ကောင်းကင်အရှင်များကို သတ်ဖြတ်ခြင်း
Vol. 10 Ch. 994
“ဟူး... ဟူး...”
ရှေးဟောင်း မိစ္ဆာအင်း အတွင်း၌ လေသည် တိုက်ခိုက်နေကာ သရဲများမှာ မြူးထူးနေ၏။ မိုင်တစ်ထောင် ပတ်လည် ဧရိယာမှာ အပျက်အစီး လောက သဖွယ် အဆုံးမဲ့ စွမ်းအင်များဖြင့် ပြည့်နှက်နေသည်။
ရွှေရောင်သွေးများ၊ အရိုးများသည် ကောင်းကင်တွက် ပျံ့ကြဲနေသည်။ ကမ္ဘာလောကမှာလည်း အခြေတည် ဝိညာဥ် အဆင့်များ၏ သေဆုံးမှု အတွက် ဝမ်းနည်းနေဟန် ညို့မှိုင်းနေ၏။ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ကောင်းကင်သို့ ကြည့်ကြရာ ရွှေရောင် အတိပြီးသော ချန်းဖန်ကို တွေ့မြင်ကြရသည်။
“ကောင်းကင်အရှင် ငါးယောက်....”
လူတိုင်းက တီးတိုး ရေရွတ်လိုက်မိကြ၏။
ထိုအင်အားကား ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးကို တုန်လှုပ်စေရန် လုံလောက်ပေသည်။ နူးညံ့ ကောင်းကင်ဂိုဏ်း၏ နတ်မိမယ်၊ ကုန်းစွန်း မိသားစု ဘိုးဘေး၊ ကောင်းကင်ကျောက်စိမ်း ကျောင်းတော် ဓားသခင်... စသည်ဖြင့် တစ်ယောက်ချင်းစီကား သူတို့ ကိုယ်စားပြုရာ မိသားစုများ၊ ဂိုဏ်းများ၏ ကျောရိုးများ ဖြစ်ကြသည်။ သူတို့ မရှိသည်နှင့် ထိုဂိုဏ်းများ၊ မိသားစုများမှာ လဲပြိုကြတော့မည် ဖြစ်ပေသည်။
“ဘိုးဘေး... ငါတို့ ဘိုးဘေး သေသွားတာလား...”
“အဲဒါက ငါတို့ရဲ့ ဓားသခင်လေ... သူက နှစ်ပေါင်း ကိုးထောင် အထိ ကျင့်ကြံခဲ့တာ... အခု သူက ဒီလိုပဲ သေသွားရပြီလား”
“ ... “
နူးညံ့ ကောင်းကင်ဂိုဏ်း၊ ကောင်းကင် ကျောက်စိမ်း ကျောင်းတော်နှင့် ကုန်းစွန်း မိသားစုမှ အကြီးအကဲများမှာ မြေပြင်ပေါ်၌ ဒူးထောက်ကာ ငိုကြွေးကြကုန်၏။ သူတို့ ဂိုဏ်းများ၊ မိသားစုများကား ကောင်းကင်အရှင် တစ်ယောက်တည်းကိုသာ ပိုင်ဆိုင်ထားကြခြင်း ဖြစ်သည်။ ထိုကောင်းကင်အရှင်ကို ဆုံးရှုံးသွားခြင်းမှာ သူတို့အား မိုးပြိုသလို ခံစားရစေသည်။
“သူက အစွမ်းထက်လွန်းတယ်...”
တစ်ချိန်တည်း၌ မိစ္ဆာ စစ်ဦးစီး ငါးယောက်မှာ ချန်းဖန်ကို ယှဥ်၍ မတိုက်ခိုက်နိုင်တော့ကြောင်း နားလည် သွားခဲ့ပြီ ဖြစ်သည်။ သို့တိုင်အောင် ထိုကောင်စုတ်လေးမှာ ယခုအထိ ခန္ဓာကိုယ် စွမ်းအားကိုသာ အသုံးပြုရသေးသည်။ သူသာ နတ်ဘုရား စွမ်းအားနှင့် ဓမ္မ ရတနာတို့ကို ထုတ်သုံးပါက အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့်အောက်ရှိ မည်သူမျှ သူ့အား ယှဥ်နိုင်တော့မည် မဟုတ်ချေ။
“ဝှစ်...”
