← Chapters

( ခိုင်မာတဲ့စိတ်ဓာတ်နဲ့ တောင့်ခံထားရမယ်!)

Vol. 9 Ch. 117

( ခိုင်မာတဲ့စိတ်ဓာတ်နဲ့ တောင့်ခံထားရမယ်!)

Vol. 9 Ch. 117

ထျန်းလုက ရေခဲမုန့်ကြောင့် အပူဒဏ်ကို ခံနိုင်ရည်ရှိနေတာ မဟုတ်ပေ။

သူ အခုလိုခံနိုင်ရည် ရှိရခြင်းက သူ့ရဲ့ ခန္ဓာကိုယ်က အလွန့်အလွန် ပြင်းထန်တဲ့ ရာသီဥတုများနဲ့တောင် အသားကျခဲ့ပြီး၍ပင်။

စည်းချက်ညီညီ စီးဆင်းနေတဲ့ ချီစွမ်းအင်က အတွင်းအင်္ဂါတွေကို အားဖြည့်ပေးနေရင်း လိုအပ်ချက်အလိုက် အေးမြစေတယ်..နွေးထွေးစေတယ်။

အခုချိန်မှာတော့ သူက အပူကို မရှောင်ရှားနေဘူး။ အပူတွေကိုက သူ့ကို ယဥ်ယဥ်ကျေးကျေးနဲ့ ရှောင်ကွင်းပေးသွားဟန် ရှိသည်။

ဝိညာဥ်မီးတောက်မြို့တော်ရဲ့ ပြင်းထန်တဲ့ ရာသီဥတုကတောင်မှ သူ့ကို မျက်တောင် တစ်ချက်မခတ်စေခဲ့ဘူး။

ပြောရရင် သူသည် အရင်က မြေကြီးကိုလဲ ခေါင်းအုံးလုပ်ပြီး အိပ်ခဲ့ဖူးသည်။ ထိုအချိန်က သူ တာဝန်တစ်ခုကြောင့် မီးအရိုးစွန့်ပစ်နယ်မြေကို ရောက်နေခဲ့တာပင်။

အပူချိန်က ထိုတုန်းက ၅၀ ဒီဂရီရဲ့ အထက်မှာ ရှိလို့ သက်မဲ့ နံရံတွေတောင် အော်ဟစ်ညည်းညူ.ချင်နေရလောက်တဲ့ အထိပဲ။ ဒါပေမဲ့ ထျန်းလုကတော့ မြေပေါ်မှာ တစ်ရေးလှဲအိပ်လိုက်သည်။ ဘာလို့ဆို သူ့ရဲ့ ခံယူချက်က

“ အပူက ငါ့ကို အိပ်ခွင့်ပေးတာ မဟုတ်ဘူး။ ငါက ငါ့ကိုယ်ငါ အိပ်ခွင့်ပေးခဲ့တာပဲ”.

ဒါကိုသာ ယို့ရှုယွဲ့အာ သိလို့ကတော့ ကိုယ့်အတွေးကိုယ်ပင် ရယ်မိသွားလောက်သည်။

ဒါပေမဲ့ အခုချိန်မှာတော့ သူမက ဆန်းကြယ်တဲ့ လျှို့ဝှက်ချက်တစ်ခုကို ရှာတွေ့သွားသလို ခံစားနေလေရဲ့။

‘ ငါ နောက်တစ်ခေါက်ကျ ရေခဲမုန့် ပိုဝယ်စားရမယ်.. ဘာရယ်မဟုတ်ဘူး။ အဖြေမှန်ကို သေချာအောင်လုပ်ဖို့’

နို့ရေခဲမုန့်မှာ အခုလိုအစွမ်းမျိုး ရှိနေတယ်ဆိုတော့ သူမ ဝင်သွားမိတာက ဘယ်လိုနေရာမျိုးလဲ?

ဆိုင်ရှင်က ဘယ်လိုလူများလဲ?

သူမ မသိပေမဲ့ သေချာတာတစ်ခုတော့ ရှိသည်။

ဒီဆိုင်က သာမာန် ဆိုင်တစ်ခု မဟုတ်ဘူး!

