ထျန်းဟောင်ဂြိုဟ်ကို ထိတ်လန့်စေခြင်း
Vol. 10 Ch. 995
“ ... “
ရှေးဟောင်း မိစ္ဆာအင်း၏ အလွှာ ၅၃ တစ်ခုလုံးသည် တိတ်ဆိတ် ငြိမ်သက်နေ၏။ လူတိုင်းသည် ကောင်းကင်ရှိ လူငယ်ကို ကြောက်ရွံ့စွာ ငေးကြည့်နေမိကြသည်။ သူသည် ရွှေရောင် အလင်းတစ်ခုကို ဝန်းရံကာ ခမ်းနာ ထည်ဝါမှု၏ အဓိပ္ပါယ်ကို ဖော်ကျူးနေ၏။
“တန်ခိုးရှင် ရွှေခန္ဓာ... အခြေတည် ဝိညာဥ် နောက်ဆုံးအဆင့်တွေပဲ အဲ့လို ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်နိုင်တယ်... ဒါပေမဲ့ သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က ခုမှ ရွှေအမြုတေ အစောပိုင်း အဆင့်မှာပဲ ရှိနေသေးတာ မလား...”
အသက် သုံးထောင့်ခြောက်ရာ ရှင်သန်ပြီးသော လူအိုကြီး တစ်ယောက်က ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူ၏ လေသံမှာ နားမလည်ခြင်းများနှင့် ပြည့်နှက်နေသည်။
ချန်းပေ့ရွှမ်းကား အခြေတည် ဝိညာဥ် အဆင့် ဆယ့်လေးယောက်ကို ကြက်ကလေး၊ ငှက်ကလေးများ ကဲ့သို့ သတ်ဖြတ်ခဲ့သည်။ မိစ္ဆာ စစ်ဦးစီး ငါးယောက်၏ ပူးပေါင်း တိုက်ခိုက်မှု ပင်လျှင် သူ့အား တစ်စက္ကန့်မျှ မတားနိုင်ခဲ့ချေ။
ဘိုးဘေး ကွေ့မင်ကား တဆတ်ဆတ် တုန်ရီနေခဲ့ပြီ ဖြစ်လေသည်။ ချန်းပေ့ရွှမ်းအား တိုက်ခိုက်ရန် ကြိုးစားမိခြင်းက သူ့ဘဝ၏ အကြီးမားဆုံး အမှား တစ်ခု ဖြစ်ပေသည်။ အကယ်၍ အချိန်များကိုသာ နောက်ဆုတ်၍ ရပါက ရှေးဟောင်း မိစ္ဆာအင်း အတွင်းသို့ သူ ယောင်၍ပင် လာခဲ့လိမ့်မည် မဟုတ်ချေ။
“ဘာလို့ ငါ လောဘကြီးခဲ့မိတာလဲ... ဘာလို့ သူ့ကျင့်စဥ်တွေကို လိုချင်ခဲ့တာလဲ”
“ဘာလို့ ငါ ချန်းပေ့ရွှမ်းကို စော်ကားခဲ့မိတာလဲ... ဘာလို့ သူ့ကို သတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့မိတာလဲ”
“ဘာလို့လဲ...”
ဘိုးဘေး ကွေ့မင်၏ စိတ်မှာ နောင်တများဖြင့် ပြည့်သိပ်နေ၏။ သူသည် ချန်းဖန်ကို စူးစိုက်ကြည့်ကာ လက်တစ်ချောင်းကိုပင် မလှုပ်ရှားရဲခဲ့ချေ။ သူ ထွက်ပြေးသည်နှင့် ချန်းဖန်က သူ့အား ချက်ချင်း သတ်ဖြတ်လိမ့်မည် ဖြစ်ကြောင်း သူသိထား၏။
“မင်းက နောက်ဆုံး တစ်ယောက်ပဲ...”
