(တည်မြဲခြင်း ထောက်တိုင်.. (ခေါ်)... အကြီးအကဲ ပိုင်ချင်းရှီ)
Vol. 9 Ch. 125
…… အနည်းငယ် စိတ်ပျက်ဖွယ် ဖိအားတစ်ခု ပျောက်ကွယ်သွားချိန်မှာ…
ခဏတာ တိတ်ဆိတ်မှု ဖြစ်ပေါ်သွား၏။
လေထုထဲက တင်းအားတွေ ပျောက်ကွယ်သွားချိန်မှာ လင်ယွီကျွင်းရဲ့ ပေါ့ပါးတဲ့အသံကို ကြားလိုက်ရသည်။
‘ အမယွဲ့ ပြောချင်တာကို ငါသိပြီ’
‘ ငါတို့ရဲ့ဆရာတွေကတောင်မှ ငါတို့ကို စောင့်ကြည့်နေတဲ့ မျက်လုံးတွေကို သတိထားဖို့ ပြောခဲ့တော့ ငါတို့ရှေ့ရက်တွေမှာ သတိကြီးကြီးနဲ့ နေခဲ့ကြတာ’
ပြောနေရင်းနဲ့ သူ့ရဲ့အပြုံးက အနည်းငယ် ဖြေလျော့သွားသည်။
‘ ဒါပေမဲ့ အခုချိန်မှာ ဒုတိယတံခါးတဲ့လား..။ ကြည့်ရတာ ငါတို့ မသိလိုက်ခင်မှာပဲ ဖြစ်ပျက်သွားပုံပဲ’
ဟွာဖေးရှုနဲ့ ရှောင်လျန်ဖန်း ခေါင်းညိတ်လိုက် ကြသည်။
‘ ဒါပေမဲ့’
လင်ယွီကျွင်းရဲ့ လေသံက ယုံကြည်မှုရှိတဲ့ ဘက်ကို ပြောင်းသွားကာ ဆက်ပြောလေ၏။
‘ ဖြစ်နိုင်တာ ဒီလောက်လဲမဆိုးပါဘူး’
ထို့နောက်မှာ မျက်ခုံးတစ်ဖက်ပင့်လိုက်ရင်း သိတယ်မလားဆိုတဲ့ အကြည့်မျိုးပေးလိုက်ကာ..
‘ ဒါလဲအခွင့်အရေးတစ်ခုပဲမလား?’
ကျန်တဲ့သူတွေလဲ သူ့စကားကိုနားထောင်မိပြီး လှည့်ကြည့်လာသည်။
‘ ငါပြောချင်တာက တွေးကြည့်လေကွာ။ ဒီဆိုင်က သာမာန်မဟုတ်ဘူး။ နည်းနည်းတောင်မှ သာမာန် မဆန်ဘူး။ အခု နေရာတွေ အများကြီးကိုပါ ချိတ်ဆက်နိုင်ပြီဆိုတော့ ငါတို့တွေက နေရာကြီးတစ်ခုရဲ့ အလယ်ကို ရောက်နေတာပဲမလား?’
