( သူမ အာလူးကြော်ထုတ် ဝယ်လိုက်တယ်!)
Vol. 9 Ch. 114
ယို့ရှုယွဲ့အာ ထောင့်နားရှိ ကျင့်ကြံနေသော ကျင့်ကြံသူလေးယောက်ကို မျက်လုံးစောင်း ကြည့်လိုက်သည်။
သူတို့တွေက တစ်ကယ် ဆိုင်ထဲမှာ ကျင့်ကြံနေကြတာပဲ။
လူကြားထဲမှာလေ။
ထူးဆန်းသည်။ သူတို့မှာ ဂိုဏ်းမရှိလို့လား? ဒါမှမဟုတ် ဂူတွေမရှိလို့လား? အနည်းဆုံးတော့ ကျင့်ကြံဖို့ရန် တိတ်ဆိတ်သည့် အခန်းတစ်ခုတော့ ရှိမှာပဲလေ?
ဒါက စိတ်ဝိညာဥ်ဓာတ်ပြည့်ဝတဲ့ နယ်မြေ တစ်ခုတောင်မဟုတ်ဘူး!
ချီစွမ်းအင် သိပ်သည်းနေတာလဲ မရှိဘူး။ ဘာအစီအရင်မှမရှိသလို ကျင့်ကြံမှုကို တိုးမြှင့်ပေးနိုင်တာမျိုးလဲ မရှိဘူး။
ဒါပေမဲ့ ထိုလေးယောက်ကတော့ မသိရင် အဆင့်တက်တော့မဲ့အလား ရုပ်တည်ကြီးတွေနဲ့ ကျင့်ကြံနေလေ၏။
ဒီစင်တွေကြားမှာ ဘယ်လို ဆန်းကြယ်တဲ့ သိုင်းပညာကိုများ လေ့ကျင့်နေလို့လဲ?
ယို့ရှုယွဲ့အာ သူမရဲ့မျက်လုံးတွေကို ပွတ်သပ်လိုက်သည်။ ဒီနေရာက အဓိပ္ပါယ်.ရှိမနေဘူး။
ဒါပေမဲ့ သူမ လာရင်းကိစ္စကိုပဲ လုပ်ဖို့လိုသည်။ သူမ စင်တွေနားလျှောက်သွားလိုက်ကာ အာလူးကြော်ထုတ်ကို လက်လှမ်းလိုက်သည်။
ထို့နောက်မှာ သူမ ဈေးနှုန်းကို မြင်သွားလေ၏။
သူမရဲ့လက်က လမ်းတစ်ဝက်မှာ ရပ်တန့်ကာ.. မျက်လုံးတွေ မှေးကျဥ်းလို့။
“ ဝိညာဥ်ကျောက်တုံး.. ငါး..ငါးတုံးတောင်?”
ငွေဒင်္ဂါးငါးပြားမဟုတ်ဘူး။ ရွှေဒင်္ဂါးငါးပြား တောင်မဟုတ်ဘူး။
ဒါပေမဲ့ ဝိညာဥ်ကျောက်တုံးငါးတုံး!
တစ်စုံတစ်ယောက်များ ဈေးနှုန်းနဲ့ ပတ်သတ်ပြီး တုံ့ပြန်နေမလား သိရအောင် သူမ ဘယ်ညာ လှည့်စစ်ဆေးလိုက်သည်။
ဒါပေမဲ့ ဘယ်သူကမှ ပြဿနာရှာမနေဘူး။
ဒါက ပုံမှန်ပဲလား? မုန့်တစ်ခုအတွက်… ဝိညာဥ်ကျောက်တုံးငါးတုံးက ပုံမှန်ပဲပေါ့?!
သူမ ဈေးနှုန်းကဒ်ကို ဖုန်သုတ်ကြည့်လိုက်သည်။ သူမ အမြင်များတာလား.. ဖုန်များပေနေလို့လား သေချာစေရန်ပင်။
ဖုန်သုတ်လိုက်ရင် နံပါတ်တွေ ပြောင်းသွားနိုင်သည်မလား?
