← Chapters

အကျဉ်းထောင် အတွင်းမှ သွေးအိုင်

Vol. 10 Ch. 997

အကျဉ်းထောင် အတွင်းမှ သွေးအိုင်

Vol. 10 Ch. 997

"ဘာဖြစ်နေတာလဲ…"

အကျဉ်းထောင် တစ်ခုလုံးကား ငလျင် အလား တုန်လှုပ်နေရာ မည်သူမှ မတ်တပ် မရပ်နိုင်ကြတော့ချေ။

ထောင်စောင့်များမှာ နားမလည်နိုင်အောင် ဖြစ်နေကြ၏။ အဘယ်ကြောင့် ဤကမ္ဘာငယ်၌ ငလျင် တစ်ခု ဖြစ်ပွားနေရသနည်း။

"တစ်ယောက်ယောက်က အပြင်ကနေ တိုက်ခိုက်နေပြီ…"

ရွှေအမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက်က လေးနက်စွာ ဆိုလိုက်၏။

"မဖြစ်နိုင်ဘူး… ဒါက တောင်တန်း အင်ပါယာရဲ့ အကျဉ်းထောင်လေ… ဘယ်သူက ငါတို့ကို တိုက်ခိုက်ရဲမှာလဲ"

များစွာသော ဗိုလ်ချုပ်များမှာ ရဲတိုက်များ အတွင်းမှ ပျံသန်း ထွက်လာကြ၏။

"ဘုန်း… ဘုန်း… ဘုန်း…"

အကျဉ်းထောင်ကား ပို၍ ပြင်းထန်စွာ တုန်ရီလာသည်။ အဆုံး၌ မြေပြင်သည် ‌အက်ကွဲလာကာ အလင်းတန်း တစ်ခုမှ ထိုအက်ကွဲကြောင်း အတိုင်း အထဲသို့ ဝင်ရောက်လာ၏။

"ဘာလဲ…"

အကျဉ်းထောင် အတွင်းရှိ လူတိုင်းမှာ ရွှေရောင် အလင်းတန်းအား စိတ်လှုပ်ရှားစွာ  လှမ်းကြည့် လိုက်ကြသည်။

သူတို့၏ အကြည့်များ အောက်တွင်ပင် အလင်းတန်းသည် ရပ်တန့်ကာ အဇူရာ ဝတ်စုံဝတ် လူငယ် တစ်ဦး အဖြစ် ပြောင်းလဲ သွား၏။ ထိုလူငယ်သည် အနက်ရောင် ဆံပင်နှင့် အနက်ရောင် မျက်လုံးများကို ပိုင်ဆိုင်ထားသည်။ သူ၏ ဘေးတွင်မူ ရွှေအိုရောင် ဆံပင်ပိုင်ရှင် နတ်မိမယ်လေး တစ်ယောက် မတ်တပ်ရပ်နေ၏။

ကျူးဝမ်မျိုးနွယ်များသည် ထိုနှစ်ယောက်ကို မြင်သည်နှင့် ချန်းပေ့ရွှမ်းနှင့် ရှောင်မန်တို့ ဖြစ်ကြောင်း တန်း၍ သိရှိ လိုက်ကြသည်။

"အဲဒါက ငါတို့ရဲ့ ကောင်းကင်အရှင်နဲ့ နတ်မိမယ်လေးပဲ…"

"သူ ငါတို့ကို စွန့်ခွာ မသွားဘူး… ငါတို့ကို ကယ်ဖို့ ရောက်လာပြီ…"

"ကောင်းကင်အရှင်… ကျုပ်တို့ရဲ့ အကြီးအကဲတွေ အတွက် လက်စားချေပေးပါ"

များစွာသော ကျူးဝမ်မျိုးနွယ်များမှာ မျက်ရည်များ အိုင်ထွန်းလျှက် မြေပြင်၌ ဒူးထောက် ချလိုက်ကြသည်။ သူတို့သည် ချန်းဖန်နှင့် ရှောင်မန်တို့အား အကြိမ်ကြိမ် ဦးခိုက် လိုက်မိကြ၏။

