စစ်ပွဲကျချိန်
Vol. 10 Ch. 999
အထွတ်အမြတ်နယ်၏ ဗဟိုကျသော နေရာ၌ အဆုံးအဆမဲ့ ရေကန်ကြီး တစ်ခုသည် တောင်တန်းကြီးများကို ပတ်လည် ဝန်းရံကာ ဖြစ်တည်နေ၏။
ထိုနေရာသည် ကမ္ဘာဦးမှ စ၍ လွန်ခဲ့သော နှစ်သိန်းချီ ကာလအထိ နာမည်မဲ့ တောအုပ် တစ်ခုသာ ဖြစ်ခဲ့သည်။ သို့သော်လည်း အရှင်တထျန်းသည် ထိုနေရာ၌ ဂိုဏ်းတစ်ခု တည်ထောင်ကာ တောင်တန်း အင်ပါယာဟု နာမည်ပေးခဲ့လေ၏။
“ဝှစ်...”
မရေမတွက်နိုင်သော အလင်းတန်းများသည် အဝေးမှ ပျံသန်းလာကြကာ ရေကန်ထက်သို့ ကျဆင်း နေကြ၏။ ထိုအရာများကား ထျန်းဟောင်ဂြိုဟ် အနှံ့အပြားမှ တောင်တန်း အင်ပါယာထံသို့ ခရီးနှင်လာကြသော လေသင်္ဘောများပင် ဖြစ်ကြသည်။
အချို့သော အလင်းများမှာမူ ရေကန်၌ ရပ်တန့်ခြင်း မရှိပဲ တောင်တန်း အင်ပါယာ အတွင်းသို့ တိုက်ရိုက်ပင် ဝင်ရောက် သွားကြသည်။ ထိုလေသင်္ဘောများ အတွင်းရှိ ကျင့်ကြံသူများမှာ အဆင့်အတန်း မြင့်မားသူများ ဖြစ်ကြောင်း အမြင်ဖြင့်ပင် ခန့်မှန်းနိုင်ပေသည်။
“မမ... ဒါက တောင်တန်း အင်ပါယာလား...”
ရှုနက လေသင်္ဘောကြီး တစ်ခုပေါ်၌ ရပ်ရင်း ပတ်ဝန်းကျင်အား အကဲခတ် ကြည့်လိုက်၏။ သူ၏ ဘေးတွင်မူ အလွန် လှပနေသော ရှုယုံ ရှိပေသည်။ ထိုမိန်းကလေး နှစ်ယောက်သည် ချန်းဖန်အား ထပ်မံ မြင်တွေ့ခွင့် ရရန် ဟူသော ရည်ရွယ်ချက်ဖြင့် တောင်တန်း အင်ပါယာသို့ ရောက်ရှိ လာကြခြင်း ဖြစ်ပေသည်။
ရေကန်သည် ကျောက်စိမ်းပြင် အလား ညီညာကာ စိမ်းမြနေ၏။ ဝိညာဥ်ချီများသည် လေထဲ၌ ထူထပ်စွာ လွင့်မြောနေသည်။ ပေထောင်ချီ ရှည်လျားသော နဂါးကြီးများသည် ရေထဲ၌ ပျော်ရွှင်စွာ မြူးထူး ကူးခပ် နေကြ၏။ ၎င်းတို့ကား တောင်တန်း အင်ပါယာရှိ သူတော်စင်ကြီးများ မွေးဖြူထားသည့် စီးတော်ယာဥ်များပင် ဖြစ်ကြသည်။
တစ်ချိန်တည်း၌ ကောင်းကင်ထက်တွင် မရေမတွက်နိုင်သော စစ်သည်များမှာ လှည့်လည် ပျံသန်းနေကြသည်။ သူတို့ထဲရှိ အဆင့် အနိမ့်ဆုံးသည် မူလ အဆင့်၌ ရှိနေကြကာ အနက်ရောင် သံချပ်ဝတ် ဗိုလ်မှူးများမှာ ရွှေအမြုတေ အဆင့်များ ဖြစ်ကြသည်။ သို့သော်လည်း ငွေရောင် သံချပ်ဝတ် ဗိုလ်ချုပ်များမှာမူ မည်သည့် အဆင့်၌ ရှိနေကြောင်း ရှုယုံတို့ မခန့်မှန်းနိုင်ကြချေ။
ထိုအရာများကား တောင်တန်း အင်ပါယာ အပြင်ဘက်ရှိ စစ်သည်များသာ ဖြစ်သည်။ တောာင်တန်း အင်ပါယာ အတွင်းပိုင်း၌ မည်မျှ များပြားသော ကျင့်ကြံသူများ ရှိနေမည်ကို မည်သူမျှ မသိကြချေ။
ကောလဟာလများကမူ တောင်တန်း အင်ပါယာကို မရေမတွက်နိုင်သော ကောင်းကင် ဗိုလ်ချုပ်များ၊ နတ်ဘုရား ဗိုလ်ချုပ်များ၊ မဟာ အကြီးအကဲများက စောင့်ရှောက်ထားသည်ဟု ဆိုကြပေသည်။
“တောင်တန်း အင်ပါယာက တကယ် အင်အားကြီးတာပဲ... ကောင်းကင်ဂိုဏ်းတွေ ဘယ်လိုမှ ယှဥ်နိုင်မှာ မဟုတ်ဘူး...”