ဒါပေမဲ့ မပြောင်းခဲ့ဘူး။
ဈေးနှုန်းက အမှန်ပဲ။
ပုတ်သင်ညိုလေးလဲ ဈေးနှုန်းကို ချောင်းကြည့်လာလေ၏။ သားရဲကောင်ရဲ့ မျက်လုံးက အရမ်းကိုပြူးကျယ်လာခဲ့သည်။
ယို့ရှုယွဲ့အာ ကိုယ့်ပါးကိုယ် ရိုက်လိုက်ကာ
‘ စိတ်လျော့။ ဒါက ထူးခြားတဲ့ ဂိုဏ်းတစ်ခုရဲ့ လျှို့ဝှက်ထုတ်ကုန် ဖြစ်လောက်တယ်။ သိတယ်မလား.. အရမ်းရှားလို့ နှစ်နှစ်လောက်နေမှ တစ်ခါပဲရနိုင်တဲ့ ရှားပါး ပါဝင်ပစ္စည်းတွေ ထည့်ထားတာတို့ဘာတို့..’
‘ အဲ့လိုဆို ဝိညာဥ်ကျောက်တုံးငါးတုံးတော့ တန်မှာပါ.. ဖြစ်နိုင်တာကပေါ့’
ဒါပေမဲ့ သူမရဲ့ စိတ်တွင်းကတော့ အော်ဟစ်နေလေ၏။
ထိုပိုက်ဆံနဲ့ဆို သူမတို့နှစ်ယောက်လုံး တစ်လနှစ်လလောက် အေးဆေးနေလို့ရသည်!
သူမ ပုတ်သင်ညိုလေးကို လှည့်ကြည့်လိုက်သည်။
ချက်ချင်းပဲ ထိုသားရဲက မျက်နှာလွဲကာ နံရံကို ကြည့်ချင်ယောင် ဆောင်လေ၏။ သူမရဲ့ တောက်လောင်နေတဲ့ မျက်လုံးများကို မသိချင်ယောင် ဆောင်ပစ်လိုက်သည်။
ယို့ရှုယွဲ့အာ သက်ပြင်းချပြီး အံသာ ကြိတ်နိုင်တော့သည်။ ဒီငတုံးပုတ်သင်ညိုကောင်က သူမ ငယ်ငယ်တုန်းတည်းက သူမနဲ့ အတူရှိခဲ့တာပဲ။
ဒီကောင်က သူမရဲ့ တစ်ယောက်တည်းသော လုပ်ဖော်ကိုင်ဖက်ပဲ။ သူ အခုလို တောင်းဆိုတာ ရှားလွန်းသည်။
ဖြစ်နိုင်တာ တစ်ခါ.. တစ်ခါလောက်လေး။
ယို့ရှုယွဲ့အာ မျက်ရည်ကျချင်လာသည်။
သူမ နှာခေါင်းတစ်ရှုံ့ရှုံ့နဲ့ အာလူးကြော် တစ်ထုပ်ကို တုန်ယင်စွာယူလိုက်သည်။
ထို့နောက်မှာ ကောင်တာကို အပြေးသွားပြီး ဝိညာဥ်ကျောက်တုံးငါးတုံးကို ကောင်တာပေါ် အားနဲ့ရိုက်ချလိုက်သည်။ မသိလျှင် ဝိညာဥ်ကို ရောင်းစားနေရသည့်နှယ်ပင်။
ကောင်တာပေါ်ရှိ ပစ္စည်းတစ်ခုမှ ဘိ ဆိုတဲ့ အသံထွက်လာပြီးနောက်မှာ..
အလင်းတစ်ချက်က အိတ်ကို စကန်ဖတ်သွားသည်။
ဒီတော့ ဒီလိုအလုပ်လုပ်တာပေါ့လေ။ ဝယ်ယူမှုကို ဒီလိုထူးဆန်းတဲ့ ပစ္စည်းနဲ့ အတည်ပြုရတာပေါ့?