ထို့နောက်မှာ စင်တွေဘက်ကို တစ်ချက်မေးငေါ့ ပြလေ၏။
‘ ငါတို့တွေ ဒီဆိုင်ရဲ့ ရောင်းကုန်တွေကို ရခဲ့ပြီးပြီ။ မထင်လောက်အောင် ကောင်းမွန်တဲ့ အရသာနဲ့ လူ့ပြည်မှာ မရှိသင့်တဲ့အစွမ်းတွေ ပါဝင်နေတဲ့ ရောင်းကုန်တွေပဲ’
သူ တစ်ချက်ရယ်လိုက်ကာ
‘ ဒါပေမဲ့ အခုအဲ့တာထက် ပိုသွားပြီ။ ဒီနေရာက အစားအစာရောင်းတဲ့ဆိုင်တစ်ခုထက် ပိုလာပြီ။ ဒီနေရာက တံတားတစ်ခု ဖြစ်လာနိုင်တယ်’
‘ မတူညီတဲ့နေရာက လူတွေ ဆုံတွေ့နိုင်တဲ့ နေရာတစ်ခု… ပစ္စည်းတွေတင် ရောင်းတာမဟုတ်ဘဲ သတင်းအချက်အလက်ကိုပါ ရောင်းနိုင်တယ်’
‘ ပြီးတော့ ဒါကို မမေ့နဲ့’
လင်ယွီကျွင်း မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သည်။
‘ အစားအသောက်ကောင်းက လူတစ်ယောက်ကို ခံစားချက်ကောင်းစေတယ်။ ညှိနှိုင်းမှုကို လုပ်ရပိုလွယ်တာပေါ့’
‘ ညီလေးယွီကျွင်း မင်းပြောတာမှန်တယ်’
ရှောင်လျန်ဖန်း တိကျစွာ ထောက်ခံလေ၏။
‘ အကယ်၍ ဒီနေရာကိုသာ ရောင်းဝယ်မှုနဲ့ သံတမန်ရေးဆက်ဆံပိုင်းအတွက် နေရာတစ်ခု အဖြစ် လူသိသွားရင် ငါတို့ဂိုဏ်းအတွက်တင် မဟုတ်ဘူး။ တစ်မြို့လုံးအတွက် အကျိုးရစေနိုင်တယ်’
‘ အကိုကြီးနဲ့ ဆက်ဆံရေးကောင်းပြီး ဆိုင်ရဲ့ စည်းမျဥ်းအကြောင်းကို ကောင်းကောင်း နားလည်ရင်.. ငါတို့တွေ ပိုသန်မာလာနိုင်တယ်။ အဲ့ဒီတစ်ချက်နဲ့တင် လုံလောက်နေပြီ’
ထိုအချိန်မှာ ဟွာဖေးရှုကတော့ ရှောင်လျန်ဖန်းရဲ့ စကားကို လိုက်တွေးနေခဲ့သည်။
သူမရဲ့ မျက်လုံးတွေက တစ်ခြား မတူညီတဲ့ အကြောင်းအရင်းတစ်ခုကြောင့် တောက်ပသွား၏။
‘ ဒါပေမဲ့ အရေးကြီးဆုံးက’
ဟွာဖေးရှု ရုတ်တရက် ထပြောလေ၏။
‘ ငါတို့ဘယ်လိုလူမျိုးတွေနဲ့ တွေ့မှာလဲမသိဘူး!’
ထိုသုံးယောက်က အနည်းငယ် မျှော်လင့်နေတဲ့ မျက်လုံးများဖြင့် လှည့်ကြည့်လာ၏။
ဟွာဖေးရှု ခေါင်းစောင်းလိုက်ကာ
‘ ငါပြောချင်တာကကွာ.. အကယ်လို့ တစ်ခြားမြို့တော်က သူတွေသာ မတူညီတဲ့ တံခါးပေါက်တွေကနေ ဝင်လာနိုင်ရင်… ဆိုလိုတာ..ဆိုလိုတာက.. ငါတို့လဲ သူတို့မြို့တွေကို သွားလို့ရလား?’
မသိလျှင် ကြီးမားတဲ့ လျှို့ဝှက်ချက်ကြီးကို ရှာတွေ့သွားသည့်နှယ် သူမက အရှေ့တိုးကာ ပြောလိုက်လေ၏။
‘ တွေးကြည့်စမ်းပါ! အကယ်လို့ ဒါကသာ နေရာကူးပြောင်း အစီအရင်တစ်ခုဆိုရင်…. ဒါဆို ဆိုလိုတာ ငါတို့လဲ ဆိုင်ကို အသုံးပြုပြီး ခရီးသွားလို့ရနိုင်တယ်လို့ မလား?’
