အာရုံစိုက်ခြင်း
Vol. 020 Ch. 1913
"ဘာတွေဖြစ်ကုန်တာလဲ။" စောင့်ကြည့်နေကြသည့် တန်ခိုးရှင်တို့မှာ အကြီးအကျယ် ထိတ်လန့်ကုန်ကြသည်။ အဝေးကြီးမှ ကြောက်မက်ဖွယ် ဓားစွမ်းအားများက သူတို့ကိုပင် ရိုက်ခတ်လာသည်။ သူတို့သည် အဆောတလျင် ဆက်လက် ဆုတ်ခွာကြရကာ သူတို့သည် ဓားတောင်ထွတ်က ပြစ်ဒဏ်ပေးဓားတစ်လက်အဖြစ် ပြောင်းလဲသွားသည်ကိုသာ မြင်ရပြီး ဓားတောင်ထွတ်မှ ဓားစွမ်းအားများက အရူးအမူး ပေါက်ကွဲထွက်လာပုံရလေသည်။
လူအုပ်ကြီးသည် ဓားတောင်ထွတ်ကို ဓားစွမ်းအား ကိုးခုနှင့် ဝန်းရံထားသည်အား မြင်တွေ့ရပြီး ဓားတောင်ထွတ်သည် ပြိုင်ဘက်ကင်း တောက်ပသော ဓားစွမ်းအားတို့ကို ထုတ်လွှတ်နေသည်။ ယင်းစွမ်းအားများက ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသောအခါ ဓားစွမ်းအား အလင်းလွှာတစ်ခု ဖြစ်ပေါ်လာသည်။ ဤသို့တောက်ပသော ဓားအလင်းလွှာသည် မဟူရာသံမဏိဓားကလန်မှ တန်ခိုးရှင်များအား အမှုန်များဖြစ်သွားအောင် သုတ်သင်ပစ်လိုက်လေသည်။
အဋ္ဌမဆင့် တန်ခိုးရှင်နှစ်ဦးက လှည့်ကြည့်လိုက်သည့်အခါ ထိုအဖြစ်ကို မြင်လိုက်ရလျှင် သူတို့၏ အမူအရာက ထိတ်လန့်မှုသို့ ပြောင်းလဲသွားသည်။ ဆူညံသံတို့က လေဟာနယ်ထဲတွင် တည်ရှိနေပြီး သူတို့၏ နားထဲ၌ ပဲ့တင်ထပ်နေသည်။
အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှာ အခွင့်အရေးကောင်းတွေ အများကြီး ရှိနေတာကို ကောင်းကောင်းအသက်ရှင်ပြီး ကျင့်ကြံနေရင် ပိုမကောင်းဘူးလား။
ဘာလို့ကိုယ့်သေတွင်းကိုယ်တူးနေရတာလဲ။
ရီဖူရှင်းက သူတို့အား 'ဘာလို့ကိုယ့်သေတွင်းကိုယ်တူးနေရတာလဲ' ဟု မေးခဲ့သည်။
"ပြန်ဆုတ်" ထိုနှစ်ယောက်က အလျင်အမြန်ဆုံးဖြတ်ချက်ချလိုက်သည်။ဓားစွမ်းအင်နတ်ဝင်ရိုးက ထွက်ပေါ်လာပြီး ကြီးမားသော မဟူရာသံမဏိနတ်ဓားက သူတို့အနီးတွင် ထွက်ပေါ်လာသည်။ ကျယ်လောင်သော တုန်ခါသံကြီးက ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးပစ်တော့မလိုပင် ဖြစ်၏။ မြင်ကွင်းက အလွန် ကြောက်မက်ဖွယ်ကောင်းနေပြီး သူတို့၏ လက်များက ဝတ်စုံနက်နှင့်လူငယ်ကို ဆွဲကာ အဝေးသို့ ခေါ်ထုတ်သွားခဲ့သည်။ သူတို့၏ ခန္ဓာကိုယ်များက ဓားအလင်းတန်အဖြစ်ပြောင်းလဲသွားပြီး ကောင်းကင်ထက်သို့ ထိုးတက်သွားလေသည်။
ပတ်ဝန်းကျင်ကို ဖြန့်ကျက်ထားသည့် ဓားအလင်းလွှာအား နတ်ဓား၏ ဖိနှိပ်ခြင်းလမ်းစဥ်စွမ်းအားများဖြင့် ခေတ္တမျှ ပိတ်ပင်တားဆီးလိုက်သည်။ ၎င်းက ကျောက်တုံးရင်ပြင်ပေါ်သို့ ဆင်းသက်လာသည့်အခါ ထိုသူများက လွတ်မြောက်သွားပြီ ဖြစ်လေသည်။
အခြားတစ်ဖက်တွင် ရီဖူရှင်းသည် လေထဲတွင် ရပ်နေပြီး သူ့အနီး၌ ဓားကိုးလက်ရှိနေကာ ဓားအလင်းများက အလွန် တောက်ပနေသည်။ ရုတ်တရက် ဓားတောင်ထွတ်က ဓားကိုးလက်ဖြင့် ဝန်းရံခံလိုက်ရပြီး ဓားတောင်ထွတ်၏ အလယ်ဗဟိုမှ ဓားစွမ်းအားများက ကောင်းကင်သို့ တည့်မတ်စွာ ထိုးတက်သွားသည်။
"သွား" ရီဖူရှင်းက ပြောလိုက်သည်။ သူ့အသံထွက်ပေါ်လာသည့်အခါ ချက်ချင်းပင် ဓားအလင်းလွှာက အဆုံးမဲ့လေဟာနယ်ကို လွှမ်းခြုံလာသည်။ ထိုအခိုက်တွင် လူတိုင်းသည် ဓားနယ်မြေအတွင်း၌ ကျရောက်နေပုံရလေသည်။ လေထဲသို့ ပျံသန်းထွက်ပြေးသွားသည့် မဟူရာသံမဏိဓားကလန်မှ တန်ခိုးရှင်များသည်ပင် ခြွင်းချက်မရှိပေ။ ဓားနယ်မြေက သူတို့နှင့် နီးကပ်လာသည်ကို ခံစားမိလိုက်ပြီး သူတို့သည် ထိတ်လန့်မှုကြောင့် အမူအရာပြောင်းသွားပေသည်။
"မင်းတို့က ကိုယ့်သေတွင်းကိုယ်တူးပြီးတော့မှ ဘာလို့ အလုပ်ရှုပ်ခံပြီး ထွက်ပြေးနေရသေးတာလဲ။" ရီဖူရှင်း၏ အသံက ထွက်ပေါ်လာပြီး သူ၏ လက်က ကောင်းကင်သို့ ညွှန်လိုက်သည်။ ရုတ်တရက် ဓားတောင်ထွတ်ထက်မှ တောက်ပနေသော ဓားစွမ်းအားများက လေဟာနယ်အတွင်း မျောလွင့်ကာ သူတို့သုံးယောက်ဆီသို့ လိုက်လာပေသည်။ ၎င်းသည် အလွန်မြန်ဆန်လှသည့်အတွက် သူတို့တွင် ထွက်ပြေးလွတ်မြောက်ရန် အချိန်မရှိပေ။
ရွှစ်....
