တောင်တန်း အင်ပါယာသို့
Vol. 10 Ch. 998
"အိမ်ကို ပြန်ကြမယ်ဟေ့…"
အကျဉ်းထောင် ကမ္ဘာငယ် တစ်ခုလုံးကို ဖြိုချကာ မီးလောင်တိုက် သွင်းလိုက်ပြီးနောက် ချန်းဖန်က ကျုးဝမ် မျိုးနွယ်များ ဘက်သို့ လှည့်ကာ ပြောလိုက်၏။
"ကောင်းပါပြီ ကောင်းကင်အရှင်…"
များစွာသော ကျုးဝမ်များမှာ မျက်ရည်များပင် ဝဲနေကြသည်။
ရှေးဟောင်း ကျူးဝမ်မြို့သို့ ပြန်ရန်မှာ သူတို့၏ ရင်ထဲ၌ ထာဝရ ကိန်းအောင်းနေသည့် ဆန္ဒ တစ်ခု ဖြစ်သည်။ ထိုသို့ ပြန်ရန် ကြိုးစားမိသည့် အတွက် သူတို့၏ လူဦးရေ သန်းချီမှာ ထောင်စောင့်များ၏ လက်အောက်၌ အသတ်ခံခဲ့ရသည်။
"ဟူး… ဟူး…"
များစွာသော လေသင်္ဘောများသည် ကောင်းကင်၌ အစီအရီ နေရာယူ နေကြ၏။ ထိုလေသင်္ဘောများသည် လူဦးရေ တစ်သိန်းခန့်ကို သယ်ဆောင်နိုင်သည် အထိ ကြီးမားပြီး အရေအတွက် အားဖြင့် ရာချီသည် အထိ ရှိလေရာ နေမင်း အလင်းရောင်ကိုပင် ဖုံးလွှမ်းထားသည်။
ထိုလေသင်္ဘောများမှာ မြောက်နတ္ထိနယ် ကောင်းကင်အရှင် မိသားစုများ ပိုင်ဆိုင်သည့် လေသင်္ဘောများ ဖြစ်ကြသည်။ သူတို့သည် ဝူမိသားစု ခေါင်းဆောင် ဝူဝမ်တင်၏ ဦးဆောင်မှုဖြင့် ရောက်လာကြကာ ကျုးဝမ် မျိုးနွယ်ဝင်များအား ပြန်လည် ပို့ဆောင်ရေး အတွက် ကူညီကြခြင်း ဖြစ်လေသည်။
သူတို့သည် တောင်တန်း အင်ပါယာကို ကြောက်လန့်သည့်တိုင် ချန်းဖန် စိတ်ညိုညင်သွားမည်ကို စိုးရိမ် နေကြ၏။
လေသင်္ဘောများ ထွက်ခွာသွားပြီးနောက် ဝူမိသားစု အကြီးအကဲ တစ်ဦးက ဝူဝမ်တင်ကို ကြည့်ကာ မေးလိုက်သည်။
"မိသားစု ခေါင်းဆောင်… ချန်းပေ့ရွှမ်းကို ကူညီတဲ့အတွက် တောင်တန်း အင်ပါယာက ကျုပ်တို့ အပေါ် ဒေါသထွက်မှာ မကြောက်ဘူးလား…"
"ခုက ဝောာင်တန်း အင်ပါယာ အကြောင်း စဉ်းစားနေရမယ့် အချိန် မဟုတ်သေးဘူး… ငါတို့ မကူညီရင် ချန်းပေ့ရွှမ်းက ငါတို့ကို အရင် ရှင်းပစ်လိမ့်မယ်"
ဝူဝမ်တင်က သက်ပြင်းတစ်ချက် ချကာ အဖြေပေးလိုက်သည်။
သူ၏ စကားကို ကြားပြီးနောက် အားလုံးမှာ တိတ်ဆိတ် သွားသည်။ ကျင့်ကြံခြင်း လောကကား ရက်စက်ခြင်းကို အခြေခံသည့် လောက တစ်ခု ဖြစ်သည်။ လိုက်လျောညီထွေသာ မနေတတ်ခဲ့ပါက သူတို့ကဲ့သို့ သာမန် မိသားစုလေးများမှာ နှစ် သောင်းချီသည် အထိ သက်ဆိုးရှည် နေခဲ့လိမ့်မည် မဟုတ်ချေ။
"ဟူး… ဟူး…"
လေသင်္ဘောများသည် မိုင်တစ်ရာ ဧရိယာကို ဖြန့်ကျက်ကာ ပျံသန်းနေကြသည်။ များစွာသော ကျင့်ကြံသူများမှာ ထိုမြင်ကွင်းကို ကြည့်ကာ တစ်စုံတစ်ခုကို ခံစားမိကြ၏။