သာမာန်ဆိုင်.ဘယ်လိုမှ မဖြစ်နိုင်ဘူး။

ထိုအချိန် ဆိုင်အတွင်း၌…

ကောင်တာ အနောက်မှာ ရပ်နေရင်း ဟောင် ရဲ့ မျက်လုံးများက ပုံရိပ်ယောင် မျက်နှာပြင်ထက်ကို ကော်ကပ်သလို ကပ်ညှိနေလေ၏။ သူ ဒါအတွက်နဲ့ ဝိညာဥ်ကျောက်တုံး တစ်တုံးကြီးများတောင် သုံးခဲ့ရသည်။

(ပုတ်သင်ညိုလေးရဲ့ နောက်ခံ)

သားရဲနှောရဲ့ မွေးဖွားမှုက ဘယ်တုန်းကမှ ပြင်ပကမ္ဘာမှာ နေထိုင်နိုင်ဖို့ မဟုတ်ခဲ့ဘူး။

သူမရဲ့ အဖေက ရှားပါးကောင်းကင်မီးတောက် နဂါး ဖြစ်တဲ့ စိတ်ဝိညာဥ်သားရဲတစ်ကောင်ပဲ။ အာဏာရှိပြီး ဂုဏ်မောက်တဲ့အပြင် မီးတောက်မှာကျွမ်းကျင်တဲ့ သားရဲ တစ်ကောင်။ သူမရဲ့ အမေကတော့ မရေမတွက်နိုင်တဲ့ ပြန်လည်ဖြစ်ပွားခြင်းနဲ့ ကျိန်စာသင့်နေတဲ့ နတ်ဆိုးသားရဲမျိုးရိုးရဲ့ ကြေးနီရောင်ကြေးခွံရှိတဲ့ ပုတ်သင်ညိုမပဲ။

သူတို့နှစ်ယောက်ပေါင်းပြီး မတည်ရှိသင့်တဲ့ မျိုးစိတ်တစ်ခုကို မွေးဖွားခဲ့တယ်။ စိတ်ဝိညာဥ်သားရဲနဂါးတစ်ပိုင်း နတ်ဆိုးသားရဲပုတ်သင်ညိုတစ်ပိုင်းနဲ့ အရမ်းကြောက်ဖို့ကောင်းတဲ့ သားရဲပေါ့။

သူမ စတင်မွေးဖွားလာတာနဲ့ ရန်သူတွေ ပေါ်ပေါက်လာတယ်။

သူမကို ကာကွယ်ဖို့ သူတို့တွေက မစွန့်လွှတ်ခဲ့ဘူး။ တောနက်ထဲက ဗိမာန်ဟောင်းထဲမှာ ပုံရိပ်ယောင်အထပ်ထပ်နဲ့ သူမကို ဖွက်ထားခဲ့ကြတယ်။ ကျိန်စာတိုက်ထားတဲ့ ကျောက်တုံးတွေနဲ့ သူမရဲ့ တည်ရှိမှုကို ဖုံးကွယ်ထားပြီး သူမကိုလဲ မမှတ်မိစေတာကြောင့် ကမ္ဘာကြီးနဲ့ အဝေးမှာ နေစေတာပေါ့။

ဒါပေမဲ့ ကမ္ဘာကြီးက ကလေးမလေးကို အမြဲဖုံးကွယ်ခွင့် မပေးခဲ့ဘူး။

ယို့ရှုယွဲ့အာနဲ့ သူမနဲ့ တွေ့တဲ့အချိန်မှာ သူမက ဆာလောင်​ပြီး အေးစက်လို့တုန်ယင်နေခဲ့တယ်။ သူမက အဲ့တုန်းက အခုမှ ဥခွံထဲက ပေါက်လို့ အပြင်ကို ချောင်းကြည့်နေခဲ့တာ။ မတ်မတ်တောင် မရပ်နိုင်အောင် အားနည်းပြီး ငိုလဲမငိုဘူး။

ယို့ရှုယွဲ့အာကလဲ မကြောက်ခဲ့ဘူး။

ယွဲ့အာက အစာလဲမျှပေးတယ်။ နွေးထွေးမှုလဲ ပေးခဲ့တယ်။

အဲ့ဒီအချိန်ကစပြီး သူမက ယွဲ့အာနောက်ကို နောက်မြှီးလေးလို တစ်ကောက်ကောက် လိုက်တော့တာပဲ။