ဓားအလင်းကျဆင်းလာသည့်အခိုက်တွင် မဟူရာသံမဏိဓားကလန်မှ တန်ခိုးရှင်များက လှုပ်ရှား၍မရနိုင်တော့အောင် လေဟာနယ်အတွင်း ချုပ်နှောင်ခံလိုက်ရကာ သူတို့သည် သူတို့ခန္ဓာကိုယ်များ တဖြေးဖြေး ပျောက်ကွယ်လာနေသည်ကို ကြည့်နေရပေသည်။
"မဟုတ်ဘူး။" ဝတ်စုံနက်နှင့် လူငယ်က အော်ဟစ်လိုက်ပြီး သူ၏ မောက်မာသော မျက်နှာက ယခုတွင် အကြောက်တရားတို့နှင့် ကြီးစိုးနေ၏။ သူ၏ ခန္ဓာကိုယ်က ပြိုကွဲလာကာ တဖြေးဖြေး ကွယ်ပျောက်လာပေသည်။
သူက မည်သို့ဖြစ်၍ အဆင့်နိမ့်ရန်ဟောင်တစ်ယောက်၏ လက်တွင် သေဆုံးရသနည်း။
သူသည် မတိုက်ခိုက်ခင် ရီဖူရှင်းအား မည်သည့်နေရာက လာကြောင်း မည်သူဖြစ်ကြောင်းကို မမေးမြန်းမိသဖြင့် သူက မည်သူ့လက်ချက်နှင့် သေသွားရသည်ကိုပင် မသိရှိခဲ့ပေ။ သူ၏ ဇွတ်တရွတ်စိတ်ဓာတ်က အသက်ကို အဖိုးအခအဖြစ် ယူဆောင်သွားလိမ့်မည်ဟု မည်သည့်အခါကမှ ထင်မှတ်မထားခဲ့ပေ။
မဟူရာသံမဏိဓားကလန်မှ တန်ခိုးရှင်များက အဆင့်နိမ့်ရန်ဟောင်တစ်ယောက်၏ လက်ထဲ၌ သုတ်သင်ခံလိုက်ရလေသည်။
အဋ္ဌမဆင့် တန်ခိုးရှင်နှစ်ယောက်၏ နောက်ဆုံး အကြည့်များက ဝတ်စုံနက်နှင့် လူငယ်ကို စိတ်ပျက်ခြင်းများစွာနှင့် ဒေါသတကြီး ကြည့်နေကြခြင်း ဖြစ်သည်။ သူတို့၏ အသက်များက သူ၏ မောက်မာမှုကြောင့် ဆုံးရှုံးခဲ့ရသည်။ သူက မည်သည့်အတွက်ကြောင့် ရီဖူရှင်းကို ရန်စခဲ့ရသနည်း။
သူတို့တွင် နောင်တတရားတို့ ပြည့်နှက်နေပြီး နှလုံးသားထဲ၌ အမုန်းတရားတို့ ပြင်းထန်နေသည်။ ရီဖူရှင်း အသံက သူတို့နားထဲတွင် ပဲ့တင်ထပ်နေ၏။ 'ဘာလို့ ကိုယ့်သေတွင်း ကိုယ်တူးရတာလဲ။'
ဓားအလင်းများက ကျဆင်းလာပြီး အစွမ်းထက်ရန်ဟောင်သုံးယောက်၏ ခန္ဓာကိုယ်များက ချက်ချင်းပျောက်ကွယ်သွားကာ လေတိုက်ခတ်လိုက်သည့်အခါ အမှုန့်များအဖြစ် ပြောင်းလဲသွားပေသည်။ သူတို့သည် မည်သည့်အခါကမှ မတည်ရှိသကဲ့သို့ ပျောက်ကွယ်သွားလေသည်။
မဟူရာသံမဏိဓားကလန်မှ တန်ခိုးရှင်များက ထိုသို့ သုတ်သင်ခံလိုက်ရလေသည်။