မကြာခင်မှာပင် တောင်တန်း အင်ပါယာ၏ အကျဉ်းထောင်ကို ချန်းပေ့ရွှမ်း ဖျက်ဆီးခဲ့သည် ဆိုသော သတင်းမှာ ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးသို့ ပျံ့နှံ့ သွားသည်။ မရေမတွက်နိုင်သော လူများမှာ ဆွံ့အ သွားကြ၏။
လွန်ခဲ့သည့် မိနစ်ပိုင်းကပင် ချန်းပေ့ရွှမ်းသည် ရှေးဟောင်း မိစ္ဆာအင်း အတွင်း၌ အခြေတည် ဝိညာဉ် အဆင့် ဆယ့်ငါးယောက်ကို သတ်ဖြတ်ခဲ့သည်။ ယခုတွင်လည်း သူက အကျဉ်းထောင် ကမ္ဘာငယ် တစ်ခုကို တိုက်ခိုက်ကာ တောင်တန်း အင်ပါယာကို အတိအလင်း စိန်ခေါ်ခဲ့သည်။
"ချန်းပေ့ရွှမ်းတော့ ရူးနေပြီ… တောင်တန်း အင်ပါယာက ထျန်းဟောင်ဂြိုဟ်ကို နှစ်ပေါင်း သိန်းနဲ့ချီ အုပ်ချုပ်ခဲ့တာ… သူတို့ ဘယ်လောက် အစွမ်းထက်မယ် ဆိုတာ ဘယ်သူမှ မသိကြဘူး… မျိုးနွယ်စု သေးသေးလေး တစ်ခု အတွက် တောင်တန်း အင်ပါယာကို စိန်ခေါ်တာက ဉာဏ်ရှိတဲ့ လုပ်ရပ် မဟုတ်ဘူး"
လူအို ကျင့်ကြံသူကြီးများက သက်ပြင်းချကြ၏။
ငယ်ရွယ်သော ကျင့်ကြံသူများကမူ ထိုယူဆချက်ကို သဘောမတူကြချေ။
"ချန်းပေ့ရွှမ်းက အခြေတည် ဝိညာဉ် အဆင့် ၁၅ ယောက်ကိုတောင် တစ်ပြိုင်နက်တည်း တိုက်ခိုက်နိုင်နေပြီ… လွန်ခဲ့တဲ့ နှစ်တစ်သိန်းလောက်မှာ တောင်တန်း အင်ပါယာက အစွမ်း အထက်ဆုံး ဖြစ်ချင် ဖြစ်လိမ့်မယ်… ဒါပေမဲ့ ခုဝောာ့ မဟုတ်နိုင်တော့ဘူး"
မျိုးဆက် နှစ်ခု အကြား၌ ထိုကဲ့သို့ အမြင်များ ကွဲလွဲ နေသည့်တိုင် သူတို့တွင် ဘုံအမြင် တစ်ခု ရှိပေသည်။ ထိုအမြင်ကား ချန်းပေ့ရွှမ်း၏ စွမ်းအားမှာ ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးတွင်ပင် ထိပ်ဆုံး၌ ရှိသည် ဆိုသော အမြင်ပင်။
နေ့ဝက်အတွင်းမှာပင် သတင်းများသည် ဆက်လက် ပျံ့နှံ့နေ၏။
တစ်ချိန်တည်း၌ ချန်းဖန်သည် ကျဆုံးသွားသူများ အတွက် ရှေးဟောင်း ကျူးဝမ်မြို့၊ ဘိုးဘေး ဘုရားကျောင်း၏ အရှေ့၌ ကျောက်တိုင် တစ်ခု တည်ထားသည်။ ထို့နောက် သူက သွေးကို သစ္စာပြုကာ ယခုကဲ့သို့ ကြေညာ၏။
"ဒီနေ့က စပြီး နောက် ခုနစ်ရက် အကြာမှာ ငါ တောင်တန်း အင်ပါယာကို သွားပြီး သူတို့ရဲ့ ဂိုဏ်းကို ဖျက်ဆီးပစ်မယ်"
ထိုကြေညာချက်က တစ်ခဏ အတွင်းမှာပင် ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးသို့ ပျံ့နှံ့ သွားလေ၏။
…
ပြန်လည် မွေးဖွားခြင်းဂိုဏ်း၌…
အကြီးအကဲ ကျုးရန်သည် သတင်းကို ကြားသည်နှင့် ခေါင်းကို ခါယမ်းလိုက်သည်။
"ချန်းပေ့ရွှမ်းက တကယ် မောက်မာတာပဲ… သူက အခြေတည် ဝိညာဉ် အဆင့် ၁၅ ယောက်ကို သတ်နိုင်တာနဲ့ သူ့ကိုယ်သူ ပြိုက်ဘက်ကင်းပြီလို့ ထင်နေတာလား… သူ့ ရန်သူက တောင်တန်း အင်ပါယာ ဆိုတာ မမေ့သင့်ဘူး"