သူမ တစ်ခါမှ မမြင်ဖူးခဲ့ပေ။
ယို့ရှုယွဲ့အာ အာလူးကြော်ထုပ် ပြန်ယူပြီး ကောင်တာကနေ ဆိုင်ရဲ့ အဝေးဆုံးက စားပွဲဆီကို သွားလိုက်သည်။ ကျားအိုကြီးကျောင်းရဲ့ ဦးနှောက်ဆေးနိုင်လောက်တဲ့ တစ်ကျွတ်ကျွတ် ဝါးသံတွေနဲ့ ဝေးရာကိုပေါ့။
သူမ မျက်နှာထားအပြည့်နဲ့ အာလူးကြော်ထုပ်ကို ဒရာမာဆန်စွာ ဖြည်းဖြည်းချင်း ဖောက်လိုက်သည်။
ထို့နောက်မှာ သူမ အာလူးကြော်တစ်ပြားကို ထုတ်ယူလိုက်သည်။
တစ်ပြားထဲပဲ။
ကျန်တဲ့အာလူးကြော်ထုပ်ကို ကြမ်းပြင်ပေါ် အသာပြန်ချလိုက်သည်။
“ စားပါ ပုတ်သင်ညိုလေး မင်းရှာထားတာပဲ”
ယို့ရှုယွဲ့အာ သူမ သားရဲလေးရဲ့ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။
ထို့နောက်မှာ ဆင်းရဲမွဲတွေခြင်းမှာ လက်မြှောက်အရှုံးပေးလိုက်တဲ့ ကျင့်ကြံသူ တစ်ယောက်သဖွယ် ထိုင်နေလေ၏။
ခြေထောက်တွေကားရင်း မဖြောင့်တန်းနိုင်တော့တဲ့ ကျောပြင်နဲ့ အရှုံးပေးစွာ လက်မှိုင်ချလို့ပေါ့။
ဇာတ်ကားတွေထဲက အဓိကဇာတ်လိုက်တွေရဲ့ နောက်ဆုံးတိုက်ပွဲအပြီးမှာ ခဏတာငြိမ်သက်ပြီး အနားယူနေသလို..
ဂုဏ်ကျက်သရေ အပြည့်နဲ့…
ထို့နောက်မှာ ဝမ်းနည်းစွာနဲ့ အာလူးကြော် တစ်ပြားကို ပါးစပ်ထဲ ထည့်လိုက်သည်။
မယုံနိုင်လောက်အောင် အရသာရှိလေ၏။
သူမ မျက်လုံးပင် ပိတ်ကျသွားသည်။
‘... ကောင်းပြီ.. ငါအခုသိပြီ’
ဒါကြောင့်ကိုး။
ဒီအာလူးကြော်က ပြီးပြည့်စုံလောက်အောင် စားကောင်းတာပဲ။
ဈေးနှုန်းကလွဲရင် အကုန်ပြည့်စုံသည်။
သူမ ခပ်ဖြည်းဖြည်းပဲ ဝါးလိုက်သည်။ အရမ်း ဇိမ်ကျကောင်းမွန်တဲ့ အစာတစ်နပ်ကို စားနေရင်း ပြောင်ရှင်းသွားတဲ့ ပိုက်ဆံအိတ်လေးရဲ့ သေဆုံးမှုကိုပါ ဝမ်းနည်းခံစားပေးလိုက်သည်။
တစ်ဖက်က ပုတ်သင်ညိုလေးကတော့ ဘဝကြီးကို ခံစားနေလေပြီ။
ကျွတ်
ကျွတ်
ကျွတ်!
အာလူးကြော်ပြားတွေကို ဝါးစားနေတာများ မသိရင် ကောင်းကင်ဘုံကလာတဲ့ အချည်ရည်ထဲ နှစ်ထားတဲ့ အဆင့်မြင့် စိတ်ဝိညာဥ်သားရဲကင်ကို စားနေတဲ့ အတိုင်းပဲ။
ပုတ်သင်ညိုလေး ကောင်းကောင်းသိပါသည်။ ဒါကဈေးအရမ်းကြီးပြီး သူ့ရဲ့သခင်လဲ စိတ်ထဲမှာ ငိုနေလိမ့်မယ်ဆိုတာ…။ ဒါပေမဲ့ အခုချိန်မှာ ဆိုလိုရင်းတစ်ခုသာရှိသည်။
သူပိုများတဲ့စိတ်ဝိညာဥ်သားရဲတွေ အမဲလိုက်ပြီး ပိုက်ဆံရှာရမည်။
သူ့ရဲ့အနာဂတ်အတွက် ဆောင်ရွက်ဖို့ ကျိန်ဆိုလိုက်သလိုမျိုး တည်တံ့နေတဲ့ရုပ်နဲ့ ခေါင်းညိတ်လိုက်လေသည်။
တစ်ကိုက်ကိုက်လိုက်တိုင်း သူ့ရဲ့ကိုယ်တွင်းက ပြောင်းလဲမှုကို ပုတ်သင်ညိုလေး ခံစားမိသည်။ သူ့ရဲ့ ပင်မအူတိုင်က… တည်ငြိမ်လာတာလား?
