်ကို ရိုက်ချိုးဖို့ဆိုတာ ပိုတောင်ဆိုးသေးတယ်။ အိမ်မက်ပဲ ဆက်မက်နေလိုက်။ ပြီးတော့ မင်းအနိုင်ယူခဲ့တဲ့ ရွှေဒင်္ဂါး တစ်သောင်းကိုးထောင်ကို ငါပေးမှာ မဟုတ်ဘူး”
သူ့အနေနှင့် ရှိရှိသမျှသော ဂုဏ်သိက္ခာများ အကျဆင်းခံပြီး ရှမ့်လန်ကို လိုက်လျောပေးလိမ့်မည် မဟုတ်ချေ။ မည်သူက မည်သူ့ကို ကြောက်လန့်ရမည်နည်း။ ထျန်းဟန်က အသာပင် ပြောဆိုလိုက်သည်။ “မင်းဆီမှာ စွမ်းဆောင်ရည်ရှိတယ်ဆိုရင် မင်းယောက္ခထီးကို လာတောင်းခိုင်းလိုက်။ မင်းကိုတောင် ဟိုက ခြေထောက် ရိုက်ချိုးလိုက်လိမ့်မယ်”
တခြားသောသူများသည် ဂုဏ်သိက္ခာကို တန်ဖိုးထား၏။ သို့ပေမည့် မြို့စားအိမ်တော်သည် တခြားသူများထက် ဆယ်ဆလောက် ပိုကာ တန်ဖိုးထားသည်။ ရှမ့်လန်၏ လောင်းကစားအကြွေး ရွှေဒင်္ဂါးတစ်သောင်းကိုးထောင်ကို မြို့စားကြီးက ကိုယ်တိုင်ကိုယ်ကျ လာရောက် တောင်းခံမည်လား။ မဖြစ်နိုင်ပေ။ ရှမ့်လန်၏ ခြေထောက် ရိုက်ချိုးခံရခြင်းက ပိုမိုကာ ဖြစ်နိုင်၏။
လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာအတွင်း မြို့စားအိမ်တော်သည် စည်းမျဉ်းများကို တင်းကြပ်စွာဖြင့် ချမှတ်ထား၏။ မည်သူမှသည် လောင်းကစားဝိုင်းသို့ မသွားရဲချေ။ ရှမ့်လန်တစ်ယောက် လောင်းကစားဝိုင်းသို့ သွားရောက် ခဲ့သည်ကို ကြားပါက မြို့စားကြီးသည် ဒေါသထွက်မှာ သေချာသည်။
ထို့သို့မဆိုနှင့်။ ရှမ့်လန်တစ်ယောက် လောင်းကစားဝိုင်းသို့ လာရောက်သည့် သတင်းသည်သာ ကောလဟလအဖြစ် တစ်လောကလုံးသို့ ပျံ့နှံ့သွားသည်ဆိုလျှင် ရွှမ်ဝူအိမ်တော်၏ စီးပွားရေးလုပ်ငန်းများပင်လျှင် ပြိုလဲသွားနိုင်၏။ ထို့ကြောင့် ထျန်းဟန်သည် ၎င်း၏ စကားများကို ဘယ်တော့မှ ပြန်မရုတ်သိမ်းရန် ဆုံးဖြတ်ခဲ့လိုက်၏။
“အင်း... အပြင်မှာရှိတဲ့ လောင်းကစားသမား တစ်ရာကျော်ကို ငါ့အပေါ် ဖိအားပေးစေချင်တာလား”
ထျန်းဟန်သည် အားရပါးရ ရယ်မောကာ ပြောလိုက်၏။ “မင်း ဆက်မှတ်ထားလိုက်အုံး။ ငါ သူတို့နိုင်တဲ့ ရွှေဒင်္ဂါး ကိုးထောင်ကျော်ကို ပေးလိုက်မှာပဲ။ ဒါပေမဲ့ မင်းနိုင်တဲ့ ရွှေဒင်္ဂါးတွေကို တစ်ပြားတစ်ချပ်မှ ရလိမ့်မယ်မထင်နဲ့။ မင်း ငါ့ကို ဘာလုပ်နိုင်မှာလဲ”