သူမရဲ့ မျက်လုံးက ပိုပြီးတောက်ပလာသည်။
‘ အကိုကြီးရဲ့ကမ္ဘာကြီးကို တုန်လှုပ်နိုင်ပြီး ကောင်းကင်ဘုံကိုပါ ဆန့်ကျင့်နိုင်တဲ့ အစွမ်းအစနဲ့ဆိုရင် သေချာပေါက် ဖြစ်နိုင်တာပဲလေ။ မဟုတ်ဘူးလား?!’
‘ ငါနောက်ဆုံးတော့ နယ်မြေကြီးတစ်ခွင် ခရီးထွက်နိုင်တော့မယ်!’
ကျန်တဲ့သုံးယောက်လုံး သူမကို စိုက်ကြည့်နေမိကာ အတွေးထဲနစ်ကုန်တော့သည်။
လင်ယွီကျွင်း မေးစေ့ပွတ်လိုက်ရင်း
‘ တစ်ကယ်တော့.. ဒါက မဖြစ်နိုင်ဘူး’
‘ ဒီဆိုင်နဲ့ မတူညီတဲ့နေရာတွေကို ဘယ်လိုမျိုး ဆက်သွယ်ပေးထားလဲဆိုတာ ငါတို့မသိပုံ ထောက်ရင်..’
ယွဲ့ရှုယန်ရဲ့ မျက်လုံးတွေ ကျဥ်းမြှောင်းသွားကာ
‘ ငါတို့အဲ့ဒါကို မစဥ်းစားမိဘူး။ ဒါပေမဲ့ ပြောသွားတာလဲ အမှန်ပဲ။ ငါတို့ကအခုထိ ဒီနေရာကို မတူညီတဲ့နေရာတွေရဲ့ ဘုံနေရာလို့ပဲ တွက်ဆနိုင်သေးတာ.. နေရာတွေကြား.ကူးပြောင်းနိုင်တဲ့ လုပ်ဆောင်ချက် ရှိမရှိ မသိရသေးဘူး’
ဟွာဖေးရှု မျက်တောင်တစ်ဖြတ်ဖြတ် ခတ်သွားပြီးမှ သူမရဲ့မျက်လုံးတွေ တစ်ဖန် ပြန်လင်းလာကာ
‘ ငါတစ်ခုခုကို လုပ်နိုင်မယ်ဆိုတာ သိနေတယ်!’
လင်ယွီကျွင်း မနေနိုင်စွာ တစ်ချက် ရယ်လိုက်သည်။
‘ မင်းက တစ်ခါတစ်လေ ပရမ်းပတာနိုင်တယ်’
ရှောင်လျန်ဖန်း ပြောလိုက်တာပင်။
‘ ဒါပေမဲ့ တစ်ခါတစ်လေကျ မထင်ထားနိုင်ဆုံး အရာတွေကို ထုတ်ပြနိုင်တာပဲ’
ဟွာဖေးရှုက ဂုဏ်ယူစွာ ရင်ကော့လိုက်ရင်း
‘ ဘာလို့ဆို ငါက ဉာဏ်ကြီးရှင်မို့လေ!’
ယွဲ့ရှုယန် မျက်လုံးစွေကြည့်လိုက်ကာ
‘ ….အင်းပါအင်းပါလေ’
ဟွာဖေးရှုက မကျေမနပ်နဲ့ လက်ကိုလှမ်းကိုင်လိုက်ပြီး
‘ မမကြီးကလဲ!’
ဒီလိုနဲ့ပဲ သူမတို့ရဲ့ အတည်အတံ့ဆွေးနွေးပွဲသည် စနှောက်မှုအဖြစ် ကူးပြောင်းသွားခဲ့သည်။ ဒါပေမဲ့ ဦးနှောက်ထဲကအတွေးများစွာကတော့ မရပ်တန့်နိုင်သေးချေ။
အပြိုင်ကမ္ဘာကုန်စုံဆိုင်ရဲ့ နောက်ထပ် လျှို့ဝှက်ချက်တစ်ခုကို ဖော်ထုတ်နိုင်သွားခဲ့ပြီ!
