(မိတ်ဖြစ်ဆွေဖြစ် ငါးအတူမြှားတာလား? သောက်ကျိုးနည်း! ငါ့ကိုစစ်ဆေးနေတာဟ!)
Vol. 9 Ch. 126
အကြီးအကဲ ပိုင်ချင်းရှီ ဝင်လာတာကို တပည့်လေးယောက်လုံး သတိမထားမိချေ။
တစ်ချက်တောင် လှည့်မကြည့်ကြဘူး။
မသိလျှင် ထိုအဖိုးကြီးသည် ထိုလေးယောက်၏ မျက်လုံးများ ကိုယ်ပျောက်လူသားဖြစ်နေသည့်နှယ်။
ဟောင် လင်ယွီကျွင်းတို့အုပ်စုကို တစ်လှည့်… ထိုအဖိုးကြီးကို တစ်လှည့်ကြည့်လိုက်သည်။
ဒီအဖိုးကြီးက ဘာမလို့လဲ?
.
လင်ယွီကျွင်းနဲ့ ရှောင်လျန်ဖန်းကို… သတိပေး လိုက်သင့်လား?
သူတို့ရဲ့ အကြီးအကဲတွေထဲက တစ်ယောက်က မြူခိုးတစ်ခုလို သူတို့ကို ဖြတ်သွားကြောင်း ပြောပြပေးလိုက်သင့်လား?
ဟောင် ခေါင်းသာ ကုတ်လိုက်တော့သည်။
ထို့နောက်မှာ ပုခုံးတွန့်လိုက်လေ၏။
နိုး။
ဟောင်ရဲ့ကိုယ်တွင်းမှ ပျင်းရိစိတ်က တုံ့ပြန်မှု ပြုလာသည်။
သူတို့ကို တကူးတက သွားပြောနေရမှာက အရမ်းအားထုတ်နေရမှာလေ။
ပြီးတော့ ငါက ရေလှိုဏ်းသံစဥ်ဓားဘုရင်ဂိုဏ်းက မဟုတ်ဘူး။ ဒါငါ့လူတွေ မဟုတ်ဘူး။ ငါ့တာဝန် မဟုတ်ဘူး။
သူတို့ကိုယ်တိုင်တောင် အကြီးအကဲတစ်ယောက် ရောက်လာပြီး ဖျော်ရည်ကိုစစ်ဆေးမှုလုပ်နေတာ သတိမထားမိမှတော့ ငါ့ရဲ့ပြဿနာ ဖြစ်စရာလား?
ဟောင် သန်းလိုက်တော့သည်။
မျက်တောင် လေးခါခတ်စာ အတွင်းမှာပဲ သူ့အရှေ့ကို အကြီးအကဲ ပိုင်ချင်းရှီ ရောက်လာခဲ့သည်။
သူ့ရဲ့ ဘယ်လက်တွင် သံပုရာဆိုဒါ လေးဗူးကိုင်ထားပြီး ညာလက်မှာ ကိုလာလေးဗူး ကိုင်လာသည်။
လောဘကြီးလိုက်တာ!