ပြောပြီးသည့်နောက် ထျန်းဟန်သည် ပြတင်းပေါက်တံခါးကို အသာဖွင့်ကာဖြင့် အပြင်ဘက်တွင် ရှိနေသည့် လောင်းကစားသမား တစ်ရာကျော်တို့ဆီ လှမ်းကာ အော်ဟစ်လိုက်သည်။ “ကျုပ် ထျန်းဟန်က လောင်းကစားရုံကို ဖွင့်ရဲတယ် ဆိုမှတော့ ကျိန်းသေပေါက် ပိုက်ဆံဆုံးရှုံးတာကိုလည်း လက်ခံနိုင်တာပေါ့။ ဒီတော့ ခင်ဗျားတို့ နိုင်ခဲ့တဲ့ ပိုက်ဆံတွေ အကုန်လုံးကို ကျုပ်ပေးမယ်။ ကိုယ့်လူတို့ ကိုယ့်ဆီမှာရှိနေတဲ့ လောင်းကြေးကတ်ပြားတွေနဲ့ ပိုက်ဆံ သွားလဲကြတော့”
ပြောပြောပြီးချင်းမှာပဲ လောင်းကစားသမား တစ်ရာကျော်တို့သည် စိတ်လှုပ်ရှားမှုများကြောင့် ရူးသွပ်သွား မတတ်ပင် ဖြစ်နေကြ၏။
လောင်းကစားရုံထဲတွင် ရှိနေသည့် အလုပ်သမား တစ်ဒါဇင်ကျော် တို့သည် ထိုလောင်းကစားသမားများအတွက် ကတ်ပြားနှင့် ငွေကြေးများကို လဲလှယ်ပေးလိုက်ကြ၏။ နာရီဝက် အတွင်းမှာပဲ လောင်းကစားသမား တစ်ရာကျော်တို့ အနိုင်ရရှိထားသည့် ရွှေဒင်္ဂါး ကိုးထောင်ကျော်သည် လဲလှယ်ပြီးခဲ့ပြီ ဖြစ်သည်။
“သက်ရှည်ကျန်းမာပါစေ ခေါင်းဆောင်ထျန်း”
“ခေါင်းဆောင်ထျန်းက တကယ့်ကို အံ့အားသင့်စရာပဲ။ ကျုပ်တို့ ခင်ဗျားကို ချစ်သွားပြီ”
ထိုကဲ့သို့ ချီးမြှောက်ပြောဆိုမှုများကို ကြားရသည့် အချိန်မှာတော့ ထျန်းဟန်သည် နှာခေါင်းကို ရှုံ့ကာ ပြောလိုက်၏။ “ရှမ့်လန်... မင်း မြင်တယ်မဟုတ်လား။ လူတွေက အခွင့်အာဏာကိုပဲ ပိုပြီး မျက်နှာသာပေးကြတာ။ ငါ သူ့တို့ကို ပိုက်ဆံ ပေးလိုက်တယ်။ ဒီတော့ မင်းဘက်မှာ သူတို့ ရပ်တည်နိုင်မယ်လို့ ထင်နေတုန်းလား”
ဟုတ်ပေ၏။ တစ်ဖက်လူများသည် ရပ်တန့်လိမ့်မည် မဟုတ်ချေ။ လောင်းကစားသမားများသည် ရွှေဒင်္ဂါးများကို ရသည်နှင့်တပြိုင်နက် တချို့က အိမ်သို့ ပြန်ပေလိမ့်မည်။ တချို့က ဆက်လက်ကာ လောင်းကစားမှာဖြစ်၏။ ကြက်များ၊ ငှက်များကဲ့သို့ပင် အသီးသီး အလျှိုလျှို ပျောက်ကွယ်သွားပေလိမ့်မည်။ ရှမ့်လန်အား မည်သူက ဂရုစိုက် မည်နည်း။
“လောင်းကစားသမားတွေ လက်ထဲမှာရှိတဲ့ ပိုက်ဆံဆိုတာ သူတို့ပိုင်တာ မဟုတ်ဘူး။ ငါ့အတွက် ခဏသိမ်းပေး ထားတာနဲ့ တူတူပဲ”
ထျန်းဟန်က ပြောလိုက်သည်။ “မင်းယုံကြည်တယ် မဟုတ်လား။ နောက်ထပ် လဝက်အတွင်းမှာ အဲရွှေဒင်္ဂါး ကိုးထောင်ကျော်က ငါ့ဆီ ပြန်ရောက်လာလိမ့်မယ်။ အဲထက်တောင် များရင် များအုံးမယ်”