တံခါးက နောက်တစ်ကြိမ်ပွင့်သွားလေ၏။ ချက်ချင်းပဲ ဟောင် အထူးဆန်းဆုံး ခံစားချက်ကို ရလိုက်သည်။ တံခါးဖွင့်ကာ ဝင်လာသူသည် မနေ့က သူနဲ့ ရှီရှီလေး အရှေ့တွင် ဒူးထောက်ငိုယိုခဲ့တဲ့ တစ်နေ့က ငကြောင်အပြင် တစ်ခြားမဖြစ်နိုင်ချေ။
ဒါပေမဲ့ အံ့သြဖို့ကောင်းစွာပဲ ဟောင် ထင်ထားသည်နှင့် လွဲသွား၏။
ထိုအစား အသစ်ဝင်လာသူသည် လူသစ် တစ်ယောက်ဖြစ်သည်။
ဝင်လာသူသည် လင်ယွီကျွင်းနဲ့ ရှောင်လျန်ဖန်းတို့လိုမျိုး တူညီတဲ့ဝတ်စုံ ဝတ်ထားသည်မို့ ရေလှိုဏ်းသံစဥ် ဓားဘုရင်ဂိုဏ်းကမှန်း မှားစရာ မရှိတော့ချေ။
ဒါပေမဲ့ ထိုသူကိုတော့ တစ်ခါမှ မမြင်ဖူးခဲ့ဘူး။ ဘယ်သူများလဲ?
ထိုသူရဲ့ အသွင်အပြင်တွင် အတွေ့အကြုံကော ဗဟုသုတကော ပြည့်ဝဟန်ရှိသည်။
အရပ်ပုတဲ့ ထိုသူ၏ မီးခိုးရောင် ဆံပင်များသည် စပါးပင်ခြောက်များလို ခြောက်သွေ့ကာ အရောင်နွမ်း၏။ မညီမညာနဲ့ ထိုးထောင်ထွက်နေသေးသည်။
မျက်ပေါက်ကျဥ်းကျဥ်းကို သေချာ မဖွင့်ထားတာကြောင့် ထိုသူရဲ့ပုံစံက ပင်ပန်းပြီး အိပ်ချင်နေဟန်ပဲ။
ဖြူဖျော့ဖျော့ အသားအရေကြောင့် ကြွေရုပ်တစ်ခုကို အပြာရောင်ချယ်ထားသည့် အတိုင်းပင်။ ရေအေးထဲ အချိန်ကြာကြီးစိမ်ထားခံရဟန် ပေါက်နေသည်။
ဒါပေမဲ့ ဟောင် စိတ်ဝင်စားမိတဲ့ အရာတစ်ခုက ထိုသူရဲ့ဘေးတွင် ချိတ်ထားသော ထူးဆန်းသည့် လက်နက်ပင်။
အဆုံးတွင် ချွန်ထက်သည့် ဓားရှည်ဖြစ်သည်။ သာမာန်ဓားထက်ပင်ရှည်သည်။ ထိုဓားပိုင်းကို မီးခိုးရောင်ချည်စဖြင့် ဂရုတစိုက် ဖုံးအုပ်ထား၏။ ဓားထိပ်ပိုင်းသည် ပါးလွှာတဲ့ ဘဲဥပုံဖြစ်ကာ သေးငယ်ရိုးရှင်းပေမဲ့ ကျက်သရေရှိသည်။
ဓားရိုးက တစ်ခြားဓားတွေလို ဖြောင့်တန်းမနေဘဲ ငါးမြှားချိတ်လို ကွေးဝင်သွားသည်။ သူ့ရဲ့ပုံစံက အနည်းငယ် ထူးဆန်း၏။
ထိုဓားရိုးပိုင်းတွင် သတ္ထုက ပိုထူပြီး အပေါ်မျက်နှာပြင်ကို သိမ်မွေ့စွာ ပန်းပုထုထားသည်။