ဒါကသာ အဆင့်မြင့်သိုင်းကျမ်းတွေ ဖြစ်ခဲ့ရင် အခုလို လောဘကြီးပုံမျိုးနဲ့ တစ်ထိုင်တည်း မြို့ကိုဖုန်အဖြစ်ပြောင်းပစ်ပြီး ရောဂါဆိုးတွေကို သယ်ဆောင်ပစ်နိုင် လောက်သည်။
ဟောင်ရဲ့ တစ်ဝက်တစ်ပျက် မျှော်လင့်ချက်များက မျက်နှာကြက်ကနေ အောက်ပြုတ်ကျသွားရပြီ။
အခုလိုအပြုအမူမျိုးကို ရှေးစာပေတွေမှာ နတ်ဆိုးတွေနဲ့ ခိုင်းနှိုင်းပြီး ဖော်ပြတတ်သည်။
‘ ဟုတ်သား.. တစ်ဗူးထက်ပို ယူတဲ့သူက နည်းနည်းတော့ အရှက်ရသင့်တာပေါ့’
နံရံပေါ်ရှိ စည်းကမ်းချက်များကို ဟောင် လက်ညိုးထိုးပြလိုက်သည်။
အကြီးအကဲ ပိုင်ချင်းရှီရဲ့ အကြည့်တွေက ဟောင်ရဲ့ လက်ညိုးနောက် လိုက်ပါသွားပြီး…
သူ နှစ်စက္ကန့်လောက် နံရံမှ အကြည့်မခွာ နိုင်တော့ပေ။
မဟုတ်ဘူး။ တစ်စက္ကန့်ခွဲလောက်ရှိမည်။
ထိုအချိန်အတွင်းမှာ သူ ရှင်းလင်းစွာ သဘောပေါက်လိုက်သည်။
ဒီထူးဆန်းတဲ့ ဆိုင်ငယ်လေးမှာ ကိုယ်ပိုင်စည်းကမ်းချက် ရှိတာပဲ။
ဒီလိုပဲ လမ်းဘေးဈေးတွေမှာလဲ စည်းကမ်းဆိုတာ ရှိကြသည်။
ဒီတော့ သူ့လိုမျိုး စည်းကမ်းလိုက်နာသူ အနေနဲ့ ငြင်းစရာ အကြောင်းမရှိဘူး။
စကားသံတစ်ခွန်း မကြားရဘဲ သိမ်မွေ့စွာပဲ ဝိညာဥ်ကျောက်တုံးခြောက်တုံး ကောင်တာပေါ် ရောက်လာလေ၏။
ကိုလာနဲ့ သံပုရာဆိုဒါအတွက်ပင်။
ကျန်တဲ့ဗူးခြောက်ဗူးကို…
အသံတစ်ချက် မထွက်အောင် စင်မှာ ပြန်သွားထားလေသည်။
ငါးစက္ကန့်အောက်မှာပဲ အကုန်ပြီးသွားပြီ!
ရေစီကြောင်းလိုမျိုး တိတ်ဆိတ်သိမ်မွေ့တဲ့ လှုပ်ရှားမှုကြောင့် ဟောင် သတိထားဖို့တောင် ခဲယဥ်းသည်။
ကြွေကျသွားတဲ့ သစ်ရွက်တစ်ရွက်က သူ့ရဲ့ သစ်ကိုင်းပေါ်ကို ပြန်ခုန်တက်သွားသည့် အတိုင်း အသံတစ်ချက် မထွက်ပါချေ။
ဟောင် မသိလိုက်ခင်မှာပဲ ထိုအကြီးအကဲသည် ဟောင် ရှိရာ ပြန်ရောက်လာခဲ့သည်။
ခဏရပ်ပြီးနောက်မှာ အကြီးအကဲက နောက်ဆုံးတော့ စကားစလေ၏။
“... ဒီအဖိုးအိုက စည်းကမ်းတွေကို မမြင်လိုက်လို့ရယ်။ စည်းကျော်မိလို့ တောင်းပန်ပါတယ်”
ဘာဆင်ခြေမှ မပေးသလို ဘယ်လိုပြဿနာမှ မရှာပေ။ လေကုန်တောင်မခံဘူး။
ဟောင်လဲ ပြန်ပြီးခေါင်းညိတ်ပြလိုက်သည်။
အကြီးအကဲ ပိုင်ချင်းရှီရဲ့ ပုံစံကို တစ်ယောက်ယောက် မေးလာခဲ့ရင် ဟောင် ပြောပြပေးလိုက်မည်…။
မင်းရဲ့ စင်တစ်ခုလုံးကို ခိုးသွားနိုင်တဲ့သူစားမျိုးပဲ…
မတော်တဆပေါ့။
သတိပေးချက်ကို မဖတ်လိုက်မိလို့ပေါ့။
ဟောင် မျက်တောင်ခတ်လိုက်သည်။
‘ ဒါဆို.. အခုငါ့အလှည့်ပေါ့လေ’
တည်ကြည်တဲ့မျက်နှာ ခိုင်မြဲတဲ့ မျက်လုံးများဖြင့် ဟောင် အရှေ့တစ်လှမ်း တိုးလိုက်သည်။
သက်တမ်းကြာရှည်တဲ့ သိုင်းသမားတစ်ယောက်လို ဟိတ်ဟန်အပြည့်နဲ့ ကောင်တာပေါ်က ဖျော်ရည်ဗူးကိုယူလိုက်ပုံသည် ဓားဆွဲယူလိုက်သည့်နှယ်။
ဒင်!