ချန်းဖန်က သူ့အား ထူးမခြားနားစွာ ကြည့်လိုက်၏။
“ကျုပ်... ကျုပ်ကို မသတ်ပါနဲ့ ကောင်းကင်အရှင်...”
ဘိုးဘေး ကွေ့မင်က ဒူးထောက်ကာ အဆုပ်များ ပေါက်ကွဲ မတတ် အော်ဟစ်လိုက်သည်။
“ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ... ကျူးဝမ် မျိုးနွယ် တည်ရှိတဲ့ နေရာကို ကျုပ် ပြောပြပါ့မယ်”
“ဟမ်...”
ဘိုးဘေး ကွေ့မင်၏ စကားလုံးများက ချန်းဖန်၏ စိတ်ဝင်စားမှုကို ဖမ်းစားသွား၏။ သူက ချက်ချင်း တိုက်ခိုက်ခြင်း မပြုတော့ပဲ လက်နှစ်ဖက်ကို နောက်ပစ်ကာ ဘိုးဘေး ကွေ့မင်အား ကြည့်လိုက်သည်။
“ဒီလိုပါ... ကောင်းကင် အကျဥ်းထောင်က ကျူးဝမ် မျိုးနွယ် အားလုံးကို ချုပ်နှောင်ထားဖို့ အထိ မလုံလောက်ပါဘူး... ဒါကြောင့် တောင်တန်း အင်ပါယာက သူတို့ကို မြောက်ဘက် မြေရိုင်း ကုန်းမြေတစ်ခုမှာ ချုပ်နှောင်ထားတာပါ... ကျုပ်က လွဲရင် ဘယ်သူမှ အဲဒီ နေရာကို မသိပါဘူး”
ဘိုးဘေး ကွေ့မင်က အလျှင်အမြန်ပင် ရှင်းပြ လိုက်သည်။
“ငါ့ကို ညာဖို့ မကြိုးစားနဲ့...”
ချန်းဖန်က ဘိုးဘေး ကွေ့မင်ကား စူးစိုက်ကြည့်ကာ အေးစက်စက် ဆိုလိုက်၏။
“ကျုပ် အခြေတည် ဝိညာဥ်ကို သက်သေထားပြီး ကျိန်ဆိုပါတယ်ဗျာ... ကောင်းကင်အရှင်ကသာ အသက်ချမ်းသာပေးမယ် ဆိုရင် ကျုပ် အဲဒီ နေရာကို ခေါ်သွားပေးပါ့မယ်”
ဘိုးဘေးကွေ့မင်က လေးနက်သော အသံဖြင့် ပြောလိုက်၏။ ထို့နောက် သူက ချန်းဖန်၏ အရှေ့တွင်ပင် ဝိညာဥ်ကျိန်စာ စာချုပ်ကို ချုပ်လိုက်၏။ အကယ်၍ သူသာ ကတိကို ဖျောက်ဖျက် ပစ်ပါက သူ၏ အခြေတည် ဝိညာဥ်မှာ ထာဝရ ပျောက်ကွယ် သွားရလိမ့်မည် ဖြစ်သည်။
“ကောင်းပြီလေ...”
ချန်းဖန်က ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ဘိုးဘေး ကွေ့မင်၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲသွားသည်။ သူက အလျှင်အမြန်ပင် ထိုပေါက်ကွဲမှုထဲမှ ဘိုးဘေး ကွေ့မင်၏ အခြေတည် ဝိညာဥ်ကို ဆွဲထုတ်လိုက်၏။
“ကောင်းကင်အရှင်...”
