← Chapters

သတ်ဖြတ်ခြင်း

Vol. 10 Ch. 993

သတ်ဖြတ်ခြင်း

Vol. 10 Ch. 993

“သေသွားပြီလား...”

နှစ်ပေါင်း ‌သောင်းချီ အသက်ရှင်ခဲ့သည့် ဆေးနတ်ဘုရားဂိုဏ်း၏ ဘိုးဘေးမှာ ယခုကဲ့သို့ သေသွားခဲ့သည်လား။ သူ၏ လျှို့ဝှက် ရတနာများက အဘယ်ကြောင့် သူ့အား မကယ်တင်နိုင်ခဲ့သနည်း။ သူ၏ အဆိပ်တစ်ထောင် ရွှေခန္ဓာက မည်သည့်နေရာသို့ ရောက်နေသနည်း။

အထိုထိုသော မေးခွန်းများမှာ လူတိုင်း၏ ရင်ဘတ်၌ ပြည့်ကြပ်နေ၏။ သူတို့သည် ယခုထက်ထိ ဘိုးဘေး ဖူတူ၏ သေဆုံးမှုကို မယုံကြည်နိုင်အောင် ဖြစ်နေဆဲ ဖြစ်သည်။

လက်သီးတစ်ချက်...

မည်သည့် ဓမ္မ စွမ်းအားမျှ ပါဝင်ခြင်း မရှိသော လက်သီးတစ်ချက်...

ထိုကဲ့သို့ ရိုးရှင်းသည့် အခြေခံ လက်သီးချက်မျိုးကို သာမန် လူသား တစ်ယောက်ပင်လျှင် ထိုးနိုင်စွမ်း ရှိသည်။ ထိုလက်သီးချက်မှာ မည်သည့် တောင်ကိုမှ မပြိုစေခဲ့ သလို မည်သည့် ပင်လယ်ကိုမျှ မခမ်းခြောက် စေခဲ့ချေ။ ယုတ်ဆွအဆုံး ထိုလက်သီးချက်ကြောင့် လေထုပင်လျှင် လှုပ်ခတ်ခြင်း မရှိခဲ့ချေ။

သို့သော်လည်း ဘိုးဘေးဖူတူမှာ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူသည် ထိုလက်သီးချက်ကို ခုခံရန် အခွင့်အရေးပင် မရခဲ့ချေ။

“စောက်အဘိုးကြီး ဖူတူ... ဘာမှ စောက်သုံးမကျဘူး... ငါကတော့ ရင်ဆိုင်ရ အခက်ဆုံး အခြေတည် ဝိညာဥ် အဆင့် ဆိုလို့ အထသင်ကြီးလိုက်ရတာ... အခုတော့ ချန်းပေ့ရွှမ်း လက်သီးတစ်ချက် ထိုးတာနဲ့ တန်း အသက်ထွက်သွားပြီ...  ဘိုးဘေး ဟုန်ယန် လောက်တောင် မခုခံနိုင်လိုက်ဘူး”

မြေအောက်သရဲဂိုဏ်း၏ တပည့် တစ်ယောက်က ဒေါသတကြီး အော်ဟစ် လိုက်သည်။

“ဟုတ်တယ်...”

အခြား လူငယ်ကျင့်ကြံသူများကလည်း ထောက်ခံ လိုက်ကြ၏။ ထိုအဘိုးကြီး ဖူတကား အလွန် အားနည်းလွန်းလှသည်။ သူ၏ နာမည်နဲ့ စွမ်းအားမှာ လားလားမျှသော ထိုက်တန်မှု မရှိချေ။

ကျွင်းအိုချန်း၊ ဂူရှောင်ရှီနှင့် ကောင်းကင်ဂိုဏ်း အကြီးအကဲများ ပင်လျှင် မျက်မှောင်ကြုတ် နေကြသည်။ သူတို့သည် ချန်းဖန်၏ လက်သီးတစ်ချက်၌ ဘိုးဘေး ဖူတူ မည်ကဲ့သို့ အသက်ထွက် သွားသည်ကို တွေးတော မရကြချေ။