"အဲဒါက တကယ်ပဲ ချန်းပေ့ရွှမ်းလား… သူက ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ"

တောင်တန်း အင်ပါယာ၏ ဗိုလ်ချုပ်များမှာ နားမလည်နိုင်အောင် ဖြစ်သွားကြသည်။ သူတို့သည် အကျဉ်းထောင် အတွင်းတွင်သာ နေထိုင်ကြသူများ ဖြစ်ကြရာ အပြင်၌ ပျံ့နှံ့နေသော သတင်းများကို မသိကြရသေးချေ။ သူတို့ သိထားသမျှ အကုန်မှာ အခြေတည် ဝိညာဉ် အဆင့် ဆယ့်ငါးယောက်က ချန်းပေ့ရွှမ်းကို နတ်ဘုရား ကုန်းမြေ အပြင်ဘက်မှ ဝန်းရံထားသည် ဟူ၍သာ ဖြစ်သည်။

"မင်းတို့ အားလုံး သေသင့်တယ်…"

ချန်းဖန်၏ မျက်လုံးများမှာ အလွန်အမင်း အေးစက် နေသည်။ သူ၏ နတ်ဘုရား စိတ်အာရုံသည် အလွန်အမင်း အစွမ်းထက်ရာ တစ်စက္ကန့် အတွင်းမှာပင် အကျဉ်းထောင် ကမ္ဘာငယ် တစ်ခုလုံးကို‌ ဖြန့်ကျက်ခဲ့ပြီး ဖြစ်သည်။ သူသည် ကျူးဝမ် မျိုးနွယ်များ မည်မျှ အထိ ထိခိုက်ခံစား နေရသည်ကို မြင်တွေ့ခဲ့ရသည်။

သူ ပေ့ဟန်နယ်တွင် နေထိုင်စဉ်က ကျူးဝမ်မျိုးနွယ် အရေအတွက်မှာ သန်းလေးရာ အထိ ရှိခဲ့သည်။ သို့သော်လည်း ယခုတွင်မူ သန်းနှစ်ရာခန့်သာ ရှိတော့ပေသည်။ လအနည်းငယ် အတွင်းမှာပင် ကျူးဝမ်မျိုးနွယ် သန်းနှစ်ရာ နီးပါးမှာ အသတ်ခံလိုက်ရပုံ ပေါ်သည်။ တောင်တန်း အင်ပါယာ တစ်ခုလုံးကို ရှင်းလင်းနိုင်လျှင်ပင် သူသည် ထိုအဖြစ်အပျက်ကြီးကို ဖြေသိပ်နိုင်လိမ့်မည် မဟုတ်ချေ။

"ဘုန်း…"

ချန်းဖန်သည် ချက်ချင်းပင် စတင် တိုက်ခိုက် လိုက်၏။ သူကား ဒေါသအလွန် ထွက်နေခဲ့ရာ သူ၏ တိုက်ခိုက်မှုများမှာ ကမ္ဘာပျက် မတတ် ပြင်းထန်ခဲ့သည်။

"အား…"

တစ်ခဏ အတွင်းမှာပင် တောင်တန်း အင်ပါယာ၏ ကျင့်ကြံသူ ထောင်ချီမှာ မိုးသီး မိုးပေါက်များနှယ် မြေပြင်ပေါ်သို့ တဖွဲဖွဲ ပြုတ်ကျကြ၏။ မရေမတွက်နိုင်သော ခြေပြတ် လက်ပြတ်များ၊ ခန္ဓာကိုယ် အစိတ်အပိုင်းများ၊ ရွှေရောင်သွေးများမှာ မြေပြင်ထက်၌ ပြန့်ကျဲနေသည်။ ချန်းဖန်၏ တိုက်ခိုက်မှု တစ်ခု အတွင်းမှာပင် ရာပေါင်း များစွာသော ကျင့်ကြံသူများမှာ သတ်ဖြတ်ခံနေရ၏။