ရှုယုံက ကောင်းကင်သို့ မော့ကြည့်ရင်း ခပ်ဖြည်းဖြည်း ရေရွတ်လိုက်၏။
တစ်ချိန်တည်း၌ အခြားသော လူများမှာလည်း အကြိတ်အနယ် ဆွေးနွေး နေကြသည်။
“မင်းသိပြီးပြီလား... ကောင်းကင် နင်းချေခြင်းဂိုဏ်းရဲ့ အခြေတည် ဝိညာဥ် အဆင့် လေးယောက်နဲ့ ဂိုဏ်းချုပ်တောင် ဒီကို ရောက်နေပြီတဲ့လေ...”
“အေး... ကောင်းကင် နင်းချေခြင်းဂိုဏ်းကို အရှင် တထျန်းရဲ့ သားတော်တစ်ပါး တည်ထောင်ထားတာလေ... အခု ချန်းပေ့ရွှမ်းက တောင်တန်း အင်ပါယာကို တိုက်ခိုက်တော့မယ် ဆိုတဲ့ သူတို့က ဘယ်ထိုင်ကြည့်နိုင်ပါ့ မလဲ”
“ကောင်းကင် နင်းချေခြင်းဂိုဏ်းတင် မကဘူး... ဆေးနတ်ဘုရားဂိုဏ်းနဲ့ မြေရိုင်း နတ်ဘုရား ဘုရားကျောင်းလို ထာဝရဂိုဏ်း ငါးခုရဲ့ အကြီးအကဲတွေ ဂိုဏ်းချုပ်တွေလည်း ရောက်နေပြီတဲ့... ချန်းပေ့ရွှမ်းက အဲဒီဂိုဏ်းတွေ အားလုံးကို ဘယ်လိုတွေ ရန်စထားတယ် မသိဘူး”
ထျန်းဟောင်ဂြိုဟ်ပေါ်၌ တောင်တန်း အင်ပါယာ အပြင် ထာဝရဂိုဏ်းကြီး ငါးခု အထိ ပေါ်ပေါက်ခဲ့ဖူးသည်။ သူတို့သည် နောက်ပိုင်း၌ တဖြည်းဖြည်း ကျဆင်းလာသည့်တိုင် သာမန် ကောင်းကင်ဂိုဏ်းများထက် ပို၍ အင်အားကြီးနေဆဲ ဖြစ်သည်။ ထိုကဲ့သို့သော ဂိုဏ်းကြီးများ၏ ပေါင်းစပ်မှုက မည်မျှ အထိ အင်အားကြီးမည်နည်း။
ရှုယုံသည် ချန်းဖန်အတွက် အများကြီး မစိုးရိမ်သည့်တိုင် ထိုအင်အားကို ကြည့်ကာ ရင်ဘတ်တစ်ခုလုံး တင်းကြပ်နေမိခဲ့သည်။
“ချန်းပေ့ရွှမ်းက တကယ် စိတ်မြန်တဲ့လူပဲ... တကယ်ဆို သူ မြောက်နတ္ထိနယ်မှာ အခြေပြုပြီး အင်အားကို တဖြည်းဖြည်းချင်း ချဲ့ထွင်လို့ ရတယ်... နောက်ပြီး သူက ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်တောင် ဖြစ်လာနိုင်တဲ့သူ... နောင်နှစ်တစ်သောင်းလောက် စောင့်ပြီးမှ တိုက်ခိုက်မယ် ဆိုရင် တောင်တန်း အင်ပါယာ ခုခံနိုင်မှာတောင် မဟုတ်ဘူး.... ဒါပေမဲ့ ခုအခြေအနေနဲ့တော့ သူ ထာဝရဂိုဏ်းတွေကို ယှဥ်ဖို့ မလွယ်ဘူး”
ရွှေအမြုတေ အလယ်ဆင့် လူငယ် တစ်ယောက်က ဆိုလိုက်၏။