သူတို့သည် အခြားသော အင်အားစုတစ်ခုက ထိုသို့တူညီသော အဖြစ်မျိုး တွေ့ကြုံခဲ့ရသည်ကို မသိကြပေ။ ချန်းဟိုင်ကုန်းမြေမှ တန်ခိုးရှင်များသည်လည်း ထို့အတူပင် သုတ်သင်ခံခဲ့ကြရသည်။ သူတို့ သိခဲ့လျှင် ရီဖူရှင်းအား ထိုမျှ ပေါ့ပေါ့တန်တန် တိုက်ခိုက်လိမ့်မည် မဟုတ်ပေ။
ဓားစွမ်းအားများက ဓားတောင်ထွတ်သို့ ပြန်လှည့်လာကြသည်။ အဝေးမှ စောင့်ကြည့်နေသော တန်ခိုးရှင်များက အရာအားလုံးကို အိပ်မက်များဟု ထင်မှတ်နေကြသည်။
ထိုအဖြစ်များက အလွန်ပင် အိပ်မက်ဆန်လှသည်။
တတိယဆင့်သာရှိသော အဆင့်နိမ့်ရန်ဟောင်တစ်ပါးက တခဏအတွင်းမှာပင် ဓားစွမ်းအားကိုးခုလုံးကို နားလည်သဘောပေါက်ရုံသာမက မဟူရာသံမဏိဓားကလန်မှ လူတိုင်းကို သက်ညှာခြင်းမရှိ သတ်ဖြတ်ခဲ့လေသည်။
သူတို့၏ ယခင်က ရီဖူရှင်းအပေါ် ခံစားချက်က မနာလိုခြင်း၊ အံ့အားသင့်ခြင်း၊ သံသယဝင်ခြင်း ဖြစ်လျှင် ယခု သူတို့တွေးမိနေသည်မှာ သူက မည်သူနည်း.... မည်သည့်နေရာက လာသနည်းဟူသည့် မေးခွန်းသာ ဖြစ်လေသည်။
မည်သူကမှ သံသယဝင်ခြင်းမရှိသလို မနာလိုခြင်းလည်း မရှိတော့ပေ။ သူတို့က အံ့အားသင့်၍ ထိတ်လန့်နေခြင်းသာ ကျန်ရှိတော့သည်။ သူတို့အများစုသည် အဋ္ဌမဆင့်နတ်ဝင်ရိုးနှင့် အဆင့်မြင့်ရန်ဟောင်များ ဖြစ်သော်လည်း သူတို့က ရီဖူရှင်းအား အဆင့်နိမ့်ရန်ဟောင်တစ်ယောက်ကဲ့သို့ မဆက်ဆံတော့ပေ။ ထို့အစားသူတို့က ရီဖူရှင်းအား အလွန် အလေးအနက်ထားကြည့်နေကြသည်။
ရီဖူရှင်းက အဋ္ဌမဆင့် တန်ခိုးရှင်နှစ်ယောက်အား တပြိုင်တည်း သတ်ဖြတ်လိုက်သည်မဟုတ်ပါလား။
ရီဖူရှင်းက အလွန်ပင် ထူးချွန်ပြောင်မြောက်လှသူ ဖြစ်ပေသည်။
ယခင်က သူတို့သည် ရီဖူရှင်းအား အချို့သော ကုန်းမြေရှိ အဓိကအင်အားစုမှ လူတစ်ယောက်ဖြစ်သည်ဟု တွေးခဲ့သော်လည်း ယခုတွင် သူတို့သည် ရီဖူရှင်း၏ ဇာစ်မြစ်က သူတို့တွေးဆနိုင်သည်ထက် ပိုနက်နဲမည်ဟု ခံစားမိကြပေသည်။
ယခင်က ရီဖူရှင်းအား အကြံဉာဏ်ပေးခဲ့သော အမျိုးသမီးရန်ဟောင်က ထိတ်လန့်အံ့အားသင့်မှုနှင့်အတူ သူမ၏ မျက်နှာက နီရဲလာပေသည်။ သူမက ဓားစွမ်းအားတစ်ခုကို နားလည်သဘောပေါက်ပြီးနောက် ရီဖူရှင်းကို ကျရှုံးပါက လက်လျှော့လိုက်ရန် တိုက်တွန်းခဲ့သည်။ သူမ၏ အားထုတ်မှုက မလုံလောက်သည်ကို သတိမမူဘဲ ဓားစွမ်းအားများက နားလည်သဘောပေါက်ရန် ခက်ခဲလွန်းသည်ဟုပင် ပြောခဲ့သေးသည်။ ယခုအချိန်၌ ပြန်တွေးလျှင် သူမက ရှက်လွန်း၍ သေမတတ်ပင်။