ဟုတ်ပေ၏။ ဤကဲ့သို့သော ငွေကြေးများသည် လဝက်ခန့်ပင် ကြာလိမ့်မည်မဟုတ်ကြောင်း ရှမ့်လန် ကောင်းကောင်း သိရှိ၏။ အများဆုံး ခုနှစ်ရက်၊ ရှစ်ရက်အတွင်း ထျန်းဟန်၏ လက်ထဲသို့ ပြန်လည်ကာ ရောက်ရှိလာပေလိမ့်မည်။ လောင်းကစားသမား၏လက်ထဲတွင် ရှိနေသည့် ငွေကြေးဆိုသည်မှာ နွေးအောင်ပင် ကိုင်ရသည့် အရာမျိုး မဟုတ်ချေ။
လက်ထဲတွင် အမြဲတမ်း တည်ရှိနေချင်သည်ဆိုပါက လောင်းကစားကို စွန့်လွှတ်ရန်သာလျှင် ရှိ၏။ အနိုင်ရရှိခြင်း ဆိုသည်မှာ လောင်းကစားခြင်း၏ ဖြစ်ရပ်တစ်ခုမျှသာဖြစ်ပြီး ရှုံးနိမ့်မှုဆိုသည်မှာတော့ ရလဒ်တစ်ခုဖြစ်သည်။
“မင်းနောက်ကိုလိုက်ပြီး သူတို့ ဒုက္ခခံကြမှာ မဟုတ်ဘူး။ ပြီးတော့ မြို့စားကြီးကလည်း မင်းအစား လောင်းကစား အကြွေးကို ငါ့ဆီလာတောင်းမှာ မဟုတ်ဘူး”
ထျန်းဟန်က နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ “ရှမ့်လန်.. ဒီ ရွှေဒင်္ဂါး သောင်းကိုးထောင်ကို နိုင်တော့ကော ဘာသုံးလို့ရလဲ။ ငါမင်းကို ရွှေဒင်္ဂါး တစ်ပြားတောင် မပေးဘူးကွ။ မင်း ဘာလုပ်မလဲ။ မင်းငါ့ကို နံပါတ်ဆယ့်သုံးရဲ့ ခြေထောက်ကို ရိုက်ချိုးစေချင်သေးတယ် ဟုတ်လား။ အိမ်မက်သာ ဆက်မက်နေလိုက်”
ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း
ရှမ့်လန်သည် လက်ခုပ်လက်ဝါးတီးကာဖြင့် ပြောဆိုလိုက်၏။ “မဆိုးပါဘူး။ ခေါင်းဆောင်ထျန်း.. ခင်ဗျားက ကျုပ်လိုပဲ အရေထူတဲ့ မျက်နှာကို ပိုင်ဆိုင်တာပဲ။ ဒါပေမဲ့”
ရှမ့်လန်သည် ရေနွေးကို အသာကောက်မော့ကာဖြင့် ပြောလိုက်သည်။ “ဒါပေမဲ့ အသုံးမဝင်ဘူး။ ခင်ဗျား အရှက်မဲ့ရုံလောက်နဲ့ ကျုပ်ကို အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား။ ခေါင်းဆောင်ထျန်း.. ကျုပ်ဆီမှာ ကျိန်းသေပေါက် အနိုင်ယူနိုင်မယ့် နည်းလမ်းရှိတယ်။ ကျုပ်ဆီမှာ ဘယ်လောက် လောင်းလောင်း အနိုင်ယူနိုင်တဲ့ လောင်းကစား နည်းစနစ်ရှိတယ်။ ဒီတော့ ရွှေဒင်္ဂါးသောင်းကိုးထောင်လောက်ကို ကျုပ်က ဂရုစိုက်နေမယ် ထင်လို့လား”
“ဟား ဟား ဟား ဟား”