ငွေပေးချေခြင်း ပြီးမြှောက်ပြီ။
ခပ်လန်းလန်းပုံစံနဲ့ ခေါင်းညိတ်ပြပြီး စကားတစ်ခွန်းမှမပြောပေ။
“....”
အကြီးအကဲက စိုက်ကြည့်နေလေရဲ့။
အသက်တောင် မရှုသလိုပဲ။
ဟောင် မျက်ခုံးတွေ တွန့်လိမ်လာကာ
‘ သူငါ့ကို ဝေဖန်နေတာလား?’
‘ ဒါမှမဟုတ်သူ့တစ်ဘဝလုံး မမြင်ဖူးခဲ့တဲ့ အကောင်းမွန်ဆုံး သိုင်းပညာကိုမြင့်လိုက်ရလို့ ကြောင်အသွားတာလား?’
ဒါပေမဲ့ ဘာတုံ့ပြန်စကားမှ မရှိပါချေ။
ထိုအဖိုးအိုသည် ဆိုင်ထဲဝင်လာတည်းက မျက်တောင်တစ်ချက် မခတ်ခဲ့ချေ။
တစ်ကြိမ်တောင်မှ…။
တစ်ယောက်ယောက်ကသာ ဒီအကြီးအကဲက အချိန်စီးကြောင်းမှာ ရပ်နေတယ်လို့ ပြောလျှင်လဲ ဟောင် ယုံလိုက်မှာပဲ။
အကြီးအကဲပိုင်ချင်းရှီက ကောင်းကောင်း အိပ်စက်ဖို့ပြင်ဆင်နေဟန်ရှိသည်..။
မျက်လုံးတွေ မမှိတ်.. လူက မလှဲလျောင်း နေပေမဲ့ပေါ့။
ဟောင် ဘေးဘက်ကို ကြည့်လိုက်သည်။
နောက်ဆုံးတော့ တပည့်လေးယောက် သတိထားမိသွားပြီပင်။
ဒါကြောင့် ထိုလေးယောက်လုံး နေရာတင် ဆွံ့အနေကြသည်။
ဟောင် ထုတ်ရယ်ချင်သွားပေမဲ့ တော်တော် ထိန်းလိုက်ရသည်။
ဘာကြောင့်အရမ်းရယ်ရတာ ဖြစ်မလဲ?
လင်ယွီကျွင်းနဲ့ ရှောင်လျန်ဖန်းရဲ့ မျက်စံတွေက မျက်ခွံအိတ်ထဲက ခုန်ထွက်တော့မတတ် ပြူးကျယ်နေလေရဲ့။
အထူးသဖြင့် အမြဲလိုလို ပေါ့ပါးပြီး အနေတည်တဲ့ လင်ယွီကျွင်းရဲ့ရုပ်က ပိုရယ်ရသည်။
“အကြီး..အကြီးအကဲပိုင်?!”
ထိုနှစ်ယောက်လုံးရဲ့ ငိုသံကြီးများ သံပြိုင်ထွက်လာလေ၏။
အနေခက်နေတဲ့ အသံကြီးတွေအပြီးမှာ ထိုနှစ်ယောက်သည် တိတ်တဆိတ် အကြည့် ဖလှယ်လိုက်ကြပြီး အကြီးအကဲဖြစ်သူကို ပြန်ကြည့်ကြသည်။
သူတို့ကို နောက်ယောင်ခံ မလိုက်ခံရတာ သေချာပါသည်။
အကြီးအကဲနဲ့ ဂိုဏ်းခေါင်းဆောင် ညွှန်းကြားတဲ့အတိုင်း သူတို့ သေချာလုပ်ခဲ့တာလေ။
မြို့ထဲက နေရာသုံးနေရာလောက်ကို အရင်သွားပြပြီးမှာ..