ဘိုးဘေး ကွေ့မင်မှာ ချန်းဖန် စိတ်ပြောင်းသွားပြီဟု ထင်ကာ အလွန် ထိတ်လန့်သွားလေသည်။
“စိတ်မပူနဲ့... ငါ မင်းကို မသတ်ပါဘူး... ဒါပေမဲ့ မင်း လုပ်ခဲ့တဲ့ ကိစ္စက ခွင့်လွှတ်လို့ ရတဲ့ ကိစ္စ မဟုတ်ဘူး... ဒါကြောင့်ပဲ အဲဒီ အတွက် မင်းရဲ့ ခန္ဓာကို ငါ ဖျက်ဆီးခဲ့တာ”
ချန်းဖန်က အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
ဘိုးဘေး ကွေ့မင်မှာ ခေါင်းငုံ့ကာ တိတ်ဆိတ်သွား၏။ သူ၏ အသက်က ချန်းဖန်၏ လက်ထဲတွင် ဖြစ်သည်။ သူ၏ အခြေတည် ဝိညာဥ်ကို ဖျက်ဆီး မပစ်ခြင်းကပင် သူ့အတွက် ကံကောင်းလွန်း နေခဲ့ပြီ ဖြစ်လေသည်။
“ဝှစ်...”
ထို့နောက် ချန်းဖန်က ရွှေရောင် အလင်း အသွင်ပြောင်းလဲကာ ရှေးဟောင်း မိစ္ဆာအင်း တစ်ခုလုံးကို ဖြတ်သန်းသွား၏။
“ဘုန်း... ဘုန်း... ဘုန်း...”
မကြာခင်မှာပင် ရှေးဟောင်း မိစ္ဆာအင်းသို့ ရောက်ရှိနေသည့် ကုန်းစွန်း မိသားစု၊ ကောင်းကင် ကျောက်စိမ်း ကျောင်းတော်နှင့် အနီရောင် မီးတောက် ကောင်းကင်ဂိုဏ်းများမှ အကြီးအကဲများမှာ စတင် သတ်ဖြတ်ခံရလေ၏။
အတိတ်ဘဝ၌ မြောက်ပိုင်း ကောင်းကင်အရှင်သည် ဒေါသကြီးမှုဖြင့် ထင်ရှား၏။ သူသည် သူ့အား မကောင်းကြံသူတိုင်းကို ရေဆုံးမြေဆုံး လိုက်လံ ရှင်းလင်းတတ်သူ ဖြစ်သည်။
ထို့အပြင် ထိုလူများကား သူတို့၏ ကောင်းကင်အရှင်များ အသတ်ခံရခြင်း အတွက် ချန်းဖန်အား အလွန် မုန်းတီးနေကြသူများ ဖြစ်ကြသည်။ ချန်းဖန် အနေဖြင့် သူတို့အား ဆက်လက် အသက်ရှင်ခွင့်ပြုပါက မလိုလားအပ်သော နောက်ဆက်တွဲများ ဖြစ်လာနိုင်သည်။ ထိုနောက်ဆက်တွဲများက သူ့အတွက် ကိစ္စ မရှိသည့်တိုင် ကျူးဝမ်မျိုးနွယ်ဘက်သို့ပါ လှည့်လာပါက အလွန် ရှုပ်ထွေး သွားလိမ့်မည် ဖြစ်သည်။ သူသည် ထျန်းဟောင်ဂြိုဟ်၌ အမြဲတမ်း နေထိုင်မည့် လူတစ်ယောက် မဟုတ်ရာ ကျူးဝမ်မျိုးနွယ်ကို ထာဝရ ကာကွယ်ပေးနိုင်လိမ့်မည် မဟုတ်ချေ။
“ကောင်းကင်အရှင်ချန်း... အသက်ချမ်းသာပေးပါ”
“ကောင်းကင်အရှင်ချန်း... ကျုပ်တို့ ဘာလုပ်မိလို့လဲဗျာ”
“ချန်းပေ့ရွှမ်း... မင်းက ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးနဲ့ စစ်ခင်းချင်နေတာလား...”
“ခွေးမသား ချန်းပေ့ရွှမ်း... ငါ သရဲ ဘဝ ရောက်တောင် မင်းကို ပြန်လက်စားချေမယ်ကွ...”