သို့သော်လည်း အခြေတည် ဝိညာဥ် အဆင့် ကောင်းကင်အရှင်များမှာမူ ရင်များ တဒိုင်းဒိုင်း ခုန်နေကြပြီ ဖြစ်သည်။ အလွန် မောက်မာသော မိစ္ဆာ စစ်ဦးစီးများ ပင်လျှင် ချန်းဖန်ကို ကြည့်ကာ ထိတ်လန့် တုန်လှုပ်နေကြ၏။

“ကြောက်ဖို့ကောင်းလိုက်တဲ့ လက်သီးချက်... အဲဒါက ကောင်းကင်ရဲ့ ဥပဒေဿတွေနဲ့တောင် နီးကပ်နေပြီ ထင်တယ်”

တစ်ခဏ ကြာပြီးနောက် ဘိုးဘေး ရှန်းယန်က ဖြည်းညင်းစွာ ရေရွတ်လိုက်၏။

မိစ္ဆာနှိမ်ဂိုဏ်း၏ ဘိုးဘေးက ခေါင်းညိတ်လိုက်သည်။

“တိုက်ပွဲစကတည်းက အဲဒီ လက်သီးချက် တစ်ခုမှာပဲ ဓမ္မ စွမ်းအား အရိပ်အငွေ့ကို ငါခံစားမိတယ်... ကြောက်ဖို့ ကောင်းလိုက်တဲ့ လက်သီးချက်ပဲ... ဘိုးဘေး ဖူတူလို လူတောင် ခုခံချိန် မရပဲ အသတ်ခံလိုက်ရတယ်... သူ့နေရာမှာ ငါတို့ ဆိုရင်လည်း အသတ်ခံရမှာပဲ... ဒဏ္ဍာရီထဲက အင်ပါယာ ခန္ဓာ တစ်ခုပဲ အဲဒါကို ယှဥ်နိုင်လိမ့်မည် ထင်တယ်”

သူကား အားလုံးထဲ၌ အသက် အကြီးဆုံး ဖြစ်သလို ကျင့်ကြံခြင်း အဆင့် အမြင့်ဆုံးလည်း ဖြစ်သည်။ သူသည် ဘိုးဘေး ဖူတူထက်ပင် ပို၍ အစွမ်းထက်သူ တစ်ယောက် ဖြစ်သော်လည်း ချန်းဖန်ကို ကြည့်ကာ ခြိမ်းခြောက်မှု တစ်ခုကို ခံစားနေရ၏။

“သူ့ရဲ့ ခန္ဓာက ဘယ်အဆင့်ကို ရောက်နေပြီလဲ...”

ကောင်းကင်အရှင် အားလုံးမှာ မျက်မှောင်ကြုတ် နေကြ၏။

အကယ်၍ ချန်းပေ့ရွှမ်းက ဘိုးဘေး ဖူတူကို အကြိတ်အနယ် တိုက်ခိုက်ပြီး သတ်နိုင်လိုက်လျှင်ပင် သူတို့ အံ့သြလိမ့်မည် မဟုတ်ချေ။ ယခုက လက်သီးတစ်ချက် သာလျှင် ဖြစ်သည်။ ထိုအရာက အားလုံး၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေ၏။

“သူ့ရဲ့ ခန္ဓာကိုယ်က ထျန်းဟောင်ဂြိုဟ်‌ပေါ်မှာ အကောင်းဆုံးလို့ သတ်မှတ်လို့ ရနေပြီ...”