“ဟုတ်တယ်... ငါကြားသလောက်ဆို နတ်ဘုရား ဗိုလ်ချုပ် ပိုင်ဟယ်က အခြေတည် ဝိညာဥ် အလယ်ဆင့်ကို ရောက်နေပြီ တဲ့... နတ်ဘုရား ဗိုလ်ချုပ် ပိုင်ဟယ် လိုပဲ အစွမ်းထက်တဲ့ အခြား ကျင့်ကြံသူ ရှစ်ယောက်လည်း ရှိသေးတယ်... နောက်ပြီး တောင်တန်း အင်ပါယာမှာ ထျန်းဟောင်ဂြိုဟ်ရဲ့ ထိပ်တန်းလို့ ဆိုနိုင်တဲ့ ကောင်းကင်အရှင်တွေ၊ ကောင်းကင် ရတနာတွေလည်း အများကြီး ရှိသေးတယ်... ဒါတောင် အရှင် တထျန်း ထားခဲ့တဲ့ အစီအရင်တွေ၊ အဆောင်တွေ၊ ရတနာတွေကို ထည့်မတွက်ရသေးဘူး”
ကောင်းကင်အရှင် မိသားစု အကြီးအကဲ တစ်ဦးကလည်း သက်ပြင်းချရင်း ဆို၏။
တောင်တန်း အင်ပါယာကား ထျန်းဟောင်ဂြိုဟ်၏ အလျှို့ဝှက်ဆုံး အင်အားစု ဖြစ်သည်။ သူတို့၏ အင်အား တစ်စိတ်တစ်ပိုင်းက ပင်လျှင် လူများကို ပါးစပ် အဟောင်းသား ဖြစ်စေနိုင်သည်။
အခြေတည် ဝိညာဥ် အလယ်ဆင့်...
ထာဝရဂိုဏ်း ငါးခု၏ ဂိုဏ်းချုပ်များ၊ ဘိုးဘေးများ နှင့် ချန်ရှန်း ကောင်းကင်နယ်မြေ ဂိုဏ်းချုပ်တို့မှ လွဲ၍ ထျန်းဟောင်ဂြိုဟ် တစ်ခုလုံး၌ မည်သူမျှ ထိုအဆင့်တွင် ရှိမနေကြချေ။ သို့တိုင်အောင် တောင်တန်း အင်ပါယာ၏ နတ်ဘုရား ဗိုလ်ချုပ် တစ်ပါးပင်လျှင် ထိုအဆင့်၌ ရှိနေသည်ဟု ဆိုသည်။ ဤသို့ဆိုလျှင် သူတို့၏ နတ်ဘုရား သခင်နှင့် ဘိုးဘေးများ ဆိုလျှင် မည်မျှ အထိ အစွမ်းထက် နေမည်နည်း။
“မမ... ကောင်းကင်အရှင်ချန်း အဆင်ပြေမှာပါနော်...”
ရှုနက စိတ်ပူစွာဖြင့် မေးလိုက်၏။
“စိတ်မပူနဲ့... ကောင်းကင်အရှင်ချန်းက သူ မသေချာတာကို ဘယ်တော့မှ မလုပ်ဘူး... နောက်ပြီး သူက အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းကြီးက ဆိုတာ မမေ့နဲ့ဦး... သူက ဘယ်လိုလုပ်ပြီး တောင်တန်း အင်ပါယာကို ကြောက်မှာလဲ”
ရှုယုံမှာ ညီမ ဖြစ်သူကို ဖျောင်းဖျ နေသည့်တိုင် သူမ ကိုယ်တိုင်လည်း စိုးရိမ်လာနေမိသည်။
သူတို့သည် ထျန်းဟောင်ဂြိုဟ်တွင်သာ မွေးဖွားကြီးပြင်းလာသူများ ဖြစ်ရာ တောင်တန်း အင်ပါယာနှင့် အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းကြီး အကြားရှိ ကွာခြားချက်ကို သိပ် နားမလည်ကြချေ။ သို့သော်လည်း လူတစ်ယောက်တည်းနှင့် တောင်တန်း အင်ပါယာ ကဲ့သို့ဂိုဏ်းကြီးကို တိုက်ခိုက်ရန်မှာမူ လွယ်ကူလိမ့်မည် မဟုတ်ကြောင်း သူတို့ သိထားကြသည်။
“ဟူး... ဟူး...”