ရှမ့်လန်သည် ဗီလိန်တစ်ယောက်ကဲ့သို့ပင် ရယ်မောကာ ပြောဆိုလိုက်၏။ “လောင်းကစားဝိုင်းတွေ ဖွင့်နေသမျှ ကျုပ်ကို ကူညီနေတာပဲ။ ကျုပ် လိုချင်သလောက် အနိုင်ယူလို့ရတယ်။ လောင်းကစားသမားတွေ အားလုံးကိုလည်း အနိုင်ရအောင် လုပ်လို့ရတယ်။ ခင်ဗျားရဲ့ လောင်းကစားရုံ ပိတ်လိုက်မှာသာ အရာအားလုံးပြီးသွားလိမ့်မယ်။ ခင်ဗျား မွဲပြာကျသွားအထိ ရှိရှိသမျှ လောင်းကစားသမားတွေကို ခေါ်လာပြီး ကျုပ်က တစ်ပြားမှ မရဘူး ဆိုရင်တောင်မှ သူတို့ အနိုင်ရအောင် လုပ်ပေးမယ်”
“လောင်းကစားရုံထဲကို ကျုပ်ကို ပေးမဝင်ဘူးလား။ လူတွေခေါ်ပြီးတော့ ကျုပ်ကို တားဆီးချင်တာလား။ ဟား ဟား ဟား ဟား။ ကျုပ်ရဲ့ ဆံခြည်တစ်မျှင်ကိုတောင် ခင်ဗျား ထိရဲလို့လား”
ပြီးသည့်နောက် ရှမ့်လန်သည် ပြတင်းပေါက် အောက်တွင်ရှိနေသည့် လောင်းကစားသမားများကို လှမ်းအော်ကာ ပြောဆိုလိုက်သည်။ “အားလုံးပဲ မသွားနဲ့အုံးနော်။ ကျုပ်တို့ ထပ်ပြီးတော့ နိုင်အောင် ကစားရအုံးမယ်။ ခေါင်းဆောင်ထျန်းတစ်ယောက် ကျိန်းသေပေါက် မွဲပြာကျသွားတဲ့အထိ ကျုပ်တို့ အနိုင်ယူကြမယ်”
“ခေါင်းဆောင်ထျန်း... ထပ်ပြီး မပြောတော့ဘူးလား” ရှမ့်လန်သည် အသာလှည့်ကာဖြင့် အပြင်သို့ ထွက်ခွာသွားလိုက်၏။
............
အောက်တွင်ရှိနေသည့် လောင်းကစားရုံထဲသို့ ပြန်လည်ရောက်ရှိသည့် အချိန်တွင် ရှမ့်လန်သည် ဆက်တိုက် ဆိုသလိုပဲ တစ်ခုပြီးတစ်ခုကို ပြောင်းလဲကစားတော့၏။ သူသွားသည့် နေရာတိုင်းတွင် ရှိနေသော လောင်းကစားသမား အားလုံးသည် အနိုင်ရလျက် ရှိ၏။ ရှမ့်လန်သည် မလိမ်ခဲ့ချေ။ တကယ်ပင် လောင်းကစားပွဲတိုင်းကို အနိုင်ယူနိုင်စွမ်း ရှိနေသည်။
ထို့ကြောင့် လောင်းကစားဝိုင်းတွင် ရှိနေသည့် အလုပ်သမားများတို့သည် မျက်နှာများ ဖြူလျော်သည်အထိ ကြောက်လန့်လို့ နေကြ၏။ သို့ပေမဲ့ သူတို့သည် ရှမ့်လန်ကို ရပ်တန့်ခြင်းငှာ မစွမ်းသာကြချေ။ လောင်းကစားသမား တစ်ရာကျော်သည်လည်း ရူးသွပ်လို့နေ၏။ ယနေ့သည် ၎င်းတို့အတွက် ပိုက်ဆံရှာရလွယ်ကူသည့် နေ့မျိုး ဖြစ်နေ၏။ ရှမ့်လန်အနောက်ကိုလိုက်ပြီး ရှမ့်လန်လောင်းသည်ကို လိုက်လံလောင်းရုံဖြင့် သူတို့ပါ အနိုင်ရရှိလို့ နေ၏။ သောက်ကျိုးနည်းကံကောင်းသော နေ့ပါတကား။
နောက်ဆုံးမှာတော့ လူချမ်းသာ လောင်းကစားရုံထဲတွင် ရှိနေသည့် လောင်းကစားသမားများ၊ လောင်းကစားမှုတွင် ကျွမ်းကျင်သည့် ဒိုင်ခံသူများတို့သည် မခံစားနိုင်တော့ချေ။ ပါးစပ်ထဲမှ အမြှုပ်များထွက်ကာ သတိလစ် မေ့မျောသွားကြ၏။