ကောင်းကင်အရှင် ရှုဟောင်က ခပ်တိုးတိုး ရေရွတ်လိုက်၏။

“ငါတို့ သူနဲ့ ထိပ်တိုက်ရင်ဆိုင်လို့ မဖြစ်ဘူး... ကျင့်စဥ်တွေနဲ့ လျှို့ဝှက် နတ်ဘုရား စွမ်းအားတွေကို သုံးပြီး သူ့ကို ချောင်ပိတ်ဖမ်း ရမယ်... ပြီးမှ ဖြည်းဖြည်းချင်း ငါတို့ရဲ့ ကောင်းကင် ရတနာတွေကို သုံးပြီး သတ်ကြမယ်... သူ့ရဲ့ ခန္ဓာကိုယ် ဘယ်လောက်ပဲ အစွမ်းထက်ထက် ပြိုင်ဘက်ကင်းတော့ မဟုတ်သေးပါဘူး...”

ကောင်းကင် ကျောက်စိမ်း နန်းတော်၏ ဓားသခင်က ဆိုလိုက်၏။ သူ၏ ကျဥ်းမြောင်းသော မျက်လုံးများသည် ချန်းဖန်၏ ခန္ဓာကိုယ် တစ်လက်မချင်းစီအား စူးစိုက်ကြည့်ကာ သေးငယ်သော လှုပ်ရှားမှုကိုပင် အလွတ်မပေးပဲ မှတ်သားနေခဲ့၏။ ချန်းဖန်၏ ပုံရိပ်ကား သူ၏ စိတ်၌ မိတ္တူဆွဲထားသလို ထင်ဟပ်နေခဲ့ပြီ ဖြစ်သည်။

“ဟူး... ဟူး...”

ကောင်းကင်အရှင်များနှင့် မိစ္ဆာ စစ်ဦးစီးများသည် တစ်ယောက်နှင့် တစ်ယောက် မိုင်တစ်ရာ ခြား၍ ဖြန့်ကျက်ကာ ရပ်လိုက်ကြသည်။ လူများသည် ကောင်းကင်သို့ မော့ကြည့်လိုက်ကြရာ မမြင်နိုင်သော စွမ်းအားတစ်ခု ကောင်းကင်၌ ရစ်ပတ်နေသည်ကို ခံစားမိကြ၏။ အခြေတည်ဝိညာဥ် အဆင့် အားလုံးကား တစ်စည်းတစ်လုံးထဲ ပေါင်းစည်းကာ တစ်ဦးတည်း ဖြစ်သွားဟန် ရသည်။ ကြောက်မက်ဖွယ် အစီအရင် တစ်ခုကား ကောင်းကင်၌ နိုးထ နေခဲ့ပြီ ဖြစ်လေသည်။

“မင်းတို့ကလည်း သေချင်နေတာလား...”

ချန်းဖန်က အခြေတည် ဝိညာဥ် အဆင့်များကို ကြည့်ကာ မေးလိုက်၏။

“မင်းက အစွမ်းထက်တယ် ဆိုပေမဲ့ ငါတို့ကလည်း ထျန်းဟောင်ဂြိုဟ်ကို နှစ်ပေါင်းသောင်းချီ အုပ်စိုးခဲ့တဲ့ လူတွေ ဆိုတာ မမေ့နဲ့... မင်းက တောင်တန်း အင်ပါယာရဲ့ အမိန့်ကို ချိုးဖောက်ခဲ့တယ်... အခုလည်း ထာဝရဂိုဏ်းဟောင်း တစ်ခုရဲ့ ဘိုးဘေးကို သတ်ပြီး ကောင်းကင် ဥပဒေကို ထပ်ချိုးဖောက်ပြန်ပြီ... ဒီနေရာက မင်းလုပ်ချင်တိုင်း လုပ်လို့ရတဲ့ မြေရိုင်းနယ် တစ်ခု မဟုတ်ဘူး”

မိစ္ဆာနှိမ်ဂိုဏ်း၏ ဘိုးဘေးက အေးစက်စွာ ပြောလိုက်သည်။ သူ၏ မျက်လုံးထဲမှ လောဘများမှာမူ မူလကထက် ပိုမို၍ ပြင်းထန်လာနေ၏။