"ဘုန်း…"

ချန်းဖန်သည် ဆယ်မိုင်ရှည်သော ရဲတိုက်ကြီးကိုပင် ထက်ပိုင်းပိုင်း ပစ်သည်။ အထဲ၌ ပုန်းအောင်း နေကြသည့် တစ်ရာမျှသော ရွှေအမြုတေ အဆင့်များနှင့် ထောင်ပေါင်းများစွာသော မူလ အဆင့်များမှာ တစ်ခါတည်း သေဆုံးသွားကြ၏။

"ချန်းပေ့ရွှမ်း… မင်း အတင့်ရဲလှချည်လား…"

အလင်းတန်း ကိုးခုမှာ ကောင်းကင်သို့ ပျံတက် လာ၏။ အလင်းတန်း တစ်ခုချင်းစီမှာ ကောင်းကင်အရှင် တစ်ပိုင်းများ ဖြစ်ကာ ပြန်လည် မွေးဖွားခြင်းဂိုဏ်း မဟာ အကြီးအကဲနှင့် တန်းတူ အစွမ်းထက်ကြသူများ ဖြစ်သည်။ ထိုလူများကား တောင်တန်း အင်ပါယာ၏ ကောင်းကင် ဗိုလ်ချုပ်များပင် ဖြစ်ကြသည်။

"ခရက်…"

ချန်းဖန်က လက်နှစ်ဖက်အား ဆွဲဖဲ့လိုက်ရာ ပေရှစ်ရာ ရှည်လျားသော အက်ကြောင်းကြီး တစ်ခု ဖြစ်ပေါ်လာ၏။

ကောင်းကင်အရှင် တစ်ပိုင်း ရှစ်ယောက်မှာ ထက်ပိုင်းပြတ်ကာ သူတို့၏ နတ်ဘုရား စိတ်ဝိညာဉ်နှင့် ရွှေအမြုတေများမှာ ပေါက်ကွဲကုန်သည်။ ကျန် တစ်ယောက်မှာမူ အစွန်အဖျား လောက်သာ ထိမှန်ခြင်း ခံရကာ ခန္ဓာကိုယ် ပျက်စီးသွား၏။ သူ၏ နတ်ဘုရား စိတ်ဝိညာဉ်သည် ကြောက်ရွံ့စွာဖြင့် ထွက်ပြေးတော့သည်။

" … "

ထိုအခိုက်အတန့်၌ တောင်တန်း အင်ပါယာ၏ မရေမတွက်နိုင်သော ဗိုလ်ချုပ်များ၊ စစ်သားများမှာ သွေးပျက် ချောက်ချား နေကြလေ၏။ ကောင်းကင် ဗိုလ်ချုပ် ကိုးယောက်ကား နတ်ဘုရား ဗိုလ်ချုပ်မှ လွဲလျှင် ဤအကျဉ်းထောင် အတွင်း၌ အစွမ်း အထက်ဆုံး ဖြစ်သည်။ သို့တိုင်အောင် သူတို့သည် ကျုးကျော်သူ၏ တိုက်ခိုက်မှုကို တစ်ချက်ပင် မခုခံနိုင်ခဲ့ချေ။ ထိုမိစ္ဆာကောင်က မည်မျှအထိ ကြောက်မက်ဖွယ် ကောင်းလိုက်သနည်း။

"ချန်းပေ့ရွှမ်း… မင်းကို တောင်တန်း အင်ပါယာက ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ဘူးကွ"

နောက်ဆုံး ကျန်ခဲ့သော ကောင်းကင် ဗိုလ်ချုပ်၏ နတ်ဘုရား စိတ်ဝိညာဉ်က ‌ထွက်ပြေးရင်း အော်ဟစ် လိုက်၏။