တာဝန်ရှိသူတစ်ယောက်သည် အပေါ်ထပ်ဆီသို့ တက်ကာဖြင့် ထျန်းဟန်ကို သတင်းပေးပို့နေသည်။
“ခေါင်းဆောင်... ရွှေဒင်္ဂါးသုံးထောင် ရှုံးနေပြီ”
“ခေါင်းဆောင်... ရွှေဒင်္ဂါးငါးထောင် ရှုံးနေပြီ”
“ကျုပ်တို့ ရွှေဒင်္ဂါး ခုနှစ်ထောင်တောင် ရှုံးနေပြီ”
“ရှမ့်လန်က အကြိမ်တိုင်း၊ အကြိမ်တိုင်း ရွှေဒင်္ဂါး တစ်ပြားပဲ လောင်းတာလေ။ ကျန်တဲ့ဟာတွေ အကုန်လုံးက လောင်းကစားသမားတွေ လောင်းတာ”
“အဲခွေးကောင်တွေ”
ထျန်းဟန်၏ မျက်နှာတစ်ခုလုံးသည် ဖြူလျော်လျက် ရှိနေ၏။ ခန္ဓာကိုယ်တစ်ခုလုံးကလည်း တုန်ယင်နေ၏။ သူ၏ ဂိုဏ်းသား နံပါတ်ဆယ့်လေးသည် အပေါ်ဆီသို့ လှမ်းတက်လာကာ အော်လိုက်၏။ “ဂိုဏ်းချုပ်... ကျုပ်သွားပြီးတော့ သူ့ကိုနှင်ထုတ်လိုက်မယ်”
ပြောပြီးသည့်နောက် နံပါတ်ဆယ့်လေးသည် သူ၏လူများကို ခေါ်ဆောင်ကာဖြင့် လှေကားအောက်သို့ ဆင်းလိုက်၏။ သူသည် ရှမ့်လန်ကို အတင်းဝိုင်းဝန်းကာဖြင့် အပြင်ဘက်သို့ ထုတ်ရန် ပြင်ဆင်လိုက်ကြသည်။
ရှမ့်လန်သည် ချက်ချင်းပဲ သူ၏နဖူးကို အုပ်ကိုင်ကာ ပြောလိုက်၏။ “အင်း.. ခင်ဗျားတို့ ဘာတွေလုပ်နေတာလဲ။ ကျုပ်ကို ရိုက်ချင်တာလား။ ကျုပ်က သိပ်ပြီး ကျန်းမာရေးကောင်းတာ မဟုတ်ဘူးနော်။ ချူချာတယ်။ ကျုပ်ကို ထိလိုက်တာနဲ့ မြေပေါ်ကို လဲကျသွားနိုင်တယ်။ မြို့စားအိမ်တော်ရဲ့ သမက်တော်ကို ဘယ်သူ ထိရဲတာလဲ။ ကျုပ်ရဲ့ မိန်းမက ခင်ဗျားတို့ မိသားစု အကုန်လုံးကို လာသတ်လိမ့်မယ်”
အပေါ်ထပ်တွင် ရှိနေသည့် ထျန်းဟန်သည် ထိုစကားများကို ရှင်းရှင်းလင်းလင်း ကြားနေရ၏။ ရှမ့်လန်တစ်ယောက် ဤကဲ့သို့ အရှက်မဲ့သည့် စကားလုံးများကို ပြောဆိုလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ တကယ်ပင် အရှက်မဲ့လွန်းလှသည်။
နံပါတ်ဆယ့်လေးကလည်း ဒေါသထွက်သွားခဲ့၏။ သူသည် ရှမ့်လန်၏ ဦးခေါင်းကို လက်ညှိုးငေါက်ငေါက် ထိုးကာဖြင့် အော်ဟစ်လိုက်၏။ “ငါမင်းကို ရိုက်တော့ကော ဘာဖြစ်လဲ။ လာစမ်း။ ရှမ့်လန်ကို ဆွဲထုတ်လိုက်ကြ”