ရွှေအမြုတေ အဆင့်ဖြင့် ထိုမျှ အစွမ်းထက်သော ခန္ဓာကိုယ်ကို ဖွဲ့စည်းရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။ ထိုကောင်စုတ်လေးမှာ နတ်ဘုရား ကုန်းမြေ အတွင်း၌ ကံကောင်းမှု တစ်ခုခု ရရှိခဲ့ခြင်းကြောင့် ထိုမျှ လျှင်မြန်စွာ တိုးတက်လာခြင်း ဖြစ်နိုင်ပေသည်။ ထိုကဲ့သို့သော ကံကောင်းမှုကို တောင်တန်း အင်ပါယာ ပင်လျှင် မက်မောပေလိမ့်မည်။

“ချန်းပေ့ရွှမ်း... နောက်ဆုံး  အနေနဲ့ သတိပေးမယ်... ခုချက်ချင်း အညံ့ခံပြီး နတ်ဘုရား ကုန်းမြေထဲမှာ မင်းရခဲ့သမျှကို ငါတို့ကို ပေးလိုက်... ငါတို့ မင်းအသက်ကို ချမ်းသာပေးမယ်”

ကောင်းကင်အရှင် ရှန်းယန်မှာလည်း သူ၏ လောဘများကို ဖုံးကွယ်ထားခြင်း မရှိတော့ချေ။

“ဟူး... ဟူး...”

တစ်ချိန်တည်း၌ လေထုထဲရှိ ဖိအားမှာ ပို၍ ပြင်းထန်လာ၏။ ထိုအရာကား အခြေတည် ဝိညာဥ် အဆင့် ဆယ့်ငါးယောက်၏ စွမ်းအား အရှိန်အဝါ ဖြစ်သည်။ မိုင်တစ်ရာ ဧရိယာ အတွင်းရှိ လေထုသည် သံပြား တစ်ပြား ကဲ့သို့ အေးခဲနေသည်။ အတွင်းပိုင်းတွင်မူ အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်ကို အလွယ်တကူ သတ်ဖြတ်နိုင်သည့် ဥပဒေသမှာ ကူးလူးနေ၏။

ယခုတစ်ကြိမ် သူတို့၏ ရန်သူကား ဘိုးဘေးဖူတူကိုပင် လက်သီးတစ်ချက်ဖြင့် သတ်နိုင်ခဲ့သည့် ချန်းပေ့ရွှမ်း ဖြစ်သည်။ သူ့အား မည်သည်မှ အထင်မသေးရဲကြချေ။ ကောင်းကင်အရှင်များသည် သူတို့၏ အကောင်းဆုံး ဓမ္မ ရတနာများကို ထုတ်ယူလိုက်ကြသည်။

“ဘုန်း...”

ကောင်းကင် ရတနာ ဆယ့်ငါးခု ပေါ်ထွက်လာကာ စွမ်းအင်လှိုင်းလုံးများမှာ ကောင်းကင်၌ ယှက်ဖြာသွားသည်။ အခြေတည် ဝိညာဥ် ဝိညာဥ် အဆင့်များ၏ လက်ထဲ၌ ကောင်းကင် ရတနာများသည် ၎င်းတို့၏ စွမ်းအားကို အကုန်အစ် ဖော်ထုတ်ကာ လင်းလက်ကြလေသည်။

“မင်းတို့ကလည်း သေချင်နေတာပဲ...”

အေးစက်မှုများက ချန်းဖန်၏ မျက်ဝန်းများ၌ ယှက်ဖြာသွားသည်။

သူသည် ဘိုးဘေး ဖူတူ တစ်ယောက်တည်းကိုသာ သတ်ချင်ခဲ့ခြင်း ဖြစ်သည်။ ထိုအဘိုးကြီးမှာ ကျူးဝမ် မျိုးနွယ် တိုက်ခိုက်ခံရသည့် ဖြစ်စဥ်၌ ပါဝင် ပတ်သက်ခဲ့သူ တစ်ဦး ဖြစ်သည်။ သို့သော်လည်း ကောင်းကင်အရှင် ရှန်းယန်နှင့် အခြားလူများ၏ မျက်ဝန်းထဲမှ လောဘများက သူ့အား ဒေါသထွက်စေ၏။

“ဘုန်း...”