ထိုထူးဆန်းသော လက်နက်၏.အလယ်တွင် သစ်သား ရစ်လုံးများထွင်းထားသည်။ အနီးကပ် သေချာမကြည့်လျှင် မမြင်နိုင်ပေ။
ဖျော့တော့တဲ့ဖောက်ထွင်းမြင်နိုင်သော ချီစွမ်းအင် အပ်ချည်မျှင်များကို ထိုရစ်လုံးမှာ ခွေထားပြီး ဓားရိုး၏ ငါးမြှားချိတ်ပုံစံ ချိတ်ကို ဆက်သွယ်ထားသည်။
‘ ငါးမြှားဖို့အတွက်လား? ဒါမှမဟုတ် တိုက်ခိုက်ဖို့အတွက်လား? ကြည့်ရတာ နှစ်ခုလုံးသုံးလို့ရပုံပဲ’
ဟောင် တွေးနေမိသည်။
ဓားရိုးတွင်စည်းထားသော စိမ်းပြာရောင်အဝတ်စကို ကြည့်လျှင် ထိုသူ၏ အနေအထားကို မှန်းဆနိုင်သည်။ ထိုသူက ရေလှိုဏ်းသံစဥ်ဓားဘုရင်ဂိုဏ်းရဲ့ အကြီးအကဲလေးယောက်ထဲက တစ်ယောက်ပဲ!
ထိုသူသည် တည်မြဲခြင်းထောက်တိုင်ဟု လူသ်ိများသော အကြီးအကဲ ပိုင်ချင်းရှီ ဖြစ်၏။
“ ကြိုဆိုပါတယ်”
ဟောင် နှုတ်ဆက်လိုက်သည်။
အကြီးအကဲပိုင်ချင်းရှီက အသိအမှတ်ပြုတဲ့ အနေဖြင့် ခေါင်းတစ်ချက်ညိတ်ပြသည်။
ဒါပေမဲ့ ဟောင် ထူးဆန်းနေသလိုသာ ခံစားရသည်။
ဒီအကြီးအကဲရဲ့ တည်ရှိမှုက…. မရှိနေသလိုပဲ။ မတည်ရှိနေတာမျိုးထက် အလွန်သိမ်မွေ့နေတာမို့ ပျောက်ကွယ်နေဟန်ပင်။
ကျင့်ကြံနိုင်ပြီးနောက်မှာ ပိုထက်လာတဲ့ ဟောင်ရဲ့ အာရုံခံမှုကပင် သာမာန်မဟုတ်တာ တစ်ခုကိုမှ မထုတ်ပြနိုင်နေဘူး။
ထိုအကြီးအကဲရဲ့အနားမှာ လေတွေပင် ရွေ့လျားနေသလိုမျိုး ခံစားရသည်။ ဒါပေမဲ့ ထင်သာတဲ့သက်သေပြစရာ အချက်မျိုးမရှိပေ။ ထိုသူရဲ့တည်ရှိမှုက အနီးအနားရှိ ပတ်ဝန်းကျင်ကိုပါ သိမ်းဆည်းထားတာမို့ ကမ္ဘာကြီးကိုပါ သတိမမူမိစေတော့သလို ခံစားချက်ရစေသည်။
ဟောင် မျက်တောင်ခတ်မိသွားသည်။
ထိုအချိန်မှာ အကြီးအကဲကတော့ အခန်းထဲကို လျှောက်ဝင်လာလေ၏။
ထို့နောက်မှာ ရေခဲသေတ္တာရှေ့ရပ်ပြီး ကိုလာနဲ့ သံပုရာဆိုဒါကို တိတ်တဆိတ်ပဲ လေ့လာနေလိုက်သည်။