ဓားစွမ်းအားများက နားလည်သဘောပေါက်ရန် ထိုမျှ ခက်ခဲသည်လား။
သူက ဓားစွမ်းအားကိုးခုလုံးကို နားလည်သဘောပေါက်ပြီး ထိုတန်ခိုးရှင်များကို ရှင်းလင်းသုတ်သင်ရန် ဓားတောင်ထွတ်မှ စွမ်းအားများကိုပင် အသုံးပြုခဲ့သေးသည်။ ထိုသည်က သူမအား အတော်လေး အရှက်ရစေပေသည်။ သူမက မည်သည့်အခွင့်အရေးနှင့် ရီဖူရှင်းအား သင်ပြပေးရန် ကြိုးစားခဲ့ရသနည်း။
ယခင်က ရယ်ရယ်မောမောနှင့် စနောက်လှောင်ပြောင်ခဲ့သော အကြီးအကဲများသည်လည်း ယခုအခါ၌ ဆွံ့အသွားကြပြီ ဖြစ်သည်။ သူတို့သည် လူငယ်မျိုးဆက်သစ်များက လူအိုကြီးများနေရာတွင် အမြဲ အစားထိုးဝင်ရောက်လာလေ့ရှိသည်ဟုသာ တီးတိုးငြီးငြူနိုင်တော့ပေသည်။ ပါရမီရှင်များ၏ ခေတ်တွင် ထူးချွန် ထက်မြက်သော အရည်အချင်းရှိသူများက ဟိုဟိုဒီဒီတွင် ထွက်ပေါ်လာလေ့ရှိသည်။ သူတို့သည် ဤသို့သော ထူးချွန်ပြောင်မြောက်သည့် သူမျိုးကို မည်သည့်ကုန်းမြေက မွေးထုတ်ပေးလိုက်သနည်းဟု သိချင်နေကြသည်။
သူလာခဲ့သော ကုန်းမြေမှာ အနာဂတ်တွင် သူ့ကြောင့် ကျော်ကြားလာလိမ့်မည် ဖြစ်သည်။
ယခုတွင် လူအများသည် ရီဖူရှင်းက တစ်နေ့တွင် ကျော်ကြားလာလိမ့်မည်ဟု ယုံကြည်ထားကြပြီး သူ၏ ကုန်းမြေကလည်း သူ့ကြောင့် ဂုဏ်တက်လာပေလိမ့်မည်။
ရီဖူရှင်းက လူအုပ်ကြီးကို ကြည့်ကာ အပြုံးနှင့် ပြောလိုက်သည်။ "ခင်ဗျားတို့ရဲ့ ကျင့်ကြံမှုကို နှောက်ယှက်မိလို့ တောင်းပန်ပါတယ်။ ပြဿနာက ဒီမှာတင်ပြီးပြီမို့ ခင်ဗျားတို့ ဆက်ပြီး ကျင့်ကြံလို့ရပါပြီ။"
သူ ဖော်ပြခဲ့သော အလွန်မောက်မာကာ လျစ်လျူရှုဂရုမစိုက်တတ်သော ဟန်ပန်က အစရှာမရအောင် ပျောက်ကွယ်သွားသည်။ ယခုအချိန်၌ သူ့တွင် ကျက်သရေရှိ တည်ငြိမ်ကာ ကြည်နူးဖွယ် အပြုအမူမျိုးသာ ကျန်ရှိတော့သည်။ လူအများက ရီဖူရှင်းကို ကြည့်လိုက်ပြီး သူက ပို၍ပင် တက်ကြွနေသည်ကို ရှာတွေ့သွားသည်။
ယင်းက သူ ဖော်ပြခဲ့သော စွမ်းအားတို့ကြောင့် ဖြစ်လာသော အကျိုးဆက်ဖြစ်နိုင်သည်။