ချန်းဖန်၏ ခန္ဓာကိုယ်က မိုင်ပေါင်း ရာချီကို တစ်စက္ကန့် အတွင်း ကျော်ဖြတ်ကာ မီးတောက် တစ်ခု၏ အရှေ့၌ ပြန်ပေါ်လာ၏။ ထိုမီးတောက်မှာ ချက်ချင်းပင် ကောင်းကင်အရှင် ရှန်းယန် အဖြစ် အသွင်ပြောင်း သွားသည်။
“ကောင်းကင်အရှင်ချန်း... ခင်ဗျား ဘာအလိုရှိလို့လဲဗျ”
ကောင်းကင်အရှင် ရှန်းယန်က ဖြူရော်စွာ ပြုံးရင်း မေးလိုက်၏။ သူ၏ မောက်မာသော အမူအရာများကား လုံးဝ ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်လေသည်။
“ဘာလဲ... မင်းက အရင် ငါ့ကို တိုက်ခိုက်ပြီး ဘာလို့ ခုမှ မသိချင်ယောင် ဆောင်နေတာလဲ”
ချန်းဖန်က တည်ငြိမ်စွာပင် ပြန်လည် မေးခွန်းထုတ် လိုက်သည်။
“အဲဒါက နားလည်မှု လွဲသွားတာပါ ခင်ဗျာ... နားလည်မှု လွဲသွားတာပါ... တကယ်လို့ ကောင်းကင်အရှင်ချန်း အားရင် ကျုပ်ရဲ့ အနီရောင် မီးတောက်တောင်ကို လာပြီး တစ်ခွက်တစ်ဖလား သောက်ပါလား”
ကောင်းကင်အရှင် ရှန်းယန်က ရင်ထဲရှိ ဒေါသကို ချိုးနှိမ်ကာ အပြုံးဖြင့် ဖိတ်ခေါ်လိုက်၏။
“နောက်ကျသွားပြီ...”
ချန်းဖန်က ခေါင်းခါ လိုက်သည်။
“ချန်းပေ့ရွှမ်း... မင်းက တကယ်ပဲ အနီရောင် မီးတောက် ကောင်းကင်နယ်နဲ့ တိုက်ခိုက်ချင်တာလား... နောက်ပြီး မင်းက ခုနကတင် ကောင်းကင်အရှင် ခြောက်ယောက်ကို သတ်ပြီးပြီ... ထပ်ပြီး သတ်ဦးမယ် ဆိုရင် ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးရဲ့ ရန်သူ ဖြစ်သွားလိမ့်မယ်”
ကောင်းကင်အရှင် ရှန်းယန်မှာ နောက်ဆုတ်၍ မဖြစ်နိုင်တော့ကြောင်း ရိပ်မိလိုက်ရာ ယဥ်ကျေး မနေတော့ချေ။
“ဘုန်း...”
အနီရောင် အလင်းတန်းများသည် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏။ သူကား ချက်ချင်းပင် နေတစ်စင်း အလား တောက်ပကာ သတ္ထုများကိုပင် ချက်ချင်း အရေပျော်စေနိုင်သည့် အပူချိန်အား ထုတ်လွှတ်၏။ တစ်ချိန်တည်း၌ အခြေတည် ဝိညာဥ် အဆင့်များကိုပင် သတ်ဖြတ်နိုင်သော မီးတောက် ဥပဒေသများမှာ သူ့အား ဝန်းရံလာသည်။
ကောင်းကင်အရှင် ရှန်းယန်ကား သူ၏ စွမ်းအားကို အကုန်အစင် ထုတ်ဖော်နေခဲ့ပြီ ဖြစ်လေသည်။
“ဟဟ...”
သို့သော်လည်း ချန်းဖန်က ဂရုမစိုက်ဟန် ရယ်မောလိုက်၏။ ထို့နောက် သူက လက်နှစ်အား ရှေ့သို့ ထုတ်ကာ ဆောင့်၍ ဆွဲလိုက်သည်။
“အား...”