သို့ပေမဲ့ နောက်တစ်စက္ကန့်အတွင်းမှာပဲ မြို့စားအိမ်တော်မှ စစ်သည်တော်လေးယောက်တို့သည် ရှမ့်လန်၏ အနားဆီသို့ တိုးကပ်ကာဖြင့် ရှမ့်လန်ကို ကာကွယ်ပေးလိုက်ကြ၏။ သူတို့သည် ခါးကြီး ဓားကြီးများကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်ကြသည်။
အဝတ်နက်ဂိုဏ်းမှ ဂိုဏ်းသားများအနေနှင့် မြို့စားအိမ်တော်မှ စစ်သည်များကို တိုက်ခိုက်ရဲလေသည်လား။ မြို့စားအိမ်တော်၏ သမက်တော်ကို ထိခိုက်နာကျင်အောင် ပြုလုပ်ရဲလေသည်လား။
ဟုတ်ပေ၏။ တော်ဝန်မျိုးနွယ်များအနေဖြင့် ဒေသခံတာဝန်ရှိသူများ၏ ကိစ္စရပ်များကို ဝင်ရောက်ရှုပ်ထွေး၍ မရနိုင်ချေ။ ထို့အတူ အဝတ်နက်ဂိုဏ်း၏ လူများကို ဖမ်းဆီး၍လည်း မဖြစ်နိုင်ချေ။ သို့ပေမဲ့ ၎င်းတို့ကို ထိခိုက်နာကျင်အောင် ပြုလုပ်ပါက ကျိန်းသေပေါက် တစ်ခါတည်း သတ်ဖြတ်ပစ်နိုင်၏။
တစ်မိနစ်မပြည့်ခင်မှာပဲ မြို့စားအိမ်တော်၏ စစ်သည်တော် လေးယောက်တို့သည် ပြင်းပြင်းထန်ထန်နှင့် သတ်ဖြတ်ပွဲကို စတင်တော့၏။ အဝတ်နက်ဂိုဏ်းမှ အဖွဲ့ဝင်များသည် အတူပူးပေါင်းကာ တိုက်ခိုက်ခဲ့သော်လည်း မြို့စားအိမ်တော်မှ စစ်သည်တော်များ၏ စွမ်းဆောင်ရည်က ကြီးမားလွန်း၏။ အားလုံးသောသူတို့ကို အနိုင်ယူနိုင်ခဲ့သည်။
မြို့စားအိမ်တော်တွင်ရှိနေသည့် မြင်းစီးတပ်ဖွဲ့များသည် အလျင်အမြန်ဖြင့် ရောက်ရှိလာခဲ့ပြီး လောင်းကစား အိမ်တော် တစ်ခုလုံးကို တစ်ခါတည်း ပြားပြားဝပ် ဒုက္ခပေးပေလိမ့်မည်။ ရွှမ်ဝူအိမ်တော်သည် ပြဿနာမရှာချေ။ သို့ပေမဲ့ ပြဿနာဖြစ်လာမည်ကို ကြောက်ရွံ့လိမ့်မည် မဟုတ်ချေ။ သူတို့အား လူများက ရန်ပြုသည်ဆိုပါက ကျိန်းသေပေါက် သည်းခံနေလိမ့်မည် မဟုတ်ချေ။ တိုက်ရိုက်ဆိုသလိုပဲ မိသားစု တစ်ခုလုံးကို သုတ်သင်ရပေလိမ့်မည်။
ဤအရာသည် ရှမ့်လန်အတွက် ကံကောင်းခြင်း လက်ဆောင်ပင် ဖြစ်ပေလိမ့်မည်။ မြို့စားအိမ်တော်မှ စစ်သည်များသည် အရှေ့ဘက်သို့ လှမ်းတက်လာရုံသာမက လောင်းကစားသမားပေါင်း များစွာတို့ကလည်း ရှမ့်လန်ကို အလယ်တွင်ထားကာ ကာကွယ်ပေးထားကြ၏။
“ခင်ဗျားတို့ ဘာလုပ်တာလဲ။ ရှုံးတာကို လက်မခံနိုင်ဘူးလား။ ကျုပ်တို့ ဆရာရှမ့်ကို ထိခိုက်စေချင်တယ်ဆိုရင် ကျုပ်တို့ ရင်ဘတ်ကို နင်းပြီး ကျော်သွားမှရမယ်”