သူမရဲ့ သွေးထဲက သွေးနှောတွေက ဖျက်ဆီးချင်စိတ်ကြောင့် သောင်းကြမ်းတာမျိုးကို တောင့်ခံခဲ့တယ်။ ယွဲ့အာကို သူမရဲ့ ကမ္ဘာကြီးလိုမျိုး ခင်တွယ် သွားခဲ့တယ်။

သူမ စစချင်းက အများကြီး နားမလည်ခဲ့ဘူး။ လူသားတွေ ဘယ်လိုအလုပ်လုပ်တယ်.. ဘာလို့ ရေနေ့တိုင်းချိုးရတယ်.. ဘာလို့ လူဆိုးတွေကို ကိုက်လို့မရလဲဆိုတာ။ ဒါပေမဲ့ သူမ အမှန်တရားတစ်ခုကိုတော့သိတယ်။

တစ်ယောက်ယောက်သာ ယွဲ့အာကို အဝေးခေါ်သွားဖို့လုပ်ခဲ့ရင် သူမ ဒုတိယအခွင့်အရေးပေးမှာ မဟုတ်ဘူး။

“ အော် ဒါကြောင့် အဲ့ဒီသားရဲမှာ အစောက အတောင်ပံလိုအရာတွေ ပါတာပေါ့”

ဟောင် ခေါင်းနောက်ကို ဖွဖွ ကုတ်လိုက်ရင်း

“...”

‘ သူမကို သာမာန် ပုတ်သင်ညိုဖြစ်မယ်လို့ မထင်ခဲ့မိပေမဲ့… နဂါးတစ်ပိုင်းတဲ့လား?!’

ပြီးတော့ အခုလို ဝမ်းနည်းစရာ နောက်ခံပါ ရှိနေသေးတယ်တဲ့လား?

ဟောင် ဇာတ်ကြောင်းမှာ ထင်ထားတာထက် ပိုပြီး နစ်ဝင်သွားရသည်။

သူ မျက်နှာပြင်နားကို ပိုတိုးလိုက်ကာ

‘ ဒါဆို သူမ မိဘတွေကကော?’

‘ သူတို့ အသက်ရှင်သေးလား? လွတ်သွားကြလား? သူတို့ရဲ့ မျိုးစိတ်တူတွေဆီကနေ သစ္စာဖောက်ခံရတာလား?’

ဟောင်ရဲ့ ကိုယ်တွင်းရှိ အတင်းတုတ်ချင်တဲ့ အဒေါ်ကြီးက တုန်ယင်နေခဲ့ပြီ။

ဒါပေမဲ့ အချိန်အကြာကြီးရပ်နေပြီးနောက်မှာ..

ဟောင် သက်ပြင်းချလိုက်တော့သည်။

‘ တော်ပြီ.. ငါ ဝိညာဥ်ကျောက်တုံး တစ်တုံး သုံးထားပြီးပြီ’.

အပြစ်ရှိတဲ့ ခံစားချက်တို့နဲ့ မျက်နှာပြင်ကိုဖယ်လိုက်တော့သည်။

‘ နောက်တစ်ခေါက်မှပေါ့’

ယို့ရှုယွဲ့အာက ကံကောင်းတဲ့ ကလေးမပဲ။ နဂါးတစ်ပိုင်း သားရဲတဲ့လား? ကျွတ်! ကောင်ကင်ဘုံကနေ ကံကောင်းမှုတွေ ချပေးနေတာပဲ။

ဟောင် ခပ်ဖြည်းဖြည်း ခေါင်းညိတ်လိုက်သည်။ ယို့ရှုယွဲ့အာက ထိုအကြောင်းတွေ ဘာမှမသိတာ 100% သေချာသည်။

သူမကတော့ သွားချွန်ချွန်တွေနဲ့ ဒေါသကြီးတဲ့ ပုတ်သင်ညိုတစ်ကောင်ကို ခေါ်မွေးမိတာလို့ပဲ ထင်နေလောက်သည်။

ဟောင် ခေါင်းစောင်းကာ တံခါးပေါက်ကို ကြည့်လိုက်လေ၏။

‘ ပုတ်သင်ညိုလေး ကိုယ်တိုင်တောင် သူ့ဇစ်မြစ်ကို မသိလောက်ဘူး’