ရုတ်တရက် ကြောက်မက်ဖွယ် အသံနက်ကြီးမှာ ရှေးဟောင်း မိစ္ဆာအင်းကို ကျော်ဖြတ်ကာ အပြင်ရှိ ကောင်းကင်နယ်များ အထိ ပျံ့နှံ့သွား၏။
လူတိုင်းသည် အသံလာရာသို့ ကြည့်ကြရာ ကောင်းကင်အရှင်၏ ခန္ဓာကိုယ်မှာ နှစ်ပိုင်းပြတ်နေသည်ကို တွေ့ကြရ၏။ ခန္ဓာကိုယ် တစ်ပိုင်းချင်းစီမှာ ရွှေရောင်သွေးများဖြင့် ရွှဲရွှဲစိုလျှက် ချန်းဖန်၏ လက်တစ်ဖက်ချင်းစီ၌ ရုန်းကန်နေ၏။
“ဝှစ်...”
ရုတ်တရက် အနီရောင် အလင်းတစ်ခုသည် ထွက်ပေါ်လာကာ လွတ်မြောက် ထွက်ပြေးရန် ကြိုးစားသည်။ ထိုအရာကား ကောင်းကင်အရှင် ရှန်းယန်၏ အခြေတည် ဝိညာဥ်ပင် ဖြစ်၏။
“မင်းက လွတ်မယ် ထင်နေလား...”
ချန်းဖန်က ပြုံးလိုက်သည်။
ထို့နောက် သူ၏ နောက်တွင် အနက်ရောင် တွင်းပေါက်ကြီး ခြောက်ခု ဖြစ်ပေါ်လာ၏။ အနက်ရောင် အကြေးခွံများ ပြည့်နှက်နေသော အရိုးဖြူ လက်ခြောက်ဖက်သည် ထိုတွင်းပေါက်များ အတွင်းမှ ထွက်ပေါ်လာသည်။ ထိုအရိုးဖြူလက်များသည် ကောင်းကင်အရှင် ရှန်းယန်၏ အခြေတည် ဝိညာဥ်ကို အပိုင်းခြောက်ပိုင်း ဆွဲဖျက်ကာ တွင်းပေါက်များ အတွင်းသို့ ဆွဲသွင်း သွားကြ၏။
ခုနစ်ယောက်မြောက် အခြေတည် ဝိညာဥ် အဆင့်ကား သေဆုံးသွားခဲ့ပြီ ဖြစ်လေသည်။ လူတိုင်းသည် ထိုအရာကို ရှင်းလင်းစွာ တွေ့လိုက်ကြရ၏။
ကောင်းကင်အရှင် ရှန်းယန်သည် အလွန် အစွမ်းထက်သည့် မီးကျင့်ကြံသူ တစ်ယောက် ဖြစ်ပြီး ကောင်းကင်ကိုပင် ပြာချ ပစ်နိုင်သည့်တိုင် ချန်းပေ့ရွှမ်း၏ လက်ဗလာဖြင့် ဆွဲဖဲ့ခြင်းကို ခံခဲ့ရသည်။
ပို၍ ကြောက်မက်ဖွယ် ကောင်းသော အရာကား အခြေတည် ဝိညာဥ်ကိုပင် ကုတ်ခြစ် ဆွဲယူသွားခဲ့သည့် လက်ကြီး ခြောက်ဖက် ဖြစ်သည်။ ထိုအရာက မည်ကဲ့သို့သော မိစ္ဆာကျင့်စဥ်မျိုးနည်း။
“ဟူး...”