လမ်းကြောင်းအစုံက သွားခဲ့သည်။
လူသိတွေနဲ့ အတတ်နိုင်ဆုံး ရှောင်ခဲ့တာပင်။
သူတို့ရဲ့ လမ်းကြောင်းမှာ ဘယ်သူမှ လိုက်မလာတာ သေချာအောင်လုပ်ခဲ့သည်။
ဒါပေမဲ့…
အကြီးအကဲပိုင်ရဲ့ အရည်အချင်းနဲ့ဆို…
ဘာမှ အရေးမပါတော့ဘူး။
ဒီအကြီးအကဲကသာ သူ့ရဲ့တည်ရှိမှုကို အပြည့်အဝ ဖုံးကွယ်ဖို့ ရွေးချယ်လိုက်ရင် ဂိုဏ်းခေါင်းဆောင် ဖြစ်နေရင်တောင် သိမှာ မဟုတ်ဘူး။
တည်မြဲခြင်းထောက်တိုင်က အဲ့ဒီလောက် ကြောက်ဖို့ကောင်းတာပင်။
ဒါဆိုဘာလို့… သူကဒီနေရာထိ ရောက်လာတာလဲ?
ကျယ်လောင်တဲ့အသံတစ်ခု ပဲ့တင်ထပ်သွားလေ၏။
လင်ယွီကျွင်းက ကိုယ့်နှဖူးကိုယ် ရိုက်ချလိုက်တာပင်။
အမှန်တရားက သာယာတဲ့နေ့တစ်နေ့မှာ ရုတ်တရက်မိုးကြိုး ပစ်လိုက်သလိုမျိုး သူ့ကို ရိုက်ခတ်သွားခဲ့သည်။
ဒီတော့ ဒါကြောင့်ပေါ့!
အကြီးအကဲ ပိုင်ချင်းရှီ ဒါကြောင့်ရောက်လာတာပေါ့!
ထိုအရာအားလုံးသည် ရေလှိုဏ်းသံစဥ် ဓားဘုရင်ဂိုဏ်းအနီးရှိ ရေကန်တစ်ခုမှာ ဖြစ်ခဲ့တဲ့ မနေ့ကအကြောင်းအရင်းကြောင့်ပင်။
လင်ယွီကျွင်းက ငါးမြှားသွားခဲ့သည်။
တိတ်ဆိတ်တဲ့ညနေမှာ လေပြေလေများနဲ့ ရာသီဥတုကောင်းလှသည်။
သူ့ရဲ့လက်တစ်ဖက်မှာ ကိုလာနဲ့ နောက်တစ်ဖက်မှာ သံပုရာဆိုဒါရှိသည်။
လင်ယွီကျွင်းက သူ့ရဲ့ကောင်းမွန်တဲ့ နားနေချိန်ကို သာယာစွာကုန်ဆုံးဖို့ ဆုံးဖြတ်ခဲ့သည်။ ဝဝဖြိုးဖြိုး ငါးတစ်ချို့ ဖမ်းမိရင် ညစာအတွက် အဆင်ပြေပြီ။
ဒါပေမဲ့ သူ မမျှော်လင့်မိတာက…
တစ်စုံတစ်ယောက်က သူ့ရဲ့ဘေးမှာ တိတ်တဆိတ် နေရာယူလိုက်တာကိုပင်။
ထိုတစ်စုံတစ်ယောက်က အကြီးအကဲ ပိုင်ချင်းရှီပဲ။
ဂိုဏ်းအတွင်းမှာ အကြီးအကဲရဲ့ တိတ်ဆိတ်တဲ့ တည်ရှိမှုကို အမြဲလိုလို အသားကျနေပြီးသား လင်ယွီကျွင်းက များများစားစား မတွေးခဲ့ချေ။