ဝမ်မိသားစု၊ ပြန်လည် မွေးဖွားခြင်းဂိုဏ်း၊ မိစ္ဆာနှိမ် ကောင်းကင်ဂိုဏ်း၊ ကုန်းစွန်း မိသားစု၊ မီးသူတော်စင် မြို့တော်... စသည်ဖြင့် ထျန်းဟောင်ဂြိုဟ်၏ အကျော်ကြားဆုံး မိသားစုများ၊ ဂိုဏ်းများသည် တောင်တန်း အင်ပါယာထံသို့ တဖွဲဖွဲ ရောက်ရှိလာနေကြ၏။ သူတို့သည် တောင်တန်း အင်ပါယာသို့ ရောက်ရောက်ချင်းမှာပင် မအံ့သြပဲ မနေနိုင်အောင် ဖြစ်ကြရသည်။
“တောင်တန်း အင်ပါယာက ပြန်လည် မွေးဖွားခြင်းဂိုဏ်းထက်တောင် ဆယ်ဆလောက် ပိုပြီး အင်အားကြီးတာပါလား...”
ပြန်လည် မွေးဖွားခြင်းဂိုဏ်း၏ အကြီးအကဲ တစ်ယောက်က တအံ့တသြ ဆိုလိုက်၏။ အကြီးအကဲ ယွီလုံ၊ နတ်မိမယ် ရှန်းရှီ၊ ဟွာနွန်ယင်၊ စီစီနှင့် ကျန်းရှိုရှုတို့မှာလည်း ပတ်ဝန်းကျင်သို့ ချာချာလည်အောင် ငေးကြည့် နေကြသည်။
ပြန်လည် မွေးဖွားခြင်းဂိုဏ်းအား ဦးဆောင်လာသူမှာ အလွန်အမင်း တည်ငြိမ်သည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ သူသည် ပြန်လည် မွေးဖွားခြင်းဂိုဏ်း၏ နောက်ဆုံး ကျန်ရစ်ခဲ့သော ကောင်းကင်အရှင် ဖြစ်သည့် ဘိုးဘေး ကျင်းဟိုင်ပင် ဖြစ်သည်။
“ဟမ့်... ချန်းပေ့ရွှမ်း ဆိုတဲ့ကောင်က တကယ် မောက်မာလွန်းတယ်... သူက ကိုယ့်အရည်အချင်း ကိုယ် မသိပဲ တောင်တောင်း အင်ပါယာကိုတောင် စိန်ခေါ်ရဲသေးတယ်”
အကြီးအကဲ ကျူးရန်က နှာခေါင်းရှုံ့လိုက်၏။
ချန်းဖန်သည် ပြန်လည် မွေးဖွားခြင်း၏ ဘိုးဘေး နှစ်ယောက်ကို သတ်ဖြတ်ခဲ့သည်။ ထို့ကြောင့်ပင် ပြန်လည် မွေးဖွားခြင်းဂိုဏ်း၏ အကြီးအကဲ အများစုမှာ ချန်းဖန် အပေါ် အမြင် မကြည်ကြချေ။
“ဘိုးဘိုး... ချန်းပေ့ရွှမ်းနိုင်ဖို့ရော ဖြစ်နိုင်ချေ ရှိလား”
ရုတ်တတရက် ရှန်းရှီက မေးလိုက်၏။
“ငါ ချန်းပေ့ရွှမ်းနဲ့ တစ်ခါမှ မတိုက်ဖူးတော့ သေချာတော့ မပြောတတ်ဘူး... ဒါပေမဲ့ အကို ရှုဟောင်ကိုတောင် သတ်နိုင်ခဲ့တယ် ဆိုတော့ သူရဲ့ ဓမ္မ စွမ်းအားက ကောင်းကင်အရှင်တွေနဲ့ ယှဥ်နိုင်နေပြီလို့ ပြောလို့ရတယ်... နောက်ပြီး သူ့ရဲ့ ခန္ဓာကိုယ်က ဒဏ္ဍာရီတွေထဲက တန်ခိုးရှင် ရွှေခန္ဓာ အဆင့်ကို ရောက်နေပြီ... သာမန် ကောင်းကင် ရတနာတွေက သူ့ကို ထိခိုက်အောင် မလုပ်နိုင်တော့ဘူး”
ဘိုးဘေး ကျင်းဟိုင်က အနည်းငယ် စဥ်းစားကာ ထပ်ဖြည့် ပြောလိုက်၏။
“အင်အား အရ ပြောရမယ် ဆိုရင်တော့ အခြေတည် ဝိညာဥ် အလယ်ဆင့် တစ်ယောက်တောင် သူ့ ပြိုင်ဘက် မဖြစ်နိုင်တော့ဘူး”
“အဲ့လောက်တောင်လား...”