များစွာသော အော်ဟစ်သံများမှာ ရှေးဟောင်း မိစ္ဆာအင်း တစ်ခုလုံး ဆူပွက်နေ၏။ သို့သော်လည်း ချန်းဖန်မှာ ထိုအသံများကို ကြားဟန် မရခဲ့ချေ။ ထိုနေ့၌ သူသည် ရှေးဟောင်း မိစ္ဆာအင်းကို သွေးအိုင် အဖြစ် ပြောင်းလဲပစ်ခဲ့လေ၏။
“လုံလောက်ပြီ...”
စိတ်ချရလောက်သည် အထိ သတ်ဖြတ်ပြီးနောက် ချန်းဖန်က လင်းဝူဟွာတို့ သုံးယောက်ကို ခေါ်ကာ နတ်ဘုရား ကုန်းမြေဘက်သို့ ပြန်လည် ပျံသန်းသွား၏။
“စီနီယာချန်း...”
မိန်းကလေး သုံးယောက်၏ မျက်နှာများမှာ အပြုံးများဖြင့် ဝေဝေဆာနေသည်။ သူတို့သည် လေးစားမှု အပြည့်ဖြင့် ချန်းဖန်ကို ကြည့်နေခဲ့မိကြ၏။
“ဝှစ်...”
ထို့နောက် ချန်းဖန်က လက်တစ်ဖက် ဝှေ့ယမ်းကာ ရွှေရောင်အလင်း တစ်ခုကို ဖန်တီးလိုက်သည်။ ထိုအလင်းသည် မိန်းကလေး သုံးယောက်နှင့် ရှောင်မန်၊ ကျိုးကျူရှင်းတို့အား သယ်ဆောင်လေ၏။ ထို့နောက် သူတို့ အဖွဲ့သည် ရှေးဟောင်း မိစ္ဆာအင်းမှ ထွက်ကာ မြောက်အရပ်သို့ ဦးတည် ထွက်ခွာ သွားကြတော့သည်။
အဆုံး၌ ရှုညီအမနှင့် နတ်မိမယ် ချင်လော့တို့ အပါအဝင် ကျင့်ကြံသူ ရာဂဏန်း သာလျှင် ရှေးဟောင်း မိစ္ဆာအင်း၌ ကျန်ရစ်ခဲ့တော့၏။
သူတို့သည် မြေပြင်၌ ပြန့်ကြဲနေသော အလောင်းများကို ငေးကြည့်နေခဲ့မိသည်။ ဟန်ရှုံး သတ်မှတ်ချက်ဝင်များသည် အသည်းနှလုံးများထဲမှ စိမ့်ကာ တုန်ရီနေခဲ့ကြသည်။ သူတို့သည် ချန်းပေ့ရွှမ်း၏ နောက်လိုက် မိန်းကလေး သုံးယောက်ကိုပင် စိန်ခေါ်ရန် မဝံ့ရဲကြတော့ချေ။
“ထျန်းဟောင်ဂြိုဟ်မှာ ခေါင်းဆောင်အသစ် တစ်ယောက် ပေါ်လာတော့မယ် ထင်တယ်...”
ကျွင်းအိုချန်းက မိုးကုပ်စက်ဝိုင်း၌ ပျောက်ကွယ်သွားသော ရွှေရောင် အလင်းတန်းကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။
ထျန်းဟောင်ဂြိုဟ်သက် ၁၂၉၅၆၅ ခုမြောက်နှစ်၊ ၄ လပိုင်း ၉ ရက်...
ချန်းပေ့ရွှမ်းသည် ရှေးဟောင်း မိစ္ဆာအင်း၌ အခြေတည် ဝိညာဥ် အဆင့် ၁၅ ယောက်ကို သတ်ဖြတ်ခဲ့၏။
ထိုသတင်းက ပျံ့နှံ့သွားရာ ထျန်းဟောင်ဂြိုဟ် တစ်ခုလုံး ထိတ်လန့်သွားကြတော့သည်။
***