သူမကို ဥခွံက ပေါက်တာနဲ့ ယွဲ့အာက တွေ့သွားခဲ့သည်။ စွန့်ပစ်တာဖြစ်ဖြစ် ဖွက်ထားတာဖြစ်ဖြစ် သူမအတွက်တော့ ဘာမှ ထူးမှာမဟုတ်ဘူး။

ဆိုင်အပြင်ဘက်တွင် ထျန်းလု မျက်တောင်ခတ်လိုက်သည်။

ထပ်ပြီးလား?!

နောက်ထပ် လူတစ်ယောက်ကလဲ အခုထပ်ပြီး တံခါးပေါက်ဆီကို အသက်လုပြေးနေရသလို ပြေးလာပြန်ပြီလား။

ဝိညာဥ်မီးတောက်မြို့တော်က လူတွေ ဘာဖြစ်နေတာလဲ? အမြဲတမ်း ဘယ်ကမှန်းမသိ ထွက်ပြေးနေကြတယ်?

သူတို့ဖင်နောက်ကို မီးထိုင်ရှို့နေတဲ့သူ ရှိလို့လား?

အခု ဒီလူကလဲ အသက်နှစ်ဆယ် အစောပိုင်း အရွယ်မှာရှိလောက်သည်။ သပ်ရပ်စွာ ဝတ်ဆင်ထားလေ၏။

လိမ္မောရောင် အပေါ်ကုတ်ရဲ့ အောက်တွင် သဲရောင်အင်္ကျီခံထားသည်။ အမဲရောင် ဘောင်းဘီရှည်ရဲ့ အစတွေကတော့ ဖိနပ်ထဲ ထိုးထည့်လို့ပေါ့။

ကျောနောက်မှာ ထိုးထည့်ထားတဲ့ ဈေးပေါပုံ ပေါက်တဲ့ လှံရှည်ကလဲ ဟိုယိမ်းသည်ယိမ်းနဲ့။

အညိုပုတ်ရောင် ဆံပင်တွေကလဲ ရှုတ်ပွလျက်ရှိသည်။

ရုပ်ဆိုးသည် မဟုတ်သော်ငြား မှတ်မိနိုင်တဲ့ ရုပ်မျိုးတော့မဟုတ်ပေ။

ငါးစက္ကန့်လောက်ကြာတာနဲ့ မေ့သွားမဲ့ အရန်ဇာတ်ကောင်းရုပ်မျိုးပဲ။

ဒါပေမဲ့ အရေးကြီးဆုံးက…

ထိုသူရဲ့ ကြောက်ဖို့ကောင်းတဲ့ မျက်နှာထားပင်။

လက်သီးနှစ်ဖက်လုံးက တင်းနေအောင် ဆုတ်ထားလွန်းလို့ တုန်ယင်နေခဲ့သည်။

ထိုသူက တစ်ခုခုကို ထိန်းချုပ်ထားဟန်ဖြင့် အရှေ့အနည်းငယ် တိုးလာသည်။

ပါးပေါ်က စီးကျနေတဲ့ ချွေးစက်တွေက အင်္ကျီလည်ပင်းထဲ ဝင်ရောက်ပျောက်ကွယ် သွားသည်။

ခြေလှမ်းတစ်လှမ်းလိုက်တိုင်း သူ့ရဲ့ပုံစံက တစ်စုံတစ်ခုကနေ လွတ်မြောက်ချင်ဟန်ဖြင့် တွန့်လိမ်နေ၏။

ထျန်းလုရဲ့ မျက်နှာလဲ ရှုံ့သွားသည်။ သူ တိတ်တဆိတ် ခြေတစ်လှမ်း အနောက်ဆုတ်မိသွား၏။

ကောင်လေး မင်းရဲ့ကိုယ်ထဲက မိစ္ဆာနဲ့ တိုက်ခိုက်နေတာလား ဘာလားပဲ..?