လူပေါင်းများစွာတို့သည် မျက်မှောင်ကုတ်ကာဖြင့် ကာကွယ်ပေးလျက် ရှိနေလေ၏။ စောဏတုန်းကတင် ထျန်းဟန် သူတို့ကို ပိုက်ဆံများ လဲပေးသည့်အချိန်က သက်ရှည်ကျန်းမာပါစေ ခေါင်းဆောင်ထျန်းဟု အော်ဟစ်ခဲ့သေးသည် မဟုတ်ပါလား။ သို့ပေမဲ့ လက်ရှိ ရှမ့်လန်သည် သူတို့အား ပိုက်ဆံများ အနိုင်ရရန် ကူညီပေးလျက် ရှိနေသည်ကို မြင်ရချိန်မှာတော့ အသက်ရှည်ကျန်းမာပါစေ ဆရာရှမ့်ဟု ပြန်လည်ကာ အော်လျက်ရှိနေပြန်သည်။ ငွေမျက်နှာမှာ ကြီးမားလွန်းလှသည်။
ထျန်းဟန်သည် တစ်ချက်ကလေးမှ လှုပ်ရှားမှုမရှိဘဲ ထိုင်ခုံပေါ်တွင် ထိုင်နေ၏။ တစ်စုံတစ်ယောက်ကို အပြင်းအထန် မုန်းတီးဖို့ဆိုသည်မှာ ခက်ခဲ၏။ သို့ပေမဲ့ ရှမ့်လန်ကို အပိုင်းပိုင်းအစစ ဖျက်ဆီးချင်နေမိ၏။ လက်ရှိ အခြေအနေမှာတော့ နောင်တရရန်အချိန်ပင် နောက်ကျသွားခဲ့၏။ အချိန်သာ နောက်ပြန်လှည့်၍ ရမည်ဆိုပါက သူသည် ပထမအကြိမ်ကတည်းက ရှမ့်လန်ကို သတ်ဖြတ်မိပေလိမ့်မည်။ အပိုင်းပိုင်း ခုတ်ဖြတ်ပြီး ခွေးစာ ကျွေးလိုက်ခြင်းဖြင့် သူ့အား အနှောက်အယှက် ပေးနိုင်တော့မည် မဟုတ်ချေ။
ယခု ကျားကို တောထဲသို့ ပြန်လွှတ်လိုက်သကဲ့သို့ပင် ထိုကျားသည် ကြီးမားသည့် ဘေးဒုက္ခမျိုးကို ယူဆောင်လာခဲ့ပြီဖြစ်၏။ ကံဆိုးစွာဖြင့် ဤလောကကြီးထဲတွင် နောင်တတရားကို ကုသနိုင်သည့် ဆေးဟူ၍ မရှိချေ။ သူ၏အရှေ့တွင် ရှိနေသည့် အခြေအနေတစ်ခုကို ပြန်လည်ပြောင်းလဲနိုင်ရန်အတွက် မည်သည့်အရာများကို ပြုလုပ်ရမည်နည်း။
ထျန်းဟန်သည် မျက်လုံးကိုမှိတ်ကာဖြင့် ပြောဆိုလိုက်၏။ “အင်း.. လူချမ်းသာ လောင်းကစားရုံကို ခဏ ပိတ်ထားလိုက်”
“ကောင်းပါပြီ” နံပါတ်ဆယ့်လေးနှင့် ဆိုင်တာဝန်ရှိသူများသည် နှမျောတသကြီးစွာဖြင့် ပြန်လည်ကာ ပြောဆိုလိုက်သည်။
ပြီးနောက် ဆိုင်တာဝန်ရှိသူ၏ အသံသည် အောက်ဘက်ဆီမှ ထွက်ပေါ်လာခဲ့၏။ “လူချမ်းသာ လောင်းကစားရုံက ဒီနေ့ပိတ်တယ်။ မနက်ဖြန်မှ ပြန်လာခဲ့ကြတော့။ ခင်ဗျားတို့ အနိုင်ရထားတဲ့ဟာတွေ မနက်ဖြန်ကျရင် လဲပေးမယ်”
ထိုစကားကိုကြားရချိန်မှာတော့ ရှမ့်လန်သည် ချက်ချင်းပဲ ပြောဆိုလိုက်သည်။ “ဂိုဏ်းချုပ်ထျန်း... ရွှမ်ဝူမြို့ထဲမှာ လောင်းကစားအိမ် လေးခုရှိသေးတယ် မဟုတ်လား။ ကျုပ်တို့ တစ်ခုချင်းစီ သွားလို့ရသေးတယ်နော်”
“ကောင်းပြီ။ သွားကြမယ်ဟေ့” လောင်းကစားသမားအားလုံးတို့သည် သံပြိုင်အော်ဟစ်လိုက်ကြ၏။