ချန်းဖန်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။ ကောင်းကင်သည် မြေပြင်နှင့် ဝင်တိုက်မိသည့် အလား ပြင်းထန်စွာ တုန်ရီသွား၏။

ထိုအရာကား ပထမ ခြေလှမ်းသာလျှင် ဖြစ်လေသည်။

“ဘုန်း...”

“ဘုန်း...”

“ဘုန်း...”

ဒုတိယ ခြေလှမ်း၊ တတိယ ခြေလှမ်း၊ စတုတ္ထ ခြေလှမ်း...

ချန်းဖန်၏ ခြေလှမ်း တစ်ခုချင်းစီ၌ လေထုသည် ပြင်းထန်စွာ တုန်ရီလာနေ၏။ အဆုံး၌ ရှေးဟောင်း မိစ္ဆာအင်း အလွှာ ၅၃ တစ်ခုလုံး တုန်ရီလာသည်။ များစွာသော ကျင့်ကြံသူများ၊ ရှေးဟောင်း မိစ္ဆာများသည် မြေငလျင် တစ်ခု လှုပ်သည့်အလား ခံစားနေကြရသည်။

တစ်ချိန်တည်း၌ ရွှမ်ဝူသည် ဟိန်းဟောက်ကာ ဖီးနစ်ငှက်က ငိုကြွေး၏။ နတ်ဘုရား လူဝံက ချန်းဖန်၏ နောက်၌ အုပ်မိုးကာ ရပ်သည်။ အဆုံး၌ ၎င်းတို့ အားလုံးသည် ရွှေရောင် အလင်း အဖြစ် ပြောင်းလဲသွားကြသည်။

ရွှေရောင် အလင်းသည် ချန်းဖန်၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဝန်းရံနေ၏။ သူ၏ လက်ချောင်းများ၊ မျက်ခုံးမွေးများ၊ ဆံပင်များမှာ ‌ရွှေရောင်သို့ ပြောင်းလဲသွားကာ ကြောက်မက်ဖွယ် အရှိန်အဝါကို ထုတ်ဖော် လာကြသည်။

ရွှေခန္ဓာ...

ထိုအရာကား အစစ်အမှန် ရွှေခန္ဓာ ဖြစ်သည်။

ချန်းဖန်သည် အသွင်ပြောင်းခြင်း ကိုးခု၏ စွမ်းအားကို အတူတကွ ပေါင်းစပ်ကာ ထိုပြိုင်ဘက်ကင်း ခန္ဓာကို ဖန်တီးထားခဲ့ခြင်း ဖြစ်သည်။ ထိုခန္ဓာသည် ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်သို့ ရောက်ရှိရန်ပင် ခြေတစ်လှမ်းသာ လိုတော့၏။ ချန်းဖန်၏ ရွှေခန္ဓာနှင့် နှိုင်းယှဥ်ရပါက ဘိုးဘေး ဖူတူ၏ အဆိပ်တစ်ထောင် ရွှေခန္ဓာမှာအမှိုက်လောက်သာ ရှိပေသည်။

“တိုက်ကြဟေ့...”