ထိုသူက ပြေးလာနေဆဲပဲ။ အလောတကြီး လှုပ်ရှားမှုတိုင်းက မသိလျှင် ကမ္ဘာပျက်ကိန်းမှ ထွက်ပြေးလာသည့်နှယ်။ ပြေးလာနေရင်း ဖိနပ်ချော်ပြီး လဲကျမလိုတောင် ဖြစ်သွားသေး၏။

ထို့နောက်မှာ…

သူက ထျန်းလုကို တစ်ချက်သာ ပြူးပြဲကြည့်ပြီး ကြယ်ပျံတစ်ခုလို တစ်ရှိန်ထိုး ကျော်တက်သွားလေ၏။

အရှိန်တစ်ချက်မလျှော့ဘဲ သစ်သားတံခါးကို ဆွဲဖွင့်ကာ အလောတကြီး ဝင်သွားခဲ့သည်။

စိတ်ပျက်ဖွယ် အသံကြီးနဲ့ ထိုလူက အော်ဟစ် သွားသေးသည်။

“ကျေးဇူးပြုပြီး… မဖြစ်ပါနဲ့!”

ထျန်းလု နေရာမှာတင် ရပ်နေရင်း မျက်တောင် ခတ်လိုက်သည်။

“.....”

ထျန်းလု တံခါးပေါက်ကို စိုက်ကြည့်နေကာ..

ထို့နောက်မှာ မြေပြင်ကို ကြည့်လိုက်သည်။

တံခါးပေါက်ကတစ်ဆင့် ဆိုင်ထဲကို ပြန်ကြည့်လိုက်ပြန်သည်။

ဒီလိုထူးဆန်းတဲ့ကိစ္စကို ငါတစ်ခုခု လုပ်သင့်လား? ဒါက ငါ့ပြဿနာကော ဟုတ်ရဲ့လား?

ဒီလူက ဘာကိုမှ မဖျက်ဆီးသွားခဲ့ဘူး။

မအော်ဟစ်ခဲ့သလို တိုက်ခိုက်ဖို့လဲ မလုပ်ဘူး။.လက်သီးတစ်ချက်တောင် သုံးခဲ့တာ မဟုတ်ဘူး။ ဒီတော့ တွက်ချက်ရရင် သူ့ရဲ့ပုံစံက ပြဿနာရှာချင်စိတ် သုည လို့ ပြောရမည်။

တစ်ရှိန်ထိုးပြေးလာနေတဲ့ ကြောက်စရာ အသွင်အပြင်က လွဲရင်ပေါ့…။

‘ သူ့ရဲ့ပုံစံက သေချာပေါက် ထိန်းချုပ်နေပုံပဲ’

ထိုသူက ကံကြမ္မာရဲ့ ထိပ်ဆုံးအဆင့်ကို တွေ့ကြုံနေရဟန်ရှိသည်။

ထျန်းလု လည်ပင်းကြောပဲ လျှော့လိုက်တော့သည်။

ပြောရလျှင် ထိုသူက ဈေးဝယ်တစ်ယောက်ပဲ။

ပြီးတော့ ထပ်ပြောရလျှင် ဆိုင်ထဲမှာ အခုရှိနေတဲ့သူက ဟောင် လေ။ သူ မဟုတ်ဘူး။

‘.. ဟုတ်တယ်.. သူဋ္ဌေး ဖြေရှင်းလိုက်လိမ့်မယ်’

သူ ခေါင်းညိတ်လိုက်ကာ ယုံကြည်ချက်ရှိရှိနဲ့ အရှေ့ပြန်တိုးလိုက်သည်။

‘ ဒါပေမဲ့ အဲဲ့ဒီလူ ပြဿနာရှာဖို့ ကြိုးစားရင်ကော?’

သူ ခဏ ရပ်တန့်သွား၏။

‘ မဟုတ်ဘူး မဟုတ်ဘူး။ သူဋ္ဌေးကို ယုံရမယ်လေ။ ဒီလောက်က သူရတယ်’

ထို့နောက်မှာ အစောင့်တစ်ယောက်လို လက်နှစ်ဖက် ပိုက်ကာပဲ ရပ်လိုက်တော့သည်။

သူအခု ကိုယ့်အလုပ်ကိုပဲ လုပ်ရတော့မှာပေါ့။

ကျွမ်းကျွမ်းကျင်ကျင်နဲ့…

ဆိုင်ရှေ့မှာ ရပ်နေရမည်လေ!

All Chapters