ရီဖူရှင်းက သမရိုးကျဆန်စွာ ပြုမူနေသည်ကို မြင်သည့်အခါ လူတိုင်းက ခေါင်းညိတ်၍ ကိုယ်လုပ်လက်စကိုယ် ဆက်လုပ်ရန် ပြင်လိုက်ကြသည်။ သို့သော်လည်း တစ်စုံတစ်ယောက်က ပြောလိုက်၏။ "မိတ်ဆွေက ဓားစွမ်းအားကိုးခုကို အရမ်းလွယ်လွယ်နဲ့ သဘောပေါက်နားလည်သွားတာကို တွေ့ရတော့ ကျုပ်က ဒီမှာ ဘယ်လိုဆက်ကျင့်ကြံရဲပါ့မလဲ။ အဲဒါကြောင့် တခြားနေရာမှာ တခြားအခွင့်အလမ်းတွေ ရနိုင်မလားလို့ ကံစမ်းဖို့ သွားတော့မယ်။ မိတ်ဆွေအနေနဲ့ ဓားတောင်ထွတ်မှာ ဓားစွမ်းရည်တွေကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်းရပါစေလို့ ဆုတောင်းပေးပါတယ်။"
"ကျေးဇူးပါ။" ရီဖူရှင်းက အပြုံးနှင့် ခေါင်းညိတ်လိုက်သည်။ သူက အလွန် ယဥ်ကျေးကာ နှစ်လိုဖွယ်ကောင်းသည်။ လူအများသည် ရီဖူရှင်းက တိုက်ပွဲအတွင်းမှာ မဟုတ်သည့်အခါ မတူညီသည့် လူဖြစ်ကြောင်း ခံစားမိလိုက်ကြသည်။
"မင်းရဲ့ နာမည်ကို ကျုပ်မသိသေးဘူး။ ဘယ်ကနေ လာခဲ့တာလဲ။" အဖိုးကြီးတစ်ယောက်က စူးစမ်းလိုက်သည်။
"ရီလျှို့နျန်ပါ။ အမည်မရှိတဲ့ ကုန်းမြေတစ်ခုကနေ လာခဲ့တာပါ။" ရီဖူရှင်းက တုံ့ပြန်လိုက်သည်။
"ရီလျှို့နျန်" လူတိုင်းက ထိုနာမည်အား တိတ်တိတ်လေး မှတ်ထားလိုက်ကြသည်။ မေးခွန်းမေးလိုက်သူက ခေါင်းညိတ်၍ ပြောလိုက်သည်။ "အမည်မရှိတဲ့ကျွန်းက တစ်နေ့မှာ မင်းကြောင့် နာမည်ကျော်ကြားလာပါလိမ့်မယ်။"
ဤသည်က အလွန်မြင့်မားသော ချီးမွမ်းမှု ဖြစ်သည်။
ကုန်းမြေတစ်ခုက တစ်စုံတစ်ယောက်ကို အစွဲပြု၍ အမည်ဖြစ်လာမည်ဆိုလျှင် မည်မျှ ကြီးကျယ်မြင့်မြတ်သော ကိစ္စဖြစ်ကြောင်း တွေးကြည့်နိုင်သည်။ သိသာစွာပင် သူသည် ရီဖူရှင်းအား အတော်လေး သဘောတွေ့ပေသည်။ ဤတိုက်ပွဲက ရီဖူရှင်း၏ ထူးခြားသော ပါရမီကို သက်သေပြခဲ့သည်။
ရီဖူရှင်းက ပြုံးကာ မည်သည့်စကားမှ ပြန်မပြောခဲ့ပေ။ သူက ထိုကျွန်းတွင် မည်မျှကြာကြာကျင့်ကြံမည်မှာ မသေချာသေးပေ။ ကိစ္စအထွေအထူးမရှိလျှင် သူက ထိုနေရာသို့ မပြန်ဖြစ်တော့သည်လည်း ဖြစ်နိုင်သည်။ ကောင်းကင်ဒေသသို့ သူ့ ခရီးစဥ်၏ အဓိကရည်ရွယ်ချက်က ကျင့်ကြံရန်သာ ဖြစ်ပြီး သူက တတ်နိုင်သမျှ မြန်မြန် ရန်ဟောင်အထွတ်အထိပ်အဆင့်သို့ တက်လှမ်းလိုသည်။