ချန်းဖန်သည် ပူပြင်းသော စွမ်းအင်များ နတ်ဘုရား စက်ဝန်းသို့ စီးဆင်းလာသည်ကို သတိထားလိုက်မိ၏။ မိစ္ဆာ ခြောက်ပါး ကျင့်စဥ်ကား အခြေတည် ဝိညာဥ် အဆင့် မဆိုထားနှင့် ဂြိုဟ်တစ်ခုလုံးကိုပင် သန့်စင်နိုင်သော ကျင့်စဥ် ဖြစ်သည်။ သို့သော်လည်း ကံဆိုးစွာပင် ကောင်းကင်အရှင် ရှန်းယန်၏ အခြေတည် ဝိညာဥ်သည် ချန်းဖန်၏ ဓမ္မ စွမ်းအားကို အနည်းငယ်သာ တိုးတက်စေသည်။ သူသည် ယခုအထိ ရွှေအမြုတေ အစောပိုင်း အဆင့်တွင်သာ ရှိနေပြီး ရွှေအမြုတေ အလယ် အဆင့်သို့ ရောက်ရန်ပင် အလှမ်းကွာဝေးနေတုန်း ဖြစ်သည်။
“နောက်ထပ် ကျန်နေသေးတဲ့ အခြေတည် ဝိညာဥ်တွေကို ဖြုန်းတီးပစ်လို့ မရဘူး... ငါ သူတို့ကို စုပ်ယူပြီး နတ်ဘုရား စက်ဝန်းကို ပိုတိုးတက်လာအောင် လုပ်ရမယ်”
ချန်းဖန်က တွေးလိုက်၏။
ထို့နောက် သူက အခြား အခြေတည် ဝိညာဥ် အဆင့်များကို ကြည့်လိုက်သည်။ သူတို့ အားလုံးသည် နတ်ဆိုး တစ်ကောင်၏ အမဲလိုက်ခြင်းကို ခံရသည့်အလား တုန်ရီလာကြ၏။ မိစ္ဆာ စစ်ဦးစီး ငါးယောက်နှင့် မိစ္ဆာနှိမ်ဂိုဏ်း၏ ဘိုးဘေးတို့ပင်လျှင် ခြောက်ခြား နေခဲ့ကြသည်။
ထို့နောက် ချန်းဖန်က သူ၏ အကြည့်ကို ကောင်းကင်အရှင် ရှုဟောင်ထံ ပို့လွှတ်လိုက်၏။ ကောင်းကင်အရှင် ရှုဟောာင်မှာ ချက်ချင်းပင် အလင်းတန်း တစ်ခု အသွင် ပြောင်းလဲကာ အဝေးသို့ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
“ကောင်းကင်အရှင်ချန်း... ငါတို့ဂိုဏ်းရဲ့ နတ်မိမယ် ရှန်းရှီက မင်းရဲ့ မိတ်ဆွေမလား... သူ့ မျက်နှာကို ထောက်ပါဦး...”
“ဟမ့်... မင်းတို့ ပြန်လည် မွေးဖွားခြင်းဂိုဏ်းနဲ့ ငါ့ အကြားမှာ ငါ ကျေးဇူးအကြွေးမှ မရှိတော့ဘူး... မင်းကိုယ်တိုင်က ငါ့ကို စပြီး တိုက်ခိုက်မှတော့ ငါက ဘာလို့ မင်းကို မသတ်ရမှာလဲ”
ချန်းဖန်က ခြေတစ်လှမ်းလှမ်းလိုက်ရာ ကောင်းကင်အရှင် ရှုဟောင်၏ အရှေ့သို့ တန်းတန်းမတ်မတ် ရောက်ရှိသွားသည်။ ထို့နောက် သူက အထက်သို့ ပျံတက်ကာ ကောင်းကင်အရှင် ရှုဟောင်အား တက်နင်းလိုက်၏။
“ခရက်...”
ကောင်းကင်အရှင် ရှုဟောင်၏ ခန္ဓာကိုယ်မှာ ကြေမွသွား၏။ မရေမတွက်နိုင်သော သွေးစက်များနှင့် အရိုးများမှာ နေရာအနှံ့ ပြန့်ကြဲသွားသည်။ သူ၏ အောက်တည့်တည့်ရှိ မြေပင်တွင်မူ ကြောက်မက်ဖွယ် ခြေရာကြီး တစ်ခု ဖြစ်ပေါ်နေခဲ့လေသည်။
“ဝှစ်...”