"ဟုတ်တယ်… တောင်တန်း အင်ပါယာက ခုထိ ဘာမှ မလှုပ်ရှားသေးတာ သူတို့ သဘောကို ပြနေဝာာပဲ… တကယ်လို့ ချန်းပေ့ရွှမ်းက ကျူးဝမ် မျိုးနွယ်ကို ကယ်ရုံပဲဆိုရင် သူတို့ဘက်က ဒီပြဿနာကို ထားလိုက်တော့မယ့်ပုံ ရတယ်… ဒါပေမဲ့ ချန်းပေ့ရွှမ်း ဘက်ကသာ တောင်တန်း အင်ပါယာကို ထိခိုက်အောင် လုပ်ဖို့ တွေးနေရင်တော့ သူတို့က ခုလို ယဉ်ကျေးနေမှာ မဟုတ်တော့ဘူး"
အခြားသော အကြီးအကဲများကလည်း ပြောဆိုကြသည်။
အားလုံးထဲ၌ အကြီးအကဲ ယွီလုံ တစ်ယောက်သာ မျက်မှောင်ကြုတ် နေခဲ့၏။ သူမသည် ချန်းပေ့ရွှမ်း ကဲ့သို့သော လူမှာ သူ့ကိုယ်သူ အန္တရာယ်တောထဲ တိုးဝင်မည် မဟုတ်ကြောင်း သိရှိထားသည်။ သူ တောင်တန်း အင်ပါယာကို တိုက်ခိုက်ရန် ဆုံးဖြတ်ခြင်းမှာ သူ့တွင် ယုံကြည်လောက်စရာ ဝှက်ဖဲ တစ်ခုခု ရှိနေခြင်းကြောင့် ဖြစ်နိုင်သည်။ သို့သော်လည်း တောင်တန်း အင်ပါယာကို တိုက်ခိုက်ရန်က ထင်သလောက် မလွယ်ကူချေ။
"ဒေါသကြောင့် ဆုံးဖြတ်တာ မဟုတ်ပါစေနဲ့ လို့ပဲ ဆုတောင်းရမှာ ပေါ့လေ…"
အကြီးအကဲ ယွီလုံက သက်ပြင်းတစ်ချက် ချလိုက်၏။
တစ်ချိန်တည်း၌ မရေမတွက်နိုင်သော ကောင်းကင်နယ်များ၊ မြေရိုင်းနယ်များ မှာလည်း ချန်းဖန်၏ ကြေညာချက်ကို ဆွံ့အ နေကြသည်။
ချန်းပေ့ရွှမ်းကား အခြေတည် ဝိညာဉ် အဆင့် ဆယ့်ငါးယောက်ကိုပင် သတ်ဖြတ်နိုင်ခဲ့ရာ တစ်ဦးချင်း စွမ်းအား အရ ထျန်းဟောင်ဂြိုဟ်၏ အစွမ်း အထက်ဆုံးဟု ဆိုနိုင်နေပြီ ဖြစ်သည်။ ထို့ကြောင့်ပင် ဝောာင်တန်း အင်ပါယာသည် သူတို့၏ အကျဉ်းထောင် ဖျက်ဆီးခံရသည့် ကိစ္စကိုပင် မည်သို့မျှ တုန့်ပြန်ခြင်း မပြုပဲ ငြိမ်သက် နေခဲ့သည်။ သူတို့သည် ထိုဆုံးရှုံးမှု ကြီးမားမည့် တိုက်ပွဲကို လက်ရှောင်ချင်နေပုံ ရသည်။
သို့သော်လည်း ချန်းပေ့ရွှမ်းက သူ၏ သဘောထားကို အတိအလင်း ဖော်ပြကာ တောင်တန်း အင်ပါယာကို စစ်ကြေညာခဲ့သည်။
"ချန်းပေ့ရွှမ်းရဲ့ ခေါင်းမာမှုက ဘယ်တော့မှ ပြောင်းလဲမယ် မထင်ဘူး… ဒါပေမဲ့ သူ ဘယ်လောက်ပဲ အစွမ်းထက်ပါစေ တောင်တန်း အင်ပါယာလို ထာဝရဂိုဏ်းဟောင်း တစ်ခုကို ဘယ်လို ဖျက်ဆီးနိုင်မှာလဲ"
"ဟုတ်တယ်… တောင်တန်း အင်ပါယာက သူ့ကို ကြောက်နေတယ် ထင်နေတာလား မသိဘူး… သူတို့က အကျဉ်းထောင် ဖျက်ဆီးခံရတဲ့ ကိစ္စကို အပြစ်မယူတာတောင် အတော်လေး မျက်နှာသာပေးရာကျ နေပြီ"
"ဘယ်သူက နောက်ဆုံးမှာ အောင်ပွဲခံ နိုင်မလဲ စောင့်ကြည့်ကြတာပေါ့ .."