"အဲဒါဆိုလည်း သေလိုက်တော့…"

ချန်းဖန်၏ စကားဆုံးသည်နှင့် ကောင်းကင် ဗိုလ်ချုပ်၏ နတ်ဘုရား စိတ်ဝိညာဉ်မှာ အပိုင်းပိုင်း အစစ အဖြစ် ပေါက်ကွဲ သွားတော့၏။

"သတ်…"

တစ်ချိန်တည်း၌ ရှောင်မန်၊ လင်းဝူဟွာနှင့် အခြားလူများကလည်း သူတို့၏ လက်နက်များကို ထုတ်ကာ တောင်တန်း အင်ပါယာ၏ ကျင့်ကြံသူများအား စတင် သတ်ဖြတ်ကြသည်။

"ငါတို့လည်း ပါမှာပေါ့…"

ကျိုးကျူရှင်းနှင့် နဂါးအရှင်တို့မှာ တိုက်ပွဲ အတွင်း ဝင်ရောက်လာကာ ရှောင်မန်တို့ ရင်မဆိုင်နိုင်သည့် ရွှေအမြုတေ အဆင့်များကို သတ်ဖြတ်လိုက်ကြ၏။

နဂါးအရှင်ကား ကြယ်ပင်လယ်မှ မွန်းစတား သားရဲ တစ်ကောင် ဖြစ်သည်။ ကျိုးကျူရှင်းမှာလည်း အခြေတည် ဝိညာဉ် အဆင့်သို့ မကြာခင် တက်လှမ်းတော့မည့်သူ ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့ နှစ်ယောက်၏ တိုက်ခိုက်မှုများက အလွန် ပြင်းထန်လှ၏။

"သတ်… သတ်… သတ်…"

များစွာသော ကျူးဝမ် မျိုးနွယ်ဝင်များမှာ စိတ်ဓာတ်များ တက်ကြွလာခဲ့ကာ ထောင်စောင့် ခေါင်းဆောင်နှင့် အခြား ထောင်စောင့်များကို ကျောက်တုံးများဖြင့် ပစ်ပေါက် တိုက်ခိုက် ကြတော့၏။ ရှောင်မန်နှင့် နဂါးအရှင်တို့က သူတို့၏ ဘေး၌ ဝန်းရံကာ အန္တရာယ် မဖြစ်အောင် ကာကွယ်ပေးသည်။

"ဂရုစိုက်ပါ ကောင်းကင်အရှင်… အကျဉ်းထောင်ထဲမှာ အခြေတည် ဝိညာဉ် အဆင့် တစ်ယောက် ရှိတယ်"

ကျူးဝမ်မျိုးနွယ် လူအိုကြီး တစ်ယောက်က အော်ဟစ်လိုက်၏။

"စိတ်မပူနဲ့… သူ့ကိုလည်း ငါ အလွတ်မပေးဘူး"

ချန်းဖန်က လူအိုကြီးအား ပြောကာ အကျဉ်းထောင်၏ ဗဟိုရှိ ရဲတိုက်ရှိရာသို့ ကြည့်လိုက်သည်။ သူသည် ထိုနေရာတွင် များစွာသော အစီအရင်များကို တွေ့ရ၏။ ထိုရဲတိုက်ကား အကျဉ်းထောင် တစ်ခုလုံး၏ အမြုတေ ဖြစ်ပုံရသည်။

"ဘုန်း…"

နတ်ဘုရား ဗိုလ်ချုပ်သည် ဆက်လက် ပုန်းအောင်း‌၍ မရနိုင်တော့ကြောင်း နားလည်သည်နှင့် ရွှေရောင် အလင်းတန်း တစ်ခု အသွင်ပြောင်းလဲကာ ကောင်းကင်သို့ ပျံတက်လာ၏။

"ဘုန်း…"