မြေအောက် သရဲဂိုဏ်း၏ ကောင်းကင်အရှင်က အော်ဟစ်ကာ အနက်ရောင် အလံ တစ်ခုကို ပစ်လွှတ်လိုက်သည်။ တောက်ပသော ရွှေရောင်အလင်းများသည် ကောင်းကင်၌ ယှက်ဖြာသွားကာ မရေမတွက်နိုင်သော သရဲများမှာ တစ်ကောင်ပြီး တစ်ကောင် ဖြစ်ပေါ်လာ၏။ ထိုအရာကား မြေအောက် သရဲဂိုဏ်း၏ ကောင်းကင် ရတနာ တစ်ခု ဖြစ်သော “သရဲတစ်ထောင် အလံ” ပင် ဖြစ်လေသည်။

သရဲတစ်ထောင် အလံ ထွက်‌ပေါ်လာသည်နှင့် ရှေးဟောင်း မိစ္ဆာအင်း အလွှာ ၅၃ တစ်ဝက်သည် နာနာဘာဝတိုင်းပြည် သဖွယ် ပြောင်းလဲသွား၏။ သရဲများသည် နေရာ အနှံ့၌ ကူးခပ်နေကြကာ အချို့ သရဲ စစ်သည်များမှာ တစ္ဆေမြင်းများကိုပင် စီးနင်းထားကြသည်။ ၎င်းတို့သည် စစ်တပ် တစ်ခုအလား အုပ်စုဖွဲ့ရင်း ချန်းဖန်ထံသို့ အတူတကွ ပျံသန်းလာကြ၏။

“ကောင်းကင်ကျောက်စိမ်း ကြယ်ဓား...”

“နဝမ ကောင်းကင်ကြေးမုံ အနီရောင် မီးတောက်...”

“ရှုဟောင် ခေါင်းလောင်း...”

မြေအောက် သရဲဂိုဏ်းချုပ် စတင် တိုက်ခိုက်သည်နှင့် ကောင်းကင် ‌ကျောက်စိမ်း ကျောင်းတော်မှ ဓားသခင်၊ ကောင်းကင်အရှင် ရှန်းယန်၊ ကောင်းကင်အရှင် ရှုဟောင်နှင့် အခြားလူများကလည်း သူတို့၏ အစွမ်း အထက်ဆုံး ကောင်းကင် ရတနာများနှင့် အတူ တိုက်ခိုက်လိုက်ကြတော့၏။

“ဘုန်း...”

ထိုအခိုက်၌ ရှေးဟောင်းမိစ္ဆာအင်းကား ကြောက်မက်ဖွယ်ကောင်းအောင် တုန်ခါသွား၏။ မိုင်တစ်ထောင် ဧရိယာသည် စွမ်းအင် ပင်လယ် သဖွယ် ပြောင်းလဲသွားသည်။ ကောင်းကင် ဥပဒေများသည်လည်း ထင်လင်းစွာ တောက်ပကြ၏။

“ဝှစ်... ဝှစ်... ဝှစ်...”

ကောင်းကင်၌ များစွာသော ဓမ္မ ရတနာများသည် ချန်းဖန်ထံသို့ ကြယ်ကြွေများ အလား တိုးဝင်နေကြလေ၏။ အကယ်၍ ထိုသို့သော တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရပါက ဘိုးဘး ဖူတူ ကဲ့သို့သော လူပင်လျှင် တစ်ခဏ အတွင်း အပြီးတိုင် ပျောက်ကွယ် သွားရလိမ့်မည် ဖြစ်သည်။

“အကို...”

ရှောင်မန်မှာ စိုးရိမ်သွား၏။ ထို့အတူ ကျိုးကျူရှင်း၊ ရှုညီအမနှင့် ဝမ်ရွှမ်လုံတို့မှာလည်း ချန်းဖန် အတွက် စိတ်ပူသွားကြသည်။

နဂါးအရှင် တစ်ယောက်သာလျှင် တည်ငြိမ်နေ၏။ သူကား ကြယ်ပင်လယ်မှ လာသော ကျင့်ကြံသူ တစ်ယောက် ဖြစ်ရာ ထျန်းဟောင်ဂြိုဟ်သားများထက် ပိုမို အမြင်ကျယ်ပေသည်။ ကောင်းကင်အရှင်ချန်းကား အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းမှ ပြန်လည် မွေးဖွားလာသူ ဖြစ်သည်။ သာမန် အခြေတည် ဝိညာဥ် အဆင့် ဆယ့်ငါးယောက်လောက်က သူ့အား မည်ကဲ့သို့ ထိခိုက်စေနိုင်မည်နည်း။