ပြီးနောက် ရှမ့်လန်သည် လောင်းကစားသမားများကို ဦးဆောင်ကာဖြင့် ထျန်းဟန် ပိုင်ဆိုင်သော နောက်ထပ် လောင်းကစားရုံ တစ်ခုဆီသို့ ဦးတည်သွားလေတော့သည်။
ထျန်းဟန်သည် နာကျင်စွာဖြင့် မျက်လုံးများကို မှိတ်ထား၏။ အချိန်ခဏ ကြာပြီးသည့်နောက် ခြောက်ကပ်ကပ် အသံဖြင့် ပြောလိုက်၏။ “လောင်းကစားရုံ အားလုံးကို ပိတ်လိုက်”
“ကောင်းပါပြီ” နံပါတ်ဆယ့်လေးသည် အံကိုကြိတ်ကာဖြင့် ပြောလိုက်၏။ ဤကဲ့သို့သော ဆုံးဖြတ်ချက်ကို ချရန် အတွက် ထျန်းဟန် မည်မျှ နာကျင်မည်ဖြစ်ကြောင်း အားလုံးသောသူတို့က သိရှိ၏။ လောင်းကစားရုံ ငါးရုံသည် သူတို့၏ နေ့စဉ်ဝင်ငွေ ခြောက်ဆယ်ရာခိုင်နှုန်းကို ထောက်ပံပေးထားခြင်းဖြစ်၏။ တကယ်ကို ငွေတွင်းကြီး ကဲ့သို့ပင်။ ထိုအရာများ အားလုံးကို ပိတ်ပစ်လိုက်မည်ဆိုလျှင် တစ်နေ့လျှင် မည်မျှ ဆုံးရှုံးမည်နည်း။ နတ်ဘုရားများသာ သိရှိပေလိမ့်မည်။
သို့ပေမဲ့ ရှမ့်လန် ပြုလုပ်လျက်ရှိနေသည့် ဆုံးရှုံးမှုသည် သူတို့သည်းခံနိုင်သည့် အကြောင်းအရာထက် သာလွန်လျက် ရှိနေလေ၏။ လူမြင်ကွင်းတွင် နံပါတ်ဆယ့်သုံး၏ ခြေထောက်ကို ရိုက်ချိုးခဲ့သည်ဆိုပါက ဂိုဏ်းချုပ်၏ ဂုဏ်သိက္ခာ ပျက်စီးသွားမည်ဖြစ်ပြီး အဝတ်နက်ဂိုဏ်းတွင် ရှိနေသည့် လူပေါင်းများစွာတို့၏ စိတ်ဓာတ်အဟုန်များကလည်း ပျက်စီးသွားပေလိမ့်မည်။ အနာဂတ်တွင် ဂိုဏ်းချုပ်ကို မည်သူက အားကိုးတော့မည်နည်း။
“ရှမ့်လန်... ငါ့ရဲ့လက်နဲ့ နံပါတ်ဆယ့်သုံးရဲ့ ခြေထောက်ကို ရိုက်ချိုးစေချင်တယ် ဟုတ်လား။ အိမ်မက်သာ မက်ထားလိုက်တော့”
သို့ပေမည့် ထျန်းဟန်၏ ဒုက္ခများသည် ဤအရာက အစသာ ရှိသေး၏။ အဘယ်ကြောင့်ဆိုသော် လောင်းကစားရုံများကို သူတစ်ယောက်တည်း ပိုင်ဆိုင်ခြင်း မဟုတ်ချေ။ ထိုနေရာဆီ၌ ဝေစုခွဲဝေမှုများ ပါဝင်လျက် ရှိနေ၏။ တစ်နာရီအတွင်း တစ်စုံတစ်ယောက်သည် အဖြစ်အပျက်များကို သိရှိသွားခဲ့သည်။
“မြို့တော်ဝန် နဲ့ ကျန်းကျင်းတို့ ခင်ဗျားကို တွေ့ချင်နေတယ်။ သူတို့ တစ်စုံတစ်ခု ပြောစရာရှိလို့နဲ့ တူတယ်”
ထျန်းဟန်၏ အမြင်များသည် မှောင်မဲသွားခဲ့၏။ ဤကိစ္စသည် သူ စိုးရိမ်အပူပန်ဆုံးသော ကိစ္စဖြစ်၏။ သို့ပေမည့် လက်ရှိအချိန်တွင် အစိုးရိမ်ဆုံးသော ကိစ္စက ဖြစ်လာခဲ့၏။