ယဥ်ကျေးစွာ ခေါင်းညိတ်ပြပြီးတာနဲ့ ငါးမြှားခြင်းမှာ ပြန်နစ်မြုပ်သွားသည်။
ထို့နောက်မှာ ဖျော်ရည်ရဲ့အစွမ်းက စတင်တော့သည်။
တုံ့ပြန်မှုကို ကိုလာက တိုးမြှင့်ပေးချိန်မှာ…
သံပုရာဆိုဒါက အတွင်းစိတ်ကို ပိုထက်သန်စေခဲ့သည်။
သူ့ရဲ့လက်ချောင်းတွေမှာ ဦးနှောက်တစ်ခု ပါသလိုမျိုး လျင်မြန်စွာလှုပ်ရှားနေလေ၏။
ရေကန်ထဲက များပြားလှတဲ့ ငါးတစ်ကောင် အနားကပ်လာတာနဲ့ သူ့ရဲ့အရိုးထဲကနေပင် ခံစားမိသည်။
ဖျတ်!
နောက်တစ်ကောင်မိပြီ။
နောက်တစ်ကောင်မိပြန်ပြီ။
ထပ်ပြီးနောက်တစ်ကောင်!
မိစ္ဆာဝင်ပူးခံရတဲ့ ငါးမြှားဆရာကြီး တစ်ယောက်လိုမျိုး လင်ယွီကျွင်း အကွက်တွေ ထုတ်သုံးပြီး ဝတုတ်နေတဲ့ ငါးတွေ တစ်ကောင်ပြီးတစ်ကောင်ဖမ်းတော့သည်။
ထိုအချိန်မှာ အကြီးအကဲပိုင်သည်…
ခံစားချက်မဲ့စွာ ဆက်ရှိနေလေ၏။
စကားတစ်လုံးမှ မပြောပေ။ တိတ်တဆိတ်ပဲ ငါးဆက်မြှားနေသည်။
ဒါပေမဲ့ အရမ်းခံစားချက်ကောင်းနေတဲ့ လင်ယွီကျွင်းကတော့ မနေနိုင်စွာ ခေါင်းထဲမှာ ရေတွက်နေလေရဲ့။
ဆယ့်ငါး..ဆယ့်ခြောက်..ဆယ့်ခွန်…။
ငါနိုင်နေတာကွ!
ဒါပေမဲ့မျှမျှတတ ပြောရမည်ဆိုလျှင် အကြီးအကဲပိုင် ဖမ်းမိသမျှ ငါးတိုင်းသည် လင်ယွီကျွင်းရဲ့ ငါးသုံးကောင်းလုံးကို တစ်ထိုင်တည်းစားလို့ရလောက်သည်အထိ ကြီးသည်။
ဒါပေမဲ့ အဓိကက အရေအတွက်ပဲလေ!
အနိုင်က အနိုင်ပဲ!
ဒီလိုနဲ့ အိမ်ပြန်ရောက်သည်အထိ လင်ယွီကျွင်း တိတ်တဆိတ် အောင်ပွဲခံခဲ့သည်။
ဒါပေမဲ့အခုတော့.. သူ သဘောပေါက်သွားပြီ။
ဒါက သာမာန်ငါးမြှားတာ မဟုတ်ဘူး။
အဲ့ဒါက ထောက်လှမ်းခဲ့တာပဲ…ငါ့ကို!
တိတ်တဆိတ်နဲ့ အချိုရည်ရဲ့ ရလဒ်ကို ကွင်းဆင်းစစ်ဆေးခဲ့တာ!
ထို့နောက်မှာ အကြီးအကဲ ပိုင်ချင်းရှီ ဘာဆက်လုပ်သည်ထင်လဲ?
အရင်းအမြစ်ကို ခြေရာခံလေတော့၏။
စာစဉ်ပြီး၏