ပြန်လည် မွေးဖွားခြင်းဂိုဏ်း၏ အကြီးအကဲများမှာ အံ့သြ သွားကြ၏။
အလယ်ဆင့် အခြေတည် ဝိညာဥ် အဆင့်များမှာ ထျန်းဟောင်ဂြိုဟ်၏ အစွမ်း အထက်ဆုံး ကျင့်ကြံသူများ ဖြစ်ကြသည်။ ကောလဟာလများ အရဆိုလျှင် တောင်တန်း အင်ပါယာ၏ ယခင် နတ်ဘုရား သခင်များ သာလျှင် အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့်ကို ရောက်ရှိခဲ့ကြသည်ဟု ဆိုသည်။ သို့သော်လည်း ထိုအရာက တကယ် ဟုတ်၊ မဟုတ် မည်သူမျှ မသိကြချေ။
“ချန်းပေ့ရွှမ်းက အခြေတည် ဝိညာဥ် အလယ်ဆင့်တွေထက်တောင် ပိုပြီး အစွမ်းထက်နေပြီ ဆိုတော့ ထျန်းဟောင်ဂြိုဟ်ပေါ်မှာ ပြိုင်ဘက်ကင်းနေပြီပေါ့... ဟုတ်လား...”
အကြီးအကဲ ကျူးရန်က စိတ်ပျက်လက်ပျက်ဖြင့် မေးလိုက်၏။
“အဲ့လိုလည်း မဆိုနိုင်ဘူး...”
ဘိုးဘေး ကျင်းဟိုင်က ခေါင်းခါလိုက်သည်။ ထို့နောက် သူက တောင်တန်း အင်ပါယာထံသို့ လေးစားမှု ပြည့်ရွှမ်းနေသော မျက်လုံးများဖြင့် ငေးကြည့်လိုက်၏။
“တောင်တန်း အင်ပါယာရဲ့ စွမ်းအားကို ဘယ်သူမှ ခန့်မှန်းလို့ မရဘူး... ဒီတိုက်ပွဲမှာ ချန်းပေ့ရွှမ်းနိုင်ဖို့ ရာခိုင်နှုန်း နည်းတယ်”
ခုနစ်ရက် အတွင်းမှာပင် ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် အထွတ်အမြတ်နယ်သို့ စုစည်း ရောက်ရှိ နေကြပြီ ဖြစ်သည်။ သို့သော်လည်း များစွာသော အဆင့်နိမ့် ကျင့်ကြံသူများသည် တောင်တန်း အင်ပါယာထဲသို့ ဝင်ရောက်ရန် အဆင့် မမှီကြရာ အပြင်ရှိ ရေကန်ထက်တွင်သာ နေကြရ၏။
တောင်တန်း အင်ပါယာသို့ မလာရောက်နိုင်သော ကျင့်ကြံသူများမှာမူ ဗြဟ္မာ့ နန်းတော်၊ ချင်းဟယ် မျှော်စင်များသို့ သွားကြသည်။ ထိုနေရာများ၌ ပုံရိပ်ဖမ်း မဟာ အစီအရင်များ ရှိကြရာ ချန်းပေ့ရွှမ်းနှင့် တောင်တန်း အင်ပါယာတို့၏ တိုက်ပွဲကို တိုက်ရိုက် ရှုစား နိုင်လိမ့်မည် ဖြစ်သည်။
ခုနစ်ရက်မြောက်နေ့...
နေရထားသည် တဖြည်းဖြည်း မြင့်တက်လာကာ ကုန်းမြေ တစ်ခုလုံးကို ဖြန့်ကျက် တောက်ပနေ၏။ များစွာသော လူများကား စိတ်မရှည်နိုင်အောင် ဖြစ်နေကြပြီ ဖြစ်သည်။
“ချန်းပေ့ရွှမ်းက လာမှာလား... မလာတော့ဘူးလား...”
“သူက ထွက်ပြေးသွားတာတော့ မဟုတ်လောက်ပါဘူးနော်...”
ကျင့်ကြံသူ အချို့မှာ သံသယများပင် စတင် ဝင်လာကြသည်။
“ဟိုမှာ...”
ရုတ်တရက် တစ်ယောက်က ကောင်းကင်သို့ လက်ညိုးထိုးကာ အော်ဟစ် လိုက်၏။
အားလုံးက ထိုနေရာသို့ ကြည့်လိုက်ရာ တရွေ့ရွေ့ မောင်းနှင်လာသော အနက်ရောင် မြင်းရထား တစ်စင်းကို တွေ့လိုက်ကြရသည်။
ချန်းပေ့ရွှမ်းကား ရောက်ရှိ လာချေပြီ ဖြစ်လေသည်။
***