"မိတ်ဆွေရဲ့ ကျင့်ကြံမှုကို မနှောက်ယှက်တော့ပါဘူး။" လူတိုင်းက နှုတ်ဆက်ကာ ထွက်သွားကြသည်။ သူတို့က အလွန် ယဥ်ကျေးနေကြ၏။ ရီဖူရှင်း၏ ထူးချွန်သော ပါရမီကို မပြသရသေးခင်က သူတို့၏ သဘောထားက ရယ်မောစနောက်စရာ ဖြစ်ခဲ့သည်။ အဆင့်နိမ့်ရန်ဟောင်တစ်ပါး၏ စကားက သူတို့အတွက် အရူးတစ်ယောက်သာသာပင် ဖြစ်သည်။
သို့သော်လည်း ယခုတွင် သူတို့ထံ၌ ထိုသို့သောအတွေးများ ပျောက်ကွယ်သွားပြီး လေးစားမှုသာ ကျန်ရစ်တော့သည်။ သူတို့က သူနှင့်မည်သို့ ယှဥ်ပြိုင်နိုင်ပါမည်နည်း။ သူတို့က တူညီသောအဆင့်တွင်ပင် မရှိခဲ့ချေ။
အခြားသောရန်ဟောင်များသည်လည်း ဓားအလင်းများ၏ ဆွဲဆောင်မှုကို ခံလိုက်ရကာ ဤနေရာသို့ အပြေးရောက်လာကြသည်။ ပုံရိပ်ယောင်ကောင်းကင်လေဟာပြင်အတွင်း၌ ဓားအလင်းက အလွန်တောက်ပနေသည့်အတွက် သူတို့က ခံစားမိကြပေသည်။
ရောက်ရှိပြီးနောက် သူတို့သည် အခြေအနေအတိအကျကို မဖမ်းမိလိုက်သော်လည်း ဆွေးနွေးပြောဆိုနေမှုများအရ သူတို့က တစ်ခုစနှစ်ခုစ ခန့်မှန်းနိုင်ခဲ့ကာ ရီဖူရှင်းကို အာရုံစိုက်လာကြသည်။
ထူးခြားပြောင်မြောက်သော ပုဂ္ဂိုလ်များက အခြားနေရာများတွင် ပေါ်ပေါက်လာသလို ဤနေရာ၌လည်း တချို့တလေ ထွက်ပေါ်လာပုံရလေသည်။
အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ ခရီးစဥ်၌ မည်သူက အထူးချွန်ဆုံးဖြစ်ကြောင်း မည်သူမှ မသိကြပေ။ စီနီယာမျိုးဆက်အတွင်းမှ တန်ခိုးရှင်အချို့လား။ မဟုတ်လျှင် ငယ်ရွယ်သော မျိုးဆက်မှ ရန်ဟောင်အချို့လား။
လက်ရှိတွင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေအတွင်း နေရာအနှံ့၌ ထိပ်သီးပုဂ္ဂိုလ်အများအပြား ရပ်နေပြီး အဝေးသို့ ကြည့်နေကြသည်။ အလယ်တွင် ထည်ဝါသော ရန်ဟောင်တစ်ပါး ရပ်နေခဲ့သည်။ သူမ၏ နတ်အာရုံက ရီဖူရှင်းအပါအဝင် အဆုံးမဲ့ လေဟာနယ်ကို လွှမ်းခြုံထားသည်။ သူမက ဖြစ်ပျက်သမျှ အရာအားလုံးကို မြင်တွေ့ခဲ့ပေသည်။