သူ ပိုပြီးစားလေလေ ပိုပြီးအနည်ကျလာတဲ့ အခြေအနေကို ခံစားမိလေလေပဲ။
သူ အသွင်ပြောင်းဖို့ နီးစပ်လာပြီလား?
နေအုံး နေအုံး.. ဒီအာလူးကြော်တွေက အစားအစာအဖြစ် ပြောင်းထားတဲ့လျှို့ဝှက် ရတနာများလား?
တိုင်းတစ်ပါးထုတ်ပိုးပုံနဲ့ ဒီဆန်းကြယ်တဲ့ ပစ္စည်းက ဘာတွေလဲ?!
ထိုအချိန် ကောင်တာရှိ ဟောင် ကတော့ မျက်နှာပြင် ပုံရိပ်ယောင်ထက်ကို မယုံနိုင်စွာ ကြည့်နေခဲ့သည်။
အမည်- ယို့ရှုယွဲ့အာ။
အသက်- ၆၉ နှစ်။
ကျင့်ကြံဆင့်- သိုင်းသူတော်စင်နယ်ပယ် အဆင့် ၃။
ဟောင် မျက်တောင်ခတ်လိုက်သည်။
“....”
‘၆၉… နှစ်?’
မိုရှီရှီထက် အနည်းငယ်လောက်သာ အရပ်ပိုရှည်သော ကလေးမကို ဟောင် လှမ်းကြည့်လိုက်သည်။
နှုတ်ခမ်းဆူဆူနဲ့ ဒီမျက်နှာသေးမလေးရဲ့ အကြည့်တွေကတော့ စူးရှလှသည်။
သူမက ၆၉ နှစ်ရှိပြီ!
ဒါတော်တော်လေး အံ့ဖွယ်ပဲ။
မဟုတ်ဘူး။ ရှေးဟောင်းကျတဲ့ အနုပညာလို့ ပြောရမည်!
ဒါဘယ်လို အဓိပ္ပါယ်မရှိတဲ့ ကိစ္စကြီးလဲ?!
'ဟျောင့် စနစ် သူမက ဘယ်လိုမှ ၆၉ နှစ် မဖြစ်နိုင်ဘူး။ ကြည့်လိုက်အုံး ရုပ်ကို။ အခုထိ အိမ်ပြင်ထွက်ဖို့ ခွင့်ပြုချက်လိုသေးတဲ့ ရုပ်ကလေးနဲ့ကို။’
ဒါပေမဲ့ စနစ်ရဲ့ အချက်အလက်တွေက အမှားအယွင်း မရှိနိုင်တာကို ဟောင် ကောင်းကောင်းသိပါသည်။
တစ်ခါတစ်လေ တစ်ချို့အရာတွေကို သူ လက်ခံပေးရမည် ဆိုပေမဲ့ သူ့ရဲ့ သိချင်စိတ်ကတော့ ပြင်းပြလွန်းလို့ အငြိမ် မနေနိုင်တော့ပေ။
ဒီယို့ရှုယွဲ့အာ ဘယ်လို စကင်ကဲမျိုး သုံးထားလို့ ဒီလောက် အရွယ်တင်နေရတာလဲ?
သူမမှာ နတ်သူငယ် ခန္ဓာကိုယ်တည်ဆောက်ပုံ များ ရှိလို့လား?
ကမ္ဘာပေါ်က သူတွေသာ သူမရဲ့ပုံစံကို မြင်သွားလို့ကတော့ ဘီလျှံနာတွေအကုန် ပိုက်ဆံတွေ ပစ်ပေးလာလောက်သည်။ သူမ သုံးစွဲခဲ့တဲ့အရာကို သုံးနိုင်ဖို့ မျှော်လင့်ချက်နဲ့ ပိုင်ဆိုင်သမျှ အကုန် ထုတ်သုံးလာလောက်သည်။
အရွယ်ငယ်စေတဲ့ ဓာတ်ဖြည့် အရည်လား? ပင်စည်ဆဲလ်ပါဝင်တဲ့ ဆေးလုံးလား? မျက်နှာနုစေတဲ့ အသုံးအဆောင်လား?