များစွာသော အကြီးအကဲများမှာ ဒေါသတကြီး ပြောဆို နေကြ၏။
တောင်တန်း အင်ပါယာမှာမူ ပို၍ပင် ဒေါသထွက် နေခဲ့ပြီ ဖြစ်သည်။ နတ်ဘုရား သခင်သည် ထျန်းဟောင်ဂြိုဟ် အနှံ့အပြား၌ ရှိနေသော နတ်ဘုရား ဗိုလ်ချုပ်များနှင့် ကောင်းကင် ဗိုလ်ချုပ်များကို ဆင့်ခေါ်ကာ စစ်ပွဲ အတွက် ပြင်ဆင်သည်။
တစ်ချိန်တည်း၌ ထျန်းဟောင်ဂြိုဟ် တစ်လွှား၌ ရှိနေသော ကျင့်ကြံသူများသည် အထွတ်အမြတ်နယ်သို့ စုစည်းကာ ရောက်ရှိ လာကြသည်။ သူတို့သည် ကမ္ဘာပျက် မတတ် ပြင်းထန်မည့် တိုက်ပွဲအား မလွဲချော် လိုကြချေ။ အသက် နှစ်သောင်းကျော် ရှင်သန်ပြီးသည့် ကောင်းကင်အရှင်များ ပင်လျှင် တောင်တန်း အင်ပါယာဆီသို့ ရောက်ရှိ လာကြ၏။
ထိုအရာက အသက် တစ်ရာပင် မပြည့်သေးသည့် လူငယ် တစ်ယောက်နှင့် အနှစ် သိန်းချီ သက်တမ်းရှိသည့် ဂိုဏ်းကြီး တစ်ခု၏ တိုက်ပွဲ ဖြစ်သည်။ ထျန်းဟောင်ဂြိုဟ်၏ အစွမ်း အထက်ဆုံး ပုဂ္ဂိုလ်နှင့် အင်အား အကြီးဆုံး အဖွဲ့အစည်း ကြားမှ စစ်ခေါ်သံ ဖြစ်သည်။ မည်သူကမျှ ထိုအရာကို မလွဲချော် လိုကြချေ။
မြောက်နတ္ထိနယ်၏ ကျင့်ကြံသူများမှာမူ ကြံရာမရ ဖြစ်နေကြသည်။ သူတို့သည် ချန်းပေ့ရွှမ်းနှင့် နီးကပ်ကြရာ တောင်တန်း အင်ပါယာက သူတို့အား အလွတ်ပေးမည် မဟုတ်ချေ။ အကယ်၍ တောင်တန်း အင်ပါယာကို ထောက်ခံပြန်လျှင်လည်း ချန်းပေ့ရွှမ်းက သူတို့ထံသို့ ချက်ချင်းလာ၍ သတ်ဖြတ် ပေလိမ့်မည်။ သို့သော်လည်း သူတို့ အနေဖြင့် တစ်ခုအား ရွေးချယ်ရန် လိုအပ်သည်။ ထိုရွေးချယ်မှု၏ လောင်းကြေးကား မြောက်နတ္ထိနယ် တစ်ခုလုံး၏ တည်ရှိမှုပင် ဖြစ်လေ၏။
တစ်ချိန်တည်း၌ ရှေ့ဟောင်း ကျူးဝမ် မြို့တော်မှာမူ အလွန်အမင်း ဆိတ်ငြိမ် နေ၏။ ချန်းဖန်သည် ဘိုးဘေး ဘုရားကျောင်း၏ အရှေ့တွင် ထိုင်ကာ နေထွက်ခြင်းကို ကြည့်နေခဲ့သည်။ သူ၏ မျက်နှာသည် တိတ်ဆိတ်ကာ အေးချမ်းနေ၏။
"အကို…"