"ဒီလူက အရမ်းအစွမ်းထက်တာပဲ။" ထိုအမျိုးသမီးက ပြောလိုက်၏။
"သူက အစွမ်းထက်ပေမယ့် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေရဲ့ ခရီးစဥ်အတွင်းမှာ အထူးချွန်ဆုံးက မင်းသမီးပါပဲ။" သူမဘေးမှတစ်ယောက်က မှတ်ချက်ပြုလိုက်သည်။ အမျိုးသမီးက စကားတစ်ခွန်းသာ ဆိုလိုက်သည်။ "ပန်းသစ်ပင်မှာ ဖြစ်ခဲ့တာကို မမေ့နဲ့။ သူတို့နှစ်ယောက်လုံးက ခန့်မှန်းမရလောက်အောင်ပဲ။"
သူမနောက်မှ လူများက ထိုအဖြစ်ကို အမှတ်ရပြီး တိတ်ဆိတ်သွားသည်။
အခြားတစ်နေရာတွင် မဟာလမ်းစဥ်အခွင့်အလမ်းတစ်ခုရှေ့၌ လူငယ််တစ်ယောက်က လက်ကို နောက်ပစ်ကာ ရပ်နေသည်။ သူ့မျက်လုံးများက အဝေးကို ကြည့်နေရင်း ပြောလိုက်သည်။ "ဓားတောင်ထွတ်မှာ အစွမ်းထက်ဓားသမားတစ်ယောက် ပေါ်လာတယ်။ သူ့ရဲ့ နားလည်သဘောပေါက်နိုင်စွမ်းက အံ့မခန်းပဲ။ သူက မဟူရာသံမဏိဓားကလန်က လူတွေကိုတောင် သတ်လိုက်သေးတယ်။"
"ဘယ်လောက်တောင် အစွမ်းထက်လို့လဲ။" အရှေ့မှ လူငယ်လေးက မေးလိုက်သည်။
"အဆင့်နိမ့်ရန်ဟောင်တစ်ယောက်ပဲ။ သူက ဓားစွမ်းအားကိုးခုကို တစ်ခုပြီးတစ်ခု နားလည်သဘောပေါက်ခဲ့ပြီးတော့ အဲဒါကြောင့်ပဲ ဓားတောင်ထွတ်က ဓားစွမ်းအားတွေကို သုံးပြီး အဋ္ဌမဆင့် တန်ခိုးရှင်တွေကို သတ်ခဲ့တာ။" ထိုလူက ပြန်ဖြေလိုက်သည်။ လူငယ်က ခေါင်းညိတ်လိုက်၏။ "ကြည့်ရတာ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ ခရီးက စိတ်လှုပ်ရှားစရာ အဖြစ်အပျက် မရှိတာတော့ မဟုတ်ဘူးပဲ။"
သူတို့အပြင် အခြားသူများကလည်း ရီဖူရှင်း၏ တည်ရှိမှုကို သတိပြုမိကြသည်။ ထိုတိုက်ပွဲသည် ဓားတောင်ထွတ်မှ လူများကိုသာ ထိတ်လန့်စေသည်မဟုတ်ဘဲ ပုံရိပ်ယောင်ကောင်းကင်လေဟာပြင်အတွင်းမှ လူများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ ယခု သူတို့သည် ထိုပါရမီရှင် ဓားသမား၏ တည်ရှိမှုကို သတိပြုမိကြပြီ ဖြစ်သည်။
သို့သော်လည်း ရီဖူရှင်းက ထိုအကြောင်းကို နည်းနည်းမှ ဂရုမစိုက်ပေ။ သူသည် ထိုဓားတောင်ထွတ်ထက်တွင် ဓားစွမ်းအားကို နားလည်သဘောပေါက်ပြီး ငြိမ်းချမ်းစွာ ကျင့်ကြံနိုင်ရန်သာ အာရုံစိုက်ထားပေသည်။
***