သူ ပေါ်ထွက်လာသည်နှင့် ကောင်းကင်မှာ အခြေတည် ဝိညာဉ် အဆင့်၏ အရှိန်အဝါဖြင့် ပြည့်နှက် သွားတော့သည်။ များစွာသော အဆင့်နိမ့် ကျင့်ကြံသူများမှာ မရည်ရွယ်ပါပဲ မြေပြင်၌ အလိုအလျောက် ဒူးထောက် လိုက်မိကြ၏။

"အဲဒါက ကောင်းကင်အရှင်လား…"

များစွာသော ကျူးဝမ် မျိုးနွယ်ဝင်များမှာ စိုးရိမ်သွားကြသည်။

သူတို့သည် ကောင်းကင် အရှင် ဆိုသော နာမည်ကို ကြားဖူးကြသော်လည်း ယခုကဲ့သို့ ထည်ဝါမှုမျိုးကိုမူ တစ်ခါမှ မမြင်ဖူးကြချေ။ သူတို့၏ ကောင်းကင် အရှင် ချန်းပေ့ရွှမ်းမှာ ထိုကဲ့သို့သော အရှိန်အဝါမျိုးကို တစ်ခါမှ မထုတ်ဖော် ဖူးခဲ့ချေ။

နတ်ဘုရား ဗိုလ်ချုပ်သည် ရွှေရောက် ချပ်ဝတ်ကို ဝတ်ဆင်ထားကာ မီးအလင်းအား ခြံရံနေ၏။ သူက ကောင်းကင်ကို နင်း၍ ရပ်ရင်း တည်ငြိမ်စွာပင် ပြောလိုက်သည်။

"ငါ့နာမည်က ယင်လုံ… တောင်တန်း အင်ပါယာရဲ့ ခုနစ်ယောက်မြောက် နတ်ဘုရား ဗိုလ်ချုပ်ပဲ… ချန်းပေ့ရွှမ်း… မင်းက တောင်တန်း အင်ပါယာရဲ့ အမိန့်ကို လွန်ဆန်ခဲ့တယ်… တကယ်လို့ မင်း ဘက်ကနေ တောင်းပန်ပြီး အညံ့ခံမယ် ဆိုရင် မင်း နဲ့ မင်း မျိုးနွယ်ဝင်တွေရဲ့ အသက်ကို ချမ်းသာပေးမယ်… မဟုတ်ရင်တော့ အားလုံး အသတ်ခံရမယ်"

သူ၏ အသံက မိုင်းတစ်လုံး အလား လေထုကို ဖောက်ခွဲ ထွက်ပေါ်နေ၏။ မရေမတွက်နိုင်သော ကျူးဝမ်မျိုးနွယ်များမှာ ထိတ်လန့် သွားကြသည်။

"သူက အရမ်း အစွမ်းထက်လွန်းတယ်… ကောင်းကင်အရှင်ချန်းက သူ့ကို နိုင်ပါ့ မလား…"

သံသယနှင့် စိုးရိမ်စိတ်များမှာ ကျူးဝမ် မျိုးနွယ်တို့၏ ရင်ထဲ၌ ဖြစ်ပေါ်လာသည်။

"အညံ့ခံရမယ် ဟုတ်လား…"

ချန်းဖန်၏ မျက်လုံးများက ကျဉ်းမြောင်း သွားသည်။

"ဒါပြီးတာနဲ့ တောင်တန်း အင်ပါယာကို ငါ ရောက်အောင် သွားမှာပါ… ဒါပေမဲ့ အညံ့ခံဖို့တော့ မဟုတ်ဘူး… သတ်ဖို့"

"မင်း…"