သူ၏ အတွေးကား မှန်ကန်ပေသည်။ ချန်းဖန်သည် အခြေတည် ဝိညာဥ် အဆင့် ဆယ့်ငါးယောက်ကို ရင်ဆိုင်နေရသည့်တိုင် မိမိကိုယ်ကို ယုံကြည်ချက် ရှိနေဆဲ ဖြစ်သည်။

သူက လက်သီးကို မြှောက်ကာ ထိုးနှက်လိုက်၏။

“ခရက်...”

ရှုဟောင် ခေါင်းလောင်းမှာ ချန်းဖန်၏ လက်သီးချက်၌ အက်ကွဲသွား၏။ မရေမတွက်နိုင်သော အပိုင်းအစများမှာ အရပ်မျက်နှာ မျိုးစုံသို့ ပြန့်ကျဲသွားသည်။

ထို့နောက်...

“ဒုတိယ လက်သီး...”

“တတိယ လက်သီး...”

“စတုတ္ထ လက်သီး...”

“ ... ”

ချန်းဖန်သည် လက်သီး ဆယ့်လေးချက်ကို ထိုးကာ ကောင်းကင် ရတနာ ဆယ့်လေးခုကို ဖျက်ဆီး ပစ်လိုက်၏။ ထိုကောင်းကင် ရတနာများကား ထျန်းသောင်ဂြိုဟ်၏ အစွမ်း အထက်ဆုံးသော ရင်းမြစ်များဖြင့် ဖန်တီးထားခြင်း ဖြစ်သည့်တိုင် ချန်းဖန်၏ လက်သီးအောက်၌ တစ်ခုမကျန် ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။

ရွှေခန္ဓာ...

ထိုအရာကား အစစ်အမှန် ရွှေခန္ဓာ၏ စွမ်းအားပင် ဖြစ်၏။

အခြေတည် ဝိညာဥ် အဆင့်များ ဆွံ့အနေချိန်မှာပင် ချန်းဖန်သည် ရွှေရောင် အလင်း အသွင် ပြောင်းလဲကာ ကောင်းကင်ကို ဖြတ်သန်းသွားသည်။

“မကောင်းတော့ဘူး...”

ကောင်းကင်အရှင် ရှန်းယန်နှင့် ကောင်းကင် ကျောက်စိမ်း ‌ကျောင်းတော် ဓားသခင် အပါအဝင် ကောင်းကင်အရှင် ငါးယောက်မှာ လေထဲတွင် အေးခဲသွာ၏။ ထို့နောက် သူတို့၏ ရင်ဘတ်များ၌ အပေါက် ပေါ်လာ၏။ ထို့နောက် ထိုအပေါက်က တဖြည်းဖြည်း ကြီးမားလာကာ နောက်ဆုံး၌ ပြင်းထန်စွာ ပေါက်ကွဲ သွားတော့၏။

မျက်စိတစ်မှိတ် အတွင်းမှာပင် ကောင်းကင်အရှင် ငါးယောက်ကား သေဆုံးသွားခဲ့ပြီ ဖြစ်လေသည်။

“ ... “

ထိုမြင်ကွင်းကို ကြည့်ကာ ရှေးဟောင်း မိစ္ဆာအင်း အတွင်းရှိ သက်ရှိ အားလုံးမှာ တိတ်ဆိတ်သွားကြ၏။ မိစ္ဆာနှိမ် ကောင်းကင်ဂိုဏ်း ဘိုးဘေးနှင့် ကောင်းကင်အရှင် ရှုဟောင်တို့မှာလည်း ဆွံ့အနေကြသည်။

ကောင်းကင်အရှင် ငါးယောက်က ထိုမျှ လွယ်ကူစွာ သေဆုံးသွားရသည်လား။

***

All Chapters