သူမက ညတွင်းချင်းပဲ နာမည်ကြီးသွားမှာ။ ဘာအဖက်မှ သုံးဖို့လိုမှာတောင် မဟုတ်ဘူး။ သူမရဲ့ မျက်နှာသွင်ပြင်ကိုက ချစ်စရာကောင်းမှုကို အလိုလိုတိုးမြှင့်နေပြီး တိမ်တွေကို ပိုင်းဖြတ်နိုင်သလို ချွန်ထက်တဲ့ပါးရိုးနဲ့လေ။ ပြီးတော့ ကောင်းကင်က ထွင်းပေးထားသလိုမျိုး ပြီးပြည့်စုံတဲ့ မေးရိုးပါးပါးလဲ ရှိသေးသည်။
ပြီးတော့ ဆိုင်ရဲ့အလင်းရောင်အောက်မှာ တောက်ပနေတဲ့ ချောမွေ့တဲ့ နီညိုရောင် အသားအရေကိုပါ ပေါင်းထည့်လိုက်တော့ လုံးဝကို ထိပ်တန်းအဆင့်ပဲ!
သူမကို tiktok အလင်းမီးဝိုင်းတစ်ခု ချိန်ထားပေးပြီး ဘေးမှာ စိတ်ဝိညာဥ်သားရဲနဲ့ အတူ ကျင့်ကြံရေးနည်းနာတွေနဲ့ စကင်ကဲ အကြောင်း live လွှင့်ခိုင်းလိုက်လို့ကတော့….။
“ ဟေ့လူတို့ အခုရောက်နေတာ မင်းတို့ရဲ့ အဖွားလေးယွဲ့အာပဲ ဖြစ်ပါတယ်။ ဒီနေ့ ငါတို့လုပ်မှာက အရေပြားတွန့်တာ.ပြေလျော့စေတဲ့ နည်းလမ်းပဲ!”
………
ယို့ရှုယွဲ့အာကတော့ မတ်တပ်ရပ်ပြီး ပုတ်သင်ညိုကို အာလူးကြော်ထုပ်နဲ့ ပစ်ထားလိုက်ကာ သူမကတော့ ဆိုင်ထဲ လှည့်ပတ်ကြည့်နေလိုက်သည်။
သူမ ကိုယ်တိုင်လက်နဲ့ကိုင်ပြီး ပစ္စည်းတစ်ခုချင်းစီကို သေချာလေ့လာသည်။ ဈေးနှုန်းကို မြင်လိုက်တိုင်း သူမရဲ့ မျက်နှာက ရှုံ့မဲ့သွားသည်။
ဒါပေမဲ့သူမ ထပ်ပြီး မအံ့သြတော့ပေ။စိတ်ထဲမှာ နာကျင်မှုသာ ရှိသည်။
သူမ ခေါင်းလှည့်လိုက်ချိန်မှာ ကောင်တာအနောက်ရှိ နံရံပေါ်က မျက်နှာပြင် တစ်ခုက ဆွဲဆောင်သွားခဲ့သည်။
‘ နို့ရေခဲမုန့်- ဝိညာဥ်ကျောက်တုံးနှစ်တုံး’
သူမ ဖတ်လိုက်သည်။
နှစ်တုံး။
နှစ်တုံးထဲပဲ။
‘ အာလူးကြော်နဲ့ ယှဥ်လိုက်ရင် တော်တော် ဈေးသက်သာတာပဲ’
သူမ အချိန်တစ်ခုကြာသည်အထိ စိုက်ကြည့်နေဆဲပဲ။
ပုတ်သင်ညိုလေးလဲ စားကောင်းတာ တစ်ခု စားထားတာပဲ။ သူမလဲ စားသင့်သည်မလား? ပုတ်သင်ညိုကိုပဲ အလိုလိုက်ရရင်..မတရားဘူးလေ။
ဟုတ်တယ်မလား?
ဟုတ်တယ်မလားလို့!
သူမ မရေရာမှုတစ်ချို့နဲ့ ကောင်တာရှိရာကို သွားလိုက်သည်။
“ ဆိုင်ရှင် ငါ အဲ့ဒီ ရေ..ရေခဲမုန့် ယူလို့ရမလား?”