နတ်ဘုရား ဗိုလ်ချုပ် ယင်လုံမှာ ဒေါသထွက် သွားသည်။

တောင်တန်း အင်ပါယာကား ထျန်းဟောင်ဂြိုဟ်ကို နှစ်‌သိန်းချီ စိုးမိုးခဲ့သူ ဖြစ်သည်။ အခြေတည် ဝိညာဉ် အဆင့် ငါးယောက်ကို ပိုင်ဆိုင်ခဲ့သော မိုးကြိုး ကောင်းကင်ဂိုဏ်း ပင်လျှင် သူတို့၏ လက်၌ ရှင်းလင်းခံခဲ့ရသည်။ မည်ကဲ့သို့ အခြေတည် ဝိညာဉ် အဆင့် တစ်ယောက်တည်းက တောင်တန်း အင်ပါယာကို အန္တရာယ်ပြုနိုင်မည်နည်း။

"ချန်းပေ့ရွှမ်း… မင်း စကားကြောင့် ပေ့ဟန်နယ် တစ်ခုလုံးတောင် အသတ်ခံ သွားရနိုင်တယ် ဆိုတာ နားလည်လား… ကိုယ့် နေရာကိုယ် သိစမ်း"

‌နတ်ဘုရား ဗိုလ်ချုပ် ယင်လုံက ရွှေရောင် လှံရှည်ကို ဆွဲထုတ်ကာ ချန်းဖန်ထံ တိုးဝင် လာ၏။ သူ၏ ပုံစံကား အပြစ်သား တစ်ယောက်ကို စီရင်တော့မည့် ကောင်းကင်ဘုံမှ နတ်ဘုရား တစ်ပါး အလားပင်။

"သေစမ်း…"

ချန်းဖန်က လက်အား မြှောက်ကာ ရွှေရောင် လှံရှည်အား ဆီးကြို ဖမ်းလိုက်၏။ ထို့နောက် သူက ထိုလှံရှည်ကို ချိုးကာ ယင်လုံအား ကန်ထုတ် လိုက်သည်။

"ဘုန်း…"

ယင်လုံမှာ အရုပ်ကျိုးပြတ် ကျကာ မြေကြီးထဲ နစ်ဝင်သွား၏။ သူ၏ အခြေတည် စိတ်ဝိညာဉ်နှင့် ခန္ဓာကား လုံးဝ ဖျက်ဆီး ခံလိုက်ရပြီ ဖြစ်သည်။

နတ်ဘုရား ဗိုလ်ချုပ်အား သတ်ဖြတ်ပြီးနောက် ချန်းဖန်က တောင်တန်း အင်ပါယာ၏ စစ်သားများ၊ ဗိုလ်ချုပ်များ ဘက်သို့ လှည့်လိုက်၏။

"သတ်…"

ထိုနေ့တွင် မြောက်နတ္ထိနယ် တောင်တန်း အင်ပါယည အကျဉ်းထောင်၌ သွေးပင်လယ် တစ်ခု  ဖြစ်ထွန်း သွားခဲ့သည်။ များစွာသော ထောင်မှူးများ၊ စစ်သားများ၊ ဗိုလ်ချုပ်များသည် အသတ်ခံခဲ့ရ၏။ မြေပြင်သည် ချင်းချင်းနီကာ သွေးများမှာ မြစ်သဖွယ် စီးဆင်းခဲ့လေသည်။

"မလုံလောက်သေးဘူး…"

အကျဉ်းထောင် အတွင်းရှိ တောင်တန်း အင်ပါယာ၏ ကျင့်ကြံသူ အားလုံး သေဆုံးသွားခဲ့သည့်တိုင် ချန်းဖန်မှာ ကျေနပ်ခြင်း မရှိခဲ့ချေ။ သူက ထျန်းဟောင်ဂြိုဟ်၏ ဗဟိုရှိရာသို့ လမ်းမျှော်ကာ ကြည့်လိုက်သည်။

ထိုအရပ်၌ ရှိနေသည်ကား "တောင်တန်း အင်ပါယာ" ပင် ဖြစ်တော့၏။

***

All Chapters