ရှောင်မန်က ဖြည်းညင်းစွာဖြင့် ချန်းဖန်၏ အနားသို့ ချည်းကပ်လာသည်။
အဘိုးကြီးတင်း အပါအဝင် ကျူးဝမ် မျိုးနွယ် အများအပြားမှာ တောင်တန်း အင်ပါယာ နတ်ဘုရား ဗိုလ်ချုပ် တစ်ပါး၏ လက်ထဲ၌ ကျဆုံးသွားခဲ့ကြောင်းကို သူမ သိရှိခဲ့ပြီး ဖြစ်သည်။ ထိုနတ်ဘုရား ဗိုလ်ချုပ်သည် "ပိုင်ဟယ်" ဟု အမည်ရကာ ချန်းဖန် သတ်ဖြတ်လိုက်သည့် နတ်ဘုရား ဗိုလ်ချုပ် "ယင်လုံ"၏ အကို ဖြစ်၏။ ယင်လုံက အကျဉ်းထောင် ကမ္ဘာငယ်အား စောင့်ကျန်ခဲ့ကု ပိုင်ဟယ်က မဟာ အကြီးအကဲကို ခေါ်ဆောင်၍ တောင်တန်း အင်ပါယာသို့ ပြန်သွားခဲ့ခြင်း ဖြစ်လေသည်။
"စိတ်မကောင်း ဖြစ်မနေနဲ့တော့… ငါ အဘိုးကြီးတင်းနဲ့ အခြား အကြီးအကဲတွေ အတွက် လက်စားချေပေးမှာပါ… မျက်လုံး တစ်လုံး အတွက် မျက်လုံး တစ်လုံးချင်းပေါ့"
ချန်းဖန်က ပြောလိုက်၏။
သူ၏ မျက်လုံးများကမူ အရောင် ကိုးခုဖြင့် တဖျတ်ဖျတ် လင်းလက် တောက်ပနေသည်။ ချန်းဖန်သည် သူ ရရှိထားသော အခြေတည် ဝိညာဉ် စွမ်းအားများကို တဖြည်းဖြည်းချင်း သန့်စင်နေခြင်း ဖြစ်သည်။
"ဟုတ်ကဲ့…"
ရှောင်မန်က ခေါင်းညိတ်လိုက်သည်။
မျက်လုံးတစ်လုံး အတွက် မျက်လုံး တစ်လုံးချင်း…
နေ့တစ်နေ့သည် လျှင်မြန်စွာပင် ကုန်ဆုံးသွား၏။
ထို့နောက်…
ဒုတိယမြောက်နေ့…
တတိယမြောက်နေ့…
အချိန်များ စီးဆင်းနေသည်နှင့် အမျှ ချန်းဖန်၏ ခန္ဓာကိုယ်ထဲ၌ စီးဆင်းနေသော စွမ်းအားများသည် ပိုမို များပြား လာခဲ့၏။ တစ်ချိန်တည်း၌ သူ၏ စိတ်မှာမူ ကမ္ဘာ လောကနှင့် ပေါင်းစပ်နေသည့်နှယ် အလုံးစုံ တည်ငြိမ် နေခဲ့သည်။
နောက်ဆုံး၌ ခုနစ်ရက်မြောက်နေ့သည် ရောက်ရှိ လာခဲ့၏။ မိုးကုပ် စက်ဝိုင်းတွင် အာရုဏ်ဦး အလင်း စတင် ထွက်ပေါ်လာသည်နှင့် ချန်းဖန်၏ မျက်လုံးများက ဖြည်းညင်းစွာ ပွင့်လာခဲ့သည်။ ထို့နောက် သူက ထိုင်ရာမှ ထရပ်လိုက်၏။
တောင်တန်း အင်ပါယာသို့ သွားရောက်ရန် အချိန်ကား ကျရောက်လာခဲ့ပြီ ဖြစ်လေသည်။
***