ထို့နောက် ချန်းဖန်က အရိုးဖြူလက် ခြောက်ဖက်ကို ဆင့်ခေါ်ကာ ကောင်းကင်အရှင် ရှုဟောင်၏ အခြေတည် ဝိညာဥ်ကို ဝါးမျိုလိုက်ပြန်၏။
ကောင်းကင်အရှင် ရှစ်ယောက်ကား သေဆုံးသွားခဲ့ပြီ ဖြစ်လေသည်။
နတ်မိမယ် ရှန်းရှီသည် ထိုမြင်ကွင်းကို ကြည့်က သက်ပြင်းတစ်ချက် ချမိ၏။ သူမ၏ ဘိုးဘေး ကောင်းကင်အရှင် ရှုဟောင်မှာ လောဘကြီးလွန်းခဲ့သည်။ သူမသည် နောက်ဆုံးအချိန်၌ သူ့အား ကူညီချင်ခဲ့သည့်တိုင် ဘာမှ မတတ်နိုင်ခဲ့ချေ။
ကောင်းကင်အရှင် ရှုဟောင်၏ သေဆုံးမှု အပြီး၌ ကောင်းကင်အရှင်နှင့် မိစ္ဆာ စစ်ဦးစီးများကား ဆက်လက်တိုက်ခိုက်ရန် မဝံ့ရဲကြတော့ချေ။
“ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ကောင်းကင်အရှင်ချန်း... ကျုပ်တို့ နောက် မလုပ်ရဲတော့ပါဘူး...”
“ကောင်းကင်အရှင်ချန်း... ရှေးဟောင်း မိစ္ဆာတွေက မင်း အပေါ် ဘာအပြစ်မှ မလုပ်ခဲ့ဘူးလေ... ငါတို့ကို သွားခွင့်ပေးပါ”
“ချန်းပေ့ရွှမ်း... မင်း ငါတို့ ဘုရင်ကြီးကို မကြောက်ဖူးလား... ရှေးဟောင်း မိစ္ဆာ မျိုးနွယ်က ဒီထျန်းဟောင်ဂြိုဟ်ပေါ်လို ဂိုဏ်းလေးတွေလို ပမွှား မဟုတ်ဘူး... မင်း ငါတို့ကို သတ်ရင် ငါတို့ ဘုရင်ကြီးက မင်းကို ပြန်သတ်လိမ့်မယ်”
ကောင်းကင်အရှင်များနှင့် မိစ္ဆာ စစ်ဦးစီးများသည် သူတို့ အသက်ကို ချမ်းသာပေးရန် ချန်းဖန်အား တောင်းပန်၍ တစ်သွယ်၊ ခြိမ်းခြောက်၍ တစ်ဖုံ ပြောဆိုကြ၏။ သို့သော်လည်း ချန်းဖန်မှာ သူတို့၏ စကားများကို ဂရုစိုက်ခြင်း မရှိချေ။ သူ့ လမ်းအား လာပိတ်ပါက မည်သူမဆို သေရမည် ဖြစ်သည်။
“ဘုန်း...”
ချန်းဖန်က မိစ္ဆာနှိမ် ကောင်းကင်ဂိုဏ်း၏ ဘိုးလေးအား ထက်ပိုင်း ဆွဲဖြတ်ကာ သူ၏ အခြေတည် ဝိညာဥ်အား ဝါးမျိုလိုက်ပြန်၏။
“ဘုန်း... ဘုန်း... ဘုန်း...”
ထို့နောက် တစ်ဆက်တည်းလိုပင် မိစ္ဆာ စစ်ဦးစီး ငါးယောက်မှာလည်း ချန်းဖန်၏ လက်၌ တစ်ယောက်ပြီး တစ်ယောက် သတ်ဖြတ်ခံလိုက်ရပြန်သည်။ သူတို့ကား အစွမ်းထက် ခန္ဓာနှင့် နတ်ဘုရား စွမ်းအားတို့ကို ပိုင်ဆိုင်ထားသည့်တိုင် တစ်ချက်ပင် ခုခံနိုင်စွမ်း မရှိခဲ့ချေ။
အဆုံး၌ မြေအောက်သရဲဂိုဏ်း၏ ဂိုဏ်းချုပ် တစ်ယောက်သာလျှင် ကျန်ရစ်တော့၏။ သူသည် နေရာတွင်ပင် အေးခဲကာ ချန်းဖန်အား ငေးကြောင်ကြည့် နေခဲ့မိသည်။ သူသည် ဖြစ်ပျက်သွားသမျှ အရာအားလုံးအား အိပ်မက်တစ်ခု သဖွယ် ခံစားနေခဲ့ရလေသည်။
***